အခန်း (၇၀) လုန်ယွိက အခြေအနေတွေကို ပြောင်းပြန်လှန်ပစ်ချင်တာလား
အချို့တပည့်များက လုန်ယွိကို လှမ်းကြည့်လိုက်ကြသည်။
အများစုကတော့ သူမကို သိပ်ပြီး အာရုံမစိုက်ကြပေ။
လုန်ယွိမည်သူဖြစ်သည်ကို သိရှိကြသူများကတော့ လုန်ယွိကို စိတ်ဝင်တစားဖြင့် ကြည့်နေကြ၏။
လုန်ယွိက နဂါးမျိုးနွယ် ဖြစ်လေသည်။
ယခု နဂါးမျိုးနွယ်တစ်ယောက်က ကျောက်စိမ်းရေကန်ကို ပထမဆုံးဝင်ရောက်ရန် ကြိုးစားနေသည် မဟုတ်ပါလား။
ကျန်းလန်လည်း လုန်ယွိကို စောင့်ကြည့်နေခဲ့လေသည်။ သို့သော်… သူ သိပ်တော့ မျှော်လင့်မထားပေ။
ကျောက်စိမ်းရေကန်ကိုကြည့်ရသည်မှာ ဝင်ရောက်ရန် လွယ်ကူမလိုနှင့် တကယ်တမ်းတွင် ခက်ခဲလှသည်ကို သူ ရိပ်မိလေသည်။
ကျောက်စိမ်းရေကန်ကို ဝင်ရောက်ရန်မှာ ကျင့်ကြံခြင်းအဆင့်များနှင့်လည်း သက်ဆိုင်ခြင်း မရှိပေ။
ကျောက်စိမ်းရေကန်က ဝင်ရောက်မည့်သူကို ရွေးခြယ်နေခြင်းလား… (သို့မဟုတ်) ကျောက်စိမ်းရေကန်ထဲသို့ ဝင်ရောက်နိုင်မည့်သူကို ရှာဖွေနေခြင်းလား…။
ယခုအချိန်တွင်တော့ ကောက်ချက်ချနိုင်ရန် နည်းလမ်းမရှိသေးပေ။
ထိုအချိန်မှာပင်… လုန်ယွိက ကျောက်စိမ်းရေကန်အနားသို့ လျှောက်သွားပြီး မြူခိုးများရောက်လာမည်ကို စောင့်ဆိုင်းနေလေသည်။
စက္ကန့်ပိုင်းအတွင်းမှာပင်… ကန်ရေပြင်ကိုဖြတ်သန်းပြီး မြူခိုးများ ထွက်ပေါ်လာ၏။
မြူခိုးများကို ရင်ဆိုင်ရသည်နှင့် မြူခိုးများ၏ တိုက်ခိုက်မှုက မည်မျှ စွမ်းအားပြင်းထန်ကြောင်း အားလုံး သိရှိကြသည်။
သို့သော်… ကျောက်စိမ်းရေကန်သို့ ဝင်ရောက်နိုင်ရန် ကြိုးစားခဲ့သူများ အားလုံးကတော့ မြူခိုးများကို တတ်နိုင်သမျှ ခုခံ တိုက်ခိုက်ခဲ့ကြသည်ပဲ ဖြစ်သည်။
မြူခိုးများ၏ တိုက်ခိုက်မှုကို ခုခံနိုင်မှသာ ကျောက်စိမ်းရေကန်သို့ ဝင်ရောက်ရန် အခွင့်အရေး ရရှိမည် ဖြစ်ပေသည်။
“ဝှစ်…”
မြူခိုးများက လုန်ယွိရှိရာသို့ ဝင်ရောက်လာကြသည်။
လုန်ယွိက မြူခိုးများကို ပြန်လည်ခုခံတိုက်ခိုက်ရန် ကြိုးစားလိုက်သည်။
နူးညံ့သည့် လေပြေလေးက လုန်ယွိကို ဖြတ်သန်းတိုက်ခတ်သွားလေသည်။ သို့သော်… လေပြေလေးပင် ဖြစ်လင့်ကစား လုန်ယွိအတွက်တော့ ဟာရီကိန်းမုန်တိုင်းအလား ပြင်းထန်စွာ ခံစားလိုက်ရသည်။
သို့သော်… လုန်ယွိက မြူခိုးများကိုခုခံတိုက်ခိုက်နေသော်လည်း သူမ အစွမ်းကုန် ခုခံတိုက်ခိုက်နေခြင်းမဟုတ်မှန်း အားလုံး နားလည်လိုက်ကြသည်။
သူမက မြူခိုးများကို စမ်းသပ်ကြည့်နေသည့်အလား ဖြစ်လေသည်။
“သူ ဘာလုပ်နေတာလဲ… အခြေအနေလည်း မကောင်းဘူး မဟုတ်လား…”
အခြားတပည့်များက တွေးလိုက်ကြသည်။
ထိုစဉ်မှာပင်… လုန်ယွိ မြူခိုးများ၏ တိုက်ခိုက်ခြင်းကိုခံရပြီး နောက်သို့ ပြန်ဆုတ်လာလေသည်။
သို့သော်… တောင့်ခံမထားနိုင်ဘဲ ဤမျှလောက်ဖြင့် နောက်ဆုတ်မည်ဆိုလျှင် သူမအနေဖြင့် အောင်မြင်မှုနှင့် ပိုမို အလှမ်းဝေးသွားနိုင်သည်။
လက်ရှိတွင်တော့ သူမ ရှုံးနိမ့်နိုင်ချေများနေသည်ဟု အားလုံးက ထင်မှတ်မိကြသည်။
လုန်ယွိ နောက်ပြန်ဆုတ်လာသည်ကို ကျန်းလန်လည်း အကဲခတ်ကြည့်ရှုနေမိသည်။ သို့သော်… သူမကိုကြည့်ရသည်မှာ တစ်စုံတစ်ခု ကြံစည်နေဟန် ရှိသည်။
ကျန်းလန်အနေဖြင့် လုန်ယွိ၏ အကြံအစည်ကို မသိရှိနိုင်ပေ။
သို့သော်… လုန်ယွိ မန္တန်အချို့ကို အသုံးပြုနေကြောင်း ကျန်းလန် သတိထားလိုက်မိသည်။
“မန္တန်တွေကလည်း ဒီမြူခိုးတွေအပေါ် အလုပ်မဖြစ်တာများလား…”
ကျန်းလန် တွေးလိုက်မိသည်။
ဂိုဏ်းတူအစ်မ အတော်များများက မြူခိုးများကို ခုခံတိုက်ခိုက်ခဲ့ကြသည်။ သို့သော်… ထိုအချက်က အလုပ်မဖြစ်ပေ။
သို့သော်… လုန်ယွိကတော့ တစ်မူထူးခြားစွာ မန္တန်အချို့ကို အသုံးပြုကြည့်နေလေသည်။
လုန်ယွိက အဆင်ခြင်ကင်းမဲ့သူတစ်ယောက် မဟုတ်ကြောင်း ကျန်းလန် သိရှိပြီးသား ဖြစ်သည်။ သူမက ထူးဆန်းစွာပင် မန္တန်ကိုအသုံးပြုကာ မြူခိုးများကို တွန်းလှန်ရန် ကြံစည်နေခဲ့သည်။
“ဝှစ်…”
ကျန်းလန် အံ့အားသင့်နေစဉ်မှာပင် လုန်ယွိ အနောက်သို့ ပျံသန်းထွက်ခွာလာလေသည်။
မြူခိုးများက နေရာတွင်ပင် ရှိနေဆဲ ဖြစ်သည်။
လုန်ယွိက ပြန်လည် ဆုတ်ခွာသွားသည့်အတွက် မြူခိုးများမှာ မည်သို့ တိုက်ခိုက်ရမှန်း မသိဖြစ်သွားလေသည်။
လုန်ယွိက မြူခိုးများအပေါ်တွင် ပရိယာယ် အသုံးပြုနေခြင်းများလား…။
ကျန်းလန် မျက်မှောင်ကြုတ်လိုက်သည်။
ကျန်းလန်နှင့် မနီးမဝေးတစ်နေရာတွင် လုန်ယွိ မြေပြင်ထက်ဆင်းသက်လာသည်။
သူမ နောက်သို့ ထပ်မဆုတ်နိုင်တော့ပေ။ အကြောင်းမှာ အနောက်ဘက်တွင် ချောက်ကမ်းပါးကြီးသာ ရှိသောကြောင့် ဖြစ်၏။
သူမသာ နောက်သို့ ထပ်ဆုတ်မည်ဆိုလျှင် ချောက်ကမ်းပါးထဲ ကျသွားပေလိမ့်မည်။
သူမ ဤသို့ ပြုလုပ်နေခြင်းက ရှုံးနိမ့်ရန် နီးစပ်လေသည်။
ချောက်ကမ်းပါးအစွန်းတွင် ရပ်နေသည့် လုန်ယွိမှာလည်း အနည်းငယ် အံ့အားသင့်နေဟန် ရှိသည်။
မြူခိုးများကို ရင်ဆိုင်ရသည်မှာ သူမ စိတ်ကူးထားသည်နှင့် မတူညီဘဲ ကွဲပြားခြားနားနေဟန် ရှိသည်။
သို့သော်… သူမ တုန့်ဆိုင်းနေခြင်း မရှိပေ။
သူမက မြူခိုးများ ရပ်တန့်နေသည်ကို အခွင့်ကောင်းယူပြီး နဂါးတစ်ဝက်ခန္ဓာကိုယ်အဖြစ် အသွင်ပြောင်းကာ မြူခိုးများကို ထပ်မံတိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်။
လင်အန်းက…
“ကြည့်ရတာ သူလည်း အခြေအနေမကောင်းနိုင်ပါဘူး… ၊ တကယ်ဆိုရင် ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်က ကျောက်စိမ်းရေကန်ကို ဘယ်လိုလုပ် ဝင်နိုင်မှာလဲ…”
ဟုန်လွမ်က…
“ဂိုဏ်းတူညီမလေး အခု ဘာတွေလုပ်နေတာလဲဆိုတာ ငါလည်း မသိတော့ဘူး…”
ဟု ရေရွတ်လိုက်၏။
သူမက လုန်ယွိ တစ်စုံတစ်ခု ပြုလုပ်နေသည်ဟု ခံစားနေရသည်။
လုန်ယွိမှာ မြူခိုးများအတွင်း တိုးဝင်ပျံသန်းဝင်ရောက်သွားပြီး နောက်သို့ ဆုတ်လာပြန်လေသည်။
လုကျန်းက အနည်းငယ် အံ့အားသင့်သွားပြီး မျက်မှောင်တစ်ချက် ကြုတ်လိုက်သည်။
“သူက ပုံရိပ်ယောင်ကိုယ်ခွဲပညာအသုံးပြုနေတာလား… ၊ ကျုပ်က ဂိုဏ်းတူညီမလေး မြူခိုးတွေကြောင့် လွင့်ထွက်လာပြီ ထင်နေတာ…”
လုကျန်း၏ စကားကိုနားထောင်ရင်း လင်အန်းလည်း အံ့အားသင့်နေမိသည်။
“သူအသုံးပြုနေတာ အစီအရင်တစ်ခုလား… ၊ ဒါပေမဲ့ ဘာလို့ အဲဒီအစီအရင်ကို ကျုပ် မသိရတာလဲ… ၊ နဂါးမျိုးနွယ်ဂိုဏ်းတူညီမလေးကတော့ ပညာတွေ ပြနေပြီဟေ့…”
ကျန်းလန်လည်း ခဏမျှ စဉ်းစားနေလေသည်။
“အခြေအနေက တစ်ခုခု ပုံမှန် မဟုတ်သလိုပဲ… ၊ တစ်နေရာမှာ ငါ ဒါမျိုးကိစ္စတစ်ခုခုကို တွေ့ဖူးသလိုပဲ… ဖြစ်နိုင်တာက…”
ကျန်းလန်က လုန်ယွိကိုကြည့်ရင်း ဖြစ်နိုင်ချေတစ်ခုကို တွေးလိုက်မိသည်။
မြူခိုးများ၏ တိုက်ခိုက်မှုကို ကျော်လွှားနိုင်လျှင် လုန်ယွိ ကျောက်စိမ်းရေကန်အတွင်းသို့ ဝင်ရောက်နိုင်မည် ဖြစ်သည်။
သူမ ကျောက်စိမ်းရေကန်သို့ ဝင်ရောက်နိုင်မည်ဆိုလျှင် သူ၏ နတ်ဘုရားမပန်းချီကားသည်လည်း အသက်ဝင်လာမည် ဖြစ်သည်။
သို့သော်… မည်သို့သော ကိစ္စများဖြစ်ပျက်လာမည်ကို ကျန်းလန်လည်း ရေရေရာရာ မသိရှိပေ။
သူက အခြေအနေများကိုသာ တည်တည်ငြိမ်ငြိမ်ဖြင့် စောင့်ကြည့်နေလေသည်။
မြူခိုးများက လုန်ယွိရှိရာသို့ ဝင်ရောက်လာပြန်သည်။ လုန်ယွိက အနောက်သို့ ထပ်ဆုတ်လိုက်လေသည်။
သူမ၏ ခြေဖျားလေးများသည် ချောက်ကမ်းပါးအစွန်းထက်တွင် ထောက်လျှက်သားရှိနေပြီး သူမ၏ ဝတ်ရုံများက လေပြင်းများကြားတွင် လူးလွန့်လျှက် ရှိလေသည်။
သို့သော်… သူမ တောင်အောက်သို့ ပြုတ်ကျသွားခြင်း မရှိပေ။
အားလုံးက သူမ ကျရှုံးသွားပြီဟု သတ်မှတ်လိုက်ကြသည်။
တကယ်ဆို သူမက ကျောက်စိမ်းရေကန်သို့ ဝင်ရောက်ရန် အရည်အချင်းအများကြီးလိုသေးသည် မဟုတ်ပါလား။
သူမအတွက် အောင်မြင်ရန်မှာ မည်သည့်နည်းနှင့်မှ မဖြစ်နိုင်ပေ။
မြူခိုးများကို အရှိန်အဟုန်ပြင်းစွာဖြင့် ခုခံတိုက်ခိုက်ခဲ့သည့် ဟန်ုလွမ်ပင်လျှင် ကျောက်စိမ်းရေကန်သို့ ဝင်ရောက်နိုင်ခဲ့ခြင်း မရှိပေ။
ထို့ကြောင့်… လုန်ယွိ ကျောက်စိမ်းရေကန်သို့ ဝင်ရောက်ရန်မှာ မည်သည့်နည်းနှင့်မှ မဖြစ်နိုင်ဟု အားလုံးက ထင်မှတ်ထားကြသည်။
သို့သော်…ချောက်ကမ်းပါးအစွန်းတွင် ရပ်နေသည့် လုန်ယွိ ကျောက်စိမ်းရေကန်သို့ ဝင်နိုင်ပါဦးမည်လားဟု ဟုန်လွမ်ကတော့ သိချင်နေမိသည်။
အချို့တပည့်များက လုန်ယွိကို ကြည့်နေကြဆဲ ဖြစ်သော်လည်း အချို့တပည့်များကတော့ အရေးမစိုက်ကြတော့ပေ။
သူမ သေချာပေါက် ရှုံးနိမ့်မည်ဟု အားလုံးက ကြိုတင်ကောက်ချက်ချထားကြသည်။
ကျန်းလန်ကတော့ လုန်ယွိကို စောင့်ကြည့်နေရင်း အခွင့်အရေးတစ်ခု ရှိဦးမည်ဟု ခံစားနေရသည်။
လုန်ယွိကို အာရုံစိုက်နေသူများက အဘယ့်ကြောင့် လုန်ယွိ အရှေ့သို့ မသွားဘဲ ချောက်ကမ်းပါးအစွန်းတွင် မတ်တတ်ရပ်နေသည်ကို နားမလည်နိုင်ကြပေ။
ထို့နောက်တွင်တော့…
လုန်ယွိက ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်းလှည့်လိုက်ပြီး ကျောက်စိမ်းရေကန်ကို ကျောခိုင်းထားလိုက်သည်။
“သူမ… ဘာလုပ်ဖို့ ကြိုးစားနေတာလဲ…”
သူမ ဘာလုပ်နေသည်ကို အခြားသူများကတော့ သိရှိမည် မဟုတ်ပေ။ သို့သော်… ကျန်းလန်ကတော့ သိရှိလေသည်။
ပါရမီရှင်များကတော့ အမှန်တကယ်ပင် ပါရမီရှင်မြောက်ပါပေသည်ဟု ကျန်းလန် တွေးလိုက်မိ၏။
သူမက ကျန်းလန် သူမကို သင်ပေးခဲ့သည့် သေးယ်သည့် လှည့်ကွက်လေးကို အသုံးပြုရန် စဉ်းစားနေခြင်း ဖြစ်သည်။
သူမက ထိုလှည့်ကွက်လေးကို အသုံးပြုကာ အခြေအနေတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်လိုခြင်း ဖြစ်သည်။
လင်စီးယာက…
“ဂိုဏ်းတူအစ်မလုန်ယွိ… ဘာလုပ်နေတာလဲ… ၊ သူ အရှုံးပေးလိုက်ပြီလား…”
တစ်ခုခုလွဲနေသည်ဟု သူမ ခံစားနေရလေသည်။
သို့သော် မည်သည့်အရာကလွဲနေမှန်း အတိအကျ ပြောဆိုနိုင်ခြင်း မရှိပေ။
မုရှိုးက ခပ်တိုးတိုးလေသံဖြင့်…
“သူ အရှုံးမပေးသေးဘူး… ၊ ဆက်သာကြည့်နေ…”
ကျင်းထင်လည်း တစ်စုံတစ်ခုကို တွေးလိုက်မိဟန် ရှိသည်။
“မဖြစ်နိုင်ဘူး… မဖြစ်နိုင်ဘူး… အဲဒါက… အဲဒါကို အခုလိုမျိုး အသုံးပြုလို့ ဖြစ်ပါ့မလား…”
သူတို့ ယခု လုန်ယွိ အသုံးပြုမည့်အစီအရင်ကို တစ်ခါမှ တွေ့မြင်ဖူးခြင်း မရှိပေ။
လုန်ယွိက ကျောက်စိမ်းရေကန်ကို ကျောခိုင်းပြီး ချောက်နက်ကြီးကို မျက်နှာမူလျှက် အနေအထားဖြင့် နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။
လုန်ယွိက သူတို့ကို ပြောပြခဲ့ဖူးသည့် မြူခိုးများကိုဖယ်ရှားသည့် အစီအရင်ကို အသုံးပြုနေခြင်း မဟုတ်ပါလား။ ထိုအစီအရင်၏ မူလပိုင်ရှင်က နဝမတောင်ထွတ်မှ ဂိုဏ်းတူညီလေး ဖြစ်လေသည်။
လင်အန်း ၊ ဟုန်လွမ် ၊ လုကျန်းနှင့် အခြားသူများမှာ လုန်ယွိ မည်သည့်အရာကို ပြုလုပ်နေသည်ကို သေသေချာချာမသိရှိကြပေ။ သို့သော်… တစ်စုံတစ်ခု ထူးခြားသည်ကိုတော့ အာရုံခံမိကြသည်။
သူတို့အားလုံး လုန်ယွိကို ကြည့်နေကြသည်။
လုန်ယွိက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ…။
တစ်ခုုခု လွဲနေသည်ကို သူတို့အားလုံး ခံစားမိကြသည်။
ကျောက်စိမ်းရေကန်ကို ကျောပေးထားသည့် လုန်ယွိက သူမပတ်ဝန်းကျင်မှ မြူခိုးများကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး သူမ၏ လက်တစ်ဖက်ကို ဖြည်းဖြည်းချင် ပင့်မြှောက်လိုက်သည်။
သူမ၏ အောင်မြင်ခြင်း ၊ ရှုံးနိမ့်ခြင်းက ဤအစီအရင်ပေါ်တွင် မူတည်နေလေသည်။
လုန်ယွိ၏ လက်ထဲတွင် သေးငယ်သည့် ကြွေပုလင်းလေးတစ်လုံးပေါ်လာလေသည်။ ထိုအရာက အစီအရင်တစ်ခုဖြစ်လေ၏။
သို့သော်… အလွန်မှ ရိုးရှင်းသည့် သမားရိုးကျ အစီအရင်တစ်ခု ဖြစ်သည်။
ပြောရမည်ဆိုလျှင် … ထိုအစီအရင်က မည်သည့်အစွမ်းသတ္တိမှ မရှိသည့် အစီအရင်လေးမျှသာ ဖြစ်သည်။
လုန်ယွိ၏ လှုပ်ရှားမှုကို နားလည်နိုင်သူ သိပ်များများစားစား မရှိပေ။
သို့သော်… ကျန်းလန်ကတော့ လုန်ယွိကို ကြည့်နေခဲ့လေသည်။
လုန်ယွိ ပြုလုပ်နေသည့်အလုပ်များကို ကျန်းလန် ရှင်းရှင်းလင်းလင်း နားလည်နေခဲ့သည် မဟုတ်ပါလား။