အခန်း ( ၁၀၃ )

ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများကို ဖြိုလှဲရန် ကြိုးစားစဉ်အတောအတွင်း ပထမဆုံး ကြုံရသော တိုက်ပွဲ

လီချန်ရှို့သည် ဗေဒင်ဆရာအိုကြီးတစ်ယောက် ကျီးကန်းမိစ္ဆာနှင့် လျှို့ဝှက်တွေ့ဆုံခြင်းအပေါ် အတန်ငယ်သာ အံ့အားသင့်ခဲ့လေသည်။ သူသည် ယခင်ဘဝကတည်းက လောကအတွင်း၌ ဒုတိယအရှုပ်ထွေးဆုံး အရာမှာ လူ၏ နှလုံးသားဖြစ်ကြောင်း သိရှိခဲ့ပြီးဖြစ်၏။

သို့သော် ညသန်းခေါင်တွင် ရောက်လာသောသူသည် ကျီးကန်းမိစ္ဆာဖြစ်သည်ဟု အတပ်ပြော၍မရပေ။ ထိုအခိုက်တွင် လီချန်ရှို့သည် ပင့်ကူအိမ်များကို သုံး၍ အာရုံခံရာမှရသည့် အချက်အလက်အများနှင့် နတ်အာရုံကို သုံး၍ အဝေးမှ အာရုံခံ၍ရသည့် အချက်အလက်များကိုအခြေခံ၍သာ သုံးသပ်နေရခြင်းပင်။

ထိုသူသည် အတုမဲ့နတ်ဝိဇ္ဇာ အစောပိုင်းအဆင့်တွင် ရှိသူဖြစ်ကြောင်းမှ လွဲ၍ မိစ္ဆာဟုတ်သည်၊ မဟုတ်သည်ကို သေချာမဆုံးဖြတ်နိုင်ပေ။ ကျီးကန်းပုံစံသည် ပုံရိပ်ယောင်အတတ်တစ်ခုကို သုံးထားခြင်းလည်း ဖြစ်နိုင်လေသည်။

ဗေဒင်ဆရာအိုကြီးသည် ဦးညွှတ်ကာ အချိန်အတော်ကြာသည်အထိ အစီအရင်ခံနေ၏။ ကျီးကန်းပုံစံမှ လူအသွင်ပြောင်းထားသူသည် လျင်မြန်စွာ ခေါင်းညိတ်လိုက်ပြီး ရွှေဒင်္ဂါးနှစ်ပြားနှင့် အဆောင်စက္ကူတစ်ရွက်ကို မြေပေါ်သို့ ပစ်ချပေးလိုက်သည်။ ထို့‌နောက် ထိုသူသည် ကျီးကန်းအဖြစ်သို့ ပြန်ပြောင်း၍ အဝေးသို့ တိတ်တဆိတ်ပျံသန်းသွားလေတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုကျီးကန်း ပျောက်ကွယ်သွားပေပြီ။

လီချန်ရှို့ ခေတ္တမျှ တွေးတောနေလိုက်သည်။ သူ၏ လုံခြုံ‌ရေးအတွက် ထိုကိစ္စကို ဆက်၍ မစုံစမ်းတော့ချေ။

တစ်နာရီခန့်ကြာပြီးနောက် လီချန်ရှို့သည် စက္ကူကိုယ်ပွားကို မြေကိုယ်ယောင်ဖျောက်အတတ်သုံးစေလိုက်ပြီး လီ(၁၀၀)အကွာရှိ တောအုပ်အတွင်းမှနေ၍ ဘုံကျောင်းဆီသို့ မြေအောက်မှ သွားခိုင်းလိုက်၏။

အခြားရှုထောင့်တစ်ခုမှကြည့်လျှင် ပင်လယ်စောင့်နတ်မင်းသည် တိတ်ဆိတ်သောညအခါတွင် သူ၏ ဘုံကျောင်းသို့ ခိုးကြောင်ခိုးဝှက်သွားကာ ကိစ္စများကိုဝင်ရောက်စွက်ဖက်သကဲ့သို့ ရှိနေသဖြင့် အံ့အားသင့်ဖွယ်ကောင်းနေပေသည်။ ထိုအရာသည် အတန်ငယ် ရင်ဖိုစရာ၊ စိတ်လှုပ်ရှားစရာလည်း ကောင်းနေ၏။

သို့သော် ထိုသူများသည် သူရောက်လာစေရန် ထောင်ချောက်ဆင်၍ မျှားခေါ်ခြင်းဖြစ်နိုင်ကြောင်းကိုလည်း သူ ထည့်သွင်းစဉ်းစားရပေမည်။ ထို့ကြောင့် လီချန်ရှို့သည် သူ၏ခြေလှမ်းတိုင်းကို လွန်စွာ သတိကြီးကြီးထားနေရလေသည်။

တာအိုရသေ့အိုကြီးသည် မြေပေါ်သို့ ရုတ်ခြည်း မတက်လိုက်ပေ။ သူ၏ လက်သည်းခွံများအတွင်း အားအင်မဲ့နတ်ဆေးအပျော့စားတစ်ခုကို ထည့်၍ မြေပေါ်သို့ လက်ချောင်းလေးများကိုသာ ဖော်ကာ ဆေးများလွှတ်လိုက်ပြီး ရွှေဒင်္ဂါးများကို ကိုင်၍ နှစ်ခြိုက်စွာအိပ်ပျော်နေသော ဗေဒင်ဆရာအိုကြီးကို မေ့မြောသွားအောင် လုပ်လိုက်ပေသည်။

ထို့နောက် တာအိုရသေ့အိုကြီးသည် ဆံမျှင်တစ်ချောင်းသဖွယ် သေးမျှင်သော ဓမ္မအဆောင်ကြိုးတစ်ချောင်းကို ထုတ်ယူလိုက်သည်။ ထိုကြိုးမျှင်လေးသည် အလိုလို ရှည်ထွက်သွားပြီး မြေပေါ်တွင် မြွေတစ်ကောင်ကဲ့သို့ တွှားသွား၍ ဗေဒင်ဆရာအိုကြီး၏ နဖူးကို ရစ်ပတ်လိုက်လေသည်။ ထိုအရာကား ဝိညာဉ်ရှာဖွေအတတ်ပညာထဲမှ တစ်ခုဖြစ်သော မြူခိုးအိပ်မက်ကြိုးအတတ် ဖြစ်၏။

ထိုအတတ်ကိုအသုံးပြုသူသည် မြူခိုးအိပ်မက်ကြိုးဖြင့် ရစ်ပတ်ခံရသူ၏ အိပ်မက်အတွင်းသို့ ဝင်ခွင့်ရသွားပြီး ထိုသူ၏ မှတ်ဉာဏ်များကို ကြည့်ခွင့်ရှိလေသည်။ သို့သော် ထိုအတတ်၏ အားနည်းချက်မှာ ၎င်းကို ကျင့်ကြံခြင်းအဆင့်နိမ့်သောသူများအပေါ်၌သာ သုံး၍ရလေသည်။ ထို့ကြောင့် ထိုအတတ်ကို အဆင့်နိမ့်အတတ်ဟု ခေါ်ကြခြင်းပင်။

ခေတ္တမျှကြာပြီးသွားသောအခါ လီချန်ရှို့သည် ဗေဒင်ဆရာအိုကြီး၏ ခက်ခဲကြမ်းတမ်းသော ဘဝဇာတ်ကြောင်းကို ကြည့်ရှုပြီးသွားလေပြီ။ ထို့နောက် လီချန်ရှို့သည် စက္ကူကိုယ်ပွားကို မြေကိုယ်ယောင်ဖျောက်အတတ်ကို ထပ်မံသုံးစေလိုက်ပြီး တိတ်တဆိတ်ပြန်ထွက်ခွာခိုင်းလိုက်လေတော့သည်။

တာအိုရသေ့အိုကြီးသည် ပြန်မထွက်သွားခင် ဖြေဆေးအချို့ကိုလည်း လွှတ်ပေးထားခဲ့ရန် မမေ့လျှော့ခဲ့ပေ။ ထိုဖြေဆေးများဖြင့်ဆိုလျှင် အားအင်မဲ့နတ်ဆေး၏ အာနိသင်များ ပြယ်သွားပြီး ဗေဒင်ဆရာအိုကြီးသည် မနက်ဖြန်နံနက်တွင် ပုံမှန်အတိုင်း နိုးလာမည်ဖြစ်၏။ သူသည် မည်သည့်ခြေရာလက်ရာမှ မချန်ခဲ့တော့ဘဲ ထွက်ခွာသွားလိုက်လေတော့သည်။

မကြာခင် လီချန်ရှို့သည် လူသူကင်းရှင်းသော တောင်တစ်တောင်ပေါ်ရှိ ‌တောအုပ်တစ်အုပ်ကို ရှာတွေ့သွားသဖြင့် မြေအောက်တွင် လှည့်လည်သွားနေသော စက္ကူကိုယ်ပွားကို ရပ်တန့်လိုက်၏။ ထို့နောက် သူသည် ဗေဒင်ဆရာအိုကြီးထံမှ ရခဲ့သော သတင်းအချက်အလက်များကို ပြန်၍ အစီအစဉ်တကျစီလိုက်၏။

ထိုဗေဒင်ဆရာအိုကြီးသည်…

အပေါ်ယံတွင် ထိုအဘိုးကြီးသည် ပင်လယ်စောင့်နတ်မင်းဘုံကျောင်းတွင် အမွှေးတိုင်ရောင်းသူတစ်ဦး ဖြစ်သော်လည်း အမှန်မှာ သူသည် ထိုဘုံကျောင်းမှ လီ(၃၀၀၀)ကျော်အတွင်းရှိ အခြားဘုံကျောင်းများဖြစ်ကြသော ‘ ကျီးကန်းနတ်မင်းဘုံ‌ကျောင်း ’၊ ‘ အမျိုးသား၊အမျိုးသမီးဘုံကျောင်း ’၊ ‘ ရှေးခေတ်နတ်မင်းဘုံကျောင်း ’၊ ‘ တရှုံးဘုံကျောင်း ’ စသည်ဖြင့် စုစုပေါင်း ဘုံကျောင်းခုနှစ်ကျောင်းတို့၏ ဒလန်ဖြစ်လေသည်။

ပင်လယ်စောင့်နတ်မင်း လီချန်ရှို့သည် ထိုကဲ့သို့ သစ္စာဖောက်ကို အလွန်အထင်ကြီးသွား၏။ ထိုသို့သော သစ္စာဖောက် အများအပြားရှိလျှင် လီချန်ရှို့ကိုယ်တိုင်ပင် ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများကို ဖျက်ဆီးရန် လိုမည် မထင်ပေ။

ညသန်းခေါင်လောက် ရောက်လာခဲ့သော ကျီးကန်းသည် ကျီးကန်းနတ်မင်းဘုံကျောင်းမှ တမန်တော်ဖြစ်ပြီး ဗေဒင်ဆရာအိုကြီးကို ပင်လယ်စောင့်နတ်မင်းဘုံကျောင်းသို့ ရောက်လာသည့် ထူးဆန်းသောလူများကို စောင့်ကြည့်ခိုင်းထားခြင်း ဖြစ်၏။

လီချန်ရှို့တစ်ယောက် အာရုံခံမိခဲ့သော ဘုံကျောင်းများအကြားမှ ပဋိပက္ခသည် ကျီးကန်းနတ်မင်းဘုံကျောင်းနှင့် ပင်လယ်စောင့်နတ်မင်းဘုံကျောင်းတို့ အမွှေးတိုင်ပူဇော်ခံမည့် နယ်မြေလုကြရင်း ဖြစ်ပေါ်လာသော ပဋိပက္ခပင်။ လီချန်ရှို့သည် လွန်စွာအရေးကြီးသော အချက်တစ်ချက်ကိုလည်း ထည့်စဉ်းစားရပေမည်။

ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများ၏ အဓိကလူများမှာ ရှုံးရွာမှ လူများဖြစ်သည်။ ထိုတစ်ရွာလုံးတွင်လည်း နတ်တမန်တော်များ မှိုလိုပေါက်နေပြီဖြစ်ပြီး သန်မာထွားကြိုင်းသော ရွာသူရွာသား တစ်ရာကျော်ခန့်သည် နေရာအနှံ့သွား၍ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများ တည်ထောင်နေလေသည်။

သူတို့သည် ပင်လယ်ကြီးကို ညွှန်ပြ၍ ပင်လယ်စောင့်နတ်မင်း၏ ရက်ရောမှုဟုပြော၏။ သူတို့၏ ကြွက်သားများကို ညှစ်ပြ၍ ပင်လယ်စောင့်နတ်မင်း၏ စောင့်ရှောက်မှုကြောင့်ဟု ဆို၏။ သူတို့၏ အားပြင်းသော လက်သီးချက်များကို ပြသ၍ ပင်လယ်စောင့်နတ်မင်း၏ တန်ခိုးကြီးပုံကို ချီးမွမ်းကြ၏။

လီချန်ရှို့သည် ထိုရွာကို ဂရုပင်မစိုက်ခဲ့ချေ။ တစ်စုံတစ်ယောက်၏ အိပ်မက်အတွင်းသို့သွား၍လည်း မည်သည့် လမ်းညွှန်မှုများမှ မပေးခဲ့ဖူးချေ။

‘ ရှုံးရွာက လူတွေက ဘာကိုအားကိုးပြီးတော့များ တခြားဘုံကျောင်းက အတုမဲ့နတ်ဝိဇ္ဇာအဆင့်ရှိတဲ့ နတ်တမန်တော်တွေနဲ့ တိုက်ခိုက်နေရတာလဲ ’
လီချန်ရှို့ နားမလည်နိုင်ဖြစ်နေ၏။ တစ်စုံတစ်ယောက်သည် ပင်လယ်စောင့်နတ်မင်းကို အမြင့်သို့တင်ပြီးမှ ရိုက်ချရန် ကြံစည်နေခြင်းလောဟု သံသယဖြစ်မိနေ၏။

ဗေဒင်ဆရာအိုကြီးသည် ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများနှင့် ပတ်သက်သော အတွင်းသတင်း တော်တော်များများကို သိလေသည်။ ဗေဒင်ဆရာအိုကြီးသည် သာမန်အမွှေးတိုင်ရောင်းသူတစ်ဦး ဖြစ်သည့်အပြင် အခြားအချိန်ပိုင်းအလုပ် ခုနှစ်ခုကို လုပ်ကိုင်နေသူဖြစ်သော်လည်း နတ်တမန်တော်တစ်ဦးဖြစ်လာရန်အထိ ရည်ရွယ်ချက်ကြီးမားသူဖြစ်သည်။

လီချန်ရှို့သည် လူနေခြုံကြား၊ စိတ်နေဘုံဖျားဖြစ်သော ဗေဒင်ဆရာအိုကြီးကို ရာထူးတိုးပေးချင်စိတ်ပင် ပေါက်သွားရ၏။ ထိုဗေဒင်ဆရာအိုကြီးကို အရေးပါသော ရာထူးတစ်ခုပေးလိုက်မှသာ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများ အလွယ်တကူပျက်ဆီးသွားမည်ဖြစ်၏။

‘ အဟမ်း… ဟာသတွေ တွေးမနေနဲ့တော့ ’
လီချန်ရှို့သည် ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများကို သဘာဝကျကျ ဖြိုလှဲနိုင်ရန် တောင်သမုဒ္ဒရာဆီသို့ လာခဲ့ခြင်းဖြစ်၏။ သူသည် ကမ္မနှောင်ကြိုးများကို ဖြတ်တောက်၍ မမြင်နိုင်သော အန္တရာယ်များ၏ ဘေးမှ ဝေးအောင် လုပ်ရပေမည်။

ထိုဖြိုလှဲမည့် အစီအစဉ်သည် သေမျိုးလောကတွင် ရန်ပွဲများကို မီးမွှေးပေးလိုက်သကဲ့သို့ ဖြစ်၍မရချေ။ သူသည် အကုသိုလ်များကို မရလိုတော့ပေ။ ထို့ပြင် သူ့ရည်ရွယ်ချက်နှင့် ပြောင်းပြန်ဖြစ်ကာ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများ ပိုတိုးပွားလာစေ၍လည်း မဖြစ်ပေ။

လီချန်ရှို့သည် တောင်သမုဒ္ဒရာသို့မလာမီ အစီအစဉ်များစွာကို ရေးဆွဲခဲ့၏။

အရိုးရှင်းဆုံးနှင့် အထိရောက်ဆုံးနည်းမှာ ပင်လယ်စောင့်နတ်မင်းသည် သူ၏ နတ်မင်းတန်ခိုးများကို ဆုံးရှုံးသွားပြီဖြစ်ကြောင်း ကိုးကွယ်သူများ ယုံကြည်အောင် ပြုခြင်းပင်။ ထိုမှသာ ကိုးကွယ်သူများသည် နတ်မင်းအမှားကြီးကို ကိုးကွယ်နေမိခြင်းဖြစ်ကြောင်း သိရှိသွားပေမည်။ လီချန်ရှို့သည် အစွမ်းရှိသ၍ လုပ်ရန် ဆုံးဖြတ်လိုက်၏။

လီချန်ရှို့သည် သုံးရက်မြောက်နေ့၌ အန်းရွှေမြို့တွင် ပင်လယ်စောင့်နတ်မင်း ပွဲတော်ကြီးတစ်ခု ကျင်းပမည်ဖြစ်ကြောင်း သိလိုက်ရ၏။ ဗေဒင်ဆရာအိုကြီးသည် ဘုံကျောင်းတွင် အမွှေးတိုင်များရောင်းနေရသည့်အပြင် ထိုဘုံကျောင်းသည် အန်းရွှေမြို့နှင့်လည်း ဝေးသဖြင့် ဤတစ်ကြိမ်တွင် ထိုပွဲ‌တော်သို့ မသွားနိုင်တော့ပေ။

သို့သော် လီချန်ရှို့သည် ဗေဒင်ဆရာအိုကြီး၏ မှတ်ဉာဏ်များအရ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများမှ အထက်ပိုင်းပုဂ္ဂိုလ်များနှင့် ကိုးကွယ်သူတစ်ထောင်ကျော်သည် ထိုပွဲတော်အတွက် အန်းရွှေမြို့သို့ လာမည်ဖြစ်ကြောင်း သိလိုက်ရ၏။

ထိုအရာသည် အခွင့်အရေးကောင်းပင်။ လီချန်ရှို့၏ စက္ကူကိုယ်ပွားသည် ထိုပွဲတော်သို့သွား၍ ပင်လယ်စောင့်နတ်မင်း၏ ရုပ်တုကို ဖျက်ဆီးကာ ထို အထက်ပိုင်းပုဂ္ဂိုလ်ဆိုသူများကို အနိုင်ယူနိုင်ခဲ့လျှင် ပင်လယ်နတ်မင်းမှာ အမှန်တကယ်မရှိသော နတ်မင်းတစ်ပါးဖြစ်ကြောင်း သိသွားကြပေလိမ့်မည်။

ထိုကဲ့သို့ အဖြစ်အပျက်များ အကြိမ်အနည်းငယ် ထပ်မံဖြစ်ပွားခဲ့လျှင် ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများသည်လည်း သဘာဝကျကျ ပြိုလဲသွားမည်ဖြစ်၏။

ထိုအစီအစဉ်သည် ရှိုးရှင်းပြီး လီချန်ရှို့အနေဖြင့် မည်သည့် ပညာရှင်နှင့်မှ တိုက်ခိုက်ရမည်မဟုတ်သော်လည်း သတိလက်လွတ်ဖြစ်၍တော့မရပေ။

သူ သေချာစုံစမ်းကာ အစီအစဉ်ဆွဲ၍ ဂရုတစိုက် လုပ်ဆောင်ရပေမည်။

‘ ငါ့ရဲ့ အစီအစဉ်စတာနဲ့ ပင်လယ်စောင့်နတ်မင်းလည်း ကိစ္စတုံးပြီးပေါ့ကွာ ’
လီချန်ရှို့သည် သူ၏ အစီအစဉ်ကို ထိုညတွင် စတင်လိုက်သည်။

သူသည် ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများရှိသည့် နယ်မြေများကိုလှည့်ပတ်၍ နတ်အာရုံသုံးကာ ဘုံကျောင်းများကို လေ့လာလိုက်သည်။

ပင်လယ်နတ်မင်းပွဲတော်မစခင် နှစ်ရက်အလို၌ စက္ကူကိုယ်ပွားသည် အန်းရွှေမြို့၏ အနီးသို့ ရောက်သွားပြီး နတ်တမန်တော်များကို အသေးစိတ်လေ့လာလိုက်လေသည်။ ထိုသူများသည် ရှုံးရွာမှ လူများဖြစ်ကြ၏။ လီချန်ရှို့သည် ထိုသူများကို လျှို့ဝှက်၍ စမ်းသပ်လိုက်သည်။

သူ၏ နတ်တမန်တော်များသည် ခွန်အားကြီးသော သာမန်လူများသာ ဖြစ်ကြောင်း လီချန်ရှို့ အတည်ပြုလိုက်၏။ ထိုနတ်တမန်တော်များထဲမှ လူအနည်းစုသာ ကျင့်ကြံသူများဖြစ်ကြ၏။ သို့သော် သူတို့၏ ကျင့်ကြံခြင်းအဆင့်သည် ချီသန့်စင်ခြင်းအဆင့်နှင့် ဝိညာဉ်အခြေတည်အဆင့် လောက်သာ ရှိကြလေသည်။

ထို့နောက် လီချန်ရှို့သည် သူ၏ အစီအစဉ်တွင် ရှိနိုင်မည့် ဟာကွက်များကို ရှာကြည့်လိုက်၏။

ထိုပင်လယ်နတ်မင်းပွဲတော်ကို ကျီးကန်းနတ်မင်းဘုံကျောင်းများမှ လူများ မနှောင့်ယှက်နိုင်ရန် အန်းရွှေမြို့အပြင်တွင် ‘ကောင်းကင်’ စက္ကူကိုယ်ပွား နှစ်ရုပ်ကို ဖွက်ထားခဲ့လိုက်၏။ ထိုစက္ကူကိုယ်ပွား နှစ်ရုပ်သည် အချိန်မရွေးတိုက်ခိုက်ရန် အသင့်ပြင်ထားပေသည်။

အကယ်၍ ကျီကန်းနတ်မင်းဘုံကျောင်းမှ သူများ လာရောက်ပြဿနာရှာခဲ့လျှင် ဘုံကျောင်းများအကြားတွင် သေချာပေါက် ရန်ပွဲတစ်ခု ဖြစ်ပေါ်လာပေလိမ့်မည်။

‘ အင်း..အဲဒီလိုသာဆို သွေးချောင်းစီးသွားမှာ… ပင်လယ်နတ်မင်းဖြစ်တဲ့ ငါလည်း နေရင်းထိုင်ရင်း အကုသိုလ် တပြုံတခေါင်းရသွားလိမ့်မယ် ’
သူ သတိကြီးကြီးထားရပေလိမ့်မည်။

ထို့နောက် လီချန်ရှို့သည် ပင်လယ်နတ်မင်းဘုံကျောင်းနှင့် ပတ်သက်နေနိုင်သော ချီကျင့်ကြံသူများကို စုံစမ်းလိုက်သည်။ နောက်ဆုံး၌ ပင်လယ်စောင့်နတ်မင်း၏ နတ်တမန်တော်တစ်ပါး၏ သမီးသည် မြောက်ဘက်ရှိ နတ်ဝိဇ္ဇာဂိုဏ်းတစ်ဂိုဏ်းတွင် နတ်ဝိဇ္ဇာတစ်ပါး၏ တပည့်တစ်ဦးဖြစ်လာကြောင်းသာ သူ သိလိုက်ရလေသည်။ သူမသည် အလယ်ကျွန်းရှိ နတ်ဝိဇ္ဇာဂိုဏ်းတစ်ဂိုဏ်းတွင် ဝင်ရောက် တပည့်ခံခဲ့သော ရှုံးရွာမှာ ကောင်မလေးတစ်ယောက် ဖြစ်ရပေမည်။

လီချန်ရှို့သည် တုတ်ခိုင်သန်မာသော ကိုယ်လုံးကိုယ်ပေါက်ရှိသည့် ရှုံးလင်လိဟုခေါ်သော ကောင်မလေးတစ်ယောက်အကြောင်းကို တွေးမိသွား၏။ သို့သော် သူ့တွင် အချိန်သိပ်မရှိသဖြင့် သူ၏ အတွေးမှန်၊မမှန် အတည်မပြုခဲ့ရပေ။

သို့ရာတွင် နတ်ဝိဇ္ဇာဂိုဏ်းသို့ လွန်ခဲ့သည့် နှစ်အနည်းငယ်ကမှ ဝင်ရောက်သွားသည့် ကောင်မလေးသည် ကြီးကြီးမားမား တတ်နိုင်မည်မဟုတ်ချေ။ လီချန်ရှို့သည် ထိုအကြောင်းကို စိုးရိမ်စရာမလိုသော်လည်း ထည့်တော့တွက်ထားရပေမည်။

လွန်ခဲ့သည့် နှစ်ရက်အတွင်း လီချန်ရှို့သည် သူ၏အစီအစဉ်ကို ပြီးပြည့်စုံအောင် အသေးစိတ်အချက်အလက်များကို ပြန်သုံးသပ်ပြီး ဟာကွက်များကို ရှာခဲ့၏။ သူတွေး၍ ရသမျှကိစ္စများအတွက် ကြိုတင်ကာကွယ်မှုများ၊ ပြင်ဆင်မှုများ လုပ်ထားခဲ့၏။

ဤအကြိမ်တွင် မည်သည့်ပြဿနာမှ မရှိနိုင်ပေ။
‘ အဟမ်း… ငါ အဲ့လိုတော့ တရားသေ ယူဆလို့မရသေးဘူး… ’

‘ ဒီအချိန်မှာ ငါ သတိလက်လွတ်ဖြစ်သွားတာတို့.၊ ဖြစ်နိုင်ချေရှိတာတွေကို မျက်စိရှမ်းသွားတာတို့ ဖြစ်လို့မရဘူး ’

အန်းရွှေမြို့တွင် ပင်လယ်နတ်မင်းပွဲတော် မတိုင်မီတစ်ည၌ စက္ကူကိုယ်ပွားသည် သူငှားထားသော ခြံဝန်းအသေးလေးတစ်ခုထဲတွင် ပုန်းအောင်းနေလေသည်။ လီချန်ရှို့တစ်ယောက် အတွေးနက်နေ၏။

ပွဲတော်ကို နံနက်အစောပိုင်းတွင် စတင်ကျင်းပမည်ဖြစ်ပြီး တစ်ရက်နှင့် တစ်ညကြာမြင့်ပေလိမ့်မည်။

အန်းရွှေမြို့အတွင်းသို့ ပင်လယ်နတ်မင်းကိုးကွယ်သူ အမြောက်အမြားရောက်ရှိလာသည်ဖြစ်ရာ မြို့တွင်း၌ လွန်စွာ စည်ကားနေလေတော့သည်။ လမ်းမများ၊ လမ်းကြားများတွင်လည်း လူများ ပျားပန်းခတ်နေ၏။

မြို့မှ လီ(၁၀၀၀) ပတ်ချာလည်အတွင်း၌ မည်သည့် အန္တရာယ်ကိုမှ လီချန်ရှို့ အာရုံမခံမိပေ။ လီချန်ရှို့တစ်ယောက် ဉာဉ့်တစ်ဝက်ခန့် သတိကြီးကြီးထားနေပြီးနောက် မိုး‌သောက်ချိန်သို့ပင် ရောက်လာပေပြီ။

တစ်မြို့လုံးတွင် လင်းကွင်းသံ၊မောင်းသံများ၊ လူသံများဖြင့် ပြည့်နှက်နေလေတော့သည်။ နေရာအနှံ့တွင် ရောင်စုံပိတ်စများကို ချိတ်ဆွဲထားကြလေသည်။

ပေနှစ်ဆယ်မြင့်သော ပင်လယ်စောင့်နတ်မင်းရုပ်တုကြီးကို ဘုံကျောင်းအတွင်းမှနေ၍ ရှုံးရွာမှ သန်မာသော နတ်တမန်တော် ရှစ်ယောက်က တွန်းထုတ်လာလေသည်။ ထို့နောက် သူတို့သည် ပင်လယ်စောင့်နတ်မင်းရုပ်တုကြီးကို လမ်းပေါ်တွင်လှည့်လည် အပူဇော်ခံလိုက်ပြီး သူတို့၏ အားကောင်းမှုကို ကြွားဝါလိုက်လေတော့သည်။

ပင်လယ်စောင့်နတ်မင်းရုပ်တုကြီး၏ ပတ်ပတ်လည်တွင် ကိုးကွယ်သူများနှင့် ပြည့်နှက်နေ၏။ အသက်အရွယ်စုံ ယောက်ျား၊ မိန်းမများသည် ပင်လယ်စောင့်နတ်မင်းရုပ်တုကို အမွှေးတိုင်များကိုင်၍ ဦးညွှတ်ကန်တော့လိုက်ကြ၏။

အမွှေးတိုင်ပူဇော်မှုမှရသော သူ၏ ကုသိုလ်များ အနည်းငယ်တိုးလာကြောင်း လီချန်ရှို့ အာရုံခံမိလိုက်၏။
‘ ငါသာ အခု တာ့လော်နတ်မင်းအဆင့်ကို ရောက်နေရင် ဒီကုသိုလ်တွေကို ကျေကျေနပ်နပ် လက်ခံလိုက်မှာပဲ ’

သို့သော်…

လီချန့်ရှို့ မသိမသာ သက်ပြင်းချလိုက်၏။ သို့သော် ထိုအရာကို သူ မနှမြောပေ။

ကုသိုလ်ထက် အသက်ရှင်နေနိုင်ခြင်းက ပို၍ အရေးကြီးသည် မဟုတ်ပေလော။

လမ်းမပေါ်တွင် လှည့်လည် အပူဇော်ခံသည့် အစီအစဉ် မပြီးဆုံးသေးပေ။ မကြာခင် ရုပ်တုကြီးသည် မြို့ပြင်သို့ ရောက်သွားပြီဖြစ်ပြီး ကိုးကွယ်သူများသည်လည်း အတူတူစုဝေးလိုက်ကြသည်။

လီချန်ရှို့သည် ပတ်ဝန်းကျင်ကို ဆက်၍ အာရုံခံနေလိုက်သည်။ သူသည် သေမျိုးများနှင့် ရင်ဆိုင်နေရခြင်းဖြစ်သော်လည်း သတိမလျှော့ခဲ့ချေ။

သို့သော် လီချန်ရှို့သည် စက္ကူကိုယ်ပွားမှတဆင့် အာရုံခံနေရခြင်းဖြစ်သဖြင့် တောင်သမုဒ္ဒရာအတွင်းမှ လာနေသူများကို အာရုံမခံလိုက်နိုင်ပေ။

*******

အန်းရွှေမြို့မှ လီ(၂၀၀၀)အကွာရှိ တောင်သမုဒ္ဒရာရေပြင်ပေါ်တွင် နတ်အလင်းတန်းများ လွှမ်းခြုံထားသော ရတနာသင်္ဘောကြီးတစ်စီးသည် သမုဒ္ဒရာရေမျက်နှာပြင်ပေါ်တွင် ဖြည်းညင်းစွာ ရွေ့လျားနေ၏။ ထိုရတနာသင်္ဘောကြီးသည် ကမာခွံတစ်ခုနှင့်တူသော်လည်း ကျန့်(၁၀၀)ခန့် အရှည်ရှိလေသည်။

ရတနာသင်္ဘောကြီး၏ အစွန်းတွင် တောင်သမုဒ္ဒရာနဂါးနန်းတော်မှ နတ်ဝိဇ္ဇာအဆင့်ရှိသော နဂါးစစ်သည် အုပ်စုတစ်စု ရပ်နေကြ၏။

တောင်သမုဒ္ဒရာနဂါးနန်းတာ်၏ ဒုတိယမင်းသားလေး အောင်းမုန်သည် အောင်းရိနှင့် ဟန်ကျစ်တို့ကို မျက်နှာလုပ်ရန် သူ၏ ကိုယ်ပိုင်အစောင့်စစ်သည်များကို အစောင့်အဖြစ် ခေါ်လာခြင်းပင်။

ထိုရေနဂါးစစ်သည် တစ်ရာကျော်သည် အတုမဲ့နတ်ဝိဇ္ဇာ နောက်ဆုံးအဆင့်ရှိသူများ ဖြစ်ကြ၏။ ထိုရေနဂါးစစ်သည်များသည် နဂါးနန်းတော်၏ ဂုဏ်ယူရသော အရာတစ်ခုလည်း ဖြစ်၏။

လက်ရှိတွင် ကောင်းကင်ဘုံခုံရုံးသည်ပင် အတုမဲ့နတ်ဝိဇ္ဇာအဆင့်ရှိသူများကို အစောင့်စစ်သည်အဖြစ် အသုံးမပြုနိုင်သေးပေ။

လွန်ခဲ့သည့် လဝက်ခန့်က အောင်းမုန်သည် အောင်းရိနှင့် ဟန်ကျစ်တို့ကို တောင်သမုဒ္ဒရာအတွင်း လှည့်လည်အပန်းဖြေရန် ဖိတ်ခေါ်ခဲ့လေသည်။

သူတို့သည် သမုဒ္ဒရာအတွင်းရှိ နတ်ကျွန်းများသို့ သွားရောက်လည်ပတ်ကြပြီး သမုဒ္ဒရာအောက်ရှိ ရှုခင်းများကိုလည်း ကြည့်ရှုခံစားခဲ့ကြ၏။ သူတို့သည် ပင်လယ်မျိုးနွယ်များ၏ လျှို့ဝှက်နေရာဖြစ်သော နဂါးနန်းတော်ရှိ ရတနာရေကန်သို့လည်း သွားရောက်လည်ပတ်ခဲ့၏။

ဟန်ကျစ်၏ စိတ်အခြေအနေသည် အတန်ငယ် ပို၍ကောင်းလာပေပြီ။

သူမအား ပြုစုပျိုးထောင်ပေးခဲ့သော သူမ၏ဆရာ သေဆုံးသွားမှုကို ကြုံရခြင်းမှာ မိသားစုဝင်တစ်ယောက်ကို ဆုံးရှုံးသွားသကဲ့သို့ပင် ခံစားခဲ့ရ၏။ ထို့ကြောင့် သူမအပြည့်အဝပြန်ကောင်းလာရန် အချိန်တစ်ခုယူရပေလိမ့်မည်။

သူတို့သည် လည်ပတ်ရသည်ကို ပျင်းလာ၍ သမုဒ္ဒရာရေပြင်ပေါ်တွင် လှေဦးတည့်ရာ ရွက်လွှင့်နေကြခြင်းပင်။

ထိုအခိုက်တွင် ဟန်ကျစ်သည် ပင်လယ်မျိုးနွယ်မှ မူလနတ်ဝိဇ္ဇာအဆင့်ရှိသော အမျိုးသမီးဂီတပညာရှင်တစ်ယောက်နှင့် ဂီတအကြောင်းများ ဆွေးနွေးနေ၏။

ပင်လယ်မျိုးနွယ်မှ လှပသော အမျိုးသမီးများသည် ကြော့ရှင်းစွာ ကနေကြ၏။ သို့သော် နဂါးနန်းတော်နှစ်ခုမှ ဒုတိယမင်းသားနှစ်ပါးသည် သင်္ဘောထိပ်ပိုင်းတွင်ရပ်၍ မြောက်ဘက်ရှိ ကုန်းမြေများကို ကြည့်နေလေသည်။ သူတို့သည် ကပြအသုံးတော်ခံနေသော လှပသည့် အမျိုးသမီးများကို စိတ်မဝင်စားကြပေ။

အောင်းရိတစ်ယောက် နဂါးမျိုးနွယ်၏ အကြပ်အတည်းများကို ပြောပြလိုက်သောအခါ အောင်းမုန်သည် သက်ပြင်းချ၍ စကားပရိယာယ်သုံးကား သူ၏ အမြင်များကို ပြန်ပြောလိုက်သည်။

အောင်းရိတစ်ယောက် ဆယ်နှစ်သားအရွယ်သို့ မရောက်ခင်က လူတိုင်းသည် အမှန်ကိုမြင်နိုင်ကျဘဲ သူတစ်ယောက်တည်းသာ အမှန်ကို မြင်သည်ဟု ထင်မိခဲ့၏။ သို့သော် သူ ဆယ့်တစ်နှစ်သား၊ ဆယ့်နှစ်နှစ်သား အရွယ်ရောက်လာသောအခါ လူအများစုသည် အမှန်ကို မမြင်သည်မဟုတ်ဘဲ မမြင်ယောင်ဆောင်နေခြင်းသာ ဖြစ်ကြောင်း သူသိရှိလာရ၏။

လက်ရှိ အောင်းရိသည် နဂါးမျိုးနွယ်မှ နဂါးများသည် သူတို့၏ အကြပ်အတည်းကို သိရှိပြီးဖြစ်သည်ဟု သဘောပေါက်နေပေပြီ။ သို့သော် သူတို့သည် မည်သည်ကိုမှ မပြောင်းလဲပစ်နိုင်ပေ။

သို့ရာတွင် ထိုကိစ္စများကို အရေးပင်မစိုက်သော နဂါးများလည်းရှိလေသည်။ ထိုနဂါးများသည် အသောက်အစား၊ အပျော်အပါးများဖြင့်ပင် ဘဝကို ကုန်ဆုံးနေကြ၏။

အောင်းမုန်သည်လည်း ထိုထဲတွင် ပါဝင်သူ တစ်ယောက်ပင်။

အောင်းရိ လက်နောက်ပစ်လိုက်၏။ ချောမောခံ့ညားသော လူငယ်လေးသည် လက်တွေ့ဘဝကို သိမြင်ပြီးသွားပြီဖြစ်၍ ပို၍ ရင့်ကျက်တည်ငြိမ်လာခဲ့လေသည်။
“ ဘယ်တော့မှ ငါတို့မျိုးနွယ်က ကောင်းကင်ဘုံကိုးထပ်ရဲ့ အထက်ကို ပြန်ပြီးရောက်မှာလဲ။ မျိုးနွယ်ရာချီထဲမှာ ဂုဏ်အရှိန်အဝါကြီးမားတဲ့ မျိုးနွယ်တစ်ခုအဖြစ် ဘယ်တော့မှ ပြန်ဖြစ်လာမှာလဲ ”

“ အစ်ကိုနှစ်… အစ်ကိုက အရမ်း အစိုးရိမ်လွန်နေတာပါ… ”
အောင်းမုန်က ပြုံး၍ ပြောလိုက်သည်။
“ ဘဝကို အဲ့စိတ်ကြီးနဲ့ ဖြတ်သန်းနေရတာ မပင်ပန်းဘူးလား။ နဂါးမျိုးနွယ်က ဘိုးဘေးတွေကလည်း ဒီကိစ္စကို အရင်ကတည်းက တွေးမိမှာပါပဲ။ သူတို့လည်း လုပ်နိုင်တာရှိရင် သေချာပေါက် အကုန်လုပ်မှာပါပဲ… ကျွန်တော်တို့ ပူပန်နေတာက အလကားပါပဲ… ”

“ ငါ ကြိုးစားမကြည့်ဘဲနဲ့ အလကား ဟုတ်၊မဟုတ် ဘယ်လိုလုပ်သိမှာလဲ ”
အောင်းရိက သက်ပြင်းချလိုက်ပြီး ဆက်၍ ပြောရန်ပြင်လိုက်စဉ်မှာပင် မြောက်ဘက်တစ်နေရာမှ တိမ်တစ်အုပ် မြင့်တက်လာသည်ကို တွေ့လိုက်ရ၏။

ထိုတိမ်တိုက်သည် ရွှေရောင်အလင်းတန်းများကို သယ်ဆောင်လာပြီး ကောင်းကင်ပေါ်သို့ ရောက်သောအခါ လျင်မြန်စွာ ပျောက်ကွယ်သွားလေသည်။

အောင်းရိက ပြောလိုက်၏။
“ အဲဒါက ဘာလဲ ”

“ ကျွန်တော်လည်း မသိဘူး ”
အောင်းမုန်က နောက်လှည့်၍ အော်လိုက်သည်။
“ အမတ်ကြီး လိပ်ဘိုးဘိုး… ဒီကိုလာပြီး ရှင်းပြပေးပါဦး ”

အမိန့်ကိုစောင့်နေသော အနီးနားရှိ လိပ်ဘိုးဘိုးသည် အလျင်အမြန်ပင် အမိန့်နာခံလိုက်လေသည်။ သူသည် ကျောကုန်းရှိ လိပ်ခွံကြီးကို ပင့်၍ တုတ်ကောက်လေးကို အားပြုကာ မင်းသားနှစ်ပါးအနီးသို့ လျှောက်သွားလိုက်၏။

လိပ်ဘိုးဘိုးသည် မျက်မှောင်ကြုတ်၍ ပြောလိုက်၏။
“ လျှောက်တင်ပါတယ် အရှင့်သား… အဲဒါက တောင်ပင်လယ်ရဲ့ ပင်လယ်စောင့်နတ်မင်းကို လူသားတွေ ပူဇော်လိုက်လို့ ဖြစ်ပေါ်လာတဲ့ ကုသိုလ်တိမ်တိုက်ပါ။ ဒီနှစ်ပိုင်းထဲ တောင်ပင်လယ်တစ်ဝိုက်မှာ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းတွေ ပေါ်လာပါတယ်။ အဲဒီဘုံကျောင်းတွေက အလျင်အမြန်ပဲ များပြားလာပါတယ်။ ကျွန်တော်မျိုးတို့လည်း အဲဒီဘုံကျောင်းတွေကို လျှို့ဝှက်စုံစမ်းထားပါတယ်။ ဒါပေမဲ့ ပင်လယ်စောင့်နတ်မင်းက ဘယ်သူလဲဆိုတာ မသိရသေးပါဘူး ”

“ ကံကောင်းမှုနဲ့ ကံကြမ္မာကောင်းတွေ၊ ကောင်းလိုက်တာ ”
အောင်းရိသည် ခါးသက်သက်ပြုံးလိုက်ပြီး မျက်ဝန်းများထဲတွင် ခံစားချက်များ ပြည့်နှက်သွားလေသည်။

ထိုအရာကို မြင်သောအခါ အောင်းမုန် ဒေါသထွက်သွား၏။
“ တောင်သမုဒ္ဒရာ နဂါးနန်းတော်ရဲ့ မြင့်မြတ်တဲ့မင်းသား ငါတောင် ငါ့ကိုယ်ငါ ပင်လယ်စောင့်နတ်မင်းလို့ မခေါ်ဘူး။ စစ်သည်တို့၊ တပ်တွေ အသင့်ပြင်ထားလိုက်။ ငါနဲ့အတူ အဲဒီထူးခြားတဲ့နေရာကို သွားမယ်။ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းရဲ့ ပင်လယ်စောင့်နတ်မင်းက ဘယ်သူလဲဆိုတာ ငါကိုယ်တိုင်သွားကြည့်မယ် ”
အမတ်ကြီးလိပ်ဘိုးဘိုသည် တစ်စုံတစ်ခု ပြောလိုသော်လည်း ချီတုံချတုံဖြစ်နေ၏။ သို့သော် အနီးရှိ ရေနဂါးစစ်သည်များသည် တညီတညွတ်တည်း အမိန့်နာခံပြီးလေပြီ။

***


Comment

Leave a Reply

Options

not work with dark mode
Reset