မူဝူကျိ စကားပြောပြီးတဲ့ နောက်မှာ အခန်းအတွင်းရှိ လေထုက စတင်ပြီး လေးလံလာခဲ့သည်။ ရှောင်ထျန်းရွမ် အပါအဝင် အခြားသော ပါရမီရှင်များ၏ အမူအရာများမှာ အောင့်သက်သက် ဖြစ်နေပြီး သူတို့၏ မျက်လုံးများမှာ မသေအချာ မရေရာသည့် အရိပ်အယောင်များ ဖြစ်ပေါ်နေသည်။
သူတို့အားလုံးက ကန်မင်တိုက်ကြီး၏ လူငယ်မျိုးဆက်ထဲတွင် တကယ့်ကို အကျော်အမော်များ ဖြစ်သော်လည်းပဲ သူတို့နေထိုင်သော တိုက်ကြီးတွင် ရှိသော လက်ရွေးစင်များနှင့်သာ ရင်ဆိုင်ခဲ့ရသည်။ ယခုတွင် သူတို့၏ ပြိုင်ဘက်များတွင် ရှန်ဇူတိုက်ကြီး၏ အဆင့်မြင့်သူများပါ ပါဝင်လာတော့မည့်ပုံ ရှိသည်။
မူဝူကျိက အစောပိုင်းတွင် သူတို့အား ကန်းရွှမ်းကောင်းကင် ဒေသ၏ ကောင်းချီးဆယ်ခု အကြောင်းနှင့် ရှန်ဇူတိုက်ကြီးတွင် ရှိခဲ့သော နယ်မြေခြောက်ခု အကြောင်းကို ရှင်းပြခဲ့သည်။ သည်နယ်မြေများထဲမှ တစ်ခုကပင် ပါရမီရှင်များကို မည်မျှ စွမ်းအား ပြည့်စေမလဲ ဆိုတာက မတွေးတတ်အောင်ပင် ဖြစ်သည်။
သူတို့အားလုံး ကန်မင်တိုက်ကြီးမှ ထွက်လာခဲ့သည်မှာ သူတို့နှလုံးသားထဲတွင် ကျင့်ကြံခြင်း မြင့်မြတ်သော နယ်မြေကို မြင်တွေ့လိုသောကြောင့် ဖြစ်သည်။ သူတို့ကလန်များ မိသားစုများက သူတို့အပေါ်တွင် မျှော်လင့်ချက်များ ထားရှိခဲ့ကြသည်။ သူတို့သာ သာမန်တပည့်များ ဖြစ်ရန်ပင် ကျရှုံးခဲ့လျှင် သူတို့၏ ယုံကြည်မှုများ ပျောက်ကွယ် သွားမည် ဖြစ်သည်။
မူဝူကျိသည် ထိုလူငယ်အုပ်စုကို တစ်ချက်မျှသာ ဝေ့ကြည့်လိုက်သည်။ သူအနေဖြင့် မည်သည့် နှစ်သိမ့်စကားမှ မပြောဆိုပေ။ ကန်ရွှမ်းကလန်၏ စည်းကမ်း စံသတ်မှတ်မှုမှာ အလွန်ကို မြင့်မားပြီး တရားဝင် တပည့်ဖြစ်လာရန်မှာ မလွယ်ကူပေ။ သူတို့ကြားတွင် အဆုံးသတ်၌ မည်သည့်က ရယ်မောနေနိုင်ပြီး မည်သူက မျက်ရည်ကျရမလဲ ဆိုတာပဲရှိသည်။
“မင်းတို့အားလုံး ကန်ရွမ်းကလန်ကို ရောက်တဲ့ အခါကျရင် တပည့်အသစ်တွေ အနေနဲ့ ပထမတန်းတပည့်၊ ဒုတိယတန်းတပည့်၊ တတိယတန်းတပည့် ဆိုပြီး အတန်းတွေ ခွဲပေးလိမ့်မယ်”
“သူတို့က ဘယ်လို ကွဲပြားကြတာလဲ” ဇူယွမ်က မေးလိုက်သည်။
“တကယ်တော့ သူတို့တွေက တစ်ခုပဲ ကွဲပြားတယ်။” မူဝူကျိက ရယ်မောလိုက်သည်။
“ပထမတန်း တပည့်တွေက သူတို့ရဲ့ ကိုယ်ပိုင်ချီ သိုလှောင်ခန်းတွေကို ထည့်သွင်း မစဉ်းစားရင်တောင် မူလစာလုံး ရေးဆွဲခြင်း နယ်ပယ်မှာ ထူးချွန်ကျတယ်။ သူတို့ရဲ့ မူလချီတွေက ပိုမိုသာလွန်ပြီး စူးစိုက် ဇောက်ချ လေ့ကျင့်ကြတဲ့ အတွက် အခြား ချီသိုလှောင်ခန်းရှိတဲ့ တပည့်တွေထက် သာလွန်တယ်။ အဲဒီနေရာမှာ နေထိုင်ရတာက ပုံမှန်အားဖြင့် အကျိုးကျေးဇူး အများကြီးရှိတယ်”
“ထပ်ပြီးတော့ ပထမတန်းက တပည့်တွေက အပါတ်တိုင်း အဆင့် (၅) မူလအစားအစာဖြစ်တဲ့ သမပိုင်းကောင်းကင် နှလုံးသား ကိုယ်ထည်ဂျုံစေ့ တစ်အိတ်ကို အကျိုးခံစားခွင့် ရှိတယ်။ နေ့တိုင်း အဲဒါကို စားသုံးပေးရင် ခန္ဓာကိုယ်ကို အချိုးကျစေပြီးတော့ မူလချီကျင့်ကြံမှုကို ပိုမို လျင်မြန်စေတယ်။ တကယ်တော့ အခြားပထမတန်းစား တပည့်တော်တော်များများက တပည့်ရင်းတွေထက်ကို သာလွန်တယ်”
”အဆင့် (၅) မူလအစားအစာ”
ဇူယွမ်၏ နှလုံးသားမှာ ထိုစကားလုံး လေးလုံးကြောင့် တုန်လှုပ်သွားခဲ့ပြီး အကူအညီမဲ့စွာ အော်လိုက်မိသည်။
ဇူယွမ်သိသော တစ်ခုသော မီးဝိညာဉ်အစေ့ မူလအစားအစာမှာ အဆင့် (၄) မျှသာရှိပြီး သူနေ့စဉ် စားသုံးနေခဲ့သည့် ဆန်းကြယ် သလင်းကျောက် ထမင်းမှာ အဆင့် (၂) မျှသာ ရှိသည်။
သို့စေကာမှု သူ့အနေဖြင့် သည်မူလ အစားအစာနှစ်ခုမှ အကျိုးများစွာ ရရှိခဲ့ပေသည်။ သူ၏စွမ်းရည်နှင့် အပြင်းအထန် ကြိုးစားမှုတို့ကြောင့် သည်နှစ်နှစ်အတွင်း သူ၏ အခြေအနေမှာ များစွာ တိုးတက်ခဲ့ခြင်း ဖြစ်သော်လည်း ကျင့်ကြံခြင်းအတွက် ပြင်ပ အထောက်အပံ့များကို လျစ်လျူရူ၍ မရပေ။
ထိုကြောင့် ကန်ရွှမ်းကလန်၌ အဆင့် (၅) မူလအစားအစာကို လူတစ်ယောက်က နေ့စဉ် စားသုံးနိုင်သည်ကို ကြာရချိန်တွင် သူက အတိတ်ကို ပြန်တွေးမိပေသည်။
သူ့အနေဖြင့် သမပိုင်းကောင်းကင် နှလုံးသား ကိုယ်ထည်ဂျုံစေ့အား အချိန်ကြာမြင့်စွာ စားသုံးနေရပါက မည်မျှ အကျိုးကျေးဇူး များမည်ကို သူ့အနေဖြင့် မခန့်မှန်းနိုင်ပေ။
မူဝူကျိက ပြုံးလျက် သူရှေ့တွင် ရှိနေသော လူစုအား ကြည့်လိုက်ပြီး သူ၏ အကြည့်က ယောင်ယောင်၏ လှပသော မျက်နှာပေါ်တွင် ရပ်တန့်နေခဲ့ပြီး …
“သို့သော်လည်း ငါကြောက်မိတာက မင်းတို့ အားလုံးထဲမှာမှ ယောင်ယောင် တစ်ယောက်တည်း ပထမတန်းတပည့် ဖြစ်လာဖို့ အဆင့်မီနေမှာကိုပဲ”
ယောင်ယောင်တွင် မူလချီစွမ်းအား လုံးဝ မရှိသော်လည်း မူဝူကျိအနေဖြင့် သူမ၏ စိတ်ဝိညာဉ်က ဒြပ်ထည် တည်ဆောက်မှု အလယ်အဆင့်သို့ ရောက်ရှိနေမှန်း သိပေသည်။
“မင်းကတော့ …” မူဝူကျိက ဇူယွမ်ဘက်သို့ လှည့်ပြီး စနောက်လိုက်သည်။
“မင်းရဲ့ ကျင့်ကြံမှုကိုသာ အခြေခံလိုက်ရင် မင်းအနေနဲ့ တတိယတန်း တပည့်တောင် ဖြစ်မလာမှာ ငါကြောက်မိတယ်”
သို့သော်လည်း မူဝူကျိအနေဖြင့် ဇူယွမ်၏ တိုက်ပွဲဝင် စွမ်းအားက မည်မျှ လွှမ်းမိုးနိုင်ကြောင်း သိပေသည်။ တကယ် တိုက်ခိုက်ပါက သူ့အနေဖြင့် အဆင့် (၂) နှင့် အဆင့် (၃) မူလစဦး ကျင့်ကြံသူများကို ရှုံးနိမ့်လိမ့်မည် မဟုတ်ပေ။ တကယ်တော့ သူ ကောင်းကင်တံခါး အဆင့်တွင် ရှိနေစဉ် ကတည်းက ပထမအဆင့် မူလစဦးအဆင့် ကျင့်ကြံသူ ဝူဟောင်ကို ရှုံးနိမ့်စေခဲ့သည်။
ဇူယွမ်က အကူအညီမဲ့စွာ ပြုံးပြလိုက်သည်။
မူဝူကျိက ရုတ်တရက် ပြောလိုက်သည်။
“ဟုတ်ပြီ။ ဆရာအိုကြီး မင်းကို ပေးခဲ့တဲ့ သင်္ကေတပြားကို ထုတ်လိုက်”
ဇူယွမ်က ခဏမျှ ကြောင်အ သွားသော်လည်း မူဝူကျိက စုယုဝေအား ခေါ်ဆောင်သွားသည့် ဆရာအိုကြီး အကြောင်း ပြောဆိုနေခြင်း ဖြစ်သည်ကို လျင်မြန်စွာ နားလည် သဘောပေါက်ခဲ့သည်။
ဇူယွမ်က သင်္ကေတပြားကို သိုလှောင်အိတ် အတွင်းမှ ထုတ်ယူလိုက်ပြီး မူဝူကျိ၏ လက်ထဲသို့ ထည့်ကာ သိချင်စိတ် ပြင်းပြစွာဖြင့် မေးလိုက်သည်။
“ဒါကို ဘယ်လို သုံးရတာလဲ”
မူဝူကျိက သင်္ကေတပြားကို လက်ခံယူလိုက်ပြီး ရယ်မောကာ …
“သည် တံဆိပ်ပြားနဲ့ ဆိုရင် မသန်မစွမ်း တစ်ယောက် ဆိုရင်တောင်မှ ပထမတန်း တပည့်လုပ်လို့ ရတယ်”
သည်စကားလုံးများ ကြားလိုက်ရချိန်တွင် ရှောင်ထျန်းရွှမ်နှင့် ကျန်လူများမှာ သင်္ကေတများကို လိုချင်တပ်မက်မှုနှင့် မနာလိုမှုများ တောက်လောင်စွာဖြင့် ကြည့်လိုက်ကြသည်။
ဇူယွမ်လည်းပဲ လွန်စွာ အံ့အားသင့် သွားခဲ့ပေသည်။ သူ့ကို ဆရာအိုကြီးက သည်လောက်အထိ မျက်နှာသာ ပေးလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
“ဆရာဦးလေးမူ ဆရာအိုကြီးရဲ့ မူလဇာစ်မြစ်ကို သိလား။ သူလည်းပဲ ကန်ရွှမ်းကလန် ကလား”
ဇူယွမ်က ကူကယ်ရာမဲ့စွာ မေးမြန်း လိုက်သည်။ ထိုလူအိုကြီးက သူနှင့် စကားပြောဆိုပြီး ထွက်သွား ခဲ့သော်လည်း စုယုဝေအား မည်သည့်နေရာသို့ ခေါ်ဆောင် သွားမည်ကို ပြောမပြခဲ့ပေ။
သည်လူအိုကြီး၏ လုပ်ရပ်က တမင်သက်သက်ကို အဆုံးသတ် သွားမှန်း သိသာပေသည်။
မူဝူကျိက ခေါင်းယမ်းလိုက်ပြီး …
“ဆရာအိုကြီးက ကန်ရွှမ်းကလန်က မဟုတ်ဘူး။ ဒါပေမဲ့ ဟန်ယွမ်ကလန်ကပဲ”
“ဟန်ယွမ် ကောင်းကင်ဒေသလား” ဇူယွမ်ရှော့ရ သွားခဲ့သည်။ ယခုဆိုလျှင် သူ့အနေဖြင့် ဟန်ယွမ်ကောင်းကင် ဒေသသည် ကောင်းကင်ဒေသ ငါးခုအကြားတွင် အသန်မာဆုံး ဖြစ်ကြောင်းကို သူသိရှိပေသည်။
“ဒီအဓိပ္ပာယ်က စုယုဝေက ဟန်ယွမ်ကောင်းကင် ဒေသကို သွားလိုက်ပြီလို့ မဟုတ်ပါဘူးနော်”
ဇူယွမ် အနည်းငယ် ဝမ်းနည်းသွားသည်။ သည်အရာက အမှန်ပင် သူတို့နှစ်ယောက် ကမ္ဘာခြားခဲ့ပြီ ဖြစ်သည်။ သူအနေဖြင့် သူတို့နှစ်ယောက် ဘယ်အချိန် ဘယ်နေရာမှာ ပြန်တွေ့နိုင်မလဲ ဆိုသည်ကို မသိနိုင်တော့ပေ။
မူဝူကျိက သူတို့အုပ်စုကို ဝေ့ကြည့်ပြီး ဆက်ပြောလိုက်သည်။
“မင်းတို့ အားလုံးက ငါ့ရွေးချယ်မှုကြောင့် ကန်ရွှမ်းကလန်ကို ချောမွေ့စွာ ဝင်ရောက်နိုင်ခဲ့တယ်။ မင်းတို့အားလုံး ပေါ့ဆမှုမရှိဘဲ ကြိုးစားကြပါ အဆုံးမှာ မင်းတို့ ဖယ်ထုတ်ခံရရင် အဲဒါက ဘယ်သူ့ကြောင့်မှ မဟုတ်ဘူး မင်းတို့ကြောင့်ပဲ”
မူဝူကျိ၏ သတိပေးစကားက ပါရမီရှင်များ၏ နှလုံးသားကို တုန်ခါစေသည်။ သူတို့သည် မကြာသေးခင် ကျင့်ကြံခြင်း လမ်းကြောင်းအတွက် ကလန်အတွင်းသို့ အလွယ်တကူ ဝင်ရောက်ခွင့် ရရှိခဲ့သည်။ သူတို့သည် ချက်ချင်းပင် တစ်ယောက်ကို တစ်ယောက် ဝန်ခံကာ မည်သူမှ ပေါ့ပေါ့တန်တန် မနေရဲတော့ချေ။
***
တောက်ပသော လတစ်စင်းက ကောင်းကင်အမြင့် တစ်နေရာတွင် တွဲလွဲခိုနေသည်။
ကြီးမားသော လှေကြီးက ချော့မွေ့စွာ သွားနေသည်။ လှေဦးပိုင်းအနီး စက်ဝိုင်းသဏ္ဌာန် စားပွဲဝိုင်း၏ ပတ်ပတ်လည်တွင် ပုံရိပ်အချို့က တိတ်ဆိတ်စွာ ထိုင်နေကြသည်။ သူတို့တွေ ကတော့ ဇူယွမ်၊ယောင်ယောင်၊ လုလျို၊ ကျိုးချူးချင်ယုနှင့် ကျိန်းရွှီး၊ လီချွန်ကျွမ်၊ နန်ကျန်းတို့ ဖြစ်သည်။
လုလျိုက အစပိုင်းတွင် ဇူယွမ်ကိုသာ ခေါ်ခဲ့သော်လည်း ကျိုးချူးချင်ယုက ရှန်ဇူတိုက်ကြီးသို့ မရောက်ခင် ခွဲခွာခါနီး အတူစုကာ တွေ့ဆုံလိုခဲ့သည်။ အံ့အားသင့်ဖွယ် ကောင်းစွာပင် ကျိန်းရွှီးနှင့် လီချွန်ကျွမ်တို့ သာမက ရင်းနှီးမှု မရှိသေးသည့် နန်ကျန်း ပင်လျှင် သူတို့နှင့် လာရောက် တွေ့ဆုံခဲ့သည်။
သူတို့အားလုံး၏ ကန်ရွှမ်းတိုက်ကြီးတွင် တည်ရှိမှုက မည်မျှ နာမည်ကျော်ကြားသလဲ ဆိုသည်ကို သူတို့အားလုံး နားလည် ကြပေသည်။ ယခုချိန်တွင်တော့ ရှန်ဇူတိုက်ကြီးသို့ ရောက်သည်နှင့် သူတို့၏ ဂုဏ်ရှိန်ဝါများမှာ အားနည်း သွားပေလိမ့်မည်။
သူတို့ကိုယ်တိုင် သူတို့၏ အနာဂတ်ဘဝကို ဓားတစ်ချောင်းလို ထိုးနှက် ပုံဖော်ရမည် ဖြစ်သည်။ သူတို့ နောက်တစ်ကြိမ် ပြန်ဆုံတွေ့ချိန်တွင် ထိပ်ဆုံးသို့ ရောက်နေကြမလား သာမည အဆင့်တွင်သာ ရှိနေမလားဆိုတာ မည်သူမှမသိပေ။
မိန်းမပျိုလေး သုံးယောက်က တစ်ဖက်တွင် ရယ်မောလျက် စကားပြော နေကြသည်။ ဇူယွမ်က သူ၏ခွက်အား မြှောက်လျက် လီချွန်ကျွမ်အား ပြုံးပြကာ …
“မင်းငါ့ကို ကူညီခဲ့တာတွေ အတွက် ငါကျေးဇူးတင် စကား ပြောချင်တယ်။ သူတော်စင်ကျောက်တုံး လှေကားပေါ်မှာ မင်းသာ မကူညီခဲ့ရင် ဝူဟောင်က ပထမနေရာကို ရရှိသွားမှာပဲ”
သူတော်စင် လှေကားထစ်၏ နောက်ဆုံးအဆင့်တွင် လီချွမ်ကျွန်က ဇူယွမ်ကို ကူညီခဲ့သည့်အတွက် ဝူဟောင်နှင့် အတူတောင်ထိပ်ဆီသို့ တက်သွားနိုင်ခဲ့သည်။
လီချွန်ကျွမ်က အနက်ရောင် ပိတ်စဖြင့် စည်းနှောင်ထားသော သူ၏မျက်လုံး အစုံဖြင့် ဇူယွမ်အား ကြည့်လိုက်ပြီး ခွက်ကို မြှောက်ကာ တစ်ကျိုက်တည်း သောက်လိုက်သည်။ ထိုနောက် သူ၏ လည်ချောင်းသံကြီးဖြင့် …
“အဲဒီအရာက ဘာဖြစ်လို့လဲ ဆိုတော့ မင်း လုပ်နိုင်ခဲ့လို့လေ။ ဝူဟောင်က အရမ်း သန်မာလွန်းတယ် ငါအနေနဲ့ သူ့ရဲ့ ရုပ်ခန္ဓာကိုတောင် မသတ်ဖြတ်နိုင်ဘူး”
“မင်းသာ ငါကို ကျေးဇူးတင်ရင် အနာဂတ်မှာ ငါ့ရဲ့ ဓားကို သွေးဖို့အတွက် မင်းကို အသုံးပြုချင်တယ် …”
ဇူယွမ်က ပြုံးပြလိုက်ပြီး ပူပင်ကြောင့်ကြမဲ့စွာ ပြောလိုက်သည်။
“ငါမင်းနဲ့ ဘယ်အချိန်မဆို တိုက်ခိုက်ပေးမယ်”
သည်စကားများကို ကြားရချိန်မှာ နန်ကျန်း၏ မျက်လုံးများမှာ မြင့်တက်သွားပြီး သူကိုယ်သူ ရပ်တန့်နိုင်ခြင်း မရှိဘဲ ပြောလိုက်သည်။
“အဲဒီအချိန် ရောက်လာခဲ့ရင် ငါနဲ့လည်း တစ်ပွဲလောက် တိုက်ပေးစမ်းပါ”
“အဲဒါကို ငါတို့ အခုလုပ်လည်း ရတယ်” ဇူယွမ်က ရယ်မောခဲ့သည်။
နန်ကျန်းက အနည်းငယ် အေးခဲသွားပြီး ခေါင်းခါယမ်းလိုက်ကာ …
“ငါမင်းကို အခုချိန်မှာ ရိုက်နိုင်မလား ငါစိတ်ပူမိတယ်။ မင်းက ဝူဟောင်နဲ့ တိုက်ခိုက်ချိန်တုန်းကထက် ပိုပြီး သန်မာလာပြီပဲ”
သူက တိုက်ပွဲဝင် ဂျန်ကီဖြစ်သော်လည်းပဲ ဇူယွမ်နှင့် ဝူဟောင်တို့ တိုက်ခိုက်ပြီးခဲ့စဉ်က မြင်ကွင်းက သူ့ကို အလွန်အမင်း တုန်လှုပ် စေပေသည်။
တစ်ဖက်မှာ ကျိုးချူးချင်ယုက မေ့စေ့ပေါ်တွင် လက်တင်ထားလျက် ဇူယွမ်အား ပြုံးရင်း ကြည့်နေကာ ‘ဇူယွမ် ငါကြားဖူးတာတော့ ရှန်ဇူတိုက်ကြီးမှာ ပါရမီရှင်တွေက မြစ်ထဲငါးတွေလိုပဲ ရေတွက်ဖို့ကို များပြားလွန်းတယ်တဲ့။ နင့်ကိုနင် ပိုတော်လာအောင် မလုပ်ဘဲ လူအုပ်ထဲမှာ ပျောက်ကွယ်သွားလို့ ကတော့ ငါ့အနေနဲ့ နင့်နာမည်ကိုတောင် ကြားနိုင်မှာ မဟုတ်ဘူး။
“နင်ဘာလို့ သူ့ရဲ့ နာမည်ကို ကြားချင်ရတာလဲ သူက နင်ရွေးချယ်ထားတဲ့ သတို့သားလောင်း မလို့လား” လုလျိုက ရယ်လျက် မေးခဲ့သည်။
ကျိုးချူးချင်ယု၏ မျက်လုံးများက ကစားသွားပြီး ညို့ယူ ဆွဲဆောင်နိုင်သော အလှနှင့် အတူ ရဲဝံ့စွာ ကြေညာလိုက်သည်။
“သူ့ရဲ့ နာမည်သာ ရှန်ဇူတိုက်ကြီးမှာ အမှန်တကယ် ပျံ့နှံ့သွားခဲ့ရင် သူက ငါ့ရဲ့ အနာဂတ် သတို့သားလောင်းပဲ”
“ဒါကြောင့် ဇူယွမ်နင် အလုပ် ကြိုးစားရမယ်”
ကျိုးချူးချင်ယုက ပြုံးဖြဲဖြဲနှင့် ပြောလိုက်သည်။
ဇူယွမ်၏ မျက်နှာတွင် မှိန်ဖျော့သော အပြုံးတစ်ခု ဖြစ်ပေါ်စေသည်။ ထိုအရာမှာ အမှန်ဆိုတာ သူသိပေသည်။ သည်မှာ ရှိသော လူတိုင်းသည် အနာဂတ်တွင် ရင်ဆိုင်ရမည့် ဖိအားများကို ခံစားနေရသည်ကို သူတို့၏ မျက်နှာများပေါ်တွင် တွေ့နိုင်ပေသည်။
ကျိုးချူးချင်ယုက သူကို စနောက်နေသော်လည်း သူမက သူ့အား စိတ်အား မတက်ကြွစေပေ။
ဇူယွမ်က ခွက်ကို မြှောက်ကိုင်လိုက်ပြီး လူတိုင်းအား ကြည့်လိုက်သည်။ ခဏမျှ တိတ်ဆိတ် သွားချိန်တွင် ပြုံးလိုက်ပြီး …
“ငါ့တိုက်ပွဲဝင်နေတဲ့ အချိန်ဘေးမှာ ရပ်တည်ပေးခဲ့တဲ့ သူငယ်ချင်းတို့ ငါတို့ရဲ့ ကန်မင်တိုက်ကြီးက သေးငယ်သော်လည်းပဲ ငါတို့အားလုံး ရှန်ဇူတိုက်ကြီးက လူငယ်မျိုးဆက်ရဲ့ အထွတ်အထိပ်မှာ ရပ်တည်နိုင်ခဲ့ရင် ငါတို့ရဲ့ ကန်မင်တိုက်ကြီးက ဘယ်လောက် အံ့ဩစရာ ကောင်းလဲဆိုတာ လူတွေကို သိစေလိမ့်မယ်”
“လူတိုင်း အားလုံးကို ထိပ်ဆုံးမှာ ပြန်တွေ့ဖို့ ငါမျှော်လင့်တယ်”
လ၏ အလင်းရောင် အောက်တွင် လူငယ်များ၏ မျက်နှာပေါ်၌ အပြုံးများ ဖြစ်ပေါ်နေကြသည်။ လူတိုင်း၏ နှလုံးသားတွင် စိတ်လှုပ်ရှားနေမှုများက သူတို့၏ မျက်လုံးတွင် မဖုံးကွယ်နိုင်သော မီးတောက်တစ်ခုလို တောက်လောင်လျက် ဖြစ်ပေါ်နေသည်။
ကျိုးချူးချင်ယု၏ အကြည့်များသည် ဇူယွမ်၏ အကြည့်များနှင့် တွေ့ဆုံသွားခိုက်တွင် သည်လူငယ်လေး၏ ဂုဏ်ရှိန်ဝါ မြင့်မားလာခြင်းက သူ့ကို အံ့အားသင့် စေခဲ့သည်။
လီချွန်ကျွမ် နန်ကျန်းနှင့် ကျိန်းရွှီးတို့၏ ခန္ဓာကိုယ် အတွင်းမှ သွေးများ ဆူပွက်လာပြီး သူတို့၏ ခွက်များကို မြှောက်ကာ ခွက်ချင်း တိုက်လိုက်ကြသည်။
“ဟဟ ကောင်းပြီ ရှန်ဇူတိုက်ကြီးကို ဘယ်နှနှစ်အတွင်းမှာ ငါတို့ လှုပ်ခါသွားစေနိုင်မလဲ ဆိုတာ ကြည့်ရအောင်”
လူငယ်များ၏ အနှောင်အဖွဲ့ ကင်းမှုများဖြင့် ပြည့်နှက်နေသည့် စိတ်လှုပ်ရှားသော အသံ ထွက်ပေါ်လာသည်။
ကြီးမားသော လှေကြီးကြီး၏ ထိပ်ဆုံးထပ်တွင် မူဝူကျိ၊ လှပသော မိန်းမကြီးနှင့် အခြားသော တမန်တော်များက ထိုမြင်ကွင်းကို ကြည့်ရင်း အကြည့်ချင်း ဖလှယ်ကာ ညင်သာစွာ ရယ်မောလိုက်သည်။
“ငယ်ရွယ်တဲ့ ဘဝတွေက ဘယ်လောက် ကောင်းလိုက်လဲ”
သူတို့အနီးရှိ ကျိုးဖန်ကတော့ တစ်စုံတစ်ခု ယုတ်မာတော့မည့် အကြည့်နှင့် သူ၏ နှုတ်ခမ်းထောင့်စွန်းတွင် လှောင်ပြောင်နေသည့် အပြုံးတွဲခိုနေသည်။
“ဘယ်လို တောနိုင်ငံက လူစုလဲ။ မင်းတို့ ရှန်ဇူတိုက်ကြီးကို ရောက်တဲ့အချိန်မှာ မင်းတို့ မှန်ကန်တဲ့ ရွေးချယ်မှုကို မြင်ရပြီး ဒီနေ့လို ရယ်ရယ်မောမောနဲ့ ကတိထားနိုင်ဦးမလား စောင့်ကြည့်ရတာပေါ့”
“စိတ်မပူနဲ့ ဇူယွမ် … ငါဖြစ်သမျှ အရာအားလုံးကို နန်းတော်သခင်ကို သတင်းပို့ပြီးရင် ငါတို့ မြင့်မြတ်သော နန်းတော်က မင်းရဲ့ သနားစဖွယ် ကောင်းတဲ့ ယုံကြည်မှုတွေကို ချေမွ ဖျက်ဆီးပစ်မယ်”
“ဟီးဟီး ငါအဲဒီနေ့ကို တကယ် မြင်ချင်နေပြီ”