ရီဖူရှင်း၏ စကားကြောင့် အားလုံးက သူ့ကို ကြည့်ကြသည်။ ဤမတိုင်မီက နတ်ငှက်လူငယ်က လောင်လင်းအာကို အနိုင်ရခဲ့၏။ ထို့ကြောင့် အကြီးအကဲ တစ်ယောက်က ထိုအချက်ကို ကိုင်ကာ လောင်လင်းအာက ကျောင်းကို မဝင်သင့်ဟု ငြင်းဆိုသည်။ သူက နတ်ငှက်လူငယ်၏ စွမ်းရည်ကို လုံးဝ လျစ်လျူရှုထား၏။
ထို့ကြောင့် ရီဖူရှင်းက သူနှင့်အဆင့်တူ မှော်ဂီတပညာရှင် နှစ်ယောက်အား ခဏအတွင်း အနိုင်ယူကာ အကယ်၍ သူတို့က အနိုင်ယူသူ၏ စွမ်းရည်ကို လျစ်လျူရှုနိုင်ပါက သူ့ထံတွင် ရှုံးနိမ့်ခဲ့သော သူနှစ်ယောက် ကလည်း ကျောင်းဝင်ခွင့် မရသင့်ဟု ပြောခြင်းပင်။
“ဒီအကောင်က ကြယ်မင်းကျောင်းရှေ့မှာ အစွမ်းပြ နေတာလား…” လူအများအပြားက တီးတိုး ပြောကြ၏။ ခုနကမှ ရီဖူရှင်းက အသိပညာ နိမ့်ကျကာ နောက်ခံ အားနည်းသော နဂါးကလန်မှ ဂီအကူ တစ်ယောက်သာဟု ပြောခဲ့သည်။ ကျင်းကလန်မှ အကြီးအကဲက ရီဖူရှင်းကို ကြည့်သည်။ ရီဖူရှင်းက သူ၏စကားက မှားယွင်းကြောင်း သက်သေပြခဲ့သည်။ သူဘာမှ မပြောနိုင်တော့…။
တခြားတစ်ဖက်တွင် နဂါးကလန်မှ လူများက ရီဖူရှင်းကို အံ့အားသင့်စွာ ကြည့်ကြ၏။ သူ၏ စွမ်းဆောင်ရည်ကား အလွန် ကောင်း၏။
“အစ်ကိုဖူရှင်း…” လောင်လင်းအာက သူမ၏နှလုံးသားထဲမှ နွေးထွေးမှုကို ခံစားရသည်။ ရီဖူရှင်းက သူမအတွက် ပြောပေးနေခြင်း ဖြစ်သည်။ သူက သူမ အရှက်တကွဲပုံစံမျိုးဖြင့် ထွက်မသွား စေလိုသောကြောင့် ဤသို့ လုပ်နေခြင်းလည်း ဖြစ်သည်။
“မင်းပြောတာက မှန်တယ်လို့ ငါမထင်ဘူး… သူက ဝမ်မိသားစုနဲ့ ဆက်သွယ်ပြီး အခွင့်အရေး ရှာတဲ့လူနဲ့ မတူပါလား…” ကြယ်မင်းကျောင်း တပည့်များထဲမှ မိန်းမတစ်ယောက်က ပြောသည်။ သူမက မိစ္ဆာနဂါးနယ်မြေတွင် ရီဖူရှင်းနှင့် တွေ့ဆုံခဲ့သော လီမင်ဖြစ်သည်။ တစ်ချိန်က သူမက စနောက်ခဲ့သော ချောမောသော လူငယ်လေးက သည်မျှ ထက်မြက်နေမည်ဟု မထင်မှတ်ထားခဲ့ပေ။
ကြယ်မင်းကျောင်း တပည့်တစ်ယောက် အနေဖြင့် လင်းရန်က အလွန် ပါရမီကောင်းကာ ကျောင်းကို ဝင်ရောက်ရန် အရည်အချင်း ပြည့်မီသည်ကို သူမသိသည်။ ကြယ်မင်းကျောင်း၏ အကဲဖြတ်မှုက အပြည့်အဝ မျှတခြင်း မရှိသော်လည်း အားနည်းသော သူများက ကျောင်းဝင်ခွင့် ဘယ်သောအခါမှ ရမည် မဟုတ်ပေ။ ယခု ရီဖူရှင်းက လင်းရန်အား အလွယ်တကူ အနိုင်ရခြင်းက ရီဖူရှင်းက ကြယ်မင်းကျောင်း၏ သာမန် ကျောင်းသားများထက် အရည်အချင်း ရှိသည်မှာ သိသာပေသည်။ သူသာ ကျောင်းဝင်ခွင့် လျှောက်ထားပါက သေချာပေါက် အောင်မြင်မည် ဖြစ်သည်။
“သူ့ကိုယ်ဟန် အမူအရာနဲ့ သံစဉ်က… အဲဒီလူနဲ့ တူသလိုပဲ…” လီမင်က တီးတိုးပြောသည်။
ဝမ်ယွီချန်း၏နှလုံးက ဒုန်းခနဲ ခုန်တက်သွားကာ ထိုလူအား ပြန်အမှတ်ရသည်။ သူမ၏စိတ်ထဲတွင် ထိုငွေရောင်ဝတ်လူ၏ ပုံရိပ်က နက်ရှိုင်းစွာ ကျန်နေခဲ့၏။ သူက မိစ္ဆာငှက်နှင့်အတူ ပေါ်လာကာ ထိပ်သီးကျောင်း သုံးကျောင်းမှ တပည့်များအား ဖိနှိပ်ခဲ့သည်။ သူကား လွန်စွာ ရဲရင့်ပြတ်သားကာ မည်သူကမှ သူ့ကို တားဆီး မရကြပေ။
ထိုလူကား အမှန်ပင် သူမ၏စိတ်ထဲတွင် နက်ရှိုင်းစွာ ကျန်နေရစ်ခဲ့၏။
“သူလား…” ဝမ်ယွီချန်းက ရီဖူရှင်းကို စူးနစ်စွာ ကြည့်သည်။ ဒါ မဖြစ်နိုင်ဘူး…။ သူက ဘယ်လိုလုပ် ထိုလူနှင့် နှိုင်းယှဉ်နိုင် မည်နည်း။ ထိုငွေရောင်ဝတ်လူကား ပြိုင်ဘက်ကင်း၏။
“မဖြစ်နိုင်ဘူး… အဲဒီလူက အကာနာ အမြင့်ဆုံးအဆင့်မှာ ရှိပြီးတော့ မိစ္ဆာငှက်နဲ့အတူ လာတာ… သူတို့ရဲ့ ကိုယ်ဟန်က ဆင်တူပေမဲ့ သူတို့ နှစ်ယောက်အကြား အရမ်းကွာတယ်…” လီမင်က တိုးညင်းစွာ ပြောသည်။ ဝမ်ယွီချန်းက အသာအယာ ခေါင်းညိတ်ကာ စိတ်အေး သွားရသည်။ သူတို့နှစ်ယောက်အကြား တန်ခိုးအဆင့်က အလွန် သိသာပေသည်။ ထို့အပြင် ထိုလူတွင် မိစ္ဆာငှက်လည်း ရှိသည်။
သူတို့နှစ်ယောက်က တစ်ယောက်တည်း ဘယ်လိုလုပ် ဖြစ်နိုင်မလဲ…။
လီမင်၏စကားကို ကြားလျှင် ကျင့်နန်၏ မျက်နှာက နက်မှောင်သွားသည်။ သည်မတိုင်မီက သူက ရီဖူရှင်းကို လူသိရှင်ကြား စော်ကားခဲ့သည်။ ယခုတွင်ကား သူက မိမိပါးကို ကိုယ်တိုင် ရိုက်သည်နှင့် တူနေ၏။
“ကြယ်မင်းကျောင်းမှ ထူးချွန်တဲ့လူ မရှိတော့ဘူးလို့ မင်းက ပြောနေတာလား…” အကြီးအကဲက အေးစက်စွာ မေးခွန်းထုတ်သည်။ သူက ရီဖူရှင်း၏ စကားကို မငြင်းဆန်နိုင်ပေ။ သို့သော်လည်း ရီဖူရှင်းက ဘယ်လောက် အားကောင်းပါက သူကား လောင်လင်းအာ၏ ဂီတအကူ တစ်ယောက်သာ ဖြစ်သည်။ သူက နဂါးကလန်က ဖိတ်ခေါ်ခဲ့သော ပါရမီရှင် ဖြစ်နေလျှင်ပင် သူ၏နေရာကား ဂီတ အကူအဆင့်သာ ဖြစ်၏။
ဂီတအကူ တစ်ယောက်က သူ့အား အမှားဝန်ခံရန် တိုက်တွန်းနေ၏။ သူကား ကြယ်မင်းကျောင်းမှ ထိပ်သီး နိုဘယ်တစ်ယောက် ဖြစ်သည်။ ကြယ်မင်းကျောင်း၏ အကဲဖြတ် စစ်ဆေးပွဲတွင် ဂီတအကူ တစ်ယောက်က သူ့အား အမှန် ဝန်ခံခိုင်းနေသည်။
သူက မည်သို့ လက်ခံရမည်နည်း။
ဘယ်သူကမှ မျက်နှာ မပျက်လိုပေ။ အထူးသဖြင့် စွမ်းအားမြင့်သူများက ပို၍ မလိုလားပေ။ အကယ်၍ သူက မတော်တဆ ဖြစ်ခဲ့ခြင်း ဆိုပါက သူက ဝန်ခံရမည်ကို သိပ်ဝန်မလေး သော်လည်း ယခုကား သူက တမင် အပြစ်ရှာခဲ့ခြင်းဖြစ်ရာ သူ့အတွက် လွန်စွာ ခက်ခဲပေသည်။
သူ၏စကားကို ကြားလျှင် သည်နည်းဖြင့် ရီဖူရှင်းက ကြယ်မင်းကျောင်း၏ ဆုံးဖြတ်ချက်ကို ပြင်နိုင်လိမ့်မည် မဟုတ်သည်ကို သိလိုက်၏။ သူသာ ဆက်ပြီး ဖိအားပေးပါက အခြေအနေက ပိုဆိုးဝါးလာလိမ့်မည်။ သို့သော်လည်း ရီဖူရှင်းက လောင်လင်းအာ၏ ယုံကြည်ရသော လက်အောက်ခံဖြစ်ရန် ရည်ရွယ်ချက် အောင်မြင်သွားသည်ကို ဝန်ခံရပေသည်။
ရီဖူရှင်းက အကြီးအကဲကို ကြည့်ကာ တိတ်တခိုး သက်ပြင်းချသည်။ သည်ကဲ့သို့ အခြေအနေကို သူက မျှော်လင့်ထားပြီး ဖြစ်သည်။ သို့သော် သူက လက်မခံနိုင်ပေ။
အကြီးအကဲက တမင်ပင် စကားလမ်းကြောင်း လွှဲကာ ရီဖူရှင်းက ကြယ်မင်းကျောင်းကို စော်ကားသည်ဟု ပြစ်တင်ဝေဖန်သည်။ သည်နည်းဖြင့် ရီဖူရှင်းက ကြယ်မင်းကျောင်း တစ်ခုလုံး၏ ဆန့်ကျင်ဘက်ကို ရောက်သွား၏။ ထို့ကြောင့် ကြယ်မင်းကျောင်းကလည်း ထပ်တူ ရီဖူရှင်း၏ စကားကြောင့် အရှက်ရကာ ရီဖူရှင်းကို ဖိအားပေးကြလိမ့်မည်။
ရီဖူရှင်းက ရှေ့ကို ကြည့်ကာ ပြောသည်…“ဒီလို ကြီးကျယ် ခမ်းနားတဲ့ ကျောင်းကြီး တစ်ကျောင်းက မိန်းကလေး တစ်ယောက်ကို မျှတမှု မပေးနိုင်ဘူးလား…”
လောင်လင်းအာကား အမှန်ပင် ရှုံးနိမ့်ခဲ့၏။ သို့သော် သူမကား အသက် ဆယ့်လေးနှစ် ဓမ္မအဆင့် နဂါးဆရာ ဖြစ်သည်။ ကျင်းဖေးအပြင် ထိုအဆင့်တွင် ရှိသော သူများအားလုံး သူမထက် အသက်ကြီးကြသည်။ အကယ်၍ ကျင်းဖေးက တခြားလူများ အားလုံးကို ဦးစွာ တိုက်ခိုက် အနိုင်မယူခဲ့လျှင် သူမကလည်း ကျင်းဖေးလို လုပ်ဆောင် နိုင်ပေသည်။ ကြယ်မင်းကျောင်းက လောင်လင်းအာကို တိုက်ခိုက်ရန် နောက်ထပ် အခွင့်အရေးတစ်ခု ပေးသရွေ့ သူမက ကောင်းကောင်း စွမ်းဆောင် နိုင်လိမ့်မည်။
သူမက ကျင်းဖေးထံတွင် ရှုံးနိမ့်ခဲ့သော်လည်း ထိုအကြီးအကဲ ပြောသလို မြန်ဆန်သော အရှုံးတစ်ခု မဟုတ်ပေ။
သူက အားအပြည့် မသုံးခဲ့ဟု ကျင်းဖေးက မောက်မာစွာ ပြောခဲ့သော်လည်း သူက အမှန်တကယ်အားဖြင့် အတတ်နိုင်ဆုံး ကြိုးစား တိုက်ခိုက်ခဲ့သည်ကို လူတိုင်း သိသည်။ လောင်လင်းအာနှင့် ကျင်းဖေးအကြား ကွာဟချက်က သိပ်ကြီးမားခြင်း မရှိပေ။
နဂါးကလန်၏ မင်းသမီးလေးက ကျောင်းဝင်ရန် အရည်အချင်း မပြည့်မီဘဲ နေမည်နည်း။ သည်ကိစ္စ မတိုင်မီက မည်သူက ဤသို့ တွေးရဲသနည်း။ ယနေ့ ကျင်းကလန်မှ လူများက လောင်လင်းအာကို ပစ်မှတ်ထားကာ အပြစ်ရှာသော အခါက ကြယ်မင်းကျောင်းက တိတ်ဆိတ် နေခဲ့သည်။ ထို့ကြောင့် ကျင်းကလန်နှင့် နဂါးကလန်က အငြင်းအခုံ ဖြစ်ကြရကာ လောင်လင်းအာကို ပိုမို၍ အရှက်ရစေခဲ့သည်။
“အစ်ကိုဖူရှင်း … လင်းအာ မဝင်တော့ဘူး…” လောင်လင်းအာက အော်လိုက်သည်။ ရီဖူရှင်းက သူ့အတွက် အဓိပ္ပာယ်မဲ့သော တိုက်ပွဲကို တိုက်ခိုက် နေရသည်ကို မလိုလားပေ။ သူမက ကြယ်မင်းကျောင်းကို မဝင်ရောက် လိုတော့ပေ။
ရီဖူရှင်းက ပြုံးလိုက်သည်။ ထို့နောက် သူက စင်ပေါ်မှ ဆင်းလာကာ လောင်လင်းအာကို ပြုံးလျက် ပြောသည်…“ကောင်းပြီ… သူတို့က မိန်းကလေး တစ်ယောက်ကိုတောင် မျှတမှု မပေးနိုင်ဘူး ဆိုမှတော့ ဒီကျောင်းကို တက်နေလည်း အပိုပဲ…”
ထို့နောက် သူက ထွက်သွားရန် ဟန်ပြင်သည်။ သူက လုပ်သင့်သည်များကို လုပ်ပြီးပြီ။ လူတိုင်းက သူ တိုက်ခိုက်သည့် ရည်ရွယ်ချက်ကို နားလည် ကြလိမ့်မည်။ သူက ကြယ်မင်းကျောင်း၏ သဘောကို မပြောင်းလဲ နိုင်မှတော့ မိုးမြေ ကောင်းကင်မြို့မှ လူများက သည်အတွက် မှတ်ချက် ပေးနိုင်လိမ့်မည်။
“ရပ်…” တစ်ယောက်က လှမ်းတားသည်။ ရီဖူရှင်းက နောက်လှည့်ကာ သူ့အား တားလိုက်သူကို မေးသည်…“ဘာများလဲ… စီနီယာ…”
“ကျောင်းတော်က လောင်လင်းအာနဲ့ ပတ်သက်ပြီး အငြင်းအခုံ ရှိတယ်ဆိုပေမဲ့ ငါတို့က သူမကို မျှတတဲ့ အဖြေတစ်ခု ပေးလိမ့်မယ်… မင်းက သူမအတွက် ဘာလို့ ဝင်ပြောလဲ ဆိုတာကိုလည်း နားလည်နိုင်တယ်… ဒါပေမဲ့ မင်းက နှစ်ပွဲလောက် နိုင်တာနဲ့ ကြယ်မင်းကျောင်းကို ဒီလို စော်ကားတာ မသင့်တော်ဘူး…” ကျောင်းတော်မှ တန်ခိုးရှင် တစ်ယောက်က တစ်လုံးချင်း ပြော၏။
“ခင်ဗျားတို့က သူမရဲ့ ယုံကြည်မှုကို ပျက်ပြားအောင် လုပ်ခဲ့ကြပြီးပြီ… မျှတမှုက ဘယ်မှာလဲ… စော်ကားတယ် ဆိုတာကတော့ ကျုပ်က ဘယ်တုန်းက လုပ်ခဲ့လို့လဲ…” ရီဖူရှင်းက ထိုတန်ခိုးရှင်ကို ကြည့်ကာ မေးသည်။
“မင်း ဘယ်တုန်းက လုပ်တယ် ဟုတ်လား…” ကျင်းကလန်မှ လူက အေးစက်စွာ ပြောသည်…
“မင်းက သာမန် ကျောင်းသားတွေကို အနိုင်ရတာနဲ့ ကြီးကြီး ကျယ်ကျယ်တွေ လျှောက်ပြောနေတယ်… ပြီးတော့ မင်းက ဒါကို အကြောင်းပြပြီး ကျောင်းတော်က အဖြေပေးရမယ် တွန်းအား ပေးတယ်… ကျောင်းတော်က အရှုံးသမားကို ဘာလို့ အဖြေပေးရမလဲ… ငါတို့က ကျောင်းသားသစ် ရွေးမှာကို မင်းဆီက သဘောတူညီချက် ယူရမှာလား…”
“အရှုံးသမား…”
ထိုစကားကို ကြားကာ ရီဖူရှင်းက ရေရွတ်လိုက်သည်…“လောကမှာ မရှုံးနိမ့်ဖူးတဲ့လူ ဘယ်သူရှိလဲ…”
“စီနီယာ… ဒါဆို ခင်ဗျား ဘာလိုချင်လဲ…” ရီဖူရှင်းက ကြယ်မင်းကျောင်း ဘက်ကို ကြည့်ကာ မေးသည်။
“မင်းက စပြီး စိန်ခေါ်ခဲ့တယ် ဆိုမှတော့ ဆက်ပြီး စိန်ခေါ်ရအောင်…”
အကြီးအကဲ တစ်ယောက်က ပြောသည်။ အကယ်၍ ရီဖူရှင်းကိုသာ သည်အတိုင်း လွှတ်လိုက်ပါက ကြယ်မင်းကျောင်း အတွက် အမှန်ပင် ရှက်စရာကိစ္စ ဖြစ်သည်။
သူတို့က အနည်းဆုံး တစ်ပွဲတော့ အနိုင်ရရန် လိုသည်။
“ကျုပ် မတိုက်ချင်ဘူး…” ရီဖူရှင်းက ပြုံးလျက် ပြောသည်…“ခင်ဗျားတို့က အနိုင်မရရင် အခြေအနေက ပိုဆိုးလာမယ်လို့ ကျုပ်ထင်တယ်…”
“လေကြီးတယ်…” ကြယ်မင်းကျောင်းမှ တန်ခိုးရှင်တစ်ယောက်က အေးစက်စွာ ပြောသည်… “တစ်ပွဲတည်းနိုင်တာနဲ့ မင်းက အားလုံးကို နိုင်ပြီလို့ ထင်နေတယ်ပေါ့… ဘယ်လောက်တောင် မင်းက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး သွေးနားထင် ရောက်နေတာလဲ…”
ရီဖူရှင်း၏စကားက အကြီးအကဲ အများအပြားအား စိတ်ဆိုးစေသည်။
သူကား လွန်စွာ လေကြီးကာ ကြယ်မင်းကျောင်းကို လေးစားခြင်း မရှိပေ။
“မင်းက ကြယ်မင်းကျောင်းရဲ့ တပည့် တစ်ယောက်ကိုပဲ နိုင်သေးတယ်… ဘယ်လိုလုပ် ဒီလို စကားမျိုး ပြောထွက် ရတာလဲ…” ကျင့်နန်ကလည်း အေးစက်စွာ ပြောသည်။
“ဂီတအဆောင်မှာ ပါရမီမြင့်တဲ့ မှော်ဂီတပညာရှင်တွေ ရှိတယ်…” နောက်တစ်ယောက်က ပြောသည်။
“အစ်ကိုဖူရှင်း … သွားကြမယ်…” လောင်လင်းအာက ရီဖူရှင်းကို ခေါင်းယမ်းပြသည်။
ရီဖူရှင်းက ကြယ်မင်းကျောင်းမှ တပည့်နှစ်ယောက်ကို အနိုင်ယူပြီးဖြစ်ရာ ကြယ်မင်းကျောင်းက ရီဖူရှင်းကို သည်အတိုင်း မလွှတ်လိုက်လိုပေ။ သူတို့က ပိုမို၍ ထူးချွန်သော လူကို စေလွှတ်မည်မှာ သေချာသည်။
ရီဖူရှင်းက ကြယ်မင်းကျောင်းနှင့် ပြဿနာ တက်မည်ကို လောင်လင်းအာက မလိုလားပေ။
“စီနီယာက ဒီလိုပြောမှတော့ ကျွန်တော်ကလည်း သဘောတူ ပေးရတာပေါ့…” ရီဖူရှင်းက ပြုံးလိုက်သည်။ ထို့နောက် သူက စင်မြင့်ပေါ်သို့ တစ်ဖန် တက်လာပြန်၏။ သူက တင်ပျဉ်ခွေ ထိုင်ကာ သူ၏ ကု့ချင်းအား စတင် တီးခတ်ရန် ပြင်သည်။ ထို့နောက် သူက ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည်…“ခင်ဗျားတို့က ဘယ်သူပဲဖြစ်ဖြစ် ဘယ်နှယောက်ပဲ ဖြစ်ဖြစ် လွှတ်လိုက်လို့ ရတယ်…”
သံစဉ်ကား သာမန်မျှသာ ဖြစ်ကာ သာယာ ငြိမ်သက်သော ခံစားချက်ကို ပေးသည်။
ကြယ်မင်းကျောင်းမှ လူများ၏ မျက်နှာများက သုန်မှုန် သွားကြသည်။ သည်မျှ မောက်မာသော လူအား သူတို့ မမြင်ဖူးကြပေ။ ရီဖူရှင်းကား ကြယ်မင်းကျောင်းကို အမှန်ပင် အထင်သေးလွန်း လှ၏။
ထို့စဉ်မှာပင် များစွာသော မှော်ဂီတ ပညာရှင်များက စင်ပေါ်ကို တက်လာကြ၏။ သို့သော်လည်း ရုတ်တရက် ရီဖူရှင်း၏ သံစဉ်က မြန်ဆန်သွားသည်။ ထို့အတူ သံစဉ်ထဲတွင်လည်း ကြောက်မက်ဖွယ် ကောင်းသော စွမ်းအင်များ ပါဝင်နေ၏။
လေတိုးသံများ တရွှီးရွှီး ကြားရကာ ကောင်းကင်တွင် လျှပ်စီးများ တဖျတ်ဖျတ် လက်လာသည်။ အဖြူရောင် ဝတ်စုံဝတ် လူငယ်ကား တင်ပျဉ်ခွေ ထိုင်ကာ သံစဉ်တစ်ပုဒ်ကို လှပညက်ညောစွာ တီးခတ်နေ၏။
အကြီးအကဲများ၏ မျက်နှာများက အမူအရာ ပြောင်းသွားသလို စင်မြင့်ပေါ်ကို တက်လာသော မှော်ဂီတ ပညာရှင်များ ကလည်း မျက်မှောင်ကြုတ် လိုက်ကြ၏။ တစ်ယောက်ကား ရီဖူရှင်း၏ မနီးမဝေးကိုပင် ရောက်နေပြီး ဖြစ်သည်။ သို့သော်လည်း ရီဖူရှင်းထံမှ လွင့်ပျံ့လာသော အနုပညာ ရသသိကား အန္တရာယ် အငွေ့အသက်များ ထုံမွှမ်းနေ၏။
ဘုန်း… ကြောက်မက်ဖွယ် လျှပ်စီးမုန်တိုင်း တစ်ခုက ထိုမှော်ဂီတ ပညာရှင်၏ စိတ်ထဲတွင် တိုက်ရိုက် ပေါ်လာသည်။ မူလက သူတို့က ပူးပေါင်း တိုက်ခိုက်လိုခြင်း မရှိခဲ့ကြပေ။ သို့သော်လည်း ထိုအခိုက်တွင် သူတို့၏ မျက်နှာများ ပြာနှမ်းလာကြကာ အော်ဟစ်ကြသည်…“အတူ တိုက်မယ်ဟေ့…” ထို့နောက် သူတို့က စင်ပေါ်တွင် ထိုင်ချလိုက်ကြကာ တစ်ယောက်ပြီး တစ်ယောက်က တီးခတ်ကြပြီး ရီဖူရှင်း၏သံစဉ်ကို ခုခံကြ၏။
ရီဖူရှင်းက ခေါင်းငုံ့ကာ ဘာကိုမှ မမြင်သည့်အလား ဆက်လက် တီးခတ်သည်။ သူ၏သံစဉ်က တိုက်ပွဲစင်မြင့်ကို လွှမ်းခြုံသွားကာ ပြိုင်ဘက်များ၏ စိတ်နယ်ပယ်များထဲသို့ စိမ့်ဝင်သွားနေ၏။ ကောင်းကင်တွင်လည်း လျှပ်စီးမုန်တိုင်းများ စတင် ရိုက်ခတ်လာနေသည်။ မိုးကြိုး လျှပ်စီးကြောင်းများက ပြိုင်ဘက်များထံကို ဆင်းသက်လာကာ သူတို့အား စိတ်ဝိညာဉ်အားနှင့် ရုပ်ခန္ဓာအား နှစ်မျိုးလုံးဖြင့် တိုက်ခိုက်သည်။
ဝေါ့… ဝေါ့… ဆူညံသံများ ကြားရကာ တစ်ယောက်ပြီး တစ်ယောက် သွေးအန် သွားကြကာ သူတို့၏ မျက်နှာများ ပြာနှမ်း သွားကြသည်။
သူတို့အားလုံးက ရီဖူရှင်း၏ဂီတကို မယှဉ်နိုင်ကြပေ။
“ဒါက ကြယ်မင်းကျောင်းရဲ့ တပည့်တွေပေါ့… ဘယ်လောက် အဆင့်အတန်း မြင့်လဲ…”
သံစဉ်နှင့်အတူ ခံစားချက် ကင်းမဲ့သော အသံတစ်ခုကိုလည်း ကြားကြရသည်။ မရေမတွက်နိုင်သော လူများက သူ့ကို ကြည့်ကာ ထိတ်လန့် အံ့အားသင့် ကြရသည်။ ယခုတွင်ကား ရီဖူရှင်းက သူ၏အရည်အချင်းကို အမှန်ပင် ထုတ်ပြလိုက်ပြီ ဖြစ်သည်။
***