အခန်း (၆၉) ကျောက်စိမ်းရေကန်အတွင်းသို့ ဝင်ရောက်ရန်ကြိုးစားခြင်း
“သူက နဝမတောင်ထွတ်က ဂိုဏ်းတူညီလေး မဟုတ်လား… ၊ အတွင်းပိုင်းနယ်မြေအထိ ဝင်လာနိုင်မယ်လို့ ထင်မထားမိဘူး…”
ကျောက်စိမ်းရေကန် အတွင်းပိုင်းနယ်မြေထဲ ရောက်ရှိနေသည့် အဋ္ဌမတောင်ထွတ်မှ အင်မော်တယ်တပည့် လုကျန်းက ရေရွတ်လိုက်ခြင်း ဖြစ်၏။
ကျန်းလန်ကိုကြည့်ပြီး လုကျန်း အနည်းငယ် အံ့အားသင့်နေမိသည်။
ကျောက်စိမ်းရေကန်ဖွင့်ပွဲ လာရာလမ်းတွင် သူ ကျန်းလန်ကို သွားရောက်နှုတ်ဆက်ပြီး အနီးကပ်သေသေချာချာ လေ့လာခဲ့ပြီး ဖြစ်သည်။
ကျန်းလန်က သာမန်အရည်အချင်းမျှသာ ရှိပြီး ပါရမီရှင်တပည့်တစ်ယောက် မဟုတ်ပေ။
သို့သော်… ကျန်းလန်၏ စိတ်စွမ်းအားက လှိုင်းမထသည့် ရှေးဟောင်းရေတွင်းကြီးတစ်ခုအလား အလွန်တည်ငြိမ်လေသည်။
ထိုအချက်က အမှန်တကယ်ပင် လေးစားလောက်စရာ ဖြစ်၏။
သို့သော်… ကျင့်ကြံသူတစ်ယောက် စိတ်စွမ်းအားကောင်းမွန်ခြင်းက ကျောက်စိမ်းရေကန်သို့ ဝင်ရောက်ရာတွင် သိပ်ပြီး အသုံးမဝင်လှပေ။
“ကြည့်ရတာ ဒီညီလေးက အစီအရင်ပညာကိုလည်း အတော်လေး တတ်ကျွမ်းနားလည်ပုံရတယ်… ၊ သူ့ပင်ကိုယ်အရည်အချင်းရယ်… စိတ်စွမ်းအားကောင်းတာလောက်ရယ်နဲ့တော့ ဒီနေရာအထိ ရောက်လာနိုင်မှာ မဟုတ်ဘူး… ၊ အစီအရင်ပညာကို အတော်လေး ကျွမ်းကျင်လို့သာ ဖြစ်ရမယ်…”
ထို့နောက် … လုကျန်းက ကျန်းလန်ကို သိပ်ပြီး အာရုံမထားတော့ပေ။
ကျန်းလန် ကျောက်စိမ်းရေကန် အတွင်းပိုင်းနယ်မြေသို့ ဝင်ရောက်လာနိုင်သောကြောင့် လုကျန်းက အနည်းငယ် စိတ်ဝင်စားမိခြင်း ဖြစ်သည်။
မကြာမီ ကျောက်စိမ်းရေကန်ဖွင့်ပွဲ စတင်တော့မည် ဖြစ်သည်။
ဆလိုက်မီးတစ်ခုအလား ကောင်းကင်ထက်မှ အလင်းတန်းတစ်ခု လင်းလက်လာပြီး ကျောက်စိမ်းရေကန် အတွင်းပိုင်းနယ်မြေသို့ ဝင်ရောက်လာနိုင်သည့် တပည့်များပေါ်သို့ တစ်ယောက်ချင်းစီ မီးမောင်းထိုးပြလျှက် ရှိသည်။
မြူခိုးများ လုံး၀ ပျောက်ကွယ်သွားပြီ ဖြစ်သောကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးကို ရှင်းရှင်းလင်းလင်း တွေ့မြင်နေရလေသည်။
ထို့နောက်… ကျောက်စိမ်းရေကန်မှ မှိန်ပျပျ အလင်းရောင်လေးတစ်ခု ထွက်ပေါ်လာသည်။
ထိုအလင်းရောင်မှိန်ပျပျလေးက ကျောက်စိမ်းရေကန် အတွင်းပိုင်းနယ်မြေသို့ ရောက်ရှိနေသည့် ကျင့်ကြံသူမိန်းမပျိုများထံသို့ ရွေးခြယ်ကျရောက်သွားသည်။
သို့သော်… ကျောက်စိမ်းရေကန် အပြင်ဘက်နယ်မြေတွင် ရှိနေသည့် မိန်းမပျိုများထံသို့ အလင်းရောင်က ရောက်ရှိနိုင်ခြင်း မရှိပေ။
ကျန်းလန် အခြေအနေကို ချက်ချင်းနားလည်သွားသည်။
“သြော်… အတွင်းပိုင်းနယ်မြေထဲအထိ ဝင်လာနိုင်တဲ့ မိန်းကလေးတွေက ကျောက်စိမ်းရေကန်ထဲ ဝင်ခွင့်ရမယ့်သူတွေ ဖြစ်ရမယ်…”
ကျောက်စိမ်းရေကန် ဖွင့်ပွဲစတင်ပြီ ဖြစ်သည်။
ကျောက်စိမ်းရေကန်မှ ထွက်ပေါ်လာသည့် မှိန်ပျပျ အလင်းရောင်က လုန်ယွိ၏ ခန္ဓာကိုယ်ထက်သို့လည်း ကျရောက်လာသည်။
ကျောက်စိမ်းရေကန်သို့ ဝင်ရောက်ရန်အတွက် ကျင့်ကြံခြင်းအဆင့် ခွဲခြားသတ်မှတ်ထားခြင်း မရှိပေ။
ကျား ၊ မ ခွဲခြားသတ်မှတ်ချက်သာရှိပြီး မိန်းကလေးများသာလျှင် ကျောက်စိမ်းရေကန်သို့ ဝင်ရောက်နိုင်မည် ဖြစ်သည်။
“တစ်ယောက်ယောက်တော့ ကျောက်စိမ်းရေကန်ထဲ ဝင်နိုင်ဖို့ မျှော်လင့်မိပါရဲ့…”
ကျန်းလန် ရေရွတ်လိုက်၏။
မည်သူမှ ကျောက်စိမ်းရေကန်ထဲ မဝင်နိုင်လျှင်တော့ သူရရှိထားသည့် ကျောက်စိမ်းရေကန်နတ်ဘုရားမပန်းချီကား အလကားဖြစ်ရပေတော့မည်။
“ဂိုဏ်းတူအစ်မတို့… ကျောက်စိမ်းရေကန်ထဲ ဝင်ချင်ရင် ကြိုးစားကြည့်လို့ ရပါပြီဗျာ…”
ထိုစကားကိုပြောလိုက်သူက လင်အန်းဖြစ်၏။
လင်အန်းဆိုသည်က ပထမတောင်ထွတ်မှ တောင်သခင် ဖုန်းယီရှောက်ဟု အနီးကပ်တပည့်ဖြစ်သလို အင်မော်တယ်အဆင့် တပည့်တစ်ယောက်လည်း ဖြစ်လေသည်။
သူက တောင်ထိပ်တစ်နေရာတွင် ရောက်ရှိနေခြင်း ဖြစ်သည်။
သူရောက်ရှိနေသည့် နေရာက ကျောက်စိမ်းရေကန်နှင့် အနီးဆုံးနေရာတွင် မဟုတ်သော်လည်း အားလုံး၏ ရှေ့တွင် ရောက်ရှိနေခြင်း ဖြစ်၏။
ကျန်းလန်က အခြေအနေကို တစ်ချက်ကြည့်လိုက်ပြီး…
“ငါအပါအဝင် စုစုပေါင်း (၁၅) ယောက် ရှိတယ်… ၊ (၁၅)ယောက်မှာ (၆)ယောက်က မိန်းကလေးတွေပဲ… ၊ မိန်းကလေးတွေအားလုံးထဲက (၂)ယောက်က အင်မော်တယ်တွေဆိုတာ သေချာတယ်… ၊ ကျန်တဲ့ (၃)ယောက်ကတော့ သူတို့ရဲ့ အငွေ့အသက်တွေကို ထိန်းချုပ်ထားလို့ ကျင့်ကြံခြင်းအဆင့် ဘယ်လောက်ရှိလဲဆိုတာ မခန့်မှန်းနိုင်ဘူး… ၊ အစ်မလုန်ယွိကတော့ ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်ပဲ…”
ထို ကျင့်ကြံသူမိန်းမပျို (၆)ယောက်က ကျောက်စိမ်းရေကန်သို့ ဝင်ရောက်ခွင့်ရသည့် အဓိကအင်အားစု ဖြစ်သည်။
အချို့မိန်းမပျိုများကတော့ ကျောက်စိမ်းရေကန်သို့ ဝင်ရောက်ရန် ကြိုးစားကြည့်လိုကြသော်လည်း သိပ်တော့ စိတ်အားထက်သန်ဟန် မရှိပေ။
ကျန်းလန်၏ ရှေ့နားတွင် ရပ်နေသည့် ဂိုဏ်းတူအစ်မတစ်ယောက်ဆိုလျှင် အင်မော်တယ်တစ်ပါး ဖြစ်လေသည်။ သို့သော်… သူမကို ကြည့်ရသည်မှာ ကျောက်စိမ်းရေကန်သို့ ဝင်ရောက်ရန် သိပ်ပြီး စိတ်ဝင်စားဟန် မရှိပေ။
ထိုအချိန်မှာပင်…
ကျောက်စိမ်းရေကန် အတွင်းပိုင်းနယ်မြေတွင် ရောက်ရှိနေသည့် ဂိုဏ်းတူအစ်မတစ်ယောက်က ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။
သူမက လင်အန်းကို တစ်ချက်လှမ်းကြည့်လိုက်ပြီး…
“ဂိုဏ်းတူမောင်လေးလင်အန်း… ၊ မင်းကလေ ငါတို့ရှေ့မှာ အမြဲတမ်း ရောက်နေတယ် ၊ ပြီးရင်… ငါတို့ ကျောက်စိမ်းရေကန်ထဲဝင်တာကိုလည်း အတော်လေး ကြည့်ချင်နေတဲ့ပုံပဲ…”
ပြောပြီးသည်နှင့် သူမက ကျောက်စိမ်းရေကန်သို့ အရင်ဆုံးဝင်ရောက်ရန် ဟန်ပြင်လိုက်သည်။
သူမ၏ စကားအရဆိုလျှင် လင်အန်းရော သူမပါ ကျောက်စိမ်းရေကန်ဖွင့်ပွဲသို့ (၁)ကြိမ်မက တက်ရောက်ခဲ့ဖူးသူများ ဖြစ်ဟန်ရှိသည်။
ကျောက်စိမ်းရေကန်သို့ အရင်ဦးဆုံး ဝင်ရောက်ရန် ဟန်ပြင်လိုက်သည့် ဂိုဏ်းတူအစ်မ၏ အမည်က ဟုန်လွမ် ဖြစ်၏။
ဟုန်လွမ်က ကျောက်စိမ်းရေကန်တည်ရှိရာ အရှေ့ဆီသို့ လမ်းလျှောက်ထွက်သွားလေသည်။
ကျန်းလန်က သူမကို တစ်ချက်လှမ်းကြည့်လိုက်၏။
အနီရောင်ဝတ်ဆင်ထားသည့် ချောမောလှပသော မိန်းမပျိုတစ်ယောက်ဖြစ်သည်ကို တွေ့လိုက်ရသည်။
သူမ ကျောက်စိမ်းရေကန်ရှိရာသို့ ထွက်ခွာသွားသည်နှင့် ကျောက်စိမ်းရေကန်ထက်မှ မြူခိုးများက ဒီရေအလား မြင့်တက်လာသည်။
“ဝှစ်…”
နူးညံ့သည့်လေပြတစ်ချက် တိုက်ခတ်လာပြီး အဖြူရောင်မြူခိုးများက ဟုန်လွမ်ရှိရာသို့ အရှိန်အဟုန်နှင့် ဝင်ရောက်လာသည်။
အဖြူရောင်မြူခိုးများက ဟုန်လွမ်ကို ဖြတ်သန်းတိုက်ခတ်သွားလေသည်။
မြူခိုးများမှာ သာမန်မြူခိုးများမဟုတ်ဘဲ တန်ခိုးစွမ်းအားများ အပြည့်အ၀ ပါဝင်နေဟန် ရှိသည်။
ဟုန်လွမ်က သူမထံသို့ ဝင်ရောက်လာသည့် မြူခိုးများကို တတ်နိုင်သမျှ ခုခံတိုက်ခိုက်နေသည်။
သူမ သတိတစ်ချက်လွတ်သွားသည်နှင့် မြူခိုးများက သူမကို အဝေးသို့ ရိုက်ထုတ်လိုက်မည် ဖြစ်သည်။
သူမက ရှေ့သို့ ခြေတစ်လှမ်းချင်းလှမ်းရင်း အဖြူရောင်မြူခိုးများ၏ တိုက်ခိုက်မှုကို ခုခံလျှက် ရှိသည်။
သူမ၏ ခြေလှမ်းများက ခိုင်မာပြီးနောက်သို့ တစ်ချက်မှ ပြန်မဆုတ်ပေ။
အဖြူရောင်မြူခိုးများကို ခုခံတိုက်ခိုက်ရင်း ဟုန်လွမ်က ကျောက်စိမ်းရေကန်ရှိရာသို့ လျှင်မြန်လွန်းသည့် အရှိန်ဖြင့် ဝင်ရောက်သွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူမ ကျောက်စိမ်းရေကန်အနားသို့ ရောက်ရှိသွားသည်။
ကျောက်စိမ်းဝိညာဉ် ကန်ရေပြင်ထက်သို့ ခြေချမိရန် ခြေတစ်လှမ်းခန့်သာ လိုတော့သည်။ သို့သော်… ထိုခဏမှာပင် သူမ၏ ခြေလှမ်းများ ရပ်တန့်သွားလေသည်။
သူမ မည်မျှပင်ကြိုးစားပါစေ ရှေကဆက်မတိုးနိုင်တော့ပေ။
လုကျန်းက သက်ပြင်းတစ်ချက်ချလိုက်ရင်း…
“စိတ်မကောင်းစရာပဲ…”
ဟု ရေရွတ်လိုက်၏။
ထို့နောက် ဟုန်လွမ် နောက်သို့ ပြန်လည် လွင့်ထွက်လာသည်ကို ကျန်းလန် မြင်လိုက်ရသည်။
“ဝှစ်…”
သူမလွင့်ထွက်လာသည်နှင့် မြူခိုးများက သူမကို ဝန်းရံထိန်းချုပ်ပြီး တွန်းကန်ပစ်လိုက်သည်။
သို့သော်… ဟုန်လွမ်က အလွန်တရာ တန်ခိုးစွမ်းအားမြင့်မားသူတစ်ယောက် ဖြစ်သောကြောင့် မြေပြင်ထက်သို့ ပုံပျက်ပန်းပျက် လွင့်စင်ကျသွားခြင်းမျိုး မရှိပေ။
ဟန်ချက်ညီအောင်ထိန်းရင်း မြေပြင်ထက်သို့ အသာအယာ ပြန်ကျလာလေသည်။
သို့သော်… သူမကိုကြည့်ရသည်မှာ အတော်လေး မကျေမနပ်ဖြစ်နေဟန် ရှိသည်။
ထို့နောက်… သူမ မြူခိုးများထဲမှ ထွက်လာပြီး မူလနေရာတွင် ပြန်လည် မတ်တတ်ရပ်နေလေသည်။
“ဒါပေမဲ့ ဒီမြူခိုးအစီအရင်က သိပ်လည်း မခက်လှပါဘူး…”
ကျန်းလန် ရေရွတ်လိုက်သည်။
သို့သော်… ကျန်းလန်ကို ကျောက်စိမ်းရေကန်သို့ ဝင်ရောက်ရန် အခွင့်အရေးပေးလာပါက သူလည်း ဝင်ရောက်နိုင်စွမ်း ရှိမည်မဟုတ်ပေ။
သိမြင်ခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းက တကယ်တမ်းတွင် ကွဲပြားခြားနားသည် မဟုတ်ပါလား။
ထို့နောက်တွင်တော့… ဂိုဏ်းတူအစ်မများ တစ်ယောက်ပြီးတစ်ယောက် ကျောက်စိမ်းရေကန်ထဲ ဝင်ရောက်သွားကြသည်ကို ကျန်းလန် ကြည့်နေလေသည်။
သို့သော်… ရလဒ်က အတူတူပင် ဖြစ်၏။
ကျင့်ကြံခြင်းအဆင့်ကို ထည့်တွက်စရာမလိုပေ။ သူတို့အားလုံး မြူခိုးများ၏ တိုက်ခိုက်ခြင်းကို ခံနိုင်ရည် မရှိခဲ့ကြပေ။
ဂိုဏ်းတူအစ်မတစ်ယောက် စူးရှစွာ အော်ဟစ်လိုက်ပြီး လွင့်ထွက်လာလေသည်။
ထိုမြင်ကွင်းကို ကျန်းလန် မကြည့်ချင်တော့သဖြင့် အကြည့်လွှဲလိုက်၏။
သူရပ်နေသည့် တောင်အစွန်းက ကျောက်စိမ်းရေကန်နှင့် အနည်းငယ် နီးကပ်လေသည်။ ထို့ကြောင့် မိန်းကလေးများ လွင့်ထွက်လာလျှင် အသေးစိတ်မဖြစ်အပျက်များကို တွေ့မြင်နေရသည့် နေရာတစ်ခု ဖြစ်သည်။
အချို့ ဂိုဏ်းတူအစ်မများဆိုလျှင် ပုံပျက်ပန်းပျက် လွင့်ထွက်လာကြလေရာ ကျန်းလန်သာ ဆက်ကြည့်နေမည်ဆိုလျှင် မိန်းကလေးများကို စော်ကားသလို ဖြစ်နေပေလိမ့်မည်။
ထို့ပြင်… မိန်းကလေးများဆိုသည်ကလည်း နားလည်ရန် ခက်ခဲသူများ ဖြစ်ကြ၏။
ကျန်းလန်က သာမန်ပင် ကြည့်မိဦးတော့ မိန်းမပျိုများ အရှက်ကွဲနေသည့်အချိန်တွင် ကြည့်မိပါက ရည်ရွယ်ချက်ရှိရှိဖြင့် ကြည့်နေသည်ဟု အထင်ခံရကိန်းရှိသည်။
ထို့ပြင်… ကျောက်စိမ်းရေကန်တည်ရှိရာ တောင်ထိပ်သို့ ရောက်နေသူများထဲတွင် ကျန်းလန်တစ်ယောက်သာ ကျင့်ကြံခြင်းအဆင့် နိမ့်ပါးသူ ဖြစ်သည်။
သူက အများအမြင်တွင် ရွှေပြဒါးအမြုတေအဆင့် အလယ်ဆင့်မျှသာ ရှိသေးသည် မဟုတ်ပါလား။
ကျန်လူများအားလုံးက ကျင့်ကြံခြင်းအဆင့် အလွန်တရာ မြင့်မားသူများ ဖြစ်ကြသည်။
ထို့ကြောင့် ကျောက်စိမ်းရေကန်သို့ ဝင်ရောက်ကြသည့် ဂိုဏ်းတူအစ်မများကို ပြူးပြဲပြီး ကြည့်နေပါက အထင်လွဲခံရပြီး မလိုအပ်သည့် ပြဿနာများ ဖြစ်လာနိုင်ပေသည်။
ကျန်းလန် အကြည့်လွှဲထားစဉ်မှာပင် လေထဲသို့ လွင့်ထွက်လာသည့်အသံများ ၊ မြေပြင်ထက်သို့ ပြုတ်ကျသည့် အသံများ ၊ ရှက်ဖွယ်လိလိ အော်ဟစ်သံများကို ကြားနေရသည်။
အချို့သောမိန်းကလေးများမှာ ပထမဆုံးအကြိမ် ဝင်ရောက်ခြင်း ဖြစ်သောကြောင့် အတော်လေး အခက်တွေ့ကာ ပုံပျက်ပန်းပျက် ဖြစ်ကြဟန်ရှိသည်။
သို့သော်… မိန်းကလေးများကို ကြည့်နေကြသည့် ယောကျ်ားလေးများမှာ အသံတစ်စက်ပင် မထွက်ရဲကြပေ။
ကျောက်စိမ်းရေကန်သို့ ဝင်ရောက်ရန် ကြိုးစားကြသည့် ဂိုဏ်းတူအစ်မများအားလုံးက တန်ခိုးစွမ်းအားမြင့်မားသူများ ဖြစ်ကြသည်။
သူတို့ကို လှောင်ပြောင်ရယ်မောခြင်း ၊ ပြောဆိုဝေဖန်ခြင်းပြုလုပ်မိပါက တစ်ချက်တည်းဖြင့် သဲလွန်စမကျန်အောင် အမှုန့်ဖြစ်သွားနိုင်ဖွယ်ရှိလေ၏။
အချိန်အတန်ကြာပြီးသည့်နောက်…
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားလေသည်။
မည်သူမှ ရှေ့ထွက်ပြီး ကျောက်စိမ်းရေကန်သို့ ဝင်ရောက်ရန် ထပ်မံကြိုးစားကြခြင်း မရှိတော့ပေ။
အားလုံးက ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်ကြည့်လိုက်ကြသည်။ သို့သော်… မည်သူမှ ထပ်မံကြိုးစားကြမည့်သူမ ရှိတော့ပေ။
“ဘယ်သူမှ မရှိကြတော့ဘူးလား…”
ကျန်းလန် သက်ပြင်းတစ်ချက်ချရင်း တွေးလိုက်သည်။
ကျောက်စိမ်းရေကန်အတွင်း မည်သူမှ မဝင်ကြတော့ဘူးဆိုလျှင် ကျောက်စိမ်းရေကန်တွင် နတ်ဘုရားမ ရှိတော့မည် မဟုတ်ပေ။
ထိုသို့ဆိုလျှင် သူရရှိထားသည့် ကျောက်စိမ်းရေကန်နတ်ဘုရားမ ပန်းချီကားမှာ အလှချိတ်ဆွဲထားရန် သက်သက်သာ ဖြစ်ရပေတော့မည်။
ကျန်းလန် စိတ်ထဲ နှမျောတသ ဖြစ်သွားမိသည်။
ထိုအချိန်…
သူ့နံဘေးတွင် ရပ်နေသည့်လုန်ယွိကတော့ ရှေ့သို့ ခြေတစ်လှမ်းတိုးသွားလေသည်။
လုန်ယွိ၏ အပြုအမူကြောင့် ကျန်းလန် အံ့အားသင့်ခြင်း မဖြစ်မိပေ။
လုန်ယွိ ကျောက်စိမ်းရေကန်သို့ ရည်ရွယ်ချက်တစ်ခုဖြင့် ရောက်လာသူဖြစ်ကြောင်း ကျန်းလန် ရိပ်မိထားသည် မဟုတ်ပါလား။
သို့သော်… သူမကို ကြည့်ရသည်မှာ ကျောက်စိမ်းရေကန်သို့ ဝင်ရောက်ရန် ယုံကြည်ချက် ရှိပါမည်လား ကျန်းလန် မခန့်မှန်းနိုင်ပေ။
ကျန်းလန် လုန်ယွိကို လှမ်းကြည့်လိုက်လေသည်။
လင်စီးယာကလည်း လုန်ယွိကို လှမ်းကြည့်ရင်း ရေရွတ်လိုက်၏။
“ဂိုဏ်းတူအစ်မ ဝင်နိုင်မလား သိချင်လိုက်တာ…”
လုန်ယွိ ကျောက်စိမ်းရေကန်သို့ ဝင်ရောက်ရန် ကြိုးစားကြည့်မည်ကို လင်စီးယာ အစကတည်းက သိရှိပြီးသား ဖြစ်၏။
လင်စီးယာဘေးနားမှ မုရှိုးကတော့ မည်သည့်စကားမှ မပြောပေ။
လုန်ယွိ ခွန်လွန်တောင်သို့ ရောက်လာရသည့် ရည်ရွယ်ချက်များထဲတွင် ကျောက်စိမ်းရေကန်သို့ ဝင်ရောက်ရန် ရည်ရွယ်ချက်မှာလည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း သူမ ရိပ်မိထားလေသည်။
အခြားသူများကတော့ လုန်ယွိလည်း အခြားမိန်းမပျိုများလို မြူခိုးများကြားမှ ရုပ်ပျက်ဆင်းပျက်လွင့်ထွက်လာမည်ကို စောင့်ကြည့်နေကြသည်။
ကျောက်စိမ်းရေကန်သို့ ပထမဆုံး ဝင်ရောက်ခဲ့ပြီးမှ ပြန်လည်လွင့်ထွက်လာသူ ဟုန်လွမ်က လုန်ယွိကို စိတ်ဝင်တစားဖြင့် ကြည့်နေလေ၏။
“ဂိုဏ်းတူညီမလေးရယ် ငါတို့တွေတောင် မရတာ မင်းကများ ကြိုးစားကြည့်ချင်သေးတာလား…”
ဟုန်လွမ်စိတ်ထဲမှ ရေရွတ်လိုက်သည်။
အမှန်တော့… ကျောက်စိမ်းရေကန်အတွင်းသို့ မဝင်ရောက်နိုင်လျှင် အရှက်ကွဲစရာ မြင်ကွင်းကို အခြားသူများ မြင်ရခြင်းသာ အဖတ်တင်မည် မဟုတ်ပါလား။
သို့သော်… လုန်ယွိကေ သီးခြားမျိုးနွယ်တစ်ခုဖြစ်သော နဂါးမျိုးနွယ်မှ နဂါးမယ်တစ်ယောက် ဖြစ်လေသည်။
ထို့ကြောင့် လူအများက သူမ မည်သို့ဖြစ်မည်ကို စောင့်ကြည့်လျှက် ရှိကြလေတော့၏။