မှိန်ဖျော့သော မြူခိုးဝဲကတော့များ ဖြစ်ပေါ်နေပြီး ဇူယွမ်က ကျောက်ခင်း လမ်းအတိုင်း အရှေ့သို့ ဆက်လက် တက်သွားသည်။ မိနှစ်အချို့ အကြာမှာတော့ သူ၏ မြင်ကွင်းထဲမှာ ကျောက်တုံး ပွဲကြည့် စင်မြင့်များ ပေါ်လာခဲ့သည်။
ဇူယွမ်က စင်မြင့်တွေနား ရောက်သော အခါတွင် ကြက်သေသေ သွားခဲ့သည်။ သူ၏ စိတ်ထဲတွင် လုံးဝကို အံ့ဩနေခဲ့သည်။
တစ်ခုသော ကျောက်တုံး ပွဲကြည့်စင် ပေါ်တွင် လှပသော ပုံရိပ်လေးက ကျောက်တုံး ထိုင်ခုံပေါ်တွင် မှီလျက် ထိုင်နေသည်။ သူမရဲ့ အဖြူရောင် အဝတ်အစား များသည် သူမ၏ ကိုယ်ဟန် အလှကို ဖော်ထုတ်ပြနေပြီး ကောင်းမွန်ပြီး ဖြောင့်စင်းသော ဆံနွယ်များက အောက်သို့ ဖားလျားကျ နေသည်။ လက်တစ်ဖက်တွင် ပုလင်းတစ်လုံး ကိုင်လျက် တစ်ဖက်တွင် ခွက်တစ်ခွက်အား ကိုင်လျက် သောက်နေရင်း စိမ်ပြေနပြေ အနားယူနေသည်။
ဇူယွမ်၏ အကြည့်များက ထိုလှပသော ပုံရိပ်လေး ပေါ်တွင် ရပ်တန့်သွားခဲ့ပြီး သူ၏ နှုတ်ခမ်းထောင့်စွန်း နှစ်ခုမှ ရုတ်တရက် တွန့်ကွေးကာ ပြုံးလိုက်ပြီး …
“ယောင်ယောင်လား”
ဇူယွမ်၏ မျက်လုံးများက ကျွတ်ကျမတတ် ဖြစ်နေသည်။
ဇူယွမ် ကူကယ်ရာ မဲ့သွားသလို ခံစားမိသော်လည်း မေးမြန်းလိုက်သည်။
“နင်က ဘာလို့ ဒီမှာ ရှိနေတာလဲ”
ယောင်ယောင်က သူမ၏ အကြည့်ကို ဇူယွမ်ထံသို့ ပို့လိုက်ပြီး ညင်သာစွာ ရယ်မောကာ …
“ဟ၊ မဆိုးပါဘူး။ ငါ နင့်ကို နောက်ဆုံးမှာ အနိုင်ရမဲ့ သူလို့ မမျှော်လင့်ခဲ့ဘူး … ဒါက အမှန်ကို ငါတွေးထားတာထက် ကျော်လွန် နေတယ်”
ယောင်ယောင်က ခေါင်းထောင်လာပြီး ပြုံးလျက် ဆက်ပြောသည်။
“ငါလည်းပဲ ဒီကို ဘယ်လို ရောက်လာခဲ့မှန်း မသိဘူး။ အစိမ်းရောင် လှိုင်းလုံးတွေ ကျဆင်းလာတဲ့ အချိန်မှာ ငါသည်နေရာကို ပို့ဆောင်ခံလိုက် ရတာပဲ”
ဇူယွန်၏ မျက်နှာမှာ မခံမရပ်နိုင် ဖြစ်နေသောကြောင့် အစိမ်းရောင်သို့ ပြောင်းလဲနေသည်။ သူက လက်သည်းကို သွားနှင့် ကိုက်ခဲ့သည်။
ယှဉ်ကြည့်ပါက ယောင်ယောင် အနေဖြင့် မည်သည်မှ မလုပ်ရဘဲနှင့် သည်နေရာသို့ သူ့ထက်စော လျင်စွာ ရောက်ရှိနေသည်။
“ဒါက ဘယ်လို တရား မမျှတမှုလဲ”
ဇူယွမ်က စင်မြင့်ထဲသို့ လမ်းလျှောက် ဝင်လာခဲ့ပြီး ယောင်ယောင် လက်ထဲရှိ ခွက်ကို ဆွဲယူလိုက်သည်။
ယောင်ယောင်က ဇူယွမ် လက်ထဲမှ သူအစောပိုင်းက သောက်လက်စ ခွက်ကို လှမ်းကြည့် လိုက်သည်။ သူမ၏ မျက်လုံးများက အန္တရာယ်ရှိစွာ ကျဉ်းမြောင်းသွားပြီး တောက်ပစွာ ပြုံးလျက် မေးလိုက်သည်။
“ဇူယွမ် နင်သေချင် နေတာပဲ”
ထို အန္တရာယ်ရှိသော လေသံကို ကြားရချိန်တွင် ဇူယွမ်က ချက်ချင်းပင် နားလည် သွားဟန်ဖြင့် ခွက်အား အောက်သို့ ချလိုက်ပြီး ကိုးရိုးကားရားနိုင်စွာ ပြောလိုက်သည်။
“ငါဒဏ်ရာ ပြင်းထန်စွာ ရထားတယ် တစ်ချက် ခေါက်လိုက်တာနဲ့ ငါသေနိုင်တယ်။ မစဉ်းစား မဆင်ခြင်ဘဲ မလုပ်နဲ့”
ယောင်ယောင်က မျက်လုံး ကစားလိုက်ပြီး ခွက်အား ပြန်ဆွဲယူ လိုက်သည်။
ဇူယွမ်က ကြိုးစားပြီး ပြုံးလိုက်ပြီး မေးလိုက်သည်။
“အစ်မကြီး ယောင်ယောင် ဒါက ဘယ်နေရာလဲ။ သည်နေရာမှာ ဘာကောင်းချီးမှ မရှိဘူးလား”
ယောင်ယောင်က အပျင်းကြော ဆွဲဆန့်လိုက်သည်။ ထိုအခိုက်တွင် သူမ၏ ဂုဏ်ယူဖွယ် ကောင်းသော အစိတ်အပိုင်းများမှ တင်းရင်းသည့် အလှတရားမှာ ဝိညာဉ်ပင် ဗြောင်းဆန် သွားနိုင်သည်။ ထို့နောက် သူမက ပျင်းရိစွာ ပြောသည်မှာ …
“ဘာမှ မသိသေးဘူး။ ဒီကို ရောက်ပြီး ပျင်းပျင်းရှိတာနဲ့ တစ်နေ့လုံး ထိုင်သောက်နေတာ ဒီနား ဝန်းကျင်တောင် ပတ်မကြည့် ရသေးဘူး”
ဇူယွမ်မှာ အာစေးမိ သွားသည်။ တခြားသူများက မြင့်မြတ်သော ကောင်းချီးအတွက် သူတို့၏ အသက်များကို ရင်း၍ ကြိုးစား နေကြချိန်တွင် ယောင်ယောင်က သည်နေရာသို့ ဦးစွာ ရောက်ရှိနေသော်လည်း စိတ်ဝင်စားဟန် မပြပေ။ သူမ၏ မျက်လုံးထဲတွင် ကောင်းချီးကို လိုက်ရှာရခြင်းက အရက် ကောင်းကောင်း ရှာဖွေရခြင်းလောက် စိတ်ဝင်စားပုံ မရပေ။
“ငါဒီမှာ ဘယ်သူ တက်လာမလဲ စောင့်နေတာ။ ဝူဟောင် ဒါမှမဟုတ် ယဲ့မင်သာ တက်လာရင် အဲဒါက နင်ရှုံးသွားပြီလို့ အဓိပ္ပာယ် ရတယ်။ အဲဒါဆိုလျှင် နင်ကို ကူညီပြီး သူတို့ကို ရှင်းပေးမလို့”
ယောင်ယောင်က စိတ်အား ထက်သန်စွာ ဇူယွမ်အား စိုက်ကြည့်လိုက်ပြီး အနည်းငယ် အံ့ဩဟန်ဖြင့် ဆက်ပြောလိုက်သည်။
“သို့သော်လည်း ငါမမျှော်လင့် မိတာက မင်းဒီကို ရောက်လာတာပဲ … ဒီအဓိပ္ပာယ်က မင်း ဝူဟောင်ကို အနိုင်ရခဲ့တယ်ပေါ့”
ထိုစကားများကို ကြားရချိန်တွင် ဇူယွမ်၏ နှလုံးသားမှာ နွေးထွေး သွားသည်။ သည်နေရာတွင် ယောင်ယောင် အဓိကနေသည့် အကြောင်းအရင်းမှာ သူကြောင့် ဖြစ်သည်။
ဇူယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။
“ဟုတ်တယ်။ ငါသူနဲ့ တိုက်ခိုက်ပြီးတော့ သူ့ရဲ့ ရုပ်ခန္ဓာကိုယ်ကို သတ်ဖြတ်နိုင်ခဲ့ပြီး မြင့်မြတ်သော နဂါးကောင်းချီး ပေးခြင်းရဲ့ အစိတ်အပိုင်း အချို့ကို ပြန်လည် ရယူနိုင်ခဲ့တယ်။ စိတ်မကောင်းစွာနဲ့ဘဲ သူရဲ့ စိတ်ဝိညာဉ်က လွတ်မြောက် သွားခဲ့တယ်”
ယောင်ယောင်က သူမ၏ လက်အား နှင်းကဲ့သို့ ဖြူစွတ်နေသည့် မေးစေ့ပေါ်သို့ တင်ရင်း ပြုံးကာ ပြောလိုက်သည်။
“ငါမျှော်လင့်ထားတာ ထက်ကို ပိုပြီး အကျိုးကျေးဇူး များခဲ့တာပဲ”
သူမ၏ အကြည့်က ဇူယွမ်၏ မျက်နှာတစ်လျှောက် ဖြတ်သန်းသွားပြီး ပြုံးလျက် ဆက်ပြောခဲ့သည်။
“နင်ရဲ့ အမူအရာက ဘာလို့ တည်ငြိမ်နေတာလဲ နင်သေချာပေါက်ကို အလွန် ကျေနပ်အားရ နေတာမလား။ ဟုတ်တယ်မလား”
ဇူယွမ်၏ နှုတ်ခမ်းထောင့်စွန်း နှစ်ဖက်က ကွေးညွှတ်တက်သွားပြီး ကသိကအောက် ဖြစ်စွာ ပြုံးလိုက်သည်။
ယောင်ယောင်က သူမ၏ သလင်းကျောက်နှင့် တူသော လက်သည်းများဖြင့် ကျောက်စိမ်းပုလင်း၏ နှုတ်ခမ်းဝကို ညင်သာစွာ ထိကိုင်လိုက်သည်။
“ဒါပေမဲ့ နင်ကျေနပ် အားရသင့်ပါတယ်။ ငါအနေနဲ့ နင်ဒီရောက်လာမယ် လို့တောင် မျှော်လင့်ထားတာ မဟုတ်ဘူး”
ဇူယွမ်က အံအားသင့်စွာ ပြောလိုက်သည်။
“မင်းငါ့ကို ချီးမွမ်း နေတာလား”
ယောင်ယောင်က သူမ၏ လက်ကို ဆန့်တန်းလိုက်ပြီး ဇူယွမ်၏ ခေါင်းကို ညင်သာစွာ ပွတ်ကာ အလေးအနက် ထားပြီး ပြောလိုက်သည်။
“နင်က အလားအလာရှိတဲ့ ကောင်လေး တစ်ယောက်ပါပဲ”
ဇူယွမ်၏ မျက်နှာမှာ နက်မှောင်သွားပြီး စိတ်ဆိုးစွာ သူမ၏ လက်အား ဖယ်ထုတ်လိုက်သည်။
“သူရဲ့ စိတ်ဝိညာဉ် လွတ်မြောက် နေပေမဲ့ သည်ကိစ္စက ပြဿနာ မဟုတ်တော့ပါဘူး ဘာလို့လဲ ဆိုတော့ သူ့ရဲ့ အကောင်းဆုံး အခွင့်အရေးတွေ ဆုံးရှုံး သွားပြီလေ” ယောင်ယောင်က ရယ်မောရင်း ပြောလိုက်သည်။
ဇူယွမ်က ခေါင်းညိတ်လိုက်ပြီး နောက်ထပ် ယုံကြည်မှု ရှိလာကာ တည်ငြိမ်စွာ ပြောလိုက်သည်။
“ငါသူ့ကို တစ်ကြိမ် သတ်ဖြတ်ပြီးပြီး ဒုတိယ အကြိမ်လည်း သတ်ဖြတ်နိုင်ဦးမှာပဲ။ သူနောက်တစ်ကြိမ် ဆိုရင်တော့ ထပ်ပြီး ကံမကောင်း နိုင်တော့ပါဘူး”
အတိတ်တွင် သူက ဝူဟောင်၏ နောက်တွင် ရှိနေခဲ့ပြီး အန္တရာယ်ရှိသော အချိန်များ ဖြစ်ပေါ်ခဲ့သည်။ ထိုအချိန်များကို ဖြတ်ကျော်နိုင်ခဲ့ပြီ ဖြစ်သည်။
ယောင်ယောင် ပြောခဲ့သလိုပင် ဝူဟောင်မှာ သူ၏ အကောင်းဆုံး အခွင့်အရေးကို ဆုံးရှုံးပြီး ဖြစ်သည်။ ပြီးတော့ နောက်ထပ် အခွင့်အရေးလည်း ထပ်ရှိတော့မည် မဟုတ်ပေ။
ယောင်ယောင်က ရှေ့သို့ လှမ်းတက်လိုက်ပြီး သူမ၏အနက်ရောင် ဆံနွယ်ရှည်ကြီး များက ဇူယွမ်၏ မျက်နှာပေါ်သို့ ငြိမ်သက် အေးချမ်းသော ရနံ့နှင့်အတူ လွှဲယမ်း သွားသည်။ သူမ၏ ထွက်ခွာပုံက ပြည့်စုံလှပပြီး ပြစ်မျိုး မှဲ့မထင်သော မျက်နှာပေါ်၌ အလင်းများ ဖြာကျနေပြီး စိတ်မဝင်စားသော အသံဖြင့် ပြောလိုက်သည်။
“ငါတို့ သည်ရောက်နေပြီပဲ နောက်ထပ် ဘာတွေ ရှိသေးလဲ သွားကြည့်ရအောင်”
ထိုစကားကို ကြားရချိန်တွင် ဇူယွမ်၏ မျက်လုံးများမှာ တောက်ပ သွားပြီး သူ၏ မျက်လုံးတွင် စိတ်အား ထက်သန်မှုများဖြင့် ပြည့်နှက်နေသည်။ သူအနေဖြင့် အမျိုးမျိုးသော ဆင်းရဲဒုက္ခများ ခံပြီး သူတော်စင် အကြွင်းအကျန် ဒေသသို့ လာရောက်ခဲ့ရခြင်းမှာ ကြီးမြတ်သော ကောင်းချီးများကြောင့် ဖြစ်သည်။
သူတို့နှစ်ယောက်လုံးက ကျောက်တုံး လမ်းလေးအတိုင်း လျှောက်လှမ်းရင်း ထိုနေရာ၏ အနက်ရှိုင်းသို့ ဦးတည်လိုက် ကြသည်။
သူတို့ တောင်တွင်းရှိ ကျောက်တုံးလမ်းမှ လျှောက်လှမ်းရင်း အုပ်ဆိုင်းသော တောအုပ်တစ်ခုကို ဖြတ်သန်းပြီးနောက် သူတို့၏ ခြေလှမ်းများက တစ်ဝက် တစ်ပျက်နှင့် ရပ်တန့်သွားသည်။ သူတို့၏ရှေ့တွင် ချောက်ကမ်းပါး တစ်ခုသာ ရှိတော့သည်။
ချောက်ကမ်းပါး၏ရှေ့တွင် အဆုံးမဲ့သော မြူများက ရစ်ဝဲနေသည်။
ကြီးမားသော ထင်းရှူးပင်ကြီး တစ်ပင်က ချောက်ကမ်းပါး၏ အစွန်အဖျားတွင် ပေါက်နေပြီး သစ်ပင်အောက်တွင် ကျောက်စိမ်းဖြူရောင် ခုံတစ်ခု ရှိနေကာ ထိုအပေါ်တွင် ပုံရိပ်တစ်ခုက မတ်တတ် ရပ်လျက် ရှိသည်။
“ဒီမှာ အဆုံးသတ် သွားပြီလား”
ထိုအခိုက်တွင် ယောင်ယောင်နှင့် ဇူယွမ်တို့၏ အမြင်တွင် ပုံရိပ်တစ်ခု ပေါ်လာပြီး နူးညံ့ပြီး ညင်သာသော အသံထွက်လာသည်။
ပုံရိပ်က သူ၏ခေါင်းကို မော့လိုက်သည်နှင့် ကလေး တစ်ယောက်၏ အသားရည် ကဲ့သို့ ကြည်လင်နေသည့် ကျောက်စိမ်းဖြူရောင် အသားအရေနှင့် လူတစ်ယောက်ကို မြင်လိုက်ရသည်။ သူ၏ ဆံပင်ရှည်ကြီးကို အနောက်သို့ ဖြန့်ချထားပြီး သူ၏ မျက်နှာမှာ လူငယ် တစ်ယောက်နှင့် အလွန်တူပေသည်။ သူ၏ မျက်လုံးများမှာ ရှေးကျမှုတွေ ပါဝင်နေပြီး နှစ်ပေါင်းများစွာ တည်ရှိခဲ့သည့် ခံစားမှုကို ပြောပြ နေသယောင်ပင်။
ဇူယွမ်က ထိုသူနှင့် အကြည့်ချင်း ဆုံသွားချိန်တွင် မဖော်ပြနိုင်အောင်ပင် ကြီးမားလှသည့် ဖိအားတစ်ခုကို ခံစားလိုက်ရပြီး ထိုဖိအားက သူ၏ စိတ်ဝိညာဉ်ကိုပင် တုန်ခါစေသည်။
သည်အရာက ဇူယွမ်အား ထိုခန့်ညား ချောမောသော လူငယ်သည် အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းသော တည်ရှိမှုမှန်း ခံစားမိစေသည်။
တကယ့်ကို ထိုသူက သေဆုံးခဲ့သည့် ဒဏ္ဍာရီလာ သူတော်စင်နှင့် တူသည်။
တကယ်တော့ သူရင်ဆိုင် တွေ့လိုက်ရသည့် အရာက အစစ်အမှန် မူလ၏ အစိတ်အပိုင်းမျှသာ ဖြစ်သည်။
ထိုအရာက အစိတ်အပိုင်း တစ်ခုမျှသာ ဖြစ်သည် ဆိုသော်လည်း သူ၏ တည်ရှိမှုက ဇူယွမ်ကို မဖော်ပြနိုင်သော ဖိအားကို ခံစားရစေသည်။
ထိုဖိအားနှင့် နေသားကြပြီး နောက်တွင် ဇူယွမ်နှင့် ယောင်ယောင်တို့က ထိုသူ၏ ရှေ့သို့ ရောက်လာခဲ့သည်။
“အကြီးအကဲ” ဇူယွမ်ကာ သူ၏ လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး အရိုအသေ ပေးလိုက်သည်။ သူ့မျက်နှာတွင် လေးစားဟန်များ ပေါ်နေသည်။
ယောင်ယောင်မှာ အတော်လေးကို နုံးချည့် နေပုံရပြီး သူမကို သူမရပ်တန့်နိုင်ခြင်း မရှိဘဲ သူမ၏ ပါးစပ်အား လက်ဖြင့်ကာပြီး သမ်းဝေလိုက်သည်။
လုလင်ပျိုက ပြုံးရုံမျှ ပြုံးလိုက်သည်။ သူက မတ်တတ် ရပ်ရင်းပဲ ဇူယွမ်နှင့် ယောင်ယောင်တို့ကို စိုက်ကြည့်လိုက်ရာ နက်နဲသော သူ၏ မျက်လုံးများက လျှို့ဝှက်ချက် အားလုံးကို ထွင်းဖောက်မြင်ဟန် ရသည်။
သူက အရှေ့သို့ လျှောက်လှမ်း လာခဲ့ပြီး ဇူယွမ်၏ အရိုအသေပြုခြင်းကို အသိအမှတ်ပြုဟန်ဖြင့် ခေါင်းညိတ် ပြလိုက်သည်။ ထို့နောက် သူ၏ အကြည့်က ယောင်ယောင်ထံ ရောက်ရှိသွားသည်။
သူက ယောင်ယောင်ကို အတန်ကြာ ငေးကြည့်နေခဲ့သည်။
ထိုအခိုက်တွင် ဇူယွမ်က ထိုသူ၏ အကြည့်ထဲတွင် ကျေနပ်အားရခြင်း လေးစားခြင်းများကို မြင်တွေ့လိုက်ရသည်။
သူက ညင်သာစွာ ရယ်မောလိုက်ပြီး။
“နောက်ဆုံးတော့ ငါမင်းနဲ့ ဆုံရပြီ”