မူလ ချီတိမ်တိုက် ခြောက်ခုသည် လေထုထဲတွင် ဝဲခိုနေသည်။ ပုံသဏ္ဌာန် ခြောက်ခုသည် တစ်ခုအပေါ်တွင် တစ်ခု ထပ်လျက် ရှိသည်။ သူတို့ ခန္ဓာကိုယ်မှ ဖြာထွက်နေသော မူလချီ၏ စွမ်းအား ပြင်းထန်မှုက သည်နေရာရှိ လူတိုင်းကို ခြိမ်းခြောက်လျက် ရှိသည်။
သည်နတ်ဘုရား အလား တမန်တော် ခြောက်ယောက်နှင့် မျက်နှာချင်းဆိုင် ရသည့် အချိန်တွင် များစွာသော ပါရမီရှင်များ၏ မျက်နှာတွင် အလွန်အမင်း လေးစားဟန်များ ပေါ်နေပြီး အနည်းငယ်မျှပင် မာနကြီးဝံ့ခြင်း မရှိဘဲ စိတ်ရှည် လက်ရှည် စောင့်ဆိုင်း နေကြသည်။
အဘယ့်ကြောင့် ဆိုသော် သည် ခြောက်ယောက်က ဤနေရာရှိ ပါရမီရှင်တိုင်း၏ အနာဂတ် ဘဝကို လုံးဝ ထိန်းချုပ်ထား နိုင်ကြောင်းကို သူတို့ ကောင်းစွာ သိသောကြောင့် ဖြစ်သည်။
အထွက်အထိပ် ကလန်ခြောက် ကလန်သည် ကန်ရွှမ်း ကောင်းကင်ဒေသ အတွင်း၌ အသန်မာဆုံး ကလန်များ ဖြစ်သည်။ တစ်စုံတစ်ယောက်သည် ကလန်အတွင်းသို့ ဝင်ခွင့်ရပြီး လေ့ကျင့်ပေးခြင်း ခံရပါက ထိုလူ၏ အနာဂတ် ဘဝတွင် ပြိုင်ဘက်ကင်းစွာ နေထိုင်နိုင်ပေမည်။ ကန်ရွှမ်း ကောင်းကင်ဒေသ၏ ကျွမ်းကျင်သူများနှင့် အကောင်းဆုံး အရင်းအမြစ်များက သည်ကလန်ခြောက် ကလန်တွင် စုစည်းနေပေသည်။
ထို့ပြင် များစွာသော လူများက သည်ကလန်ခြောက် ကလန်သို့ သာမန်တပည့် အနေနှင့် ဝင်ခွင့်ရခြင်းသည် ကန်မင်တိုက်ကြီးတွင် ပါရမီရှင် တစ်ယောက် ဖြစ်ရခြင်းထက် ပို၍ ကောင်းသည်ဟု ခံစားမိကြလေသည်။
ဇူယွမ်က တမန်တော် ခြောက်ယောက်ကို ကြည့်လိုက်သည်။ သူသည် သူတော်စင် အကြွင်းအကျန် ဒေသရှိ ထိုခြောက်ယောက်နှင့် ပတ်သက်သော သတင်း အချက်အလက်များကို ရရှိခဲ့ပြီးနောက် ကန်ရွှမ်းကလန်၏ သတံမန်မှာ ခြေဗလာနှင့် ဦးလေးကြီး ဖြစ်ကြောင်း သိရှိခဲ့သည်။
တရားမျှတမှုနှင့် သက်ဆိုင်သော ဝတ်စုံကို သန့်ရှင်း သပ်ရပ်စွာ ဝတ်ဆင်ထားသော သက်လတ်ပိုင်း အရွယ်လူသည် မြင့်မြတ်သော နန်းတော်၏ တမန်တော် ဖြစ်သည်။
အခြား ကလန်လေး ကလန်သည် မြောက်ပိုင်း နဂါးပင်လယ် ခန်းမ၊ ဓားလမ်းစဉ်ကလန်၊ ကောင်းကင် တစ္ဆေကလန်နှင့် ဒဏ္ဍာရီလာ အလှပန်းတစ်ရာ နန်းတော်တို့ ဖြစ်သည်။
သည် ကလန်လေး ကလန်သည်လည်း ကန်ရွှမ်းကောင်းကင် ဒေသတွင် အလွန် ကျော်ကြားပြီး သူတို့၏ တည်ရှိမှုက ကြီးမားသည်။
တိမ်တိုက်တစ်ခုပေါ်ရှိ မြင့်မြတ်သော နန်းတော် တမန်တော်သည် လူအုပ်ကြီးကို အေးစက်စက် ကြည့်သည်။ သူ၏အကြည့်က ဓားသွား အစွန်းနှင့် တူကာ မည်သူမျှ သူအား မကြည့်ရဲကြပေ။
“သင့်တို့ အားလုံးက ကန်မင် တိုက်ကြီးရဲ့ ပါရမီရှင်တွေ ဖြစ်ပေမဲ့ ကျွန်ုပ်တို့ရဲ့ အထွက်အထိပ် ကလန်ခြောက် ကလန်ကို ဝင်ဖို့က မလွယ်ကူဘူး။ ကန်ရွှမ်း ကောင်းကင်ဒေသမှာ တိုက်ပေါင်း မီလီယံကျော်ရှိမှန်း သင်တို့ သိပါတယ်။ ကန်မင်တိုက်ကြီးက အခြားတိုက်ကြီးတွေနဲ့ ဘာမှ မထူးခြားဘူး”
“အခြားသော တိုက်ကြီးများမှာလည်း မရေတွက်နိုင်တဲ့ ပါရမီရှင် အမျိုးအစားပေါင်း များစွာရှိတယ်။ ကလန်ခြောက် ကလန်က အခြား တမန်တော်တွေကို ထိုနေရာတွေကို စေလွှတ်ပြီး တပည့်ရွေးချယ် ခိုင်းထားတယ်”
“ဒါကြောင့် ကောင်းကင် အကြွင်းကျန် ဒေသလောက်လေးကိုပဲ ကျေနပ် မနေကျနဲ့။ ကန်ရွှမ်းကောင်းကင် ဒေသရဲ့ လူငယ်မျိုးဆက်ထဲကို ထည့်လိုက်မယ် ဆိုရင် သင့်တို့က ဘာမှ မဟုတ်တော့ဘူး”
ကျိုးဖန်၏ အသံက ကွဲပြား ခြားနားခြင်း မရှိဘဲ ချိုင့်ဝှမ်းအတွင်းမှ ရေအေးနှင့်ပင် တူနေကာ များစွာသော ပါရမီရှင်များကို အေးစက်သော အသိကို ပေးနေသည်။ မူလက သူတို့သည် သူတော်စင် အကြွင်းကျန် ဒေသတွင် ကောင်းကောင်း လုပ်ဆောင်ခဲ့သည်ဟု ထင်မြင်ခဲ့ ကြသော်လည်း ကျိုးဖန်၏ စကားများ ကြားရချိန်တွင် အားလုံးမှာ စိတ်အားငယ် သွားကြသည်။
ဇူယွမ်သည် အနည်းငယ် မျက်မှောင် ကြုတ်လိုက်မိသည်။ ကျိုးဖန်၏ အေးခဲနေသော အကြည့်က သူကို ရည်ရွယ်၍ ပြောနေသည်ဟု ခံစားနေမိသည်။ သို့တိုင် ဇူယွမ်၏ အမူအရာက ပြောင်းလဲခြင်း မရှိပေ။ သူသည် ဒေါသထွက်ခြင်း မရှိသလို ရယ်မောခြင်းလည်း မရှိပေ။
လုလျိုက အသံတိုးတိုးဖြင့် …
“ဘယ်လောက်တောင် ရွံစရာ ကောင်းလိုက်သလဲ” ပြောလေသည်။
ကျိုးချူးချင်ယုက ဇူယွမ်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် …
“ငါ အရင်ကတည်းက သတင်း အချက်လက်တွေ စုဆောင်းရမိခဲ့တယ်။ ဝူဟောင်ရဲ့ စိတ်ဝိညာဉ်ကို ကယ်တင်ခဲ့တာက မြင့်မြတ်သော နန်းတော်ရဲ့ တမန်တော် ကျိုးဖန်တဲ့”
ဇူယွမ်၏ မျက်လုံးအစုံက အနည်းငယ် ပြူးသွားကာ ဒေါသတို့ ဖြတ်သန်း ပြေးသွားလေသည်။ သည်ကောင်က သူ့ရဲ့ ရည်ရွယ်ချက်တို့ကို ဖျက်ဆီးခဲ့သူ ဖြစ်သည်။ ထိုသို့ မဖြစ်ခဲ့လျှင် ဇူယွမ်သည် ဝူဟောင်၏ စိတ်ဝိညာဉ်ကို သတ်ခဲ့ပြီးပြီ ဖြစ်သည်။ လက်ရှိ အခြေနေကဲ့သို့ ဖြစ်နေစရာ အကြောင်း မရှိတော့ပေ။
“ဟီးဟီး၊ တမန်တော် ကျိုးဖန်က ဒီလောက်လည်း တင်းမာစရာ မလိုပါဘူး။ ဒီထဲမှာ မျိုးစေ့ကောင်းလေးတွေ ရှိနေတယ်လို့ ခံစားနေမိတယ်။ ကျွန်တော်တို့က သူတို့ကို သေချာ လေ့ကျင့်ပေးလိုက်မယ် ဆိုရင် အနာဂတ်မှာ ကလန်ရဲ့ ထောက်တိုင်တွေ ဖြစ်လာမှာပဲ”
သည်နေရာရှိ များစွာသော ပါရမီရှင်များက တိတ်ဆိတ် ငြိမ်သက်နေစဉ် ကျယ်လောင်သော ရယ်မောသံ ထွက်ပေါ်လာသည်။ တချို့က လှည့်ကြည့်ကြသလို အချို့သည်လည်း အသံပိုင်ရှင်ကို ရှာဖွေလေသည်။ လက်ရှိအချိန်တွင် ပြုံးနေသည်မှာ ကန်ရွှမ်းကလန်၏ တမန်တော် မူဝူကျိ ဖြစ်သည်။
“ကောင်းပြီ အချိန်တွေကို ထပ်ပြီး မဖြုန်းတီးနဲ့တော့။ ရွေးချယ်ခြင်းကို စလိုက်ကြရအောင်”
သည်အချိန်မှာ စကား ပြောလိုက်သူက အဖြူရောင် ဝတ်ရုံနှင့် လူကြီးဖြစ်သည်။ သူ၏ မျက်နှာမှာ အေးစက် တင်းမာနေပြီး သူ၏ ပတ်ဝန်းကျင်တွင် အလွန်အမင်း ထက်ရှနေသော ဓားချီများက သူပတ်ပတ်လည်တွင် ရစ်ပတ် ထားလေသည်။
သူက ဓားလမ်းစဉ်ကလန်မှ တမန်တော်ဖြစ်သည်။
“ကျောက်တုံး လှေကားပေါ်ကို ရောက်အောင် တက်နိုင်ခဲတဲ့ သူတွေရှေ့ကို တက်ခဲ့ပါ”
နူးညံ့ညင်သာသော အမျိုးသမီး တစ်ယောက်၏ အသံထွက်ပေါ် လာခဲ့သည်။ သူမက ပန်းပေါင်းရာကျော်ကို လက်ရာမြောက်စွာ ရေးဆွဲထားသော တော်ဝင်ဆန်သည့် ဝတ်ရုံအား ဆင်မြန်းထားသည်။ ရှင်းလင်းစွာပင် သူမက ဒဏ္ဍာရီလာ ပန်းမျိုးတစ်ရာ ကလန်မှ တမန်တော် ဖြစ်သည်။
သူမ၏ အသံထွက်ပေါ် လာချိန်တွင် ဒါဇင်နှင့်ချီသော ပုံရိပ်တွေက ပါရမီရှင် လူအုပ်စုထဲမှ ထွက်လာခဲ့သည်။ သူတို့အားလုံးမှာ ကျောက်တုံး လှေကားထစ် စင်မြင့်ပေါ်သို့ ရောက်ရှိခဲ့သူများ ဖြစ်ပြီး ဇူယွမ်၊ ယောင်ယောင်၊ လုလျိုတို့ အုပ်စု ပါဝင်ပေသည်။
ယဲ့မင်နှင့် သူတစ်ခါမှ မမြင်ဖူးခဲ့သည့် လူများက ထိုလူစုထဲတွင် ပါဝင်နေခြင်းက မြင်ရခြင်းက ဇူယွမ်ကို အံ့အားသင့် စေပေသည်။
တမန်တော် ခြောက်ယောက်က အကြည့်များသည် သုံးဒါဇင်ချီသည့် ပါရမီရှင်တွေပေါ်သို့ ရောက်ရှိသွားသည်။ မူလချီများ အရှေ့သို့ တိုးထွက်လာပြီး ကြီးမားသော လက်ကြီးများ အသွင်သို့ ပြောင်းလဲသွားကာ ကြမ်းတမ်းစွာပင် တချို့သော လူများကို ဆုပ်ကိုင်ပြီး တမန်တော်တို့၏ နောက်တွင်ရှိသော မူလချီ တိမ်တိုက်များ ပေါ်သို့ လွှင့်ပစ်လိုက်သည်။ ထိုပါရမီရှင်များ လက်ခံသည် လက်မခံသည်ကိုပင် ဂရုစိုက်ခြင်းမရှိပေ။
မကြာခင်မှာပဲ တစ်တစ်ဆုပ်စာ ပမာဏရှိသော ပါရမီရှင်တွေသာ ကျန်ရှိတော့သည်။
သူတို့တွေက ဇူယွမ်၊ ယောင်ယောင်နဲ့ အခြားထူးချွန်သော ပါရမီရှင်များ ဖြစ်သည်။
“ငါတို့ ဓားလမ်းလမ်းစဉ် ကလန်က ဓားအတွက်ပဲ အသက်ရှင်တယ် မင်းငါတို့ ကလန်ကို ပူပေါင်းလိုစိတ် ရှိလား” ဓားလမ်းစဉ်ကလန်က တမန်တော်က လီချွန်ကျွမ်ကို ကြည့်ပြီး မေးလိုက်သည်။ သူ၏ အသံမှာ ညင်သာနေပြီး လီချွန်ကျွမ်၏ ဓားစွမ်းရည်ကို သဘောကျဟန်ရသည်။
လီချွမ်ကျွမ်က ခေါင်းညိတ်လိုက်ပြီး …
“ကျွန်တော်လည်း ဆန္ဒရှိပါတယ်”
သူ၏ မူလ ရည်မှန်းချက်မှာလည်း ဓားလမ်းစဉ် ကလန်သို့ ဝင်ရောက်ရန် ဖြစ်သည်။
သည်အရာကို မြင်မှ အခြားသော ပါရမီရှင် တွေကလည်း နားလည် သွားတော့သည်။ နောက်ဆုံး ကျန်နေသည့် သည်လူအနည်းကို သာလျှင် တမန်တော်များက အလေးအနက် ထားပြီး သူတို့၏ သဘောဆန္ဒအလျောက် ရွေးချယ်ခွင့်ပြုပေသည်။ အစောပိုင်းက ပါရမီရှင်များ၏ သဘောဆန္ဒကိုတော့ တမန်တော်များက ဂရုစိုက်ခြင်းမရှိပေ။ သို့တောင်မှပဲ ထိုသူများသည် များစွာသော ပါရမီရှင်များ၏ မနာလို အားကျမှုကို ခံရပေသည်။
တစ္ဆေတစ်ကောင်နှင့် တူသော အနက်ရောင် ဝတ်စုံနှင့် လူကြီးသည် ကျိန်းရွှီးကို ကြည့်ပြီး …
“မင်းယခင်က လေ့ကျင့်ခဲ့တဲ့ ရာမဘုရင် ကလန်က ကောင်းကင်တစ္ဆေ ကလန်ရဲ့ တမန်တော် တစ်ယောက်က တည်ထောင်ခဲ့တာပဲ။ မင်းကောင်းကင်တစ္ဆေ ကလန်ကို ဝင်ဖို့ ဆန္ဒရှိရဲ့လား”
ကျိန်းရွီးက လေးစားမှု အပြည့်ဖြင့် ခေါင်းညိတ်သည်။
“ဒီကောင်မလေး နှစ်ယောက်က မဆိုးဘူး။ မင်းတို့ နှစ်ယောက်လုံး ဒဏ္ဍာရီလာ အလှပန်းတစ်ရာ ကလန်ကို ဝင်ရောက်လိုစိတ် ရှိလား”
လှပသည့် အမျိုးသမီးကြီးသည် လုလျိုနှင့် ကျိုးချူးချင်ယုတို့ကို ပြုံးလျက် ကြည့်ကာ မေးသည်။
လုလျိုနှင့် ကျိုးချူးချင်ယုတို့က အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ တခြားတမန်တော် များက မည်သည်မှ မပြောတော့သည့် အခါတွင်တော့ သူတို့က လှပသော အမျိုးသမီးကြီးကို အရိုအသေ ပေးလိုက်ကြသည်။
လှပသော အမျိုးသမီးကြီးက ယောင်ယောင်လေး ပြုံးလိုက်ပြီး သူ၏ အကြည့်က ဇူယွမ်နဘေးရှိ ယောင်ယောင်ထံ ရောက်သွားကာ ပြောလိုက်သည်။
“ငါဒီကောင်မလေးကိုလည်း တကယ် ကြိုက်နှစ်သက်တယ်”
ယောင်ယောင်၏ ခန္ဓာကိုယ်မှ မည်သည့် မူလချီမှ ထွက်ပေါ်ခြင်း မရှိသောလည်း လှပသော အမျိုးသမီးကြီးသည် သူမ၏ အားကောင်းသော စိတ်ဝိညာဉ်ကို မြင်နိုင်ပေသည်။ သူမအနေဖြင့် စိတ်ဝိညာဉ် ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ပြီး လေ့ကျင့်ပါက သူမ၏ အနာဂတ်တွင် ထူးချွန်မှုက အလွန်အံ့ဩဖွယ် ကောင်းပေလိမ့်မည်။
မူဝူကျိသည် ချောင်းဆိုးသံနှင့် ပြောလိုက်သည်။
“အဟွတ် ဟွတ် ဟွတ်၊ တမန်တော် ရှန်ယု၊ နှစ်ယောက်ဆို လုံလောက်ပြီ ထင်တယ်”
အခြားသော တမန်တော်များ ခေါင်းညိတ် လိုက်ကြသည်။ သူတို့သည် ဒဏ္ဍာရီလာ ပန်းမျိုးတစ်ရာ နန်းတော်မှ နှစ်ယောက်ယူသည်ကို ခွင့်ပြုရခြင်းမှာ သူတို့အားလုံးမှာ မိန်းကလေး တစ်ယောက်နှင့် ပြိုင်မလုချင်သောကြောင့် ဖြစ်သည်။ ထို့ပြင် ဒဏ္ဍာရီလာ ပန်းမျိုးတစ်ရာ နန်းတော်သည် ပြိုင်ဘက်ကင်းသည့် အပြင် အမျိုးသမီး တပည့်များကိုသာ လက်ခံသည်။ အပေါ်ဘက်တွင် အခြားသော တမန်တော်၏ ကန့်ကွက်ချက်များကို မြင်နေရသည်။ ရှန်ယုဟု ခေါ်သည့် လှပသော အမျိုးသမီးက ဝမ်းနည်းစွာဖြင့် ခေါင်းခါလိုက်လေသည်။
နောက်တစ်ယောက် ဖြစ်သော နန်ကျန်းက မြောက်ပိုင်း နဂါး ပင်လယ် ခန်းမသို့ ဝင်ရောက်သွားသည်။
ထိုအချိန်တွင် မြင့်မြတ်သော နန်းတော်၏ တမန်တော် ကျိုးဖန်က ရုတ်တရက် ယဲ့မင်ကို ကြည့်ကာ ကွဲပြားခြားနားမှု မရှိသည့် လေသံနှင့် ပြောလိုက်သည်။
“ယဲ့မင်၊ မင်း ငါတို့ရဲ့ မြင့်မြတ်သော နန်းတော်ကို ဝင်ချင်လား”
များစွာသော ပါရမီရှင်များ လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး လူတိုင်း မကျေမနပ် ခံစားလိုက်ရသည်။ ထိုပြင် ယဲ့မင်က တုံးရွမ်တိုက်ကြီးမှ သူတို့၏ ကန်မင်တိုက်ကြီး၏ စည်းမျဉ်းများကို နင်းခြေကာ ကန်မင်တိုက်ကြီးသို့ ရောက်လာခဲ့သည်။ သူတို့အားလုံး ယဲ့မင်အား မြင့်မြတ်သော နန်းတော်ကလန်မှ တမန်တော်က အာရုံစိုက်လိမ့်မည်ဟု မထင်မှတ်ထာပေ။
သို့သော် ကျိုးဖန်က သူတို့ကို တစ်ချက်မျှပင် မကြည့်ဘဲ ယဲ့မင်ကိုသာ ကြည့်လေသည်။
ယဲ့မင်သည် အနည်းငယ် ချီတုန် ချတုန် ဖြစ်နေပြီး နောက်ဆုံးတွင် သူ ခေါင်းညိတ် လိုက်သည်။ မြင့်မြတ်သော နန်းတော်သည် ကန်ရွှမ်းကောင်းကင် ဒေသတွင် အလျင်မြန် ကြီးထွားခဲ့သည်။ ၎င်းအတွင်းသို့ ဝင်ရောက်ခြင်းက အကောင်းဆုံး ရွေးချယ်မှု တစ်ခုပင် ဖြစ်သည်။ မူဝူကျိသည် မီးခိုးများကို မှုတ်ထုတ်ကာ ဇူယွမ်ကို ပြုံးပြလိုက်သည်။ ထို့နောက် သူ့ ဘေးရှိ ယောင်ယောင် ပြောလိုက်သည်။
“မင်း ငါတို ကလန်ထဲ ဝင်ဖို့ ဆန္ဒရှိလား”
ယောင်ယောင်က ခပ်တည်တည်ဖြင့် ခေါင်းညိတ်လိုက်သည်။
သည်လိုနှင့် ဇူယွမ်တစ် ယောက် ကျန်ရစ်ခဲ့သည်။ သည်နေရာရှိ လူတိုင်းက ဇူယွမ်ကို ကြည့်ရှုနေသည်။ ဇူယွမ် တစ်ယောက်သာ သည်အဖွဲ့တွင် တစ်ယောက်တည်း အခွင့်ထူးခံ ဖြစ်ကြောင်း လူတိုင်း သိပေသည်။
မူဝူကျိက ပြုံးရင်း ပြောလိုက်သည်။
“ဒီအဖွဲ့မှာ မင်း တစ်ယောက်ပဲ သူတော်စင် တောင်ကို ရောက်နိုင်တယ်။ မင်း ဆန္ဒရှိတဲ့ ကလန်ကို ရွေးချယ် နိုင်တယ်”
ထိုနေရာ တစ်ဝန်းလုံးက တိတ်ဆိတ် ငြိမ်သက်သွားကာ ဇူယွမ်၏ အဖြေကို စောင့်ဆိုင်းနေသည်။
သို့သော် ဇူယွမ်သည် စကားပြောရန် လုပ်နေစဉ်မှာပင် ကျိုးဖန်က ရုတ်တရက် ဝင်ပြောလေသည်။
“ဇူယွမ်၊ မင်း မြင့်မြတ်သော နန်းတော်ကို ဝင်မယ်ဆိုရင် ဝူဟောင်ရဲ့ ခန္ဓာကိုယ်ကို သတ်ခဲ့တာ သက်ညှာပေးမယ်”
“ဒါအပြင် လက်ရှိ အချိန်မှာ ကန်ရွှမ်းကောင်းကင် ဒေသမှာ မြင့်မြတ်သော နန်းတော်က အင်အား အကြီးဆုံး ဆိုတာ မင်း သိပါတယ်။ မင်း နန်းတော်ထဲ ဝင်ပြီးပြီ ဆိုတာနဲ့ ကောင်းမွန်တဲ့ လမ်းညွှန်မှုတွေ၊ သင်ကြားပြသမှုတွေ ရရှိမယ်”
ကျိုးဖန်သည် အပေါ်ဆီမှ နေ၍ ဇူယွမ်ကို ငုံကြည့်လိုက်သည်။ သူ၏လေသံက အတော်လေးကို ဂုဏ်ယူနေဟန် ရသည်။ သူသည် ကျိုးဖန်ကို မျက်နှာသာ ပေးခဲ့ပြီး ငြိမ်းချမ်းရေး သံလွင်ခက်ကိုပင် ပေးခဲ့သည်။ ဇူယွမ်သည် ဦးနှောက်ရှိသူ တစ်ယောက်ဖြစ်ပါက သူ ရွေးချယ်ရမည့် အရာကို သိပေမည်။
အမှန်တွင် ကျိုးဖန်က သည်လို သဘောကောင်းနှင့် ပြောခြင်း မဟုတ်ပေ။ ဇူယွမ်သည် မူဝူကျိအတွက် အလွန် အရေးကြီးသည့် လူတစ်ယောက်ဖြစ်ကြောင်း သိသဖြင့် သူက ထိုသို့ ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။ သည်အရာက မူဝူကျိကို အနည်းငယ် ခက်ခဲ သွားစေသည်။
မူဝူကျိ၏ အမူအရာက ချက်ချင်းပင် အတော်လေး ရုပ်ဆိုး သွားရကာ ကျိုးဖန်ကို ကြည့်လိုက်သည်။
“ဟမ်၊ သက်ညှာလိုက်ပါလား။ ဝူဟောင် ခန္ဓာကိုယ် အသတ်ခံရခြင်းက သူရဲ့ အမှား မဟုတ်ဘူး။ ဘယ်သူက မင်းရဲ့ သက်ညှာမှုကို လိုအပ်နေမှာလဲ။
“မူဝူကျိက လှောင်ပြုံး ပြုံးရင်း ပြောသည်။
ကျိုးဖန်က သူ့ကို မသိကျိုးကျွန်းပြု၍ ဇူယွမ်ကို ကြည့်လိုက်သည်။
အကြည့်အားလုံးက ဇူယွမ်ဆီသို့ ရောက်ရှိလာသည်။
လူအုပ်စု၏ ကြည့်ရှုနေမှု အောက်တွင် သူသည် ရယ်မောလိုက်ပြီး ခေါင်းမော့၍ ကျိုးဖန်ကို ကြည့်ကာ …
“တမန်တော်ရဲ့ စိတ်ကူးကို လေးစားပါတယ်။ ဒါပေမဲ့ မြင့်မြတ်သော နန်းတော်ရဲ့ လိုအပ်ချက်က အရမ်းမြင့်တယ်။ ကျွန်တော် အဲဒီအဆင့်ထိ မရောက်နိုင်ဘူး”
အားလုံးပြီးနောက် သူသည် မူဝူကျိကို ကြည့်ကာ ပြောလိုက်သည်။
“ကျွန်တော် ကန်ရွှမ်း ကလန်ထဲကို ဝင်ချင်ပါတယ်”
သူ၏အသံက ဧရိယာ တစ်ခုလုံး၌ ပဲ့တင် ထပ်နေလေသည်။
ကျိုးဖန်၏ မျက်နှာသွင်ပြင်ကာ မည်းမှောင်သွားကာ သူ့မျက်လုံးအတွင်း၌ ဒေါသရိပ်များ ယှက်သန်း သွားသည်။ စက္ကန့် အနည်းငယ် ကြာပြီးနောက် သူက ရုတ်တရက် ရှေ့သို့ တတ်ကာ မူလချီနှင့် ဇူယွမ်ကို ဖိနှိပ်လေသည်။
“အဖိုးမတန်တဲ့ကောင်”
“ကောင်းပြီလေ။ ဝူဟောင်ရဲ့ ခန္ဓာကိုယ်ကို သတ်ခဲ့တဲ့ ကိစ္စအတွက် စကား ပြောကြတာပေါ့”
သူ၏ အေးစက်နေသော အသံက ဧရိယာ တစ်ခုလုံးကို ဖြတ်သန်း သွားသည်။