အခန်း (၁၉) ထူးဆန်းသည့်တုံးခေါက်သံ
ဆန်းလျန် ထိုင်ခုံတွင် ထိုင်လိုက်သည့် အချိန်တွင် ပြည်နယ် အုပ်ချုပ်ရေးမှူး စောမှာလည်း ခန်းမထဲသို့ ဝင်ရောက် လာလေသည်။
ဆန်းလျန်က လက်ဖက်ရည် ပန်းကန်ကို ကိုင်ပြီး အရသာကို ဂရုတစိုက် မြည်းကြည့်လိုက်သည်။ လက်ဖက်ရည် ပန်းကန်မှ အငွေ့လေးများ ထွက်နေလေသည်။
ပြည်နယ် အုပ်ချုပ်ရေးမှူး စောမှာ ပညာတတ် တစ်ယောက် ဖြစ်သောကြောင့် အငွေ့ထွက် နေသည့် ရေနွေး ပန်းကန်လေးကို “အငွေ့ပျံသွားသည့် ကျောက်စိမ်း” ဟု ကဗျာလေး တစ်ကြောင်းဖြင့် တင်စားလိုက်မိသည်။
သူက နန်းတွင်း အဆင့်မြင့် စာမေးပွဲကို အောင်မြင်ခဲ့သူ ဖြစ်လေသည်။ ဤသည်ကို ကြည့်ခြင်း အားဖြင့် ပြည်နယ် အုပ်ချုပ်ရေးမှူး စောမှာ အရည်အချင်းရှိပြီး ဂုဏ်သရေရှိ မိသားစုမှ ဆင်းသက်လာသူ တစ်ယောက် ဖြစ်ကြောင်း မပြောပဲနှင့် သိနိုင်လေသည်။
ဆန်းလျန်ထက် ပိုပြီး ကြည့်ကောင်းသောသူများ လောကတွင် များစွာရှိနိုင်ပါသည်။ သို့သော် မည်သူမျှ ဆန်းလျန်လို ထက်မြက်သည့်ပုံ မပေါက်ပေ။
ဆန်းလျန်ထက် ရင့်ကျက်သည့် လူငယ်များလည်း လောကတွင် များစွာရှိပါသည်။ သို့သော် ဆန်းလျန်ကဲ့သို့ လွတ်လပ်ပြီး ဂရုမစိုက်တတ်သည့် ပုံစံမျိုးကတော့ ရှားပါးလေသည်။
ပြည်နယ် အုပ်ချုပ်ရေးမှူး စောက စာအုပ်တစ်အုပ်၏ အဖုံးကို ကြည့်ရုံမျှဖြင့် ဝေဖန်ခြင်း မပြု နိုင်ကြောင်း သိရှိလေသည်။ သို့သော် ပထမဆုံး တွေ့ဆုံသည့် အချိန်တွင်ပင် သူက ဆန်းလျန်ကို သဘော ကျသွားလေသည်။ ဆန်းလျန်မှာ ဆန်းအိမ်တော်မှ မဟုတ် ခဲ့လျှင်တောင်မှ သူက ဆန်းလျန်နှင့် မိတ်ဆွေ ဖြစ်ချင်စိတ် ဖြစ်မိလေသည်။
ဆန်းလျန်က ပြည်နယ် အုပ်ချုပ်ရေးမှူး စောကို တွေ့လိုက်သည်နှင့် လက်ဖက်ရည် ပန်းကန်ကို အသာ ချထားလိုက်ပြီး ယဉ်ကျေးသိမ်မွေ့စွာ ပြုံးပြလိုက်သည်။
ပြည်နယ် အုပ်ချုပ်ရေးမှူး စောမှာ မိတ်ဟောင်းဆွေဟောင်း တစ်ယောက်နှင့် ပြန်တွေ့သလို ခံစား လိုက်ရပြီး တင့်တယ်စွာဖြင့် ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။
“လူငယ်လေး ကျုပ်ရဲ့ မြို့တော်ခန်းမမှာ ဘာလာ လုပ်တာလဲ”
ပြည်နယ် အုပ်ချုပ်ရေးမှူး စောက မေးလိုက်လေသည်။
“ကျွန်တော်က ခင်ဗျားကို ကယ်ဖို့ ရောက်လာတာပါ”
ဆန်းလျန် နူးညံ့သိမ်မွေ့စွာ ပြောလိုက်သည်။ သူ့အသံက တိုးသော်လည်း စကားလုံးများက ရှင်းလင်းပြတ်သား လေသည်။
ပြည်နယ် အုပ်ချုပ်ရေးမှူး စောမှာ ကြားလိုက်ရသော စကားကြောင့် မကျေမနပ်ဖြစ်သွားရသည်။ ပထမဆုံးအကြိမ် တွေ့တွေ့ချင်း ဆန်းလျန်ကို သဘောကျမိခြင်း မရှိလျှင်၊ ထို့ပြင် ဆန်းလျန်၏ နောက်ခံ မိသားစု ကြောင့်သာ မဟုတ်လျှင် သူက ဒေါသတကြီး တုန့်ပြန်မိမည် ဖြစ်လေသည်။
အခန်း အပြင်ဘက်တွင် စောင့်နေသည့် အိမ်တော်ထိန်းမှာ ကျယ်လောင်သော ကြုံးဝါးသံကြီး တစ်သံ ကြားလိုက်ရပြီး ဘာများ ဖြစ်ပြီလဲဟု သိချင် နေမိလေသည်။ သူ ဝင်သွားရမည်လား မဝင်ရဘူးလား မသေမချာ ဖြစ်နေလေသည်။
ထို့နောက်တွင်တော့ ခဏတာမျှ တိတ်ဆိတ်သွားလေသည်။ အိမ်တော်ထိန်းမှာတော့ စိတ်များ ရှုပ်ထွေးလျက် ရှိလေတော့သည်။ နောက်ဆုံးတွင်တော့ ပြည်နယ် အုပ်ချုပ်ရေးမှူး စောမှာ အလွန်မှ ကျေနပ် ပျော်ရွှင်ပုံ ရနေသည့် မျက်နှာထားနှင့် ဆန်းလျန်နှင့်အတူ ခန်းမထဲမှ ထွက်လာလေသည်။ အုပ်ချုပ်ရေးမှူးက အိမ်တော်ထိန်းအား စာရွက်လေးတစ်ရွက် ကမ်းပေးလိုက်ပြီး ဆန်းလျန်ကို လျှို့ဝှက် အကျဉ်းထောင်သို့ ခေါ်သွားပေးရန် အမိန့် ပေးလိုက်လေတော့သည်။
အိမ်တော်ထိန်းမှာ ပြည်နယ် အုပ်ချုပ်ရေးမှူး စောထံမှ မီးကျွမ်းသည့် ရနံ့ရနေပြီး သူ၏ ပြည့် ဖောင်းသော လက်ပေါ်တွင်လည်း ပြာများကို တွေ့လိုက်ရလေသည်။
……….
ချင်ပြည်နယ် မြို့တော်၏ အကျဉ်းထောင်မှာ ညစ်ပတ်ပြီး အနံ့အသက်လည်း မကောင်းပေ။ ထောင်မှူးများပင် နည်းနည်းလေးမျှ မနေချင် ကြသည့်နေရာ ဖြစ်လေသည်။
သို့သော် ဆန်းလျန်ကတော့ ထောင်မှူးနောက်မှ အေးအေးဆေးဆေးပင် လိုက်ပါသွားပြီး စိတ် အနှောင့်အယှက် ဖြစ်သည့်ပုံ စိုးစဉ်းမျှပင် မရှိပေ။
ရှည်လျားသည့် စင်္ကြံလမ်းအတိုင်း ဖြတ်သွားပြီးနောက် အကျဉ်းထောင်၏ နောက်ဘက် အကျ ဆုံး ထောင့်တစ်ခုသို့ ရောက်ရှိ လာလေသည်။
ထိုနေရာမှာ ကြမ်းကြုတ်ပြီး အန္တရာယ်ရှိသည့် အပြစ်သားများကို ထားသည့် သံမဏိ အကျဉ်း ခန်း ဖြစ်လေသည်။
သံမဏိ အကျဉ်းတံခါးတွင် သော့ခလောက် ကိုးခု ခတ်ထားလေသည်။ ရွှေသား ဆင်ဝင်နှင့် ကျောက်စိမ်း သော့ခလောက်များဟု လူသိ များကြလေသည်။
အလွန်တော်သော သူခိုးများပင်လျှင် ထိုသော့များကို ဖျက်ရန်အတွက် အနည်းဆုံး ဆယ့်ငါး မိနစ်ခန့် ကြာမည် ဖြစ်လေသည်။
သံမဏိ အကျဉ်းတံခါးကြီး ဖြည်းဖြည်းချင်း ပွင့်သွားလေသည်။ အံ့သြစရာ ကောင်းစွာပင် အခန်းထဲတွင် အနံ့ဆိုးများ ရှိမနေပေ။ သို့သော် ပိတ်လှောင်နေပြီး လေကောင်းလေသန့် ရရှိခြင်းတော့ မရှိ။
ဤသည်မှာ ဆန်းလျန်နှင့် အစိမ်းရောင်ဝတ်လူ ဒုတိယအကြိမ် တွေ့ဆုံခြင်းပင် ဖြစ်လေသည်။
သူတို့ နောက်ဆုံးအကြိမ် တွေ့ခဲ့သည်ကို ပြန်စဉ်းစား ကြည့်လျှင် မနေ့ တစ်နေ့ကလိုပင် သူ့စိတ် ထဲတွင် ခံစား နေရသေးသည်။ အစိမ်းရောင်ဝတ် လူမှာ မည်မျှ မာနကြီးပြီး မောက်မာသည်ကို သူမှတ်မိ နေလေသည်။
အစိမ်းရောင်ဝတ် လူ၏ လည်ပင်းညှပ်ရိုးများ နေရာတွင် သံကြိုးကြီး နှစ်ခုဖြင့် ချည်နှောင်ထား ပြီး သူ၏ခြေနှင့် လက်များတွင်လည်း လက်ထိပ် ခြေထိပ်များ ခတ်ထားလေသည်။
ထောင်မှူးက ဆီမီးအိမ် ထွန်းလိုက်သည့်အတွက် အခန်းတွင်း၌ လင်းလင်းချင်းချင်း ဖြစ်သွား လေသည်။ အစိမ်းရောင်ဝတ် လူ၏ မျက်နှာပေါ်တွင် မုတ်ဆိတ်မွေး ပါးသိုင်းမွေးများက ရှည်လျားကာ မသေမသပ် ဖြစ်နေပြီး ဆံပင် များမှာလည်း ရှုပ်ပွလျက် ရှိလေသည်။
ဆန်းလျန်က ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်တော့ ထောင်မှူးက တားလိုက်သည်။
“လူငယ်လေး အနား သိပ်မကပ်နဲ့၊ ဒီလထဲမှာ လူခြောက်ယောက်အဖွဲ့ လာကြည့် ကြသေးတယ်။ သူတို့အားလုံး သေကုန်လို့ ဒီအခန်း ထဲကနေ သယ်ထုတ် သွားလိုက်ရတယ်”
ထောင်မှူးက ပြောလိုက်သည်။
ဆန်းလျန်က အကျဉ်းခန်းကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ အခန်းထဲတွင် အနံ့ဆိုး မထွက်ရ သည့် အကြောင်းရင်းမှာ အခန်း၏ အရွယ်အစားကြောင့် ဖြစ်လေသည်။ အခန်းမှာ အလွန် ကျယ်ဝန်းပြီး အကျဉ်းခန်း ဆိုသည်ထက် ခန်းမတစ်ခုနှင့် ပိုပြီး တူနေလေသည်။
“ဒီလောက် သံမဏိလက်ထိပ်တွေ ခတ်ထားတာတောင်မှ သူက တခြားသူတွေကို သတ် နိုင်သေး တာလား”
ဆန်းလျန်က မေးလိုက်သည်။
အမှန်တော့ ဆန်းလျန်က အဖြေကို သိပြီးသား ဖြစ်လေသည်။ သို့သော် တခြားသူများ သံသယ မဝင်စေရန် အတွက် သူက မေးလိုက်ခြင်း ဖြစ်သည်။
“ဒီလူက မှော်ပညာ တတ်တယ်ထင်တယ်။သူ့အနားကို ကပ်လာတာနဲ့ လဲကျသွားအောင် လုပ် တော့တာပဲ။ သူ့ကို ဘယ်လိုများ ဖမ်းမိ လာလဲဆိုတာ သိချင်လိုက်တာ”
ထောင်မှူးက ခေါင်းညိတ်ရင်း ပြန်ဖြေလိုက်သည်။
အမှန်တော့ ထောင်မှူးမှာ ကြောက်နေခြင်း ဖြစ်လေသည်။ ဤ အကျဉ်းသားအား ဖမ်းမိက တည်းက ကျန်းဟူမှ လူစွမ်းကောင်းများစွာ ရောက်လာ ကြလေသည်။ သူတို့အားလုံး အကျဉ်းထောင်ထဲ တွင် သေခဲ့ရသည် ချည်းပင်။ ထောင်မှူးများနှင့် အကျဉ်းထောင်စောင့် များမှာလည်း အလောင်းများ ကောက်သည့် အလုပ်သာ လုပ်နေ ကြရလေသည်။
သို့သော် အစိမ်းရောင်ဝတ် လူက စတင် တိုက်ခိုက်ခြင်းတော့ မဟုတ်ပါ။ ခြေလှမ်း သုံးဆယ်မှ ငါးဆယ်အတွင်း အကွာအဝေးတွင် ဆိုလျှင် သူက အန္တရာယ် မပြုပေ။
အမှန်တော့ ဆန်းအိမ်တော်က အစိမ်းရောင်ဝတ် လူကို သေဒဏ်ပေး ကွက်မျက် စေချင်လေ သည်။ သို့သော် အစိမ်းရောင်ဝတ် လူ၏ အနားသို့ မည်သူမျှ ကပ်၍မရပေ။
အံ့သြစရာ ကောင်းသည်မှာ အစိမ်းရောင်ဝတ် လူမှာ တစ်လလုံး အစားလည်းမစား၊ ရေလည်း မသောက်ရဘဲ အသက်ရှင် နေနိုင်ခြင်းဖြစ်လေသည်။
ထောင်မှူး ပြောပြသည့် စကားများအရ အစိမ်းရောင်ဝတ် လူကဲ့သို့ ကျန်းဟူမှ လူစွမ်းကောင်း များမှာ အထူး လေ့ကျင့်ထားသည့် စွမ်းရည်များ ရှိကြသည် ဟူ၍ ဖြစ်လေသည်။ ထိုသို့သော လူများ သည် အချိန်ကာလ ကြာရှည်စွာ အစားအသောက် စားသောက်ခြင်း မရှိဘဲ အသက်ရှင် နေနိုင်ကြသည်။ ဝက်ဝံများ မြွေများကဲ့သို့ တိရစ္ဆာန်များ ဆောင်းခိုကြလျှင် စွမ်းအင် ထိန်းသိမ်းထားသလို သူတို့၏ စွမ်း အင်များကို ထိန်းထား နိုင်ကြသည်။
သို့သော် ထိုကဲ့သို့ လူစွမ်းကောင်းများမှာ ဝက်ဝံများ မြွေများထက်ပိုပြီး စွမ်းအား ကြီးမားကြ လေသည်။ တစ်လကြာမျှ အစားအစာနှင့်ရေ မရရှိသည့်တိုင် အခြားသူများ၏ အသက်ကို နှုတ်ယူ နိုင်သေးသည်။
ထို့ပြင် အစိမ်းရောင်ဝတ် လူကို ဘုရင့် နေပြည်တော်သို့ ခေါ်ယူ ခဲ့ရန်အတွက် ပြည်နယ် အုပ်ချုပ် ရေးမှူးအား အထက်မှ လျှို့ဝှက်အမိန့် ပေးထားလေသည်။ ထို့ကြောင့် ထိုသူကို ဘာမှမလုပ်ဘဲ ထားခြင်း ဖြစ်လေသည်။ အားလုံးမှာ ထိုလူကို ခေါ်ဆောင်သွားမည့် ဘုရင့် နေပြည်တော်မှ လာမည့် လူများကိုသာ စောင့်နေကြလေသည်။
ပြည်နယ် အုပ်ချုပ်ရေးမှူး ပေးလိုက်သည့် စာသာမပါလျှင် ထောင်မှူးမှာ ဆန်းလျန်ကို ဤနေရာသို့ လိုက်ပို့မည် မဟုတ်ပေ။
အစိမ်းရောင်ဝတ် လူက မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ ညအမှောင်တွင် တောက်ပနေ သည့် ကြယ်စင်များကဲ့သို့ မျက်ဝန်းများက တောက်ပနေလေသည်။ ထိုမျက်ဝန်းများတွင် မကျေနပ်မှု များနှင့် ပြည့်နေလေသည်။
ဆန်းလျန်ရင်ထဲ လှပ်ခနဲ တစ်ချက် ဖြစ်သွားရသည်။ ထိုသူမှာ သူတို့ နောက်ဆုံး တွေ့ခဲ့သည့် အချိန်က ထက်ပင် ပိုပြီးအစွမ်း ထက်နေသေးသည်။
ဤသည်မှာ ဆန်းလျန်က စိတ်စွမ်းအင် မြင့်မားသောကြောင့်သာ သိလိုက်ရခြင်း ဖြစ်လေသည်။ မဟုတ်ပါက ထိုသို့ ခန့်မှန်းမိရန် ခက်ခဲပေလိမ့်မည်။
ဆန်းလျန်ဘေးတွင် ရပ်နေသည့် ထောင်မှူးမှာ အစိမ်းရောင်ဝတ် လူ၏ ဓားသွားကဲ့သို့ စူးရှသည့် အကြည့်ကို မြင်လိုက်ရသည်နှင့် လဲကျသွားလေတော့သည်။
ဆန်းလျန် ယခင်နေခဲ့သည့် ခေတ်ပေါ် ကမ္ဘာတွင် ဤစွမ်းအားကို “လူသတ်မျက်လုံး” ဟု ခေါ်ကြ သည်။ ဝတ္ထုများထဲမှ ဆန်းလျန် သိခဲ့ရခြင်း ဖြစ်လေသည်။ ယခုတော့ “လူသတ်မျက်လုံး” မှာ အမှန် တကယ် ဖြစ်ကြောင်း သိရှိရပြီ ဖြစ်လေသည်။
ဆန်းလျန်လည်း ထိုသို့ ပြုလုပ်နိုင်လေသည်။ သို့သော် သူအရင်ဆုံး လိုအပ်သည့် အရာတစ်ခု ရှိနေလေသည်။
ဆန်းလျန်မှာ မယုံကြည် နိုင်လောက်အောင် များပြားသည့် ကြွယ်ဝချမ်းသာမှု ရှိသော်လည်း မည်သို့ အသုံးပြု ရမည်ကို မသိသော လူတစ်ယောက်ကဲ့သို့ ဖြစ်နေရခြင်း ဖြစ်လေသည်။
ကြွယ်ဝ ချမ်းသာမှုများမှာ သုံးစွဲပစ်ဖို့ လိုအပ်သည် မဟုတ်ပါလား။
ထောင်မှူးမှာ ယခုလက်ရှိ ရပ်နေသည့် အကွာအဝေးမှာ အန္တရာယ် ကင်းလောက်သည်ဟု ထင်မိ ခဲ့သော်လည်း အစိမ်းရောင်ဝတ် လူ၏ စွမ်းအားက ပိုပြီး တိုးတက်လာခြင်း ဖြစ်လေသည်။ သူ၏ “နတ်သက်ခြွေ ဓားသိုင်း” မှာ အကွာအဝေး အတော်များများသို့ ရောက်ရှိ နေနိုင်ပြီ ဖြစ်လေသည်။ သို့သော် ထိုကိစ္စက ပြဿနာ မဟုတ်ပါ။
အခြား ဖြစ်နိုင်ချေများမှာ ….
အစိမ်းရောင်ဝတ် လူတွင် လျှို့ဝှက်ချက်တစ်ခု ရှိသည်လည်း ဖြစ်နိုင်လေသည်။
ယခုတော့ အခန်းထဲတွင် ဆန်းလျန်နှင့် အစိမ်းရောင်ဝတ်လူ နှစ်ယောက်သာ ကျန်ခဲ့လေတော့ သည်။
“မင်းက ဘယ်သူများလဲ”
“ကျုပ်နာမည်က ဆန်းလျန်ပါ။ ခင်ဗျားကို ဒီလို ဖမ်းချုပ်ထားတာ ကျုပ်အဘိုးပေါ့”
“ချင်ပြည်နယ် ဆန်းအိမ်တော်ကလား”
အစိမ်းရောင်ဝတ် လူက ဒေါသတကြီးဖြင့် မေးလိုက်သည်။ သူ့ကို ကြည့်ရသည်မှာ ခြောက်သွေ့ နေပြီး သူ့နှုတ်ခမ်းနှင့် လျှာများမှာ အက်ကွဲနေလေသည်။
“ခင်ဗျား ကျုပ်တို့အကြောင်း အရင်က ကြားဖူးတယ်ပေါ့”
“ကျုပ် ဘယ်တုန်းကမှ ဆန်းအိမ်တော်နဲ့ မပတ်သက်ခဲ့ဖူးဘူး။ ဆန်း အိမ်တော်ကလည်း ကျန်းဟူ နဲ့ သိပ်ပြီး မပတ်သက်ပါဘူး”
“လွန်ခဲ့တဲ့ တစ်လလောက်က ခင်ဗျားသတ်ခဲ့တဲ့ လူငယ်လေး နှစ်ယောက်ကို မှတ်မိသေးလား။ အဲဒါ ကျုပ်အဘိုးရဲ့ မြေးတွေပဲ။ကျုပ် အစ်ကိုဝမ်းကွဲတွေပေါ့”
“ဪ ဒါကြောင့်ကိုး။ ကျုပ်နားလည်ပါပြီ”
အစိမ်းရောင်ဝတ် လူမှာ သူ့အား အချိန်အကြာကြီး စိတ်အနှောင့်အယှက် ပေးနေသည့် မေးခွန်း ၏ အဖြေကို သိသွားပြီ ဖြစ်လေသည်။
“မင်းကတော့ ငါ့ကို သိပ်မုန်းတဲ့ပုံ မပေါ်ပါဘူး”
ဆန်းလျန်လည်း ထိုအကြောင်းကိုပဲ သိချင်နေမိတာ ဖြစ်လေသည်။
သူက ဆန်းအိမ်တော်နှင့် ပတ်သက်သော်လည်း အစိမ်းရောင်ဝတ် လူက သူ့ကို ဒေါသထွက်သည့် ပုံ မပေါက်ပေ။
“လူတွေက ကျုပ်ကို သတ်ဖို့ ရောက်လာကြတယ်။ ဒါပေမယ့် ကျုပ်က ပြန်သတ်ပစ်လိုက်တယ်။ မုန်းနေစရာ ဘာရှိလို့လဲ။ကျုပ်က လူတစ်ယောက်ကိုပဲ မုန်းတာ။ကျုပ်အမုန်းတွေနဲ့ ထိုက်တန်တဲ့သူ တခြားသူတွေကိုတော့ စိတ်ထဲတောင် မထားဘူး”
အစိမ်းရောင်ဝတ် လူက အရေးမထားသလို ပြောလိုက်သည်။
“ဒါကြောင့်ပဲသူက အရမ်းကို စိတ်ဓာတ် ခိုင်မာတဲ့သူ ဖြစ်နေတာကိုး”
ဆန်းလျန် တွေးလိုက် မိလေသည်။
“ကျုပ်ဘာလို့ ဒီကိုလာရလဲ ခင်ဗျားသိရဲ့လား”
“နတ်သက်ခြွေဓားသိုင်းကို ကျုပ်မင်းကို လွှဲပြောင်း ပေးနိုင်တယ်။ မင်း ရောက်မလာဘူး ဆိုရင် တောင်မှ ဒီရက်တွေမှာ ကျုပ်ကမင်းကို ရှာတော့မလို့ပဲ”
“ဘာဖြစ်လို့လဲ”
ဒီတစ်ကြိမ်တွင်တော့ မေးခွန်း မေးရသည့်သူက ဆန်းလျန် ဖြစ်သွားရလေသည်။ ယခုကဲ့သို့ ပြဿနာပေါင်းများစွာ ဖြစ်ပြီးသည့်နောက် “နတ်သက်ခြွေ ဓားသိုင်း” သင်ပေးရန်အတွက် အစိမ်းရောင် ဝတ်လူက သူ့ကိုရှာမည် ဆိုသည့် အချက်မှာ သူလုံးဝ မျှော်လင့် မထားသည့်အချက် ဖြစ်လေသည်။
အစိမ်းရောင်ဝတ် လူအနေဖြင့် သံမဏိကြိုးများ၊ လက်ထိပ်ခြေထိပ်များ ခတ်ထားခြင်း မရှိလျှင် ထောင်ကို ဖောက်ထွင်းပြီး ထွက်ပြေးနိုင်မည့် သူတစ်ယောက် ဖြစ်လေသည်။
ဆန်းလျန်မှာ ကျန်းဟူမှ လူစွမ်းကောင်းများ အကြောင်းကို သိပ်ပြီး သိရှိခြင်းမရှိပေ။
ဤအခြေအနေမှာ ဝူရှ သိုင်းဝတ္ထုထဲမှ အခြေအနေနှင့် မတူပါ။ ဤလောကမှာ ဆန်းကြယ် ထူးခြားလွန်းသည့် သိုင်းစွမ်းများ၊ ဝိညာဉ် စွမ်းအားများနှင့် ပြည့်နေသည့် လောကတစ်ခု ဖြစ်လေသည်။
သူအရင်က ဖတ်ခဲ့ဖူးသည့် ဝူရှ သိုင်းဝတ္ထုနှင့် ရှန်းရှ သိုင်းဝတ္ထုများမှာ လက်ရှိ အခြေအနေတွင် များစွာ အထောက်အကူ ပြုမည်မဟုတ်ပေ။
ထိုအချိန် မည်သည့်နေရာမှ ထွက်လာမှန်း မသိသည့် ထူးဆန်းသည့် တုံးခေါက်သံကို ဆန်းလျန် ကြားလိုက်ရလေသည်။ ညင်သာပြီး စည်းချက်ကျသည့် တုံးခေါက်သံ ဖြစ်လေသည်။ သို့သော် မည်သည့် နေရာမှ ထွက်ပေါ် လာသည်ကိုတော့ ဆန်းလျန်မသိပေ။