သူမ၏ မျက်ခုံးများမှာ မြင့်တက်သွားပြီး လုလင်ပျိုအား ပဟေဋိဖြစ်စွာ ကြည့်လျက် မေးလိုက်သည်။
“ရှင် ကျွန်မကို သိလို့လား။”
တစ်မူထူးခြား နှစ်သက်ဖွယ် ကောင်းစွာ ချောမောလှသည့် လုလင်ပျိုက ရယ်မောလိုက်ပြီး သူမ၏ မေးခွန်းကို မဖြေဆိုဘဲ …
“ငါ ကန်ယွမ်နဲ့ သိတယ်”
“ခင်ဗျားက ဆရာ ကန်ယွမ်ကို သိတယ်လား”
ဇူယွမ်က အနောက်သို့ ဆုတ်လိုက်ပြီး အံ့အားသင့်စွာဖြင့် သူရှေ့တွင် ရှိနေသည့် လူငယ်ကို ကြည့်လိုက်သည်။
“အကြီးအကဲ၊ ခင်ဗျားက …”
သည်လူငယ်မှာ သူတို့နှင့် အသက်တူတူဟု ထင်ရသော်လည်း သူ၏ ရှေးကျသော မျက်ဝန်းအစုံက သူတို့အား နှစ်ပေါင်းများစွာက ရှင်သန်ခဲ့သည် မွန်းစတားတစ်ယောက် ဖြစ်ကြောင်းကို ပြောပြနေသယောင် ရှိသည်။
ရုပ်ရည် ချောမောသည့် လူငယ်က ခဏမျှ စဉ်းစားနေပြီး ပြုံးလျက် ပြောခဲ့သည်။
“ငါက သေဆုံးခဲ့တဲ့ သူတော်စင်ပဲ … မင်းငါ့ကို မျိုးနွယ်စု ခေါင်းဆောင် ကန်ရွှမ်းလို့ ခေါ်နိုင်တယ်”
ဇူယွမ်၏ နှလုံးသားထဲမှ မှတ်ချက်ချ လိုက်သည်။
“ထင်ထားသလိုပဲ။ ဒီလုလင်ပျိုက ဒဏ္ဍာရီလာ သူတော်စင်ပဲ”
“တကယ်တော့ ဒီမှာက ငါ့ရဲ့ စိတ်ဝိညာဉ် အနည်းငယ်ပဲ ကျန်ရှိ တော့တာပါ။ ငါ့ရဲ့ အစစ်အမှန် ခန္ဓာကိုယ်က သေဆုံးခဲ့ပြီးပြီ”
မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းက အားနည်းစွာ ပြုံးလျက် ပြောသည်။ သူ၏ အမူအရာက ရိုးသားပြီး ပွင့်လင်းပုံသည်။
“ဒါပေမဲ့ ကန်ယွမ်က မင်းရဲ့နဘေးမှာ ပါမလာရတာလဲ”
မျိုးနွယ်စု ခေါင်းဆောင် ကန်ရွှမ်းက ယောင်ယောင်ကို ကြည့်ပြီး မေးလိုက်သည်။
ယောင်ယောင်၏ လှပသော မျက်နှာလေးမှာ မည်းမှောင်သွားပြီး …
“အဘိုးဟေးက လျှို့ဝှက်တဲ့ ရန်သူတွေနဲ့ တိုက်ခိုက်ဖို့ အတွက် ထွက်သွားပြီ”
မျိုးနွယ်စု ခေါင်းဆောင် ကန်ရွှမ်း၏ မျက်လုံးများ ပြူးကျယ် သွားခဲ့သည်။
“အကြီးအကဲ ကျွန်မ အဘိုးဟေးကို ဘယ်နား သွားရှာရမလဲ သိလား”
ယောင်ယောင်၏ မျက်လုံးများက တောက်ပလျက် မျိုးနွယ်စု အကြီးအကဲ ကန်ရွှမ်းကို ကြည့်ပြီး မေးလိုက်သည်။ သူမက ကန်ယွမ်၏ ဂရုစိုက်မှု အောက်မှာ ကြီးပြင်းလာခဲ့ပြီး သူမ၏ အဘိုးတစ်ယောက်လိုမျိုး သဘောထားခဲ့သည်။ ထိုကြောင့် ပုံမှန်အားဖြင့် သူမက ကန်ယွမ်အား စိတ်ပူပေသည်။ သို့သော်လည်း ဘယ်မှာ သွားရှာ ရမှန်းမသိပေ။
မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းက ခေါင်းယမ်းလိုက်ပြီး …
“မင်းသူ့အတွက် စိတ်ပူပေးစရော မလိုဘူး။ ဒီလူအိုကြီးက တော်တော်လေး အစွမ်း ရှိတယ်။ သူလုံခြုံသွားပြီ ဆိုတာနဲ့ မင်းကို ပြန်လာရှာ ပါလိမ့်မယ်”
စိတ်ပျက်ခြင်း အရိပ်အယောင်များက ယောင်ယောင်၏ မျက်လုံးထဲတွင် ဖြစ်ပေါ်သွားပြီး သူမက နောက်ထပ် မေးခွန်း တစ်ခုကို မေးမြန်းလိုက်သည်။
“အကြီးအကဲက ကျွန်မရဲ့ မျိုးရိုးဇာစ်မြစ်ကို သိလား”
သူမက ကန်ယွမ်နဲ့အတူ ပုံဆောင်ခဲ နယ်မြေတွင် ငယ်စဉ်အခါ ကတည်းက နေထိုင်လာခဲ့ပြီး သူမအနေဖြင့် ပြင်ပကမ္ဘာသို့ ထွက်ခွာဖူးခြင်းလည်း မရှိသလို အဆက်အသွယ်လည်း မရှိခဲ့သည့် အပြင် သူမဘယ်က လာလည်းပင် မသိပေ။
အနည်းဆုံတော့ သူမတွင် မိဘများတော့ ရှိသင့်ပေသည်။ ကန်ယွမ်ကလည်း သူမအား ထိုအကြောင်းများကို အနည်းငယ်မျှပင် မပြောခဲ့သော်လည်း ယောင်ယောင် အနေဖြင့် စိတ်ထဲ သိပ်မထားခဲ့ပေ။
နောက်ပြီးတော့ အဘိုးဟေးက သူ၏ လျှို့ဝှက် ရန်သူများကိုလည်း အလွန်ကြောက်ရွံ့ နေပုံပေါ်သည်။ သူတို့ကရော မည်သည့် နေရာမှလဲ။ သူမအနေဖြင့် သည်လူတွေက သူမနှင့် ပတ်သက်နေမည်ကို ခံစားမိပေသည်။
မျိုးနွယ်စု ခေါင်းဆောင် ကန်ရွှမ်းက ခဏမှ တိတ်ဆိတ် နေပြီးနောက် ပြောခဲ့သည်။
“ဒီအကြောင်းအရာတွေကို ငါ့အနေနဲ့ ပြောပြဖို့ မသင့်လျှော်ဘူး။ ဒါပေမဲ့ မင်းအဖြေကို သိချင်ရင် အနာဂတ်မှာ အဖြေကို ရှာဖွေဖို့ အခွင့်အရေး ရလာမှာပါ”
သူ၏ စကားလုံးများက ရှင်းလင်းစွာပင် ယောင်ယောင်၏ မေးခွန်းများကို ရှောင်ဖယ်နေသည်။
ထိုစဉ် ယောင်ယောင်မှာ ထပ်ပြီး မည့်သည့် အကြောင်းမျှ မမေးမြန်းတော့ပေ။
“ဟီးဟီး ငါပြောရမယ် ဆိုရင် မင်းတို့ နှစ်ယောက်လုံးက ငါ့ရဲ့ ကောင်းချီးပေးမှုကို ရှာဖွေဖို့ အတွက် ဒီကို ရောက်လာခဲ့တာမလား”
မျိုးနွယ်စုခေါင်းဆောင်က နွေးထွေးစွာ ပြုံးလိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်သည်။
ယောင်ယောင်မှာ ပြန်လည်ဖြေခြင်း မရှိတော့ပေ။ ဇူယွမ်က မနေသာတော့ဘဲ သူတို့ နှစ်ယောက်ကြားသို့ ဝင်ကာ …
“ငါတို့က သူတော်စင် ကျောက်ပြားရဲ့ မျှော်လင့်ချက်နဲ့ ဒီကို …”
မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းက ပြုံးကာ ပြောလိုက်သည်။
“မင်းငါ့ရဲ့ ဇာတ်လမ်းကို နားထောင်ချင်ကြလား”
သူတို့နှစ်ယောက်လုံး ပြန်လည် မဖြေနိုင်ခင်မှာဘဲ ထိုသူက သူကိုယ်တိုင် အဖြူရောင် ကျောက်စိမ်းပြားပေါ်တွင် ထိုင်လိုက်ပြီး မြူထဲမှ ခွေးခြေခုံ နှစ်ခုအား ဆင့်ခေါ်ကာ နွေးထွေးစွာ ပြောလိုက်သည်။
“လာ ဒီမှာထိုင်”
ဇူယွမ်နှင့် ယောင်ယောင်တို့က အကြည့်ချင်း ဖလှယ်လိုက်ပြီး ထိုင်လိုက်ကြသည်။
မျိုးနွယ်စု ခေါင်းဆောင် ကန်ရွှမ်းက ဇူယွမ်ကို တစ်ချက် ကြည့်လိုက်ပြီး …
“ကန်ယွမ်က တော်တော် အမြင်ရှိတယ်။ သူက အရည်အချင်းရှိတဲ့ တပည့်တစ်ယောက်ကို ရရှိခဲ့တာပဲ။ နှစ်တွေအများကြီး ကုန်ဆုံး သွားပြီးနောက် အားနည်းတဲ့ လူတစ်ယောက်က ဒီကို ရောက်လာခဲ့တာ ပထမဆုံးအကြိမ်ပဲ။”
ဇူယွမ်၏ မျက်နှာမှာ အနက်ရောင်သို့ ပြောင်းသွားသည်။ သည်အရာ ချီးမွမ်းနေသည်လား စော်ကား နေသည်လား။
တောက်ပသော အပြုံးနှင့် အတူ မျိုးနွယ်စု ခေါင်းဆောင် ကန်ရွှမ်းက လက်ယပ်ခေါ်ဟန် ပြုလုပ်လိုက်သည်နှင့် မြူခိုးများက သူတို့၏ ပတ်ဝန်းကျင်တွင် စုဝေးလာခဲ့ပြီး ဖန်သားပြင်ပုံစံ ဖြစ်ပေါ်လာခဲ့သည်။
ဖန်သားပြင်ပေါ်တွင် ပုံရိပ်တစ်ခုက လေပေါ်တွင် ရပ်နေပြီး။ ထိုသူမှာ မျိုးနွယ်စု ခေါင်းဆောင် ကန်ရွှမ်းဖြစ်သည်။
ကျယ်ပြောပြီး အဆုံးထိ မြင်တွေ့နိုင်ခြင်း မရှိသော မူလချီများက မျိုးနွယ်စု ခေါင်းဆောင် ကန်ရွှမ်း၏ ဦးခေါင်းထက်တွင် ဖြစ်ပေါ်နေပြီး ကောင်းကင်ကိုပင် ဖုံးကွယ်ထားသည်။ ထိုအရာက စိတ်ကူးကြည့်၍ပင် မဖြစ်နိုင်သော မူလချီစွမ်းအား ပမာဏဖြစ်သည်။
သို့သော်လည်း မျိုးနွယ်စု ခေါင်းဆောင်ကန်ရွှမ်း၏ အမူအရာမှာ အလွန်အမင်း တင်းမာနေပြီး သူ၏ လက်ထဲတွင် တစ်စုံတစ်ခုကို ချီပွေ့ထားသည်။ နီးကပ်စွာ ကြည့်မည် ဆိုပါက ကလေးငယ်လေး တစ်ယောက်ကို မြင်ရမည်ဖြစ်သည်။
ဖန်သားပြင် အတွင်းရှိ ကမ္ဘာကြီးမှာ ထိုအခိုက်တွင် တုန်ခါသွားပြီး အဆုံးမဲ့သည့် အလင်းတန်းများ ကမ္ဘာအတွင်းသို့ ဝင်ရောက်လာသည်။
အဆုံးမဲ့ပြီး မာန်ဟုန်ပြင်းသည့် အလင်းတန်းများက ကောင်းကင်ပေါ်မှ နေပြီး ကွဲပြားသော ဦးတည်ရာများမှ မျိုးနွယ်စု ခေါင်းဆောင် ကန်ရွှမ်း၏ ကိုယ်ပေါ်သို့ ကျရောက်သည်။ ထိုအလင်းတန်းများ၏ နောက်တွင် ပုံရိပ်သုံးခု လေထဲ ရပ်နေသည်ကို မသဲမကွဲ မြင်လိုက်ရသည်။
သူတို့၏ ခန္ဓာကိုယ်မှ မွန်မြတ်သော သြဇာအရှိန်အဝါ အလင်းတန်းများ ထွက်ပေါ်နေပြီး မေးခွန်းထုတ်စရာ မလိုအောင်ပင် နတ်ဘုရားအလား ဖြစ်တည်မှုနှင့် တည်ရှိနေသည်။
၎င်းပုံရိပ်များကို ကြည့်ရင်းနှင့်ပင် ဇူယွမ်အနေဖြင့် ဖိအားများက သူ၏ ခန္ဓာကိုယ်ကို ဝါးမျို သွားသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ စိတ်ဝိညာဉ်ပင် တုန်ယင်နေသည်။
ကမ္ဘာပင် တုန်စေနိုင်သည့် တိုက်ပွဲကြီးက ဖန်သားပြင်ပေါ်တွင် ဖြစ်ပေါ်နေသည်။ နတ်ဘုရားကဲ့သို့ ပုံရိပ်များက မျိုးနွယ်စု ခေါင်းဆောင် ကန်ရွှမ်း၏ ပတ်ပတ်လည်မှ တိုက်ခိုက်နေကြပြီး အစပိုင်းတွင် မျိုးနွယ်စု ခေါင်းဆောင် အနေဖြင့် ပြန်လည် တိုက်ခိုက်နိုင်သော်လည်း အဆုံးတွင် ထိုသူတို့နှင့် မယှဉ်သာ နိုင်တော့ပေ။
နောက်ဆုံးတွင် ဝိုင်းဝန်း တိုက်ခိုက်မှု အောက်တွင် မျိုးနွယ်စု ခေါင်းဆောင် ကန်ရွှမ်းက လေဟာနယ် တစ်ခုကို ဖွင့်လှစ်လိုက်ပြီး ကလေးငယ်အား ထိုလေဟာ နယ်အတွင်းသို့ ပို့ဆောင်လိုက်ကာ သူ၏ ခန္ဓာကိုယ်က နတ်ဘုရားအလား သုံးယောက်၏ တိုက်ခိုက်မှုကို ခံယူလိုက်သည်။
မျိုးနွယ်စု ခေါင်းဆောင် ကန်ရွှမ်း၏ ခန္ဓာကိုယ်မှာ အစိတ်အပိုင်းများ အဖြစ် ပေါက်ကွဲ ထွက်သွားပြီး သန်းနှင့် ချီသော အလင်းတန်းများ အဖြစ်သို့ ပြောင်းလဲကာ ဖြည်းညင်းစွာ အောက်သို့ ကျဆင်းသည်။
ဖန်သားပြင်မှ ပုံရိပ်များကလည်း ထိုအချိန်တွင် ပျောက်ကွယ် သွားသည်။
အဖြူရောင် ကျောက်စိမ်းစားပွဲ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်နေသည်။ ဇူယွမ်၏ မျက်နှာမှာ ရှော့ရသွား သကဲ့သို့ ဖြူဖျော့နေသည်။ ဖန်သားပြင်ပေါ်တွင် ပုံရိပ်များသာ ပေါ်ပြီး အသံမကြား ရသော်လည်းဘဲ သူ့အနေဖြင့် မဖော်ပြနိုင်သော ဖိအားကို ခံစားရပေသည်။ တိုက်ပွဲ၏ တစ်စိတ်တစ်ပိုင်းကပင် အစစ်အမှန် ကမ္ဘာပျက် စစ်ပွဲတစ်ခုနှင့် တူညီပေသည်။
ဒါပေမဲ့ နတ်ဘုရားကဲ့သို့ ပုံရိပ်တွေက မည်သူတွေလဲ။ သူတို့တွေက ဘာကြောင့် မျိုးနွယ်စု ခေါင်းဆောင် ကန်ရွှမ်းကို တိုက်ခိုက်ရတာလဲ။
“ငါကာကွယ်နေတဲ့ ကလေးလေးက ဘယ်သူလဲဆိုတာ မင်းတို့ သိလား”
မျိုးနွယ်စု ခေါင်းဆောင်ကန်ရွှမ်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်နေပြီး သူတို့နှစ်ယောက်ကို ကြည့်လိုက်သည်။
သူတို့နှစ်ယောက်လုံး အဖြေ မပြောခင်မှာဘဲ သူ၏ အကြည့်က ယောင်ယောင်၏ လှပသော မျက်နှာလေးပေါ်တွင် ရပ်တန့်သွားပြီး ပြောလိုက်သည်။
“မင်းက အဲဒီ ကလေးပဲ”
ထိုစကားကို ကြားချိန်တွင် ဇူယွမ်၏ နားထဲတွင် လေယာဉ်တစ်စီး ဖြတ်မောင်း သွားသလို ထူပူပြီး ကြောင်အမ်းအမ်းနှင့် ကျန်ခဲ့သည်။
မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်း သေသည်အထိ ကာကွယ်ပေးခဲ့တာ ယောင်ယောင်ကိုလား။
ယောင်ယောင်က လက်သီးကို တင်းကျပ်စွာ ဆုပ်ထားပြီး သူ၏ မျက်လုံးတွင် မည်သည့် ခံစားချက်မှ မရှိသလို ဟာလာဟင်းလင်း ဖြစ်နေပေသည်။ ရှင်းလင်းစွာ ပင်သည် ရှေးဟောင်းစစ်ပွဲနှင့် ပတ်သက်၍ သူ့တွင် မည်သည့် မှတ်ဉာဏ်မှ မရှိပေ။
“အကြီးအကဲ နောက်နေတာမလား။ သည်ကလေးက အစ်မကြီး ယောင်ယောင်တာ ဆိုရင် အချိန်တွေ ဘယ်လောက်တောင် ရှိသွားပြီလဲ” ဇူယွမ်က ခက်ခဲစွာ ပြောလိုက်သည်။
မျိုးနွယ်စု ခေါင်းဆောင် သေဆုံးခဲ့သည်မှာ နှစ်တစ်ထောင် အကြာက ဖြစ်သည်။ ဆရာကန်ယွမ် ပြောခဲ့သည်မှာ ယောင်ယောင်က သူနှင့် ဆယ့်နှစ် နှစ်ခဲ့သာ သူတို့၏ ပုံဆောင်ခဲ နယ်မြေထဲတွင် နေထိုင်ခဲ့သည်ဟု ဖြစ်သည်။
မျိုးနွယ်စု ခေါင်းဆောင် ကန်ရွှမ်းက ရယ်မောလိုက်ပြီး …
“သူမက သာမန် လူတစ်ယောက် မဟုတ်ဘူး။ ဒါကြောင့်မလို့ မင်းသူမကို သာမန် လူတွေအတိုင်း ခန့်မှန်းလို့မရဖူး။ တကယ်တော့ ပွင့်ပွင့်လင်းလင်း ပြောရရင် သူမရဲ့ အသက်က မင်းရဲ့ အသက်နဲ့ သိပ်မကွာပါဘူး”
ဇူယွမ် အနေဖြင့် ပြောစရာ စကား ရှာမတွေ့တော့ပေ။ ယောင်ယောင်တွင် ဖုံးကွယ်ထားသည့် မူလဇာစ်မြစ် တစ်ခုရှိသည်။ ထိုအပြင် ဆရာကန်ယွမ်နှင့် မျိုးနွယ်စု ခေါင်းဆောင် ကန်ရွှမ်းတို့နှင့်လည်း ဆက်နွှယ်မှု ရှိနေသည်။ သူတို့ကား အမှန်ကို ရှေးကျသည့် မွန်းစတားအိုကြီးများ ဖြစ်သည်။
ယောင်ယောင်က အချိန်အတော်အကြာထိ တိတ်ဆိတ်နေပြီး ညင်သာစွာ ပြောလိုက်သည်။
“အဲဒါဆို … ရှင့်ကို ကျွန်မရဲ့ ကယ်တင်ရှင်လို့ ပြောနိုင်တာပေါ့”
မျိုးနွယ်စု ခေါင်းဆောင် ကန်ရွှမ်းက ပူပင် ကြောင့်ကြမဲ့စွာ ပြုံးလိုက်သည်။
ယောင်ယောင်က စဉ်းစားနေရင်းမှ ခွက်တစ်ခွက်ကို ရုတ်တရက် ထုတ်ယူလိုက်သည်။ ထိုနောက် သူမက ကျောက်စိမ်း ဘူးသီးခြောက်ကို ထုတ်ယူကာ ခွက်အပြည့် ဖြည့်လိုက်ပြီး မျိုးနွယ်စု ခေါင်းဆောင် ကန်ရွှမ်းကို ကမ်းပေးလိုက်သည်။
“ဒီခွက်က ဆရာကြီးကို ကျေးဇူးတင်တဲ့ အနေနဲ့ပါ”
သူအနေဖြင့် သည်ပုဂ္ဂိုလ်က အဘယ်ကြောင့် အသေခံပြီး သူမအား ကယ်တင်ခဲ့မှန်း မသိပေမဲ့ အစောပိုင်း မြင်လိုက်ရသော မြင်ကွင်းမှာ သူက သူမအား မလိမ်မှန်း သိပေသည်။
မျိုးနွယ်စု ခေါင်းဆောင် ကန်ရွှမ်းက ထိုအခိုက်မှာ ကြောင်အမ်းသွားပြီး ခွက်အား စိုက်ကြည့်လိုက်သည်။ ခဏကြာပြီးနောက် သူက ရယ်မောကာ ပြောခဲ့သည်။
“ဒီအရက်ကို ငါတကယ် ကြိုက်နှစ်သက်တယ်။”
သူက ခွက်အား လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ တစ်ကျိုက်တည်း မော့သောက်လိုက်သည်။
ယောင်ယောင်က မျိုးနွယ်စု ခေါင်းဆောင် ကန်ရွှမ်းကို စိုက်ကြည့်ပြီး မေးလိုက်သည်။
“ဆရာကြီးကို တိုက်ခိုက်ခဲ့တဲ့ ပုံရိပ်သုံးခုက ဘယ်သူတွေလဲ။ သူတို့က ကျွန်မ နောက်လိုက် နေခဲ့တာမလား။ ပြီးတော့ အဘိုးဟေးကလည်း သူတို့ကြောင့် ထွက်ခွာ သွားရတာမလား”
“သူတို့တွေက …”
မျိုးနွယ်စု ခေါင်းဆောင်၏ မျက်ခုံးများက ထိလုမတတ် ဖြစ်သွားပြီး အချိန်အတော် အတန်ကြာအောင် တိတ်ဆိတ်ပြီးနောက် ထူးခြားစွာ တည်ရှိနေသော စကားလုံး နှစ်လုံးကို ပြောလိုက်သည်။
“တော်ဝင် မျိုးနွယ် …”