Switch Mode

အခန်း ( ၁၀၅ )

ရှုံးရွာသူရွာသားများ တုတ်ခိုင်သန်မာနေရခြင်း၏ လျှို့ဝှက်ချက်အစစ်

လက်ဝါးအရိပ်၊ ပုဆိန်များ၊ လက်မောင်းကြီးများ…

‘ ဒါတွေက… ’
လီချန်ရှို့သည် အာဒိကပ္ပလောကတွင် ထူးချွန်သောသူများ အမြောက်အမြားရှိကြောင်း အမြဲသိရှိခဲ့ပြီးဖြစ်သည်။ သူသည် သာမန် လူသားချီကျင့်ကြံသူလေးတစ်ဦးသာ ဖြစ်သည်။

သို့သော် သူ၏ ခန့်မှန်းချက်များ တက်တက်စင်လွဲသွားနိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

ရုပ်တုဘေးတွင် လူသန်ကြီးတစ်ဦးသည် သူ၏ ပါးစပ်ကိုဟ၍ ရွှေရောင်အလင်းများ ထုတ်နေ၏။ ထိုအလင်းများသည် လက်ကြီးတစ်ဖက်အဖြစ် စုစည်းသွားပြီး ပုဆိန်ကြီးကို ကိုင်ကာ လီချန်ရှို့၏ လက်ဝါးအရိပ်ကြီးကို တိုက်ခိုက်လိုက်ခြင်းပင်။

ထိုအခိုက်တွင်…
လီချန်ရှို့၏ ရှုံးရွာအပေါ် ခန့်မှန်းနားလည်ထားမှုများ လုံးဝပျက်ပြားသွားလေတော့သည်။

အစက သူသည် ရှုံးရွာတွင် မူမမှန်သည့်အရာတစ်ခုခု ရှိရမည်ဟု ထင်ခဲ့သည်။ သို့သော် သူသည် ကောင်းကင်ပြစ်ဒဏ်ခံယူပြီးခါစဖြစ်၍ ကျင့်ကြံခြင်းအဆင့် အခြေခိုင်အောင် လုပ်နေရခြင်းဖြင့်သာ အလုပ်ရှုပ်နေခဲ့၏။ ထို့ကြောင့် ခေတ္တမျှသာ လေ့လာခဲ့ပြီးနောက် သူ တိတ်တဆိတ်ထွက်ခွာသွားခဲ့ခြင်းပင်။

ထို့နောက် ရှုံးရွာသူရွာသားများသည် ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများ တည်ထောင်၍ ချမ်းသာကြွယ်ဝလာအောင်လုပ်မည့် အစီအစဉ်ကို အကောင်အထည်ဖော်ခဲ့၏။ သူတို့သည် တဖြည်းဖြည်းဖြင့် ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများကို လက်ရှိအခြေအနေထိ တိုးတက်လာအောင် လုပ်ခဲ့လေသည်။

ထိုကာလအတွင်း၌ လီချန်ရှို့သည် ရှုံးရွာမှ ရွာသူရွာသားများကို မကြာခဏ အာရုံခံခဲ့၏။ သို့သော် ထိုလူများသည် ခန္ဓာကိုယ် တုတ်ခိုင်သန်မာသူများဆိုသည့် သိသာထင်ရှားသော အချက်မှလွဲ၍ အခြား သံသယဝင်စရာများကို မတွေ့ခဲ့ပေ။ ထိုလူများသည် အနည်းငယ် လောဘကြီးသည်ဟုသာ သူထင်ခဲ့၏။

တစ်ခါတရံ ထိုလူများ၏ ရိုးရိုးအအပုံစံကို အာရုံခံမိသောအခါ တချို့လူများသည် ကြင်နာရိုးသား၍ ရိုးရှင်းသောဘဝကို ဖြတ်သန်းနေကြသည်ဟုပင် သူထင်မိခဲ့သေးသည်။

ဤအခြင်းအရာကို သူမျှော်လင့်မထားခဲ့ပေ…

သူ လုံးလုံးမျှော်လင့်မထားခဲ့ပေ…

သူသည် ထိုရိုးအသည့်ဟန်ရှိသော လူများ၏ လှည့်ဖျားမှုကို နှစ်ပေါင်းများစွာ ခံခဲ့ရလေသည်။

လီချန်ရှို့သည်လည်း သူ၏ အစွမ်းများကို ဖုံးကွယ်ထားတတ်သူတစ်ယောက်ဖြစ်သော်ငြား ရှုံးရွာသားများနှင့် ယှဉ်လိုက်လျှင် သူသည် သေချာပေါက် အောက်ခြေအဆင့်မှာသာ ရှိပေလိမ့်မည်။ ထိုလူများသည် သူ့ကို ထိုနေရာတွင် အနိုင်ယူသွားလေသည်။

တောင်သမုဒ္ဒရာရှိ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများကို ‘ ခန့်မှန်းမရ ဘုံကျောင်း ’ ဟုပင် အမည်ပြောင်းပစ်ဖို့ ကောင်းပေသည်။

ရှုံးရွာမှ ယောက်ျား၊ မိန်းမ၊ လူကြီး၊ လူငယ် မရွေး ဟန်ဆောင်တတ်ကြ၏။ လီချန်ရှို့ဝင်ရောက် ပုန်းအောင်းနေခဲ့သော မိစ္ဆာငါးကြီးကိုလည်း လီချန်ရှို့ရှိနေမှန်းသိ၍ သူတို့ တမင်ဖမ်းခဲ့ခြင်း ဖြစ်နိုင်ပေသည်။

ထိုအခိုက်တွင် လီချန်ရှို့၏ နှလုံးသားထဲတွင် စကားလုံးခြောက်လုံးဖြင့်သာ ပြည့်နေလေတော့၏။
‘ အကြံသမားတွေပဲ ’

သို့ရာတွင် လီချန်ရှို့ မတုန်လှုပ်သွားခဲ့ပေ။ သူ အနည်းငယ် အံ့အားသင့်သွားသော်လည်း သူ၏ အခြေအနေများကို သုံးသပ်နိုင်စွမ်းအပေါ် မထိခိုက်သွားစေပေ။

လီချန်ရှို့သည် စက္ကူကိုယ်ပွားကို ထိန်းချုပ်၍ နောက်သို့ အလွန်လျင်မြန်စွာ ပြန်ဆုတ်စေလိုက်သည်။ သို့သော် လက်ဝါးအရိပ်ကြီးကို ဖျက်ဆီးခဲ့သော လက်ကြီးသည် ပုဆိန်ကြီးကို ကိုင်၍ စက္ကူကိုယ်ပွား တာအိုရသေ့အနောက်သို့ လိုက်လာလေသည်။

ထိုမြင်ကွင်းသည် ရှင်းပြ၍မရနိုင်လောက်အောင် ထူးဆန်းပေ၏။

လူသန်ကြီးတစ်ဦးသည် သူ၏ ပါးစပ်ကိုဟ၍ ရွှေရောင်အလင်းများကို ထုတ်ခဲ့၏။ ထိုအလင်းများသည် လက်ကြီးတစ်ခုနှင့် ပုဆိန်ကြီးတစ်ခုအဖြစ် စုစည်းသွား၏။ ထိုလက်ကြီးသည် သက်ရှိတစ်ကောင်နှယ် တာအိုရသေ့၏ နောက်သို့ လိုက်၍ ပုဆိန်ဖြင့် ခုတ်နေလေသည်။

ခုတ်ချက်များသည် အလွန်နှေးကွေးသည်ဟု ထင်ရသော်လည်း ထူးဆန်းသော မထင်မရှား တာအိုသင်္ကေတများကို လီချန်ရှို့ အာရုံခံမိလိုက်၏။ ခုတ်ချက်များသည် နှေးသည်ဟုထင်ရသော်လည်း အမှန်တွင် လျင်မြန်ပေသည်။ ခုတ်ချက်သည် အားပျော့သည်ဟုထင်ရသော်လည်း အားပြင်းလေသည်။

ထိုအတတ်သည် လီချန်ရှို့သိသော တာအိုအတတ်များ၊ မှော်အတတ်များနှင့် လုံးလုံးလျားလျား ကွဲပြားနေ၏။ လီချန်ရှို့သည် ခုတ်ချက်များတွင် အားပါသည်ဟုပင် မခံစားရသော်လည်း ထိုပုဆိန်ကြီး၏ အစွမ်းကို အထင်မသေးဝံ့ပေ။

တာအိုရသေ့သည် လေထဲတွင် လျင်မြန်စွာ ဘေးဘယ်ညာရွေ့၍ ပုဆိန်ခုတ်ချက်များကို လွတ်သည်ဆိုရုံသာ ရှောင်နေလေသည်။ သို့သော် သူ၏နောက်ရှိ တောင်ကုန်းပေါ်တွင် ကျန့်(၁၀၀)ရှည်လျားသော အက်ကြောင်းတစ်ခု ပေါ်လာလေသည်။

သူ၏ နတ်အာရုံသည် ထိုအရာကို အာရုံခံမိလိုက်၏။ သူ့ဘေးတွင် အလင်းတန်းနောက်တစ်ခု တောက်ပစွာ ထွက်ပေါ်လာလေ၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် တာအိုရသေ့သည် ကောင်းကင်ပေါ်သို့ ထိုးတက်သွားသည်။ မြားတစ်ချောင်းသည် သူ၏ ခြေထောက်အောက်မှ ဖြတ်သန်းသွားလေတော့သည်။ ထိုမြား၏ အစွမ်းသည် လီချန်ရှို့၏ နတ်တန်ခိုးများပါသည့် စက္ကူကိုယ်ပွားကိုပင် ဖောက်ထွက်သွားနိုင်သည့် အစွမ်းရှိလေသည်။

တာအိုရသေ့သည် အောက်သို့ငုံ့ကြည့်လိုက်ရာ အခြားလူသန်ကြီးတစ်ဦးတွင်လည်း ထူးဆန်းသည်များဖြစ်ပေါ်နေကြောင်း တွေ့လိုက်ရ၏။

ထိုလူသန်ကြီးသည် ပါးစပ်အတွင်းမှ အလင်းများထုတ်၍ လက်ကြီး၊ ပုဆိန်ကြီးအဖြစ် ပြောင်းခဲ့ခြင်းမဟုတ်ပေ။ သူ၏ နဂိုက တုတ်ခိုင်သော လက်ကြီးနှစ်ဖက်သည် ယခုတွင် သာမန်လူတစ်ယောက်၏ လက်အရွယ်အစားအတိုင်း ဖြစ်နေလေသည်။ ထိုလက်နှစ်ဖက်သည် ဖန်သားကဲ့သို့ ကြည်လင်တောက်ပနေ၏။

ထို့နောက် ထိုလူသန်ကြီး၏ လက်နှစ်ဖက်သည် လေးနှင့်မြားအသွင် ပြောင်းသွားလေ၏။ အမှန်တွင် လက်မှထွက်နေသော အလင်းတန်းများက လေးရှည်ကြီးတစ်ချောင်နှင့် မြားများအဖြစ် စုစည်းသွားခြင်းပင်။

တာအိုရသေ့သည် တိမ်များအကြားသို့ လျင်မြန်စွာပျံသန်းသွားလိုက်ပြီး ချက်ချင်းပင် ဘယ်ညာယိမ်း၍ ရှောင်လိုက်ရသည်။ သူသည် မြားများကို ရှောင်နိုင်သည်ဆိုရုံသာ ရှောင်နိုင်လိုက်၏။

မြားများသည် တိမ်ဖြူများကို ဖောက်ထွက်သွားပြီး ကောင်းကင်ပေါ်တွင် ပေါက်ကွဲသွားလေသည်။

တာအိုရသေ့သည် ကောင်းကင်ပေါ်တွင် ဆက်၍ ပျံသန်းနေဆဲပင်။ သူသည် မြားများပေါက်ကွဲသွားသည့် အမြင့်ထက် ပို၍ မြင့်သွားသောအခါ အောက်မှ လူများသည် တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်၏။

သူ ငုံ့ကြည့်လိုက်ရာ အနက်ရောင်ဝတ်စုံများ ဝတ်ဆင်ထားသော လူသန်ကြီးများသည် သူတို့၏ လက်ထဲရှိ လက်နက်များကို ဝှေ့ယမ်း၍ တန်ခိုးစွမ်းအားများအား ထုတ်ပြနေသည်ကို တွေ့လိုက်ရ၏။ သူတို့သည် စက္ကူကိုယ်ပွား တာအိုရသေ့ကို “ဝူး” ဟူသော အသံများပြု၍ လှောင်ပြောင်နေကြလေသည်။

ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများ ပျံ့ပွားအောင် လုပ်ခဲ့သည့် ကာလအတွင်း ရှုံးရွာသူရွာသားများသည် နေရာအနှံ့ ခရီးသွားခဲ့ရ၏။ ထို့ကြောင့် သူတို့သည် အတွေ့အကြုံများ၊ ဗဟုသုတများ ရှိနေပေပြီ။

သူတို့သည် ရှုံးရွာမှ ရိုးသားသော ရွာသူရွာသားများ မဟုတ်ကြတော့ပေ။

ပျံသန်းနိုင်သော ချီကျင့်ကြံသူများကို ယခင်က သူတို့ တွေ့ခဲ့ပါက ထိုကျင့်ကြံသူများကို နတ်မင်းများအဖြစ် ယူဆကာ ဒူးထောက်ပြီး ကောင်းချီး‌ပေးရန် တောင်းဆိုကြပေလိမ့်မည်။

ယခုတွင်မူ သူတို့သည် ပင်လယ်စောင့်နတ်မင်း၏ စက္ကူကိုယ်ပွားကိုပင် ကောင်းကင်‌ပေါ်သို့ ထွက်ပြေးအောင် လုပ်နိုင်ခဲ့ပေပြီ။ တာအိုရသေ့သည် ကောင်းကင်ပေါ်မှ ပြန်မဆင်းလာဝံ့ပေ။ သူတို့သည် မြေပေါ်တွင် လှောင်ပြောင်ရယ်မော၍ ကြိမ်းမောင်းဆဲဆိုနေကြ၏။
“ ဆင်းခဲ့လေကွာ… ငကြောက်ကြီး ”

“ မင်းက ပရိယာယ်တွေ သုံးနေတာပဲ… မင်းမှာသာ တကယ်အစွမ်းရှိရင် အောက်ကိုဆင်းလာပြီး ငါနဲ့လာတိုက်လေ… ”
ထိုအခိုက်တွင် အံ့အားသင့်နေသူမှာ လီချန်ရှို့တစ်ယောက်တည်း မဟုတ်ပေ။ အောက်ရှိ ကိုးကွယ်သူများသည်လည်း အံ့အားသင့်နေကြ၏။

ဝက်ဝံနက်သားရေ ဝတ်ရုံကြီးကို ဝတ်ဆင်ထားသော ရွာလူကြီးသည် လျင်မြန်စွာ တုံ့ပြန်လိုက်၏။

ရွာလူကြီးသည် မျက်လုံးပင့်၍ အော်ပြောလိုက်၏။
“ ဒါက ပင်လယ်စောင့်နတ်မင်း တန်ခိုးပြတာပဲ။ ပင်လယ်စောင့်နတ်မင်းက တန်ခိုးပြပြီး သူ့ရဲ့ နတ်တမန်တော်တွေကို နတ်အစွမ်းတွေ ချီးမြှင့်လိုက်တာပဲ။ အခုလို ကောင်းချီးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင်ပင်လယ်စောင့်နတ်မင်း ခင်ဗျား… ပင်လယ်စောင့်နတ်မင်းရဲ့ တန်ခိုးအစွမ်းကို ဘယ်သူမှ အံတုလို့မရဘူး… ”

ရုတ်တရက်ကြီး ‌ပတ်ဝန်းကျင်ရှိ ကိုးကွယ်သူများသည် ထ၍အော်ဟစ်လိုက်ကြ၏။ သူတို့၏ အသံများသည် ဆူနာမီလှိုင်းလုံးကြီးများ၏ အသံကဲ့သို့ပင် ကျယ်လောင်စွာ ထွက်ပေါ်လာလေ၏။

ထိုလူအုပ်သည် ပင်လယ်စောင့်နတ်မင်း၏ ရုပ်တုကို ထပ်မံ ကန်တော့လိုက်ကြ၏။ ထိုလူများ၏ မျက်လုံးများအတွင်း၌ စိတ်အားထက်သန်သော အရိပ်အယောင်များ ရှိနေလေသည်။ ထိုမြင်ကွင်းသည် အံ့ဩဘနန်းပင်။

‘ ဒီလိုလည်း ရတာပဲလား… ’
လီချန်ရှို့ ရယ်ရအခက် ငိုရအခက် ဖြစ်သွား၏။ လီချန်ရှို့သည် ထိုနေရာသို့ စက္ကူကိုယ်ပွားများ လွှတ်လိုက်ရခြင်းမှာ ပင်လယ်စောင့်နတ်မင်းဆိုသည်မှာ မရှိကြောင်း ထိုကိုးကွယ်သူများကို ပြောလို၍ ဖြစ်သည်။

သူသည် ယနေ့အစီအစဉ်အတွက် သေချာပြင်ဆင်ခဲ့၏။ ထိုနေရာတွင်ရှိသော ကိုးကွယ်သူများ၏ အသက်အန္တရာယ် မထိခိုက်စေရန် လာရောက်တိုက်ခိုက်သော စွမ်းအားကြီး မိစ္ဆာနှစ်ဖွဲ့ကိုပင် သူသတ်ပေးခဲ့ရ၏။

သို့သော် နောက်ဆုံးတွင် သူသည် သူ၏ဘုံကျောင်းမှ နတ်တမန်တော်များ၏ လိုက်လံတိုက်ခိုက်ခြင်းကို ခံခဲ့ရလေသည်။ မည်မျှရယ်ရသည့် အဖြစ်အပျက်ပေနည်း။

ထိုအဖြစ်အပျက်သည် လောကအတွင်း၌ အရယ်ရဆုံး ဟာသဖြစ်ပေလိမ့်မည်။

သူသည် သမိုင်းတစ်လျှောက်လုံးတွင် ရှက်စရာအကောင်းဆုံး နတ်မင်းတစ်ပါးဖြစ်ပေလိမ့်မည်။

ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများသည် မမြင်နိုင်သော အန္တရာယ်များဖြစ်လာပြီး နောင်တွင် အကုသိုလ်များရလာမည့် နေရာများဖြစ်သည်ဟု လီချန်ရှို့တွေးခဲ့၏။ ထို့ကြောင့် သူသည် ဤကိစ္စကို စောနိုင်သမျှ စောစောဖြေရှင်းရန် ဆုံးဖြတ်ခဲ့ခြင်းပင်။

သို့သော် ယခုတွင် သူသည် ရှုံးရွာသူရွာသားများ၏ အသုံးချမှုကို ခံခဲ့ရသူတစ်ဦး ဖြစ်နေပေပြီ။ ထိုသူများသည် လွန်စွာ အကျင့်မကောင်းသူများ ဖြစ်ကြ၏။

ကောင်းကင်ပေါ်ရှိ စက္ကူကိုယ်ပွား တာအိုရသေ့၏ မျက်လုံးများထဲတွင် ရက်စက်သည့် အရိပ်အယောင်များ လက်သွားလေသည်။ သူသည် ကြွေပုလင်းနှစ်လုံးကို ထုတ်ယူလိုက်၏။

သို့သော် သူ ထိုသို့လုပ်ခဲ့လျှင် အလကားသပ်သပ် ကိုယ့်ဒုက္ခကိုယ်ရှာသလိုသာ ဖြစ်သွားမည်ဖြစ်ကြောင်း ပြန်တွေးမိလိုက်၏။

ထို့ပြင် ရှုံးရွာ၏ နောက်ကွယ်တွင် ကြောက်မက်ဖွယ်ကောင်းသော ပုဂ္ဂိုလ်တစ်ဦးလည်း ရှိနေနိုင်သေး၏။ သူသည် ထိုသူများ၏ နောက်ကြောင်းကို အရင်ဆုံး စုံစမ်းရပေမည်။

လီချန်ရှို့သည် သေးငယ်သော အချက်ကလေးတစ်ခုကို သတိထားမိလိုက်၏။ မကြာသေးခင်က ပါးစပ်ဟ၍ လက်ကြီးနှင့် ပုဆိန်ကြီးကို ထုတ်ခဲ့သော လူသန်ကြီးသည် ရုပ်တု၏ဘေးတွင် ငေးမှိုင်၍ ထိုင်နေလေသည်။ လက်များကို သာမန်လူ၏ လက်အရွယ်အစားအတိုင်းပြောင်းခဲ့သော လူသန်ကြီးသည်လည်း သူ၏ လက်များကို မ၍မရတော့သဖြင့် တွဲလောင်းချထားရလေသည်။
‘ ဒါက မျိုးနွယ် အစွမ်းတွေဖြစ်နေမလား ’

‘ ဒါပေမဲ့ လူသားတွေက ဘယ်လိုလုပ် မျိုးနွယ် အစွမ်းတွေရှိနိုင်မှာလဲ ’
လီချန်ရှို့၏ ခေါင်းထဲတွင် အတွေးတစ်ချက်လက်သွားသည်။ သူသည်‌ အောက်ရှိ အစွမ်းများထုတ်ပြနေသော လူသန်ကြီးများကို ကြည့်၍ ရှေးဟောင်းမျိုးနွယ်တစ်ခုကို အမှတ်ရသွား၏။

ပန်ကူးနတ်ဘုရားသည် ကောင်းကင်နှင့် မြေကြီးကို ခွဲခြားပြီးသောအခါ သူ၏ မူလဝိညာဉ်သည် တန်ခိုးရှင်သုံးပါးကို မွေးထုတ်ပေးခဲ့၏။ သူ၏သွေးသည်လည်း မျိုးနွယ်တစ်ခုကို မွေးထုတ်ပေးခဲ့သည်။ ထိုမျိုးနွယ်ကား စုန်းကဝေမျိုးနွယ်ပင်။

စုန်းကဝေမျိုးနွယ်များသည် ရှေးခေတ်တွင် တဖြည်းဖြည်း အင်အားကြီးထွားလာခဲ့သည်။ သူတို့သည် ကုသိုလ်ကောင်းမှုများ၏ ကာကွယ်ပေးမှုကို ခံခဲ့ရပြီး ပန်ကူးနတ်ဘုရား၏ နတ်တန်ခိုးအနည်းငယ်ကိုလည်း အမွေဆက်ခံခဲ့ရလေသည်။ ရှေးဟောင်းစုန်းကဝေဆယ့်နှစ်ဦးသည် လေ၊မိုး တို့ကိုဆင့်ခေါ်နိုင်သော အစွမ်းရှိခဲ့ကြပြီး ရှေးဟောင်းဥပဒေသများကိုလည်း ထိန်းချုပ်နိုင်ခဲ့သည်။ စုန်းကဝေမျိုးနွယ်ထဲတွင် တန်ခိုးစွမ်းအားကြီးသော စုန်းကဝေများနှင့် စုန်းကဝေစစ်သည်များ မရေမတွက်နိုင်အောင် ပေါ်ထွန်းခဲ့လေသည်။

နဂါး-ဇာမနီ စစ်ပွဲကြီးပြီးဆုံးသွားချိန်တွင် စုန်းကဝေမျိုးနွယ်သည် မျိုးနွယ်တစ်ရာကျော်ထဲတွင် အင်အားအကြီးဆုံး မျိုးနွယ်ဖြစ်ခဲ့၏။

ထို့ကြောင့် သူတို့သည် မာန်မာနထောင်လွှားလာကာ အခြားမျိုးနွယ်များကို အနိုင်ကျင့်ခဲ့လေသည်။ ကျန် မျိုးနွယ်တစ်ရာကျော်သည် မကျေမနပ်ဖြစ်လာပြီး အင်အားပူးပေါင်းခဲ့၏။ နေမင်းမှ ဖွားမြင်သော အရှေ့ဧကရာဇ် ထိုက်ရိနှင့် သိကျွင်းတို့သည် ရွှေကျီးမျိုးနွယ်ကို ဦးဆောင်ခဲ့၏။ သူတို့သည် သူတို့ကိုယ်သူတို့ တန်ခိုးရှင်များဟု သမုတ်၍ စုန်းကဝေမျိုးနွယ်နှင့် နှစ်ပေါင်းများစွာ ကြာအောင် တိုက်ခိုက်ခဲ့သည်။

ထို့နောက် ထိုတန်ခိုးရှင်ဆိုသူများကို မိစ္ဆာများအဖြစ် ပြောင်းလဲခေါ်ခဲ့ကြသည်။ အရှေ့ဧကရာဇ်နှင့် သိကျွင်းတို့သည် သူတို့ကိုယ်သူတို့ မိစ္ဆာဧကရာဇ်နှစ်ပါးအဖြစ် ဂုဏ်ပုဒ်ပေးခဲ့ကြပြီး ပုကျိုးတောင်တွင် မိစ္ဆာခုံရုံးများကို တည်ထောင်ခဲ့ကြသည်။

စုန်းကဝေမျိုးနွယ်နှင့် မိစ္ဆာမျိုးနွယ်တို့ တိုက်ပွဲကြီး သုံးပွဲဆင်နွှဲပြီးနောက် မျိုးနွယ်နှစ်ခုလုံး၏ ပျက်ဆီးခြင်းအဖြစ်သို့ ရောက်ရလေတော့သည်။ ထိုနောက်တွင်မူ လူသားမျိုးနွယ် အင်အားကြီးလာလေ၏။

လူသားမျိုးနွယ်နှင့် မိစ္ဆာမျိုးနွယ်တို့အကြားရှိ ချေဖျက်၍ မရနိုင်သော ရန်ငြိုးများကြောင့် စုန်းကဝေများသည် စုန်းကဝေ-မိစ္ဆာ တတိယစစ်ပွဲကြီးမဖြစ်ခင် ကာလရှည်ကြီး၌ လူသားမျိုးနွယ်များနှင့် လက်ဆက်ခဲ့၏။ ထို့ကြောင့် စုန်းကဝေတစ်ပိုင်း လူတစ်ပိုင်း စုန်းကဝေလူသားများ မွေးဖွားလာခဲ့လေသည်။

စုန်းကဝေ-မိစ္ဆာစစ်ပွဲကြီး ပြီးဆုံးသွားသောအခါ စုန်းကဝေမျိုးနွယ်သည် မြောက်ကျွန်းတွင် ချိတ်ပိတ်ခြင်းခံခဲ့ရသည်။ မိစ္ဆာများသည် ကျွန်းကြီးများ၏ နယ်စပ်ဒေသများတွင် အခြေချခဲ့ကြ၏။ စုန်းကဝေလူသားများသည် လူသားများ၏ အစွမ်းအပြင် စုန်းကဝေများ၏ အစွမ်းများကိုလည်း ပိုင်ဆိုင်ခဲ့ကြသည်။ ထို့ကြောင့် သူတို့သည်လည်း အစွမ်းကြီးခဲ့ကြ၏။ သို့သော် ရှေးခေတ်အဆုံးပိုင်းလောက်၌ လူသားမျိုးနွယ် အင်အားကြီးလာသောအခါတွင် ရမ်းကားသော စုန်းကဝေလူသားများကို နှိမ်နင်းခဲ့ကြသည်။

အထင်ရှားအကျော်ကြားဆုံး တိုက်ပွဲများအနက်မှ တစ်ခုမှာ ရွှေဧကရာဇ် ရွှမ်ယွမ်နှင့် ချီယိုတို့အကြားမှ ယွင်သွမ်းတိုက်ပွဲဖြစ်သည်။

ထို့နောက်တွင်မူ စုန်းကဝေလူသားများသည် တဖြည်းဖြည်း ပျောက်ကွယ်သွားလေတော့သည်။

‘ အဲဒီလိုများ ဖြစ်နေမလား… ’
လီချန်ရှို့သည် အောက်ရှိ လူသန်ကြီးများကို အာရုံခံလိုက်ပြီးနောက် သဘောပေါက်သွားလေ၏။
‘ ဒီလူတွေက တကယ်ပဲ ရှေးဟောင်း စုန်းကဝေလူသားတွေရဲ့ မျိုးဆက်တွေများလား… ’

‘ စုန်းကဝေလူသားဘိုး‌ဘေးအချို့က တောင်သမုဒ္ဒရာ ကမ်းရိုးတန်းနားမှာလာပုန်းနေလို့ စုန်းကဝေလူသားတွေရဲ့ ဘေးဒုက္ခကနေ လွတ်မြောက်ခဲ့တာလား။ ဒီတော့ အဲ့မျိုးနွယ်က အခုထိရှိနေသေးတာပေါ့လေ… ’

‘ ကျွတ်… တွေးကြည့်လေလေ ဖြစ်နိုင်ချေများလေလေပဲ… ’
လီချန်ရှို့သည် စက္ကူကိုယ်ပွား တာအိုရသေ့ကို လက်တွင်းရှိ ကြွေပုလင်းများအား ပြန်သိမ်းစေလိုက်သည်။ ထို့နောက် မျက်မှောင်ကြုတ်၍ အောက်ရှိ အခြေအနေများကို လေ့လာလိုက်သည်။

အခြေအနေများသည် ပို၍ ရှုပ်ထွေးလာပေပြီ။

စုန်းကဝေ-မိစ္ဆာစစ်ပွဲကြီး အတွင်း၌‌ လောကအတွင်းရှိ သက်ရှိ အမြောက်အမြား သေဆုံးခဲ့ရလေသည်။ သေဆုံးသွားသူများ၏ အထီးကျန်ဝိညာဉ်များသည် အာကာတစ်ပြင်လုံးတွင် လေလွင့်နေပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ရသည်။

‌ရှေးဟောင်းဘိုးဘေး စုန်းကဝေတစ်ဦးဖြစ်သော သူတော်စင်ဧကရီသည် ထိုမြင်ကွင်းများကို ဆက်၍ မကြည့်နိုင်တော့ချေ။ ထို့ကြောင့် သူမသည် သူမကိုယ်သူမ စတေး၍ ပြန်လည်ဝင်စားခြင်း လမ်းကြောင်းခြောက်သွယ်အဖြစ် ပြောင်းလဲခဲ့လေသည်။

ထို့ကြောင့် ယနေ့ခေတ်ရှိ သက်ရှိများသည် ထိုသူတော်စင်ဧကရီအပေါ် အကြွေးတင်နေကြ၏။ ထို့ပြင် စုန်းကဝေမျိုးနွယ်မှ လက်ကျန် စုန်းကဝေအချို့သည်လည်း မြေအောက်လောကသို့ သွားကာ တာဝန်ထမ်းဆောင်နေကြလေသည်။

ရှုံးရွာမှ ရွာသူရွာသားများ ထိုကဲ့သို့ မှော်အစွမ်းများ သုံးနိုင်ခြင်းကို ကြည့်လျှင် သူတို့၏ ခန္ဓာကိုယ်အတွင်းရှိ စုန်းကဝေသွေးများသည် မနည်းကြောင်း သိရှိနိုင်ပေသည်။

လီချန်ရှို့သည် ထိုကိစ္စကို ဆက်တွေးတောနေ၏။ ထို့‌နောက် ထိုရှုံးရွာသူရွာသားများအား ကိုင်တွယ်ရမည့် နည်းလမ်းကို ရရှိသွားလေတော့သည်။

အားအင်မဲ့နတ်ဆေးများနှင့် မန္တန်အစီအရင်များသည် သူအလိုရှိသည့် အရာကို ပေးစွမ်းနိုင်စွမ်းရှိ၏။ သို့သော် ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများကို ဖြိုလှဲမည့် ပထမအစီအစဉ်သည် ပျက်ဆီးသွားပေပြီ။

သူသည် ရှုံးရွာတစ်ခုလုံးကို မဖျက်ဆီးပစ်လိုသ၍ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများသည် သေမျိုးများအကြားတွင် ဆက်၍ တိုးပွားလာမည်သာဖြစ်သည်။

ထိုအခိုက်တွင် အနောက်မြောက်အရပ်မှနေ၍ ကြီးမားသော နောက်ထပ် တိမ်မည်းကြီးတစ်ခု လာနေသည်ကို လီချန်ရှို့ ရုတ်တရက် အာရုံခံမိလိုက်သည်။

ထိုတိမ်မည်းအတွင်း၌ မိစ္ဆာခြောက်ကောင်ပါပြီး အာကာတစ်ခွင်လုံးတွင် သူတို့၏ မိစ္ဆာအ‌ရောင်အဝါများ လွှမ်းခြုံနေလေသည်။

သူတို့သည် ထုံးစံအတိုင်းပင် စိတ်ကြီးဝင်နေကြ၏။ တစ်စုံတစ်ယောက်သည် အခွင့်အရေးကို လက်လွှတ်မခံလိုသည့် ပုံပေါ်၏။ သူတို့သည် ပင်လယ်စောင့်နတ်မင်းပွဲတော်ကို အသုံးချ၍ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများကို ဖျက်ဆီးလိုကြပေသည်။

လီချန်ရှို့ အနည်းငယ် စိတ်ပျက်သွားသည်။ သူသည် ထိုမိစ္ဆာများနှင့် ရည်ရွယ်ချက်တူသော်လည်း သေမျိုးကိုးကွယ်သူများကို အကြောင်းမဲ့ အထိခိုက်ခံစေ၍ မရပေ။

‘ အင်း… ဒီရှုံးရွာကတော့ကွာ… ’
လီချန်ရှို့သည် စက္ကူကိုယ်ပွား တာအိုရသေ့ကို ထိန်းချုပ်လိုက်ပြီး အောက်သို့ ရုတ်ခြည်းဆင်းစေလိုက်သည်။ သူသည် မြားများကို ရှောင်လိုက်ပြီး အနောက်မြောက်ဘက်သို့ ဦးတည်ပျံသန်းသွားလိုက်လေသည်။

သူသည် အသံပြောင်းအတတ်ကို လျှို့ဝှက်၍ သုံးလိုက်ပြီး အောက်ရှိ ဝက်ဝံနက်ဝိညာဉ်တစ်ကောင်နှင့်တူသော ရွာလူကြီး၏ အသံကိုတုပကာ ရှုံးရွာမှ လူများ၏ နားအတွင်းသို့ အော်ပြောလိုက်၏။
“ လိုက်ကြ… ”

“ သူ့ကို မလွတ်စေနဲ့… ”
ရုတ်တရက် လူသန်ကြီး တစ်ရာကျော်သည် တစ်ပြိုင်တည်း ပြေး၍လိုက်,လိုက်ကြလေသည်။ သူတို့၏ တုံ့ပြန်မှုသည် သွက်လက်လှပေ၏။

“ ငါဘာလို့ စကားပြောလိုက်တာလဲ ”
ရွာလူကြီး ကြောင်သွားသည်။ ထို့နောက် သူသည် လျင်မြန်စွာ ပြန်အော်လိုက်ပြီး လူအများစုကို တားလိုက်၏။

သို့သော် လူသန်ကြီး နှစ်ဆယ်ခန့်သည် လျင်မြန်စွာပြေးလိုက်သွားသဖြင့် ရွာလူကြီး၏ တားဆီးလိုက်သံကို မကြားတော့ပေ။ သူတို့သည် တိမ်မည်းကြီးလာနေသည့် အနောက်မြောက်အရပ်သို့ ပြေး၍ တာအိုရသေ့နောက်သို့ လိုက်နေကြ၏။ သူတို့သည် အထိန်းအကွပ်မဲ့ အော်ဟစ်နေကြလေသည်။

သူတို့၏ အမြန်နှုန်းသည် နတ်ဝိဇ္ဇာမဖြစ်သေးသော သာမန်ကျင့်ကြံသူများထက် ပို၍ မြန်၏။ စုန်းကဝေများသည် အပြေးတော်ကြ၏။ လီချန်ရှို့သည် စုန်းကဝေလူသားဟု ထင်ရသော လူသန်ကြီးများကို လျှို့ဝှက် အာရုံခံနေပေသည်။ တချိန်တည်းမှာပင် မိစ္ဆာခြောက်ကောင်ကို သတ်ရန်လည်း ပြင်ဆင်နေလိုက်၏။

သူသည် ရှုံးရွာမှ နတ်တမန်တော်များ မည်မျှသန်မာကြောင်းကို သိလိုပေသည်။ ထို့ပြင် ထိုသူများသည် မိစ္ဆာခြောက်ကောင်ကို ခြောက်လှန့်နိုင်မလားကိုလည်း သိချင်နေ၏။

သို့ရာတွင်…

လီချန်ရှို့၏ နတ်အာရုံသည် တောင်ဘက်မှ လာနေသော တိမ်မည်းတစ်အုပ်ကို ထပ်၍ အာရုံခံမိလိုက်၏။

‘ ဒီ‌နေ့ဘာတွေဖြစ်နေတာလဲ… ဘာမှမဟုတ်တဲ့ ပင်လယ်စောင့်နတ်မင်းပွဲတော်လေးတစ်ခုက လူတော်တော်များများရဲ့ အာရုံစိုက်မှုကို ခံနေရတာပဲ… ’
တောင်ဘက်ရှိ သမုဒ္ဒရာအတွင်းမှနေ၍ တိမ်မည်းတစ်အုပ်သည် အန်းရွှေမြို့ဆီသို့ လာနေ၏။

ထိုတိမ်မည်းကို စီးလာသောသူများမှာ မိစ္ဆာများမဟုတ်ချေ။ ထိုတိမ်မည်းကြီးပေါ်တွင် တောင်သမုဒ္ဒရာ နဂါးနန်းတော်၏ ထိပ်တန်းစစ်သည်များဖြစ်သော ရေနဂါးစစ်သည်များသည် အတန်းလိုက် ရပ်နေကြသည်။

လီချန်ရှို့သည် ခေတ္တမျှတွေးတောလိုက်ပြီး ထိုသူများကို အရေးမစိုက်ရန် ဆုံးဖြတ်လိုက်လေသည်။ သူသည် စက္ကူကိုယ်ပွား တာအိုရသေ့ကို လီ(၁၀၀၀)ကျော်အကွာရှိ မိစ္ဆာများကို တိုက်ခိုက်ရန် ရှုံးရွာမှ လူသန်ကြီး နှစ်ဆယ်ခန့်အား ဆက်လက် မျှားခေါ်သွားစေလိုက်၏။

သို့သော် ထိုရှုံးရွာမှ လူသန်ကြီးများ၏ သက်လုံသည် မကောင်းပေ။

သူတို့သည် စက္ကူကိုယ်ပွား တာအိုရသေ့၏ အနောက်သို့ လီတစ်ဒါဇင်ကျော်ခန့်သာ လိုက်ရသေးသော်လည်း မောဟိုက်လာကြပြီဖြစ်ပြီး တဖြည်းဖြည်း နှေးကွေးလာလေတော့သည်။

လီချန်ရှို့သည် ရွေးစရာမရှိတော့သဖြင့် မိစ္ဆာများကို ရှင်းပစ်မည့်ကိစ္စကို ကိုယ်တိုင်သာ လုပ်ရပေတော့မည်။

‘ အဲ… မိစ္ဆာကြီးတစ်ကောင်ကို တမင်လွှတ်ပေးလိုက်ပြီး ရှုံးရွာက လူတွေရဲ့ တိုက်ခိုက်နိုင်တဲ့ အစွမ်းကို စမ်းသပ်ကြည့်လိုက်ရမလား… ’
လီချန်ရှို့သည် ထိုအကြံကို လျင်မြန်စွာပင် ခေါင်းထဲမှ ထုတ်ပစ်လိုက်သည်။ သူသည် ထိုသို့ မလိုအပ်သော စမ်းသပ်မှုများကို လုပ်ရန်မလိုပေ။

အန်းရွှေမြို့အပြင်ရှိ လူများသည်လည်း စတင်တိုက်ခိုက်ရန် ပြင်နေပေပြီ။ တောင်သမုဒ္ဒရာအတွင်းမှ ပျံသန်းလာသော တိမ်မည်းကြီးသည် အန်းရွှေမြို့အပေါ်သို့ ရောက်နေပြီဖြစ်၏။

ရေနဂါးစစ်သည်များသည် တိမ်ပေါ်မှနေ၍ အောက်သို့ ငုံ့ကြည့်လိုက်၏။ ကောင်းကင်နှင့် မြေကြီး၏ အကြားတွင် သတ်ဖြတ်လိုသည့်အရှိန်အဝါများ ပေါ်ထွက်လာလေသည်။ အောက်ရှိ သေမျိုးများသည် ထပ်မံတုန်လှုပ်သွားကြ၏။

အရှေ့ဆုံးတန်းရှိ ရေနဂါးစစ်သည်များသည် နောက်သို့ဆုတ်သွားပြီး သူတို့၏ အကြားမှနေ၍ လူရိပ်နှစ်ခုသည် ပခုံးချင်းယှဉ်၍ ရှေ့သို့ ထွက်လာလေသည်။

လီချန်ရှို့သည် နတ်အာရုံသုံး၍ ထိုနေရာကို အာရုံခံကြည့်လိုက်သောအခါ သူ၏ နှလုံးသား တောင့်တင်းသွား၏။ သူထိန်းချုပ်နေသော စက္ကူကိုယ်ပွား တာအိုရသေ့သည် တိမ်ပေါ်မှ ပြုတ်ကျမလိုပင်ဖြစ်သွား၏။

‘ အောင်းရိ… ’

‘ ဟာ ..သွားပြီ… ဒီကောင်က ငါ့ရုပ်ကိုသိတယ်။ ရုပ်တုက မျက်နှာကို မြင်သွားရင် သေချာပေါက် မှတ်မိမှာပဲ ’
ထိုအခိုက်တွင် လီချန်ရှို့သည် ဆက်၍ အကြံထုတ်ချင်စိတ်ပင်မရှိတော့ဘဲ စက္ကူကိုယ်ပွားများကို ဖောက်ခွဲပစ်ကာ တောင်သမုဒ္ဒရာသို့ မည်သည့်အခါမှ ခြေမချတော့ရန်ပင် တွေးမိလိုက်၏။

ထိုနေရာသည် လီချန်ရှို့တစ်ယောက် ကံဆိုးမှုများကို ကြုံတွေ့ရမည့် နေရာပေလော။

ဖြစ်ပျက်နေသော အဖြစ်အပျက်များသည် လီချန်ရှို့ မျှော်မှန်းထားသည်ထက် များစွာ ပို၍ရှုပ်ထွေးလာပေပြီ။

ဤတစ်ကြိမ်တွင် ဇာတ်လိုက်သည် အောင်းရိမဟုတ်ပေ။ အောင်းရိ၏ ဘေးတွင်ရပ်နေသည့် ပိန်ပါး၍ အရပ်ရှည်သော နဂါးမင်းသားဖြစ်လေသည်။

အောင်းမုန်သည် အောက်ရှိနေရာကို ငုံ့ကြည့်လိုက်၏။ သူသည် ဝိညာဉ်အခြေတည် အဆင့်ရှိသော လူသားကျင့်ကြံသူ နှစ်ဦး၊ သုံးဦးမှလွဲ၍ အခြားကျင့်ကြံသူများ၏ ကိုယ်ယောင်ကိုယ်ဝါကို အာရုံမခံမိခဲ့ပေ။

ထို့နောက် သူသည် နှာခေါင်းရှုံ့လိုက်ပြီး သူ၏ အစ်ကိုနှစ်အောင်းရိ၏ ရှေ့တွင် အာဏာပြရန် ဆုံးဖြတ်လိုက်သည်။

သူက တည်တည်ငြိမ်ငြိမ်ပင် ပြောလိုက်၏။
“ မင်းတို့က ဒီရုပ်တုကို တောင်ပင်လယ်ရဲ့ ပင်လယ်စောင့်နတ်မင်းလို့ ခေါ်ရဲတယ်‌ပေါ့လေ… တစ်ယောက်ယောက်သွားပြီး အဲ့ရုပ်တုကို ဖျက်ဆီးပစ်လိုက်စမ်း… ”

“ မှန်လှပါ… ”
ရေနဂါးစစ်သည်အချို့သည် အမိန့်နာခံလိုက်ကြ၏။ သို့သော် သူတို့သည် မည်သည့်အရာကို ရင်ဆိုင်ရတော့မည် ဖြစ်ကြောင်း မသိကြပေ။

***

Comment

Leave a Reply

Options

not work with dark mode
Reset