ဝရုန်း။
အဆုံးသတ်မဲ့သော မူလချီများက ကျိုးဖန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့ပြီး ကျိုးဖန်၏ ခန္ဓာကိုယ်မှာ မိုးကြိုးမုန်တိုင်း တစ်ခုအသွင် ဖြစ်လာကာ သူ၏ ပတ်ဝန်းကျင်တွင် မိုးကြိုးများက တောက်ပနေသည်။
များစွာသော ပါရမီရှင်များ၏ အမူအရာမှာ ပြောင်းလဲ သွားတော့သည်။ နတ်ဘုံခန်းဝါအဆင့် တစ်ယောက်၏ ဒေါသက သူတို့အားလုံးကို ရပ်တည်နိုင်စွမ်း မရှိခဲ့ပေ။
မူလချီများက ဇူယွမ်ထံသို့ ပြောင်းလဲ ဦးတည်သွားပြီး ထိုအရာက ဇူယွမ်ကို အလွင်အမင်း အပြင်းထန်ဆုံး ဒဏ်ကို ခံစားစေသည်။ ထိုအခိုက်တွင် သူ၏ခန္ဓာကိုယ်မှာ သမုဒ္ဒရာ၏ အနက်ရှိုင်းဆုံး အပိုင်းသို့ နစ်မြုပ်သွားပြီဟု ခံစားလိုက်ရပြီး သူထံသို့ ကြောက်မက်ဖွယ် ကောင်းသော ဖိအားများက ဦးတည်ချက် ပေါင်းစုံမှ သူ့ထံသို့ တိုးဝင်ကာ သူ့အား ကြိတ်ချေပစ်လိုဟန် ရသည်။
သူခန္ဓာကိုယ်ရှိ အရိုးများထံမှ အက်ကွဲသံများ ထွက်ပေါ်လာသည်။
ရှူး …
သူ၏ ချီသိုလှောင်ခန်း အတွင်းတွင် အံ့ဖွယ်စပါးအုံးချီက ရှူးရှူးရှားရှား အသံနှင့် အတူရုန်းကြွလာပြီး သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာပြီး ကြီးမားသော မူလချီစပါးအုံးကြီး တစ်ကောင်အသွင်သို့ ပြောင်းလဲသွားကာ သူကို တိုက်ခိုက်နေသော ဖိအားများအား ချိုးဖြတ်သည်။
“ကျိုးဖန် မင်းဘာလုပ်ဖို့ ကြံစည်နေတာလဲ”
သို့သော်လည်း ဇူယွမ်မှာ အချိန်အကြာကြီး ဖိအားဒဏ် မခံစားလိုက် ရချိန်မှာပဲ မူဝူကျိ၏ ဒေါသထွက်နေသော အသံကို ကြားလိုက်ရသည်။
ဝရုန်း …။
ကျိုးဖန်၏ မူလချီများ ကဲ့သို့ စွမ်းအားပြည့်ဝပြီး ကျယ်ပြောသော မူလချီများက မူဝူကျိ၏ ခန္ဓာကိုယ်မှ ပေါ်ထွက်လာပြီး ကျိုးဖန်၏ မူလချီဖိအားကို ရင်ဆိုင်သည်။ နတ်ဘုံခန်းဝါအဆင့် တိုက်ခိုက်သူ နှစ်ဦးကြားမှ မူလချီများ ရုတ်တရက် ထွက်ပေါ်လာခြင်းက ထိုဧရိယာ တစ်ဝိုက်အား ခပ်ဖြည်းဖြည်း သက်ပြင်းချသံများ ထွက်ပေါ်လာသည်။
ကျိုးဖန်က အေးစက်စွာ ပြောလိုက်သည်။
“ဟမ့် ဒီဆိုးယုတ်ပြီး ကရုဏာကင်းမဲ့တဲ့ ကလေးက ငါတို့ မြင့်မြတ်သော ကလန်ရဲ့ ပါရမီရှင် တစ်ယောက်ရဲ့ ရုပ်ခန္ဓာကို သတ်ဖြတ်ခဲ့တယ်။ ဒါကို ငါအပြစ်မပေးဘူး ဆိုရင် တခြားသူတွေက ငါတို့ရဲ့ ကလန်ကို ဘယ်လိုမြင်မလဲ”
“မူဝူကျိ မင်းဒီကလေးကို လက်လွှတ်ဖို့ ငါအကြံပေးချင်တယ်။ ဒါမှမဟုတ်ရင် ဒီကိစ္စကို ငါ နန်းတော်သခင်ကို တင်ပြလိုက်တဲ့ အခါမှာ ငါတို့ မြင့်မြတ်သော ကလန်က မင်းတို့ ကန်ရွှမ်းကလန်ကို သူ့ကြောင့် လာရောက် ဖျက်ဆီးရလိမ့်မယ်”
ကန်ရွှမ်းကလန်၏ စွမ်းအားက မျိုးနွယ်စု ခေါင်းဆောင် သေဆုံးသွားတဲ့ အချိန်ကစပြီး ကျဆင်းလာခဲ့ချိန်မှာ မြင့်မြတ်သော နန်းတော်ကလန်က နေတစ်စင်းလို ထွင်းလင်းလာခဲ့ပြီး မကြာခင်တွင် ကန်ရွှမ်းကောင်းကင်ဒေသ၏ နံပါတ်တစ် ကလန် ဖြစ်လာပေတော့မည်။ သူတို့၏ လွှမ်းမိုးမှုမှာ ပြီးခဲ့သော နှစ်များ အတွင်း ကြီးထွားလာခြင်းကြောင့် ဖြစ်သည်။
ထိုစကားကို ကြားရချိန်မှာ မူဝူကျိက ဒေါသထွက်စွာ ဟားတိုက် ရယ်မောလိုက်ပြီး …
“ကျိုးဖန် မင်းကို မင်း ဘာကောင်လို့ သောက်ကျိုးနည်း တွေးထင် နေရတာတုန်း။ မင်းတို့ မြင့်မြတ်သော ကလန်ကို ငါတို့ ကန်ရွှမ်းကလန်က ကြောက်ရွံ့လိမ့်မယ်လို့ တကယ် ထင်နေတာလား”
“ဝူဟောင်ရဲ့ ကံကြမ္မာက ဒီလိုဖြစ်ရတာ သူရဲ့ စွမ်းရည် နိမ့်ကျတဲ့ အတွက်ကြောင့်ပဲ။ မင်းဒီနေရာမှာ ငါတို့ကို ဆက်လက်ပြီး နှောင့်ယှက်နေမယ် ဆိုရင် လှောင်ရယ်ခံရမှာ မစိုးရိမ်ဘူးလား”
အခြားသော တမန်တော် လေးယောက်လုံးက ကျိုးဖန်အနေဖြင့် အကြောင်းမဲ့ ပြသာနာ ရှာနေသည်ကို တွေးမိသောအခါ ရုတ်တရက် မျက်မှောင်ကြုတ် သွားသည်။
ကျိုးဖန်၏ မျက်လုံးများက ခက်ထန်နေပြီး …
“ကြည့်ရတာ မင်းက သူ့ကို လက်မလွှတ်ဖူးတဲ့ တူတယ်။ ဒီလိုဆိုရင်တော့ ငါကိုယ်တိုင်ပဲ သူ့အသက်ကို ယူလိုက်တော့မယ်”
ဝရုန်း …
ခမ်းနားလှသော မူလချီများ ထွက်ပေါ်လာပြီး ပေတစ်ရာကျော် ကြီးမားသည့် လက်ကြီးတစ်ဖက် အသွင်သို့ ပြောင်းလဲသွားကာ ဇူယွမ်အား ဆုပ်ကိုင်ဖို့ရန် ပြင်သည်။
မူဝူကျိက အေးစက်စက် နှာခေါင်းရှုံလိုက်ပြီး အစိမ်းရောင် မူလချီများက သူ၏ နှာခေါင်းမှ လျင်မြန်စွာ မှုတ်ထုတ်လိုက်သည်။ ကြီးမားသော မူလချီချိန်းကြိုးအသွင် ဖြစ်ပေါ်ကာ ကျိုးဖန်၏ မူလချီလက်ကြီးအား သွားရောက် ချည်နှောင်ကာ ထိုလက်အား အောက်သို့ ဆင်းသက် သွားနေသည်ကို တားဆီးသည်။
“အစိမ်းရောင် အခိုးအငွေ့နဂါး ချည်နှောင်ခြင်း ကျင့်စဉ်”
တစ်ချိန်တည်းမှာပင် မူဝူကျိလက်အတွင်းရှိ ဆေးတံမှ အစိမ်းရောင် မီးခိုးများက ပေါ်ထွက် လာခဲ့သည်။ စက္ကန့်ပိုင်း အတွင်းမှာပင် မီးခိုးငွေ့များက လေဟာနယ်ထဲသို့ ထိုးဖောက် ဝင်ရောက်လာခဲ့ပြီး ကျိုးဖန်အနီးသို့ ရောက်ရှိသွားက သူ၏ ခန္ဓာကိုယ်အား ရစ်ပတ်သွားသည်။
အစိမ်းရောင် အငွေ့များ ပေါ်ပေါက်လာသည်မှာ အားနည်းပြီး သိပ်မထူထဲဟန် ရသော်လည်း သူဖမ်းဆုပ် ထားလိုက်သည့် အချိန်တွင် ပတ်ဝန်းကျင်ရှိ လေဟာနယ်ပင် တွန့်လိမ်သွားပြီး ကြီးမားလှသော နဂါးကြီး တစ်ကောင်က သူရစ်ပတ်ထားသော အရာအား လွတ်မြောက်ခွင့် မပေးနိုင်သလိုပင် ဖြစ်သည်။
သို့သော်လည်း ထိုအချိန်တွင် အစိမ်းရောင် မီးခိုးငွေ့များ ရစ်ပတ်ထားခြင်း ခံရသည့် ကျိုးဖန်၏ ခန္ဓာကိုယ်မှာ ရုတ်တရက် ပုံသဏ္ဌာန် ပျက်သွားကာ အရိပ်တစ်ခုကဲ့သို့ ပြောင်းလဲသွားပြီး ဖြည်းညင်းစွာ ပျောက်ကွယ်သွားသည်။
သူ၏ ပုံရိပ် မှုန်ဝါးသွားသည်နှင့် ကျိုးဖန်၏ အေးစက်စက် သရော်သံ ထွက်ပေါ်လာသည်။
“ဟမ့် ငါ မူဝူကျိရဲ့ နဂါးချည်နှောင်ခြင်း ကျင့်စဉ်ကို ကြားဖူးနေခဲ့တာ ကြာပြီ ငါ ပြင်ဆင်မှု မရှိဘူး ဆိုတာ မင်းထင်နေတာလား”
“အရိပ်ထွက်ခွာခြင်း ကျင့်စဉ်လား”
ထိုမြင်ကွင်းကြောင့် အခြားသူတော်စင် လေးယောက်၏ မျက်လုံးများ ပြူးကျယ်ကုန်သည်။
သည်ကျင့်စဉ်က မြင့်မြတ်သော နန်းတော်ကလန်မှာ အဆင့် မြင့်မားသော ကျင့်စဉ်တစ်ခု ဖြစ်သည်။ သူတို့အနေဖြင့် ထိုကျင့်စဉ်အား ကျိုးဖန် တတ်မြောက် နေလိမ့်မည်ဟု မမျှော်လင့်မိကြပေ။
ကောင်းကင်ယံတွင် ကျိုးဖန်အရှေ့သို့ ပို့လွှတ်ခဲ့သည့် ကြီးမားသော မူလချီလက်ကြီးသည် ရုတ်တရက် ကွဲထွက်သွားပြီး သူ၏ ခန္ဓာကိုယ် အမှန်က ပေါ်ထွက်လာခဲ့က ဇူယွမ်၏ အနီးဝန်းကျင်အား အေးစက်စက် စိုက်ကြည့်လိုက်သည်။
“ဒီနေ့မှာ မင်းကို ဘယ်သူ ကယ်နိုင်မလဲ ကြည့်ရအောင်”
ကျိုးဖန်က မှုန်ဝါးဝါး ပုံရိပ်တစ်ခုသာ ကျန်ရစ်ခဲ့ပြီး အရှေ့သို့ တက်လှမ်းသွားသည်။
ထိုသည်ကို မြင်သည်နှင့် ဇူယွမ်၏ အမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားပြီး သူ၏ မျက်လုံးတွင် အေးစက်မှုများဖြင့် ပြည့်နှက် သွားသည်။ နတ်ဘုံခန်းဝါ အဆင့်ရှိသည့် ကျိုးဖန်က မူလစဦးအဆင့်သို့ တွေ့ထိခါစ လူငယ်လေး တစ်ယောက်အား အရှက်မဲ့စွာ တိုက်ခိုက် လိမ့်မည်ဟု သူမထင်မှတ် ထားခဲ့ပေ။
“လေဟာနယ် ချုပ်လှောင်ခြင်း လက်ဝါး”
အဆုံးမဲ့သော မူလချီများက ကျိုးဖန်၏ ဖြန့်ထားသော လက်ဝါးပေါ်တွင် စုဝေးလာခဲ့ပြီး အောက်ဘက်သို့ မှောက်ချလိုက်သည်။
လက်ဝါးမှာ ဇူယွမ်၏ မြင်ကွင်းတွင် တဖြည်းဖြည်း ကြီးမားလာခဲ့ပြီး မည်သည့်အရာကမျှ ထိုလက်ဝါးအား ချိုးဖြတ်ပြီး မလွတ်မြောက် နိုင်သည့်ဟန်ဖြင့် ကောင်းကင်ကိုပင် ဖုံးအုပ်သွားသည်။
သူ၏ နံဘေးရှိ ယောင်ယောင်၏ လှပသော မျက်နှာလေးမှာ အလွန်အမင်း အေးစက်နေပြီး သူမ၏ ရင်ဘတ်မှာ နိမ့်တုံမြင့်တုံ ဖြစ်လာခဲ့သည်။ သူမက အလွန်အမင်း ဒေါသထွက်နေပုံ ပေါ်ကာ မှိန်ဖျော့ဖျော့ အလင်းတစ်ခုက သူမ၏ မျက်ခုံးနှစ်ဖက်ကြားတွင် ထွက်ပေါ်လာခဲ့သည်။
သို့သော်လည်း ထိုအခိုက်အတန့်လေးမှာပင် ဇူယွမ်က သူမ၏ အေးစက်နေသည့် ကျောက်စိမ်းရောင် လက်လေးအား ဆုပ်ကိုင်လိုက်သည်။
သူက သူမ၏ အေးစက်နေသော မျက်ဝန်းအား ကြည့်လိုက်ပြီး အသာအယာပင် ခေါင်းခါပြလိုက်ကာ သူမ၏ သေးကျဉ်သော ခါးလေးအား ဖမ်းဆုပ်လိုက်ကာ သူတို့၏ ပုံရိပ်များက အနောက်သို့ လျင်မြန်စွာ ဆုတ်ခွာသွားသည်။ တစ်ချိန်တည်းမှာပဲ သူ၏ မျက်စိအတွင်းမှ သူတော်စင် စာလုံးများက လည်ပတ်သွားတော့သည်။
“ဟမ့် …။ လေဟာနယ် ချုပ်လှောင်ခြင်း လက်ဝါးက ပတ်ဝန်းကျင် တစ်ခုလုံးကို ပိတ်လှောင်လိုက်ပြီ။ မင်းဘယ်လို လွတ်မြောက်နိုင်မှာလဲ”
မူဝူကျိက လှောင်ပြောင်လိုက်ပြီး ဇူယွမ်အား ကြွက်တစ်ကောင်ကို ကစားနေသော ကြောင်တစ်ကောင်၏ အကြည့်မျိုးဖြင့် ကြည့်လိုက်သည်။
ဇူယွမ်အနေဖြင့် မည့်သည်မှ ပြန်မဖြေပေ။ သူ့အနေဖြင့် နတ်ဘုံခန်းဝါအဆင့် တစ်ယောက်မည်မျှ စွမ်းအား ကြီးမားသည်ကို သိရှိသောကြောင့် သူအနေဖြင့် တိုက်ရိုက်ရင်ဆိုင်မှု မပြုလုပ်လိုပေ။ သူ၏ မျက်လုံးအတွင်းတွင် ရှေးဟောင်း သူတော်စင်စာလုံးက လှည့်ပတ်နေပြီး မူလက ပိတ်လှောင်ထားသည့် ဧရိယာ တစ်ဝှိုက်မှာ စတင်ပြီး မှုန်ဝါးလာကာ အားနည်းသော အမှတ်အချို့ ပေါ်လာခဲ့သည်။
ဇူယွမ်က နဂါးခြေလှမ်းကို အသုံးပြုပြီး နောက်သို့ လျင်မြန်စွာ ထပ်ဆုတ်ခွာ လိုက်သည်။
ဟူး …။
သူက တစ်ချက်တည်းနှင့် ခြေလှမ်းဒါဇင်ခန့် နောက်ဆုတ်ပြီး ဖြစ်သည်။
သူ၏ နောက်ဆုံးခြေလှမ်း မြေပေါ်သို့ ကျချိန်တွင် ထိုဧရိယာကို ပိတ်လှောင်ထားခြင်းမှာ ပျောက်ကွယ်သွားပြီး ကောင်းကင်ကို ဖုံးကွယ်ထားသော ကြီးမားသော လက်ကြီးမှာလည်း ကွယ်ပျောက် သွားခဲ့သည်။
ထိုအချိန်မှာပဲ ကျိုးဖန်၏ လက်က ရောက်လာခဲ့သည်။
သူ၏ အမူအရာမှာ ရုတ်တရက် တောင့်တင်းသွားပြီး ဇူယွမ်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်လိုက်သည်။
“အမ် …” အခြားသော တမန်တော်များ၏ နားမလည်နိုင်စွာ ဖြစ်သွားသည့် အသံများ ထွက်ပေါ်လာသည်။ သူတို့ အနေဖြင့် နတ်ဘုံခန်းဝါအဆင့် ကျိုးဖန်၏ လက်ဝါးအောက်မှ မည်သူမျှ မလွတ်မြောက်နိုင်သည်ကို သိခဲ့ကြသော်လည်း အဘယ်ကြောင့် ဇူယွမ်က ကတ်သီးကတ်သတ် လွတ်မြောက် သွားသနည်း။
မရေမတွက်နိုင်သော ပါရမီရှင်များ အားလုံး အုန်းအုန်းကျွက်ကျွက် ဖြစ်သွားပြီး သူတို့အားလုံးက ဇူယွမ်ကို ရှော့ရစွာ စိုက်ကြည့် လိုက်ကြသည်။ မည်သူကမှ ဇူယွမ်အနေဖြင့် နတ်ဘုံခန်းဝါအဆင့် တစ်ယောက်၏ တိုက်ခိုက်မှုမှ အသက်ရှင်ကျန်ရစ်မည်ဟု မထင်ထားခဲ့ကြပေ။
မူဝူကျိ၏ ပုံရိပ်က အောက်သို့ အလင်းတန်းတစ်ခု အလား ဆင်းလာခဲ့ပြီး ဇူယွမ်၏ ရှေ့မှ ပိတ်ကာ ဆီးလိုက်သည်။ သို့သော်လည်း သူ၏ မျက်လုံးများက အံ့အား သင့်မှုများဖြင့် ပြည့်နှက်နေပြီး သူအနေဖြင့်လည်း ကျိုးဖန်၏ လက်ဝါးအောက်မှ ဇူယွမ်မည်သို့ လွတ်မြောက်လာမှန်း နားမလည်သည်မှာ ထင်ရှားလှပေသည်။
ဆူညံသံများ ကောင်းကင်တွင်ပင် ပြည့်နှက်လာချိန်တွင် ကျိုးဖန်၏ မျက်နှာမှာ အစိမ်းရောင် သန်းနေရာမှ တဖြည်းဖြည်း နီရဲလာပြီး သူ၏ မျက်လုံးတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်လာသည်။
“ဒီမျိုးမစစ်လေး။ မင်းငါ့ကို အရူးလုပ်ရဲတယ်။ မင်းကို ငါလုံးဝ ခွင့်မလွတ်ဘူး”
ကျိုးဖန်က အော်ဟစ်လိုက်ပြီး သူ၏ ရှက်ရွံစိတ်များက ဒေါသအသွင်သို့ ပြောင်းလဲသွားသည်။ သူကဲ့သို့ နတ်ဘုံခန်းဝါအဆင့် တစ်ယောက်၏ တိုက်ခိုက်မှုအား ဇူယွမ်အနေဖြင့် မည့်သည့် ဒဏ်ရာ အနာတရမှ မဖြစ်ဘဲ ရှောင်တိမ်း သွားနိုင်ခြင်းက သူ့အတွက် ရှက်ဖို့ကောင်းပေသည်။ သည်သတင်းသာ ပျံ့နှံ့သွားပါက ထိုအရာက အမည်းစက် တစ်ခုအဖြစ် သူ၏ဘဝတစ်လျှောက်လုံးတွင် လိုက်ပါနေပြီ ဖြစ်သည်။
ဝုန်း …။
မူလချီများက မူဝူကျိ၏ ပတ်လည်တွင် မြင့်တက်လာခဲ့ပြီး သူ၏ အမူအရာမှာ ခက်ထန်သွားကာ ကျိုးဖန်အား ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ ကြည့်ရသည်မှာ သည်တိုက်ပွဲက ရှောင်လွှဲ၍ မရတော့မည့်ပုံ ရှိသည်။
ဝရုန်း …။
သို့သော်လည်း မူလချီများက စုစည်းလာပြီး ကျိုးဖန်ထံသို့ တဝေါဝေါ ဝင်ရောက်လာပြီး ကမ္ဘာကြီးပင် ရုတ်တရက် တုန်ခါသွားဟန်ရသည်။
မရေမတွက်နိုင်သော အကြည့်များ အောက်တွင် သူတော်စင် အကြွင်းအကျန် နယ်မြေမှာ ပွင့်သွားပြီး ကျယ်ပြောသော အလင်းများက ရုတ်တရက် တရဟော စီးဝင်လာခဲ့သည်။ ထိုအလင်းများက ကြီးမားသော လက်ကြီးအသွင် ပြောင်းလဲသွားပြီး ရုန်းရင်းကြမ်းတမ်းသော စွမ်းအားများ စီးဝင်လျက် ကျိုးဖန်ထံသို့ သက်ဆင်းသည်။
တစ်ချိန်တည်းမှာပင် ကျယ်လောင်ခြင်း မရှိသော အသံတစ်ခုက ဧရိယာ တစ်ခုလုံးတွင် ထွက်ပေါ်လာသည်။
“ငါသေဆုံးခဲ့တဲ့ အချိန်တုန်းက မြင့်မြတ်သော ကလန်ရဲ့ အမှိုက်တွေကို ဒီနား လာရောက်ဖို့ ခွင့်မပြုခဲ့ဘူး။ သောက်ခွေးချီးလိုကောင် မင်းကိုဘယ်သူက လာခွင့်ပေးလို့လဲ”
ထိုအသံက များစွာသော ပါရမီရှင်များကို ထိတ်လန့်စေပြီး မူဝူကျိနှင့် အခြား တမန်တော်များ၏ အမူအရာများမှာ ချက်ချင်း ပြောင်းလဲသွားသည်။
အော်ဟစ်နေသည့် ကျိုးဖန်မှာ ရုတ်တရက် တိတ်ဆိတ်သွားပြီး မရေရာမှုများက သူ၏မျက်နှာပေါ်တွင် ဖြတ်ပြေးသွားပြီး သူအနေဖြင့် အချို့သော ကိစ္စများကို ရုတ်တရက် မှတ်မိသွားသည်။ သူ၏သွင်ပြင် လက္ခဏာမှာ သေဆုံးခါနီး လူတစ်ဦးကဲ့သို့ ဖြူဖျော့သွားပြီး အလွန်အမင်း ကြောက်ရွံ့့နေဟန်များ သူ့မျက်လုံးထဲတွင် စီးဆင်းနေသည်။
“မျိုး … မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းလား”
ကျိုးဖန်က အလျိုအလျောက် အော်ဟစ်လိုက်သည်။ ထို့နောက် သူက အနောက်သို့ ချက်ချင်း လှည့်ကာ ခွေးလေခွေးလွင့် တစ်ကောင်လို သေမတတ်ကြောက်ရွံ့စွာ ထွက်ပြေးလိုက်သည်။
သူစိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ခဲ့သည့် တစ်စုံတစ်ခုမှာ မည်မျှ ကြောက်မက်ဖွယ်ရာ ကောင်းမှန်း သူသိပေသည်။ ထိုပုဂ္ဂိုလ်သည် သေဆုံးသွားပြီး ခဲ့သော်ငြားလည်း သည်နေရာတွင် ကြာရှည်စွာ တည်ရှိ နေပေသေးသည်။
ကျန်ရစ်သော တည်ရှိမှုလေး တစ်ခုကပင် ကျိုးဖန်ကို အလွန်အမင်း ကြောက်ရွံ့စေသည်။
ဝုန်း…။
သို့သော်လည်း ကြီးမားသော လက်ကြီးက ကောင်းကင်မှ ဆက်လက် ကျဆင်းလာပြီး လေဟာနယ် တည်ရှိမှု ဥပဒေသကို လျစ်လျူရူကာ ကျိုးဖန်၏ နောက်ကျောပေါ်သို့ ကျရောက်သွားသည်။
ဘုန်း …။
ကောင်းကင်ပင် ကြမ်းတမ်းစွာ တုန်ခါသွားသည်။ လူတိုင်း မြင်လိုက်ရသည်မှာ ကျိုးဖန်၏ ခန္ဓာကိုယ်ကြီးမှာ အမြှောက်ဆန် တစ်ခုလိုမျိုး တောင်တစ်လုံးပြီး တစ်လုံး ဖောက်ထွက်သွားခြင်းကို ဖြစ်သည်။ အဆုံးတွင် ကျိုးဖန်မှာ အပျက်အစီး ပုံကြားထဲတွင် စိုက်ဝင်သွားပြီး မြေမြှုပ်ခြင်း ခံလိုက်ရသည်။
မရေမတွက်နိုင်သော ပါရမီရှင်များ အားလုံးမှာ အံ့ဩတုန်လှုပ် သွားသည်။ လွန်ခဲ့သော အသက် တစ်ဒါဇင်ခန့် ရူစာ အချိန်လေးတွင် ရက်စက် ကြမ်းကြုတ် နေခဲ့သော ကျိုးဖန် ယခုလို ရိုက်နှက် ခံရလိမ့်မည်ဟု မည်သူမှ မမျှော်လင့်ပေ။မည်သူမှ သူသေလား ရှင်လားပင် မသိတော့ပေ။