Switch Mode

အခန်း (၇၁)

စံချိန်ချိုးခြင်း

အခန်း (၇၁) စံချိန်ချိုးခြင်း

လုန်ယွိက အစီအရင်ကို ထုတ်ဖော်လိုက်သည်နှင့် အခြားသူများအားလုံး အံ့အားသင့်သွားကြသည်။

သူတို့က လုန်ယွိ အသုံးပြုလိုက်သည့်အစီအရင်က ထူးခြားလွန်းသောကြောင့် အံ့အားသင့်သွားကြခြင်း မဟုတ်ပေ။

သူမက ဘာအစွမ်းသတ္တိမှမရှိသည့် သာမန်အစီအရင်လေးတစ်ခုကို အသုံးပြုလိုက်သောကြောင့် အံ့အားသင့်သွားကြရခြင်း ဖြစ်၏။

ကျောက်စိမ်းရေကန်သို့ ဝင်ရောက်ရန်အတွက် လူပေါင်းများစွာက အစီအရင်များစွာကို အသုံးပြုခဲ့ကြသည်။

သို့သော်… တစ်ယောက်မှ မအောင်မြင်ခဲ့ကြပေ။

“ဂိုဏ်းတူညီမလေး… မင်း ဘာလုပ်ဦးမလို့လဲ….”

ဟုန်လွမ် နားမလည်နိုင်ဖြစ်နေလေသည်။

သို့သော်… နားမလည်နိုင်လေ ရှေ့ဆက်ဘာဖြစ်လာမည်ကို ပိုပြီးစိတ်ဝင်စားလေ ဖြစ်သည်။

လင်အန်း ၊ လုကျန်းနှင့် အခြားသူများသည်လည်း အတူတူပင် ဖြစ်၏။

လုန်ယွိ ဘာလုပ်နေသည်ကို သူတို့ မသိရှိကြသော်လည်း မယုံကြည်နိုင်ဖြစ်နေကြသည်။

ရှေးယခင်အချိန်များကတည်းက ကျောက်စိမ်းရေကန်သို့ ဝင်ရောက်နိုင်ရန်အတွက် အသုံးပြုရမည့် အစီအရင်များကို သူတို့ သုတေသန ပြုခဲ့ကြသည်။

သို့သော်… မြူခိုးအရံအတားကိုကျော်ဖြတ်ပြီး ကျောက်စိမ်းရေကန်သို့ ဝင်ရောက်နိုင်သူ တစ်ယောက်မှ မရှိခဲ့ကြပေ။

ဤ ဂိုဏ်းတူညီမလေးကရော ဝင်ရောက်နိုင်ပါမည်တဲ့လား…။

သူတို့ စဉ်းစားနေကြစဉ်မှာပင်… လုန်ယွိက သူမလက်ထဲမှ အစီအရင်ကို ထုတ်ဖော်အသက်သွင်းလိုက်သည်။

သို့သော်… လုန်ယွိ အစီအရင်ကို အသက်သွင်းနေဆဲမှာပင် မြူခိုးများက လုန်ယွိကို တိုက်ခိုက်လိုက်ကြသည်။ လုန်ယွိမှာ မြူခိုးများ၏ တိုက်ခိုက်မှုကြောင့် လွင့်ထွက်သွားလုမတတ် ဖြစ်သွားရသည်။

လုန်ယွိတော့သွားပြီဟု အားလုံးက ထင်မှတ်လိုက်မိကြသည်။

သို့သော်… ကျောက်စိမ်းရေကန်ကို မည်သည့်ကျင့်ကြံသူမိန်းကလေးမှ ဝင်ရောက်နိုင်ခြင်း မရှိလေရာ လုန်ယွိကျရှုံးသွားလျှင်လည်း အဆန်းတော့ မဟုတ်ပေ။

ထို့ကြောင့်… မည်သူမှ သူမကို အရေးမစိုက်ကြပေ။

လင်အန်း ၊ လုကျန်းနှင့် ဟုန်လွမ်တို့မှာ လုန်ယွိ ရှုံးနိမ့်တော့မည်ဟု ထင်မှတ်မိကြသော်လည်း အခြေအနေများကို ဆက်ပြီး စောင့်ကြည့်နေကြဆဲ ဖြစ်သည်။

သို့သော်… သူတို့စိတ်ထဲတွင် တစ်စုံတစ်ခု လွဲမှားနေကြောင်းကို ထူးဆန်းစွာ ခံစားနေရဆဲ ဖြစ်သည်။

မကြာမီပင်… သူတို့ ထူးခြားမှုတစ်ခုကို တွေ့မြင်လိုက်ကြရလေသည်။

လုန်ယွိ၏ လက်ထဲတွင် ကိုင်ထားသည့် သေးငယ်သည့် ကြွေပုလင်းလေးက မြူခိုးများ၏ သက်ရောက်မှုကို ပြောင်းပြန်ဖြစ်သွားစေကြောင်း တွေ့လိုက်ရသည်။

မြူခိုးများကြောင့် လုန်ယွိ လွင့်ထွက်သွားခြင်း မရှိသေးပေ။

သူမ တောင်ထွတ်အစွန်းတွင် မတ်တတ်ရပ်နေဆဲ ဖြစ်သည်။ သူမ တည်ရှိရာနေရာက ကျန်းလန်၏ ညာဘက်ဘေးတွင်ဖြစ်၏။

သို့သော်… သူမ၏ အနေအထားက ကျောက်စိမ်းရေကန်ကို ကျောပေးထားပြီး ချောက်ကမ်းပါးကို မျက်နှာမူထားသည့် အနေအထား ဖြစ်သည်။

ကျန်းလန် လုန်ယွိကို လှမ်းကြည့်လိုက်သည်။

ထိုခဏမှာပင်… လုန်ယွိ၏ မျက်နှာထက်မှ အပြုံးရိပ်တစ်စွန်းတစ်စကို သူ တွေ့မြင်လိုက်ရသည်။

ကျန်းလန် ကြည့်နေစဉ်မှာပင် လုန်ယွိက စကားတစ်ခွန်းပြောလိုက်သည်။

သို့သော်… နဂါးဘာသာစကားဖြင့် ပြောဆိုလိုက်ခြင်း ဖြစ်၏။

“တွန်းကန်စေ…”

ကျန်းလန်ကတော့ နဂါးဘာသာစကားကို လေ့လာထားသူဖြစ်သောကြောင့် လုန်ယွိပြောသည့်စကားကို နားလည်လိုက်သည်။

ထိုခဏမှာပင်… မြူခိုးများက ရုတ်တရက် လုန်ယွိကို နောက်သို့ တွန်းထုတ်လိုက်ကြလေသည်။

မြူခိုးများ၏ တွန်းထုတ်မှုကို သူမ လုံး၀ ခံနိုင်ရည်မရှိဘဲ နောက်သို့ လွင့်ထွက်သွားသည်။

သို့သော်… သူမက ကျောက်စိမ်းရေကန်ကို ကျောပေးထားသူ ဖြစ်လေရာ မြူခိုးများက တွန်းထုတ်လေ ကျောက်စိမ်းရေကန်ရှိရာသို့ ပိုမိုရောက်ရှိသွားလေဖြစ်သည်။

“ဒါ… ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…”

ဟုန်လွမ် အနည်းငယ် အံ့အားသင့်သွားသည်။

အဖြစ်အပျက်များက သူမ လုံး၀ မျှော်လင့်မထားသည့် အဖြစ်အပျက်များ ဖြစ်သည်။

မြူခိုးများက လုန်ယွိကို ပြောင်းပြန်တွန်းထုတ်သွားခြင်းကြောင့် သူမ တဖြည်းဖြည်း ကျောက်စိမ်းရေကန်ရှိရာသို့ လွင့်စင်ကာ ရောက်ရှိသွားပြီ ဖြစ်သည်။

ဟုန်လွမ် မယုံကြည်နိုင်လောက်အောင် အံ့အားသင့်လျှက် ရှိသည်။

လုန်ယွိသာ ကျောက်စိမ်းရေကန်ထက်သို့ ဆင်းသက်လိုက်မည်ဆိုလျှင် ကျောက်စိမ်းရေကန်သို့ ဝင်ရောက်နိုင်ပြီဟု သတ်မှတ်နိုင်ပေပြီ။

ထိုသို့ဆိုလျှင်… လုန်ယွိ အောင်မြင်သွားပြီဟု ဆိုနိုင်လေ၏။

လုကျန်းက…

“မဖြစ်နိုင်ဘူး…”

လင်အန်းက အံ့သြတုန်လှုပ်စွာဖြင့်…

“ဒီ အစီအရင်က အတော်လေး ထူးခြားတာပဲ…”

အစီအရင်က အလွန်ရိုးရှင်းဟန်ရှိသော်လည်း တစ်စုံတစ်ခု ထူးခြားနေသည်။

“သူက ကျောက်စိမ်းရေကန်ကိုဝင်ဖို့ ဒီလိုနည်းလမ်းကို အသုံးပြုလိုက်တာလား… ၊ သူက မြူခိုးတွေရဲ့စွမ်းအားကို တန်ပြန်အသုံးချလိုက်တာပဲ…”

အဖြစ်အပျက်အစအဆုံးကို သေသေချာချာကြည့်ထားသည့် လုကျန်းက ပြောလိုက်သည်။

လုန်ယွိက သူမ၏ ကိုယ်ပိုင်စွမ်းအားဖြင့် တိုက်ခိုက်ပြီး ရေကန်ထဲသို့ ဝင်ရောက်သွားခြင်း မဟုတ်ပေ။ သူမက မြူခိုးများ၏ တန်ခိုးစွမ်းအားကို တန်ပြန်အသုံးချသွားခြင်း ဖြစ်သည်။

လင်စီးယာက…

“ဂိုဏ်းတူအစ်မ ရောကန်ထဲ ဝင်သွားပြီလား…”

သူမ မျက်စိလည်သွားပြီး ဘာဖြစ်သွားမှန်း မသိလိုက်တော့ပေ။

ကျင်းထင်နှင့် မုရှိုးတို့မှာလည်း အနည်းငယ် အူကြောင်ကြောင် ဖြစ်နေကြသည်။

မည်သည့်နည်းလမ်းကို အသုံးပြုပြီး လုန်ယွိ ရေကန်ထဲသို့ ဝင်ရောက်သွားကြောင်း သူတို့ သိရှိကြသည့်တိုင် အဖြစ်အပျက်များက သူတို့ မျှော်လင့်ထားသည်ထက် ကျော်လွန်နေသည်။

ကျန်းလန်ကတော့ ရေကန်ထက်ဆင်းသက်တော့မည့် လုန်ယွိကို ငေးကြည့်နေလေ၏။

လုန်ယွိ အောင်မြင်သွားပြီဖြစ်ကြောင်း ကျန်းလန် သိရှိလိုက်သည်။

အဘယ်ကြောင့်ဆိုသော်… သူ၏ စိတ်အာရုံထဲမှ ကျောက်စိမ်းရေကန်နတ်ဘုရားမပန်းချီကား အသက်ဝင်လာခဲ့ပြီ မဟုတ်ပါလား။

ယခုတော့ ကျန်းလန်အနေဖြင့် ကျောက်စိမ်းရေကန်မှ တန်ခိုးစွမ်းအားများကို ရယူအသုံးပြုနိုင်တော့မည် ဖြစ်သည်။

လင်အန်းက…

“တကယ့်ကို အံ့သြစရာပဲဟေ့… ဆွဲငင်အားမန္တန်ကိုအသုံးပြုပြီး မြူခိုးတွေကိုဖယ်ရှားဖို့ ပြုလုပ်ထားတဲ့အစီအရင်ကို နဂါးဘာသာစကားနဲ့ ဝိညာဉ်စကားမန္တန်ပေါင်းစပ်အသုံးပြုပြီး ကျောက်စိမ်းရေကန်ထဲ ရောက်အောင်ဝင်သွားတာ… ၊ ကံကောင်းသွားတယ်လို့ ဆိုနိုင်ပေမယ့် ဒီလိုလုပ်ဖို့က တော်ရုံနဲ့ မဖြစ်နိုင်ဘူး…”

ထိုသို့ပြုလုပ်ရန်မှာ လွယ်ကူသည်ဟု ထင်ရသော်လည်း အမှားတစ်ချက်ပြုမိသည်နှင့် ဒုက္ခလှလှရောက်မည့်ကိန်း ဖြစ်သည်။

လုန်ယွိ၏ ခြေထောက်များက ကျောက်စိမ်းရေကန်မျက်နှာပြင်ထက်သို့ ဆင်းသက်လိုက်သည်။

ထိုခဏမျာပင် ကျောက်စိမ်းရေကန်ဖွင့်ပွဲသို့ ရောက်ရှိနေကြသည့် တပည့်များထံမှ အုံးအုံးကြွက်ကြွက်ဖြင့် ဆူညံသံများ ထွက်ပေါ်လာသည်။

“သူ… သူ အထဲဝင်သွားပြီ…”

“ဘုရားရေ… ဒီဂိုဏ်းတူညီမလေးက ဘယ်တောင်ထွတ်က တပည့်လဲ…”

“ဒီနှစ် ဘယ်သူမှ ကျောက်စိမ်းရေကန်ကို ဝင်နိုင်မှာမဟုတ်ဘူးလို့ ထင်ထားတာ… ဘယ်လိုလုပ် ဒီတစ်ယောက်က ဝင်သွားရတာလဲ…”

အစောပိုင်းက အာရုံမစိုက်ကြသူများမှာ ယခုမှ အံ့သြမှင်တက်လျှက် ရှိကြသည်။

ကျောက်စိမ်းရေကန်ထက်တွင် မတ်တတ်ရပ်နေသည့် လုန်ယွိကိုကြည့်ပြီး တပည့်များအားလုံး အံ့အားသင့်လျှက် ရှိကြသည်။

“ဘယ်လိုဖြစ်တာလဲ… ဘယ်လိုလုပ် ကျောက်စိမ်းရေကန်ထဲ ဝင်နိုင်သွားရတာလဲ….”

“မသိဘူး… ငါလည်း ခေါင်းငုံ့နေလို့ မမြင်လိုက်ဘူး….”

“သေစမ်းကွာ… ငါလည်းလွတ်သွားတယ်… မတွေ့လိုက်ရဘူး…”

ကျင့်ကြံသူမိန်းမပျိုတစ်ယောက် ကျောက်စိမ်းရေကန်ထဲသို့ ဝင်ရောက်သွားနိုင်လျှင် သူမကို ကျောက်စိမ်းရေကန်နတ်ဘုရားမ အဖြစ် သတ်မှတ်လေ့ရှိကြသည်။

ကျောက်စိမ်းရေကန်ဖွင့်ပွဲပြုလုပ်တိုင်း ကျောက်စိမ်းရေကန် နတ်ဘုရားမ ထွက်ပေါ်မလာသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

ယခုတော့…ခေါင်းငုံ့သူကငုံ့ ၊ အာရုံမစိုက်သူက မစိုက်ကြသောကြောင့် ကျောက်စိမ်းရေကန်အတွင်းသို့ ကျောက်စိမ်းရေကန်နတ်ဘုရားမ ဝင်ရောက်သွားသည်ကို တွေ့မြင်ရသည့်အခွင့်အရေးကို လက်လွှတ်လိုက်ကြရပြီ ဖြစ်၏။

ထိုမြင်ကွင်းကို မတွေ့မြင်လိုက်ရသည်မှ အလွန်မှ နှမျောစရာ ကောင်းလှသည်။

သူတို့အားလုံး ထိုသို့သော မြင်ကွင်းမျိုးကို တစ်ခါမှ တွေ့မြင်ဖူးသူများ မဟုတ်ကြပေ။ နောက်တစ်ကြိမ် ထပ်မံမြင်တွေ့ရန်မှာလည်း ခက်ခဲလှလေ၏။

အဖြစ်အပျက်က မျက်စိရှေ့တွင် ဖြစ်ပျက်နေပါလျှက် အာရုံမစိုက်မိသောကြောင့် လက်လွှတ်ခဲ့ကြရသည်။

“ဝုန်း…”

ရုတ်တရက်…

ခွန်လွန်တောင်တစ်ခုလုံး သိမ့်ကနဲ တုန်လှုပ်သွားသည်။

ကျောက်စိမ်းရေကန်သို့ တစ်စုံတစ်ယောက်က ဝင်ရောက်နိုင်ခဲ့ပြီ ဖြစ်ကြောင်း ခွန်လွန်တောင်တစ်ခုလုံးကို အသိပေးလိုက်ခြင်း ဖြစ်၏။

ဟုန်လွမ်က အဖြစ်အပျက်များကိုကြည့်ရင်း သက်ပြင်းတစ်ချက် ချလိုက်မိသည်။

သူမကိုယ်တိုင်အတွက်ရော လုန်ယွိအတွက်ပါ သက်ပြင်းချလိုက်မိခြင်း ဖြစ်သည်။

လင်အန်းးက….

“ကဲ…. ဂိုဏ်းတူညီအစ်ကိုမောင်နှမတို့…. တကယ့် ကျောက်စိမ်းရေကန်ဖွင့်ပွဲအစစ်က အခုမှ စတင်ပါပြီဗျာ…”

ဟု ပြောလိုက်၏။

သူ့အသံက ကျောက်စိမ်းရေကန်ပတ်ဝန်းကျင်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားပြီး လူတိုင်း သူ့အသံကို ကြားလိုက်ကြရသည်။

မည်သူမှ စကားမပြောကြတော့သဖြင့် ဆူညံသံများ ချက်ချင်း တိတ်ဆိတ်သွားသည်။

ကျောက်စိမ်းရေကန်ဖွင့်ပွဲအခမ်းအနား နောက်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။

ဤသည်က နှစ်ပေါင်းများစွာအတွင်း တစ်ခါမှ ဖြစ်ပျက်ခဲ့ဖူးခြင်း မရှိသည့် ဖြစ်ရပ်တစ်ခု ဖြစ်၏။

ကျန်းလန်က နေရာတွင်ပင် မတ်တတ်ရပ်နေပြီး ကျောက်စိမ်းရေကန်ထက်တွင်ရှိနေသည့် လုန်ယွိကို ငေးကြည့်နေသည်။

ထိုအချိန်မှာပင်…

ကျောက်စိမ်းရေကန်က လုန်ယွိ၏ ပုံသဏ္ဌ န်ကို မြူခိုးများဖြင့် ပန်းပုရုပ်ထု ထုလုပ်နေလေသည်။ လုန်ယွိမည်သူဖြစ်ကြောင်း မှတ်တမ်းတင်နေခြင်း ဖြစ်ဟန်တူ၏။

ပတ်ဝန်းကျင်မှ မြူခိုးများက ကျောက်စိမ်းရေကန်အတွင်းသို့ ပျံသန်းဝင်ရောက်သွားကြပြီး ရေကန်အလယ်တွင် ရပ်နေသည့် လုန်ယွိ၏ဘေးနားတွင် ရစ်သိုင်းလျှက် ရှိကြသည်။

လုန်ယွိ၏ ခန္ဓာကိုယ်မှ အလင်းရောင်များ စတင်ထွက်ပေါ်လာသည်။

သူမ၏ ပုံစံက မြင့်မြတ်သန့်စင်ပြီး ကျက်သရေရှိစွာ လှပလွန်းသည့် နတ်ဘုရားမတစ်ပါး၏ အသွင် ဖြစ်လေသည်။

ကျောက်စိမ်းရေကန်မှ ရောင်စုံအလင်းပွင့်များ ပွင့်လန်းလာပြီး ခွန်လွန်တောင်တစ်ခုလုံး ထွန်းလင်းတောက်ပသွားသည်။

ထို့နောက်… အလင်းပွင့်များမှ အလင်းတန်းများ ထွက်ပေါ်လာပြီး ခွန်လွန်တောင်၏ အဓိကတောင်ထွတ်ကြီး (၉)ခုဆီသို့ ကျရောက်သွားသည်။

ဤသည်မှာ ကျောက်စိမ်းရေကန်၏ လွှမ်းမိုးမှုပင် ဖြစ်သည်။

ကျောက်စိမ်းရေကန်၏ လွှမ်းမိုးမှုက ခွန်လွန်တောင်၏ ကျင့်ကြံခြင်းနယ်မြေတစ်ခုလုံးကို စွမ်းအားများ မြင့်တက်လာစေမည် ဖြစ်သည်။

ကျောက်စိမ်းရေကန်မှ ထွက်ပေါ်လာသည့် အလင်းတန်း (၉)ခုနှင့် ခွန်လွန်တောင်၏ အဓိကတောင်ထွတ်ကြီး (၉)ခု ပေါင်းစပ်မိသည်နှင့် တောင်ထွတ် (၉)ခုမှ ကျင့်ကြံခြင်းနယ်မြေများ အလွန်အမင်း တိုးတက်ကောင်းမွန်လာမည် ဖြစ်သည်။

ဤသည်က ခွန်လွန်တောင်မှ တပည့်များအားလုံးအတွက် အထူးကောင်းမွန်သည့်အချက် ဖြစ်၏။

ကျောက်စိမ်းရေကန်မှ အလင်းတန်း (၉)ခုက ခွန်လွန်တောင်၏ အဓိကတောင်ထွတ်ကြိး (၉)ခုနှင့် ပေါင်းစည်းသွားသည်ကို တပည့်များအားလုံး ကြည့်နေခဲ့ကြသည်။

မြင်ကွင်းက အလွန်မှ ရင်သပ်ရှုမောဖွယ်ရာ မြင်ကွင်းဖြစ်၏။

သို့သော်…

အလင်းတန်း (၉)ခု တောင်ထွတ် (၉)ခုနှင့် ပေါင်းစည်းခါနီးတွင် ထင်မှတ်မထားသည့် အဖြစ်အပျက်တစ်ခု ဖြစ်ပျက်သွားခဲ့လေသည်။

“ဝုန်း…”

ကျောက်စိမ်းရေကန်မှ ထွက်ပေါ်လာသည့် နဝမမြောက်အလင်းတန်းက နဝမတောင်ထွတ်နှင့် ပေါင်းစည်းကာနီးအချိန်တွင် ပေါက်ကွဲသံကြီးတစ်သံထွက်ပေါ်လာပြီး အလင်းတန်းမှာ တစ်စစီ ပျက်စီးကာ ပျောက်ကွယ်သွားတော့သည် မဟုတ်ပါလား။

Comment

Leave a Reply

Options

not work with dark mode
Reset