Switch Mode

စာစဉ် (၁၅) အပိုင်း (၂၀၉)

ကန်ရွှမ်း ကောင်းချီးများ၊  ၆၀% ပိုင်ဆိုင်သော ရှန်ဇူ

ကြီးမြတ်သော ဇူအင်ပါယာ၏ စာဖတ်ခန်း အတွင်းတွင် ဖြစ်သည်။

ဇူချင်က သူ၏စာဖတ် စားပွဲပေါ်တွင် ထိုင်နေက ချင်ယုက သူ့နံဘေးတွင် ရှိနေသည်။ သူတို့နှစ်ယောက်၏ ရှေ့တွင် ဝေကန်းလန်၊ ဝေချင်းချင်း၊ အဆိပ်သခင်တို့က လက်နောက်ပစ်လျက် မတ်တတ် ရပ်နေကြသည်။

ဇူချင်၏ လက်ထဲတွင် ရွှေပေလွှာ တစ်ရွက် ရှိနေသည်။  သူ၏အမူအရာမှာ စိတ်ရှုပ်နေနေဟန် ပေါ်ပြီး သူက ထိုအရာက ထိတွေ့လိုက်ရင်း ပြောခဲ့သည်။

“ကန်ရွှမ်းကလန်ရဲ့ တမန်တော် တစ်ယောက်က အစောပိုင်းမှာ လာပြီး သည်အရာကို ပေးသွားတယ်”

ကန်ရွှမ်းကလန် ဆိုသည့် စကားလုံးများကို ကြားလိုက်ရချိန်တွင် ထိုနေရာရှိ လူတိုင်း၏ အမူအရာမှာ တုန်လှုပ် သွားခဲ့သည်။

သူတို့အားလုံးက သည်စာလုံး၏ ကိုယ်စားပြုမှုကို နားလည်ပေသည်။ ထိုအရာက ကန်ရွှမ်းတိုက်ကြီး တစ်ခုလုံး၏ အရှင်သခင်ဖြစ်ပြီး သူ၏ တည်ရှိမှုက ကြီးမြတ်သော ဇူအင်ပါယာကို ပုရွတ်ဆိတ် တစ်ကောင် ကဲ့သို့ပင် ဖြစ်သွားစေလိမ့်မည်။

မူလစဦးအဆင့် ကျင့်ကြံသူများမှာ အခြေခံအားဖြင့် ကြီးမြတ်သော ဇူအင်ပါယာတွင် လက်ရွေးစင် တိုက်ပွဲဝင် အင်အားများ ဖြစ်သော်လည်း ကန်ရွှမ်းကလန် တွင်တော့ သူတို့က သာမန် တပည့်များသာ ဖြစ်သည်။

ဝေကန်းလန် နှင့်လူစုမှာ ကြောက်ရွံ့ တုန်လှုပ်နေ ကြသည်။ တကယ်တော့ သူတို့နှစ်ဖက်လုံး၏ အဆင့်မှာ လုံးဝ မနီးစပ်ပေ။ ကန်ရွှမ်းကလန်မှာ သူတို့၏ ဇူယွမ်အင်ပါယာမှ မည့်သည့်အရာကို မဆို ယူဆောင်လိုပါက သူတို့အနေဖြင့် ခုခံတားဆီးရန် အတွက် အရည်အချင်း မပြည့်မီပေ။

သူတို့၏ အမူအရာများကို မြင်လိုက်ရသော အချိန်တွင် ဇူချင်က ရယ်မောလိုက်ပြီး ပြောလိုက်သည်။

“အရမ်းတွေ ကြောက်နေဖို့ မလိုပါဘူး။ ဒီစာထဲမှာ ရေးထားတာက သူတော်စင် အကြွင်းအကျန် နယ်မြေကို သွားတဲ့ ပါရမီရှင် များစွာထဲမှာမှ ဇူယွမ်က အသိအမှတ် ပြုခံရတဲ့ အတွက် သူတို့ ကန်ရွှမ်းကလန်၏ အဖွဲ့ဝင်အသစ် ဖြစ်လာခဲ့တယ်။ အခု သူက ကလန်ကို သွားတဲ့လမ်းမှာ ရှိနေတယ်”

ထိုစကားလုံးများက ဝေကန်းလန်နှင့် အဆိပ်သခင်ကို ကြက်သေသေ သွားစေသည်။ ခဏအကြာမှာတော့ သူတို့က အကူအညီမဲ့စွာ သက်ပြင်းချလိုက် ကြသည်။

“မင်းသားက တကယ့်ကို ကောင်းကင်က ကောင်းချီးပေးတဲ့ ပါရမီရှင်ပဲ။ သူ ကန်ရွှမ်းကလန်ကို ဝင်ရောက်နိုင်ခဲ့တယ် ဆိုတာကို အခုထိ မယုံနိုင်သေးဘူး”

ဝေကန်းလန်က အတော်ကြာမှ ပြန်ပြောသည်။ သူ၏ နှလုံးသားထဲတွင် လေးစားမှုများဖြင့် ပြည့်နှက်နေသည်။ ကန်ရွှမ်းကလန်သို့ ဝင်ရောက်ပြီးနောက် ဇူယွမ်၏ အနာဂါတ်မှာ ဘယ်လောက်အထိ တောက်ပမလဲ ဆိုတာကို သူတို့ နားမလည်တော့ပေ။

တစ်ဖက်တွင် ဝေချင်းချင်း၏ မျက်လုံးအစုံမှာ မြင့်တက်နေပြီး သူမ၏ စိတ်ခံစားမှုများက သူမတို့ ပထမဆုံး တွေ့ဆုံခဲ့သည့် အချိန်သို့ ပြန်လည်ရောက်ရှိ သွားသည်။ ကန်းလန်စီရင်စုတွင် ဇူယွမ်နှင့် သူမတို့ ပထမဆုံး တွေ့စဉ်အခါက သူမ အနေထားမှာ အပေါ်စီးတွင် ရှိခဲ့ပြီး သူ့အား ရင့်ကျက်မှု မရှိဟုပင် ထုတ်ဖော်ပြောခဲ့သည်။

သူမအနေဖြင့် အတန်းအဆင့် သတ်မှတ်ချက် စာမေးပွဲတွင် လိမ်လည်ကာ အဆင့်တစ် ရယူခဲ့သည်ဟု တစ်ခါက ယုံကြည်ခဲ့ဖူးသော ကောင်လေး တစ်ယောက်က တိုတောင်းလှသော တစ်နှစ်သော အချိန်တွင် မူးမေ့စေနိုင်သော အမြင့်သို့ ရောက်ရှိနေလိမ့်မည်ဟု မထင်ထားခဲ့မိပေ။

ဇူယွမ်၏ နာမည်က ကန်မင်တိုက်ကြီး တစ်ခုလုံးတွင် ပျံ့နှံ့သွားတော့မည် ဖြစ်သည်။ လူတိုင်းက ကြီးမြတ်သော ဇူအင်ပါယာမှ မင်းသား၏ ကောင်းကင်တံခါး အဆင့်မျှဖြင့် မူလစဦးအဆင့် ဝူဟောင်အား ရှုံးနိမ့်စေခဲ့ပုံ သူတော်စင် အကြွင်းအကျန် ဒေအတွင်းတွင် ကန်မင်တိုက်ကြီး၏ လူငယ်မျိုးဆက် နံပါတ်တစ် ဖြစ်လာပုံကို ကဗျာရှည်များ မော်ကွန်းများ ဖွဲ့ဆိုကြကာ လူတိုင်း သိလာကြတော့မည် ဖြစ်သည်။

ယခုတွင် နဂါးဂိတ်ကို ဖြတ်သန်း ခုန်ကျော် သွားခဲ့သည့် ငါးကြင်း တစ်ကောင်လို ကန်ရွှမ်းကလန်၏ တံခါးပေါက်များဆီသို့ ဇူယွမ်က ဖြတ်ဝင် သွားခဲ့ပေပြီ။ သူတို့တွေ နောက်တစ်ကြိမ် ပြန်ဆုံချိန်တွင် ခန့်မှန်းဖို့ပင် ခက်ခဲလောက်အောင် သည်လူငယ်က တောက်ပနေမည် ဖြစ်သည်။

“မင်းသားလေးက တကယ့်ကို စစ်မှန်တဲ့ နဂါးတစ်ကောင်ပဲ”

အဆိပ်သခင်က မှတ်ချက်ချလိုက်သည်။

သူအနေဖြင့် ဇူယွမ်၏ တိုက်ပွဲ အောင်မြင်မှုများကို အသိအမှတ်ပြုရုံက လွဲ၍ ရွေးချယ်စရာ မရှိပေ။ သူအနေဖြင့် သိနိုင်ခဲ့သည်မှာက သည်အချိန်တွင် ဇူယွမ်နှင့် ရင်ဆိုင်ပါက နိုင်ချေ မရှိတော့သည်ကို ပင်ဖြစ်သည်။

သည်မရင့်ကျက် သေးသည့် လူငယ်လေးမှာ အနက်ရောင် နယ်မြေတွင် ရင်ဆိုင်ခဲ့ရစဉ် ကတည်းက သူ့ထက် သာလွန်ခဲ့ပေသည်။

သူတို့၏ စကားလုံးများက ဇူချင်ကို ပိုပိုပြီး ပြုံးလာစေခဲ့ကာ ထိုအပြုံးတွင် ဂုဏ်ယူမှုများဖြင့် ပြည့်နှက်နေသည်။

ဇူချင်က ပြောလိုက်သည်။

“ဒီစာမှာ ယွမ်အာက ငါတို့ကို ကြီးမြတ်သော ဝူအင်ပါယာကို ပိုပြီးသတိထားဖို့ ပြောထားတယ် အထူးသဖြင့် အခုလို ဝူဘုရင် ဒေါသထွက်နေတဲ့ အချိန်မှာပေါ့”

ဝေကန်းလန်က သူ၏လက်နှစ်ဖက်အား ဆုပ်ကိုင်ကာ အရိုအသေပြုပြီး ပြောလိုက်သည်။

“စိတ်မပူပါနဲ့ အရှင်မင်းကြီး ကျွန်တော်တို့ရဲ့ အဓိက အင်အားတွေကို နယ်စက်ဒေသဆီ ပို့ထားပြီးတော့ ကြီးမြတ်သော ဝူအင်ပါယာရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ခိုင်း ထားပါတယ်”

ဇူချင်က ခေါင်းညိတ်ပြခဲ့သည်။ သူက အဆိပ်သခင်ကို ကြည့်ကာ မေးလိုက်သည်။

“တိုက်ပွဲရုပ်သေး အပျက်အစီးတွေရဲ့ တိုးတက်မှု အခြေအနေက ဘယ်လိုလဲ”

“ကျွန်တော်မျိုးတို့က မူလစဦးအဆင့် တိုက်ပွဲဝင် ရုပ်သေးငါးကောင်ကို ရရှိခဲ့ပြီး ကောင်းကင်တံခါးအဆင့် ရုပ်သေးတွေကတော့ ရာနဲ့ချီတဲ့ အရေအတွက်ကို ရောက်ရှိခဲ့ပါပြီ။ ငါတို့ရဲ့ အင်အားက အနာဂတ်မှာ ပိုများလာမယ်လို့ ကြိုမြင်နေသည်”

ဇူချင်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ မူလစဦးအဆင့် တိုက်ပွဲဝင် ရုပ်သေးငါးခုနှင့် ရာချီသော ကောင်းကင်တံခါးအဆင့် တိုက်ပွဲဝင် ရုပ်သေးများသည် စွမ်းအားပြည့်ဝသော အင်အားဖြစ်သည်။ သည်အင်အားက သူတို့ ကြီးမြတ်သော ဇူအင်ပါယာ၏ အနေအထားကို မြှင့်တင်ပေးနိုင်ပြီး ကြီးမြတ်သော ဝူအင်ပါယာနှင့် မယှဉ်သာသော်လည်း သူတို့၏ တိုက်ခိုက်ရေး အင်အားတစ်ရပ် ဖြစ်လာပေလိမ့်မည်။

ကြီးမြတ်သော ဝူအင်ပါယာ၏ အင်အားများ စုစည်းခဲ့လျှင်ပင် သူတို့ကို ရှုံးနိမ့်စေလိမ့်မည် မဟုတ်ပေ။

“ကောင်းတယ်။ ဒီအရာက အားလုံးကို ခက်ခဲစေမှာ မှန်ပေမဲ့ ငါတို့ ကြီးမြတ်သော ဇူအင်ပါယာရဲ့ အင်အားကို ဖုံးကွယ်ထားပြှီး တစ်ချိန်တည်းမှာပဲ အင်အားတွေ ထပ်စုဆောင်းဖို့ လိုအပ်တယ်။ ငါယုံကြည်တယ် အဆုံးမှာ ငါတို့ ဇူအင်ပါယာ အနေနဲ့ ယခင်က ရှိခဲ့တဲ့ ဂုဏ်ကျက်သရေတွေ အားလုံးကို ပြန်လည် ရရှိလိမ့်မယ် ဆိုတာကို” ဇူချင်က ယောင်ယောင်လေး ပြုံးရင်း ပြောလိုက်သည်။

ဇူချင်၏ အမူအရာမှာ ကြီးမြတ်သော တော်ဝင်ဆန်မှု ဂုဏ်အရှိန်အဝါများ ကြီးထွားလာသည်ကို ဝေကန်းလန်နှင့် အဆိပ်ဘုရင်တို့ မြင်လိုက်ကြသည်။ သူ၏ နှလုံးသားထဲမှ အရိပ်မဲကြီးကို ပယ်ဖြတ်ပြီး နောက်ပိုင်းတွင် သူ၏စွမ်းအားများကို ပြန်လည် ရရှိခဲ့ပြီး သူ၏ ဂုဏ်ရှိန်ဝါမှာလည်း ပြောင်းလဲလာသည်။

ဝေကန်းလန်၏ မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးမှုများ ပေါ်လွင်နေသည်။ ကြီးမြတ်သော ဇူအင်ပါယာ၏ အင်အားမှာ ဆုတ်ယုတ် သိမ်ငယ်ခဲ့သည်မှာ မကြာသေးသော်လည်း သူတို့က တဖြည်းဖြည်းနှင့် ပြန်လည် အားကောင်း လာပေသည်။

သည်အရာ အားလုံးက သူတို့၏ မင်းသားလေး စွမ်းအင်ဝင်ပေါက် ရှစ်ပေါက်ကို ရှာတွေ့ခဲ့ပြီး ကျင့်ကြံခြင်းကို စတင် လုပ်ဆောင်နိုင် ကတည်းက စတင် ပြောင်းလဲလာခဲ့ခြင်း ဖြစ်သည်။

တည်ငြိမ်ပြီး လူကြီးလူကောင်းဆန်သော လူငယ်တစ်ယောက်၏ မျက်နှာမှာ ဝေကန်းလန်၏ စိတ်ထဲတွင် ပေါ်လာခဲ့ပြီး သူ၏ နှလုံးသားထဲမှ မှတ်ချက်ချ လိုက်သည်။

“ဇူကလန်မှာ တကယ်ပဲ မြင့်မြတ်သော နဂါးတစ်ကောင်ရှိနေတာပဲ”

ဆွေနွေးပြီးနောက်တွင် ဝေကန်းလန်တို့ လူစုမှ ပြန်လည် ထွက်ခွာသွားပြီး ဇူချင်နှင့် ချင်ယုတို့သာ ကျန်ခဲ့သည်။

ဇူချင်၏ မျက်နှာတွင် တောက်ပသော အပြုံးတစ်ခု ဖြစ်ပေါ်နေပြီး သူ၏ လက်ချောင်းများက သူ့လက်ထဲရှိ ရွှေရောင်ပေလွှာအား ပွတ်သပ်ကာ ညင်သာစွာ ရေရွတ်လိုက်သည်။

“ငါတို့ရဲ့ ယွမ်အာ ဘယ်အချိန် ပြန်လာမလဲ သိချင်မိတယ် …”

ချင်ယု၏ မျက်လုံးအစုံက ချက်ချင်းပင် နီရဲလာလာခဲ့သည်။ သူ့သားအဝေးသို့ ထွက်သွားချိန်တွင် သူမအနေဖြင့် မိမိ၏သားအား မတွေ့ရခြင်းက သူမကို ပိုမိုနာကျင် စေခဲ့သည်။

“ဒါပေမဲ့ စိတ်မပူပါနဲ့ ယွမ်အာ။ အဖေက မင်းလိုမျိုး မစွမ်းဆောင် နိုင်ပေမဲ့လည်း ကြီးမြတ်သော ဇူအင်ပါယာကိုတော့ မင်းစိတ်ပူစရာ မလိုအောင် ကာကွယ်နိုင်ပါတယ်။ မင်းက ကန်ရွှမ်းကလန်မှာ နေပြီး မင်းရဲ့ ကျင့်ကြံမှုကိုပဲ အာရုံစိုက်ထားဖို့ လိုအပ်တယ်”

ဇူချင်က ခေါင်းမော့လိုက်ပြီး တင်းမာသော မျက်နှာထားဖြင့် ပြတင်းပေါက်မှလှမ်း၍ ကြီးမြတ်သော ဇူအင်ပါယာရှိရာကို ကြည့်လိုက်တယ်။

ဝူဘုရင်က ကြီးမြတ်သော ဇူအင်ပါယာ တစ်ခုလုံးကို တောင်ကြီးတစ်လုံးအလား ဖိအားပေးထားပေသည်။

ဝူဘုရင်က နတ်ဘုံခန်းဝါအဆင့်သို့ ရောက်ရှိသွားမှန်း ဇူချင်အနေဖြင့် သိပေသည်။ ဝူဘုရင် လက်ထဲရှိ အင်အားမှာလဲ သူပိုင်ဆိုင်သည်ထက် များစွာ သာလွန်ပေသည်။

“ဝူဘုရင်။ မင်းနဲ့ ငါတစ်ယောက်ချင်း ယှဉ်ရင် မင်းက ငါ့ကို လွှမ်းမိုးနိုင်တဲ့ အတွက် ငါက မင်းထက် နိမ့်ကျတယ် ဆိုတာ ငါဝန်ခံပါတယ်”

“ဒါပေမဲ့ မင်းက သေစေနိုင်လောက်တဲ့ အမှားကြီး တစ်ခု လုပ်ခဲ့တယ်”

“အဲဒါက … မင်းက ငါတို့ ဇူကလန်ရဲ့ မြင့်မြတ်သော နဂါးကို အလွန်အမင်း လျော့တွက်ခဲ့တာပဲ”

“မင်း နတ်ဘုံခန်းဝါ အဆင့်ကို ရောက်ရှိနေတော့လဲ ဘာဖြစ်လဲ”

“ငါတို့ ဇူကလန်ရဲ့ မြင့်မြတ်သော နဂါးပြန်လာချိန်တွင် မင်းတို့ရဲ့ ဝူကလန်က သည်အရာတွေ အတွက် ပေးဆပ်ရလိမ့်မယ်”

***

ကောင်းကင် အမြင့် တစ်နေရာတွင် တိမ်များက ရုတ်တရက် ဆွဲခွဲခြင်း ခံလိုက်ရပြီး ကြီးမားသော အရိပ်ကြီး တစ်ခုက ဖြတ်သန်း သွားသည်။ အရိပ်က ကြယ်တစင်း ကြွေကြလာသော အမြန်နှုန်းဖြင့် တိမ်များကို တလွှာပြီး တလွှာ ဖြတ်သန်းခဲ့သည်။

အနီးကပ် ကြည့်မည် ဆိုပါက ထိုအရာသည် ကြီးမားလှသော လှေကြီး တစ်စင်းအဖြစ် မြင်ရမည်ဖြစ်သည်။ မရေမတွက်နိုင်သော ရှေးဟောင်း အစီအရင်များသည် လှေ၏ ကိုယ်ထည်ပိုင်းတွင် ရေးထွင်းထားပြီး လှိုင်းပမာ လှုပ်ခတ်နေသော မူလချီများက ပဟေဋိဆန်သော အရှိန်အဝါကို ပေးစွမ်းသည်။

သည်လှေအား အများစုက  ကောင်းကင်ဖြတ် ယန္တရားအဖြစ် သိကြပေသည်။

သည်အရာက ခရီးဝေးသွားရာတွင် အသုံးပြုသည့် မူလရတနာ တစ်ခုဖြစ်ပြီး အလွန်မြန်ဆန်သော အရှိန်ကိုလည်း ပိုင်ဆိုင်ပေသည်။ သည်အရာက များစွာသော ဘာဝတရားများကို ဆန့်ကျင်ပြီး လွတ်လပ်စွာ သွားလာနိုင်ပေသည်။

ကြီးမားသော လှေကြီးပေါ်တွင် လှပသော ရာချီသည့် ပန်းများ အစီအရင် ရှိနေပြီး သည်အရာက လှေသည် ဒဏ္ဍာရီလာ အလှပန်းတစ်ရာ ကလန်မှ လှေဖြစ်ကြောင်း ဖော်ပြနေသည်။

သည်လှေပေါ်တွင် တမန်တော်ခြောက်ဦးနှင့် ကန်မင်တိုက်ကြီးမှ ရွေးချယ်လာသော ပါရမီရှင်များကို တွေ့ရပေမည်။

ကန်မင်တိုက်ကြီးသည် ကလန်ကြီး ခြောက်ခုတည်ရှိရာ တိုက်ကြီးနှင့် အလွန်အမင်း ဝေးကွာလှပေပြီး တိုက်ကြီးများကို ဆက်သွယ် ပေးထားသည့် နေရာရွှေ့ပြောင်း အစီအရင်များလည်း မရှိပေ။ ထို့ကြောင့် သုတို့ အားလုံးတွင် သည်နည်းလမ်းများဖြင့်သာ သွားလာရန် ရှိပေသည်။ သို့သော်လည်း တိုက်ကြီးများ အကြားတွင် နက္ခတာရာ လေပြင်းများရှိပြီး ထိုနေရာများကို ကောင်းကင်ခွင် ယန္တရားများဖြင့်သာ ဖြတ်သန်းနိုင်ပေသည်။  ထိုအရာများ မပါရှိဘဲ တစ်ယောက်တည်း ဖြတ်သန်းဖို့ ကြိုးစားပါက အလွန်အမင်း စွမ်းအင်ကုန်ခန်း စေသောကြောင့် သာမန်လူ တစ်ယောက်အနေဖြင့် တတ်နိုင်စွမ်းရှိမည် မဟုတ်ပေ။

ဇူယွမ်တို့ လူစု၏ ကျင့်ကြံမှု အစွမ်းနှင့် ဆိုလျှင် သူတို့အားလုံး တိုက်ကြီးများကို ဖြတ်သန်းသွားရန် အရည်အချင်း ပြည့်မီမည် မဟုတ်ပေ။

သည်ကြီးမားသော လှေကြီးပေါ်တွင်သာ စိတ်ချနိုင်ပေမည်။

မူဝူကျိက ခြေတင်ပျဉ်ချိတ်ကာ ထိုင်နေပြီး သူ့ဆေးတံကို ဖွာရှိုက်နေသည်။ သူ၏ နောက်တွင်တော့ ဇူယွမ် ယောင်ယောင်နှင့် ကန်ရွှမ်းကလန်ကို ဝင်ရောက်ရန် အတွက် ရွေးချယ်ခြင်း ခံရသော ဒါဇင်နှင့် ချီသောပါရမီရှင် များရှိနေသည်။

ဇူယွမ်နှင့် ယောင်ယောင်တို့က အရှေ့ဆုံးတွင် ထိုင်နေခဲ့ပြီး သိသာစွာပင် သူတို့နှစ်ယောက်က သည်အုပ်စု၏ ခေါင်းဆောင်များဖြစ်သည်။

သည်အုပ်စုလေး၏ နောက်ဆုံးတွင် ရင်းနီးသော ပုံရိပ်တစ်ခု ရှိနေပြီး ထိုသူမှာ သူတော်စင် အကြွင်းအကျန်မြို့၏ မြို့စားလေး ရှောင်ထျန်းရွှမ် … အစပိုင်းတွင် ဇူယွမ်က ရှောင်ထျန်းရွှမ် အနေဖြင့် ကန်ရွှမ်းကလန် အတွင်းသို့ ဝင်ရောင်နိုင်ခဲ့ခြင်းကို အတော်ပင် အံ့အားသင့် နေခဲ့သည်။ နောက်တွင် မူဝူကျိက ရှောင်ထျန်းရွှမ်အား လက်ခံရခြင်းမှာ မြို့စားမင်း၏ အသနားခံမှုကြောင့် ဖြစ်ကြောင်း ရှင်းပြခဲ့သည်။

ဇူယွမ်အနေဖြင့်  ရှောင်တျန်းရွှမ်က သူ့အား သူတော်စင် အကြွင်းအကျန် နယ်မြေထဲတွင် ဒုက္ခပေးခြင်း အပေါ် မနှစ်မြို့ခဲ့သော်လည်း သူမနေဖြင့် ထိုအရာများက မခက်ခဲစေခဲ့ပေ။ အားလုံးပြီးနောက် ဇူယွမ်၏ သန်မာမှုမှာ တိုးမြင့်လာခဲ့ပြီး ရှောင်ထျန်းရွှမ်က သူအား ခြိမ်းခြောက်နိုင်စွမ်း မရှိတော့ပေ။

ရှောင်ထျန်းရွှမ်မှာလည်း ဉာဏ်ကောင်းသူ  တစ်ဦး ဖြစ်သောကြောင့် သူ၏ အဆင့်အတန်း ဖြစ်သော မြို့စားသခင်လေး ဟူသော အဆင့်အတန်းက သည်နေရာတွင် အသုံးမဝင်မှန်း သိပေသည်။ ပြီးနောက် သူသည် ဇူယွမ်၏ ပစ်မှတ်တစ်ခု ဖြစ်လာမည် ဆိုးသောကြောင့် သည်ခရီးစဉ်တွင် ပိုမို ယဉ်ကျေးစွာ ပြုမှုလာသည်။

“သည်အမြန်နှုန်း အတိုင်းဆို ငါတို့က ရှန်ဇူ တိုက်ကြီးကို တစ်လအတွင်း ရောက်လိမ့်မယ်”

“မင်းတို့အားလုံး ရှန်ဇူကုန်းမြေကို သိကြလား”

မူဝူကျိက ခံစားချက် ကောင်းမွန်သော အချိန်များတွင် ကလေးများကို အခြေခံ ဗဟုသုတများ သင်ကြားပေးလေ့ ရှိသည်။

လူတိုင်းက ခေါင်းယမ်းလိုက်ကြသည်။

မူဝူကျိက သက်ပြင်းချလိုက်ပြီး စတင်ရှင်းပြသည်။

“ရှန်ဇူတိုက်ကြီးက ကန်ရွှမ်းကောင်းကင် ဒေသမှာ ရှိတဲ့ နံပါတ်တစ် တိုက်ကြီးပဲ။ ဒဏ္ဍာရီတွေက ပြောကြတာတော့ ကန်ရွှမ်းကောင်းကင် ဒေသမှာ ရှိတဲ့ အခြားတိုက်တွေ အကုန်လုံးက ရှန်ဇူတိုက်ကြီးကနေ ခွဲထွက်သွားခဲ့တဲ့ ကုန်းမြေတွေ ဖြစ်တယ်”

”ဒါ့အပြင် ကန်ရွှမ်းကောင်းကင် ဒေသမှာ ကောင်းချီးတွေက အားလုံး စုစုပေါင်း ဆယ်ခု ရှိခဲ့ပြီး အဲဒီသည့်ထဲက ခြောက်နေရာက ရှန်ဇူတိုက်ကြီးမှာ တည်ရှိတယ်။ သည်နေရာတွေကို မူလချီများ စုဝေးရာ နယ်မြေလို့ ခေါ်တယ်”

“ရှန်ဇူတိုက်ကြီးက မင်းတို့ စိတ်ကူးထား နိုင်တာထက် ပိုမို ကျယ်ပြန့်တယ်။ မြင့်မြတ်သော ကလန်ခြောက်ခုကလည်း အဲဒီမှာပဲ အခြေစိုက်တယ်။ ရှန်ဇူတိုက်ကြီးမှာ မြင့်မြတ်သော ကလန်ခြောက်ခုက အသန်မာဆုံး ပေမဲ့လည်း အချို့သော ကလန်တွေ မျိုးနွယ်တွေကလည်း သန်မာတဲ့ အခြေခံအုတ်မြစ်တွေ ရှိကြတဲ့ အတွက် သူတို့ကိုလည်း လျော့တွက်လို့ မရဘူး”

စကားပြောပြီးတဲ့ နောက်မှာ မူဝူကျိက မီးခိုးငွေ့များကို မှုတ်ထုတ် လိုက်ပြီးတော့ သူ၏အုပ်စုကို စိုက်ကြည့်ကာ ပြောလိုက်သည်။

“အဲဒါတွေအပြင် ငါမင်းတို့ကို ပြောသင့်တာ တစ်ခုရှိတယ်။ မင်းတို့ကို ငါရွေးချယ်ခဲ့ သော်လည်းပဲ မင်းတို့အားလုံးက ကန်ရွှမ်းကလန်ရဲ့ တပည့်အရင်းတွေ ဖြစ်လာပြီလို့ မပြောဘူး”

ထိုစကားများကို ကြားလိုက်ရသော အချိန်တွင် လူများအားလုံး၏ အမူအရာမှာ အေးခဲသွားသည်။

“ကန်ရွှမ်းကောင်းကင် ဒေသမှာ သန်းနဲ့ချီတဲ့ တိုက်ကြီးတွေ ရှိတယ်။ အဲဒီထဲကမှ ပါရမီရှင်တွေကို ကန်ရွှမ်းကလန်က ရွေးချယ်ပြီးတော့ နောက်ဆုံးမှာ ပါရမီရှင် ထောင်ဂဏန်းလောက်ကသာ တပည့်အသစ်တွေ ဖြစ်လာကြတယ်”

“သူတို့အားလုံးကလည်း မင်းတို့နဲ့ တူတူပဲ သူတို့ တစ်ယောက်ချင်းစီက သူတို့ရဲ့ သက်ဆိုင်ရာ တိုက်ကြီးက ပါရမီရှင်တွေပဲ”

“မင်းတို့အားလုံး ကန်ရွှမ်းကလန် ရောက်ရင် တပည့်သစ်တွေ အားလုံးနဲ့အတူ သုံးလ နေသားတစ်ကျ ဖြစ်အောင် လေ့ကျင့်ရမယ်။ အဲသည့်နောက်မှာ မင်တို့အားလုံး တောင်ထွတ် ရွေးချယ်တဲ့ အခမ်းအနား ပြုလုပ်မယ်။ မင်းတို့ တောင်ထွတ် ရွေးချယ်တဲ့ အခမ်းအနားမှာ ကန်ရွှမ်းကလန်မှာရှိတဲ့ တောင်ထွတ်တွေထဲက တစ်ခုကို ဝင်ခွင့်ရခဲ့ရင် မင်းတို့ အားလုံးက ကန်ရွှမ်းကလန်ရဲ့ တပည့်ရင်းတွေ ဖြစ်လာလိမ့်မယ်”

“တောင်ထွတ် ရွေးချယ်တဲ့ အခမ်းအနားမှာ ပါဝင်တဲ့လူ တစ်ဝက်လောက်က အမြဲဖယ်ထုတ် ခံရတယ်။ တခြားစကားနဲ့ ပြောရမယ် ဆိုရင် မင်းတို့ထဲက တစ်ဝက်က ဖယ်ထုတ် ခံရလိမ့်မယ်။ အဲသည့် ဖယ်ထုတ်ခံရတဲ့ လူတစ်ယောက်ချင်းစီက အမည်ခံတပည့်တွေ ဖြစ်လာခဲ့ပြီး တောင်ထွတ်တွေရဲ့ ပြင်ပမှာ လေ့ကျင့်ရလိမ့်မယ်။ သူတို့မှာ လုံလောက်တဲ့ အထောက်အပံ့တွေ ရှိလာခဲ့ရင်တော့ တောင်ထွတ် ခုနစ်ခုကို ဝင်ရောက်ဖို့ ပြန်ခွင့်ပြု ပါလိမ့်မယ်”

သည်စကားလုံးများကို ကြားရတဲ့အချိန်မှာ ဇူယွမ်၏ မျက်လုံးများက ပြူးကျယ် သွားခဲ့သည်။ ပါဝင်သူတွေထဲက တစ်ဝက်က ဖယ်ထုတ်ခံရမယ် … ကြည့်ရတာ ကန်ရွှမ်းကလန်ကို ဝင်ဖို့က တကယ်ကို မလွယ်ကူဘူးပဲ။

Comment

Leave a Reply

Options

not work with dark mode
Reset