နတ်ဗိမာန်အိမ်တော်၊ နတ်သမီးရေကန်။
ယနေ့ ကျင့်နန်နှင့် ဝမ်ယွီချန်းတို့က ဝမ်ယွီချန်း၏ညီမ ဝမ်ယွီရိုနှင့်အတူ သည်နေရာကို ပြန်လာခဲ့ကြသည်။
“ယွီရို… ကြယ်မင်းကျောင်းရဲ့ ဝင်ခွင့်စာမေးပွဲက မနက်ဖြန် ကျင်းပမှာ… ဒီနေ့က သက်သောင့် သက်သာ နေပြီး အစားကောင်း အသောက်ကောင်းတွေကို စားသင့်တယ်…” ကျင့်နန်က ပြုံးလျက် ပြော၏။ ယနေ့ သူက ဝမ်ယွီရို၏ ခရီးပန်းလာမှုအတွက် စိတ်ပြေလက်ပျောက် သဘောဖြင့် လာရောက် ကျွေးမွေးခြင်း ဖြစ်သည်။ ဝမ်ယွီရိုကား ကြယ်မင်းကျောင်းမှ ပြုလုပ်သော အကဲဖြတ် စစ်ဆေးမှုကို ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။
“ကျင့်နန်… ကျွန်မတို့ ဒီကို လာဖို့တော့ မလိုဘူး…” ဝမ်ယွီချန်းက ပြောသည်။ သူတို့က နတ်ဗိမာန် အိမ်တော်ကို လာရောက် စားသုံးခြင်းက လွန်ကဲလွန်းသည်။
“ယွီရို… ရီဖူရှင်းက ဘယ်မှာလဲဆိုတာ မင်း မမေးဘူးလား… နောက်ဆုံး အကြိမ်က ငါတို့က သူ့ကို ဒီမှာ တွေ့ခဲ့တယ်…” ကျင့်နန်က ပြောသည်။
ဝမ်ယွီရိုက မျက်မှောင်ကြုတ် လိုက်သည်။ ကျင့်နန်က အမြဲတမ်း ဟန်ရေးပြကာ စိတ်ကြီးဝင် တတ်သည်ကို သိပ်ကြည့်မရပေ။ သူက သူမ၏အစ်မကို ပိုးပန်းနေသော်လည်း သူက အမြဲတမ်း အထက်စီးဆန် လှပေသည်။ ထို့အပြင် သူမက ရီဖူရှင်း၏ နေရာကို မေးသော အခါတွင်လည်း သူက ရီဖူရှင်းအား သွယ်ဝိုက်ကာ ဝေဖန် တိုက်ခိုက်ခြင်းဖြင့် သူက မည်မျှ ထူးချွန်သည်ကို ဟန်ရေးပြရန် ကြိုးစားနေသည်။
ရီဖူရှင်းက ထိပ်သီးကျောင်း သုံးကျောင်းမှ ပါရမီရှင်များလောက် မတောက်ပသော်လည်း ဝမ်မိသားစုနှင့်တော့ ကောင်းမွန်သော ဆက်ဆံရေး ရှိပေသည်။ သူတို့ မထွက်ခွာသွားမီ သူမ၏အဘိုးက သူမ၏အစ်မအား ရီဖူရှင်းကို ဂရုစိုက်ရန် မှာကြားခဲ့သည်။ သို့သော်လည်း လက်ရှိတွင် သူတို့၏ဆက်ဆံရေးက သူမထင်သလို ကောင်းမွန်ခြင်း မရှိပေ။
“သူလည်း ဒီမှာ လာစားတာလား” ဝမ်ယွီယိုက မေးသည်။
“စားတယ်…” ကျင့်နန်က ပြုံးလျက် ပြောသည်… “မင်းရဲ့ မိတ်ဆွေက တော်တော် အရည်အချင်း ရှိတယ်… သူက အနောက်တောင်ကုန်း ကလန်နဲ့ အဆက်အစပ်ရအောင် လုပ်နိုင်ပြီးတော့ နဂါးကလန် သခင်မလေးရဲ့ အစေခံ လုပ်နိုင်ခဲ့တယ်… အဲဒီနေ့က သူက နဂါးကလန် သခင်မလေးရဲ့ နောက်ကို လိုက်လာပြီး ဒီကို ရောက်လာခဲ့တာ…”
ဝမ်ယွီရို မျက်မှောင်ကြုတ် လိုက်ကာ ပြောသည်… “မဖြစ်နိုင်ဘူး…” သူမ သိသလောက် ရီဖူရှင်းကား အလွန်မာနကြီးသော လူဖြစ်ပြီး တခြားလူ တစ်ယောက်၏ အစေခံ လုံးဝ လုပ်မည် မဟုတ်ပေ။
“ဒါဆိုလည်း မင်းအစ်မကို မေးကြည့်…” ကျင့်နန်က ပြုံးလျက် ပြောသည်။ ဝမ်ယွီချန်းကလည်း သူမ၏ညီမကို ခေါင်းညိတ်ကာ ပြောသည်…“လူတစ်ယောက်အပေါ် ထားတဲ့အမြင်ကို တရားသေ မတွက်နဲ့… မိုးမြေကောင်းကင်မြို့က ဝမ်မိသားစုနဲ့ မတူဘူး…”
“အစ်မ… အစ်မက သူ့ကို ဂရုစိုက်ဖို့ အဘိုးက မှာခဲ့တယ်… ဒီလို အခြေအနေ ဘယ်လို ဖြစ်သွားရတာလဲ…” ဝမ်ယွီရိုက သုန်မှုန်စွာ ပြော၏။
“သူက ကြယ်မင်းကျောင်းကို ဝင်နိုင်တယ်ဆိုရင် ငါက သူ့ကို ဂရုစိုက် ဖြစ်လိမ့်မယ်… ဒါပေမဲ့ သူက ကိုယ့်ကိုယ်ကိုယ် နိမ့်ကျစေတဲ့လမ်းကို ရွေးခဲ့တယ် ဆိုမှတော့ ငါက ဘာလုပ်လို့ ရတော့မှာလဲ…” ဝမ်ယွီချန်းက ပြောသည်…“သူ့အကြောင်းကို မပြောဘဲ စားကြရအောင်… နင်က ကြိုးစားပြီးတော့ ကြယ်မင်းကျောင်းကို ဝင်ရမယ်…”
ဝမ်ယွီယိုက ဘာမှ မပြောတော့ဘဲ သက်ပြင်းခိုးချသည်။ အကယ်၍ သူမက ကြယ်မင်းကျောင်းကို ဝင်ရောက်နိုင်ပါက ရီဖူရှင်းက မဝင်နိုင်စရာ အကြောင်း မရှိပေ။ ထိုစဉ်က ရီဖူရှင်း ပြသခဲ့သော ပါရမီက သူမထက် မြင့်ပေသည်။
ထိုစဉ် နတ်သမီးရေကန်၌ ဆူညံသံ တချို့ကို ကြားရ၏။ ကျင့်နန်နှင့် ကျန်လူများက လှမ်းကြည့်ကြလျှင် လူတစ်စုက သူတို့ရှိရာ အရပ်ဘက်သို့ လျှောက်လာသည်ကို မြင်ရ၏။ ထိုလူစု၏ ခေါင်းဆောင်ကား အလွန် ချောမောလှပသော မိန်းကလေး တစ်ယောက် ဖြစ်သည်။
“အဲဒါ ကုယွန်ချီပဲ…” ကျင့်နန်၏မျက်လုံးထဲ ထူးဆန်းသော ပုံစံဖြစ်ပေါ်လာ၏။ ကုယွန်ချီကား မိုးမြေကောင်းကင်မြို့၏ နာမည်ကျော် မိန်းမလှတစ်ယောက် ဖြစ်၏။ သူမက ကြယ်မင်းကျောင်း၏ တပည့်လည်း ဖြစ်သည်။ ကျောင်းတွင် လူငယ်များစွာက သူမအား ပိုးပန်းနေကြ၏။ ယနေ့ သူမက နတ်ဗိမာန် အိမ်တော်ကို ရောက်လာ၏။
ဝမ်ယွီချန်းကလည်း ကုယွန်ချီကို ကြည့်သည်။ သူမကလည်း အတော်လှသည် ပြောနိုင်သော်လည်း ကုယွန်ချီအား မြင်ရလျှင် သူမက အားငယ်စိတ်များ ဝင်ရသည်။ ကုယွန်ချီကဲ့သို့ မိန်းမလှလေးကမှ လူအများ၏ အာရုံစိုက်မှုကို ရယူရန် ကံပါလာပြီး ဖြစ်သည်။ သာမန်လူများက သူမကို ပိုးပန်းရန် စိတ်ကူးနှင့်ပင် ရဲမည် မဟုတ်ပေ။
ကုယွန်ချီက သီးသန့်ဆောင်သို့ တံတားကလေးပေါ်မှ တက်လျှောက် သွားသည်။ သူမ၏ချောမွေ့သော မျက်နှာလေးကို မမြင်ရတော့သဖြင့် ယောက်ျား အတော်များများ၏ မျက်နှာပေါ်တွင် စိတ်ပျက်ဟန်များ အထင်းသား မြင်ကြရ၏။ သို့တိုင်အောင် သူတို့က ရံဖန်ရံခါ ထိုနေရာသို့ ကြည့်ကာ နောက်တစ်ခါ မြင်ရရန် မျှော်လင့်ကြဆဲပင်။ ကုယွန်ချီ ကဲ့သို့သော မိန်းမလှ၏ နှလုံးသားအား မည်သူက ပိုင်ဆိုင်နိုင်မည်က လူတချို့က ဆွေးနွေး ပြောဆိုကြဆဲ ဖြစ်သည်။ ထိုလူက အနောက်တောင် နဂါးကလန်မှ လောင်မူ ဖြစ်မလား…။ လောင်မူ၏အဖေ အသက်ရှိစဉ်က မိသားစုနှစ်ခုက သူတို့နှစ်ယောက် အကြား စေ့စပ်ပွဲပြုလုပ်ရန် ကြိုးပမ်းခဲ့ကြသည်ဟု ကောလာဟလများက ဆိုသည်။ သို့မဟုတ် ကျင်းကလန်က အခွင့်အရေး ရသွားမည်လား…။
ကုယွန်ချီ၏ အဆင့်နှင့် ရုပ်ရည်အရ မိုးမြေ ကောင်းကင်မြို့တွင် သူမနှင့် လိုက်ဖက်သူ သိပ်မရှိပေ။
မကြာမီ နတ်ဗိမာန် အိမ်တော်ဝင်း တစ်နေရာတွင် တိတ်ဆိတ်စွာ လေ့ကျင့်နေသော ရီဖူရှင်းကလည်း ထိုသတင်းကို ရရှိသည်။ သည်ရက်ပိုင်းတွင် ရီဖူရှင်းတို့ အုပ်စုက နတ်ဗိမာန် အိမ်တော်တွင်သာ လေ့ကျင့်နေခဲ့ကြကာ ပြင်ပမှ ကိစ္စရပ်များကို သိပ်မသိကြပေ။
ကုယွန်ချီ ရောက်နေကြောင်း စိန့်ယွီက ရီဖူရှင်းကို လာရောက် ပြောသော အခါတွင် ရီဖူရှင်းက တွေဝေ စဉ်းစား သွားရသည်။ သူမက ဘာလို့ ရောက်လာသနည်း…။
သူ၏ဂီတသံစဉ်အား ဝယ်ယူကာ နေထိုင်စရာ သီးသန့် အိမ်တစ်လုံး ပေးအပ်ရန် ကြိုးစားခဲ့သော မိန်းကလေးအား ရီဖူရှင်းက မည်သို့ မေ့မည်နည်း။
“ဒီတစ်ခေါက် သူမရဲ့ ကုန်ကျစရိုက်ကို ငါသုံးတယ် မှတ်ထားလိုက်…” ရီဖူရှင်းက ပြောသည်…
“မင်း သွားလို့ ရပြီ…”
ရီဖူရှင်း၏ စကားကို ကြားလျှင် စိန့်ယွီ၏ အမူအရာက ထူးခြားသွား၏။ ရီဖူရှင်းက အဘယ်ကြောင့် ကုယွန်ချီကို ကျွေးမွေးရသနည်း။
“ကုယွန်ချီရဲ့ အစေခံက ပြောတာကတော့ သူမက နတ်ဗိမာန် အိမ်တော်ပိုင်ရှင်နဲ့ တွေ့ချင်တယ်တဲ့…” စိန့်ယွီက တိုးညင်းစွာ ပြောသည်။ ကုယွန်ချီနှင့် ရီဖူရှင်းတို့က အချင်းချင်း သိကြသလား သူမက တွေးတောနေသည်။
ရီဖူရှင်းက ပိုမို၍ လျှို့ဝှက် ဆန်းကြယ် လာနေသည်ဟု သူမက ခံစားရသည်။ ပထမက သူ့အား နဂါးကလန်မှ သခင်မလေးနှင့် သခင်မလောင်တို့က လာရောက် တွေ့ဆုံကြ၏။ ယခု ကုကလန်မှ သခင်မလေးကလည်း သူ့ထံ လာတွေ့ဆုံသည်။ သူမက ရီဖူရှင်းအား တွေ့ဆုံသည့် အချိန်မှစ၍ ယခုအချိန်အထိ နာမည်ကျော် ပုဂ္ဂိုလ် အတော်များများကို တွေ့ဆုံဖြစ်ခဲ့သည်ဟု သတိထားမိသည်။ ထိုလူများက သူမဘဝတွင် တစ်ခါလောက် တွေ့ဆုံဖို့ကိုပင် လွန်စွာ ခဲယဉ်းသူများ ဖြစ်ကြသည်။ သို့သော် ရီဖူရှင်းက နတ်ဗိမာန် အိမ်တော်ကို ပထမဆုံး လာရောက်စဉ်က သူကား သည်နေရာတွင် တည်းခိုရန်ပင် မတတ်နိုင်သော သာမန်လူငယ် တစ်ယောက်သာ…။
သူက ရုပ်ချောသောကြောင့် များလား…။
ထိုသို့တွေးကာ စိန့်ယွီက ရီဖူရှင်း၏ မျက်နှာအား ခိုးကြည့်သည်။ မည်သို့ဆိုစေ ရီဖူရှင်းထံ လာလည်သူများမှာ မိန်းမများ မဟုတ်ပါလား။
“ငါ့ကို တွေ့မယ်…” ရီဖူရှင်းက ထူးဆန်းစွာ မေးသည်။ ကုယွန်ချီက သူ့ထံ အဘယ်ကြောင့် လာသနည်း။
“ကောင်းပြီ… ငါ သူ့ကို သွားတွေ့လိုက်မယ်…” ရီဖူရှင်းက ထရပ်ကာ နတ်သမီး ရေကန်ဘက်သို့ ထွက်လာသည်။
သူက နတ်သမီး ရေကန်ဘက်ကို ရောက်လာကာ တံတားပေါ်သို့ တက်ခါနီးတွင် သူ့နောက်မှ ခေါ်သံတစ်သံကို ကြားရသည်…“ရီဖူရှင်း…” ရီဖူရှင်းက နောက်လှည့်ကြည့်လျှင် ဝမ်ယွီရိုအား မြင်သည်။ ရီဖူရှင်းက အံ့အားသင့်ကာ ဝမ်းသာသွားသည်။
“မင်းလည်း မိုးမြေကောင်းကင်မြို့ကို လာတယ်…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။ ကြည့်ရသည်မှာ ဝမ်ယွီရိုကလည်း ယွန်ယွဲ့မြို့တွင် အမြဲတမ်း နေလိုဟန် မရပေ။ ဝမ်ယွီရိုနှင့် အချိန်အနည်းငယ် သိကျွမ်းပြီးနောက် သူမက သာမန်ဘဝတွင် နေထိုင်လိုသောစိတ် မရှိကြောင်း ရိပ်မိသည်။
“အင်း… မနက်ဖြန် ငါက ကြယ်မင်းကျောင်း ဝင်ခွင့်စာမေးပွဲကို ဝင်ဖြေမှာ…” ဝမ်ယွီရိုက ပြောသည်။
“အောင်မြင်ပါစေ…” ရီဖူရှင်းက ပြုံးလျက်ပြောသည်…“ငါအခု သွားစရာတစ်ခု ရှိသေးလို့ အရင် သွားလိုက်မယ်…” ထို့နောက် သူက တံတားပေါ်သို့ တက်ကာ သီးသန့် အဆောင်ထဲကို ဝင်ရောက် သွားသည်။
ဝမ်ယွီချန်းက ရီဖူရှင်းအား ကြည့်ပင် မကြည့်ပေ။ အခြားတစ်ဖက်တွင် ကျင့်နန်က နှာခေါင်းရှုံ့လျက် ပြောသည်…“သူက ဒီလောက် မြန်မြန်လာတာ ကုယွန်ချီနဲ့ စကားပြောချင်လို့ ဖြစ်ရမယ်…” သူက သရော်သောပုံဟန်ဖြင့် ပြုံးကာ ပြောသည်။ ရီဖူရှင်းကား သူ၏အဆင့်ကိုပင် သိနားလည်ခြင်း မရှိဘဲ ကုယွန်ချီကို အိပ်မက် မက်နေသည်။
သို့သော်လည်း သူက ရီဖူရှင်း၏ မျက်နှာပြောင်ကာ အရေထူသည့် အပြုအမူများကို အားကျရသည်။ သူက အရေးပါသောလူနှင့် တွေ့တိုင်း အဆက်အသွယ် ရအောင် ကြိုးစားတတ်သည်။
“ကြည့်ရတာ နင်တို့ ပြောသလို မဟုတ်ဘဲ သူက အဆင်ပြေနေပုံပါပဲ…” ဝမ်ယွီရိုက ပြောသည်။
“နဂါးကလန်က သခင်မလေးက သူ့ကို ကုယွန်ချီအတွက် တစ်ခုခု လုပ်ခိုင်းလိုက် သလားမှ မသိတာ…” ကျင့်နန်က ပြောသည်။ ဝမ်ယွီရိုက ဘာမှ မပြောပေ။ သူမက အခွင့်အရေး ရသောအခါမှ ရီဖူရှင်းကို မေးမြန်းမည် စိတ်ကူးထားသည်။ ကျင့်နန် ပြောသည်ကို သူမ မယုံပေ။
ရီဖူရှင်းက သီးသန့် အဆောင်ထဲကို လမ်းလျှောက်လာလျှင် ပြတင်းပေါက်ဘေးတွင် ရပ်နေသော မိန်းကလေးက သူ့ဘက်ကို လှည့်လာ၏။
“ဆရာရီ… ကျွန်မကို မှတ်မိသေးလား မသိဘူး…” ကုယွန်ချီက ပြုံးလျက် ပြောသည်။ သူမ၏ အသံက နူးညံ့ကာ သာယာသည်။
“မှတ်မိတာပေါ့…” ရီဖူရှင်းက ပြုံးလျက် ပြောသည်…“ဒီလို မိန်းမလှ တစ်ယောက်ကို ကျုပ်က ဘယ်လိုလုပ် မြန်မြန် မေ့နိုင်ပါ့မလဲ…”
ရီဖူရှင်း၏ ချီးကျူးစကားကို ကြားလျှင် ကုယွန်ချီ၏ မျက်နှာက အနည်းငယ် ရှက်ရွံ့ဟန် ဖြစ်သွားကာ သူမအား ပိုမို၍ပင် ဆွဲဆောင်အား ကောင်းစေသည်။
“မိန်းကလေးက ကျုပ်ကို ရှာနေတယ်လို့ ကြားတယ်…” ရီဖူရှင်းက မေးသည်။
“ဟုတ်တယ်…” ကုယွန်ချီက ခေါင်းညိတ်သည်…“ကျွန်မက ဖိန်ရှဲ့သံစဉ်ကို လေ့ကျင့်ပြီးသွားပြီ… အနောက်တောင်ကုန်း ကလန်မှာ ရှင်က တခြားသံစဉ်တွေကို ဖန်တီးခဲ့တာကို မြင်ခဲ့တော့ တခြား သံစဉ်တွေ ရှိသေးလားလို့ ကျွန်မက သိချင်မိတယ်… နောက်ထပ် ရှိသေးရင် ကျွန်မကို ရောင်းနိုင်မလား…”
“ဖိန်ရှဲ့သံစဉ်ကို ကျုပ်က ဖန်တီးခဲ့တာက အဲဒီတုန်းက အာရုံဝင်စားမှု တစ်ခုကြောင့်ပဲ… အနောက်တောင် တရားရေးရာ စံအိမ်မှာတုန်းက ကု့ချင်းကို သံစဉ်အသစ်နဲ့ တီးခတ်ခဲ့တာက ဒေါသအလျောက် တီးခတ်ခဲ့တာ သက်သက်ပဲ… အဲဒါက ပြည့်စုံမှု မရှိဘူး… အခု ကျုပ်မှာ သံစဉ် အသစ် မရှိသေးဘူးလို့ပဲ ပြောရမယ်…” ရီဖူရှင်းက ခေါင်းယမ်းသည်။ သံစဉ် အသစ်တစ်ခု ဖန်တီးခြင်းကား လွယ်ကူသော ကိစ္စတစ်ရပ်တော့ မဟုတ်ပေ။ မှန်သည်… အကယ်၍ သာမန် သံစဉ်တိုများ ဆိုပါက ထိုအရာက လွယ်ကူပေသည်။
“ဒီလိုဆိုရင်လည်း ဆရာရီက အသစ်တစ်ခုကို ဖန်တီးနိုင်ခဲ့ရင် ကျွန်မကို အရင် ပြောနိုင်မလား…” ကုယွန်ချီက ပြောသည်။
“မိန်းကလေးရီ… ခင်ဗျားက ကျုပ်ရဲ့ သံစဉ်ကို ပထမဆုံး ဝယ်ယူခဲ့တဲ့လူပဲ… တကယ်လို့ နောင်ပိုင်း အသစ်တစ်ခု ဖန်တီးနိုင်ခဲ့ရင် ခင်ဗျားက ပထမဦးစားပေး ဖြစ်မှာပဲ…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။
“ကျေးဇူးပါ ဆရာရီ… ဒီနေ့ ပြောခဲ့တာကို မမေ့ပါနဲ့…” ကုယွန်ချီက ပြုံးလျက် ပြောသည်။
“သေချာတာပေါ့… ကျုပ်က ဘယ်မေ့မလဲ…” ရီဖူရှင်းက ခေါင်းယမ်းသည်။
ကုယွန်ချီက ပြုံးရွှင်စွာ ပြောသည်…“မနက်ဖြန် ကြယ်မင်းကျောင်းက ကျောင်းသားသစ်တွေ ခေါ်လိမ့်မယ်… ဆရာရီက ကြယ်မင်းကျောင်းကို ဝင်ဖို့ ဆန္ဒရှိလား…”
“ဟင့်အင်း…” ရီဖူရှင်းက ခေါင်းကို အသာယမ်းသည်။ ကုယွန်ချီက အနည်းငယ် အံ့အားသင့် သွားသည်။ ရီဖူရှင်းက တကယ်ပဲ ထိပ်သီးကျောင်း သုံးကျောင်းကို မဝင်တော့ဘူးလား…။
“ဒါက ကံမကောင်းတာပဲ… တကယ်လို့ ဆရာရီက ကြယ်မင်းကျောင်းကို ဝင်ခဲ့ရင် ဂီတအဆောင်က အရည်အသွေးမြင့်တဲ့ ပါရမီရှင် တစ်ယောက်ကို ပိုင်ဆိုင်မှာပဲ…” ကုယွန်ချီက သက်ပြင်းချသည်။ ရီဖူရှင်းက ပြုံးလျက် ပြောသည်…“မိန်းကလေးကုက ကျုပ်ကို အထင်ကြီး နေတာပါ… တခြားကိစ္စမရှိရင် ကျုပ် သွားလိုက်ပါဦးမယ်…”
အကယ်၍ သူက သီးသန့် အဆောင်ထဲတွင် ကုယွန်ချီနှင့် အချိန်ကြာကြာ စကားပြောနေပါက လူအများက သူ့အား မကောင်းသော အမြင်များ ဖြစ်လာနိုင်ပေသည်။
“ကောင်းပြီ… နောက်တစ်ခေါက်မှ တွေ့ကြတာပေါ့…” ကုယွန်ချီက ညင်သာစွာ ခေါင်းညိတ်ကာ ရီဖူရှင်းအား ဆက်နေရန် မပြောတော့ပေ။
“နောက်မှ တွေ့တာပေါ့…” ရီဖူရှင်းက နောက်လှည့်ကာ ထွက်သွားသည်။
သူ ထွက်သွားသောအခါ ကုယွန်ချီ၏ဘေးမှ အစေခံ မိန်းကလေး၏ မျက်နှာက နားမလည်ဟန်များ အထင်းသား မြင်ရသည်… “ဒီလူက တစ်မျိုးပဲ…”
“ဘာလို့လဲ…” ကုယွန်ချီက တိုးညင်းစွာ မေးသည်။
“တခြားလူတွေက သခင်မလေးရဲ့ ရှေ့ကို ရောက်ရင် အချိန်အကြာကြီး စကား ပြောချင်ကြတယ်… ဒါပေမဲ့ ဒီလူက မြန်မြန်ပဲ ထွက်သွားချင်ပုံ ရတယ်… သူ့ကို အိမ်တစ်လုံး ပေးတုန်းကလည်း ငြင်းခဲ့တယ်…” အစေခံက နှုတ်ခမ်းများ ကွေးညွတ်လျက် ပြောသည်။ သူမက ကုယွန်ချီက မည်မျှ ဆွဲဆောင်အား ကောင်းသည်ကို သိသည်။ တစ်စုံတစ်ယောက်က ကုယွန်ချီရှေ့တွင် ဦးစွာ ထွက်သွားသည့်လူကို ယခုမှ တစ်ခါ သူမက မြင်ဖူးခြင်း ဖြစ်သည်။ အတိတ်တွင်ကား ကုယွန်ချီကသာ ဦးဆုံး ထွက်ခွာရန် ပြောရလေ့ရှိသည်။
“ဖိန်ရှဲ့သံစဉ်ကို ဖန်တီးနိုင်တဲ့လူက တခြားလူတွေနဲ့ ဘယ်တူပါ့လဲ…” ကုယွန်ချီက ပြုံးလျက်ပြောသည်။ ကုယွန်ချီ၏ မျက်နှာမှ အပြုံးကို မြင်လျှင် အစေခံက အံ့အားသင့်ရသည်။ ကုယွန်ချီက တခြား ယောက်ျား တစ်ယောက်ကို တစ်ခါမှ စိတ်ဝင်စားခြင်း မရှိခဲ့ပေ။ ဒါမှမဟုတ်…
သို့သော် သူတို့၏ နောက်ခံ အသိုင်းအဝိုင်းက လိုက်ဖက်ခြင်း မရှိပေ။ ရီဖူရှင်းက လွန်စွာ ချောမော သော်လည်း သူက နတ်ဗိမာန် အိမ်တော်ကိုသာ ပိုင်ဆိုင်သည်။ တခြား တစ်ဖက်တွင် ကုယွန်ချီကို ပိုးပန်းနေသူများကား အလွန် အားကောင်းသော နောက်ခံ အသိုင်းအဝိုင်းများ ရှိကြ၏။
ရီဖူရှင်းက သီးသန့် အဆောင်ထဲမှ ထွက်လာသည်။ အခြေအနေအား အကဲခတ်နေသော ကျင့်နန်က သူ့အား မြင်လျှင် နှာခေါင်းရှုံ့သည်။ ရီဖူရှင်းက စောစီးစွာ ထွက်လာသည်။ ကုယွန်ချီနှင့် အချိန်ကြာကြာ စကားပြောရန် လွယ်ကူမည် မဟုတ်ပေ။
“ရီဖူရှင်း…” ဝမ်ယွီရိုက ထရပ်ကာ အော်လိုက်သည်။ ရီဖူရှင်းက သူမကို ကြည့်လျှင် သူမက မေးသည်…“မနက်ဖြန် ကြယ်မင်းကျောင်းကို စာမေးပွဲဖြေဖို့ သွားမလား…”
“မသွားဘူး…” ရီဖူရှင်းက ခေါင်းယမ်းသည်။
“ဘာလို့လဲ…” ဝမ်ယွီရိုက မေးသည်။
“နတ်ဗိမာန် အိမ်တော်မှာ လေ့ကျင့်တာက အဆင်ပြေတယ်…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။
“ဘယ်လောက် အရှက်မရှိလဲ…” ဝမ်ယွီချန်းက ရီဖူရှင်းကို အေးစက်စွာ ကြည့်သည်။
ရီဖူရှင်းက သူမကို ကြည့်ကာ မျက်မှောင်ကြုတ် လိုက်သည်။ ဝမ်ယွီချန်းက ပြောသည်…“နင်နဲ့ အစ်မကြားမှာ နားလည်မှု လွဲနေတယ်လို့ ငါထင်တယ်… နင်က ဘာလို့ မရှင်းပြတာလဲ…”
“ရှင်းပြရမယ်…” ရီဖူရှင်းက ခေါင်းယမ်းသည်…“ငါနဲ့သူနဲ့ ရင်းနှီးလို့လား…” ထို့နောက် သူက ပြုံးလျက် ပြောသည်…“ငါ သွားလိုက်ဦးမယ်…” ထို့နောက် သူက အမှန်ပင် နောက်လှည့်ကာ ထွက်သွားသည်။
***