အခန်း ( ၉၇ )

တန်ခိုးအစွမ်းကြီးမားသူ

တိမ်ပေါ်တွင် အရှင်ရွှမ်းဒူသည် အကြမ်းဖျင်းရှင်းပြလိုက်၏။
“ ဒီကိစ္စနောက်ကွယ်မှာ တစ်ယောက်ယောက်ရှိနေတာ အမှန်ပဲ။ ခုနက တာအိုသင်္ကေတတွေရဲ့ အရှိန်အဝါကို အာရုံခံမိလိုက်လို့ အဲဒီနောက်ကို ချက်ချင်းလိုက်သွားတာပဲ။ ဒါပေမဲ့ အဲဒီပုဂ္ဂိုလ်ရဲ့ နောက်မှာ တန်ခိုးရှင်တစ်ပါးက ကာကွယ်ပေးထားတော့ ဆရာ့ရဲ့ ထိုက်ကျိပန်းချီကားကို သုံးပြီးတော့ပဲ သူ့ကို ခြောက်လှန့်လိုက်ရတယ်… ”

သူ၏ဘေးရှိ တာအိုရသေ့အိုကြီးသည် မျက်မှောင်ကြုတ်၍ သက်ပြင်းချလိုက်သည်။ အရှင်ရွှမ်းဒူနှင့် ယှဉ်လျင် ထိုရသေ့အိုကြီးသည် သာမန်သာ ဝတ်ဆင်ထားသည်ဟုပြောနိုင်ပြီး ပို၍လည်း တည်ငြိမ်ပုံပေါ်လေသည်။

တာအိုရသေ့အိုကြီးသည် တာအိုဝတ်ရုံ၊ တာအိုခေါင်းစည်း၊ တာအိုဖိနပ်တို့ကိုသာ သပ်သပ်ရပ်ရပ် ဆင်မြန်းထားပြီး လက်ထဲတွင် မြင်းမြီးနှင်တံကို ကိုင်ထားလေသည်။ အရှင်ရွှမ်းဒူမှာမူ တောက်တောက်ပြောင်ပြောင် ဝတ်ဆင်ထားပြီး အခြားလောကမှ ပညာရှင်တစ်ပါးအလား ကိုယ်ဟန်အပြုအမူရှိလေသည်။

သို့သော် တာအိုရသေ့အိုကြီးသည် အရှင်ရွှမ်းဒူကို အလွန်ရိုရိုကျိုးကျိုး ဆက်ဆံနေ၏။ သူသည် အရှင်ရွှမ်းဒူကို စကားပြောသောအခါ ပြုံး၍ ရှေ့သို့အနည်းငယ်ကိုင်းကာ ပြောလေသည်။

တာအိုရသေ့အိုကြီးသည် ထပ်၍မေးလိုက်သည်။
“ အစ်ကိုကြီး… ကျွန်တော်တို့ ဘာဆက်လုပ်သင့်လဲ ”

“ တုနတ်ဝိဇ္ဇာဂိုဏ်းကို သွားပြီး ပြဿနာကို အရင်ဖြေရှင်းရမှာပေါ့ ”
အရှင်ရွှမ်းဒူသည် ပြုံး၍ ပြန်ပြောလိုက်၏။
“ သွားတာနောက်ကျသွားရင် သူတို့က ရန်သူကို ရင်ဆိုင်ပြီးနေလိမ့်မယ်။ ဂိုဏ်းတည်ထောင်သူ ညီလေးအတွက် ဘာမှလုပ်စရာကျန်တော့မှာ မဟုတ်ဘူး။ အဲ… ညီလေး တုနတ်ဝိဇ္ဇာဂိုဏ်းက ပြဿနာကိုရှင်းပြီးရင် ရွှေနတ်လိပ်ကျွန်းက ချီကျင့်ကြံသူတွေရဲ့ အလောင်းကို ဒီနေရာကိုပြန်သယ်လာခဲ့‌နော်… အစ်ကိုတို့ ရွှေနတ်လိပ်ကျွန်းကို သွားလည်ရလိမ့်ဦးမယ် ”

‘ အလောင်းတွေ… ’
တာအိုရသေ့အိုကြီးသည် သက်ပြင်းချလိုက်၏။ သူသည် နားလည်သွားသဖြင့် ရှက်ရွံ့ဟန် ပြောလိုက်သည်။
“ ဒီတစ်ခေါက်တော့ ကျွန်တော် အစ်ကိုကြီးကို ဒုက္ခပေးမိပါပြီ။ ကျွန်တော် တော်တော်လေး သတိလက်လွတ်ဖြစ်သွားတာပဲ ”

အရှင်ရွှမ်းဒူက လက်ခါပြ၍ ပြောလိုက်သည်။
“ ဟေး… ဒါက မပြောပလောက်တဲ့ ကိစ္စလေးပါ…အသေးအဖွဲပါပဲ။ ညီလေးသာ မြန်မြန်သွားပြီး ဖြေရှင်းလိုက်။ အစ်ကိုတို့က ကျောင်းတော်တစ်ခုတည်းအောက်မှာဆိုတော့ ကမ္မနှောင်ကြိုးတွေ ငြိတွယ်ကုန်ပြီ။ နောက်ကျရင် အစ်ကိုတို့ ပိုပြီးဂရုစိုက်မှရမယ် ”

“ ကျွန်တော် အစ်ကိုကြီးရဲ့ လမ်းညွှန်မှုအတိုင်း လိုက်နာပါမယ်ခင်ဗျာ ”
ခွန်းလွန်တောင်မှ တာအိုရသေ့အိုကြီး အတုမဲ့တုအယ်သည် အရှင်ရွှမ်းဒူကို အရိုအသေပေးလိုက်လေသည်။

သူသည် ဆက်၍ အချိန်ဆွဲမနေရဲတော့ပေ။ သူသည် စကြဝဠာမန္တန်ကို သုံးလိုက်ပြီး ပျောက်ကွယ်သွားလေတော့သည်။

အတုမဲ့တုအယ်သည် တိမ်စီး၍ လီ(၁၀၀၀)ကျော် နိမ့်ချည်၊ မြင့်ချည်ပျံသန်းပြီးသောအခါ တုနတ်ဝိဇ္ဇာဂိုဏ်းအပေါ်သို့ ရောက်သွားပေပြီ။

သူသည် ခေါင်းငုံ့၍ ကြည့်လိုက်၏။ အောက်ရှိ ပင်မတောင်တစ်ဝိုက်တွင် အလင်းတန်းများ စီးဆင်းနေသည်ကို တွေ့လိုက်၏။ သွေးရောင် အလင်းတန်းများသည် နေရာအနှံ့တွင်ရှိနေလေသည်။ အတုမဲ့တုအယ်သည် ရုတ်ခြည်း ဒေါသထွက်သွား၏။

ရှေးခေတ်က သူ ကယ်၍ တုနတ်ဝိဇ္ဇာဂိုဏ်းတွင် ထားခဲ့သော သားရဲချီလင်းသည် ၎င်း၏ ဒဏ်ရာဟောင်းများပင် ပြန်ပေါ်လာတော့မလို ဖြစ်နေ၏။ အတုမဲ့တုအယ်၏ အမည်ခံတပည့်သည်လည်း အာကာသနတ်မင်းတစ်ပါးပင် ဖြစ်လာပေပြီ။ တုအယ်သည် ခွန်းလွန်တောင်ရှိ အခြားကျင့်ကြံသူများကို ကြွားဝါနိုင်တော့မည် ဖြစ်၏။ သို့သော် ထိုတပည့်သည် လူနှစ်ဦး၏ ဝန်ရံတိုက်ခိုက်မှုကို ခံနေသဖြင့် ဒဏ်ရာများ ရနေလေသည်။

အတုမဲ့တုအယ်သည် သူ၏ မြင်းမြီးနှင်တံကို ဝှေ့ယမ်းလိုက်ပြီး တုနတ်ဝိဇ္ဇာဂိုဏ်းအပေါ်သို့ ဖိအားများ ဖြန့်ကျက်လိုက်သည်။ ထို့နောက် သူသည် အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ပြီး “ ချီနှစ်ဆ” အတတ်ကို သုံးလိုက်၏။ သူသည် ရှူသွင်းထားသော လေကို နှာမှပြန်မှုတ်ထုတ်လိုက်ရာ နှာသီးဖျားလေးပင် လှုပ်ခတ်သွားသယောင်ထင်ရလေသည်။

ထိုနှာမှုတ်သံကို ကြားလိုက်သောအခါ အောက်ရှိ အာကာသနတ်မင်းအတုသုံးပါးသည် သွေးများအန်သွားလေ၏။ သူတို့၏ မူလဝိညာဉ်သည် တစစီပျက်ဆီးမသွားလိုပင် ဖြစ်သွား၏။

ရှေးခေတ်မှ အာကာသနတ်မင်းများသည် လွန်စွာပြောင်မြောက်သော အစွမ်းများ ရှိကြလေသည်။

လီချန်ရှို့သည် လီ(၁၀၀၀)ကျော်အကွာရှိ တိုက်ပွဲနေရာကို ရှင်းလင်းနေရင်းမှ တုနတ်ဝိဇ္ဇာဂိုဏ်း၏ အခြေအနေကို စက္ကူကိုယ်ပွား၏ အကူအညီဖြင့် လျှို့ဝှက်စောင့်ကြည့်နေသည်ဖြစ်ရာ ထိုအဖြစ်အပျက်ကို မြင်လိုက်သောအခါ သူ၏ မျက်လုံးများ ရုတ်ခြည်း တောက်ပသွားလေတော့သည်။
‘ ငါ့ရဲ့ စွမ်းအားကြီး စစ်ကူရောက်လာပြီ ’

သူသည် ချုံတောင်လေးပေါ်ရှိ မန္တန်အစီအရင်အတွင်းလွှာများကို ကပျာကယာ ပိတ်လိုက်ပြီး ဆေးဖော်ဆောင်အပြင်ရှိ မန္တန်အစီအရင်ကိုသာ အသက်သွင်းထားလိုက်သည်။

ဂိုဏ်းဂိတ်တံခါးအနီးတွင် ပုန်းအောင်းနေသော ‘ကောင်းကင်’ စက္ကူကိုယ်ပွား(၂)နှင့် စက္ကူကိုယ်ပွား(၈)တို့သည် မူလစက္ကူကိုယ်ပွားအသွင် ပြန်ပြောင်းလိုက်ကြသည်။ ၎င်းတို့ထဲရှိ နတ်တန်ခိုးများသည် စိတ်စွမ်းအင်အဖြစ် ပြောင်းလဲသွားကာ ပျောက်ကွယ်သွားလေသည်။

ထိုသို့ပြုလုပ်ပြီး‌နောက် လီချန်ရှို့သည် မည်သည့်အရာမှ မဖြစ်ပွားသကဲ့သို့ စိတ်ကိုတည်တည်ငြိမ်ငြိမ်ပြန်ထားလိုက်၏။

တုနတ်ဝိဇ္ဇာဂိုဏ်းမှ တပည့်ငယ်များ ပုန်းအောင်းနေသော မြေကြောတစ်ဝိုက်ရှိ လိုဏ်ဂူများ အနီးမှ တောင်စောင်းတစ်ခုတွင် အဆိပ်မိ၍ သတိလစ်နေသော လူငါးဦးသည် မြေပေါ်သို့ ပြန်ပေါ်လာပြီဖြစ်သည်။

မေ့မြောနေသော မိစ္ဆာဂဠုန်သည် မြေ‌ပေါ်တွင်လှဲကာ ဟောက်နေပေသည်။ ယုံချင်ရွှမ်းယာတစ်ယောက် အဆိပ်ပုလင်းကို ပစ်ပေါက်လိုက်သည့်အချိန်မှစ၍ အရာအားလုံး ရပ်တန့်သွားသည်ဟုပင် ထင်ရလေသည်။

ယုံချင်ရွှမ်းယာသည် မြေကြီးပေါ်တွင် လဲနေပြီး သူမ၏ဘေးပတ်လည်တွင် ဓားပျံများ ပျံဝဲနေ၏။ လင်းအယ်သည် ယုံချင်ရွှမ်းယာ၏ဘေးတွင် ကိုးရိုးကားရားပုံစံဖြင့် လဲနေပြီး သူမ၏ မျက်နှာသည် မြင်ခင်းပြင်နှင့် မိတ်ဆက်နေပေသည်။

လီချန်ရှို့လည်းမတတ်နိုင်ချေ။ သူသည် ဖြစ်ပေါ်ခဲ့သော ပုံစံအတိုင်း ပြန်နေရာချထားရခြင်းပင်။

လင်းအယ်၏ ခြေရင်းတွင် မေ့မြောနေသော “လီချန်ရှို့” သည် ဖြည်းဖြည်းချင်း မြေကြီးအတွင်းသို့ ဝင်ရောက်သွားပြီး စက္ကူကိုယ်ပွားအဖြစ် ပြန်ပြောင်းသွား၏။ ထို့နောက် လင်းအယ်၏ ခေါင်းပေါ်ရှိ အနီရောင်ဆံထိုးလေးသည် အသံမထွက်ဘဲ ကွဲသွားလေတော့သည်။ ထိုအတွင်းမှ လီချန်ရှို့အစစ်ထွက်လာပြီး မြေကြီးအတွင်းရှိ စက္ကူကိုယ်ပွားလေးကို အလျင်အမြန် ယူ၍ သိမ်းလိုက်၏။ ထို့နောက် သူသည် မျက်လုံးမှိတ်ကာ သတိမေ့ချင်ယောင်ဆောင်လိုက်လေသည်။

ဤတိုက်ပွဲတစ်ခုလုံးတွင် လိုအပ်ချက်များ ရှိခဲ့လေသ‌လောဟု လီချန်ရှို့ သုံးသပ်လိုက်၏။

အကယ်၍ သူ မှန်းသည်မှာ မှန်ခဲ့လျှင် တုနတ်ဝိဇ္ဇာဂိုဏ်းတွင် အဖြေမပေါ်သော ဆန်းကြယ်သည့်ကိစ္စများ ဖြစ်ပေါ်လာပေလိမ့်မည်။ တုနတ်ဝိဇ္ဇာဂိုဏ်းရှိ တိုက်ပွဲအတွင်း “သူရဲကောင်း” တချို့သည် အသေခံ ဖောက်ခွဲကာ လူသား တာအိုကျင့်ကြံသူများကို ကာကွယ်ပေးခဲ့သည်။

ထို့ပြင် ဂိုဏ်းနှင့်လီ(၁၀၀၀)ကျော်အကွာတွင် ဖြစ်ခဲ့သော တုနတ်ဝိဇ္ဇာဂိုဏ်းမှ တပည့်ငယ်များနှင့် ကောင်းကင်နတ်မင်းအိုကြီးနှင့်တိုက်ပွဲတွင်လည်း လမ်းမှဖြတ်သွားသော တာအိုရသေ့အိုကြီးတစ်ဦးက ဝင်ကူပေးခဲ့ပြီး တည်တည်ငြိမ်ငြိမ်ပင် ပြန်ထွက်သွားခဲ့ခြင်း ဖြစ်သွားပေမည်။

အကြီးအကဲဝမ်လင်းယွမ်တစ်ယောက် တစ်စုံတစ်ခုကို ခန့်မှန်းမိသွားမည်ကိုသာ စိုးရိမ်ရလေသည်။

နောက်တစ်ချက် စိုးရိမ်ရမည်မှာ ယုံချင်ရွှမ်းယာသိသည့်ကိစ္စများမှာ အတန်ငယ်များနေခြင်းပင်။

‘ နောက်ကျရင် အကြီးအကဲဝမ်လင်းယွမ်နဲ့ ဘဝဒဿနတွေအကြောင်း ဆွေးနွေးပေးရမယ် ’
လီချန်ရှို့တစ်ယောက် စိတ်ခံစားချက်ကောင်းနေ၏။

ထိုသို့ စိတ်ခံစားချက်ကောင်းနေခြင်းမှာ ကောင်းကင်နတ်မင်းအိုကြီးကို သတ်နိုင်လိုက်၍ နတ်ရတနာတစ်ပါးဖြစ်သော ဓားနှင့် အဖိုးတန် အဆိပ်ပယ်ပုလဲလုံးကို ရလိုက်၍မဟုတ်ပေ။ ပြိုကွဲပျက်ဆီးတော့မည့် တုနတ်ဝိဇ္ဇာဂိုဏ်းကို ကယ်တင်နိုင်ခဲ့၍လည်း မဟုတ်ပေ။ သူသည် ဂိုဏ်းသားတစ်ဦးအနေဖြင့် တတ်စွမ်းသလောက် လုပ်ခဲ့ခြင်းသာဖြစ်သည်။ သူ စိတ်ခံစားချက်ကောင်းနေရခြင်းမှာ တုနတ်ဝိဇ္ဇာဂိုဏ်းတွင် အသက်ရှိနေသော တည်ထောင်သူတစ်ဦး ရှိနေခြင်းကြောင့်ပင်။
‘ ခုနသုံးသွားတဲ့ အတတ်က နတ်ဘုရားဘွဲ့စစ်ပွဲမှာ ဟန်-ဟာစစ်သူကြီး နှစ်ဦးသုံးသွားတဲ့ မှော်အတတ်မလား ’

‘ အတုမဲ့တုအယ်က ဟန်စစ်သူကြီးရဲ့ ဆရာလို့ ထင်ရတာပဲ… ’
ဤတိုက်ပွဲပြီးသွားသောအခါ တုနတ်ဝိဇ္ဇာဂိုဏ်းသည် ရန်ကျောင်းတော်၏ လက်အောက်ခံဂိုဏ်းတစ်ဂိုဏ်းဖြစ်ကြောင်း သက်သေပြနိုင်ခဲ့ပေပြီ။ နောင်တွင် ဂိုဏ်းမှ တပည့်များသည် မည်မျှပင် ညံ့ဖျင်းစေကာမူ သို့မဟုတ် သူတို့၏ တာအိုသည် မည်မျှပင် အားနည်းစေကာမူ သူတို့သည် ရန်ကျောင်းတော်၏ တပည့်များအဖြစ် ဆက်ရှိနေမည်သာဖြစ်ပေသည်။

သူတို့သည် တောင့်တင်းသော နောက်ခံအင်အားကို ရုတ်တရက်ကြီး ရခဲ့ပေပြီ။
‘ အင်း…ကံဆိုးတာက အရှင်ရွှမ်းဒူ ကိုယ်တိုင်‌ရောက်လာအောင် မဆင့်ခေါ်နိုင်ခဲ့တာပဲ။ ရန်ကျောင်းတော်ရဲ့ တပည့်ခေါင်းဆောင် အရှင်ရွှမ်းဒူကိုယ်တိုင်သာ ရောက်လာရင် အကျိုးသက်ရောက်မှုက သေချာပေါက် ပိုကောင်းမှာပဲ ’

‘ တုနတ်ဝိဇ္ဇာဂိုဏ်းကို အရှေ့ကျွန်းကနေ အလယ်ကျွန်းကိုတောင် ‌ရွှေ့လို့ရသွားနိုင်တယ်… ’

‘ ဒါပေမဲ့ ဒီတစ်ခေါက် အရှင်မဝမ်ရဲ့ ပစ်မှတ်ထားတာကို ခံရလောက်တယ် ’
ထိုသို့တွေးမိသောအခါ လီချန်ရှို့၏ ရင်တွင်းမှ အပျော်များပျောက်ကွယ်သွားပြီး အားကောင်းသော အန္တရာယ်ကို ခံစားလိုက်ရလေသည်။

အနောက်ကျောင်းတော်၏ ပစ်မှတ်ထားခြင်းကို သူမည်သို့ ရှောင်ရှားရမည်နည်း။

လီချန်ရှို့သည် ထိုသို့တွေးတောနေရင်း တောင်သမုဒ္ဒရာ ကမ်းရိုးတန်းရှိ ရွာတစ်ရွာကို ပြန်အမှတ်သွားရာ နှလုံးခုန်များပင် မြန်သွားလေတော့သည်။

ဤနှစ်ပိုင်းတွင် ဂိုဏ်းသို့လာရောက် တိုက်ခိုက်မည့် ရန်သူများအပေါ် အာရုံစိုက်နေရသဖြင့် တောင်သမုဒ္ဒရာရှိ အခြေအနေကို မလေ့လာခဲ့မိချေ။ မြေပေါ်တွင်လှဲကာ သတိလစ်နေဟန်ဆောင်နေသော လီချန်ရှို့၏ မျက်နှာသည် ရှုံ့မဲ့သွား၏။

လက်ရှိတွင် အမွှေးတိုင်ပူဇော်မှုမှ သူရထားသော ကုသိုလ်သည် လွန်ခဲ့သော နှစ်နှစ်ကရထားသော ကုသိုလ်ထက် နှစ်ဆများနေပေပြီ။
‘ မင်းမေဘ… ’

‘ ရှုံးရွာက ပင်လယ်စောင့်နတ်မင်းဘုံကျောင်းကို နေရာအနှံ့လိုက်တည်ပြီး အချီကြီး ကြံနေတာလား ’
လီချန်ရှို့သည် လျှို့ဝှက် အာရုံခံကြည့်လိုက်ရာ အမှန်ပင် သတိလစ်သွားတော့မတတ် ဖြစ်သွားရလေသည်။
‘ မင်းဘကြီး … ရုပ်တု (၁၆၂၁)ခုတောင်… ’

သူ၏ ရုပ်တုသည် အလွန်ကျော်ကြားနေပေသည်။

ထို့ပြင် ပင်လယ်စောင့်နတ်မင်းဘုံကျောင်းနှင့် အခြားဘုံကျောင်းအသေးလေးတို့ကြားတွင် ပဋိပက္ခများ ဖြစ်ပေါ်နေပြီး တိုက်ခိုက်မှုလေးများပင် စတင်ဖြစ်ပေါ်နေပြီဖြစ်ကြောင်း အာရုံခံမိလိုက်သည်။

‘ ဘာတွေဖြစ်နေတာလဲ… ’
လီချန်ရှို့၏ နှုတ်ခမ်းစွန်းများ တွန့်ကွေးသွားသည်။ သူသည် မည်သို့ပြောလိုက်ရမည်ကိုပင် မသိတော့ချေ။ သူသည် ဤနေရာတွင် ဆက်လက်လှဲနေပြီး သေချင်ယောင်သာ ဆောင်နေနိုင်လေသည်။

သေချာတွေးတောကြည့်သောအခါ သူ့ကို ကိုးကွယ်သောသူများသည် ပြင်းထန်သောတိုက်ပွဲအတွင်း၌ ပါခဲ့လျှင် သူ၏ ကမ္မနှင့် ကံကောင်းမှုကို မထိခိုက်ပေလော။
‘ အာ… ’

‘ ဘုံကျောင်းဟုတ်လား… အကုန်သောက်ပေါက်ကရတွေချည်းပဲ ’

‘ အခုကစပြီး တောင်သမုဒ္ဒရာက ပင်လယ်စောင့်နတ်မင်းနဲ့ ပတ်သက်တာ ငါဘာတစ်ခုမှ မသိဘူး ’

‘ ငါ့ရဲ့ ရုပ်သွင်ကိုလည်း ပြောင်းပစ်ရမယ်… ဂိုဏ်းကို ပြန်ရောက်ရင် ငါ့ကိုယ်ပေါ်မှာ စုန်းကဝေတွေရဲ့ ကျိန်စာကို ‌စုတ်ထိုးထားရမယ် ’

‘ အတုမဲ့တုအယ်ရဲ့ အာရုံစိုက်မှုကို ရအောင်ယူနိုင်ခဲ့ပြီဆိုပေမယ့် ထောက်ပံ့မှုကတော့ လောက်လောက်လားလား မရသေးဘူး ’

‘ လက်ရှိတော့ ဆရာတစ်ယောက် မြန်မြန် အတုမဲ့နတ်ဝိဇ္ဇာအဆင့်ကို‌ရောက်ပြီး ကောင်းကင်ဘုံခုံရုံးမှာ တာဝန်ထမ်းဆောင်မှာကို မျှော်ဖို့ပဲရှိတယ်။ အဲဒီအခါကျမှ ဆရာ့ကို လှည့်ပတ်ပြောပြီး တုသိတာနန်းတော်က အရှင်ရွှမ်းဒူနဲ့သွားတွေ့ခိုင်းပြီး နောက်ခံပိုတောင့်လာအောင် လုပ်ရမှာပဲ… ’

‘ အရှင်မဝမ်… ’

‘ ပင်လယ်စောင့်နတ်မင်းဘုံကျောင်း… ’
လီချန်ရှို့သည် မြေပေါ်တွင် လှဲနေရင်း စိတ်ရှုပ်ကာ ဆွံ့အနေသည်။ စက္ကူကိုယ်ပွားများကို ထိန်းချုပ်ခဲ့ရသဖြင့် ပင်ပန်းနွမ်းနယ်မှုများကို တဖြည်းဖြည်း ခံစားလာရသော်လည် လျင်မြန်စွာပင် ထိုခံစားချက်ကို ဖျောက်ပစ်လိုက်လေသည်။

အနားယူရန် အချိန်မကျသေးပေ။

‘ ပင်ပန်းနွမ်းနယ်တာကို ခံစားနေရရင် သတိလက်လွတ်ဖြစ်ပြီး အန္တရာယ်ကြုံနိုင်ဖို့ အခွင့်အရေးများတယ်… အလစ်တိုက်ခံနိုင်ရချေလည်း ပိုများမယ် ’
လီချန်ရှို့သည် သူ၏ ပတ်ဝန်းကျင်ကို တိတ်တဆိတ်လေ့လာနေလိုက်သည်။ တစ်နာရီခန့်ကြာပြီးသောအခါ ဂူအတွင်းမှ လူရိပ်များထွက်လာပြီး သူတို့ဆီသို့ လျင်မြန်စွာ ပျံသန်းလာပေသည်။ လီချန်ရှို့သည် တပည့်များကို လျှို့ဝှက်စောင့်ကြည့်နေခြင်းပင်။

ပိုင်ဖန်ခန်းမမှ အကြီးအကဲသုံးဦးသည် မိစ္ဆာဂဠုန်၏ အနီးသို့ အလျင်အမြန်သွား၍ ၎င်းသတိလစ်နေစဉ်မှာပင် သတ်ပစ်လိုက်လေသည်။ အခြားတပည့်များလည်း ရောက်ရှိလာပြီး သူတို့အနားတွင် ဝိုင်းနေလေ၏။ သုံးချောင်းထောက်ဆေးတောင်မှ မူလနတ်ဝိဇ္ဇာအဆင့်ရှိသူ တစ်ဦးသည် သတိလစ်နေသော ငါးဦးကို အသေးစိတ်စမ်းသပ်လိုက်သည်။ သူသည် သတိလစ်နေသူများမှာ အဆိပ်မိ၍ မေ့မြောနေခြင်းသာဖြစ်ပြီး စိုးရိမ်စရာမရှိကြောင်း ပြောပြလိုက်၏။

သူတို့သည် ကွဲနေသော ကြွေပုလင်းနှင့် ကြေမွနေသော ဆေးလုံးများကိုလည်း မကြာခင် ရှာတွေ့လိုက်ကြ၏။

ထို့ကြောင့် ထိုငါးဦးသည် သတိပြန်လည်လာသောအခါ မည်သို့မှ ရှင်းပြစရာမလိုတော့ပေ။ အားလုံးသည် မည်သည့်အရာဖြစ်သွားကြောင်း ခန့်မှန်းပြီးပေပြီ။ အကြီးအကဲတစ်ဦးသည် သူ၏ နတ်တန်ခိုးကိုသုံး၍ လီချန်ရှို့၊ လန်လင်းအယ်နှင့် ယုံချင်ရွှမ်းယာတို့ကို မ၍ ခေါ်သွားလိုက်သည်။ ထို့နောက် သူတို့ကို အနားယူနိုင်ရန် လူသူကင်းရှင်းသော တောင်ပေါ်ရှိ တောအုပ်တစ်ခုအတွင်း ဂရုတစိုက်ချပေးလိုက်လေသည်။

တပည့်ငယ်များ ဂူအတွင်းမှ ထွက်မလာခင်ကပင် ဂိုဏ်းမှ သတင်းစကားရောက်ရှိခဲ့ပြီးဖြစ်၏။

ဂိုဏ်းတည်ထောင်သူ အတုမဲ့တုအယ်ရောက်လာပြီး အာကာသနတ်မင်းသုံးပါးကို သတ်သွားကြောင်း သူတို့သိရှိလိုက်ရ၏။ ကျန်သောရန်သူများကိုလည်း ဂိုဏ်းချုပ်နှင့် အကြီးအကဲချီလင်းတို့က ချင်ချင်းရှင်းပစ်လိုက်ကြကြောင်း သိခဲ့ရ၏။

တုနတ်ဝိဇ္ဇာဂိုဏ်းသည် သွေးချောင်းစီးတိုက်ပွဲကို တိုက်ခဲ့ရလေသည်။ ဂိုဏ်းသည် မူလအတိုင်းဆက်လက်တည်ရှိနေသော်လည်း တောင်အသီးသီးမှ အကြီးအကဲများသည် ဒဏ်ရာများ ရခဲ့ပေသည်။ ဂိုဏ်းသားအများစုအတွက် ထိုတိုက်ပွဲသည် အကြောင်းပြချက်မရှိဖြစ်ပေါ်လာပြီး လျင်မြန်စွာပြီးဆုံးသွားသည့် တိုက်ပွဲတစ်ခုသာ ဖြစ်သည်။ သို့သော် တိုက်ပွဲဖြစ်ပေါ်ရသည့်အကြောင်းအရင်းနှင့် တိုက်ပွဲအခြေအနေအစအဆုံးကိုသိသော ချောမောခံ့ညားသည့် တပည့်ငယ်လေးတစ်ဦးအတွက်မူ ထိုတိုက်ပွဲသည် လွန်စွာရှုပ်ထွေး၍ စိတ်ပင်ပန်းရသော တိုက်ပွဲတစ်ခုဖြစ်ခဲ့၏။

နာရီအနည်းငယ်ကြာသောအခါ အရှင်ဝမ်ချင်း၊ အကြီးအကဲဝမ်လင်းယွမ်နှင့် အတုမဲ့နတ်ဝိဇ္ဇာတစ်ရာကျော်လောက်သည် ဂိုဏ်းမှနေ၍ သူတို့ရှိရာသို့ အပြေးအလွှားရောက်လာကြ၏။

မေ့မြောချင်ယောင် ဆောင်နေသော လီချန်ရှို့သည် ရင်းနှီးသည့် အသံတစ်သံကို ကျယ်ကျယ်လောင်လောင် ကြားလိုက်ရလေသည်။

“ ချန်ရှို့လေး… ချန်ရှို့လေး… ငါ့ကို မခြောက်ပါနဲ့… မင်းတို့က ဘာလို့ လှဲနေရတာလဲ ”
အရက်အိုးကြီးကိုစီး၍ ပျံသန်းလောသော ဆရာဒေါ်လေးကျိုးကျိုးသည် ခုန်ချလိုက်ပြီး တောအုပ်အတွင်းသို့ လျင်မြန်စွာသွားလိုက်လေသည်။ ဘေးတွင်ရပ်နေသည့် ပိုင်ဖန်ခန်းမမှ အကြီးအကဲများသည် ထိုသူတို့မှာ အာအင်မဲ့အဆိပ်မိသွား၍ မေ့မြောနေကြခြင်းသာဖြစ်ပြီး စိုးရိမ်စရာမရှိကြောင်း အလျင်အမြန်ရှင်းပြလိုက်ရသည်။

ကျိုးကျိုးသည် စိတ်သက်သာရာရသွားဟန် သက်ပြင်းတစ်ချက်ချလိုက်ပြီး လင်းအယ်၏ဘေးတွင် ထိုင်လိုက်၏။ သူမ၏ တိုနှံ့နှံ့ ဖျင်ကြမ်းအင်္ကျီလေးသည် လှုပ်ခတ်သွားလေ၏။

ထိုအခိုက်တွင် သူမ၌ နတ်တန်ခိုး သိပ်မကျန်တော့ပေ။ သူမ၏ လက်ဝဲပခုံးနှင့် ခါးတွင် ဒဏ်ရာများရှိနေ၏။ သူမ၏ မူလဝိညာဉ်သည်ပင် အတန်ငယ် အားနည်းနေပေသည်။

သူမသည် တုနတ်ဝိဇ္ဇာဂိုဏ်းကို ကာကွယ်ရန် အစွမ်းကုန်တိုက်ခိုက်ခဲ့၏။ တိုက်ပွဲပြီးသောအခါတွင်လည်း သူမ အနားမယူနိုင်သေးဘဲ သူမဂရုစိုက်သည့် တပည့်များကို အပြေးအလွှားလာကြည့်ခြင်း ဖြစ်လေသည်။

မကြာခင် ကျန်းကျင်းရှန်၊ ကျိုးဝူနှင့် ကျိုးရှစ်တို့လည်း ရောက်ရှိလာကြသည်။

သူတို့သည် မေ့မြောနေသော လီချန်ရှို့နှင့် အခြားနှစ်ဦးကို နတ်တန်ခိုးသုံး၍ သယ်ကာ ဂိုဏ်းသို့ပြန်ခေါ်သွားလိုက်ကြ၏။

အတုမဲ့နတ်ဝိဇ္ဇာအဆင့်ရှိသော အကြီးအကဲနှစ်ဦးသည် တစ်ရက်လုံးလုံး သတိမေ့နေပြီးနောက် ပြန်နိုးလာခဲ့သည်။

ယုံချင်ရွှမ်းယာသည် ခုနှစ်ရက် သတိမေ့နေပြီးနောက် ပြန်နိုးလာ၏။

လီချန်ရှို့သည် သူ၏ဟန်ဆောင်မှု ပီပြင်စေရန် တောင့်ခံ၍ ကုတင်ပေါ်တွင် လှဲနေခဲ့ရသည်။ သူသည် ခုနှစ်ရက်ခွဲမေ့မြောနေပြီးနောက် မျက်လုံးများ တဖြည်းဖြည်းပွင့်လာ၏။ သူ၏ မျက်ဝန်းများအတွင်း၌ နားမလည်နိုင်သည့် အရိပ်အယောင်များ ရှိနေပေသည်။

သူ မျက်လုံးဖွင့်ကြည့်လိုက်ရာ သူ မရင်းနှီးသော အိပ်ရာကို မြင်လိုက်ရ၏။ လီချန်ရှို့သည် သူနှင့်သူ့ညီမလေးကို ကောင်းကင်ခွင်းတောင်သို့ ခေါ်လာကြောင်းသိ၏။ သူသည် ကျိုးကျိုး၏ အိပ်ရာပေါ်တွင် လှဲနေခြင်းပင်။

လင်းအယ်ကိုမူ ကျိုးရှစ်၏ အခန်းတွင် ထား,ထားလေသည်။ သူမသည် အနှောင့်အယှက်မရှိ မေ့မြောနေပေသည်။

လွန်ခဲ့သည့် ခုနှစ်ရက်အတွင်း ကျိုးကျိုးသည် ကျိုးရှစ်၏ မြှောက်ပေးမှုကြောင့် လီချန်ရှို့၏ အသားကို တို့ကြည့်၊ ထိကြည့်နေခဲ့၏။

သို့သော် သူတို့သည် မသင့်တော်သောနေရာများကို မထိသဖြင့် လီချန်ရှို့ မသိဟန်သာ ဆောင်နေခဲ့လေသည်။

သူ ခေါင်းစောင်း၍ ကြည့်လိုက်ရာ ခုတင်ကိုမှီကာ ကြမ်းပြင်ပေါ်တွင် ထိုင်နေသော ကျိုးကျိုးကို‌ တွေ့လိုက်ရ၏။ သူမ၏ ဘေးတွင် အရက်အိုးအလွတ်နှစ်လုံး ရှိနေပြီး ညင်ညင်သာသာ ဟောက်နေလေသည်။ မည်သူသည် သူမကဲ့သို့ လူနာစောင့်သနည်း။

လီချန်ရှို့တစ်ယောက် ရယ်ရအခက် ငိုရအခက် ဖြစ်သွား၏။ သူသည် ဖြည်းဖြည်းချင်း ထထိုင်လိုက်ပြီး လှည့်ပတ်ကြည့်ရှုလိုက်သည်။ ထိုမြင်ကွင်းကို သူတစ်သက်မေ့နိုင်မည် မဟုတ်ပေ။ ဆရာဦးလေးကျိုးဝူ သူ့အား ဤအခန်းအတွင်းသို့ ခေါ်လာစဉ်ကပင် သူသည် အခန်းအတွင်း နတ်အာရုံသုံး၍ အာရုံခံကြည့်ခဲ့သည်။

အခန်းအတွင်း၌ ပရမ်းပတာဖြစ်နေခြင်းထက် ပို၍ ရှုပ်ပွနေပေသည်။

သူထရပ်ရန် ဟန်ပြင်လိုက်စဉ်တွင် ပြတင်းပေါက်အပြင်ဘက်မှနေ၍ ငွေဖြူရောင် မြားတံတစ်ချောင်း ပျံသန်းဝင်ရောက်လာ၏။ လီချန်ရှို့သည် ရုတ်ခြည်းလက်မြှောက်၍ ပြတင်းပေါက်မှ ဝင်လာသော ဆက်သွယ်ရေးမြားတံကို ဖမ်းလိုက်လေသည်။

သူ မရင်းနှီးသော အသံတစ်သံ ထွက်ပေါ်လာ၏။
“ ချုံတောင်‌လေးက တပည့် လီချန်ရှို့… ”

လီချန်ရှို့သည် ထရပ်၍ လက်နှစ်ဖက်ဆုပ်ကာ ပြန်ဖြေလိုက်သည်။
“ ရှိပါတယ် ခင်ဗျာ ”

“ တုနတ်ဝိဇ္ဇာခန်းမကို အမြန်လာပါ… ဂိုဏ်းချုပ်က မင်းနဲ့တွေ့ဖို့ စောင့်နေတာ ကြာပြီ ”

လီချန်ရှို့ အလိုလို မျက်မှောင်ကြုတ်သွားပြီး ညင်သာစွာ ပြန်ဖြေလိုက်သည်။
“ ဟုတ်ကဲ့ပါ ”

‘ ဂိုဏ်းချုပ်ဟုတ်လား… ’

‘ ငါ အပင်ပန်းခံပြီး ဂိုဏ်းအတွက် လျှို့ဝှက်လုပ်ပေးခဲ့တဲ့အရာတွေကို ဂိုဏ်းချုပ်က သိသွားလို့လား… ’

‘ မဟုတ်လောက်ပါဘူး…ငါဂိုဏ်းကို ပြန်ရောက်ကတည်းက နတ်အာရုံသုံးပြီး အကြီးအကဲဝမ်လင်းယွမ်ကို မပြတ်စောင့်ကြည့်နေတာပဲ။ သူလည်း ဘာမှမပြောပါဘူး။ ဂိုဏ်းကလူတွေကလည်း “အမည်မသိ သူရဲကောင်းတွေ ” ကို အမွှေးတိုင်ထွန်းပြီး အရိုအသေပေးနေတာကိုပဲ ငါအာရုံခံမိပါတယ်… ’

‘ ငါ့ကို သံသယဝင်နေတဲ့ ဘာအရိပ်အယောင်ကိုမှ မတွေ့ရပါဘူး… ’

‘ ဘာပဲဖြစ်ဖြစ်လေ…ဂိုဏ်းချုပ်က ဆင့်ခေါ်တာဆိုတော့လည်း ငြင်းလို့မရတော့ဘူးပေါ့ ’
လီချန်ရှို့သည် တည့်တည့်မတ်မတ်ရပ်လိုက်ပြီး သူ၏ တာအိုဝတ်ရုံကို သပ်သပ်ရပ်ရပ်ဖြစ်သွားအောင် ပြင်ဆင်လိုက်သည်။ သူသည် ခါးကုန်းလိုက်ပြီး အရသာကောင်းသော ဝိညာဉ်သေရည်ဆေးလုံးများပါ့သည့် ပုလင်းနှစ်လုံးကို ဆရာဒေါ်လေး၏ လက်ဘေးတွင် ချထားပေးလိုက်လေသည်။ ထို့နောက်သူသည် ဆရာဒေါ်လေးကျိုးရှစ်၏ အခန်းထဲရှိ မေ့မြောနေသော လင်းအယ်ကို အာရုံခံလိုက်ပြီး တုနတ်ဝိဇ္ဇာခန်းမသို့ လျင်မြန်စွာ သွားလိုက်လေတော့သည်။

လီချန်ရှို့ တုနတ်ဝိဇ္ဇာခန်းမသို့ ထွက်သွားပြီး မကြာခင် လင်းအယ်၏ ခါးတွင်ချိတ်ထားသော အိတ်ကလေးသည် လှုပ်ခါလာလေ၏။

သို့သော် လင်းအယ်၏ ကျင့်ကြံခြင်းအဆင့်သည် နိမ်သဖြင့် သတိပြန်လည်မလာသေးပေ။ သူမသည် ထိုသားရဲ သားရေအိတ်ကလေး၏ လှုပ်ရှားနေမှုကို အာရုံပင်မခံခဲ့မိချေ။


Comment

Leave a Reply

Options

not work with dark mode
Reset