Switch Mode

အပိုင်း(၄၄၉)

ကသိကအောက် အခြေအနေ

တိုက်ပွဲက ညအထိ ဆက်သွားသည်။

ညအချိန် ရောက်လာသည့်တိုင် အကဲဖြတ်ပွဲအား ရပ်တန့်ခြင်း မရှိပေ။ သူတို့က အပြီးအထိ စစ်ဆေးကြမည့်ဟန် ရှိနေသည်။ ညအချိန် ဖြစ်သော်လည်း လရောင်အောက်တွင် တိုက်ပွဲ အခြေအနေအား ရှင်းလင်းစွာ မြင်ကြရသည်။

ကျောင်း အပြင်ဘက်တွင်လည်း လူအနည်းငယ်ကသာ ထွက်သွားသေးသည်။ သူတို့က ကြယ်မင်းကျောင်းမှ လူ ဘယ်လောက် လက်ခံမည်ကို သိလိုကြသည်။

“လင်းအာ… ဒါက မင်းအမှားပဲ…” ရီဖူရှင်းက စိတ်ဓာတ်ကျစွာ ပြောသည်။

လောင်လင်းအာက ပြုံးလျက် ပြောသည်…“ဘာလို့လဲ… တိုက်ပွဲက စိတ်ဝင်စားစရာ ကောင်းသားပဲ…” ထိုအခိုက်တွင် တိုက်ပွဲက အဆင့်နိမ့် အကာနာများ အလှည့်ကို ရောက်လာပြီ ဖြစ်သည်။

“ငါမလာခင် သေသေချာချာ မေးဖို့ မေ့သွားတယ်… တိုက်ခိုက်ရေး စွမ်းရည် အကဲဖြတ်ပွဲကလည်း ဒီလောက် ကြာတယ်…” ရီဖူရှင်းက သူအမှား လုပ်မိသည်ကို သိလိုက်ကာ ဆွံ့အရသည်။ လောင်လင်းအာကား ဓမ္မအဆင့်ကို အခုမှ ဝင်ရောက်ခြင်း ဖြစ်ကာ အကဲဖြတ်ပွဲ၏ နောက်ဆုံးတွင်သာ ရှိနေသည်။

“ဒါက ပျော်စရာ ကောင်းတာပဲကို…” လောင်လင်းအာက ခေါင်းမော့ ရင်ကော့ကာ ပြောသည်။ အကဲဖြတ်ပွဲက အမှန်ပင် ပျင်းစရာ ကောင်းသည်ဟု သူမက ခံစားရသော်လည်း သူမက ဝန်ခံမည် မဟုတ်ပေ။

တိုက်ပွဲက ညမှနေ၍ နေ့သို့ ဆက်သွားပြန်သည်။ သူတို့အားလုံးက တန်ခိုးရှင်များ ဖြစ်ရာ ရက်အနည်းငယ် မအိပ်စက်ခြင်းက ပြဿနာ မဟုတ်ပေ။

လူအုပ်ကြီး၏စိတ်အား ထက်သန်မှုများကလည်း အချိန်နှင့်အမျှ အားနည်းသွားသည်။ နောက်ဆုံးတွင် ဒုတိယနေ့၏ ညနေခင်းတွင် အဆင့်နိမ့် ဓမ္မများ အလှည့်ကို ရောက်လာသည်။ သည်အဆင့်ဖြင့် ကျောင်းဝင်ခွင့် လာရောက် လျှောက်ထားသူများကား လွန်စွာ နည်းပါးလွန်းပေသည်။ လောင်လင်းအာ၏ အလှည့်ကို ရောက်လာသောအခါ ကြယ်မင်းကျောင်းတွင် သူမ၏အဆင့်နှင့် တူညီသော ကျောင်းသား အမှန်တကယ် ရှိမနေပေ။

ပုံမှန်အားဖြင့် ကြယ်မင်းကျောင်းကို ဝင်ရောက်သော လူများက အနည်းဆုံး ဓမ္မအဆင့်တွင် ရှိကြပေသည်။ ထို့ကြောင့် ယမန်နှစ်က ကျောင်းဝင်ခွင့် ရသူများမှာ အနည်းဆုံး ဓမ္မအဆင့်နှစ်ကို တက်ရောက် သွားကြပြီး ဖြစ်သည်။ ထို့ကြောင့် ကြယ်မင်းကျောင်းတွင် ဓမ္မအဆင့်တစ်များ ရှိမနေပေ။ ထို့ကြောင့်ပင် ထိုအဆင့်မှ လူများ အားလုံးက စောင့်ဆိုင်း စာရင်းသို့ ရောက်ရှိသွားသည်။

ထို့ကြောင့် အရာအားလုံးက အစက ပြန်စကြရပြန်သည်။ စောင့်ဆိုင်းစာရင်းမှ လူများက အချင်းချင်း တိုက်ခိုက်ကာ အကြီးအကဲများက ဘယ်သူက ကျောင်းဝင်ခွင့် ရမည်ကို ဆုံးဖြတ်ကြသည်။ နှစ်ယောက်လုံးက ထူးချွန်လျှင် နှစ်ယောက်လုံး ဝင်ခွင့်ရသည်။ နှစ်ယောက်လုံးက အားနည်းလျှင် နှစ်ယောက်လုံး ထုတ်ပယ်ခံရသည်။

ရီဖူရှင်းက တစ်စုံတစ်ယောက်ကို ရိုက်နှက်လိုသော စိတ်အမှန် ဖြစ်လာသည်။

လောင်လင်းအာက ရီဖူရှင်းအား လှည့်ကြည့်ကာ ပြုံးသည်။ ရီဖူရှင်းကလည်း ဘာမှ မတတ်နိုင်ပေ။ ထို့ကြောင့် သူက နောက်တစ်နေ့အထိ ထပ်စောင့်ရ၏။

မည်သို့ဆိုစေ သည်နေ့တွင်လည်း နောက်ထပ် ထူးချွန်သော ပါရမီရှင်များ ထွက်ပေါ် လာကြသည်။

နောက်ဆုံးတွင် လောင်လင်းအာ၏ အလှည့်ကို ရောက်လာသည်။ ကြယ်မင်းကျောင်း၏ အကဲဖြတ် စစ်ဆေးမှုကလည်း အဆုံးသတ်ကို ရောက်လာပြီ ဖြစ်သည်။

“ဓမ္မအဆင့်တစ်က လူတွေ အတူတူ တက်လာခဲ့ကြ…” အကြီးအကဲ တစ်ယောက်က ကြေညာသည်။ ချက်ချင်းပင် လောင်လင်းအာက ပြုံးလိုက်ကာ တိုက်ပွဲစင်မြင့်ပေါ်သို့ ခုန်တက်လိုက်သည်။ ထိုအုပ်စုထဲတွင် ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်ကလည်း လူအများ၏ အာရုံစိုက်မှုကို ရရှိသည်။

တစ်ချိန်တည်းမှာ သူတို့က တိုက်ပွဲစင်မြင့်ပေါ်မှ လူငယ်နှစ်ယောက်အား သတိထားမိကြသည်။ သူတို့ကား အနောက်တောင်ကုန်း နဂါးကလန်မှ နဂါးမယ်လေးနှင့် ကျင်းကလန်မှ နတ်ငှက်လူငယ်တို့ ဖြစ်ကြသည်။ သူတို့က အဓိက အင်အားကြီး ကလန်နှစ်ခုမှ အထွန်းတောက်ဆုံး ပါရမီရှင် နှစ်ယောက်ဖြစ်ရာ အကဲဖြတ်ပွဲ မတိုင်မီကတည်းက ကျော်ကြားနေသူများ ဖြစ်ကြ၏။ ယနေ့ သူတို့၏ အရည်အချင်းများကို လူအများရှေ့တွင် ပထမဆုံးအကြိမ် ထုတ်ဖော်ကြမည် ဖြစ်သည်။

သည်တစ်ကျော့တွင်ကား စုစုပေါင်း လူရှစ်ယောက်မျှသာ ရှိသည်။ ထို့အပြင် သူတို့ကား အလွန် ငယ်ရွယ်သူများလည်း ဖြစ်ကြ၏။

သို့တိုင်အောင် လောင်လင်းအာနှင့် ကျင်းဖေးတို့က ထိုအုပ်စုထဲတွင် ထင်ပေါ်နေမြဲ ဖြစ်သည်။ ကျင်းဖေးမူကား လွန်စွာ ငယ်ရွယ်သော်လည်း သူ၏ မျက်လုံးများက မောက်မာ ဝင့်ကြွားဟန်များ အထင်းသား ပေါ်နေသည်။ သူ့ဘေးမှ လူများကို တစ်ချက်ကြည့်ကာ လူကြီးများကဲ့သို့ပင် သူက ပြောသည်…“မင်းတို့ ငါ့ကို အတူတူ တိုက်လို့ရတယ်…”

ကြယ်မင်းကျောင်း၏ ပွဲကြည့်စင်ပေါ်တွင် ကျင်းယွန်ရှောင်းက ပြုံးလိုက်သည်။ နဂါးကလန်မှ နဂါးမိန်းကလေးက မည်သို့ အရှက်တကွဲ ဖြစ်မည်ကို သူမြင်လိုသည်။

“လေကြီးတယ်…” လောင်လင်းအာက ကျင်းဖေးအား ကြည့်ကာ ပြောသည်။

“အားလုံးထက် ပိုစွမ်းလို့ ငါက လေကြီးတာ ဘာဖြစ်လဲ… မင်းက လောင်လင်းအာမလား… မင်းက အိမ်ပြန်ပြီး ထပ်လေ့ကျင့်ဦး… ကြယ်မင်းကျောင်းက မင်းလို မိဘအလိုလိုက် ခံထားရတဲ့သူ တစ်ယောက်အတွက် မသင့်တော်ဘူး…” ကျင်းဖေးက အေးစက်စွာ ပြောသည်။ လောင်လင်းအာ၏ မျက်လုံးများက ဒေါသရောင် လက်သွားသည်။

“နင်…” လောင်လင်းအာက ကျင်းဖေးကို လက်ညှိုးထိုးသည်။ သို့သော် ကျင်းဖေးက ရုတ်တရက် လေထဲကို တက်ရောက်သွားကာ သူ၏ဓမ္မကို ဆင့်ခေါ်လိုက်၏။ ကောင်းကင်တွင် လင်းလက် တောက်ပသော နတ်ငှက်တစ်ကောင် ပေါ်လာသည်။ ရွှေရောင် အလင်းများ ဖြာလျက် ကျင်းဖေးကား သူကိုယ်တိုင်က နတ်ငှက်တစ်ကောင်အလား ထင်မှတ်ရ၏။

“ငါအချိန် မဖြုန်းတော့ဘူး… မင်းတို့က မတိုက်ခိုက်ချင်ဘူး ဆိုမှတော့ ငါက မင်းတို့ကို တစ်ယောက်ပြီး တစ်ယောက် အနိုင်ယူပေးမယ်…” ကျင်းဖေးက ထိုသို့ ပြောလိုက်သည်နှင့် မျက်လုံးကို စူးရှသွားစေသော အလင်းများ သူ့နောက်မှ ထွက်ပေါ်လာသည်။ များစွာသော ပုံရိပ်ယောင် နတ်ငှက်များက တိုက်ပွဲစင်မြင့်ပေါ်မှ လူများထံသို့ ပျံသန်းသွားသည်။ တခြား လူငယ်လေးများကလည်း သူတို့၏ သက်စောင့်ဝိညာဉ်နှင့် ဓမ္မတို့ကို ထုတ်ဖော် လိုက်ကြသည်။ သို့သော်လည်း ပုံရိပ်ယောင် နတ်ငှက်များအား သူတို့က ကာကွယ်ရန် ခက်ခဲလွန်းလှ၏။

ထိုစဉ်မှာပင် ကျင်းဖေးက မြန်ဆန်စွာဖြင့် သူ၏အတောင်ပံများကို ဖြန့်လျက် လူငယ် တစ်ယောက်ထံသို့ နတ်ငှက် တစ်ကောင်အလား ပြေးဝင်သွား၏။

ထိရိုက်သံ အနည်းငယ်နှင့်အတူ တစ်ဖက်လူငယ်က အဝေးကို လွင့်စဉ်သွားသည်။ တခြားသူနှင့် အဆင့်တူ လူငယ်များမှာလည်း သူ့အား ယှဉ်နိုင်ခြင်း မရှိဘဲ တစ်ယောက်ပြီး တစ်ယောက် လွင့်စဉ်သွားရ၏။ သူတို့အားလုံးက သူတို့ထက် ငယ်ရွယ်သော လူငယ်ပါရမီရှင်အား ကြည့်လိုက်ကြသည်။ ကျင်းဖေးနှင့် တစ်အုပ်စုတည်း ကျရောက်ခြင်းက သူတို့အတွက် အမှန်ပင် ကံဆိုးခြင်းပင်။

ကျင်းဖေးက လောင်လင်းအာကို ပြုံးလျက် ပြောသည်…“ညီမလောင်… တကယ်လို့ မင်းက ကိုယ့်ဘာသာ အရှုံးပေးလိုက်မယ် ဆိုရင်တော့ ကျုပ်က မင်းကို ဒဏ်ရာရအောင် မလုပ်တော့ပါဘူး…”

လောင်လင်းအာကား ဒေါသ ပေါက်ကွဲသွားသည်။ သူမ၏ကု့ချင်း ဝိညာဉ်ပေါ်လာကာ သူမက ကြိုးများကို ထိခတ်လိုက်၏။ သို့သော်လည်း သူမက စတင် တီးခတ်သည်နှင့် ကျင်းဖေးကလည်း လျှပ်စီး အလင်းတန်းအလား သူမထံသို့ ပြေးဝင်လာသည်။ သူ၏လက်တွင် ထက်ရှသော ဓားတစ်လက် ပေါ်လာကာ သူက ကု့ချင်းဝိညာဉ်ထံသို့ ခုတ်ချလိုက်သည်။

လောင်လင်းအာ၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားကာ သူမက ကု့ချင်းဝိညာဉ်အား ပြန်ရုပ်သိမ်း လိုက်သည်။ ထို့နောက် နဂါးဟိန်းသံနှင့်အတူ ရေခဲနဂါးဝိညာဉ်က သူမ၏နောက်တွင် ပေါ်လာသည်။

လောင်လင်းအာတွင် သက်စောင့် ဝိညာဉ်နှစ်ခု ရှိသည်။ ကျင်းဖန်၏ အမြန်နှုန်းကြောင့် သူမက ကု့ချင်းအား တီးခတ်ကာ နဂါးဖြင့် ဆက်သွယ်ရန် အချိန်မရှိပေ။

လောင်လင်းအာက လေထဲကို ခုန်တက်ကာ သူမ၏ လက်ကလေးကို မြှောက်လျက် တစ်ဖက်လူအား ရိုက်ချလိုက်သည်။ ကျင်းဖေး၏ လက်ဝါးကလည်း သူမ၏လက်ဝါးနှင့် ရင်ဆိုင်မိကာ နောက်ကို ဆုတ်သွားသည်။ သူ၏လက်ကလည်း ရေခဲမှုန်းများ တစ်မုဟုတ်ချင်း ရစ်ပတ်သွား၏။

လောင်လင်းအာက အရွယ်အစား သေးငယ်သေးသော်လည်း သူမ၏ အင်အားကတော့ အထင်သေး၍ မရပေ။

“ညီမလောင်… မင်းရဲ့ အင်အားက မသေးဘူးပဲ… ကျုပ်က တကယ် တိုက်တော့မယ်…” ကျင်းဖေးက ပြောသည်။ သူ၏ခန္ဓာကိုယ်က ရွှေရောင် အလင်းတန်းအဖြစ် ပြောင်းလဲသွားကာ လောင်လင်းအာကို လှည့်ပတ် ပျံသန်းသည်။ ထို့နောက် သူက ရုတ်တရက် တိုက်ခိုက်သည်။

သူတို့ နှစ်ယောက်က အဆက်မပြတ် ရင်ဆိုင် တိုက်ခိုက်ကြသည်။ သူတို့က အသက် ဆယ့်လေးနှစ် အရွယ်များ ဖြစ်ကြသော်လည်း သူတို့နှစ်ယောက်၏ တိုက်ခိုက်မှုများက ပြင်းထန်လွန်းလှသည်။ လူအများအပြားက ထိုတိုက်ပွဲကို အံ့အားသင့်စွာ ကြည့်ကြရ၏။ နောင်အနာဂတ်တွင် သူတို့နှစ်ယောက်ကား အရေးပါသော လူများ ဖြစ်လာကြမည်မှာ သေချာပေသည်။ သို့သော်လည်း သည်တိုက်ပွဲတွင် လောင်လင်းအာ ရှုံးနိမ့်မည့်ပုံ ပေါ်နေသည်။ နဂါးဆရာ၏ အားသာချက်က ကု့ချင်းနှင့်နဂါးတို့ကို ဆက်သွယ် ပေါင်းစပ်၍ တိုက်ခိုက်ခြင်း ဖြစ်သည်။

လောင်လင်းအာ အတွက် အခြေအနေ မကောင်းသည်ကို ရီဖူရှင်းကလည်း မြင်နေရသည်။ အမှန်ပင် အတန်ကြာလျှင် လောင်လင်းအာက ကျင်းဖေး၏ ရိုက်ချက် တစ်ချက် ထိကာ နောက်ကို လွင့်စဉ်သွားသည်။

“ညီမလောင်… ကျုပ်က အင်အား တစ်ဝက်ကိုပဲ သုံးရသေးတယ်… ဘာလို့ ညီမလောင်က ရှုံးသွားရတာလဲ…” ကျင်းဖေးက လေထဲတွင် ရပ်လျက် လောင်လင်းအာကို ကြည့်ကာ ပြောသည်။ လောင်လင်းအာက သူ့အား ဒေါသတကြီး ကြည့်သည်။

လူအများအပြားက လောင်လင်းအာကို တမင် စနောက်နေသော ကျင်းဖေးကို ကြည့်ကြသည်။ သို့သော်လည်း မိသားစု နှစ်ခုအကြား ပြိုင်ဆိုင်မှုအရ သူ၏အပြုအမူက ထူးဆန်းသည်တော့ မဟုတ်ပေ။

“မင်းတို့ ရပ်လိုက်ကြတော့… နှစ်ယောက်လုံးက ကောင်းကောင်း စွမ်းဆောင်နိုင်တယ်…” ကြယ်မင်းကျောင်းမှ အကြီးအကဲက ပြောသည်။

“အမှန်ပဲ သူတို့ နှစ်ယောက်လုံးက တော်ကြတယ်… ကျင်းဖေးက လူတိုင်းကို အလွယ်တကူ တိုက်ခိုက် အနိုင်ယူနိုင်တဲ့ အချိန်မှာ လောင်လင်းအာက သိပ်ပြီး ဆိုးဆိုးဝါးဝါး မစွမ်းဆောင်ခဲ့ပေမဲ့ သူမက သက်သေပြဖို့တော့ လိုသေးတယ်…” နောက်တစ်ယောက်က ပြောသည်။ ချက်ချင်းပင် လူအများက ထိုအကြီးအကဲအား ကြည့်လိုက်ကြသည်။

အမှန်တကယ်အားဖြင့် လောင်လင်းအာက ရှုံးနိမ့်ခဲ့သော်လည်း လေးလေးနက်နက် မတွေးကြပေ။ သူမ၏ အရည်အချင်းဖြင့် လောင်လင်းအာက ကြယ်မင်းကျောင်းကို သံသယရှိစရာ မလိုအောင် ဝင်ခွင့် ရနိုင်ပေသည်။ သို့သော်လည်း လက်ရှိတွင် တစ်စုံတစ်ယောက်က အကြောင်းပြချက် တချို့ဖြင့် သူမအား တိုက်ခိုက်နေသည်။

သူမက ကိုယ့်ကိုယ်ကိုယ် သက်သေ မပြခဲ့ဘူးလား…။ ထိုစကားကလည်း ကျိုးကြောင်း ဆီလျော်သည်။ ကျင်းဖေးက တခြားလူများကို အနိုင်ယူခဲ့သော အချိန်တွင် သူမက ရှုံးနိမ့်ခဲ့သည်။

“ခင်ဗျားက ဘာကို ဆိုလိုတာလဲ… သူမက အသက် ဆယ့်လေးနှစ်၊ ဓမ္မအဆင့်နဲ့ နဂါးဆရာ ဖြစ်တယ်… ဒါက ကြယ်မင်းကျောင်းကို ဝင်ဖို့ မလုံလောက်ဘူးလား…” နဂါးကလန်မှ တစ်ယောက်က ထိုအကြီးအကဲကို မေးခွန်းထုတ်သည်။

“သူမရဲ့ ပါရမီက တကယ်ပဲ ထူးခြား ကောင်းမွန်တယ်… ဒါပေမဲ့ လေ့ကျင့်မှု အားနည်းပုံရတယ်… တိုက်ပွဲမှာ သူမက ဘယ်သူ့ကိုမှ အနိုင်မယူနိုင်ခဲ့သလို အဆင့်တူ အတွင်းမှာလည်း ချက်ချင်း အနိုင်ယူခံရတယ်… ဒီလို အခြေအနေနဲ့ ကျုပ်တို့က မဆွေးနွေးသင့်ဘူးလား…” ထိုလူက ထပ်ပြောကာ သူမအား ကျောင်းဝင်ခွင့် ရမည့်အရေးကို တားမြစ်ပိတ်ပင်ရန် ကြိုးစားသည်။ သူ၏အပြုအမူက အဓိပ္ပာယ် ကင်းမဲ့သော်လည်း ကျင်းကလန်အနေဖြင့် နဂါးကလန် အရှက်ရမည့်ကိစ္စအား ဘယ်အရာမဆို လက်လွတ်ခံကြမည် မဟုတ်ပေ။

အဆုံးသတ်တွင် သူမအား မတားဆီးနိုင်သည့်တိုင် နဂါးကလန်အား အရှက်ခွဲရခြင်းက ကောင်းမွန်သော အရာပင်။

ထို့ကြောင့် ကြယ်မင်းကျောင်းတွင် ပထမဆုံးအကြိမ် လူတစ်ယောက်က ကြယ်မင်းကျောင်းသို့ ဝင်သင့် မဝင်သင့်ကို ငြင်းခုံခြင်း ဖြစ်လာသည်။ သိသာစွာပင် ထိုအရာက နဂါးကလန်နှင့် ကျင်းကလန် အကြားမှ ကစားပွဲတစ်ခု ဖြစ်ပေသည်။

ထိုမြင်ကွင်းကို ကြည့်ကာ လောင်လင်းအာ၏ အမူအရာက ပြောင်းလဲသွားသည်။ သည်ကဲ့သို့ ဖြစ်လာမည်ဟု သူမက မထင်ထားပေ။ သူမက ကြယ်မင်းကျောင်းကို နောက်ပိုင်း ဝင်ရောက်နိုင်သည့်တိုင် လက်ရှိ အခြေအနေက ကသိကအောက် ဆန်လှကာ သူမအတွက် အရှက်ရစရာ ဖြစ်နေသည်။ အများက သူမက ကြယ်မင်းကျောင်းကို ဝင်ခွင့်ရခြင်းမှာ သူမ၏ အရည်အချင်းကြောင့် မဟုတ်ဘဲ သူမ၏မိသားစု အရှိန်အဝါကြောင့်ဟု ပြောကြမည် ဖြစ်သည်။

“ကျွန်မ မဝင်တော့ဘူး…” လောင်လင်းအာက ပြောသည်။ သူမက လူအုပ်အား ကြည့်ကာ နောက်လှည့် ထွက်ခွာသွားသည်။ သူမက သည်ကဲ့သို့ အရှက်ရစရာ အခြေအနေမျိုး မကြုံဖူးပေ။

“ကြည့်လိုက်… သူမက တကယ်ပဲ အလိုလိုက် ခံထားရတာ…” တစ်စုံတစ်ယောက်က ပြောသည်။

“ကြည့်လိုက်… သူမကို တကယ်ပဲ ကျောင်းဝင်ခွင့် မပေးသင့်ဘူး… သူမက အခက်အခဲ နည်းနည်းကိုတောင် ရင်မဆိုင်နိုင်ဘူး…” နောက်တစ်ယောက်က ပြောသည်။ ပိုမိုသော လူများက သူမအား စတင်၍ မေးခွန်းထုတ်ရာ ပရိသတ်များက လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ သည်ကဲ့သို့ အခြေအနေ ဖြစ်လာမည်ဟု မည်သူမှ မထင်မှတ် ထားကြပေ။

ရီဖူရှင်းက မျက်မှောင်ကြုတ် လိုက်ကာ သူ၏မျက်နှာကလည်း နက်မှောင်သွားသည်။ လောင်လင်းအာက ကျင်းဖေးအား ရှုံးနိမ့်ခြင်းအတွက် သူက သိပ်ထူးဆန်းသည် မခံစားရပေ။ ကျင်းဖေးက မောက်မာသော်လည်း သူက အနိုင်ရခဲ့သည်။ သို့သော်လည်း သူက ကြယ်မင်းကျောင်း၏ သဘောထားကို လွန်စွာ သဘောမကျ ဖြစ်ရသည်။ အကြီးအကဲများက မိန်းကလေးငယ် တစ်ယောက်အား နိုင်စားနေကြသည်။

ကလန်နှစ်ခုက ကတောက်ကဆ ဖြစ်နေသော်လည်း ကျင်းကလန်က သူတို့၏ဒေါသကို ကလေးတစ်ယောက် အပေါ် ပုံချစရာမလိုပေ။ ထို့အပြင် ကြယ်မင်းကျောင်းကလည်း ဘာမှ မပြောပေ။

လောင်လင်းအာက စင်မြင့်ပေါ်မှ ဆင်းလာကာ ရီဖူရှင်းအား ကြည့်သည်။ သူမ၏မျက်လုံးများက နီရဲနေကာ လွန်စွာ ဝမ်းနည်းနေဟန် ရ၏။ သူမက ရီဖူရှင်းအား သူမ၏ စွမ်းဆောင်ရည်ကို ပြသရန် ဖိတ်ခေါ်ခဲ့သော်လည်း စင်ပေါ်တွင် သူမက အရှက်ရစရာကိစ္စများ ကြုံခဲ့ရသည်။

“အစ်ကိုဖူရှင်း…” လောင်လင်းအာက ခေါင်းငုံ့ကာ ရီဖူရှင်းအား ခေါ်သည်။

“အရူးမလေး… ဒါက သိပ်အရေးမကြီးဘူး… မေ့လိုက်တော့…” ရီဖူရှင်း တိုးတိုးလေး ပြောသည်။

“အင်း… သွားစို့…” လောင်လင်းအာက သည်နေရာမှ အမြန်ဆုံး ထွက်သွားချင် နေသည်။ သူမ၏ မိဘများက သူမအား ကြယ်မင်းကျောင်းကို ဝင်ရောက် စေလိုကြသည်။ သူမက ကျောင်းကို မဝင်ရောက် လိုသော်လည်း သူမက အတတ်နိုင်ဆုံးတော့ ကြိုးစားခဲ့သည်။ သို့သော်လည်း ဤသို့သော အခြေအနေ ကြုံလာရမည်ဟု သူမက မထင်မှတ်ထားခဲ့ပေ။ သူမ၏မိဘများက သူမကို မည်သို့ ထင်ကြမည်နည်း။

သူမ၏ မျက်လုံးများက မျက်ရည်စများ ထွက်လာနေပြီ ဖြစ်ကာ အမှန်ပင် သူမက အော်ဟစ်ငိုယို ပစ်ချင်သည်။ သို့သော် သူမက အားတင်းထားရန် လိုပေသည်။

“လင်းအာ.. ငါတို့ မသွားခင် ကိစ္စတချို့ကို ဖြေရှင်းဖို့ လိုသေးတယ်…” ရီဖူရှင်းက ညင်သာစွာ ပြောသည်။ ထို့နောက် သူက ရှေ့ကို တက်သွားကာ ပြောလိုက်သည်…”ခင်ဗျားတို့ အားလုံးက လူကြီးတွေပဲ… မိန်းကလေး တစ်ယောက်ကို အနိုင်ကျင့်ရတာ မရှက်ကြဘူးလား…”

***

Comment

Leave a Reply

Options

not work with dark mode
Reset