အခန်း (၆၇) ကျောက်စိမ်းရေကန်နတ်ဘုရားမ
[ ဒင် ! ]
[ မဟာတာအိုလမ်းကြောင်းကို ရှာတွေ့ပါပြီ… စနစ်ပိုင်ရှင်အနေနဲ့ ဒီနေရာမှာ အမြဲတမ်းထပ်ခါထပ်ခါ မှတ်ပုံတင်နိုင်ပါပြီ…]
[ မှတ်ပုံတင်လိုပါသလား… ]
ထိုအသံက ကျန်းလန် ကြားချင်လွန်းသဖြင့် စောင့်နေသည့် အသံဖြစ်သည်။
သို့သော်… အသံကြားသည်နှင့် ကျန်းလန်က ချက်ချင်း စနစ်တွင် မှတ်ပုံမတင်သေးပေ။
ယခုအချိန်က စိတ်အာရုံပျံ့လွင့်ရမည့် အချိန် မဟုတ်သေးပေ။
မဟာတာအိုလမ်းကြောင်းကို ရှာတွေ့ပြီ ဖြစ်သောကြောင့် ဤခရီးစဉ်က သူ့အတွက် အလကား မဖြစ်တော့သည်မှာ သေချာသွားပြီ ဖြစ်သည်။
မဟာတာအိုလမ်းကြောင်းတွင် မှတ်ပုံတင်မည်ဆိုလျှင် မိုးနဲ့မြေကိုဖန်ဆင်းခြင်းတာအိုကျမ်းစာကဲ့သို့ အဆင့်မြင့်သည့် ပစ္စည်းတစ်ခုခု သေချာပေါက် ရရှိနိုင်ပေသည်။
ထိုသို့ဆိုလျှင်… ကျန်းလန်၏ ကျင့်ကြံခြင်းအဆင့် လျှင်မြန်စွာ မြင့်တက်လာပေလိမ့်မည်။
တာအိုကျမ်းစာ ရရှိသည်ဖြစ်စေ ၊ ဆေးဝါးတစ်ခုခု ရရှိသည်ဖြစ်စေ အဆင်ပြေလေသည်။ သို့သော်… မှော်ဝင်ပစ္စည်းဆိုလျှင်တော့ စိတ်ပျက်ဖွယ်ရာ ကောင်းပေလိမ့်မည်။
ကျန်းလန်က မှော်ဝင်ပစ္စည်းများအပေါ် များစွာမှီခိုရသည်ကို သဘောမကျပေ။ ကျင့်ကြံခြင်းအဆင့်တက်ရောက်ပြီး ကိုယ်ပိုင်တန်ခိုးစွမ်းအားမြင့်မားခြင်းကိုသာ ရယူလိုသည်။
လူတစ်ယောက်အတွက် စွမ်းအားမြင့်မားရန်က အရေးကြီးဆုံး လိုအပ်ချက် ဖြစ်၏။
ကျန်းလန် အတွေးများကို ရပ်တန့်လိုက်ပြီး သူ့ခြေထောက်အောက်မှ အစီအရင်ကို ဖယ်ရှားလိုက်သည်။
ထိုစဉ်… လုန်ယွိ၏ အဖြူရောင် နဂါးပုံရိပ်က သူ့နံဘေး ပတ်ပတ်လည်တွင် ထွက်ပေါ်လာသည်။
“ဘုန်း…”
မြူခိုးများအတွင်းမှ ပြင်းထန်လှသည့် စွမ်းအားကြီးတစ်ခု ထွက်ပေါ်လာသည်ကို ကျန်းလန် အာရုံခံလိုက်မိသည်။
ထိုစွမ်းအားကြီးက ကျန်းလန်ရှိရာသို့ တည့်တည့်မတ်မတ် ဝင်ရောက်လာသည်။ ယခုတစ်ကြိမ် မြူခိုးများ၏ တိုက်ခိုက်မှုက ပြင်းထန်လွန်းလှသည်။
ကျန်းလန်က ကြီးမားလွန်းသည့် စွမ်းအားကြီးကို လျစ်လျူရှုလိုက်ပြီး အစီအရင်ကို ဖယ်ရှားရန်သာ ကြိုးစားနေသည်။
သို့သော်… ထိုစွမ်းအားကြီး သူ့ထံသို့ ဝင်ရောက်လာမည်ဆိုပါက ရှောင်တိမ်းရန်လည်း အဆင်သင့် ပြင်ဆင်ထားသည်။
လုန်ယွိက သူမ မခုခံနိုင်တော့ကြောင်း သတိပေးခြင်း မရှိသေးပေ။
လိုအပ်လျှင် လုန်ယွိက သူ့ကို သတိပေးပေလိမ့်မည်။ ထိုအချိန်တွင်… ကျန်းလန်က ချက်ချင်းရှောင်တိမ်းနိုင်ရန် လိုအပ်သည်။
ထိုအချိန်မှာပင်…
“ဝပ်လိုက်…”
လုန်ယွိ၏ တည်ငြိမ်သည့် သတိပေးသံ ထွက်ပေါ်လာသည်။
ကျန်းလန် ချက်ချင်းပင် မြေပြင်ထက် ဝပ်ချလိုက်သည်။
“ဝုန်း…”
ပြင်းထန်လှသည့် စွမ်းအားကြီးတစ်ခုက ကျန်းလန်၏ ခန္ဓာကိုယ်ထက်မှ ဖြတ်သန်းသွားပြီး ကျန်းလန်ကို ထိခိုက်မိခြင်း မရှိပေ။
ပတ်ဝန်းကျင်တစ်ခုလုံး တန်ခိုးစွမ်းအားလှိုင်းလုံးများ ပျံ့နှံ့သွားသည်။ အချိန်အတန်ကြာမှ စွမ်းအားလှိုင်းလုံးများ ပြန်လည်တည်ငြိမ်သွားလေသည်။
ထို့နောက်… ကျန်းလန် မြေပြင်ထက်တွင် ဝပ်နေရာမှ မတ်တတ်ရပ်လိုက်သည်။
လုန်ယွိကတော့ သူမ၏ စွမ်းအားများ ပြန်လည်တည်ငြိမ်သွားစေရန် ကြိုးစားနေသည်။
ယခုတစ်ကြိမ်တိုက်ခိုက်မှုတွင် သူမ၏ စွမ်းအားများ အလွန်အကျွံသုံးစွဲခဲ့ရပြီး သူမ၏ အကန့်အသတ်ပြည့်လုနီးပါး ခံစားလိုက်ရသည်။
ဤသို့သောနေရာအထိ ရောက်လာနိုင်လိမ့်မည်ဟု လုန်ယွိ ထင်မထားခဲ့မိပေ။
သူတို့ အတော်ဝေးဝေးသို့ ရောက်ရှိလာခဲ့ကြသည် မဟုတ်ပါလား။
ကျန်းလန်က အစီအရင်ကို ဖယ်ရှားလိုက်ပြီးနောက် ချက်ချင်းရှေ့မဆက်သေးဘဲ လုန်ယွိကို လှမ်းကြည့်လိုက်သည်။
“ဂိုဏ်းတူအစ်မ’လုန်’ … ဆက်သွားဦးမှာလား…”
လုန်ယွိ ဆက်သွားချင်လျှင် ကျန်းလန်လည်း ဆက်သွားမည် ဖြစ်သည်။
သူက အစီအရင်ကို ဖယ်ရှားရသူဖြစ်လေရာ အန္တရယ်မရှိလှပေ။ အစီအရင်ကို ဖယ်ရှားရန် အချိန်ယူရခြင်းသာ ရှိပေလိမ့်မည်။
ထို့ပြင်… သူလိုချင်သည့် မဟာတာအိုလမ်းကြောင်းကိုလည်း ရှာတွေ့ခဲ့ပြီ ဖြစ်လေရာ သူ့ရည်ရွယ်ချက် ပြည့်ဝသွားပြီဟု ဆိုနိုင်သည်။
သို့သော်… လုန်ယွိက မြူခိုးများ၏ တိုက်ခိုက်မှုကို ခုခံရသူ ဖြစ်လေရာ ရှေ့ဆက် သူမ တိုက်ခိုက်နိုင်ပါဦးမည်လား မသေချာပေ။
ထို့ကြောင့်… ကျန်းလန်က လုန်ယွိ၏ သဘောထားကို မေးမြန်းလိုက်ခြင်း ဖြစ်သည်။
လုန်ယွိ ရှေ့ဆက်လိုလျှင် သူလည်း ရှေ့ဆက်သွားမည် ဖြစ်သည်။
သူ့အနေဖြင့်လည်း မဟာတာအိုလမ်းကြောင်းနှင့် ပိုမိုနီးကပ်လေ မဟာတာအိုမှပေးအပ်သည့်လက်ဆောင်က ပိုမို အစွမ်းထက်လေ ဖြစ်ပေမည် မဟုတ်ပါလား။
ထို့ပြင် သူနှင့် လုန်ယွိက ပူးပေါင်းလုပ်ဆောင်နေသူများ ဖြစ်လေရာ တစ်ဖက်လူ၏ သဘောထားကို မေးမြန်းရန် လိုအပ်လေသည်။
ကျန်းလန်က အပြန်အလှန် ကူညီခြင်းနှင့် လေးစားမှုရှိခြင်းကို ယုံကြည်သူ ဖြစ်၏။
လုန်ယွိက ရှေ့သို့ လှမ်းကြည့်လိုက်ပြီး နူးညံ့သည့်လေသံဖြင့်…
“ဂိုဏ်းတူမောင်လေး… ရှေ့ကိုနည်းနည်းလောက် ဆက်သွားကြည့်ရအောင်…”
ကျန်းလန်ခေါင်းညိတ်လိုက်ပြီး ရှေ့ဆက်လျှောက်သွားလိုက်သည်။
မကြာမီ အစီအရင်တစ်ခု ထွက်ပေါ်လာပြီး ကျန်းလန်၏ ခြေထောက်ကို ချုပ်နှောင်ထားလိုက်သည်။
ထိုအစီအရင်၏ ထိန်းချုပ်ခြင်းကို ခံလိုက်ရသည်နှင့် အရင်ကထက် များစွာ ပိုမိုပြင်းထန်ကြောင်း ကျန်းလန် ရိပ်မိလိုက်သည်။
“အစီအရင်က အရင်ကထက် အဆပေါင်း (၃)ဆကနေ (၅)ဆအထိ ပြင်းထန်လာတယ်…ဂိုဏ်းတူအစ်မ…”
ကျန်းလန်က လုန်ယွိကို သတိပေးစကား ပြောလိုက်သည်။
ထိုစဉ်မှာပင်… လုန်ယွိ၏ ခန္ဓာကိုယ်မှ ပြင်းထန်လှသည့် စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး နဂါးဟိန်းသံတစ်သံ ကြားလိုက်ရသည်။
မြူခိုးများ၏ တိုက်ခိုက်မှုကို ရင်ဆိုင်ခုခံရန် လုန်ယွိက အကောင်းဆုံး ပြင်ဆင်ထားဟန်တူသည်။
ထို့နောက်… မြူခိုးများအတွင်းမှ တိုက်ခိုက်မှု ထွက်ပေါ်လာသည်။
အစီအရင်ကို ခေါင်းငုံ့ပြီး ဖယ်ရှားနေသည့် ကျန်းလန်သည်ပင် ကြောက်မက်ဖွယ်ရာ ဖိအားကြီးတစ်ခု ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသည်။
ထိုစွမ်းအားက ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက် ရင်ဆိုင်နိုင်မည့် စွမ်းအားမျိုး မဟုတ်ပေ။
“ဘုန်း…”
ပြင်းထန်လှသည့် စွမ်းအားကြီးက ကျန်းလန်အပေါ်သို့ ကျရောက်လုမတတ် ဖြစ်သွားသည်။
“နောက်ဆုတ်…”
လုန်ယွိ၏အသံ ထွက်ပေါ်လာ၏။
ကျန်းလန်က အစီအရင်ကို အလျှင်အမြန် ဖယ်ရှားလိုက်ပြီး ချက်ချင်းပင် နောက်သို့ ခုန်ဆုတ်လိုက်သည်။
ကျန်းလန် နောက်သို့အဆုတ် ပြင်းထန်လှသည့် စွမ်းအားကြီးက ကျန်းလန် နဂိုမူလရှိရာနေရာသို့ ဝင်ရောက်လာသည်။
ကျန်းလန် အချိန်မီ နောက်ဆုတ်လိုက်နိုင်ခြင်း ဖြစ်၏။ မဟုတ်ပါက တိုက်ခိုက်ခံရမှုမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
“ဘုန်း…”
ကျယ်လောင်သည့် ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာသည်။
လုန်ယွိလည်း နောက်သို့ ခုန်ဆုတ်လိုက်သည်။
သူမလက်တွင် ဒဏ်ရာအနည်းငယ်ရသွားကြောင်း ကျန်းလန်တွေ့လိုက်ရသည်။
ထို့နောက်… သူတို့ (၂)ယောက်လုံး စကားမပြောဘဲ နေရာမှာပင် မတ်တတ်ရပ်နေမိကြသည်။
ဤနေရာတွင် သူတို့ (၂)ယောက်၏ အကန့်အသတ်ပြည့်သွားပြီဖြစ်ကြောင်း သူတို့ သိရှိလိုက်ကြသည်။
ရှေ့သို့ဆက်သွားမည်ဆိုပါက ပိုမိုမြင့်မားသည့် စွမ်းအားနှင့် ပိုမို ကျွမ်းကျင်သည့် အစီအရင်ပညာကို လိုအပ်ပေလိမ့်မည်။
ကျန်းလန်ကတော့ အချိန်ယူပြီး ဖယ်ရှားမည်ဆိုလျှင် အစီအရင်များကို ဖယ်ရှားပစ်နိုင်မည် ဖြစ်သော်လည်း လုန်ယွိကတော့ မြူခိုးများ၏ တိုက်ခိုက်မှုကို ခုခံနိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။
ကျန်းလန်သည်လည်း ရွှေပြဒါးအမြုတေအဆင့် စွမ်းအားဖြင့်ဆိုလျှင် မြူခိုးများ၏ တိုက်ခိုက်မှုကို ရင်ဆိုင်နိုင်မည် မဟုတ်ပေ။
မြူခိုးများ၏ တိုက်ခိုက်မှုကို ရင်ဆိုင်နိုင်လျှင်တောင်မှ အစီအရင်ကိုဖယ်ရှားရန် အချိန်လုံလောက်မည် မဟုတ်ပေ။
ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်းတန်ခိုးစွမ်းအားနှင့် နွားရိုင်းကိုးကောင်စွမ်းအားကို အသုံးပြုမည်ဆိုလျှင်တော့ သေချာပေါက် ရှေ့ဆက်နိုင်မည် ဖြစ်သည်။
သို့သော်… ကျန်းလန်၏ လျှို့ဝှက်ချက်များကို အခြားသူများ သိရှိသွားမည်ဖြစ်လေသည်။
ကျောက်စိမ်းရေကန်က ထူးခြားသည့်နေရာတစ်ခုဖြစ်လေရာ ကျန်းလန် မည်သည့်အလုပ်ကိုမှ ပေါ့ပေါ့ဆဆ သဘောမထားဝံ့ပေ။
လုန်ယွိက ရှေ့ဆက်မတိုးတော့ဘဲ နေရာမှာပင် ရပ်နေလေသည်။
အချိန်ခဏအတွင်း… သူမ၏ စွမ်းအားများက ပြန်လည်တည်ငြိမ်လာပြီ ဖြစ်သည်။
သူမ၏ ခန္ဓာကိုယ်ထက်မှ နဂါးအကြေးခွံများ လျှင်မြန်စွာ ပျောက်ကွယ်သွားပြီး သူမ၏ ညာဘက်မျက်နှာနှင့် လည်ပင်းတစ်လျှောက်မှ အနာရွတ်သည်လည်း ပျောက်ကွယ်သွားပြီ ဖြစ်သည်။
ကျန်းလန် လုန်ယွိကို လှမ်းကြည့်လိုက်သည်။
သူမကို ကြည့်ရသည်မှာ ရှေ့ဆက်သွားရန် အစီအစဉ်မရှိတော့ပေ။
သို့သော်… သူမ၏ ခန္ဓာကိုယ်ထက်တွင် မှိန်ပျပျ နရါးအရိပ်တစ်ခုက ထင်ဟပ်နေဆဲ ဖြစ်သည်။ တိုက်ခိုက်မှုကို သတိထားနေသည့် သဘောဖြစ်၏။
သူမ၏ ခံစားချက်ကို ကျန်းလန် နားလည်လေသည်။ အမှန်တော့… သူသည်လည်း အမြဲတမ်း သတိရှိနေခဲ့သူတစ်ယောက်ပင် မဟုတ်ပါလား။
ထို့ပြင်… သူတို့က ခွန်လွန်တောင်မှ ဂိုဏ်းတူမောင်နှမများဆိုသော်လည်း ရင်းနှီးကျွမ်းဝင်ကြသူများ မဟုတ်ပေ။ အချိန်မရွေး ရန်သူများအဖြစ် ပြောင်းလဲသွားနိုင်လေသည်။
ကျန်းလန် အတွေးများကို ရပ်တန့်လိုက်ပြီး စနစ်တွင် မှတ်ပုံတင်ရန် ဆုံးဖြတ်လိုက်သည်။
“စနစ်… ဒီနေရာမှာ မှတ်ပုံတင်မယ်…”
[ ဒင် ! ]
[ မှတ်ပုံတင်ခြင်း အောင်မြင်ပါတယ်… ၊ မဟာတာအိုက ပေးအပ်တဲ့ လက်ဆောင်ကို ရရှိသည့်အတွက် စနစ်ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်… ၊ ခွန်လွန်ရဲ့ ဖန်ဆင်းခြင်းဖြစ်တဲ့ ကျောက်စိမ်းရေကန်နတ်ဘုရားမပန်းချီကားကို ရရှိပါတယ်…]
[ ကျောက်စိမ်းရေကန်နတ်ဘုရားမပန်းချီကား : ခွန်လွန်တောင်ဆိုတာ တောင်အားလုံးရဲ့ သခင်ဖြစ်ပြီး သက်ရှိများအားလုံးရဲ့ အနှစ်သာရတွေကို မြင့်မြတ်တဲ့ ကျောက်စိမ်းရေကန်မှာ ကျောက်စိမ်းရေကန်နတ်ဘုရားမ ပန်းချီကားအဖြစ် လျှို့ဝှက်စွာ ရေးဆွဲထားခဲ့တယ်… ၊ ကျောက်စိမ်းရေကန်ရဲ့ မထင်မှတ်တဲ့ အခွင့်အရေးတွေကို မျှဝေဖို့ ပန်းချီကားက ခွင့်ပြုထားတယ်…]
စနစ်မှထွက်ပေါ်လာသည့်အသံ ပျောက်ကွယ်သွားသည်နှင့် ကျန်းလန် မျက်မှောင်ကြုတ်လိုက်မိသည်။
“ခွန်လွန်ရဲ့ ဖန်ဆင်းခြင်း… တဲ့…”
ကြည့်ရသည်မှာ ထိုစကားက ခွန်လွန်တောင်နှင့် ဆက်စပ်နေဟန် ရှိသည်။
သို့သော်… ခွန်လွန်၏ ဖန်ဆင်းခြင်းက မိုးနဲ့မြေကို ဖန်ဆင်းခြင်းလောက် အစွမ်းမထက်နိုင်ပေ။
မည်သို့ပင်ဖြစ်စေ… “ဖန်ဆင်းခြင်း” ဆိုသည့်စကားကတော့ တန်ဖိုးရှိလှပြီး ထူးခြားမှုများကို ပိုင်ဆိုင်ထားသည့် စကားတစ်လုံး ဖြစ်သည်။
ကျောက်စိမ်းရေကန်နတ်ဘုရားမပန်းချီကားက သူ၏ ကျင့်ကြံခြင်းအတွက် မည်မျှ အထောက်အကူပြုမည်လဲဆိုသည့် အချကကို ကျန်းလန် သိရှိချင်နေမိသည်။
ထို့ပြင်… ကျောက်စိမ်းရေကန်တွင် မည်သို့သော ကံကြမ္မာမျိုး ရှိခဲ့သည်လဲ…။
ရှေးအချိန်အခါများတုန်းက ကျောက်စိမ်းရေကန်တွင် နတ်ဘုရားမတစ်ပါး ရှိခဲ့လေသည်လား…။
နဝမတောင်ထွတ်မှ စာကြည့်တိုက်တွင် ကျန်းလန် လေ့လာမိသလောက် ခွန်လွန်တောင်တွင် နတ်ဘုရားမတစ်ပါး ရှိခဲ့ဖူးသည်ဟု မှတ်တမ်းများတွင် ရေးသားထားခြင်း မရှိပေ။
သို့သော်… မှတ်တမ်းတင်မထားဘဲ အပြင်တွင် တကယ်တမ်း ရှိခဲ့သည်လည်း ဖြစ်နိုင်ချေရှိ၏။
ခွန်လွန်စိတ်ကျမ်းကို ချန်ထားခဲ့သည့် ခွန်လွန်တောင်မှ ဘိုးဘေးဖြစ်သူကတော့ “နတ်ဘုရားမ” တစ်ပါးမဖြစ်နိုင်ပေ။ ယောကျ်ားကြီးတစ်ယောက်သာ ဖြစ်နိုင်ပေသည်။
ခွန်လွန်စိတ်ကျမ်းက တိကျသည့် ကျင့်ကြံခြင်းကို သင်ပြပေးခြင်း မရှိသော်လည်း ဉာဏ်အလင်းကို ပွင့်စေသည်။
ကျန်းလန် သင်ယူခဲ့သည့် ကျင့်စဉ်များတွင် ခွန်လွန်စိတ်ကျမ်းက အပြည့်စုံဆုံး ဖြစ်လေသည်။
ထို့နောက်… ကျန်းလန်က သူ၏ စိတ်အာရုံထဲမှ ကျောက်စိမ်းရေကန်နတ်ဘုရားမပန်းချီကားကို ကြည့်ရှုလိုက်သည်။
ထိုပန်းချီကားက မဖွင့်ရသေးသည့် အယ်လ်ဘမ်တစ်ခုနှင့်တူသည်။
သို့သော်… ပန်းချီကားကို မြင်လိုက်သည့် အခိုက်အတန့်တွင် ထိုပန်းချီကား၏လုပ်ဆောင်ချက်ကို ကျန်းလန်၏ စိတ်ထဲမှ အာရုံခံစားလိုက်မိလေသည်။
Good