ကမ်းပါးနံဘေးရှိ ထင်းရူးပင်ကြီး၏ အောက် …
သူ၏ ချီသိုလှောင်ခန်းမှ မူလချီများ တိုးလာမှုကို ခံစားမိပြီးနောက် ဇူယွမ်၏ မျက်နှာပေါ်တွင် ပျော်ရွင် အံ့ဩမှုများက မဖုံးနိုင်မဖိနိုင် ပေါ်လွင်နေသည်။
သူအနေဖြင့် သူတော်စင် သွေးစက် တစ်စက်က သူအား အလယ်အလတ် ကောင်းကင်ဘုံတံခါး အဆင့်မှ တစ်ဝက်တစ်ပျက် မူလစဦး အဆင့်သို့ ရောက်ရှိ စေနိုင်လိမ့်မည်ဟု မမျှော်လင့်ထားပေ။ တိုးတက်မှု၏ အကျိုးသက်ရောက်မှု အနေဖြင့် သူ၏ မြင်ကွင်းထဲတွင် လျှို့ဝှက်ဆန်းကျယ်သော နယ်မြေတစ်ခုကို မသဲမကွဲ မြင်နေရသည်။ သူသာ မမှားယွင်းဘူး ဆိုပါက ထိုအရာသည် မူလစဦး ကောင်းကင်ဘုံပင် ဖြစ်ပေလိမ့်မည်။
ထို မူလစဦး ကောင်းကင်ဘုံသည် အဆင့် ကိုးဆင့်ရှိပြီး အဆင့်တစ်ခု စီတိုင်းတွင် ရှေးကျသော မူလစဦးချီများ ပါဝင်နေသည်။ ထို မူလစဦးချီများကို စုပ်ယူပါက လူတစ်ဦး၏ ချီသိုလှောင်ခန်းသည် ဖြည်းဖြည်းချင်း ပြောင်းလဲ လာပေလိမ့်မည်။ ချီသိုလှောင်ခန်းမှာ သူ၏ အကန့်အသက်သို့ ရောက်ရှိသွားပါက သည်ချီသိုလှောင်ခန်းမှာ အံ့ဖွယ် ချီလှောင်ခန်း အဖြစ်သို့ ပြောင်းလဲ သွားပေလိမ့်မည်။
အံ့ဖွယ်ချီ သိုလှောင်ခန်း ဖြစ်ပေါ်လာပါက နတ်ဘုံခန်းဝါ အဆင့်သို့ ခြေတစ်လှမ်း လှမ်းနိုင်မည် ဖြစ်သည်။ သည်အခြေအနေ သို့ရောက်ရှိပါက မူလချီများက ကျယ်ပြန့်လှသော တိမ်တိုက်များ အသွင်ဖြစ်လာပြီး မိုင်ရာချီသည့် ဧရိယာကိုပင် ဖုန်းလွှမ်းနိုင် သွားကာ မူလစဦး အဆင့်မှ မယှဉ်သာနိုင်သည့် စွမ်းအားကို ဖြစ်ပေါ်စေလိမ့်မည်။
“အခုကငါက မူလစဦး ကောင်းကင်ကို မြင်နိုင်ပြီဆိုတော့ ငါမူလစဦး အဆင့်ကို ရောက်ရှိဖို့ တကယ့်ကို ခြေတစ်လှမ်းပဲလို တော့တယ်” ဇူယွမ်က မိမိဘာသာ ရေရွတ်လိုက်သည်။
ဇူယွမ်၏ ပုံမှန်ကျင့်ကြံမှု နှုန်းနှင့် ဆိုပါက သူ့အနေဖြင့် ကောင်းကင်တံခါး အဆင့်မှ တစ်ဝက်တစ်ပျက် မှုလစဦးအဆင့် သို့ရောက်ရှိရန် တစ်နှစ်ခန့် အချိန်ယူရ ပေလိမ့်မည်။ သူ့အနေဖြင့် လဝက်ထဲဖြင့် ထိုမျှ ကျင့်ကြံနိုင်ခဲ့သည်ကို မည်သူမှ ယုံကြည်နိုင်မည် မဟုတ်ပေ။
ပိုပြီး အရေးကြီးသည်က သူ၏ ကျင့်ကြံမှု ခုန်ပျံ တိုးတက်ခြင်းက သူ၏ အခြေခံ အုတ်မြစ်ကို မတည်မငြိမ် မဖြစ်စေဘဲ ပို၍ပင် တည်ငြိမ်ခိုင်မာ လာခဲ့သည်။
သူတော်စင် သွေးစက်၏ အံ့အားသင့်ဖွယ်ရာများက သာမန်လူတို့ မတွေးနိုင်သော အရာများ ဖြစ်သည်။
“ဘယ်လိုလဲ ငါ့ရဲ့ သူတော်စင် သွေးစက်ကို ကျေနပ်ရဲ့လား”
ဇူယွမ်က တွေးတောရင်း ကျေနပ်နေစဉ်မှာ သူ၏ နားထဲ၌ ရယ်ရယ်မောမောနှင့် ပြောဆိုလိုက်သံ ကြားလိုက်ရသည်။
သူကခေါင်းမော့ လိုက်ချိန်တွင် ခန့်ညားသော မျက်နှာပေါ်တွင် အပြုံးတစ်ခု ဆင်မြန်းထားသည့် ကန်ရွှမ်းကို တွေ့လိုက်ရသည်။
“ကျေးဇူး အများကြီး တင်ပါတယ်”
ဇူယွမ်က တည်ငြိမ်သော မျက်နှာ အနေအထားနှင့် သူ၏ လက်နှစ်ဖက်ကို ယှက်ပြီး ပြောလိုက်သည်။ သူ့အနေဖြင့် သူတော်စင် သွေးစက်မှ အကျိုးများစွာ ရရှိခဲ့ပေသည်။ သူ့ကျင့်ကြံမှု အဆင့်မြင့်မား လာရုံမျှမက သူ၏ကျင့်ကြံခြင်း အခြေခံ အုတ်မြစ်မှာ ပိုမိုခိုင်မာ လာခဲ့သည်။ ပိုပြီး အရေးကြီးသည်မှာ သူတော်စင် သွေးစက်တွင် ပါဝင်ခဲ့သော အချို့သော အံ့ဖွယ်များက သူ၏ အနာဂတ် ကျင့်ကြံခြင်း လမ်းစဉ်တွင် ပိုမို အကျိုးသက်ရောက် စေပေလိမ့်မည်။
မျိုးနွယ်စု ခေါင်းဆောင် ကန်ရွမ်းက လက်ယမ်းပြ လိုက်ရင်း …
“သည်ကောင်းချီးက မင်းရဲ့ အောင်မြင်မှုအတွက် မင်းရရှိတာပါ”
ဇူယွမ်က မျိုးနွယ်စု ခေါင်းဆောင်၏ ပုံရိပ်မှာ ပိုပြီး မှုန်ဝါး လာသည်ကို တွေ့လိုက်ရသည်။ ကြည့်ရသည်မှာ သူ၏မှုလချီများ များစွာ ကုန်ခန်းခဲ့ဟန် ရသည်။ ဇူယွမ်အား သူတော်စင် သွေးစက်ပေးပြီး နောက်တွင် မျိုးနွယ်စု ခေါင်းဆောင် ကန်ရွှမ်း၏ စိတ်ဝိညာဉ် အပိုင်းအစမှာ အရင်ကလောက် မကျန်ရှိတော့ပုံ ပေါ်သည်။
“ကလေး ခံစားနေဖို့ မလိုအပ်ပါဘူး။ ငါရဲ့ စိတ်ဝိညာဉ် အပိုင်းအစလေးက တစ်စုံတစ်ယောက်ကို တွေ့ရဖို့ ရည်ရွယ်ပြီး တည်ရှိနေခဲ့တာ။ အခု ငါ့ရဲ့ ရည်ရွယ်ချက်လည်း ပြည့်မြောက်သွားပြီ ဆိုတော့ ပုံမှန်အားဖြင့် ငါပျောက်ကွယ် သွားလို့ရပြီ”
မျိုးနွယ်စု ခေါင်းဆောင် ကန်ရွမ်းက ပြုံးနေခဲ့သည်။
“ငါပေးထားတဲ့ တာဝန်တွေကိုသာ မင်းမမေ့ဖို့လိုတယ်”
ဇူယွမ်က အလေးအနက် ပြောလိုက်သည်။
“စိတ်မပူပါနဲ့ အကြီးအကဲ ကျွန်တော်ပိုင်တဲ့ အရာအားလုံးကို ကျွန်တော် ကာကွယ်မှာပါ ပြီးတော့ ကျန်တဲ့ မှော်စာလုံး သုံးခုကိုလည်း မြင့်မြတ်သော ကလန်ရဲ့ လက်ထဲကို မရောက်စေရဘူး”
မျိုးနွယ်စု ခေါင်းဆောင် ကန်ရွှမ်းက ခေါင်းညိတ်လိုက်ပြီး …
“တတိယနဲ့ စတုထ္ထ မှော်စာလုံးတွေရဲ့ တည်နေရော ကတော့ မင်း ဒုတိယမြောက် သူတော်စင်စာလုံးကို ရတဲ့အချိန်မှာ သိလိမ့်မယ်”
ထင်ရှားစွာပင် သူက ထွက်မသွားခင် အဓိကကျသော အချက်အလက်များကို ပြောပြခဲ့သည်။ ဇူယွမ်အနေဖြင့် အခြားသော နည်းစနစ်နှင့် ပရိယာယ်များကို အသုံးပြုပြီး ကျန်သော သူတော်စင် စာလုံးများ၏ တည်နေရာကို ရှာဖွေရပေလိမ့်မည်။
ယောင်ယောင်လည်း အဖြူရောင် ကျောက်စိမ်း စားပွဲပေါ်မှ ထလာခဲ့သည်။
မျိုးနွယ်စု ခေါင်းဆောင် ကန်ရွှမ်းက သူမကို ကြည့်လိုက်ပြီးနောက် သူ၏ အကြည့်က ဇူယွမ်ထံသို့ ပြန်လည်ရောက်ရှိ သွားကာ သူ၏အမူအရာက လေးနက်သွားပြီး …
“နောက်ဆုံးတော့ မင်း သူမကို ကာကွယ်နိုင် လိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်။ ကန်ယွမ် မင်းကို ယုံခဲ့သလိုပဲ ငါကလည်း မင်းကို ယုံကြည်ပါတယ်”
ဇူယွမ်က အလေးအနက် ခေါင်းညိတ်လိုက်သည်။
သူအနေဖြင့် ယောင်ယောင်၏ ကြီးမြတ်သော နောက်ခံကို သိရှိခဲ့ပြီး ဒဏ္ဍာရီလာ ပုံရိပ်များဖြစ်သည့် မျိုးနွယ်စု ခေါင်းဆောင် ကန်ရွှမ်းမှင့် ဆရာကန်ယွမ် တို့နှင့် တွေ့ပြီးနောက်တွင် ထိုကိစ္စအပေါ် ပိုမို အလေးအနက် ထားခဲ့သည်။
ထိုနောက် မျိုးနွယ်စု ခေါင်းဆောင် ကန်ရွှမ်းက သူ၏ လက်ကို ဝှေ့ယမ်းလိုက်ပြီး ပြောလိုက်သည်။
“သွားတော့”
ဇူယွမ်၏ နှလုံးသားထဲတွင် မျိုးနွယ်စု ခေါင်းဆောင် ကန်ရွှမ်းကို လေးစားစိတ်များ ပိုမို များပြားလာပြီး သူ၏ ပုံရိပ်ကို စိုက်ကြည့် လိုက်သည်။ ဇူယွမ်အနေဖြင့် ယခုအချိန်တွင် အလွန်အားနည်း နေသောကြောင့် မျိုးနွယ်စု ခေါင်းဆောင်တို့ လူစု၏ မျှော်လင့်ချက်များကို နားမလည်နိုင် သေးသော်လည်း သူ့အနေဖြင့် ယောင်ယောင်ကို ကာကွယ်ရန် မည့်သည့် တန်ဖိုးကိုမဆို ပေးဆပ်ဖို့ အသင့်ရှိနေသည်။
ဇူယွမ်က မျိုးနွယ်စု ခေါင်းဆောင် ကန်ရွှမ်းကို ဦးညွှတ် ဂါရဝ ပြုလိုက်ပြီးနောက် ယောင်ယောင်နှင့် အတူ တစ်ဖက်သို့ လှည့်ကာ မြူထုအတွင်းသို့ ဝင်ရောက် ပျောက်ကွယ်သွားသည်။
မျိုးနွယ်စု ခေါင်းဆောင် ကန်ရွှမ်းက သူတို့နှစ်ယောက် ထွက်ခွာ သွားသည်ကို ကြည့်ရင်း သက်ပြင်း ချလိုက်ကာ မိမိဘာသာ ရေရွတ်လိုက်သည်။
“လူသားမျိုးနွယ်တွေ အတွက် ဟောကိန်း ထွက်ထားတဲ့ တော်ဝင် ဘေးအန္တရာယ်ကနေ အသက်ရှင် ကျန်ရစ်မလား မကျန်ရစ်ဘူးလား ဆိုတာ သူတို့အပေါ် မူတည်သွားပြီ…”
***
ဇူယွမ်နှင့် ယောင်ယောင်တို့ မြူထုထဲကနေ လမ်းလျှောက် ထွက်လာရင်း သူတို့ ပတ်ဝန်းကျင်မှ ကမ္ဘာတစ်ခုလုံး တုန်ခါသွားသလို ခံစားနေလိုက်ရသည်။ သူတို့က ခေါင်းမော့ ကြည့်လိုက်လျှင် သူတော်စင် အကြွင်းအကျန် ဒေသမှာ အက်ကြောင်းအတိုင်း ပွင့်နေပြီး ကောင်းကင်ပြာကြီးကို မြင်တွေ့လိုက်ရသည်။
အက်ကြောင်းကို ဖြတ်သန်း ကြည့်လိုက်လှင် ရင်းနှီးနေသည့် ကုန်းမြေတစ်ခုက ပေါ်လာခဲ့သည်။ ထိုကုန်းမြေမှာ သူတော်စင် အကြွင်းအကျန် ဒေသ၏ အပြင်ဘက် ဖြစ်သည်။
ထင်ရှားစွာပင် အပြင်သို့ သွားသော လမ်းကြောင်းပွင့်နေပြီ ဖြစ်သည်။
ဝှစ် … ဝှစ် …။
သူတော်စင် အကြွင်းအကျန်ဒေသ ပွင့်သွားသည်နှင့် မရေမတွက်နိုင်သည့် အလင်းတန်းများသည် ကျိုင်းကောင်များ အလား အက်ကြောင်းဆီသို့ ပျံသန်း ထွက်သွားကြပြီး ထိုနေရာ တစ်ဝှိက်တွင် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
ဇူယွမ် ကျင့်ကြံနေသော လဝက်အတွင်း မျိုးနွယ်စု ခေါင်းဆောင် ကန်ရွမ်းက သူတော်စင် အကြွင်းအကျန် ဒေသအား ပိတ်ထားခဲ့သည်။ များစွာသော ပါရမီရှင်များသည် ထွက်ခွာခွင့်မရဘဲ သည်နေရာတွင် တိတ်ဆိတ်စွာ နေခဲ့ကြသည်။ ကံအားလျှော်စွာပဲ သူတော်စင် အကြွင်းအကျန် ဒေသအတွင်းရှိ မူလချီများမှာ သန်မာပြီး သန့်စင်သောကြောင့် သည်မှာ ရှိနေစဉ်အတွင်း သူတို့၏ ကျင့်ကြံမှုမှာ အကျိုးဖြစ်ထွန်းခဲ့သည်။
ယခု ဇူယွမ်မှာ ကျင့်ကြံပြီး သွားသောကြောင့် မျိုးနွယ်စု ခေါင်းဆောင်က သူတော်စင် အကြွင်းအကျန်ဒေသကို ပြန်လည်ဖွင့် လှစ်ခဲ့သည်။
ဝှစ် …။
မူလချီအလင်းတန်း တစ်ခုက ယောင်ယောင်ထံ တန်းနေအောင် တိုးဝင် လာခဲ့သည်။
ယောင်ယောင်က ထိုအလင်းတန်းကို သူ့လက်ဖြင့် လှမ်းဆွဲ ဖမ်းလိုက်ပြီး ထန်ထန်၏ ပုံရိပ်ပေါ်လာခဲ့သည်။
ယောင်ယောင်က ထန်ထန်၏ ဦးခေါင်းကို ခေါက်လိုက်သည်နှင့် သူ၏မျက်လုံးများမှာ ကျဉ်းမြောင်းသွားပြီး ကျေနပ်ဟန်ဖြင့် သူ၏ခေါင်းဖြင့် တိုးဝင် ပွတ်သပ်ကာ သူ၏ပါးစပ်မှ ပျော်ရွင်သောကြောင့် ဆူညံသံများ ထွက်လာခဲ့သည်။
ဇူယွမ်၏ အကြည့်က အောက်ဘက်ဆီသို့ ရောက်သွားပြီး ကျယ်ပြောပြီး အဆုံးမဲ့သော သူတော်စင် အကြွင်းအကျန် ဒေသအား ကြည့်လိုက်သည်။ သူ ဒီဒေသသို့ မဝင်ရောက်ခင်က ကန်မင်တိုက်ကြီးတွင် သူက မည်သူမှမဟုတ်ခဲ့ပေ။
သို့သော်လည်း သူဒီဒေသမှ ထွက်လိုက်သည်နှင့် သူ၏ အမည်နာမမှာ ကန်မင်တိုက်ကြီးကိုပင် တုန်ခါ သွားစေပေလိမ့်မည်။
သူ့အား သည်အရာက စိတ်ကြီးဝင်စေလိမ့်မည် မဟုတ်ပေ။ သူ၏ ခမ်းနား ကြီးကျယ်သော လမ်းကြောင်းတွင် ကန်မင်တိုက်ကြီး၏ လူငယ်မျိုးဆက်တွင် နံပါတ်ဖြစ်ရခြင်းက သူ့အတွက် မလုံလောက်သေးပေ။
ထို့အပြင် သူတော်စင် သွေးစက်မှ အကျိုးများ ရရှိပြီးနောက်တွင် လွန်ခဲ့သော လဝက်ကထက် များစွာ သန်မာနေပြီ ဖြစ်သည်။ သည်အချိန်တွင်သာ ဇူယွမ်က ဝူဟောင်နှင့် ရင်ဆိုင်ရပါက တိုက်ပွဲက အနည်းငယ် မမျှတသလိုပင် ဖြစ်နေလိမ့်မည်။
“သွားစို့”
ဇူယွမ်က ပြောလိုက်သည်နှင့် သူနှင့် ယောင်ယောင်၏ ခြေထောက်အောက်တွင် နက်ရွှေရောင် တိမ်တိုက်တစ်ခု ဖြစ်ပေါ်လာပြီး လေပေါ်တွင် ပျံဝဲကာ သူတို့နှစ်ဦးအား အက်ကြောင်းဆီသို့ သယ်ဆောင်သွားသည်။
သူတို့နှစ်ယောက် အက်ကွဲကြောင်းကို တစ်ဟုန်တိုး ဖြတ်သန်းလာချိန်မှာ ကမ္ဘာကြီးက ပိုမိုကျယ်ပြီး ကြီးမားလာသည်ကို မြင်တွေ့ခဲ့၇သည်။
ကုန်းမြေ၏ အကာအဝေး တစ်ခုတွင် ခမ်းနားသော မြို့တော်ကြီးတစ်ခု ရှိနေပြီး။ ထိုမြို့က သူတော်စင် အကြွင်းအကျန်မြို့ ဖြစ်သည်။
သည်အချိန်တွင် သူတော်စင် အကြွင်းအကျန် ဒေသ၏ အပြင်ဘက်တွင် ပျံသန်း ထွက်လာသော ပါရမီရှင်များ၏ မြင်ကွင်းများကြောင့် အလွန်အမင်း အသက်ဝင် လှုပ်ရှားသွားသည်။
ဇူယွမ်နှင့် ယောင်ယောင်တို့ ပေါ်လာတဲ့ အချိန်မှာ ပါရမီရှင်များက လေးစားအားကျသည့် အကြည့်များဖြင့် ဝိုင်းကြည့်နေကြသည်။
ဇူယွမ်က ဝူဟောင်ကို ရှုံးနိမ့်စေသည့် မြင်ကွင်းက သူတို့၏ စိတ်ထဲတွင် နက်ရှိုင်းစွာ စွဲမြဲနေကြပြီ ဖြစ်သည်။
“ဟေ့ ဇူယွမ်နင်က တော်တော် မိုက်တာပဲ ဝူဟောင်ကို ရိုက်လိုက်နိုင်တယ်”
မူလချီ အလင်းတန်း နှစ်ခုက ရယ်ရယ်မောမောနှင့် ဇူယွမ်နှင့် ယောင်ယောင်၏ ရှေ့တွင် ပေါ်လာခဲ့သည်။ သူတို့မှာ လုလျိုနှင့် ကျိုးချူးချင်ယု တို့ဖြစ်သည်။
လုလျို၏ မျက်လုံးရွဲကြီးများက ဇူယွမ်ကို စိုက်ကြည့်လိုက်ပြီး သူမ၏ သေးငယ်သော မျက်နှာလေးတွင် အံ့အားသင့်မှုများဖြင့် ပြည့်နေသည်။
“မင်းရော ဘယ်လိုလဲ”
ဇူယွမ်က ရယ်မောရင်း မေးလိုက်သည်။ ကျောက်တုံး စင်မြင့်ပေါ်တွင် လုလျိုက ကျူးယင်နှင့် တွေ့ဆုံခဲ့သည်။
လုလျိုက ဘဝင်မြင့်နေသော ဟန်ပန်ဖြင့် ပြန်လည်ဖြေခဲ့သည်။
“ဟမ့် သူမက ငါ့ကို ဘယ်လို ယှဉ်နိုင်မှာလဲ။ သူမကို ဖမ်းပြီး အရုပ်အစောင့် လုပ်ခိုင်းထားတယ်”
နံဘေးတွင် ရှိသော ကျိုးချူးချင်ယု၏ လှပသော မျက်လုံးများက ဇူယွမ်ကို စိတ်ဝင်စားခြင်း အပြည့်ဖြင့် ကြည့်ကာ ပြုံးလျက် …
“နင်အခု ကန်မင်တိုက်ကြီးရဲ့ နံပါတ်တစ် ပါရမီရှင်ဖြစ်ရတာ ဘာယ်လိုခံစားရလဲ”
ထန်ထန်ကို သယ်ဆောင်ထားသော ယောင်ယောင်၏ နှုတ်ခမ်းများက တွန့်ကွေးသွားပြီး ကျိုးချူးချင်ယုကို ကြည့်လိုက်သည်။
“ဒါဆို နင် ငါအစောပိုင်းက တောင်းဆိုထားတာကို စိတ်ဝင်စားပြီလား”
ကျိုးချူးချင်ယုက ယောင်ယောင်၏ ပြည့်စုံပြီး ပြစ်မျိုးမှဲ့မထင် လှပသော မျက်နှာလေးကို စိုက်ကြည့်လိုက်ပြီး ယောင်ယောင်၏ သေးကျဉ်သော ခါးလေးကို ဆွဲကိုင်လိုက်ပြီး …
“ငါသူ့ကို အခုနည်းနည်း စိတ်ဝင်စားနေပြီ ဒါပေမဲ့ နင့်ကို ပိုပြီး စိတ်ဝင်စားတယ်။ ငါတို့သုံးယောက် လက်ထပ်လိုက်ကြရင် ဘယ်လိုလဲ”
အမျိုးသမီးငယ် နှစ်ယောက် တစ်ယောက်က ပြည့်စုံသော အလှနှင့် အေးစက်ပြီး အရာအားလုံးကို အဖက်မတန်ဟန်နှင့် တည်ရှိသည်။ တခြားတစ်ယောက်က နှစ်သက်ကြည်နူးဖွယ် ကောင်းပြီး ညို့ယူဖမ်းစားနိုင်စွမ်း အပြည့်ရှိသည်။ သူတို့နှစ်ယောက်၏ မျက်နှာများသည် ဆန့်ကျင် နေကြသော်လည်းပဲ အချို့သော ပါရမီရှင်များ၏ တပ်မက်သော အကြည့်များက သူတို့နှစ်ယောက် ပေါ်တွင်သာ ဖြစ်သည်။
“ထွက်သွားတော့” ယောင်ယောင်က အမူအရာ ကင်းမဲ့စွာပဲ ကျိုးချူးချင်ယု၏ ခေါင်းကို တွန်းကာ သူမ၏ အဝေးသို့ တွန်းလွတ်လိုက်သည်။
သည်စကားလုံးများနှင့် ဆွဲဆောင်ခြင်းက တကယ်ကို မျက်နှာပြောင် တိုက်လွန်းပေသည်။
ဇူယွမ်က သူတို့နှစ်ယောက်နှင့် တော်တော်လေး နီးကပ်နေသည့် အတွက် ကျိုးချူးချင်ယု၏ စကားလုံးများကို ကြားနိုင်ပေသည်။ သူ၏ ခန္ဓာကိုယ်မှာ အလွန် ပူလောင်လာပြီး မိန်းမပျိုလေး နှစ်ယောက်၏ မျက်နှာကို အလိုအလျောက် ကြည့်မိလိုက်သည်။
ယောင်ယောင်က သူ၏အကြည့်ကို မြင်ချိန်တွင် သူမ၏ မျက်လုံးများက ကျဉ်းမြောင်းသွားပြီး သူ့ကို ကြည့်လာခဲ့သည်။
ဇူယွမ်က အေးစက်စက် ခံစားလိုက်ရပြီး သူ၏ အကြည့်တွေ ရုပ်သိမ်း လိုက်သည်။ သူမနှင့် ထပ်မံ၍ အကြည့်ချင်း မဆုံရဲတော့ပေ။
အဟမ်း …
သူတော်စင် အကြွင်းအကျန်ဒေသမှ ပါရမီရှင်များစွာ ထွက်လာပြီးချိန်တွင် ညင်သာသော ချောင်းဟန့်သံတစ်ခုက ဆူညံသံတွေ အားလုံးကို ဖုံးအုပ်ပြီး သည်ဧရိယာတစ်လျှောက် ပျံ့နှံသွားသည်။
နေရာတစ်ခုလုံး တိတ်ဆိတ်သွားသည်။
ပါရမီရှင်တိုင်းက အဝေးမှာ ရှိနေသော မူလချီတိမ်တိုက် ခြောက်ခုကို ကြည့်လိုက်ကြသည်။ ပုံရိပ်ခြောက်ခုက တိမ်တိုက် တစ်ခုစီတွင် ရှိနေကြပြီး စွမ်းအားပြည့်ဝသော မူလချီဖိအားများက သူတို့ထံမှ ထွက်ပေါ်နေသည်။
တမန်တော် ခြောက်ယောက်။
သူတို့ရောက်ရှိ လာခြင်းကြောင့် ပါရမီရှင်များ၏ စိတ်လှုပ်ရှားမှုများက မြင့်တက်လာကြသည်။ သူတို့အားလုံးက သူတော်စင် အကြွင်းအကျန် ဒေသသို့ ဝင်ရောက်ပြီးချိန်တွင် တမန်တော် ခြောက်ယောက်က စတင်ပြီး ရွေးချယ်ကြမည်ကို သိပေသည်။ သူတို့၏ အသိအမှတ်ပြု ခံရသူများသည် ကလန်ခြောက်ခုတွင် လေ့ကျင့်ပေးခြင်း ခံရပေမည်။
သူတို့က ကန်ရွှမ်းကောင်းကင်ဒေသတွင် စွမ်းအား အကြီးဆုံးသော ကလန်များ ဖြစ်သည်။
သည်နေရာမှာ ရှိနေသော ပါရမီရှင်များအတွက် ထိုအရာက ငါးကြင်း တစ်ကောင်က နဂါးဂိတ်ကို ဖြတ်သန်းနိုင်ခြင်းပင် ဖြစ်သည်။