Switch Mode

အပိုင်း (၄၄၈)

တိုက်ခိုက်ခြင်းစွမ်းရည်ကို အကဲဖြတ်ခြင်း

ကြယ်မင်းကျောင်းရှေ့မှ မြေကွက်လပ်ကား လူတစ်သောင်းခန့်ကို အလွယ်တကူ ဆံ့လောက်ပေမည်။ စင်မြင့်ပေါ်မှ ကြည့်လျှင် သူတို့က ကွင်းပြင် တစ်ခုလုံးအား ရှင်းလင်းစွာ မြင်နိုင်၏။

လောင်လင်းအာ ပေါ်လာသောအခါ လူအများက သူမအား စတင်၍ သတိထားမိ လာကြသည်။ မိုးမြေကောင်းကင်မြို့မှ ထိပ်သီး ကလန်များကား မူလ ကတည်းက နာမည် ကျော်ကြားကြသည်။ ထို့အတူ ထိပ်သီးကျောင်း သုံးကျောင်းမှ တပည့်အများစုက အမှန်တကယ်အားဖြင့် မိုးမြေကောင်းကင်မြို့မှ ထိပ်သီးကလန်များမှ ဖြစ်ကြပေသည်။

မည်သို့ဆိုစေ များစွာသော ကလန်များက မိုးမြေ ကောင်းကင်မြို့တွင် နှစ်ပေါင်းထောင်ချီ၍ ရှည်ကြာသော အုတ်မြစ်များ ရှိကာ လွန်စွာ အခြေခိုင်ကြပေသည်။ ထို့ကြောင့် ထိပ်သီးကျောင်း သုံးကျောင်းမှ တပည့်များစွာက ထိပ်သီးကလန်များမှ အကြီးအကဲများ ခေါင်းဆောင်များ ဖြစ်ကြသလို ကလန်များစွာ၏ လူငယ် မျိုးဆက်များကလည်း ထိပ်သီးကျောင်း သုံးကျောင်းတွက် တက်ရောက် ကြပေသည်။

လောင်မူက လောင်လင်းအာကို ကြည့်နေသော အချိန်တွင် ကုယွန်ချီက ရီဖူရှင်းကို ကြည့်နေ၏။ ရက်အနည်းငယ်က ရီဖူရှင်းက ကြယ်မင်းကျောင်းကို မဝင်ရောက်ဟု ပြောခဲ့သည်။ ထို့ကြောင့် သူက ယနေ့တွင် လင်းအာကို အဖော်ပြုရန် ရောက်ရှိလာသည် ဖြစ်ရမည်။

ကျင့်နန်နှင့် ဝမ်ယွီချန်းတို့က အတူတူ ရပ်နေကြသည်။ ရီဖူရှင်းတို့ အုပ်စုက လောင်လင်းအာ၏ နောက်တွင် ရပ်နေသည်ကို မြင်လျှင် သူတို့က လှောင်ပြုံး ပြုံးလိုက်ကြသည်။ ကျင့်နန်က ပြောသည်…“သူက အကဲဖြတ် စစ်ဆေးမှုကို စာရင်းမပေးခဲ့တာ မထူးဆန်းတော့ဘူး… သူ့သခင်မက အကဲဖြတ် စစ်ဆေးမှုကို ဝင်ရောက် အစစ်ဆေးခံတယ် ဆိုမှတော့ အစေခံကလည်း ဝင်ရောက်ဖို့ မသင့်တော်ဘူးမလား…”

ဝမ်ယွီချန်းကလည်း သူ့အား စက်ဆုပ်စွာ ကြည့်သည်။ ထိုနေ့က ရီဖူရှင်း ပြောခဲ့သော စကားကြောင့်ပင် သူမက သူ့အား ပိုမို၍ စက်ဆုပ်ရွံရှာ သွားခဲ့ရသည်။ သူကား အကျင့်စရိုက် ဆိုးဝါးကာ အားနည်းသော နောက်ခံရှိသော်လည်း အထက်စီးဆန်သော အမူအရာကို ပြသခဲ့၏။

ဝမ်ယွီချန်းက လူအုပ်ထဲမှ သူမ၏ညီမ ဝမ်ယွီရိုကိုလည်း မြင်သည်။

ဝမ်ယွီရိုက ပထမအဆင့်ကို ဖြတ်ကျော် နိုင်ခဲ့သည်။ သို့သော်လည်း တကယ့် စမ်းသပ်မှုက ယခုမှ စတင်တော့မည် ဖြစ်သည်။

ယနေ့ အများစုကို ဖယ်ထုတ်ကာ လူအနည်းငယ်မျှကိုသာ ကျောင်းသားသစ်များ အဖြစ် ရွေးချယ်မည် ဖြစ်သည်။

ရီဖူရှင်းနှင့် လောင်လင်းအာတို့က လူအုပ်ထဲတွင် ရပ်နေကြသည်။ ကျောင်းဝင်းထဲမှ လူအရေအတွက်က အပြင်ဘက်မှ လူအရေအတွက်ထက် နည်းသော်လည်း ကွင်းပြင်ကြီးကိုမူကား ပြည့်နှက်စေသည်သာ…။ သူတို့၏ရှေ့တွင် အလယ်၌ ပြိုင်ပွဲစင်မြင့် တစ်ခုရှိပြီး တခြား တစ်ဖက်တွင် ကျောင်းမှ အကြီးအကဲများက စင်မြင့်ပေါ်တွင် ထိုင်နေကြသည်။ ထိုစင်မြင့်၏ ရှေ့ဆုံးတန်းမှ အကြီးအကဲများက အကဲဖြတ် စစ်ဆေးမှုကို ပြုလုပ်ကြမည် ဖြစ်ကာ အကယ်၍ သူတို့က ဆုံးဖြတ်ရန် အခက်အခဲ ရှိပါက သူတို့၏ နောက်တန်းမှ အကြီးအကဲများက ဆုံးဖြတ်ပေးမည် ဖြစ်သည်။

နှစ်စဉ် နှစ်တိုင်းအားဖြင့် ကျောင်းမှ အရေးကြီး ပုဂ္ဂိုလ်များက အကဲဖြတ်ပွဲကို တက်ရောက်ကြသည်။ မည်သို့ဆိုစေ ကျောင်းသားသစ်များက အနာဂတ်တွင် ကျောင်း၏ အင်အားကို အဆုံးအဖြတ် ပေးမည် မဟုတ်ပါလား။ ထို့အတူ ထိပ်သီးကျောင်း သုံးကျောင်းက အချင်းချင်း ပြိုင်ဆိုင်နေကြရာ သူတို့က ကျောင်းသားသစ်များ၏ အခြေအနေကို စောင့်ကြည့်ရန် လိုအပ်ပေသည်။

လောင်လင်းအာ၏ နောက်တွင် ရပ်နေရင်းက ရီဖူရှင်းက တီးတိုးမေးသည်…“ဒီတစ်ကျော့မှာ ကျောင်းက ဘယ်နှယောက် ရွေးမှာလဲ…”

“ဒီနေ့ ပထမအကျော့ အကဲဖြတ်တာမှာ လူတစ်ထောင်လောက် ကျန်လိမ့်မယ်… ပထမအကျော့ အကဲဖြတ်တာ ပြီးရင် နောက်တစ်ကျော့က တိုက်ခိုက်ရေး စွမ်းရည်ကို အကဲဖြတ်တာပဲ… နှစ်တိုင်း ကြယ်မင်းကျောင်းက လူတစ်ထောင်လောက် လက်ခံတယ်… ဒါပေမဲ့ ဒါက အတိအကျတော့လည်း မဟုတ်ဘူး…” လောင်လင်းအာက ပြောသည်။

“ဒါက ဆယ်ပုံတစ်ပုံလောက် ရှိမယ်…” ရီဖူရှင်းက ရေရွတ်သည်။ ထို့အပြင် ယမန်နေ့များက ထုတ်ပယ်ခံရသူများလည်း ရှိပေသေးသည်။

ယမန်နေ့များက ကနဦး အကဲဖြတ်မှုတွင် ကျောင်းသားသစ်များကို သူတို့၏ အသက်အရွယ်၊ တန်ခိုးအဆင့်နှင့် သီးသန့် ပါရမီများကို ကြည့်ပြီး ရွေးချယ်ခဲ့ကြသည်။ သုံးရက်ခန့် စိစစ်ရွေးချယ်ပြီးနောက် ကျန်သော လူများအား တိုက်ခိုက်ရေး စွမ်းရည်များကို အကဲဖြတ်သည်။ ရွေးချယ်ခံရသူများက အချင်းချင်း တိုက်ခိုက်ရမည် မဟုတ်ဘဲ ထိုအစား သူတို့က ကြယ်မင်းကျောင်းမှ​ တပည့်များနှင့် အဆင့်အတူအတွင်း ယှဉ်ပြိုင် တိုက်ခိုက်ရမည် ဖြစ်သည်။ ထိုနည်းက သူတို့အကြား ကွာဟချက်များကို သိနိုင်သော အရှင်းလင်းဆုံး နည်းလည်း ဖြစ်သည်။

အကယ်၍ ပါဝင်ယှဉ်ပြိုင်သူက ကြယ်မင်းကျောင်းမှ​ တပည့်အား အနိုင်ရပါက သူက ကျောင်းကို တိုက်ရိုက် ဝင်ခွင့်ရမည် ဖြစ်ကာ ရှုံးနိမ့်ခဲ့ပါက ငြင်းပယ်ခံရမည် ဖြစ်သည်။

အကယ်၍ စွမ်းဆောင်ရည် ကောင်းမွန်ပြီးမှ ရှုံးနိမ့်ခဲ့ပါက နောက်ထပ် အကဲဖြတ်မှုများ အတွက် စောင့်ဆိုင်းခြင်း စာရင်းထဲကို ရောက်ရှိ သွားမည်ဖြစ်သည်။

ဒီနည်းဖြင့် ကြယ်မင်းကျောင်းက နှစ်စဉ်နှစ်တိုင်း ကျောင်းသားသစ်များကို ရွေးချယ်သည်။ ဒီနည်းဖြင့် ပိုမိုထူးချွန်သော တပည့်များက နှစ်တိုင်း ကျောင်းကို ဝင်ရောက် လာစေသည်။

အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားကာ ပွဲကြည့်စင်မြင့်ပေါ်မှ အကြီးအကဲ တစ်ယောက်က နေမင်း၏ တည်နေရာကို ကြည့်ပြီး လက်မြှောက်လိုက်သည်… “အချိန်ပြည့်ပြီ… ဂိတ်တံခါးကို ပိတ်ပြီး​ နောက်ကျရောက်လာတဲ့ လူတွေကို ငြင်းလိုက်တော့…”

“ဟုတ်ကဲ့…” ဂိတ်စောင့်က တံခါးအား ပိတ်လိုက်သည်။ သည်ကဲ့သို့ အရေးကြီးသော အချိန်အခါအား နောက်ကျသော သူက လွန်စွာ စည်းကမ်းမရှိရာ ကျောင်းသို့ ဝင်ရောက်ရန် မေ့ပျောက် ထားသင့်သည်။

မင်းတို့ ရောက်လာပြီ ဆိုတော့ စကြရအောင်… မင်းတို့အားလုံးက စည်းမျဉ်းတွေကို သိပြီးဖြစ်မယ်လို့ ငါထင်တယ်… အရင်နှစ်ကလိုပဲ ငါတို့က အကာနာ အဆင့်ကိုးက စကြမယ်…” အကြီးအကဲက ပြောသည်…“ကြယ်မင်းကျောင်းက တပည့်တွေ ကွင်းထဲကို ဝင်နိုင်ပြီ…” သူက ထိုသို့ ပြောလိုက်သည်နှင့် လူတစ်စုက စင်မြင့်ထက်ကို တက်လာသည်။ သူတို့အား အရေအတွက်အားဖြင့် ကိုးယောက် ဖြစ်၏။

“ကျောင်းဝင်ခွင့် လျှောက်ထားသူများ… မင်းတို့ထဲက ကိုးယောက် စင်ပေါ်တက်လို့ရပြီ…” အကြီးအကဲက ပြောသည်။ သည်အကဲဖြတ်မှုက နိုဘယ်အဆင့် အောက်မှ လူများအတွက်သာ ဖြစ်သည်။ နိုဘယ်များက ကြယ်မင်းကျောင်းကို ဝင်ရောက်လိုပါက သူတို့က ကွဲပြားခြားနားသော အကဲဖြတ်မှုများကို ပြုလုပ် ပေးရပေသည်။

သည်တစ်ကြိမ် လျှောက်ထားသူများကား အများစုမှာ အကာနာအဆင့်များ ဖြစ်ကြပေသည်။ လူကိုးယောက်က စင်မြင့်ထက်ကို ရောက်သွားလျှင် ကျန်လူများက နောက်ဆုတ် ပေးကြသည်။

လူဆယ့်ရှစ်ယောက်က စင်မြင့်ပေါ်တွင် မျက်နှာချင်းဆိုင်၍ ရပ်နေကြသည်။ ကျောင်းဝင်ခွင့် လျှောက်ထားသူများက စိုးရိမ်ပူပန်နေသော အချိန်တွင် ကြယ်မင်း ကျောင်းသားများ၏မျက်နှာပေါ်တွင် အပြုံးရိပ်များ သန်းနေကြသည်။ သူတို့ထဲမှ တစ်ယောက်က ပြောသည်…“သတိထား… ငါတို့က ညှာတာမှာ မဟုတ်ဘူး…”

“စတော့…” အကြီးအကဲက ကြေညာလိုက်သည်။ ချက်ချင်းပင် တိုက်ပွဲစင်မြင့်ပေါ်တွင် ရောင်ခြည် ရောင်ဝါများ ထွက်ပေါ်လာကာ လေထုပေါက်ကွဲသံများ တဝုန်းဝုန်း မြည်ဟည်းကြသည်။ တိုက်ပွဲမစင်ခင် ကတည်းကပင် ဘယ်သူကမှ တစ်ဖက်လူက မှော်ဆရာလား၊ သိုင်းပညာရှင်လား မသိကြဘဲ ကြုံရာကျပန်း တိုက်ခိုက်ကြရသည်။

ချက်ချင်းပင် များစွာသော သက်စောင့် ဝိညာဉ်များနှင့် ဓမ္မများ ပေါ်ထွက်လာသည်။ သဘာဝ စွမ်းအင်များက လေထုထဲတွင် ကြမ်းတမ်းစွာ စီးဆင်းကြပြီး မှော်စွမ်းအင်များက လေဟာနယ်ကို ဖြိုခွင်းကြ၏။ သို့သော်လည်း ကျောင်းဝင်ခွင့် လျှောက်ထားသူ တစ်ယောက်က သူ၏နေရာတွင်ပင် တည်ငြိမ်စွာ ရပ်ကာ လှုပ်ရှားခြင်း မရှိပေ။

ထိုမြင်ကွင်းအား ကြည့်ကာ ခုနက စကားပြောခဲ့သော ကြယ်မင်း ကျောင်းသားက ရုတ်တရက် ထိုလှုပ်ရှားမှု ကင်းမဲ့သော လူထံသို့ လျှပ်စီးအလား တိုးဝင်သွားသည်။ သူကား မြန်ဆန်လွန်းရကား သူ့နောက်တွင် ပုံရိပ်ယောင်များပင် ကျန်နေရစ်သည်။

ကြယ်မင်းကျောင်းမှ တပည့်က သူ၏လက်ကို ဝှေ့ယမ်းသည်။ ချက်ချင်းပင် လေဓာတ် စွမ်းအင်များက ကွင်းဆက်များ အသွင်ဖြင့် လေပွေမုန်တိုင်း အလား ထိုလူငယ်ထံသို့ သွားရောက် ရစ်ပတ်သည်။

“ဒီလို လေဓာတ်စွမ်းအင်နဲ့ သစ်သားဓာတ် စွမ်းအင်ကို ပြီးပြည့်စုံအောင် ပေါင်းစပ်နိုင်တယ် ဆိုတော့ သူက တော်တော် အရည်အချင်း ရှိတယ်…” လူအများအပြားက ချီးကျူးကြသည်။

ရီဖူရှင်းကလည်း စွမ်းအင်နှစ်မျိုးအား ဆက်တိုက် စေလွှတ်ကာ ထိုသို့ ထူးခြားသော တိုက်ကွက် ဖြစ်လာစေသော ကြယ်မင်း ကျောင်းသားကို ကြည့်သည်။ အမှန်ပင် ကြယ်မင်း ကျောင်းသားများကား ပါရမီမြင့်ကြကာ ကိုယ်ပိုင် စွမ်းရည်များ ရှိကြသည်။

ထိုလူငယ်က လှုပ်ရှားခြင်း မရှိသေးသည်ကို သတိထားမိလျှင် ကြယ်မင်းကျောင်း တပည့်က အေးစက်စွာ ပြောသည်…“မင်းက ဘာလို့ မခုခံတာလဲ… သေသွားချင်လို့လား…” ထက်ရှသော မုန်တိုင်း စက်ဝန်းက ထိုလူငယ်အား ရစ်ပတ်သွားကာ နားကွဲမတတ် စူးရှသော အသံများ ဖြစ်ပေါ်လာသည်။ သူက ထိုသို့ ပြောပြီးသည်နှင့် လက်ဖျောက် တီးလိုက်လျှင် မုန်တိုင်းစက်ဝန်းက လူငယ်အား ရစ်ပတ် လွှမ်းခြုံလာသည်။

လူအများအပြားက မျက်မှောင်ကြုတ် လိုက်ကြသည်။ အဆင့်မြင့် အကာနာ တန်ခိုးရှင်များ၏ တိုက်ခိုက်မှုများက လွန်စွာ အားကောင်းပေသည်။ လေဟာနယ်က အရာအားလုံးကို ဖျက်ဆီးနိုင်သော လေပွေမုန်တိုင်းများဖြင့် ပြည့်နှက်နေပုံ ရသည်။ သို့သော်လည်း ထိုလူငယ်ကား ဘာမှ မလုပ်သေးပေ။

ရုတ်တရက် ထိုလူငယ်က လှုပ်ရှားလိုက်သည်ကို မြင်ကြရသည်။ လွန်စွာ လင်းလက်သော ရွှေရောင်များ သူ့ထံမှ ပေါက်ကွဲ ထွက်လာကာ သူ့ခန္ဓာကိုယ်အား ရွှေကိုယ်ကျပ်အင်္ကျီက ဖုံးအုပ်သွား၏။ သူက မုန်တိုင်းအား လျစ်လျူရှုကာ ရှေ့ကို တက်လာသည်။ လေပွေမုန်တိုင်းများက သူ့ကို အဆက်မပြတ် ရိုက်ခတ် သွားသော်လည်း မည်သည့်အသံမှ ထွက်မလာပေ။ ထိုအစား လေဓာတ် စွမ်းအင်များက သူ၏ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားကာ ပျက်စီး ပျောက်ကွယ် သွားသည်။ သစ်သားဓာတ်များ ကလည်း အလားတူ ပျောက်ကွယ် သွား၏။

ထိုလူငယ်က မုန်တိုင်းထဲမှ ထွက်လာလျှင် သူ၏ရွှေရောင် ချပ်ဝတ်ပေါ်တွင် ငွေရောင်အလင်း ရေးရေးအား မြင်ကြရသည်။

သူက လက်ဝါးကို ရှေ့ကို ထုတ်လိုက်လျှင် သူ၏လက်က အမှန်ပင် ရှေ့ကို ဆန့်တန်း သွားသည်။ ရွှေရောင်နှင့် ငွေရောင်များ လင်းလက်နေသော သူ၏လက်က တစ်ဖက်လူအား ဖမ်းဆုပ်လိုက်သည်။

“သတ္တုနဲ့ ရေဓာတ် ပေါင်းစပ်ထားတဲ့ မှော်စွမ်းအင်…” ကြယ်မင်းကျောင်းမှ တပည့်များ၏ အမူအရာများ ပြောင်းလဲ သွားကြသည်။ ဆန့်ကျင်ဘက် ဓာတ်များက အမှန်ပင် ပေါင်းစပ်၍ ရသည်။

သူက လေနှင့်အတူ နောက်ကို ဆုတ်လိုက်ကာ သူ၏ခန္ဓာကိုယ်က လေထဲကို တက်ရောက် သွားသည်။ သို့သော်လည်း အေးခဲသော အငွေ့အသက်များက လေဟာနယ်ထဲ ပျံ့နှံ့လာသည်။ မကြာမီ သူ၏ခန္ဓာကိုယ်က လေထဲတွင်ပင် ရုပ်တုအလား အေးခဲလာနေသည်။

ထို့အပြင် သူ့ထံသို့ မတူညီသော ရောင်စဉ်တန်း နှစ်ခုက ရေစီးကြောင်းအလား စီးဆင်း လာနေသည်။ ကြယ်မင်းကျောင်းမှ တပည့်က ခုခံသော်လည်း ထိုစွမ်းအင်ကြောင့် ချက်ချင်း ဒဏ်ရာ ရရှိသွားသည်။ သူက တကယ့်ရုပ်တုအဖြစ် ပြောင်းလဲသွားကာ လှုပ်ရှားမရတော့…။

ထိုမြင်ကွင်းကို ကြည့်ကာ လူတိုင်း၏ အမူအရာများ ပြောင်းလဲ သွားကြသည်။ ပထမ တိုက်ပွဲတွင်ပင် သည်မျှ ထူးချွန်သော လူတစ်ယောက် ပေါ်လာကာ ကြယ်မင်းကျောင်းမှ တပည့်တစ်ယောက်ကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့သည်။ တိုက်ပွဲကား ကြည့်ကောင်းလွန်း လှသဖြင့် လူအများက တခြား ယှဉ်ပြိုင်နေသူများကိုပင် သိပ်ဂရုမမူမိ ကြတော့ပေ။

နှစ်စဉ်နှစ်တိုင်း ထိပ်သီးကျောင်း သုံးကျောင်း၏ အကဲဖြတ် စစ်ဆေးမှုတွင် ထူးချွန် ပြောင်မြောက်သူများ ထွက်ပေါ်လာလေ့ ရှိကြသည်။ ကြည့်ရသည်မှာ ထိုအချက်က အမှန်ပင်…။

ပထမအကျော့တွင် ထိုလူငယ်ကသာ သူ၏ပြိုင်ဘက်ကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့၏။ သူကား အလွန် ဝေးကွာသော ရှေးဟောင်းကလန် တစ်ခုမှ ဖြစ်ပြီး ထူးခြား ဆန်းကြယ်သော ပါရမီကို ပိုင်ဆိုင်သည်။ သူက မိုးမြေကောင်းကင်မြို့ကို လာရောက်၍ လေ့ကျင့်ခြင်း ဖြစ်သည်။

ပထမ အကျော့တွင်ပင် သူကား ကျောင်းတော်၏ တရားဝင် တပည့်အဖြစ် တိုက်ရိုက် ဝင်ခွင့်ရခဲ့သည်။ ကျန်လူများကိုမူကား နှစ်ယောက်က စောင့်ဆိုင်းရမည့် စာရင်းထဲ ပါသွားပြီး ကျန်လူများ အားလုံးက ထုတ်ပယ်ခံရ၏။ ထိုအခြင်းအရာက အမှန်ပင် ရက်စက်လွန်းလှသည်။

ဒုတိယ အကျော့တွင်လည်း ကြယ်မင်းကျောင်းမှ​ ကိုးယောက် ကျောင်းလျှောက်ထား သူများက ကိုးယောက် ယှဉ်ပြိုင်ကြရသည်။ ယခင် အကျော့မှ​ ရှုံးနိမ့်ခဲ့သော လူက အလွန် ဒေါသထွက်နေဟန် ရကာ သူ၏ပြိုင်ဘက်အား လွန်စွာ အားကောင်းသော တိုက်ကွက်ဖြင့် အနိုင်ယူခဲ့သည်။

ဒုတိယ အကျော့တွင်မူကား တစ်ယောက်ကသာ စောင့်ဆိုင်းစာရင်းထဲကို ပါသွားပြီး ကျန်လူများအားလုံး ထုတ်ပယ်ခံရသည်။ သူတို့အားလုံးက ကြယ်မင်းကျောင်းမှ​ တပည့်များ၏ အနိုင်ယူခြင်းကို ခံရသည်။

သည်အခြေအနေတွင် ကြယ်မင်းကျောင်းမှ​ လူများ၏ အနိုင်ယူခြင်းကို ခံရပါက ချက်ချင်း ထုတ်ပယ် ခံရသည်ကို လူတိုင်းက သိလိုက်ကြသည်။ ကြယ်မင်းကျောင်းမှ တပည့်များကို အနိုင်ယူနိုင်ပါက ကျောင်းဝင်ခွင့်ရကာ သူတင်ကိုယ်တင် ယှဉ်နိုင်ခဲ့သော လူများက စောင့်ဆိုင်း စာရင်းထဲ ပါဝင်သည်။

တိုက်ခိုက်ခြင်း စွမ်းရည် အကဲဖြတ်ပွဲတွင် ကျင့်နန်ကလည်း ဝင်ရောက် တိုက်ခိုက်သည်ကို ရီဖူရှင်း မြင်သည်။ ကြယ်မင်းကျောင်းမှ တပည့်တစ်ယောက် အနေဖြင့် သူကလည်း အလွန် အားကောင်းပေသည်။ တိုက်ပွဲအတွင်းတွင် သူက ရီဖူရှင်းကို လှောင်ပြုံးပင် ပြုံးလိုက်သေးသည်။

အချိန်များ တဖြည်းဖြည်းဖြင့် ကုန်ဆုံးသွားသည်။ အဆင့်မြင့် အကာနာများ ပြီးဆုံးသွားလျှင် နောက်ထပ် အလယ်အလတ် အကာနာများ အလှည့်ကို ရောက်လာသည်။ ဝမ်ယွီရို၏အလှည့်ကို ရောက်သောအခါ ကံမကောင်းစွာဖြင့် သူမက ကြယ်မင်းကျောင်းမှ တပည့်ထံတွင် ဆိုးဝါးစွာ ရှုံးနိမ့်ခဲ့သည်။ သူမ၏ တိုက်ခိုက်ရေး စွမ်းရည်က ကြယ်မင်းကျောင်းမှ တပည့်နှင့် ယှဉ်လျှင် သိသိသာသာ အားနည်းပေသည်။ ထို့ကြောင့် သူမကလည်း ထုတ်ပယ်ခံရ၏။

ဝမ်ယွီချန်းက တစ်နည်းအားဖြင့် စိတ်ပျက်သွားဟန် ရသည်။ သို့သော်လည်း သူမက သိပ်အများကြီးလည်း မမျှော်လင့်ထားခဲ့ပေ။ သူမက သူမ၏ညီမအား ကြိုးစား ကြည့်စေခြင်းသာ ဖြစ်သည်။

နောင်တွင် ဝမ်ယွီရိုက မိုးမြေကောင်းကင် မြို့တွင်သာ ဆက်နေစေခြင်းဖြင့် သူမ၏ အတွေ့အကြုံများကို ပိုမိုရင့်ကျက်စေမည်။ သူမက သည်နေရာတွင် ဆက်လက် နေထိုင်ခြင်းက ရီဖူရှင်းကဲ့သို့ မိမိထက် နိမ့်ကျသော လမ်းကို ရောက်ရှိစေမည် မဟုတ်ပေ။

***


Comment

Leave a Reply

Options

not work with dark mode
Reset