လီချန်ရှို့၏အမြင်၌ သွေးခြင်များ၏ ထိန်းချုပ်မှုကိုခံထားရသော ကောင်းကင်နတ်မင်းအဆင့် ထိုတာအိုရသေ့အိုကြီးသည် အတော်အတန် သတိရှိ၏။
ထိုကောင်းကင်နတ်မင်းအိုကြီးသည် မြေပြင်ပေါ်တွင် အတုမဲ့နတ်ဝိဇ္ဇာအဆင့်ရှိသူ နှစ်ဦးသာထွက်၍ သူ့ကိုတိုက်ရန်စောင့်နေသည်ကို မြင်လိုက်သောအခါ မိစ္ဆာဂဠုန်ကိုသာ အရင်တိုက်ခိုက်စေလိုက်၏။ အောက်ရှိငါးဦးနှင့် မိစ္ဆာဂဠုန်တို့ တစ်ပြိုင်တည်း အဆိပ်မိ၍ မေ့မြောသွားသည်ကို တွေ့လိုက်သောအခါတွင်လည်း သူသည် ဓမ္မရတနာများကိုသုံး၍ မိမိကိုယ်ကို ကာကွယ်ခဲ့သလို အောက်ရှိလူများကိုလည်း အဝေးမှနေ၍သာ ထပ်မံတိုက်ခိုက်ခဲ့သည်။ သူသည် မိမိဘက်မှဖြစ်သော မိစ္ဆာဂဠုန်ကိုပါ သတ်မိသွားနိုင်သည်ကို မစိုးရိမ်ဘဲ တံဆိပ်တော်ကြီးနှင့် တိုက်ခိုက်ခဲ့၏။
သို့သော် ကံဆိုးစွာပင် ထိုတာအိုရသေ့အိုကြီးသည် လုံလောက်အောင် သတိမကြီးသေး၊ မတည်ငြိမ်သေးပေ။
အကယ်၍ ထိုတာအိုရသေ့အိုကြီးသည် လေထဲတွင်သာ ဆက်နေပြီး လီချန်ရှို့နောက်သို့လိုက်မလာခဲ့လျှင် လီချန်ရှို့တွင် အလစ်တိုက်ခိုက်ရန် အခွင့်အရေးရှိမည်မဟုတ်ပေ။ ထိုအခါ လီချန်ရှို့သည် သူ၏ ခန္ဓာကိုယ်အစစ်ကို သုံး၍ ထိုရသေ့အိုကြီးကို အလျင်အမြန် ဇီဝိန်ခြွေရတော့မည် ဖြစ်သည်။
သို့သော် ထိုရသေ့အိုကြီးသည် အနည်းငယ်မျှားလိုက်ရုံဖြင့် ကောင်းကင်ပေါ်မှ ဆင်းလာလေတော့သည်။ သူသည် မရင်းနှီးသော နေရာသို့ စွတ်၍ မဝင်သင့်ဟူသော သဘောတရားကို ဖောက်ဖျက်ကာ တောအုပ်အတွင်းသို့ဝင်ကာ ‘နတ်ဘုရား’ စက္ကူကိုယ်ပွား(၁)၏ အနောက်သို့ လိုက်လာလေသည်။
ထို့ကြောင့် ရှေ့တွင် သတိကြီးကြီးထားခဲ့သမျှ သဲထဲရေသွန်ဖြစ်သွားလေ၏။ သူသည် သတိကြီးသည့်သူတစ်ယောက်ဖြစ်သော်လည်း ခြေတစ်လှမ်းမှားခဲ့ပေပြီ။ သူသည် စိတ်လှုပ်ရှားသွားသဖြင့် လုံလုံလောက်လောက် ဂရုမစိုက်နိုင်တော့ပေ။
တောအုပ်ထဲ သစ်ပင် ပင်စည်အတွင်း၌ ရှိနေသော စက္ကူရုပ်သုံးရုပ်သည် တိတ်တဆိတ်စောင့်ဆိုင်းနေသည်မှာ ကြာပြီဖြစ်သည်။ သူတို့သည် အချိန်မရွေးတိုက်ခိုက်နိုင်ရန် အသင့်ပြင်ထားကြသည်။
လီချန်ရှို့သည် အနီးရှိ စက္ကူရုပ် လေးရုပ်ကို တစ်ပြိုင်တည်း ထိန်းချုပ်နေရသဖြင့် သူ၏စိတ်သည် ဟိုဟိုသည်သည် ပြေးလွှားလှုပ်ရှားနေပေ၏။ ကောင်းကင်နတ်မင်းအိုကြီးသည် စက္ကူရုပ်များပုန်းနေသော နေရာအနီးသို့ ရောက်လာသောအခါ အန္တရာယ်ကို အာရုံခံမိလိုက်၏။ သူ၏ မျက်ဝန်းများထဲ တွန့်ဆုတ်သည့် အရိပ်အယောင်များနှင့် ပြည့်နှက်သွားလေတော့သည်။
သူ၏ရှေ့တွင် ‘နတ်ဘုရား’ စက္ကူကိုယ်ပွား(၁)သည် တောအုပ်အတွင်း၌ပျံသန်းရင်း သွေးအန်နေလေသည်။ ထိုစက္ကူကိုယ်ပွား၏ ကိုယ်ယောင်ကိုယ်ဝါသည် ပရမ်းပတာဖြစ်နေပြီး ဆက်မပြေးနိုင်တော့ဟန်ရှိနေ၏။
ထို့ကြောင့် ကောင်းကင်နတ်မင်းအိုကြီးသည် များစွာတွေးတောမနေတော့ဘဲ စက္ကူရုပ်များ ပုန်းအောင်းနေသောနေရာ အစွန်းသို့ ပြေးလိုက်သွားလိုက်တော့သည်။
သို့သော် လီချန်ရှို့သည် စိတ်မလှုပ်ရှားသွားပေ။ သူသည် မတိုက်ခိုက်လိုက်သေးဘဲ အကောင်းဆုံး အခွင့်အရေးကို စောင့်ဆိုင်းနေလိုက်သည်။ သူသည် အခွင့်အရေးကောင်းကို စောင့်ဆိုင်းနိုင်ရုံသာမက မိမိဘာသာလည်း ဖန်တီးနိုင်၏။
လီချန်ရှို့သည် အခြေအနေကို ထိန်းချုပ်ထားသူမှာ သူသာ ဖြစ်လိုသည်။
‘နတ်ဘုရား’ စက္ကူကိုယ်ပွား(၁)သည် ရှေ့သို့ (၁၀)ကျန့်ကျော် ဆက်ပျံသန်းသွားလိုက်၏။ ရုတ်တရက် ထိုစက္ကူကိုယ်ပွားသည် နောက်သို့လှည့်၍ ပြတ်သားသော မျက်နှာထားဖြင့် ကြည့်လိုက်လေသည်။ သူသည် မြင်းမြီးနှင်တံကို ရွယ်၍ နောက်မှလိုက်လာသော ကောင်းကင်နတ်မင်းအိုကြီးဆီသို့ ပြေးဝင်သွားလိုက်၏။ သူသည် အသက်ကိုရင်း၍ အစွမ်းကုန်တိုက်ခိုက်တော့မည်ဟု ထင်ရပေသည်။
ကောင်းကင်နတ်မင်းအိုကြီးသည် အေးစက်စက်ပြုံးလိုက်ပြီး သူ၏ ခေါင်းပေါ်ရှိ အဆိပ်ပယ်ပုလဲသည်လည်း အရောင်လက်သွား၏။ သူသည် လက်တစ်ဖက်ဖြင့် ရတနာတံဆိပ်တော်ကို ထုတ်လိုက်ပြီး ကျန်လက်ဖြင့် နတ်ရတနာတစ်ပါးဖြစ်သော ဓားကိုမြှောက်လိုက်သည်။ ထို့နောက် ဓားဖြင့်ပိုင်းချလိုက်ရာ (၁၀)ကျန့်ရှည်သော ထက်ရှသည့် ဓားအလင်းတန်း ဖြာထွက်သွားလေတော့သည်။
ဤတိုက်ပွဲကို အမြန်လက်စသတ်ရန် လီချန်ရှို့သည် အနည်းငယ် စတေးရန် ဆုံးဖြတ်ပြီးသားဖြစ်သည်။ သူသည် စက္ကူကိုယ်ပွားကို ရင်း၍ ကောင်းကင်နတ်မင်းအိုကြီးကို သတ်မည်ဖြစ်သည်။
‘ အင်း… ‘နတ်ဘုရား’ စက္ကူကိုယ်ပွားကို သုံးပြီး ကောင်းကင်နတ်မင်းတစ်ပါးကို သတ်ရတာက အဆိပ်ကိုသုံးပြီး သတ်တာနဲ့ယှဉ်ရင် ဆုံးရှုံးမှုတစ်ခုပဲ ’
‘နတ်ဘုရား’ စက္ကူကိုယ်ပွား(၁)သည် ရှေ့သို့တရှိန်တိုးပြေးလာပြီး ဓားအလင်းတန်းကို ပွတ်ကာသီကာ ရှောင်လိုက်သည်။ သို့သော် သူသည် ကောင်းကင်ပေါ်မှကျလာသော တံဆိပ်တော်ကို ဂရုမထားမိလိုက်ပေ။
ကောင်းကင်နတ်မင်းအိုကြီးသည် တံဆိပ်တော်က ရန်သူအား ထိမှန်တော့မည်ကို တွေ့လိုက်ရသောအခါ နှုတ်ခမ်းထောင့်စွန်းနှစ်ခုသည် အေးစက်စက်အပြုံးတစ်စအဖြစ် တွန့်တက်သွား၏။ သို့သော် စိမ်းပုပ်ပုပ် လှိုင်းများသည် သူ၏ ပတ်လည်တွင် ပေါ်လာလေသည်။
အလစ်တိုက်ခံရပေပြီ။
ကောင်းကင်နတ်မင်းအိုကြီးသည် အတန်ငယ် တုန်လှုပ်သွား၏။ သို့သော် သူသည် ပြန်၍ မတုံ့ပြန်နိုင်တော့ပေ။ သူ့အား စိမ်းပုပ်ပုပ် လှိုင်းများက ရစ်သိုင်းထားပြီဖြစ်သည်။ သူ၏ မူလဝိညာဉ်အား မန္တန်အစီအရင်က ထိန်းချုပ်ထားသဖြင့် သူ၏နတ်ခန္ဓာသည်လည်း တစ်လက်မမျှ မရွေ့နိုင်တော့ချေ။
ယင်းကား ရေစိမ်းလှောင်ချိုင့်ဟု ခေါ်သော ထောင်ချောက်မန္တန်အစီအရင်ပင်။ ယင်းမန္တန်အစီအရင်သည် ခဏသာ ခံပေမည်။ ထိုအိတ်ဆောင် မန္တန်အစီအရင်၏ အောက်ခြေတွင် စိတ်တန်ခိုး များများစားစားမရှိပေ။
ကျန့်(၁၀၀)အကွာရှိ သစ်ပင် ပင်စည်အတွင်းမှနေ၍လည်း ဓမ္မအဆောင် အိတ်ဆောင်မန္တန်အစီအရင်ပြား နှစ်ချပ်ကို ပစ်လွှတ်လိုက်၏။ အိတ်ဆောင်မန္တန်အစီအရင်ပြားနှစ်ခုသည် ရုတ်ခြည်း ပြောင်းလဲသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် မန္တန်အစီအရင်နှစ်ခု ပေါ်လာလေတော့သည်။
မန္တန်အစီအရင်သုံးခုသည် တစ်ခုနှင့်တစ်ခု ထပ်သွားပြီး ဆက်စပ်သွားလေသည်။
ထိုကဲ့သို့ သတ်ဖြတ်မန္တန်အစီအရင်အသေးစားမျိုးကို တခဏသာ အသုံးပြုနိုင်၏။ ထိုမန္တန်အစီအရင်တစ်ခုကို အသုံးပြုတိုင်း ခက်ခဲသော ထိန်းညှိမှုတစ်ရာကျော်လောက်ကို လုပ်ရ၏။ လီချန်ရှို့သည် ထိုမန္တန်အစီအရင်နှစ်ခုကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။
တောအုပ်ထဲတွင် အဖြူရောင်အလင်းများ ဝင်းလက်တောက်ပသွားသည်။
မရေမတွက်နိုင်လောက်အောင်များပြားသော ဓားများသည် မန္တန်အစီအရင်အတွင်းမှ ထွက်လာကြပြီး ကောင်းကင်နတ်မင်းအိုကြီးဆီ သွားရောက်စိုက်လေ၏။
ကောင်းကင်နတ်မင်းအိုကြီး၏ ခြေထောက်အောက်မှနေ၍လည်း မည်းနက်သောနွံအိုင်တစ်ခု ထူးဆန်းစွာပေါ်လာ၏။ သူ၏ ခေါင်းပေါ်ရှိ အစိမ်းရောင်ပုလဲသည်လည်း တောက်ပလာလေတော့သည်။
ကောင်းကင်နတ်မင်းအိုကြီး၏ မျက်နှာပေါ်တွင် စိုးရိမ်ထိတ်လန့်မှုများ လွှမ်းမိုးထားလေသည်။ သူသည် ခန္ဓာကိုယ်ကို နတ်တန်ခိုးများဖြင့် လွှမ်းခြုံ၍ ပတ်ပတ်လည်မှ တိုက်ခိုက်နေမှုများကို တောင့်ခံရန် ကြိုးစားလိုက်သည်။
သို့သော် သတ်ဖြတ်မန္တန်အစီအရင်၏ ပထမဆုံးတိုက်ကွက်သည် သူ့ကို ဒဏ်ရာများစွာ ရစေခဲ့ပြီဖြစ်သည်။ ကောင်းကင်နတ်မင်းအိုကြီး၏ နတ်တန်ခိုးများနှင့် ကိုယ်ပေါ်တွင် ဝတ်ဆင်ထားသော နတ်ရတနာဖြစ်သည့် ဝတ်စုံသည်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် အဖြူရောင် အလင်းတန်းများကြောင့် ပျက်ဆီးသွားလေသည်။
ချက်ချင်းပင် နေရာအနှံ့သို့ သွေးများ လွင့်စင်သွား၏။
အဖြူရောင်အလင်းတန်းများ ပြန်ပျောက်သွားချိန်တွင် ကောင်းကင်နတ်မင်းအိုကြီး၏ ခန္ဓာကိုယ်၌ ဒဏ်ရာများ ပြည့်နှက်နေပေပြီ။ သူသည် ပြင်းထန်စွာဒဏ်ရာရထားသဖြင့် အသက်မျှင်းမျှင်းသာ ရှူနိုင်တော့သည်။
ရုတ်တရက်ကြီး ကောင်းကင်နတ်မင်းအိုကြီး၏ မျက်ခုံးနှစ်ခုအကြားမှနေ၍ ထူးဆန်းသည့် တာအိုသင်္ကေတများထွက်ပေါ်လာပြီး တစ်ကိုယ်လုံးကို လွှမ်းခြုံသွားလေသည်။ သူ၏ အကြည့်များသည်လည်း အေးစက်စက်ဖြစ်သွားပြီး ကြမ်းကြုတ်လာလေ၏။
လီချန်ရှို့သည် ထိုအခြင်းအရာကို မြင်သောအခါ အံ့အားသင့်သွား၏။
‘ အရှင်မဝမ်လား ’
သူမပင် ဖြစ်ရမည်။
သို့ရာတွင် သူသည် ဤအခြေအနေကိုလည်း ကြိုတွက်ထားပြီးဖြစ်သည်။
လီချန်ရှို့သည် တစိုးတစိမျှ မတုန်လှုပ်သွားခဲ့ပေ။ သူသည် သူ၏ အစီအစဉ်အတိုင်း ဆက်လုပ်လိုက်သည်။ သစ်ပင် ပင်စည်အတွင်းမှနေ၍ စက္ကူရုပ်သုံးရုပ်ထွက်လာ၏။ ထောင်ချောက်မန္တန်အစီအရင်ကို အသုံးပြု၍ရနေဆဲတွင် ၎င်းတို့သည် အပြင်းအထန်ဒဏ်ရာရထားသော ကောင်းကင်နတ်မင်းအိုကြီးဆီသို့ ပြေးသွားလိုက်ကြသည်။
‘ မင်းဘာမင်း အာကာသနတ်မင်း နောက်ဆုံးအဆင့်မှာ ရှိနေတဲ့သူပဲဖြစ်ဖြစ်၊ အာဒိကပ္ပလောကရဲ့ ကြမ်းကြုတ်ရက်စက်တဲ့သူပဲဖြစ်ဖြစ် မင်းရဲ့ စိတ်တန်ခိုးနည်းနည်းပါတဲ့ ဒီတာအိုရသေ့အိုကြီးကိုသတ်လိုက်ရင် မင်းဘာတတ်နိုင်မှာလဲ။ ကောက်ရိုးမပါဘဲ အုတ်လုပ်လို့မရပါဘူးကွ ’
ထိုအခိုက်တွင် မြေအောက်ရှိ လင်းအယ်၏အနီရောင်ဆံထိုးလေးသည် အရောင်လင်းလက်လာပြီး အတွင်းမှတစ်ခုခု ထွက်လာတော့မယောင် ရှိနေလေသည်။
ထိုအနီရောင်ဆံထိုးလေးသည် လွန်ခဲ့သည့် နှစ်လက လီချန်ရှို့ကိုယ်တိုင်ပြုလုပ်ထားသော ဓမ္မရတနာတစ်ခုဖြစ်သည်။ လင်းအယ်သည် ထိုဆံထိုးလေးကို လွန်စွာသဘောကျ၍ သူက လက်ဆောင်အဖြစ်ပေးလိုက်ရာ သူမသည် အိပ်နေစဉ်မှာပင် မချွတ်တန်းဝတ်ထားလေတော့သည်။
တောအုပ်အတွင်း မန္တန်အစီအရင်သုံးခုသည် ဆက်စပ်အလုပ်,လုပ်နေပေရာ ကောင်းကင်နတ်မင်းအိုကြီး၏ ခန္ဓာကိုယ်ကိုလွှမ်းခြုံထားသော တာအိုသင်္ကေတများသည် ပို၍ ထင်ရှားလာလေ၏။ သူ၏ခန္ဓာကိုယ်မှနေ၍ စွမ်းအားကြီးဖိအားများကို ထုတ်လွှတ်ပေးသည့် သွေးရောင်အလင်းများ ထွက်ပေါ်လာ၏။
သို့သော်…
ဖုန်း…
ဘေးမှနေ၍ သွေးရောင်လွှမ်းနေသော လက်ဝါးရိုက်ချက်တစ်ချက်ဖြင့် တိုက်ခိုက်လိုက်လေသည်။ လက်ဝါးပေါ်ရှိ သင်္ကေတများသည်လည်း သွေးရောင်တောက်ပလာပေသည်။ ထိုလက်ဝါးသည် ကောင်းကင်နတ်မင်းအိုကြီး၏ ခေါင်းပေါ်ရှိ အဆိပ်ပယ်ပုလဲလုံးကို တိုက်ခိုက်လိုက်၏။
အဆိပ်ပယ်ပုလဲလုံးသည် အဝေးသို့လွင့်သွားလေသည်။
ပုလဲလုံး၏ ကာကွယ်ပေးမှုမရှိတော့သောအခါ အောက်ရှိ မည်းနက်သောနွံသည် ၎င်း၏ အစွမ်းကို ချက်ချင်းပြလိုက်ပြီး ကောင်းကင်နတ်မင်းအိုကြီး၏ ခြေထောက်များကို အရည်ဖျော်ပစ်လိုက်တော့သည်။
အနောက်ကျွန်းတွင် ကုတင်တစ်လုံးပေါ်၌ လှဲနေသော အရှင်မဝမ်ကျင်းသည် အတန်ငယ် မျက်မှောင်ကြုတ်လိုက်၏။
လီချန်ရှို့ ခန့်မှန်းထားသကဲ့သို့ပင် သူမသည် ဝေးလွန်းနေသဖြင့် စိတ်တန်ခိုးအနည်းငယ်ကိုသာ ပို့လွှတ်နိုင်ပေသည်။
သို့သော် သူမ အမှန်ပင် ရှုံးသွားပေပြီလော…
အရှင်မဝမ်ကျင်းသည် သူမ၏ စိတ်တန်ခိုးများကို ပြန်ရုတ်သိမ်းရန်ပြင်လိုက်စဉ်မှာပင် ရုပ်ရည်မတူသော လူသုံးယောက်သည် ကောင်းကင်နတ်မင်းအိုကြီး၏ ဘေးသို့ရောက်ရှိလာကြပြီး သင့်တော်သော အနေအထားတွင် ရပ်နေလိုက်ကြ၏။
သူတို့သည် တစ်ပြိုင်တည်း လှုပ်ရှားလိုက်ကြပြီး လက်ယာလက်ကို မြှောက်လိုက်ကြကာ လက်ချောင်းနှစ်ချောင်းထောင်လိုက်ကြပြီး လက်ဝဲဘက် လက်ကောက်ဝတ်တွင် ကပ်လိုက်ကြ၏။ ထို့နောက် လက်ဝဲလက်ဖဝါးကို ရှေ့သို့တွန်းလိုက်လေသည်။ သူတို့၏ လက်ဖဝါးများပေါ်တွင် မီးတောက်ပုံစံ သင်္ကေတများရှိ၏။ ထိုသင်္ကေတများသည် တချိန်တည်းမှာပင် မီးတောက်များအဖြစ် ပြောင်းလဲသွား၏။
သမာဓိမီးတောက်များသည် အစွမ်းအပြည့်ဖြင့် ပြေးထွက်သွားလေတော့သည်။ ဒဏ်ရာပြင်းထန်စွာရထားသော ကောင်းကင်နတ်မင်းအိုကြီး၏ ခန္ဓာကိုယ်ကို မီးတောက်များ လွှမ်းခြုံသွားလေ၏။ သူ၏ခန္ဓာကိုယ်သည် မျက်စိတစ်မှိတ်အတွင်းမှာပင် ပုံပျက်ပန်းပျက်ဖြစ်သွားသည်အထိ လောင်ကျွမ်းခံလိုက်ရလေသည်။
လီချန်ရှို့ခေါင်းထဲတွင် ရုတ်တရက် အတွေးတစ်ခုပေါ်လာ၏။
ကောင်းကင်နတ်မင်းအိုကြီးကို မျက်နှာချင်းဆိုင်နေသော တာအိုရသေ့အိုကြီးအသွင်ယူထားသည့် ‘နတ်ဘုရား’ စက္ကူကိုယ်ပွား(၁)သည် အေးစက်စက်ပြောလိုက်၏။
“ ဟင်း… မင်းက ဘာမိစ္ဆာလည်းဆိုတာ ငါ ဂရုမစိုက်ဘူး။ ဒီနေ့ မင်းငါ့လက်ထဲမှာ သေရတော့မှာပဲ ”
စက္ကူရုပ် သုံးရုပ်အတွင်းရှိ နတ်တန်ခိုးများသည် သမာဓိမီးတောက်အဖြစ်ပြောင်းလဲကာ ကောင်းကင်နတ်မင်းအိုကြီးကို မီးမြှိုက်နေလေသည်။ အရှင်မဝမ်ကျင်း၏ စိတ်တန်ခိုးကြောင့် လီချန်ရှို့သည် အဆင့်ကျော်လိုက်၍ရ၏။ သမာဓိမီးတောက်များသည် ကောင်းကင်နတ်မင်းအိုကြီး၏ မူလဝိညာဉ်နှင့် နတ်ခန္ဓာကိုယ်ကို အရည်ဖျော်ပစ်လိုက်သလိုဖြစ်သွားပြီး ကောင်းကင်နတ်မင်းအိုကြီး၏ ခန္ဓာကိုယ်အတွင်းရှိ သွေးများသည် အငွေ့ပျံသွားလေတော့သည်။
နောက်ဆုံးတွင် လီချန်ရှို့ကို အတန်ငယ် အံ့အားသင့်သွားအောင်လုပ်နိုင်လိုက်သည့် တာအိုသင်္ကေတများ ပျောက်ကွယ်သွားပေပြီ။
လီချန်ရှို့သည် အမှောင်ထဲတွင် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်၏။ သို့သော် သူသည် သတိလက်လွတ်ဖြစ်၍ မရသေးပေ။ သူသည် လုပ်စရာရှိသည်များကို ဆက်လုပ်လိုက်သည်။
သူ ပြောလိုက်သော စကားလုံးများသည် သာမန်စကားများသာဖြစ်သည်။
သူပြောလိုက်သည့် “ မင်းက ဘာမိစ္ဆာလည်းဆိုတာ ငါဂရုမစိုက်ဘူး ” ဆိုသည့် စကားမှာ သူသည် နောက်ကွယ်တွင် အရှင်မဝမ်ရှိနေသည်ကို မသိကြောင်း အရိပ်အမြွက်ပြလိုက်ခြင်းပင်။ ထို့ပြင် သူသည် “ငါ” ဆိုသောစကားလုံးကိုလည်း သုံးလိုက်သေး၏။ ထိုစကားလုံးသည် လှည့်ကွက်ဖြစ်သည်။
လီချန်ရှို့သည် သူပြောလိုက်သော စကားများသည် အလုပ်ဖြစ်၊ မဖြစ်ကို မသိသော်လည်း မည်သည့်အရာမှ မလုပ်လိုက်ခြင်းထက် တစ်ခုခုလုပ်လိုက်ခြင်းက သာပေသေးသည်။
လီချန်ရှို့သည် တောအုပ်အတွင်းသို့ လွင့်ပျံသွားသော ပြာများကို ကြည့်၍ အားကိုးရာမဲ့သကဲ့သို့ ခံစားလိုက်ရသည်။
‘ ဒီကိစ္စက… ’
သူ ကောင်းကင်ပြစ်ဒဏ်ကို ခံယူပြီးသည်မှာ နှစ်ပေါင်းမည်မျှ ကြာပေပြီနည်း။
‘ ငါ အာဒိကပ္ပလောကရဲ့ ရှေးဟောင်းသားရဲ အရှင်မဝမ်ကို ရုပ်သေးရုပ်တွေ၊ စက္ကူရုပ်တွေကတဆင့် တွေ့ခဲ့ရပြီပဲ ’
‘ အာဒိကပ္ပလောက,က ငါထင်ထားတာထက်ကို အန္တရာယ်များတာပဲ… ’
မြေအောက်ထဲတွင် အနီရောင်ဆံထိုးလေးသည် ညင်သာစွာ လှုပ်ခါသွား၏။ ၎င်းသည် လင်းအယ်၏ ဆံပင်အတွင်းသို့ ပို၍ ခိုင်ခိုင်မာမာ တိုးဝင်သွားလေသည်။
*****
‘ ရှုံးသွားတယ်… ’
‘ ငါကရှုံးသွားတယ်ပေါ့… ’
‘ ငါ့လို ဘုရင်မက ကိုယ်တိုင် စိတ်တန်ခိုးသုံးပြီး ထိန်းချုပ်ခဲ့တာတောင် ငါဘာမှ မလုပ်နိုင်လိုက်ဘူးတဲ့လား။ ငါ ဘာမှမလုပ်လိုက်ရဘဲနဲ့ ပြာကျအောင် မီးရှို့ခံလိုက်ရတယ်ပေါ့… ’
‘ ငါ့ကို အဲဒီလိုလုပ်ခဲ့တာ ဘယ်သူဖြစ်မလဲ ’
အနောက်ကျွန်းရှိ ဝိညာဉ်တောင်တစ်ခုအနီးမှ လိုဏ်ဂူတစ်ဂူထဲ၌ ကုတင်အစွန်းတွင် လဲလျောင်းနေသော အရှင်မဝမ်ကျင်းသည် ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်၏။ သူမသည် အတန်ငယ် မကျေမချမ်းဖြစ်နေပုံပေါ်ပြီး လက်ကိုဝှေ့ယမ်းလိုက်သည်။
“ ထွက်သွားကြစမ်း ”
ဘေးတွင် ဒူးထောက်နေသော အစေခံနှစ်ယောက်သည် အသက်ပင်မရှူဝံ့ပေ။ ထိုနှစ်ယောက်သည် အလျင်အမြန်ထ၍ ခေါင်းငုံ့ကာ နောက်ဆုတ်ထွက်သွားလေသည်။
အရှင်မဝမ်ကျင်းသည် ရုတ်ခြည်း တင်ပျဉ်ခွေ ထထိုက်လိုက်ရာ သူ၏ ဝတ်စုံသည် လှုပ်ခတ်သွား၏။ သူမ၏ နှလုံးသားထဲတွင် ခံစားချက်လှိုင်းများ ပေါ်ပေါက်လာ၏။
‘ အဲဒီလူက ဘယ်သူလဲ ’
မကြာသေးမီက သူမသည် တုနတ်ဝိဇ္ဇာဂိုဏ်းတွင် ဖြစ်ပွားနေသော ပရမ်းပတာတိုက်ပွဲကို ကြည့်၍ ကျေနပ်နေခဲ့၏။ ထို့နောက် သူမ စုဆောင်းထားသော ရုပ်သေးရုပ်များသည် အားနည်းလာကြောင်း သိလိုက်ရသောအခါ မကျေမနပ်ဖြစ်သွား၏။ တုနတ်ဝိဇ္ဇာဂိုဏ်းကို ဖျက်ဆီးရမည့် ရုပ်သေးရုပ်များမှာ ပြန်လည်၍ အဖျက်ဆီးခံလိုက်ရလေသည်။
ဤအခေါက် အကြံအစည်သည် တုနတ်ဝိဇ္ဇာဂိုဏ်းကို အဆုံးအရှုံးအနည်းငယ်သာ ဖြစ်သွားစေပြီး အမြစ်မှမလှန်ပစ်နိုင်ခဲ့ပေ။ သူမသည် ထိုအရာကို အနည်းငယ်မကျေနပ်သော်လည်း များစွာဂရုမစိုက်ပေ။
ထိုအကြံအစည်သည် အင်အားများစွာ မစိုက်ထုတ်ရသော အကြံအစည်အသေးလေးသာ ဖြစ်သည်။ အဓိကတိုက်ပွဲသည် ပြီးဆုံးပေတော့မည်။ အရှင်မဝမ်ကျင်းသည် ဆက်၍ မကြည့်လိုတော့ပေ။
သူမ၏ နှလုံးသားလှုပ်ရှားသွား၏။ သူမသည် တုနတ်ဝိဇ္ဇာဂိုဏ်းမှ တပည့်ငယ်များကို သတ်ရန် လွှတ်လိုက်သော ကောင်းကင်နတ်မင်းအိုကြီးနှင့် မိစ္ဆာဂဠုန်တို့ သူတို့၏ တာဝန်ကို ထမ်းဆောင်ပြီး၊ မပြီးကို သိလိုလာသည်။
ထို့ကြောင့် အရှင်မဝမ်ကျင်းသည် သူမ၏ အာရုံကို ကောင်းကင်နတ်မင်းအိုကြီးဆီသို့ ပို့လွှတ်ခဲ့၏။
သူမ၏ အာရုံရောက်သွားချိန်မှာပင် ထိုကောင်းကင်နတ်မင်းအိုကြီးသည် ထောင်ချောက်မန္တန်အစီအရင်အတွင်း၌ ပိတ်မိနေပြီး သတ်ဖြတ်မန္တန်အစီအရင်များ၏ တိုက်ခိုက်ခြင်းကို ခံနေရကြောင်း တွေ့ခဲ့ရလေသည်။
‘ တော်တော်စိတ်ပျက်စရာပဲ ’
‘ ငါရှာထားတဲ့ ရုပ်သေးရုပ်တွေက ဘာလို့ဒီလောက် အသုံးမကျရတာလဲ ’
အရှင်မဝမ်ကျင်းသည် ဒေါသထွက်သွား၍ ကောင်းကင်နတ်မင်းအိုကြီးကို ကိုယ်တိုင်ထိန်းချုပ်ကာ တိုက်ခိုက်ရန် လုပ်ခဲ့၏။
သို့သော် သူမသည် ရုပ်သေးရုပ်၏ စိတ်အတွင်းသို့ ဝင်လိုက်စဉ်မှာပင် အတုမဲ့နတ်ဝိဇ္ဇာသုံးပါး၏ မီးရှို့ပြာချခြင်းကို ခံလိုက်ရလေသည်။ သူမသည် အစွမ်းပင်ထုတ်မပြလိုက်ရချေ။
‘ မဟုတ်သေးဘူး။ အဲဒီလူက တကယ့်သက်ရှိနဲ့ မတူဘူး… ကြည့်ရတာ နတ်အစွမ်းနဲ့ ပြုလုပ်ထားတာများလား ’
‘ အဲဒီလိုဆို သူ့နောက်ကွယ်က ထိန်းချုပ်နေတဲ့သူက ပညာရှင်တစ်ယောက်ပဲ ဖြစ်ရမယ် ’
အရှင်မဝမ်ကျင်း၏ မျက်လုံးအရှေ့တွင် မီးတောက်များ ပြန်ပေါ်လာပေသည်။ ထိုမြင်ကွင်းသည် သူမ၏ စိတ်တန်ခိုးကိုသုံး၍ ပြန်ပုံဖော်ကြည့်လိုက်သည့် မြင်ကွင်းပင်။ သူမသည် အချိန်တစ်ခုအထိ ထိုမြင်ကွင်းကို ပြန်မြင်ယောင်နေဆဲဖြစ်၏။
‘ အဲဒီလူက ဘယ်သူလဲ ’
‘ သူကလည်း ငါ့လိုပဲ ရုပ်သေးရုပ်ကိုသုံးပြီး သူများတွေကို တိုက်ခိုက်နေတာလား ’
အရှင်မဝမ်ကျင်းသည် ရင်ထဲတွင် အေးစက်စက်ပြုံးလိုက်သည်။ သူမသည် စိတ်အတွင်းရှိ မြင်ကွင်းများကို အတင်းပယ်ရှားလိုက်ပြီး နှစ်လိုဖွယ်ပြုံးလိုက်လေသည်။
‘ ဒီ တုနတ်ဝိဇ္ဇာဂိုဏ်းက ပိုပြီး စိတ်ဝင်စားစရာကောင်းလာပြီပဲ… ’
“ အာ… မင်းကိုး… ”
အရှင်မဝမ်ကျင်းသည် ရုတ်ခြည်း မျက်မှောင်ကြုတ်လိုက်သည်။ သူမ၏ စိတ်ထဲတွင် အမျိုးသားတစ်ဦး၏ အသံကို ကြားလိုက်ရ၏။
ထိုအမျိုးသားသည် ဆက်ပြောလိုက်သည်။
“ တစ်ယောက်ယောက်က မင်းရဲ့ ကောင်းကင်လျှို့ဝှက်ချက်ကို ဖုံးကွယ်ပေးထားတာပဲ။ အဲဒါကြောင့် ငါ တစ်ဝက်လောက်တွက်ချက်ပြီးတဲ့ အချိန်ထိတောင် မင်းဘယ်သူလဲဆိုတာ မသိနိုင်ခဲ့တာကိုး… ’
‘ ဘယ်သူလဲ… ’
‘ ဘယ်သူပြောနေတာလဲ ’
အရှင်မဝမ်ကျင်း၏ ခန္ဓာကိုယ်မှာ တုန်လှုပ်သွား၏။ သူမသည် ချိတ်ပိတ်ထားသည်ကို ရုတ်ခြည်းရပ်တန့်လိုက်၏။ သူမ၏ ခန္ဓာကိုယ်မှ သွေးရောင်များ တောက်ပလာပြီး အသံကို ပယ်ရှားလိုက်သည်။
သို့သော် မည်သည့်အရာများဖြစ်နေကြောင်း သုံးသပ်ရန် သူမတွင် အချိန်မရှိပေ။ သူမ၏ ခန္ဓာကိုယ်ပတ်လည်တွင် ဆန်းကြယ်သော တာအိုသင်္ကတများ လည်ပတ်ပြီး သူမသည် မှင်သက်နေလေတော့သည်။
ထိုအခိုက်တွင် အရှင်မဝမ်ကျင်းသည် သူမ မခံစားခဲ့ရသည်မှာ ကြာပြီဖြစ်သော ခံစားချက်ကို ခံစားလိုက်ရသည်။
အကြောက်တရား…
သူမ၏ မူလဝိညာဉ် နက်နက်ရှိုင်းရှိုင်းနေရာမှနေ၍ ထွက်ပေါ်လာသော အကြောက်တရားစစ်စစ်ပင်။
အရှင်မဝမ်ကျင်းသည် မှင်သက်နေဆဲမှာပင် မြူခိုးအလွှာတစ်ခုကို တွေ့လိုက်ရ၏။ သို့သော် တချိန်တည်းမှာပင် သူမ၏ရှေ့တွင် ရေကန့်လန့်ကာတစ်ခု ပေါ်လာပြီး သူမကို ကာထားပေးလိုက်လေသည်။
ယင်းသည် ကြီးမြတ်သောတာအိုတရား၏ ပြုလုပ်မှု ဖြစ်ကြောင်း သိလိုက်၏။ ထိုရေကန့်လန့်ကာသည် သူမ၏ ကောင်းကင်လျှို့ဝှက်ချက်ကို ဖုံးကွယ်ရန် အနောက်ကျောင်းတော်မှ တန်ခိုးရှင်တစ်ပါး ပြုလုပ်ပေးထားသည့် အရာဖြစ်သည်။
သို့သော် အရှင်မဝမ်ကျင်းသည်လည်း မြူခိုးများကို ဖောက်၍ မမြင်နိုင်ပေ။
ရေကန့်လန့်ကာ အပြင်ဘက်မှ မြူခိုးအတွင်းရှိ လူ၏ ပုံရိပ်ကို ရှေ့တွင် ကာထားသော ရေများကြောင့် တွန့်ကွေးနေသော ပုံရိပ်အဖြစ်သာ မြင်ရလေသည်။ သူသည် ရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်လာ၏။
အရှင်မဝမ်ကျင်းမှာ ထိုလူရိပ်သည် သူ၏ လက်ဝဲလက်ဖဝါးကို မြှောက်လိုက်ကြောင်းကို မသဲမကွဲမြင်လိုက်ရလေသည်။ သူ၏ လက်ဖဝါးထဲတွင် အနက်နှင့်အဖြူ ရောယှက်နေသော အရောင်အဝါမှိန်ဖျော့ဖျော့နှစ်ခုရှိနေ၏။ ထို အရောင်အဝါနှစ်ခုသည် တစ်ခုနှင့်တစ်ခု အဆုံးမရှိ လှည့်ပတ်နေပြီး နက်ရှိုင်းသော အမှန်တရားများကို ဖော်ပြနေပေသည်။
“ ကျွတ်… ”
အရှင်မဝမ်ကျင်းသည် အသံကို ထပ်မံကြားလိုက်ရ၏။ ထိုသူသည် ပြုံး၍သာနေလေသည်။
“ ဆရာ့ရဲ့ ပန်းချီကားကို အသုံးပြုပြီးတာတောင် မင်းဘယ်သူဆိုတာ ငါ မပြောနိုင်သေးဘူးပေါ့လေ… မင်းက တန်ခိုးရှင်တစ်ပါးရဲ့ တပည့်တစ်ဦးဖြစ်ရမယ် ”
ရေကန့်လန့်ကာကို ထွင်းဖောက်၍ မြင်နေရသော လူရိပ်သည် တွန့်လိမ်နေ၏။ သို့သော် အရှင်မဝမ်ကျင်းသည် နှလုံးသားထဲတွင် ကြောက်ရွံ့မှုကို ခံစားလိုက်ရ၏။
ထိုအခိုက်တွင် သူမသည် တာအိုသင်္ကေတများ၏ ထိန်းချုပ်မှုကိုခံထားရသဖြင့် ထို ပုံရိပ်ယောင်လောကအတွင်းမှ ထွက်မပြေးနိုင်ပေ။
ထို့နောက် အရှေ့ရှိ လူရိပ်သည် နွေးထွေးစွာပြောလိုက်သည်။
“ ငါက ရွှမ်းဒူပါ… ဆုတောင်းပြည့်ကောင်းကင်ဘိုးဘိုး အရှင်ထိုက်စန့်လောင်ကျွင်းရဲ့ အကြီးဆုံးနဲ့ တစ်ဦးတည်းသော တပည့်ပေါ့ ”
“ ဒီကမိတ်ဆွေက ငါတို့ရဲ့ ရန်ကျောင်းတော်ကို ဘာရန်ငြိုးမှမရှိဘဲ ပြဿနာရှာချင်နေတဲ့ ပုံပဲ။ မင်းမှာ မကောင်းတဲ့အကြံအစည်တွေရှိနေပြီး မင်းရဲ့ လုပ်ရပ်တွေကလည်း စက်ဆုပ်စရာကောင်းတယ်။ ဒီတစ်ခေါက်တော့ မင်းရဲ့နောက်မှာရှိတဲ့ တန်ခိုးရှင်ရဲ့ မျက်နှာကိုထောက်ပြီး လွှတ်ပေးလိုက်မယ် ”
သူက ဆက်ပြောလိုက်သည်။
“ ဒါပေမဲ့ နောင် မင်း ရန်ကျောင်းတော်ကို စော်ကားရဲတယ်ဆိုရင် မင်းစော်ကားတာက မထင်မရှား တုနတ်ဝိဇ္ဇာဂိုဏ်းလေးပဲဖြစ်နေပါစေ၊ မင်းရဲ့နောက်က တန်ခိုးရှင်တောင် မင်းကို ကာကွယ်ပေးနိုင်တော့မှာ မဟုတ်ဘူးဆိုတာ မှတ်ထားလိုက်ပါ ”
ထိုသို့ပြောပြီးနောက် ရေကန့်လန့်ကာအပြင်မှ လူရိပ်သည် ရယ်မောလိုက်ပြီး ပတ်ပတ်လည်မှ မြူခိုးများနှင့်အတူ တဖြည်းဖြည်း ပျောက်ကွယ်သွားလေတော့သည်။
အရှင်မဝမ်ကျင်း၏ အမြင် ဝေဝါးသွားပြီးနောက် သူမ၏ လိုဏ်ဂူအတွင်းပိုင်းကို ပြန်မြင်လာရလေသည်။ သူမသည် လက်နှစ်ဖက်ကိုငုံ့ကြည့်လိုက်ရာ သူမ၏တာအိုတရားကို ခံစားလိုက်ရ၏။ သူမ၏ လက်များသည် မထိန်းချုပ်နိုင်လောက်အောင် တဆတ်ဆတ်တုန်ခါနေပေသည်။
*****
တုနတ်ဝိဇ္ဇာဂိုဏ်း၏ အနောက်မြောက်ဘက် လီ(၁၀၀၀၀)ကျော်အကွာရှိ တိမ်တစ်ခုအပေါ်တွင် မျက်စိမှိတ်၍ ရပ်နေသော အရှင်ရွှမ်းဒူသည် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်၏။
“ အစ်ကိုကြီး… အခြေအနေ ဘယ်လိုလဲ ”
သူ၏ဘေးတွင် ရပ်နေသော တာအိုရသေ့အိုကြီးသည် အလောတကြီး မေးလိုက်လေသည်။