“ဒီစာလုံးက အံ့မခန်း ဖြစ်နေတာ အံ့ဩစရာ မဟုတ်ဘူးပဲ”
ခဏအကြာတွင် ဇူယွမ်က သတိပြန်ဝင်လာပြီး မှတ်ချက်ချသည်။
သည်သူတော်စင် စာလုံးက အမျိုးမျိုးသော မူလကျင့်စဉ်များ၏ အားနည်းချက်ကို ရှာဖွေနိုင်ပြီး ရန်သူ၏ ကျင့်စဉ်များကို အနည်းငယ်သော စွမ်းအားကိုသာ အသုံးပြုပြီး ချိုးဖျက်နိုင်ပေသည်။ သည်စွမ်းရည်က လှည့်စားနိုင်သည့် စွမ်းရည်တစ်ခု ဖြစ်သည်။
အစောပိုင်းဝူဟောင်နှင့် တိုက်ပွဲတွင် သူတော်စင်မှော်စာလုံး၏ စွမ်းအားကြောင့်သာ မဟုတ်ဖူးဆိုလျှင် ဇူယွမ်အနေဖြင့် အနိုင်ရရှိရန် အတွက် ပေးဆပ်မှုက ကြီးမားပေလိမ့်မည်။
ထိုစဉ် ဇူယွမ်က သူ၏ နှလုံးသားထဲမှ ကန်ရွှမ်းသူတော်စင် တံဆိပ်တော်၏ မူလဇာစ်မြစ်ကို ရုတ်တရက် နားလည် သွားတော့သည်။
“ဒီသူတော်စင်စာလုံးကို အနက်ဖော် မှော်စာလုံးလို့ ခေါ်ပြီး သူ့ရဲ့ စွမ်းရည်က အရာအားလုံးရဲ့ အားနည်းချက်ကို ရှာဖွေနိုင်တာပဲ။ ဒီစာလုံးက ကန်ရွှမ်းသူတော်စင် တံဆိပ်တော်ထဲကနေ ကွဲထွက်သွားတဲ့ တစ်ခုပဲ” မျိုးနွယ်စု ခေါင်းဆောင် ကန်ရွှမ်းက အနည်းငယ် ပြုံးပြီး ပြောလိုက်သည်။
“ကွဲထွက်သွားတဲ့ သူတော်စင်စာလုံး လေးခုထဲက တစ်ခုလား” ဇူယွမ်က သော့ချက်ကို လျင်မြန်စွာ နားလည် သွားသည်။
မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းက ခေါင်းညိတ်လိုက်ပြီး အသေးစိတ် ရှင်းပြခဲ့သည်။
“ငါတော်ဝင်မျိုးနွယ်ရဲ့ စွမ်းအားအပြည့်နဲ့ အလစ်တိုက်တာ ခံရတဲ့ အချိန်မှာ သူတို့က ငါထိန်းချုပ်နေတဲ့ ကန်ရွှမ်းသူတော်စင် တံဆိပ်တော်ကို ယူဖို့ ကြိုးစားခဲ့ကြတယ်။ ဒါပေမဲ့ သူတို့ ထင်မှတ် မထားတာက ငါ အဲဒီ အခြေအနေကို ခန့်မှန်းပြီးလို့ ကြိုတင် ပြင်ဆင်ထားတဲ့ အရာကိုပဲ။ ငါက တံဆိပ်တော်ရဲ့ အဓိက အစိတ်အပိုင်းကို ချိတ်ပိတ်လိုက်ပြီး နောက်ထပ် သူတော်စင်စာလုံး လေးခုအဖြစ် ခွဲထွက်စေကာ သူ့ရဲ့ စွမ်းအားကို အားနည်းစေပြီး တော်ဝင်ကလန် မရှာဖွေနိုင်အောင် တားဆီးခဲ့တယ်”
ဇူယွမ်က သူ၏ နှုတ်ခမ်းများကို လျှာဖြင့် သပ်လိုက်သည်။ ဒါဆို ဒီလျှို့ဝှက်နက်နဲတဲ့ သူတော်စင် စာလုံးတွေက စုစုပေါင်း လေးခုတောင် ရှိတာပေါ့။
အနက်ဖော် မူလစာလုံးမှာ တကယ့်ကို အံ့ဖွယ်ရာ ဖြစ်သည်။ ဇူယွမ်အနေဖြင့် ကျန်သော စာလုံးသုံးခု၏ စွမ်းအားမှာ မည်သို့ဖြစ်မည်ကို သိချင်လှပေသည်။
မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းက ပြုံးလျက် ဇူယွမ်ကို စိုက်ကြည့်နေရာမှ ရုတ်တရက် လေးနက်သော အသံဖြင့် ပြောလိုက်သည်။
“ကောင်ကလေး။ ငါမင်းရဲ့ ထူးခြားတဲ့ အရည်အသွေးနဲ့ မင်းမှာရှိနေတဲ့ အရေးကြီးတဲ့ တာဝန်တစ်ခုကို မြင်မိတယ်”
ဇူယွမ်က တစ်စုံတစ်ခု မှားယွင်း နေသည်ကို ခံစားမိလိုက်ပြီး …
“အကြီးအကဲက ကျွန်တော့်ကို ကန်ရွှမ်းသူတော်စင် တံဆိပ်တော်ကို ရှာဖွေခိုင်းဖို့ စဉ်းစား နေတာတော့ မဟုတ်ဘူးမလား”
“ဉာဏ်ကောင်းတဲ့ ကောင်လေး” မျိုးနွယ်စု ခေါင်းဆောင် ကန်ရွှမ်းက ချီးမွမ်းလိုက်သည်။
ဇူယွမ်က ချက်ချင်းပင် ခေါင်းခါယမ်း လိုက်သည်။
“အကြီးအကဲက ကျွန်တော်ကို အမြင့်ကြီး တွေးထားတာပဲ ကျွန်တော်က ကောင်းကင်ဘုံ တံခါးအဆင့် ကျင့်ကြံမှုသာ ရှိပါသေးတယ်။ အလွန်တန်ဖိုး ရှိနေတဲ့ ရတနာတွေကို ထိတွေ့ဖို့ ဘယ်လို အရည်အချင်း ပြည့်မီမှာလဲ”
သူ့အနေဖြင့် ဦးနှောက် မပျက်စီးသေးပေ။ အသေအချာကိုပင် ကန်ရွှမ်းသူတော်စင် တံဆိပ်တော်မှာ ပြိုင်ဘက်ကင်း ရတနာတစ်ခု ဖြစ်သော်လည်း ထိုအရာမှာ အလွန်ပူသော အားလူချိုတစ်လုံး ဖြစ်သည်ကို သူသိပေသည်။ တော်ဝင်မျိုးနွယ်၏ မြင့်မြတ်သော နန်းတော် တစ်ခုတည်းကပင် စိတ်ကူးကြည့်ရန် မဖြစ်နိုင်သော ဧရာမ သတ္တဝါကြီးပင်ဖြစ်သည်။
ကန်ရွှမ်းသူတော်စင် တံဆိပ်တော်သာ သူ၏ လက်ထဲတွင် ရှိသည်ဟု မြင့်မြတ်သော ကလန်က ရှာဖွေတွေ့ရှိ သွားပါက ကျရောက်လာမည့် ဘေးအန္တရယ်များက သူ့ကိုယ်ပိုင် အစွမ်းအစနှင့် စွမ်းဆောင်နိုင်သည်ထက် ကျော်လွန်ပေသည်။
”ရည်မှန်းချက် မရှိတဲ့ ခွေးလေး”
မျိုးနွယ်စု ခေါင်းဆောင် ကန်ရွမ်းက ဇူယွမ်ကို စိန်းစိန်းဝါးဝါး ကြည့်လိုက်သည်။ သူ့အနေဖြင့် ဇူယွမ်သူ့ကို ငြင်းဆိုနေသည်ကို အနည်းငယ် အံ့ဩမိပေသည်။ တကယ်တော့ ပုံမှန်လူတစ်ယောက် ဆိုလျှင် အဆုံးမဲ့သော ရတနာကို ရရှိမည့် အခွင့်အရေး ဆိုပါက မည်သူမှ လက်လွှတ်ခံမည် မဟုတ်ပေ။
သူက ဇူယွမ်၏တုံပြန်မှုကို အမှန်တကယ် လေးစားမိပေသည်။
“ခွေးကောင်လေး မင်းသူမကို မကာကွယ်ချင်ဘူးလား” မျိုးနွယ်စု ခေါင်းဆောင် ကန်ရွမ်းက နံဘေးရှိ ယောင်ယောင်ကို တစ်ချက်ကြည့်လိုက်သည်။
ဇူယွမ်က တုံ့ဆိုင်းခြင်း မရှိဘဲ ပြန်ဖြေခဲ့သည်။
“ဒါက ကျွန်တော် ဆရာ ကန်ယွမ် ကို ကတိပေးခဲ့တဲ့ ကိစ္စပဲ”
မျိုးနွယ်စု ခေါင်းဆောင် ကန်ရွှမ်းက အေးစက်စက် ရယ်မောလိုက်ပြီး …
“ဒါပေမဲ့ သူမက ဘယ်လို လူမျိုးလဲ ဆိုတာ မင်းမသိဖူးမလား။ မင်းသူရဲ့ ရန်သူတွေနဲ့ ရင်ဆိုင်ရဲလား။ မင်းသူမကို ကာကွယ်နိုင်မယ်လို့ တကယ် ထင်တယ်ပေါ့”
ဇူယွမ်က တည်ငြိမ်စွာပဲ ပြန်ဖြေခဲ့သည်။
“ငါသူမကို ကောင်းကောင်း ကာကွယ် စောင့်ရှောက်နိုင် မလားတော့ မသိဘူး။ ဒါပေမဲ့ သူမကို ကာကွယ်ဖို့ အတွက် ကျွန်တော့်ရဲ့ စွမ်းအားတွေ အကုန်လုံးကို အသုံးပြုသွားမှာပဲ။ ကျွန်တော် ဆရာ ကန်ယွမ်ကို ကတိပေးခဲ့တယ် တစ်စုံတစ်ယောက်က သူမကို နာကျင်အောင် လုပ်နိုင်ဖို့ ဆိုရင် သေဆုံးနေတဲ့ ကျွန်တော့်ရဲ့ အလောင်းကောင်ကို ကျော်ဖြတ် သွားနိုင်ဖို့ လိုတယ်”
တစ်ဖက်ရှိ ယောင်ယောင်၏ မျက်ဝန်းများမှာ တောက်ပလျက် ရှိသည်။ သူမက သူ့ကို တစ်ချက်မှ ကြည့်လိုက်ပြီး သူမ၏ နီရဲနေသော နှုတ်ခမ်းလေးကို မဲ့လိုက်ကာ …
“ပြီးခဲ့တဲ့ နှစ်နှစ်လုံးမှာ ငါကပဲ နင့်ကို ကာကွယ်ခဲ့ရတာမလား ဇူယွမ်”
သူမက ထိုသို့ ပြောလိုက်သော်လည်းပဲ သူမ၏ မျက်ဝန်းအိမ်ထဲတွင် ကျေနပ်မှု အရိပ်အယောင်များ ဖြစ်ပေါ်နေသည်။
ဇူယွမ်၏ မျက်နှာမှာ နီရဲသွားပြီး ရှင်းပြဖို့ ကြိုးစားသည်။
“ကျွန်တော်သန်မာမှု တိုးလာတဲ့ အချိန်ထိတော့ စောင့်ဦးလေ”
“ဒါက နည်းနည်း သဘောကျစရာပဲ”
မျိုးနွယ်စု ခေါင်းဆောင် ကန်ရွှမ်းက ရယ်မောလိုက်ပြီး ဆက်ပြောခဲ့သည်။
“ဒါပေမဲ့ ငါတစ်ခု ပြောနိုင်တာ ကတော့ ကန်ရွှမ်းသူတော်စင် ကုန်းမြေသာ မြင့်မြတ်သော နန်းတော် လက်ထဲ ကျရောက်သွားပြီး မြင့်မြတ်သော နန်းတော်ရဲ့ ဆရာသခင်သာ ကန်ရွှမ်းကောင်းကင် ဒေသရဲ့ အရှင်သခင် အသစ်ဖြစ်လာခဲ့မယ်ဆို သူရဲ့ အကြည့်တွေ အောက်က မင်းတို့ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ ဒီလိုသာဆို သူက ယောင်ယောင်ကို သူရှာတွေ့ သွားလိမ့်မယ်”
“ထပ်ပြီးတော့ ပြောရရင် မင်းက သူတော်စင်စာလုံးကို ရရှိခဲ့တဲ့ တစ်ယောက်ပဲ။ မြင့်မြတ်သော ကလန်ရဲ့ ဆရာသခင်က ကန်ရွှမ်း သူတော်စင် တံဆိပ်တော်ရဲ့ အဓိက အစိတ်အပိုင်းကို ပထမဦးဆုံး ရှာမှာပဲ။ သူသာ အဲဒီ တံဆိပ်တော်ကို ရှာဖွေတွေ့ရှိ သွားရင် တံဆိပ်တော်ရဲ့ စွမ်းအား အပြည့်အဝကို ပြန်ရရှိဖို့ သူတော်စင် စာလုံးလေးခုကို ဆက်ပြီးရှာလိမ့်မယ်”
“ဒါဆိုရင် မင်းက သူရဲ့ ပထမဦးဆုံးသော ပစ်မှတ် ဖြစ်လာလိမ့်မယ်”
ဇူယွမ်၏ အမူအရာမှာ သည်အခွင့် အရေးအတွက် ကူရာမဲ့စွာ ခံစားလိုက်ရသည်။ တကယ့်ကိုပင် သူတော်စင် စာလုံးက သူအတွက် ပူလောင်နေသည့် အားလူးချိုလေး တစ်လုံးပင် ဖြစ်သည်။
“အကြီးအကဲ ကန်ရွှမ်း သူတော်စင် တံဆိပ်တော်က ဘယ်သူမှ ရှာဖွေ မတွေ့နိုင်အောင် ချိတ်ပိတ် ထားနိုင်တယ်လို့ ပြောခဲ့တယ်မလား”
မျိုးနွယ်စု ခေါင်းဆောင် ကန်ရွှမ်းက ယောင်ယောင်လေး ပြုံးလိုက်ပြီး။
“ငါချိတ်တော့ ပိတ်ထားခဲ့တာပဲ ဒါပေမဲ့ မြင့်မြတ်သော နန်းတော်က အဲဒါကို ရှာဖွေနေတာ ရပ်မှာ မဟုတ်ဘူး။ မြင့်မြတ်သော နန်းတော်ကလန်ရဲ့ ဆရာသခင်ကလည်း အသုံးမကျတဲ့ လူတစ်ယောက် မဟုတ်ဘူး တံဆိပ်တော်ကို ရှာတွေ့ဖို့က သူ့အတွက် နောက်ကျတာနဲ့ စောတာပဲရှိမှာ”
ဇူယွမ်မှာ စကားမပြောနိုင် ဖြစ်သွားရသည်။
ဇူယွမ်၏ မျက်နှာပေါ်မှ နာကျင်မှုတို့ကို မြင်လိုက်တဲ့ အချိန်မှာ မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်း၏ လေသံမှာ နူးညံ့သွားပြီး …
“သို့သော်လည်း မင်းအခု ကန်ရွှမ်းသူတော်စင် တံဆိပ်တော်ကို ရှာဖွေဖို့ မလိုအပ်ပါဘူး။ မင်းပထမဦးဆုံး ကျန်တဲ့ သူတော်စင် စာလုံးတွေကို ရှာဖွေလိုက် ဒီလိုဆိုရင် ကန်ရွှမ်းသူတော်စင် တံဆိပ်တော်က မြင့်မြတ်သော နန်းတော်ရဲ့ လက်ထဲ ရောက်သွားရင်တောင်မှ မြင့်မြတ်သော နန်းတော်သခင်က ကန်ရွှမ်းကောင်းကင် ဒေသရဲ့ အရှင်သခင် ဖြစ်မလာနိုင်တော့ဘူး”
သူက ဇူယွမ်ကို လှမ်းကြည့်လိုက်ပြီး …
“မင်း သူတော်စင် စာလုံးသုံးခုကို စိတ်မဝင်စားဘူး ဆိုတာ ငါမယုံကြည်ဘူး”
ဇူယွမ်က နှုတ်ခမ်းများမှာ စိုစွတ်သွားသည်။ သူအနေဖြင့် စိတ်မဝင်စားဘူးဟု ပြောလျှင် လိမ်ရာကျပေမည်။ သူ့အနေဖြင့် အနက်ဖော် သူတော်စင် စာလုံး၏ စွမ်းရည်များကို တွေ့ကြုံခဲ့ရပြီး ဖြစ်သည်။ ပြီးတော့ အခြားသော မှော်စာလုံးသုံးခု၏ စွမ်းအားများ အပေါ်တွင်လည်း လောဘရှိပေသည်။
သို့သော်လည်း ကန်ရွှမ်း၏ စကားမှာလည်း မမှားပေ။ တော်ဝင်မျိုးနွယ်စုက ယောင်ယောင်အား ဖမ်းဆီးချင် နေပေသည်။ ပြီးတော့ တော်ဝင်မျိုးနွယ်၏နောက်လိုက် ခွေးဖြစ်သော မြင့်မြတ်သော နန်းတော်ကသာ ကန်ရွှမ်းသူတော်စင် တံဆိပ်တော်ကို ပိုင်ဆိုင်သွားပါက ယောင်ယောင်အတွက် ကြီးမားသော ပြသာနာ ဖြစ်လာပေလိမ့်မည်။
သူအနေဖြင့် မြင့်မြတ်သော နန်းတော်ကလန်နှင့် တုပြိုင်ရန် မသန်မာ သေးသော်လည်းပဲ သူတို့နှင့် ဆက်နွှယ်သည့် ပြသာနာများ ရှိနှင့် နေပြီဖြစ်သည်။ သူတို့သာ ကန်ရွှမ်းသူတော်စင် တံဆိပ်တော်ကို အပြည့်အစုံ ရရှိသွားပါက ပိုပြီး နောက်ကျသွားမည် ဖြစ်သည်။
ခဏမျှ စဉ်းစားပြီးနောက် ဇူယွမ်က မေးမြန်းလိုက်သည်။
“ဒါဆို ကျွန်တော် နောက်ထပ် သူတော်စင် မှော်စာလုံး သုံးခုကို ဘယ်မှာ သွားရှာရမလဲ”
သူ့အနေဖြင့် ကန်ရွှမ်းသူတော်စင် တံဆိပ်တော်ကို ရှာဖွေရန် အရည်အချင်း မပြည့်မီသော်လည်း သူအနေဖြင့် သူတော်စင် တံဆိပ်တော်မှ ခွဲထွက်လာသော သူတော်စင် မှော်စာလုံး လေးခုအား ရှာဖွေနိုင်ပေ သေးသည်။
ဇူယွမ်နောက်ဆုံးတွင် သူလိုသည့် လမ်းကြောင်းပေါ်တွင် ရောက်သွားသောအခါ မျိုးနွယ်စု ခေါင်းဆောင် ကန်ရွှမ်းက ရယ်မောလိုက်ပြီး …
“ဒုတိယမြောက် သူတော်စင်စာလုံးက ကန်ရွှမ်းကလန် ပါရမီရှင် တောင်ထွတ်မှာ ချိတ်ပိတ်ထားခဲ့တယ်”
”ကန်ရွှမ်းကလန် သူတော်စင် တောင်ထွတ်လား”
မျိုးနွာ်စုခေါင်းဆောင် ကန်ရွှမ်းက ခေါင်းညိတ်လိုက်ပြီး …
“ကန်ရွမ်းကလန်မှာ အားလုံးပေါင်း တောင်ထွတ် ခုနစ်ခုရှိတယ်။ တောင်ထွတ်တိုင်းက မရေမတွက်နိုင်တဲ့ တပည့်တွေရှိပြီး သူတို့ဆီမှာ ကိုယ်ပိုင် အလုပ်နဲ့ ကျင့်ကြံခြင်း နည်းစနစ်တွေ ရှိတယ်။ သူတော်စင် ပါရမီရှင်တောင်ထွတ်က ငါသီးခြား နေထိုင်ခဲ့တဲ့ နေရာပဲ”
ဇူယွမ်က …
“ဆိုလိုတာက ကျွန်တော် ဒုတိယမြောက် သူတော်စင်စာလုံးကို ရရှိဖို့ အတွက် ကန်ရွှမ်းကလန်ကို ဝင်ရမှာလား”
မျိုးနွယ်စု ခေါင်းဆောင် ကန်ရွှမ်းက ပြုံးလိုက်ပြီး …
“ဘာလို့လဲ မင်းဘာတွေ တွေးပူနေတာလဲ။ ငါရဲ့ ကန်ရွှမ်းကလန်က အတိတ်တုန်း ကလောက် စွမ်းအား မရှိတော့ပေမဲ့ ကန်ရွှမ်းကောင်းကင် ဒေသမှာတော့ စွမ်းအား အကောင်းဆုံး ကလန်အဖြစ် ရှိနေပါသေးတယ်”
ဇူယွမ်က ရယ်မော လိုက်သည်။ သူ့အနေဖြင့်လည်း ကန်ရွှမ်းကလန်သို့ ဝင်ရောက်ရန်မှာ ကျေနပ်ဖွယ် ကောင်းသော ကိစ္စရပ်ဖြစ်သည်။ ထိုသို့ ဆိုလျှင် သူ့အနေဖြင့် သူ၏ ကိစ္စများ ဆောင်ရွက်ရန် စွမ်းအား ပြည့်ဝသော အကာအကွယ် တစ်ခု ရရှိမည် ဖြစ်သည်။ သူတွင် နောက်ခံမရှိပါက သူ့အနေဖြင့် မြင့်မြတ်သော ကလန်၏ အလိုဆန္ဒကို လိုက်လျော ရပေလိမ့်မည်။
“သူတော်စင် ပါရမီရှင် တောင်ထွတ်မှာ ငါမသေဆုံးခင် ချိတ်ပိတ် ထားခဲ့ပြီး ဘယ်သူမှ မဝင်ရောက်နိုင်အောင် ပြုလုပ်ထားခဲ့တယ်။ မင်းတို့ နှစ်ယောက် ကန်ရွှမ်းကလန်ကို ဝင်ရောက်ပြီးတာနဲ့ တောင်ထွတ် ရွေးချယ်မှု အခမ်းအနားမှာ ငါ့ရဲ့တံဆိပ်တော်ကို အသုံးပြုပြီးတော့ သူတော်စင်ပါရမီရှင် တောင်ထွတ်ကို ဝင်ရောက်ဖို့ ချိတ်ပိတ်ထားတာကို ချိုးဖြတ်ပြီး တောင်ထွတ်ကို ဖွင့်လှစ်လိုက်”
“ဘယ်လောက်တောင် စိတ်အနှောင့်မယှက် ဖြစ်စရာ ကောင်းလဲ …”
ဇူယွမ်၏ နှုတ်ခမ်းထောင့်စွန်းမှာ တွန့်ကွေးသွားပြီး …
“လူအိုကြီး ခင်များက ကန်ရွှမ်းကလန်ရဲ့ တည်ထောင်သူမလား။ ငါတို့က မင်းရဲ့ တံဆိပ်တော်ကို ယူသွားပြီးတော့ ကလန် ခေါင်းဆောင်ကို ပြပြီး သူတော်စင်ပါရမီရှင် တောင်ထွတ်မှာ သူတော်စင် စာလုံးကို တစ်ခါတည်း သွားရှာလို့ မရဖူးလား”
“မရဘူး” မျိုးနွယ်စု ခေါင်းဆောင် ကန်ရွှမ်းက ဖြည်းညင်းစွာ ပြောခဲ့သည်။
“သူတော်စင်စာလုံးတွေရဲ့ လျှို့ဝှက်ချက်က အရေးကြီးတယ်။ ပြီးတော့ ကန်ရွှမ်းကလန်က တစ်ယောက်မှ အဲဒီ အကြောင်းကို မသိဘူး။ ဒါကြောင့် မင်းတို့ ဒါကို ထုတ်ဖော်ပြောလို့ မရဘူး”
“ထို့အပြင် …”
မျိုးနွယ်စု ခေါင်းဆောင် ကန်ရွှမ်းက တိတ်ဆိတ်သွားပြီး နောက် သူက ပြောခဲ့သည်။
“ငါရဲ့ သေဆုံးခြင်းမှာ ဘယ်သူတွေ ပါဝင်လဲ သံသယဖြစ်မိတယ် ဘာလို့လဲ ဆိုတော့ အပြင်လူတွေ …”
ဇူယွမ်၏ မျက်လုံးများမှာ ကျဉ်းမြောင်း သွားခဲ့သည်။ ကန်ရွှမ်း ကလန်ထဲမှာ သူလျှို ရှိနိုင်တာလား။
“ဘယ်လောက် အန္တရာယ် များလိုက်လဲ”
ဇူယွမ်၏ မျက်နှာတွင် နာကျင်မှုများဖြင့် ပြည့်နှက် နေသည်။ သူက မျိုးနွယ်စု ခေါင်းဆောင် ကန်ရွှမ်းကို စိုက်ကြည့်ကာ တစ်စုံတစ်ခုကို သတိပေးလိုဟန်ဖြင့် စောင်းပါးရိပ်ခြေ ပြောဆိုသည်။
“အကြီးအကဲ၊ မင်းပေးတဲ့ တာဝန်တွေက အားလုံး မလွယ်ကူဘူး။ ပြောရရင် မင်းရဲ့ မြင်းကို မြန်မြန် ပြေးစေချင်ရင် အစားကောင်းကောင်း ကျွေးဖို့ လိုအပ်တယ် မလား”
ထိုတောင်းဆိုချက်ကို ကြားတဲ့အချိန်မှာ မျိုးနွယ်စု ခေါင်းဆောင်က အကူအညီမဲ့စွာ အော်ရယ်လိုက်ပြီး စိတ်တိုဟန်ဖြင့် ပြောလိုက်သည်။
“စိတ်မပူပါနဲ့။ မင်းက ငတ်ပြီး မသေပါဘူး”
သူ၏ လက်ကို ဆန့်တန်း လိုက်သည်နှင့် အလင်းရောင် လှိုင်းများက သူ၏လက်ဖျားတွင် စုဝေးလာပြီး ရွှေရောင် ရေစက်အသွင် ဖြစ်တည်လာသည်။
ထိုအရာက ရွှေရောင် သွေးတစ်စက်ပင် ဖြစ်သည်။
ရွှေရောင်သွေးစက် ပေါ်လာသည်နှင့် အဆုံးအစမဲ့သော မူလချီများလည်း စတင်ပြီး ထွက်ပေါ်လာခဲ့သည်။
“ဘာများလဲ” ဇူယွမ်၏ မျက်လုံးများသည် ရွှေရောင် သွေးစက်ကို မျက်စိမခွာတန်း စိုက်ကြည့်နေပြီး သူ၏ တံတွေးများကို မျိုချလိုက်သည်။
မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းက ညင်သာစွာ ရယ်မောလိုက်သည်။
“ဒါက မင်းတို့အားလုံး သူတော်စင် အကြွင်းအကျန် ဒေသကို ဝင်လာကတည်းက ရရှိဖို့ အိပ်မက်မက်နေတဲ့ ငါ့ရဲ့ သူတော်စင် သွေးစက်ပဲ”