ရီဖူရှင်းက ထိုသို့ ပြောလိုက်သည်နှင့် လူတိုင်းက သူ့အား အံ့အားသင့်စွာ ကြည့်လိုက်ကြ၏။ သူက နဂါးကလန်ကများလား။ ရီဖူရှင်းက လောင်လင်းအာ အတွက် ဝင်ပြောနေသည်။
ကျင့်နန်နှင့် ဝမ်ယွီချန်းတို့က ဇဝေဇဝါ ဖြစ်သွားကြ၏။ နဂါးကလန်မှ တစ်စုံတစ်ယောက် ဝင်ပြောပါက သူတို့က ဘာမှ ခံစားရမည် မဟုတ်သော်လည်း ယခု ရီဖူရှင်း ဖြစ်နေ၏။ သူက မိမိကိုယ်ကို နဂါးကလန်ကဟု ထင်နေသလော…။
ကျင့်နန်က နှာခေါင်းရှုံ့ကာ မှတ်ချက်ချသည်…“ဘယ်လောက် လည်တဲ့အကောင်လဲ…”
ဝမ်ယွီချန်းက သူ့ကို ကြည့်လျှင် ကျင့်နန်က ရှင်းပြသည်…“သူက နဂါးကလန်ကို အပြီး ဝင်ချင်နေတယ်… ဒါကြောင့် သူက နဂါးကလန်က မင်းသမီးလေး အတွက် ဝင်ပြောပြီး လူအများကို အပြစ်တင်နေတာ… ဒီနည်းနဲ့ သူက အနာဂတ်မှာ နဂါးကလန်ရဲ့ အဓိကလူ တစ်ယောက် ဖြစ်လာလိမ့်မယ်…”
“ဘယ်လောက် ဉာဏ်ကောင်းလိုက်သလဲ…” ကျင့်နန်ကား ရီဖူရှင်းကို အားကျစိတ်ပင် ဝင်လာသည်။
“မင်းက ကြယ်မင်းကျောင်းကို မေးခွန်းထုတ် နေတာလား…” ထိုစဉ်မှာပင် လောင်လင်းအာကို အပြစ်ရှာခဲ့သော အကြီးအကဲက ရီဖူရှင်းကို စူးရှစွာ ကြည့်ကာ ပြောသည်။ စကားတစ်ခွန်းတည်းဖြင့် ရီဖူရှင်းက ကြယ်မင်းကျောင်း တစ်ခုလုံးကို အရှက်တကွဲ ဖြစ်စေသည်။
“ကျုပ် မလုပ်ရဲပါဘူး…” ရီဖူရှင်းက ပြန်ပြောသည်…“ကြယ်မင်းကျောင်းက မိုးမြေကောင်းကင်မြို့က တန်ခိုးကျင့်ခြင်း နတ်ဘုံနတ်နန်း တစ်ခုပဲ… လူအများစုက ကြယ်မင်းကျောင်းကို ဝင်ချင်ကြတယ်… အကဲဖြတ်မှုကလည်း တရားမျှတတယ်… ဒါပေမဲ့ လူကြီးတချို့က ဘာလို့ မိန်းကလေး တစ်ယောက်ကို ပစ်မှတ်ထား တိုက်ခိုက် နေရတာလဲ ကျုပ် နားမလည်ဘူး…”
ရီဖူရှင်း၏ စကားကို ကြားလျှင် လူအများက ပိုမိုစိတ်ဝင်စား လာကြသည်။ ရီဖူရှင်း၏ ဆိုလိုရင်းက ရှင်းပေသည်။ ကြယ်မင်းကျောင်းက မျှတသော်လည်း အကြီးအကဲ တချို့က မတရားဟု သူက ပြောနေသည်။
“အတင့်ရဲတယ်…” ထိုအကြီးအကဲက အော်လိုက်သည်…“ငါတို့က မျှမျှတတပဲ ပြောနေတာ… ငါတို့က သူမကို ဘယ်တုန်းက ပစ်မှတ်ထားနေလို့လဲ… ငါတို့က လောင်လင်းအာကို တမင် အပြစ်တင် စကားတွေ မပြောခဲ့ဘူး… တိုက်ပွဲမှာ သူမက တကယ်ပဲ ကောင်းကောင်း သက်သေ မပြခဲ့ဘူး… သူမက နဂါးကလန်က ဖြစ်တာနဲ့ ငါတို့က သူမအတွက် ကြယ်မင်းကျောင်းတံခါးကို ဖွင့်ပေးရမလား…”
ရီဖူရှင်းက ပါးစပ် ဟလိုက်သည်။ သို့သော် ထိုအကြီးအကဲက ကြိမ်းမောင်းသည်… “အကဲဖြတ် စစ်ဆေးတာကို မေးခွန်းထုတ် ရအောင် မင်းက ဘယ်သူလဲ… မင်းက နောက်ထပ် မေးခွန်းထုတ်ရဲရင် ကျောင်းပြင်ပကို ဆွဲထုတ် ခံရမယ်မှတ်…”
ထိုအကြီးအကဲက သူ ဆက်ပြောလျှင် ဟာကွက်များ ပေါ်လာတော့မည်ကို သိသည်။ သူက လောင်လင်းအာကို တမင် အပြစ်ရှာနေခြင်းသာ…။ သို့သော် သူ၏တကယ့် ရည်ရွယ်ချက်က လောင်လင်းအာ မဟုတ်ဘဲ နဂါးကလန်သာ ဖြစ်သည်။ ထို့ကြောင့် လက်ရှိ အခြေအနေအရ သူက ရီဖူရှင်းနှင့် သိပ်ကြာကြာ မငြင်းရဲပေ။
“ဆရာယွန်… ကျွန်တော် သူ့ကို သိတယ်… ပြီးခဲ့တဲ့နှစ်က သူက ဝမ်ယွီချန်းမိသားစုနဲ့ ရင်းနှီးခဲ့တာကြောင့် ကျုပ်နဲ့ ဝမ်ယွန်ချန်းတို့က သူ့ကို မိုးမြေ ကောင်းကင်မြို့ကို ခေါ်လာခဲ့ကြတယ်… အခုမှ ကျွန်တော်က အမှား လုပ်မိတာကို သိတော့တယ်… သူက နေရာတိုင်းမှာ အဆက်အသွယ် လိုက်ရှာနေတဲ့ သာပေါင်းညာစားကောင် တစ်ယောက်ပဲ…” ကျင့်နန်က ရုတ်တရက် ပြောသည်။ သူက ရီဖူရှင်းက ယခင်ကတည်းက မုန်းတီးသည်။ ယခု ရီဖူရှင်းက ဤအခွင့်အရေးကို အသုံးချလျက် နဂါးကလန်ထဲကို ဝင်ရန် ကြိုးစားနေရာ သူကလည်း အတတ်နိုင်ဆုံး တားဆီးရပေမည်။
“ဒီလိုဆိုတော့ မင်းက နဂါးကလန်က အစေခံ တစ်ယောက်ပဲပေါ့… မင်းက ဘာလို့ မင်းသခင်အတွက် ဝင်ပြောလဲ နားလည်ပေးလို့ ရတယ်… ဒါပေမဲ့ လောင်လင်းအာက ဝင်ခွင့်ရတာ မရတာက ကျောင်းက ဆုံးဖြတ်လိမ့်မယ်… မင်းက ဒီနေရာမှာ စကားပြောခွင့် မရှိဘူး…” အကြီးအကဲက အေးစက်စွာ ပြောသည်။
ရီဖူရှင်းက ကျင့်နန်ကို ကြည့်သည်။ ထို့နောက် အကြီးအကဲကို ကြည့်သည်။ မသက်မသာ ပြုံးကာ သူက ခေါင်းယမ်း၏။
နိမ့်ကျသော အဆင့်မှ လူတစ်ယောက်၏ စကားက အကျိုးသက်ရောက်မှု ရှိမည် မဟုတ်ပေ။
သူ၏အစ်ကိုသုံးက သူ့ကို ပြောခဲ့သည်ကို ပြန်သတိရမိသည်။ ကျိုးကြောင်းဆီလျော်မှုက လက်သီးကို မကျော်နိုင်ပေ။
သူက ကျိုးကြောင်း ဆီလျော်မှု ရှိလျှင်ပင် တစ်ဖက်လူက သူ့ကို အင်အားဖြင့် ဖိနှိပ်မည် ဖြစ်သည်။
ထို့ကြောင့် ပြဿနာကို အကောင်းဆုံး ဖြေရှင်းရန်ကား လက်သီးကို သုံးခြင်းပင်…။
လောင်လင်းအာကား ရီဖူရှင်းရှေ့တွင် ရပ်နေဆဲဖြစ်သည်။ ခေါင်းမော့ကာ သူမက တိုးညင်းစွာ ပြောသည်…“အစ်ကိုဖူရှင်း… သွားစို့… ဒီလူတွေကို ထားလိုက်… လင်းအာ ဝမ်းမနည်းတော့ဘူး…”
“အရူးမလေး…” ရီဖူရှင်းက လောင်လင်းအာ၏ ရှုပ်ပွနေသော ဆံပင်များအား သပ်သပ်ရပ်ရပ် ဖြစ်အောင် လုပ်ပေးသည်။ ထို့နောက် သူက ပြုံးကာ သူမ၏ဘေးမှ ဖြတ်ကျော်လျက် တိုက်ပွဲစင်မြင့်ပေါ်သို့ တက်ရောက် သွားသည်။
“မင်း ဘာလုပ်နေတာလဲ…” အကြီးအကဲက မာန်မဲလိုက်သည်…“လာကြစမ်း… သူ့ကို နှင်ထုတ်လိုက်စမ်း…”
လူတစ်ယောက်က ရှေ့ကို ထွက်လာမည် လုပ်သည်။ ရီဖူရှင်းက ကြယ်မင်းကျောင်းမှ အကြီးအကဲများ ဘက်သို့ လှည့်ကာ အရိုအသေ ပေးသည်…“ကျုပ်က အသိပညာ အားနည်းပါတယ်… နောက်ခံ အင်အားလည်း မရှိတဲ့ နဂါးကလန်က သာမန်ဂီတ အကူတစ်ယောက်ပါပဲ… ကျုပ်က ဒီမှာ ရပ်ဖို့ အခွင့်အရေး မရှိဘူးဆိုတာ သိပေမဲ့ ကျုပ်ရဲ့ သခင်မလေး ဝမ်းနည်းတာကို ကျုပ်က မမြင်တွေ့ချင်ဘူး… ဒါကြောင့် လောင်လင်းအာရဲ့ ပါရမီနဲ့တောင်မှ ဝင်ခွင့်မရတဲ့ ကြယ်မင်းကျောင်းက ပါရမီရှင်တွေက ဘယ်လောင်တောင် ထူးချွန်လဲ ကျုပ် သိချင်တယ်…”
“သူက ရသမျှနည်းကို သုံးနေတာပဲ…” ကျင့်နန်၏ မျက်နှာက အေးစက်သွား၏။ ခုနက ရီဖူရှင်းက လောင်လင်းအာ၏ ဆံပင်များကို ကိုင်တွယ်ခဲ့သည်ကို သူမြင်လိုက်၏။ သူတို့ နှစ်ယောက်၏ ပတ်သက်မှုက သူ ထင်ထားသည်ထက် ကောင်းမွန်နေသည်။ ထို့ကြောင့် ရီဖူရှင်းက လောင်လင်းအာ အတွက် ဝင်ပြောသည်ကို သူက မအံ့ဩတော့ပေ။ ရီဖူရှင်းက သူ အရှက်တကွဲ ဖြစ်ရမည်ကို သိလျက်နှင့်ပင် သူ၏သခင်အတွက် ဝင်ပြောနေသည်။
နဂါးကလန်မှ ဂီတအကူက ကြယ်မင်းကျောင်းမှ တပည့်များကို စိန်ခေါ်နေသည်။
သူက ကြယ်မင်းကျောင်းကို အရှက်ခွဲလို နေသည်များလား…။
“အဓိပ္ပာယ်မရှိတာ… မင်းက ဒီလို လုပ်ရအောင် ဘာကောင်မို့လို့လဲ…” အကြီးအကဲက အေးစက်စွာ ပြောသည်…“သူ့ကို နှင်ထုတ်လိုက်…”
“ခဏနေဦး…” တစ်ယောက်က ပြောသည်…“လောင်လင်းအာက ကျောင်းဝင်ခွင့် မရသင့်ဘူးလို့ ခင်ဗျားက မြင်တယ် ဆိုမှတော့ တစ်စုံတစ်ယောက်က ခင်ဗျားရဲ့ အမြင်ကို မေးခွန်းထုတ်ကာနဲ့ သူ့ကို နှင်ထုတ်တယ် ဆိုတော့ ခင်ဗျားက တကယ်ပဲ လောင်လင်းအာကို တမင် အပြစ်ရှာခဲ့တာလား…”
ဝင်ပြောလိုက်သူကား နဂါးကလန်မှ ဖြစ်သည်။ လူအများအပြားက အခြေအနေကို စိတ်ဝင်တစား ကြည့်နေကြသည်။ ကြယ်မင်းကျောင်း၏ အကဲဖြတ် စစ်ဆေးပွဲတွင် မိသားစုနှစ်ခုက အမှန်ပင် ကတောက်ကဆ ဖြစ်နေသည်။
“နှစ်ဖက်လုံးက အမြင်ကိုယ်စီနဲ့ဆိုတော့ ကျုပ်တို့က သူပြောသလို စမ်းသပ်ခိုင်း ကြည့်ရအောင်… ဘယ်လိုလဲ…” ကြယ်မင်းကျောင်းမှ အကြီးအကဲ တစ်ယောက်က ပြောသည်။ အငြင်းအခုံ ဖြစ်နေသူများမှာ နဂါးကလန်နှင့် ကျင်းကလန်တို့ ဖြစ်သည်ကို သူသိသည်။
သူ၏စကားကို ကြားလျှင် ကျင်းကလန်မှ အကြီးအကဲက ပြောသည်…“ကောင်းပြီ… ဒါဆိုလည်း ကျောင်းသားသစ်တွေကိုပဲ သူ့ကို နှင်ထုတ် ခိုင်းတာပေါ့… မင်းအဆင့်က ဘာလဲ…”
“အကာနာ အဆင့်လေး…” ရီဖူရှင်းက ပြန်ပြောသည်။
“ကျောင်းသားသစ်တွေ ထဲက အကာနာ အဆင့်လေးရှိတဲ့ လူတစ်ယောက်က သွားစမ်းကြည့်လိုက်…” အကြီးအကဲက ကျောင်းသားသစ်များ ဘက်သို့ ကြည့်ကာ ပြောသည်။
အကဲဖြတ်ပွဲကို လာရောက်ကြသော လူများက သည်ကဲ့သို့ အခြေအနေ ဖြစ်လာမည်ဟု မထင်ထားခဲ့ကြပေ။ အခြေအနေက လွန်စွာ စိတ်ဝင်စားဖွယ် ကောင်းပြီး ရီဖူရှင်းက အလွန်အကျွံ အားမနည်းရန် သူတို့ မျှော်လင့်မိကြ၏။
“ကျုပ်ကလည်း မှော်ဂီတပညာရှင်ပဲ… ကျုပ်သွားမယ်…” လူငယ်တစ်ယောက်က ရှေ့ကို ထွက်လာသည်။ သူ၏မျက်လုံးများက စူးရှနေသည်။ သူက ကောင်းမွန်စွာ စွမ်းဆောင်နိုင်ပါက အကြီးအကဲများက သူ့အား သတိထားမိမည် ဖြစ်သည်။ သူ့အတွက် အခွင့်အရေး ကောင်းပင် …။
“ကောင်းပြီ … မင်းသွားလိုက်…” အကြီးအကဲက ခံစားချက် ကင်းမဲ့စွာ ပြောသည်။ ချက်ချင်းပင် ထိုလူငယ်က ရီဖူရှင်း၏ မျက်နှာချင်းဆိုင်တွင် လာရပ်သည်။
“စပါ…” လူငယ်က ပြုံးလျက် ပြောသည်။
ရီဖူရှင်းက တင်ပျဉ်ခွေ ထိုင်လိုက်ကာ သူ၏ကု့ချင်းဝိညာဉ်အား ထုတ်လိုက်သည်။
သူတို့ နှစ်ယောက်စလုံးက ကု့ချင်းကြိုးများကို ပြိုင်တူ တီးခတ်လိုက်ကြ၏။ ကြယ်မင်း ကျောင်းသားသစ်က ပြုံးကာ ကြိုးများကို တီးခတ်လိုက်လျှင် ဂီတသံစဉ်တစ်ခု ထွက်ပေါ်လာသည်။
“အကဲဖြတ်ပွဲတုန်းက သူ့စွမ်းရည်က တော်တော် ကောင်းတယ်…” တစ်ယောက်က မှတ်ချက် ချသည်။
နဂါးကလန်က ဂီတအကူက သူ့ကို အနိုင်ယူနိုင်ပါ့မလား…။
ရုတ်တရက် ရီဖူရှင်း၏ လက်ချောင်းများက လှုပ်ရှားသွားသည်။ ကု့ချင်းကြိုးများက ပြင်းထန်စွာ လှုပ်ခတ်သွားကာ စူးရှသော အသံတစ်ခု ထွက်လာသည်။ ကြောက်မက်ဖွယ် ကောင်းသော ဂီတအသိက မွေးဖွားလာကာ တစ်ဖက်လူ၏ စိတ်နယ်ပယ်ထဲကို ထွင်းဖောက် သွား၏။
ထိုလူငယ်၏ခေါင်းက အနည်းငယ် တုန်ခါသွားကာ သူ၏ အမူအရာကလည်း ပြောင်းသွားသည်။ သို့သော်လည်း ရီဖူရှင်းက သူ၏သံစဉ်ကို ထပ်မံ၍ တီးခတ်လိုက်လျှင် ကျယ်လောင် စူးရှသော အသံတစ်ခု ထွက်ပေါ် လာပြန်သည်။
ဘန်း…
ဂီတစွမ်းအင် တစ်ခု ကြမ်းတမ်းစွာ ရိုက်ခတ်သွားလျှင် ကျယ်လောင်သော အသံနှင့်အတူ ကြယ်မင်း ကျောင်းသားသစ်၏ ပါးစပ်မှ သွေးများ စီးကျလာကာ သူ၏မျက်နှာက ပြာနှမ်းသွားသည်။
ရီဖူရှင်း၏ လက်ချောင်းများ ကခုန်သွားကာ နောက်ထပ် အသံတစ်ခုက ပြိုင်ဘက်၏ ခံစစ်များကို ဖြိုခွင်းလျက် ရိုက်ခတ် သွားပြန်သည်။ ထိုလူငယ်၏ မျက်နှာက သွေးဆုတ်သွားကာ ပါးစပ်မှ သွေးများ အဆက်မပြတ် အန်လာပြီး သူ၏ကု့ချင်းအား အနီရောင် လွှမ်းသွားစေသည်။ သံစဉ်များလည်း ရပ်တန့်သွား၏။
“ဟာ…”
ထိုမြင်ကွင်းကို ကြည့်ကာ လူအများအပြားက သူတို့၏ မျက်လုံးကိုပင် မယုံကြည် နိုင်ကြပေ။
ရီဖူရှင်းက သူ၏ပြိုင်ဘက်အား စက္ကန့်ပိုင်းအတွင်း အနိုင်ယူခဲ့သည်။
ရီဖူရှင်း၏ ပြိုင်ဘက်ကား ကြယ်မင်းကျောင်းကို တိုက်ရိုက် ဝင်ခွင့်ရသူဖြစ်ကာ တရားဝင် ကြယ်မင်း ကျောင်းသားများပင် သူ့အား ချက်ချင်း အနိုင်မယူနိုင်ပေ။ ဆိုလိုသည်က ရီဖူရှင်းက ကြယ်မင်းကျောင်းကို ဝင်ရန် လုံလောက်သော အရည်အချင်း ရှိသည် ဟူ၏။
ကျင့်နန်နှင့် ဝမ်ယွီချန်းတို့က အံ့ဩ သွားကြသည်။ သို့သော် ကျင့်နန်က ပြောသည်…“မင်းရဲ့ အဘိုးက သူ့ကို အရမ်း လေးစားတယ် ဆိုတော့ သူက အရည်အချင်းတော့ ရှိပုံရတယ်… ပြီးတော့ သူက အလစ်အငိုက်ဖမ်း တိုက်ခိုက်လိုက်တော့ သူက အနိုင်ရတာ သိပ်တော့ မဆန်းဘူး…”
ဝမ်ယွီချန်းက ခေါင်းညိတ်သည်။ သူတို့ဘေးတွင် လူအများအပြားက သူတို့ကို လှမ်းကြည့်ကြသည်။ သူတို့ကား ဝမ်ယွီချန်းနှင့်အတူ မိစ္ဆာနဂါး နယ်မြေကို သွားရောက်ခဲ့ကြ သူများပင်။ တချို့က ရီဖူရှင်းကို မြင်ဖူးကြသော်လည်း သိပ်သတိမထား မိခဲ့ကြပေ။
ခေါင်းမော့ကာ ရီဖူရှင်းက အကြီးအကဲကို မေးသည်…“စီနီယာက ဘာလို့ လောင်လင်းအာကိုပဲ မေးခွန်းထုတ် ရတာလဲ…”
သူ၏စကားက ရှင်းသည်။ ရီဖူရှင်း၏ ပြိုင်ဘက်ကလည်း လွန်စွာ အားနည်းကာ အကြီးအကဲက ဘာမှမပြောဘဲ ကြယ်မင်းကျောင်းကို ဝင်ခွင့်ပေးခဲ့သည်။ သို့သော် သူက လောင်လင်းအာကို တားမြစ်ခဲ့၏။
“မှော်ဂီတပညာက တဖြည်းဖြည်း စွမ်းအား စုဆောင်းပြီး တိုက်ခိုက်ရတာပဲ… မင်းက အလစ် တိုက်ခိုက်တယ် ဆိုတော့… ဟ…” အကြီးအကဲက သူ၏အမှားကို ဝန်ခံမည်တော့ မဟုတ်ပေ…“ဒါက ဘာမှ သက်သေမပြနိုင်ဘူး…”
“ဒါဆိုလည်း ကြယ်မင်းကျောင်းက တပည့်တွေရဲ့ အရည်အချင်းကို ထပ်ကြည့်ရတာပေါ့…” ရီဖူရှင်းက ထပ်ပြောသည်။
အကြီးအကဲက ကြယ်မင်းကျောင်းမှ တပည့်တစ်ယောက်ကို ကြည့်ကာ ပြောသည်…“လင်းရန်… သွား…”
“ဟုတ်ကဲ့…” လူငယ်တစ်ယောက် ထွက်လာပြန်သည်။ သူကား ကျောင်းသားသစ်များ ရွေးချယ်ရာတွင် ကြီးကြပ်သူ တစ်ယောက် ဖြစ်ကာ ဂီတအဆောင်မှ ပါရမီရှင် တစ်ယောက်လည်း ဖြစ်၏။ သူ၏စွမ်းရည်က အတော် အားကောင်းသည်။
“စပါ…” လင်းရန်က ပြောသည်။
“စကြမယ်…” ရီဖူရှင်းက ပြောသည်။ လင်းရန်က ခေါင်းညိတ်ကာ ခံစစ်နည်း စနစ်အားဖြင့် စတင်၍ တီးခတ်သည်။ ခုနက ရီဖူရှင်း၏ဂီတက မြန်ဆန်လွန်းလှကာ သူ၏ပြိုင်ဘက်ကို ပြင်ဆင်ရန် အချိန်မပေးခဲ့ပေ။ ထို့ကြောင့် လင်းရန်က အစကလည်းက ခံစစ်ကို လုံအောင် ကြိုးစားသည်။
ရီဖူရှင်းက ခေါင်းငုံ့ကာ သူ၏ လက်ချောင်းများအား ကု့ချင်းကြိုးများကို ကြမ်းတမ်းစွာ တီးခတ်လိုက်သည်။ ဂီတသံစဉ် မြန်ဆန်လွန်းလှကာ စကတည်းက အမြင့်ဆုံး အသံများသို့ ရောက်ရှိသွားဟန် ရသည်။ ချက်ချင်းပင် လေနှင့်တိမ်များ ရွေ့လျားလာကာ လျှပ်စီးများ တဖျတ်ဖျတ် လက်လာသည်။
နားကွဲမတတ် စူးရှသော သံစဉ်က လင်းရန်ထံသို့ တိုးဝင်သွားသည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်တွင် လျှပ်စီး အလင်းတန်းများ စုစည်းလာကာ အပေါ်မှ သူ့အား ဖုံးလွှမ်း လာနေ၏။
ကြယ်မင်းကျောင်းမှ တပည့်များ၏ အမူအရာများ ပြောင်းလဲ သွားကြသည်။ လင်းရန်ကလည်း မြန်ဆန်စွာ တီးခတ်သော်လည်း စူးရှသော သံစဉ်က သူ၏နားထဲကို တိုက်ရိုက် တိုးဝင်လာကာ လျှပ်စီးများက သူထံကို ရစ်ပတ်လာသည်။ ဘန်းခနဲ မြည်သံနှင့်အတူ ပေါင်းစပ်သံစဉ်က သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာကာ လင်းရန် တုန်ခါသွားကာ မြေပြင်ပေါ်သို့ ပြိုလဲကျသွား၏။ သူ၏ခန္ဓာကိုယ်က တဆတ်ဆတ် တုန်ယင်နေကာ ပါးစပ်မှလည်း သွေးများ အဆက်မပြတ် စီးကျနေသည်။ သူ၏မျက်နှာကလည်း ဖြူဖပ်ဖြူရော် ဖြစ်နေရာ ဒဏ်ရာပြင်းစွာ ရသွားပြီး ဆက်လက် တိုက်ခိုက်နိုင်စွမ်း မရှိတော့သည်မှာ ထင်ရှားပေသည်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…”
လူအများအပြားက အံ့ဩကြသည်။ နဂါးကလန်မှ ဂီအကူကား အလွန် အားကောင်းပေသည်။
ကျင့်နန်နှင့် ဝမ်ယွီချန်းတို့ကလည်း ထိတ်လန့် သွားကြ၏။ တခြားတစ်ဖက်တွင် ဝမ်ယွီရိုက သူတို့အား အဝေးမှ ကြည့်သည်။ သည်မြင်ကွင်းကား ရင်းနှီးလွန်းလှသည်။
ယွန်ယွဲ့မြို့ စင်မြင့်ပေါ်တွင်လည်း သည်အတိုင်း ဖြစ်ပျက်ခဲ့ဖူး၏။ ယခု ကြယ်မင်းကျောင်းတွင် တူညီစွာ ဖြစ်ပျက်သည်။ သို့သော်လည်း ရီဖူရှင်းက အရင်အတိုင်းပင် အားလုံးကို လျစ်လျူရှုထားမြဲ ဖြစ်သည်။
သူမက ရီဖူရှင်းအား လျှော့တွက်မိပြီ ဖြစ်ကြောင်း ဝမ်ယွီရိုက တွေးမိသည်။
သူတို့က ကြယ်မင်းကျောင်း တပည့်များ ဖြစ်လျှင်ကော အဘယ်အရေးနည်း။ ရီဖူရှင်းက သူတို့အား အလွယ်တကူ အနိုင်ယူနိုင်သည်။
ရီဖူရှင်းက ခေါင်းမော့ကာ အကြီးအကဲကို ပြောသည်…“စီနီယာ… လောင်လင်းအာက လုံလောက်တဲ့ အရည်အချင်းကို မပြသခဲ့လို့ ကျောင်းဝင်ခွင့် မပေးနိုင်ဘူး ပြောတယ်… ကျုပ်က ဘယ်သူ့ကိုမှ အပြစ် မလုပ်ချင်ပါဘူး… ဒါပေမဲ့ ခင်ဗျားရဲ့ စကားအရဆို ကျုပ်ကို ရှုံးခဲ့တဲ့ လူနှစ်ယောက်က ဘယ်လိုလုပ် ကျောင်းဝင်ခွင့် ရခဲ့တာလဲ…”
***