Switch Mode

အပိုင်း (၄၄၇)

ကျောင်းဝင်ခွင့်စစ်ဆေးပွဲ

ရီဖူရှင်းက ထိုသို့ ပြောပြီးသည်နှင့် အမှန်တကယ်ပင် ထွက်သွားသည်။ ရီဖူရှင်းနှင့် သူမအစ်မတို့၏ ဆက်ဆံရေးက သည်မျှ ဆိုးဝါးနေမည်ဟု ဝမ်ယွီရို မထင်ထားပေ။

ဝမ်လင်းဖန်က ရီဖူရှင်းအား သူမနှင့် မိတ်ဆက် ကတည်းက ရီဖူရှင်းက လွန်စွာ မာနကြီးသောလူ ဖြစ်သည်ကို သိခဲ့ရ၏။ ယခု သူမအစ်မ၏ သဘောထားကို မြင်ခဲ့ရသည်။ သူမက ရီဖူရှင်းအား အထင်သေးစွာ ဆက်ဆံခဲ့မည်မှာ သေချာ၏။ သူမ၏အဘိုးက ဝမ်ယွီချန်းအား ရီဖူရှင်းကို ခေါ်သွားခိုင်းခြင်းမှာ မှားယွင်းသော ဆုံးဖြတ်ချက် ဖြစ်ဟန်ရသည်။ သူမတို့၏အဘိုးက သူတို့အား မိတ်ဆွေ ဖြစ်စေလိုသော ဆန္ဒဖြင့် စီစဉ်ခဲ့သော်လည်း ဖြစ်လာသော အခြေအနေက ဆန့်ကျင်ဘက်ပင်…။

“ဒါက ရယ်စရာပဲ…” ရီဖူရှင်း၏စကားကို ကြားသော ဝမ်ယွီချန်း၏ မျက်နှာက ရုတ်ခြည်း နက်မှောင်သွားသည်။

“ငါတို့က တကယ်ပဲ ရင်းနှီးတာမှ မဟုတ်တာ… ယွီချန်း … ဒီလိုလူကို စိတ်ဆိုးနေစရာ အကြောင်း မရှိဘူး…” ကျင့်နန်က ပြုံးလျက်ပြောသည်။

“တကယ်လို့ မနက်ဖြန် စာရင်း ပေးသွင်းတာကို လွဲသွားခဲ့ရင် သူက ကြယ်မင်းကျောင်းကို ဝင်ခွင့်မရတော့ဘူးလို့ ဆိုလိုတာပေါ့…” ဝမ်ယွီရိုက မေးသည်။

“မှန်တာပေါ့… မနက်ဖြန်က အကဲဖြတ်တဲ့နေ့ပဲ… ကျောင်းက အရင်ဆုံး လျှောက်ထားသူတွေရဲ့ ပါရမီတွေက သတ်မှတ်ချက်နဲ့ ကိုက်ညီလား အရင်အကဲဖြတ်ပြီး ပထမအဆင့် စိစစ်တာကို လုပ်မှာ… အဲဒီအဆင့်မှာ လူတွေ အများကြီးပဲ ပြုတ်ကျန်ခဲ့ဦးမှာ… သူက စာရင်းမပေးရင် ထိပ်သီးကျောင်း သုံးကျောင်းကို ဘယ်လိုမှ ဝင်ခွင့်မရနိုင်ဘူး… မဟုတ်ရင် သူက ကျောင်းသုံးကျောင်းက ခြွင်းချက် သဘောနဲ့ ဝင်ခွင့်ပေးနိုင် လောက်အောင် ပါရမီမြင့်ဖို့ လိုတယ်…” ဝမ်ယွီချန်းက ပြောသည်။

မနက်ဖြန်ကား မိုးမြေကောင်းကင်မြို့၏ နှစ်သစ်တွင် အရေးပါသော နေ့တစ်နေ့လည်း ဖြစ်ပေသည်။ တစ်မြို့လုံးက အာရုံစိုက်မည် ဖြစ်သလို မရေမတွက်နိုင်သော လူများကလည်း ထိပ်သီးကျောင်း သုံးကျောင်း၏ အကဲဖြတ် စစ်ဆေးမှုအတွက် စာရင်း ပေးသွင်းကြမည် ဖြစ်သည်။

ဝမ်ယွီရိုက သက်ပြင်းချသည်။ ရီဖူရှင်းက တကယ်ပဲ စာရင်း မပေးတော့ဘူးလား…။ ရီဖူရှင်းက မြေရိုင်းဒေသ မြေပုံကို ရယူကာ မိုးမြေ ကောင်းကင်မြို့သို့ လာခြင်းမှာ ပိုမို ကောင်းမွန်သော နေရာသို့ ဝင်ရောက်လျက် တန်ခိုးကျင့်လို၍ဟု သူမက ထင်မှတ်ခဲ့သည်။ သို့သော်လည်း ကြည့်ရသည်မှာ သူက တစ်နေရာတည်းတွင် တစ်သမတ်တည်း နေမည့်အစား လွတ်လပ်မှုကို ပိုလိုလားပုံရ၏။

မနက်ဖြန် စစ်ဆေး အကဲဖြတ်မှုကို ဖြတ်ကျော်နိုင်မလား ဝမ်ယွီရိုက တွေးတော နေမိသည်။ မြေရိုင်းဒေသ၏ အရှေ့ဘက်နယ် တစ်ခုလုံးက ထိပ်သီးကျောင်း သုံးကျောင်းကို ဝင်ရောက်လိုကြရာ သူမလို ယွန်ယွဲ့မြို့မှ​ ပါရမီရှင်က ဝင်တိုးရန် မလွယ်ကူပေ။

“ရှင်က သူနဲ့သိလား…” ထိုစဉ် သိမ်မွေ့ညင်သာသော အသံတစ်သံကို ရုတ်တရက် ကြားလိုက် ကြရသည်။ ကျင့်နန်နှင့် ဝမ်ယွီချန်းတို့က နောက်လှည့်ကြည့်လျှင် နတ်မိမယ်အလား ချောမောလှပသော မိန်းကလေး တစ်ယောက်က တံတားပေါ်မှ ရပ်ကာ သူတို့ကို ကြည့်နေသည်ကို တွေ့ရ၏။ ဝမ်ယွီချန်းက ကုယွန်ချီကို ကြည့်လျှင် မိမိကိုယ်ကို နိမ့်ကျသလို ခံစားရသည်။ ကုယွန်ချီက ရီဖူရှင်းအား အဘယ်ကြောင့် မေးရသနည်း။

ကျင့်နန်က ချောမွေ့လှပသော မိန်းကလေးအား ကြည့်ကာ ခေါင်းညိတ်သည်…“သိတယ်…” သူက ကုယွန်ချီနှင့် ပတ်သက်၍ မည်သည့် စိတ်ရိုင်းမျိုးကိုပင် မထားရဲဘဲ အထင်ကြီးရုံမျှသာ တတ်နိုင်သည်။

“ရှင်က သူနဲ့သိမှတော့ ဘာလို့ သူ့နောက်ကွယ်မှာ မကောင်းပြော နေရတာလဲ…” ကုယွန်ချီက မေးသည်။ သူတို့က ရီဖူရှင်း အကြောင်းကို ပြောနေသည်များကို သူမက ကြားသည်။

ကျင့်နန်က ထူးဆန်းမှုကို ခံစားရ၏။ ရီဖူရှင်းက လွန်စွာ အရည်အချင်း ရှိပုံရသည်။ သူက သီးသန့်ခန်းထဲတွင် အချိန် အနည်းငယ်မျှသာ နေခဲ့သည့်တိုင် ကုယွန်ချီက သူ့အကြောင်းကို မေးစေနိုင်စွမ်း ရှိသည်။ ပုံမှန်အားဖြင့် ရီဖူရှင်းနှင့် ကုယွန်ချီတို့က မူလကတည်းက သိပြီးသား ဖြစ်သည်ကို သူက လုံးဝ ခန့်မှန်းမိမည် မဟုတ်ပေ။ မည်သို့ဆိုစေ သူ၏အမြင်တွင် ရီဖူရှင်း၏အဆင့်က ကုယွန်ချီနှင့်သိရန် မိုးနှင့်မြေပမာ ကွာခြားလွန်းလှသည်။

“မိန်းကလေးကု… အဲဒီလူက အကျင့်မကောင်းဘူးလို့ပဲ ပြောပါရစေ… ပထမက သူက မြို့ကလေး တစ်မြို့မှာ လေ့ကျင့်နေပြီးတော့ ကျုပ်တို့ကို မိုးမြေ ကောင်းကင်မြို့သို့ ခေါ်လာဖို့ တောင်းဆိုခဲ့တယ်… သူက ဒီကို ရောက်တာနဲ့ ထိပ်သီးကျောင်း သုံးကျောင်းကို ဝင်ဖို့ ကြိုးစားမယ့်အစား အင်အားကြီး အဖွဲ့အစည်းတွေနဲ့ပဲ အဆက်အသွယ်ရအောင် လုပ်နေတယ်…” ကျင့်နန်က ပြောသည်။ သူက ကုယွန်ချီနှင့် မသိသော်လည်း ကုယွန်ချီက သူ၏ အကျင့်စရိုက်အား သံသယဝင်မည်ကို မလိုလားရာ ရီဖူရှင်းကသာ အကျင့်မကောင်းကြောင်း သူက ရှင်းပြရန် ကြိုးစားနေမိသည်။

“အဆက်အသွယ် ရှာတယ်…” ကုယွန်ချီက ဖန်းရှဲ့သံစဉ်အား ပြန်တွေးမိသည်။ သူက သည်သံစဉ်အား ဖန်တီးခြင်းက မထူးဆန်းတော့ပေ။ သံစဉ်တွင် သူ၏အတွေ့အကြုံများ ခံစားချက်များ ပါဝင်နေသည်။ သေချာအောင် ပြောရလျှင် သူက အနောက်ဘက် တရားရေးရာ စံအိမ်တွင် ထိုသံစဉ်ဖြင့် သူ၏ဒေါသများအား ပေါက်ကွဲစေလျက် ဖြေဖျောက်ခဲ့သည်။

ကုယွန်ချီက ပြုံးလိုက်သည်။ အကယ်၍ ရီဖူရှင်းက အဆက်အသွယ် ရှာလိုသည်ဆိုလျှင် အဘယ်ကြောင့် သူမနှင့် ပတ်သက်ခွင့် ရသည့်တိုင် ရှောင်ဖယ် နေသနည်း။

“ကျွန်မသိပြီ…” ကုယွန်ချီက ခံစားချက် ကင်းမဲ့စွာ ပြောလျက် ထိုနေရာမှ ထွက်ခွာသွားသည်။ ရီဖူရှင်းကလည်း သည်အတိုင်း အဘယ်ကြောင့် ထွက်ခွာသွားသည်ကို နားလည်လိုက်သည်။

ကုယွန်ချီ ထွက်ခွာ သွားပြီးမှသာလျှင် ကျင့်နန်က ပြန်ထိုင်သည်။ ကုယွန်ချီက သိပြီဟု အဘယ်ကြောင့် ပြောခဲ့သည်ကို နားမလည်ပေ။

***

နောက်တစ်နေ့ နံနက်တွင် မိုးမြေကောင်းကင် တစ်မြို့လုံးက စည်ကား သိုက်မြိုက်နေသည်။ ထိပ်သီးကျောင်း သုံးကျောင်းက သည်နေ့တွင် စစ်ဆေး အကဲဖြတ်မှုကို ပြုလုပ်ကာ ကျောင်းသားသစ်များကို ခေါ်ယူမည် ဖြစ်သည်။ သည်နှစ်တွင်လည်း ယခင်နှစ်များကလို မရေမတွက်နိုင်သော လူငယ်များက အကဲဖြတ်မှုတွင် ပါဝင်ရန် စာရင်းများ ပေးသွင်းခဲ့ကြသည်။

ပထမဆုံး အဆင့်ကား အခြေခံ အကဲဖြတ်မှုဖြစ်သော ပါရမီကို ဆန်းစစ်ခြင်း ဖြစ်သည်။ အကဲဖြတ်သူများက ဝင်ခွင့်ဖြေဆိုသူများ၏ အသက်၊ တန်ခိုးအဆင့်၊ ဓမ္မ၊ မှော်ဆရာဆိုပါက မှော်စွမ်းအင်ကို မည်မျှကောင်းအောင် ထိန်းချုပ်နိုင်စွမ်း ရှိသည်များ၊ သိုင်းပညာရှင်များက မည်မျှ သန်စွမ်းသည်များနှင့် ဓားသမားများ၏ ဓားပညာများ စသည်တို့ကို စမ်းသပ်မည် ဖြစ်သည်။ သူတို့က ယေဘုယျ အချက်များကို စမ်းသပ် အကဲဖြတ်ကာ နောက်တစ်ဆင့် ဝင်ရောက်မည်ကို ဆုံးဖြတ်သည်။

ထိုအဆင့်ကား အရက်စက်ဆုံး ဖြစ်၏။ များစွာသော ဝင်ခွင့်ဖြေဆိုသူများ ကြားတွင် အများစုက သည်အဆင့်တွင် ထုတ်ပယ်ခံရသည်။ ထင်ပေါ်သော အရည်အချင်း မရှိသော လူများက နောက်တစ်ဆင့်ကို မဝင်နိုင်ပေ။

သည်နေ့တွင် များစွာသော လူများက ဝမ်းသာလုံး ဆို့ကြရသလို လူအများအပြားက ဝမ်းနည်း ကြေကွဲကြရ၏။

မြို့ငယ်ကလေးများမှ မိုးမြေကောင်းကင်မြို့သို့ မိုင်ပေါင်း ထောင်ချီ ခရီးနှင်လာကြသော လူများက အကြိုအဆင့်တွင်ပင် ထုတ်ပယ်ခံကြရသည်။ စာရင်း ပေးရဲကြသူများမှာ သေချာပေါက် အားနည်းသည် မဟုတ်ပေ။ သို့သော် သူတို့က မြေရိုင်းဒေသ အရှေ့ဘက် နယ်တစ်ခုလုံးနှင့် ယှဉ်လျှင် ဘာမှ မဟုတ်ကြပေ။

မှန်သည်… သည်နေ့တွင် ထူးခြား ထက်မြက်သော လူများကလည်း​ ပေါ်လာသည်သာ…။ ထိပ်သီး ကလန်များမှ ပါရမီရှင်များမူကား အကဲဖြတ် စစ်ဆေးမှု မတိုင်မီ ကတည်းကပင် နာမည် ကျော်ကြား နေကြပြီး ဖြစ်သည်။

တချို့က သက်စောင့်ဝိညာဉ် နှစ်ခုရှိကာ တချို့က သီးသန့်ဆန်သော ပါရမီများ ပါကြသည်။ ဥပမာ နဂါးကလန်မှ နဂါးမယ်လေးက အသက် ဆယ့်လေးနှစ် မွေးနေ့ကို ယမန်နေ့ကမှ ပြုလုပ်ခဲ့ကာ သူမက ဓမ္မအဆင့်နှင့် နဂါးဆရာ ဖြစ်နေပြီ ဖြစ်သည်။ သူမက ဓမ္မအဆင့်ကို ဝင်ရောက်စ ဖြစ်သော်လည်း ထိပ်သီးကလန်များ ထဲတွင်ပင် သူမ၏အဆင့်က အလွန် ကောင်းမွန်သော အစတစ်ခု ဖြစ်ပေသည်။ သာမန်လူများက ထိုသို့ အဆင့်မျိုး ရဖို့မလွယ်ပေ။ မည်သို့ဆိုစေ သူတို့က မွေးကတည်းက အကောင်းဆုံးသော အထောက်အပံ့များကို ရရှိသူများ မဟုတ်ပါလား…။ သူတို့၏ အခြေခံ အုတ်မြစ်များက လွန်စွာ တည်ငြိမ်သလို အခက်အခဲ အတားအဆီးများလည်း မရှိပေ။ သို့သော် ထိုအဖြစ်အပျက်များ အားလုံးက ရီဖူရှင်းနှင့် သက်ဆိုင်ပုံ မရပေ။ ရီဖူရှင်းတို့ သည်ရက်ပိုင်း နတ်ဗိမာန် အိမ်တော်တွင်သာ တိတ်ဆိတ်စွာ လေ့ကျင့်နေကြဆဲ ဖြစ်သည်။ မှန်သည်… အကဲဖြတ်ပွဲတွင် ကျော်ဖြတ်နိုင်သူများက နတ်ဗိမာန် အိမ်တော်မှာ လာရောက် အောင်ပွဲခံကြရာ နတ်ဗိမာန် အိမ်တော်က ပုံမှန်နေ့များထက် စည်ကား နေပေတော့သည်။

လောင်လင်းအာကလည်း နတ်ဗိမာန် အိမ်တော်ကို ရောက်လာသည်။ သို့သော် သူမက နတ်သမီးရေကန်ကို သွားမည့်အစား ရီဖူရှင်းနေထိုင်ရာ အဆောင်သို့ တိုက်ရိုက် သွားရောက်ကာ ရန်သွားရှာနေသည်။

မိန်းကလေး၏ မီးဝင်းဝင်း တောက်နေသော မျက်လုံးများကို ကြည့်ကာ ရီဖူရှင်းက ရယ်မောလျက် ပြောသည်…“ငါတို့ လင်းအာကို ဘယ်သူက ဒေါသထွက်အောင် လုပ်လိုက်တာလဲ…”

“ရှင်က ဘယ်လို ထင်လို့လဲ…” လောင်လင်းအာက ရီဖူရှင်းအား ဒေါသမျက်လုံးများဖြင့် ကြည့်သည်… “ရှင်က လင်းအာရဲ့ အကဲဖြတ် စစ်ဆေးတာမှာ လာအားပေးမယ်လို့ မပြောဘူးလား… ဘာလို့ ရှင့်ကို မမြင်ရတာလဲ…”

“ဒီနေ့ တစ်မြို့လုံးက အဲဒီမှာ ရှိတယ်… အဲဒီလောက် လူများတာ မင်းက ငါ့ကို မြင်ရလို့လား…” ရီဖူရှင်းက မေးသည်။

“ရှင် သွားခဲ့တာလား…” လောင်လင်းအာက မျက်မှောင်ကြုတ်ကာ မေးသည်။

“ကြည့်ပါလား… ငါသွားခဲ့လား မသွားခဲ့ဘူးလား ဆိုတာကိုတောင် မင်းမသိဘူး… ငါမသွားတာနဲ့ ဘာကွာသွားလဲ…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။

“ရှင်က ကျိုးကြောင်း ဆီလျော်မှု မရှိတာပဲ…” လောင်လင်းအာက မကျေနပ်သေးပေ။

“ပထမအဆင့် အကဲဖြတ်ပွဲက သုံးရက်ကြာမယ် ဆိုတာ ငါသိတယ်… ငါသွားကြည့်လို့ရော ဘာအဓိပ္ပာယ် ရှိမှာလဲ… နောက်သုံးရက်ကြာရင် ငါမင်းကို လာပြီး အားပေးမယ်…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။

“တကယ်လား…” လောင်လင်းအာက ရီဖူရှင်းအား သံသယ မျက်လုံးများဖြင့် ကြည့်သည်…

“အဲဒါ လိမ်တာ မဟုတ်ဘူးလား…”

“ငါက ဘယ်တော့မှ မလိမ်ဘူး…” ရီဖူရှင်းက ပြန်ပြောသည်။

“ရှင့်ကို ဒီတစ်ခါတော့ ယုံလိုက်မယ်…” လောင်လင်းအာက ပြောသည်။ ထို့နောက် သူမက ရုတ်တရက် ပြုံးကာ ရီဖူရှင်းအား ပွေ့ဖက်လိုက်သည်…“အစ်ကိုဖူရှင်း… လင်းအာနဲ့ သွားစားရအောင်…” ထို့နောက် သူမက ရီဖူရှင်းအား အပြင်ဘက်ကို အတင်း ဆွဲခေါ်သွားသည်။ ရီဖူရှင်းက ဆွံ့အသွားရကာ ငြင်းဆန်နိုင်ခြင်း မရှိဘဲ သူမ၏နောက်မှ လိုက်ပါ သွားရတော့သည်။

သုံးရက်ကြာပြီးနောက် လေးရက်မြောက်နေ့တွင် ကြယ်မင်းကျောင်း အပြင်ဘက်၌ လူများ ပြည့်နှက်နေသည်။ မရေမတွက်နိုင်သော လူများက မြေရိုင်းဒေသ အရှေ့ဘက်နယ်၏ နတ်ဘုံနတ်နန်းအား ကြည့်နေကြသည်။ ယနေ့ ကြယ်မင်းကျောင်းက သူတို့၏ ကျောင်းသား သစ်များကို တရားဝင် ရွေးချယ်မည် ဖြစ်သည်။ ဂိတ်အပြင်ဘက်တွင် ယမန်နေ့က အကဲဖြတ်ပွဲမှ အကြောင်းအရာများကို ပြောဆို ဆွေးနွေးသံများက ဆူညံနေသည်။

“နောက်ဆုံး သုံးရက်က အကဲဖြတ်ပွဲက တကယ်ပဲ ရက်စက်ပြီးတော့ လူတွေ အများကြီးက ဖယ်ထုတ်ခံရတယ်… တချို့ဆို သူတို့ရဲ့ တန်ခိုးအဆင့်နဲ့ အသက်ကို ပြောလိုက်တာနဲ့ကို ဖယ်ထုတ် ခံရတော့တာပဲ…”

“ဒါကတော့ ဖြစ်မှာပဲ … နှစ်တိုင်း မရေမတွက်နိုင်တဲ့ လူတွေက အကဲဖြတ်ပွဲကို စာရင်းပေးကြတယ်… အကဲဖြတ်တဲ့လူတွေက ဒီလောက်တော့ စိတ်မရှည်ဘူးလေ… စာရင်းပေးတဲ့လူက သတ်မှတ်ချက်နဲ့ မကိုက်ညီတာနဲ့ သူတို့က ထုတ်ပယ်ပြီးသားပဲ…”

“ဒီနှစ် အသစ်တွေထဲမှာ ဘယ်သူတွေက နာမည် အကြီးဆုံးလဲ မင်းသိလား…”

“လူတွေ အများစု အာရုံစိုက်မိ ကြတာကတော့ လူငယ်နှစ်ယောက်ပဲ…”

“မင်းပြောတာက အနောက်တောင်ကုန်း နဂါးကလန်က နဂါးမယ်နဲ့ ကျင်းကလန်က နတ်ငှက်လူငယ်ကို ပြောတာလား…”

“မှန်တယ်… သူတို့နှစ်ယောက်က အရမ်းငယ်ပြီးတော့ အရမ်း ထူးချွန်နေပြီးပြီ… အနောက်တောင် နဂါးကလန်က နဂါးမယ်လေးက နဂါးဆရာ ဖြစ်ပြီးတော့ နတ်ငှက်လူငယ်က ကျင်းကလန် လူငယ်တွေထဲမှာ ပါရမီ အမြင့်ဆုံးလို့လည်း ပြောလို့ရတယ်… သူတို့က ဆယ့်ငါးနှစ်တောင် မပြည့်သေးဘူး…”

လူအုပ်က ပြောဆို ဆွေးနွေးနေစဉ်မှာပင် လက်ထဲတွင် ဝါးစိမ်းပြား လက်မှတ်ရှိသူများက ကြယ်မင်းကျောင်းထဲမှ မြေကွက်လပ် ကျယ်ကြီးထဲသို့ တစ်ယောက်ပြီး တစ်ယောက် ဝင်ရောက် လာကြသည်။ ပထမအဆင့်ကို ကျော်ဖြတ်နိုင်သူများက ဝါးစိမ်းပြား လက်မှတ်ကို ရရှိကာ ဒုတိယ အကျော့အတွက် တိုက်ရိုက် ဝင်ရောက်ခွင့် ရှိပေသည်။ သူတို့၏ မိသားစုဝင်များနှင့် မိတ်ဆွေများသာ တိုက်ပွဲနေရာသို့ လာရောက်ကာ ကြည့်ရှုခွင့် ရှိပေသည်။ ကျန်သော လူများက ကျောင်းအပြင်ဘက်မှသာ စောင့်ဆိုင်းကြရ၏။

ရုတ်တရက် နဂါးဟိန်းသံ တစ်သံကို ကြားကြရသည်။ ရေခဲနဂါးက ကောင်းကင်မှ နေ၍ ကြယ်မင်းကျောင်း အပြင်ဘက်သို့ ဆင်းသက်လာသည်။ လူအများအပြားက သူတို့၏ရှေ့မှ မိန်းကလေးကို ကြည့်ကြသည်။ သူမကား လောင်လင်းအာ ဖြစ်သည်။ လောင်လင်းအာက မြေပြင်ပေါ်ကို ရောက်လျှင် ပတ်ဝန်းကျင်ကို ကြည့်ကာ တစ်စုံတစ်ယောက်အား ရှာဖွေနေဟန် ရ၏။

ထိုစဉ် လူတစ်စု လူအုပ်ထဲမှ ထွက်လာကြသည်။ သူကား ရီဖူရှင်းတို့အုပ်စု ဖြစ်သည်။

“အစ်ကိုဖူရှင်း…” လောင်လင်းအာက ပြုံးလျက် အော်ဟစ်လိုက်သည်။ ချက်ချင်းပင် မရေမတွက်နိုင်သော လူများက ရီဖူရှင်းအား ကြည့်ကြသည်။ သူက ဘယ်သူလဲ…။

“ငါက သူတို့ကိုလည်း ခေါ်လာတယ်…” ရီဖူရှင်းက ယူချင်းနှင့် တခြားလူများကို လက်ညှိုးထိုးပြသည်။

“ရတယ်…” လောင်လင်းအာက ခေါင်းညိတ်သည်။ ထို့နောက် သူမက အစောင့်အား သူမ၏ဝါးစိမ်းပြားကို ပေးကော ရီဖူရှင်းတို့အား အထဲကို ခေါ်လာသည်။

လူတိုင်းက အနောက်တောင်ကုန်း ကလန်မှ နဂါးမယ်လေးကို သိကြကာ အစောင့်များကလည်း ရီဖူရှင်းတို့အား မတားကြပေ။

သူတို့အုပ်စုက ကြယ်မင်းကျောင်းထဲကို ဝင်ရောက် လာကြသည်။ မြေကွက်လပ်ကြီးကား မရေမတွက်နိုင်သော လူများနှင့်  ပြည့်နှက်နေပြီး ဖြစ်သည်။ ထို့အပြင်က ကြယ်မင်းကျောင်းကို နောက်ခံထားလျက် စင်များ ဆောက်လုပ်ထားကာ ထိုစင်များတွင် ကြယ်မင်းကျောင်းမှ တပည့်များနှင့် ဆရာများကို တွေ့ရသည်။

လောင်မူ၊ ကျင်းယွန်ရှောင်း၊ ကုယွန်ချီ၊ ကျင့်နန်၊ ဝမ်ယွီချန်းနှင့် တခြားလူများ အားလုံးလည်း ထိုနေရာတွင် ရောက်ရှိနေပြီး ဖြစ်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset