အဖြူရောင် ကျောက်တုံး ကွင်းပြင်ပေါ်တွင် လေတိုးသံများသာ ထွက်ပေါ်နေသည်။ မရေမတွက် နိုင်သော အကြည့်များသည် ပုံရိပ်နှစ်ခု ဖြတ်သွားသည့် နေရာသို့ ရောက်နေသည်။
ယခု ဇူယွမ်နှင့် ဝူဟောင်တို့ နှစ်ယောက်လုံး နောက်သို့ ဆုတ်သွားကြပြီ ဖြစ်သည်။
ဇူယွမ်၏ ကိုယ်ပေါ်မှ ငွေရောင် အလင်းများသည် စတင်ပြီး မှိန်ဖျော့လာကာ ငွေရောင် အရည်များအဖြစ် အောက်သို့ စီးဆင်းသွားပြီး နောက်ဆုံးတွင် ငွေရောင်အလုံး တစ်လုံးအဖြစ် ပြောင်းလဲသွားကာ သူ၏နံဘေးတွင် ပေါ်လာခဲ့သည်။
ဝေါ့ …။
ငွေရောင် ချပ်ဝတ် ကွယ်ပျောက် သွားချိန်တွင် ဇူယွမ်က အကူညီမဲ့စွာဖြင့် သွေးတစ်လုတ် အန်လိုက်သည်။ သူ၏ မျက်ခုံး နှစ်ဖက်ကြားတွင် အလွန်အမင်း နာကျင်နေပြီး သတိလစ်မတတ် ဖြစ်နေသည်။
သို့သော်လည်း သူက အတင်း တောင့်ခံနေစဉ်မှာပင် သူ၏ မျက်ခုံး နှစ်ခုကြားရှိ စိတ်ဝိညာဉ်မှာ လျင်မြန်စွာ မှိန်ဖျော့လာသည်။
ကံကောင်းစွာနဲ့ပဲ သူတော်စင် စိတ်ဝိညာဉ် သလင်းတုံးမှ အလင်းတန်းများ ထွက်ပေါ်လာပြီး သူစိတ်ဝိညာဉ်၏ ပတ်ပတ်လည်ကို လွှမ်းခြုံလာသည်။ အေးမြသော အရှိန်အဝါများက သူ၏ စိတ်ဝိညာဉ်ပေါ်သို့ သွန်ကျခဲ့ပြီး သူ့အား သတိ ပြန်လည် လာစေခဲ့သည်။
ထိုမြင်ကွင်းကို ကြည့်ရင်းနဲ့ သူတော်စင် အကြွင်းအကျန် နယ်မြေ၏ အပြင်ဘက်နှင့် အတွင်းဘက် နှစ်ခုလုံးမှ မှတ်ချက် ထွက်ပေါ်လာခဲ့သည်။
“ဇူယွမ်ကို ကြည့်ရတာ ဒဏ်ရာ ကြီးကြီးမားမား ရသွားတဲ့ပုံပဲ”
လူတိုင်းက ဇူယွမ်၏ မူလချီများ တဖြည်း အားနည်းလာသည့် မြင်ကွင်းကို မြင်လိုက်ကြပြီး သေချာစွာပင် နောက်ထပ် ဆက်ပြီး တိုက်ခိုက်နိုင်ဟန် မရပေ။
မူဝူကျိ ကျိုးဖန်နှင့် အခြား တမန်တော်လေး ရောက်မှာလည်း နီးကပ်စွာ ကြည့်လိုက်ကြပြီး မျက်တောင်ပင် မခတ်ဝံ့ကြပေ။
စောင့်ကြည့်နေသော မျက်လုံးများ အောက်တွင် ဇူယွမ်က သူ့နှုတ်ခမ်းထောင့်တွင် ကျန်နေသေးသည့် သွေးစများကို သုတ်လိုက်သည်။ သူအနေဖြင့် ငွေအရိပ်ကို အချိန်တိုလေးသာ အသုံးပြုခဲ့သည့် အတွက် ချက်ချင်း သတိလစ် မသွားခြင်း ဖြစ်သည်။
ထို့ကြောင့် သူ၏ စိတ်ဝိညာဉ်က အလွန်အမင်း အားနည်းနေကြောင်း ဇူယွမ် ခံစားမိပေသည်။ သူအနေဖြင့် သည်သန်မာမှုကို အချိန်အကြာကြီး တိုက်ပွဲတွင် အသုံးမပြုနိုင်ပေ။
သို့သော်လည်း သူ၏ မျက်နှာပေါ်တွင် မည်သည့် ထိတ်လန့်မှုမျှ ပေါ်မနေပေ။
ဇူယွမ်က ခေါင်းငုံပြီး သူ့လက်ကို ကြည့်လိုက်လျှင် လက်ချောင်းများမှ လတ်ဆတ်သော သွေးများက တစက်စက် စီးကျနေသည်ကို တွေ့လိုက်ရသည်။ သို့သော်လည်း ထိုသွေးများက သူ့ဆီမှ မဟုတ်ပေ။
ဇူယွမ်က ပြောင်းလဲခြင်း မရှိသော လေသံဖြင့် လေးနက်စွာ ပြောလိုက်သည်။
“ဝူဟောင် ငါအမှန်တကယ် ပိုင်ဆိုင်တဲ့ အရာတွေကို မင်းကို ဘယ်တော့မှ ထိပါးခွင့် ပေးမှာ မဟုတ်ဘူး”
သူတို့နှစ်ယောက် မျက်နှာချင်းဆိုင် သည်နှင့် ဝူဟောင်၏ အက်ကွဲနေသော အသံထွက်ပေါ် လာခဲ့သည်။
“ဒါဘယ်လိုလုပ် ဖြစ်နိုင်ရတာလဲ။ ငါဘာလို့ မင်းလို အမှိုက်ဆီမှာ ရှုံးနိမ့်ရတာလဲ။ ဒါတကယ်ကို မတရားဘူး”
သူ့၏ အသံတွင် မခံမရပ် မနိုင်ခြင်းများဖြင့် ပြည့်နှက် နေသည်။
“မင်းက တကယ်ကို မောက်မာတာပဲ” ဇူယွမ်က ပြန်ပြောခဲ့သည်။
ဝူဟောင်၏ အမူအရာမှာ ရှုံမဲ့သွားပြီး သူကြီးမြတ်သော ဝူအင်ပါယာမှ နန်းတော်မှ မထွက်ခင် ဝူယိုပြောသော စကားလုံးများကို ပြန်ကြားလာခဲ့သည်။
“ဝူဟောင် နောက်ဆုံးမှာ နင့်ရဲ့ မောက်မာမှုနှင့် ဝင့်ကြွားခြင်းတို့ကြောင့် နင် ရှုံးနိမ့်ရမဲ့နေ့ကို ရောက်လာလိမ့်မယ်”
ထိုစကားများကို ကြားခဲ့သော အချိန်တုန်းက သူက ရယ်မော နေခဲ့သည်။ အဘယ်ကြောင့် ဆိုသော် မသန်မစွမ်း ဖြစ်နေသော နဂါးဇူယွမ်ကို သူမျက်စိထဲ ထားရန် လုံလောက်မှု မရှိဟု တွေးတော ခဲ့ခြင်းကြောင့် ဖြစ်သည်။ ဇူယွမ်ကို သူလက်တစ်ချက်ချက် လှုပ်ရုံမျှဖြင့် ဖိချေကာ သတ်နိုင်မည့် ပုရွတ်ဆိတ်လေး တစ်ကောင် အဖြစ်သာ သူရှုမြင်ခဲ့သည်။
သို့သော်လည်း သူ့အနေဖြင့် သည်နေ့လိုမျိုး ကိစ္စရပ်တွေ ဖြစ်လာလိမ့်မည်ဟု အိပ်မက်ပင် မမက်ဖူးချေ။
သူ၏ မျက်လုံးထဲတွင်ပင် မထားခဲ့သည့် လူတစ်ယောက်က သူ၏ နောက်ဆုံး ဝှက်ဖဲကိုပင် ဖျက်ဆီးခဲ့သည်။
သည်အခိုက်အတန့် မှာတော့ သူ၏ ဂုဏ်ယူခြင်း မောက်မာခြင်းများ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
“ငါ … လက်မခံနိုင်ဘူး …” ဝူဟောင်က ရေရွတ်လိုက်သည်။
စူးရှသော အသံတိုးတိုးလေး ထွက်ပေါ်လာသည်။
သွေးရောင်လှိုင်း တစ်ခုက သူ၏ လည်ပင်းပေါ်တွင် ပေါ်လာခဲ့ပြီး ထို့နောက် ချက်ချင်းပင် ဝူဟောင်၏ ခေါင်းက သူခန္ဓာကိုယ်မှ ဖယ်ခွာပြီး ကျဆင်းလာသည်။
သွေးများ ကောင်းကင်သို့ ပန်းထွက် လာခဲ့သည်။
သူတော်စင် အကြွင်းအကျန် ဒေသ၏ အတွင်းအပြင် နှစ်ခုလုံးတွင် လုံးဝ တိတ်ဆိတ် သွားပြီး ပင့်သက်ရှိုက်သံများ သာလျှင် ထွက်ပေါ်လာခဲ့သည်။
“ဝူဟောင် အသက်ခံလိုက်ရတယ်”
အားလုံးက ထိုမြင်ကွင်းကို ထိတ်လန့် တုန်လှုပ်စွာ ကြည်နေ့ခဲ့ကြသည်။ လူတိုင်း တွေးမမီနိုင်အောင်ပင် စွမ်းအား ပြည့်ဝသော ဝူဟောင်က ကောင်းကင်တံခါး အဆင့်သာ ရှိသေးသည့် လူငယ်လေး တစ်ယောက်ထံတွင် အသတ်ခံရလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားပေ။
မူဝူကျိ၏ ပါးစပ်မှာ ကြီးမားစွာ ပွင့်ဟနေပြီး သူ၏ ဆေးတံ ကိုင်ထားသော လက်ပင် တုန်ယင်နေသည်။
“ဒီကလေး ဘယ်လိုများ လုပ်လိုက်တာလဲ”
အစောပိုင်း အချိန်က ဇူယွမ် သေချာပေါက် သေဆုံးမည်ဟု သူတွေးထင်ခဲ့သည်။
သိုသော်လည်း သူက ဝူဟောင်၏ တိုက်ခိုက်မှုကို ချိုးဖောက် နိုင်လိမ့်မည်ဟု မည်သူမျှ မမျှော်လင့်မိပေ။ ထို့အပြင် အခြေအနေ တစ်လုံးကိုပင် ပြောင်းပြန် လှန်လိုက်ပြီး ဝူဟောင်၏ ဦးခေါင်းကို ယူသွားသည်။
“ဒါဘယ်လို ဖြစ်နိုင်မှာလဲ”
ကျိုးဖန်လည်း အော်ဟစ်လိုက်သည်။ သူက ချက်ချင်းပင် မတ်တတ် ထရပ်လိုက်ပြီး သူ၏ အမူအရာမှာ ကြမ်းတမ်းနေပြီး သူ၏မျက်လုံးများတွင် မယုံကြည်နိုင်ခြင်းတို့နှင့် ပြည့်နေကာ ကြေးမှုံပြင်ကို အေးစက်စွာ စိုက်ကြည့်နေသည်။
သူအနေဖြင့်လည်း ဝူဟောင်က ဇူယွမ်အား ရှုံးနိမ့်သွားခြင်းကို လက်မခံနိုင်ပေ။
နေရာတိုင်းတွင် ထိုအဆုံးသတ်ကြောင့် အုန်းအုန်းကျွက်ကျွက် ဖြစ်သွားကြသည်။ သိုသော်လည်း သူတို့အားလုံးမှာ ထိုကြေးမှုံပြင်ပေါ်ရှိ ရက်စက်လှသော မြင်ကွင်းအား ယခုထိ မယုံကြည့်နိုင်ကြပေ။
သူတော်စင် အကြွင်းအကျန် ဒေသ အတွင်းတွင် ရှောင်ထျန်းရွမ်နှင့် ဂူလင်းတို့က သူတို့ မြင်လိုက်ရသော မြင်ကွင်းကြောင့် အံ့အောပြီး စကားပင် ပြန်မပြော နိုင်တော့ပေ။
ခဏအကြာတွင် သူတို့ နှစ်ယောက်လုံး ပါးစပ်အပြည့် တံတွေးများကို မျိုချလိုက်သည်။ သူတို့ ဇူယွမ်ကို ကြည့်လိုက်သော အချိန်တွင် သူတို့နှစ်ယောက်၏ မျက်လုံးထဲ၌ ကြောက်ရွံ့မှု တစ်စွန်းတစ်စကို မြင်တွေ့နိုင်ပေသည်။ သူတို့အနေဖြင့် ဝူဟောင်မည်မျှ စွမ်းအားကြီးသည်ကို သိရှိပေသည်။ ပြီးတော့ ထိုကဲ့သို့ စွမ်းအားကြီး သူတစ်ယောက်က ဇူယွမ်၏ လက်ထဲ၌ ရှုံးနိုမ့်ခဲ့ရသည်။
ထိုစဉ် ကျောက်တုံးလှေကား စင်မြင့် ငါးခုမြောက်မှ ကိုးခုမြောက်အထိ တစ်လျှောက်လုံး အလင်းတန်းများ တောက်ပစွာ ထွက်ပေါ်လာခဲ့သည်။
အလင်းတန်းများက တဖြည်းဖြည်းချင်း အားနည်းသွားပြီး ငါးခုမြောက် စင်မြင့်ပေါ်ရှိ အခြေအနေကို ဖော်ပြခဲ့သည်။
ငါးခု မြောက်စင်မြင့် ပေါ်တွင် လုလျိုက မြေပြင်ပေါ်တွင် ထိုင်နေခဲ့ပြီး သူ၏ မျက်နှာလေးမှာ အနည်းငယ် သွေးဆုတ် ဖြူရော်နေသည်။ ရေခဲလုံးလေးက သူမ၏ ပခုံးထက်တွင် နားနေပြီး သူ့ပတ်ဝန်းကျင်တွင် အလင်းများ တလက်လက် တောက်ပနေသည်။
သူမ၏ အရှေ့ အနည်းငယ် ကွာဝေးသော နေရာတွင် သက်ရှိ ရေခဲရုပ်တု တစ်ခုက နေရောင်အောက်တွင် တောက်ပနေသည်။ ထိုရုပ်တု အတွင်းတွင်တော့ ကျူးယင်၏ လှပသော မျက်နှာလေးက အေးခဲနေပြီး နောက်တွင် ဘယ်တော့မှ မလှုပ်ရှား နိုင်တော့ပေ။
ခြေက်ခုမြောက် စင်မြင့်ပေါ်တွင် ကျိန်းရွီး၏ အဝတ်အစားများမှာ စုတ်ပြဲနေပြီး မရေမတွက်နိုင်သော ဓားဒဏ်ရာများက သူကိုယ်ပေါ်တွင် ရှိနေသည်။ သို့သော်လည်း သူ၏ ဒဏ်ရာများမှ မည်သည့် သွေးမျှ မထွက်နေဘဲ သူ၏ ခန္ဓာကိုယ်က ခြောက်သွေ့ပြီးသား အလောင်းကောင် လိုမျိုးပင် ဖြစ်နေသည်။ သူပြီးနောက် ကျန်းချွမ်း၏ တစ်ကိုယ်လုံးတွင် ဒဏ်ရာများဖြင့် ဖုံးအုပ်နေပြီး ထိုထဲမှ တစ်ခုက သူ၏ မျက်ခုံး နှစ်ခုကြားတွင် အစက် တစ်စက် အဖြစ် ထိုးဖောက် ခံထားရသည်။
ခုနစ်ခုမြောက် စင်မြင့်တွင် ကျိုးချူးချင်ယုက လှပသော ခြေထောက်လေး များဖြင့် သတ္ထုမျှော်စင်နှင့် တူသော ပုံရိပ်၏ ပခုံးပေါ်တွင် မတ်တတ် ရပ်နေသည်။ သူမ၏ နှုတ်ခမ်းထောင်စွန်းတွင် သွေးအနည်းငယ် စီးကျနေပြီး သူမ၏ နီစွေးသော နှုတ်ခမ်းပါး လေးအား ပိုမိုညို့ယူ အားကောင်း စေသည်။
သတ္ထုမျှော်စင်နှင့် တူသောလူ သူတို့အခေါ် ကျန်းချွမ်း ဆိုသော လူငယ်မှာ ဒူးတစ်ဖက်ကို မြေပြင်ပေါ်တွင် ထောက်လျက်ရှိပြီး သေလား ရှင်လားပင် မသိရချေ။
ရှစ်ခုမြောက် စင်မြင့်ပေါ်တွင် တစ်ယောက်မျှ ရှိမနေဘဲ ရှစ်ခုမြောက် စင်မြင့်မှာ ပြိုကွဲနေသည်။ နန်ကျန်းက အုတ်ကျိုး အုတ်ပဲ့များ ကြားထဲမှ ထွက်ပေါ်လာခဲ့သည်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများက ဇကာပေါက် ကဲ့သို့ ဖြစ်နေသော်လည်း သူ၏မျက်နှာမှာ စိတ်လှုပ်ရှားမှုကြောင့် ပြုံးပျော်နေသည်။
ထိုအပျက်အစီးပုံ နံဘေးတွင် ဆံပင် အဖြူရောင်နှင့် လူငယ်အား တစ်စုံတစ်ခုနှင့် ထုတ်ချင်းပေါက် အထိုးခံရသည့် အနေအထားဖြင့် မကဲမကွဲ မြင်လိုက်ရသည်။
ကိုးခုမြောက် စင်မြင့်ပေါ်တွင် ပုံရိပ်နှစ်ခုက ခြေပလ္လင် ချိတ်၍ ထိုင်နေကြသည်။
သွေးယိုစီးနေသည့် အပေါက်များကို မျက်ကန်းဓား၏ ခန္ဓာကိုယ်ပေါ်တွင် မြင်နိုင်ပြီး သူ၏ မျက်နှာမှာ အလွန်ကို သွေးဆုတ် ဖြူရော်နေပြီး သူ၏လက်က လေးလံသော အနက်ဓားကြီးအား ဆုပ်ကိုင်ထားပြီး တဆတ်ဆတ် တုန်ရီနေသည်။
ယဲ့မင်ကလည်း သူ၏ အရှေ့ တစ်နေရာတွင် ထိုင်နေခဲ့သည်။ သို့သော်လည်း နက်ရှိုင်းလှသော ဓားဒဏ်ရာကြီးက သူ၏ ပခုံးမှ ခါးအထိ နက်ဝင်နေပြီး သူ့ကို နှစ်ပိုင်းခြမ်း ထားသည်။
သူတို့ နှစ်ယောက်လုံး၏ ဒဏ်ရာများကို ကြည့်ရူရသည်မှာ အမှန်ပင် ဆိုးဝါးလွန်း လှပေသည်။
အနိုင်ရသူပင်လျှင် ကြီးစွာသော ဒဏ်ရာရရှိ နေပေသည်။ နေရာတိုင်းတွင် အောင်ပွဲခံ သံများဖြင့် ပြည့်နှက်သွားပြီး ကိုးခုမြောက် စင်မြင်ပင်လျှင် ချွင်းချက် အနေဖြင့် ကန်မင် တိုက်ကြီး၏ နိုင်ပွဲ အဆုံးသတ်ပင် ဖြစ်သည်။
သို့သော်လည်း လုလျို၊ ကျိုးချူးချင်ယုတို့ လူစုက သူတို့၏ ဦးခေါင်းများကို မော့ကာ သူတော်စင် တောင်ထိပ်ဆီသို့ လှမ်းကြည့်လိုက် ကြသည်။ ထို့နောက် ဇူယွမ်က ဒူးထောက်လျက် ရှိနေသည်ကို မြင်ရပြီး အောက်သို့ ပြုတ်ကျနေသော ဦးခေါင်း၏ နောက်တွင် သွေးများက ကောင်းကင်ယံသို့ ပန်းထွက်နေသည့် ဝူဟောင်၏ ခေါင်းမပါသည့် ခန္ဓာကိုယ်ကြီးအား မြင်လိုက်ရသည်။
“ဘယ်လောက်တောင် ရူးသွပ်လိုက်တဲ့ …” လုလျိုက ရေရွတ်လိုက်သည်။
“မင်းလုပ်နိုင်မယ်လို့ ငါထင်ခဲ့ပြီးသားပဲ …” ကျိန်းရွီးက တိုးညင်းသော အသံဖြင့် ပြောသည်။
ကျိုးချူးချင်ယု၏ မျက်လုံးများက တောက်ပနေပြီး ချစ်စဖွယ် ကောင်းစွာ ရယ်မောနေပြီး တိတိတခိုးလေး ပြောလိုက်သည်။
“ကြည့်ရတာ ဒီလူကို ရွေးချယ်ဖို့ ကောင်းနေပြီ …”
နန်ကျန်းက ဇူယွမ်ကို စိုက်ကြည့်လိုက်ပြီး တည်ကြည်သော မျက်နှာထားဖြင့်
“ဘယ်လောက်တောင် ရှိန်ဖို့ ကောင်းလိုက်လဲ။ ငါတကယ်ကို သူနဲ့ … အတူ သွားချင်မိတယ်”
မျက်ကန်းဓား လီချွန်ကျွမ်က သူ၏ လေးလံသော ဓားကြီးကို ဆုပ်ကိုင်ကာ ခဏမျှ တိတ်ဆိတ် သွားပြီးနောက် …
“ဇူယွမ် ကြည့်ရတာ မင်းက အနာဂတ်မှာ ငါ့ရဲ့ဓားအတွက် ဝူဟောင်ထက် ပိုပြီး ကောင်းတဲ့ ဓားသွေး ကျောက်တစ်တုံး ဖြစ်လာလိမ့်မယ် …”
ယဲ့မင်က ချောင်းဆိုး လိုက်သည်နှင့် သွေးများ ထွက်လာပြီး ခေါင်းယမ်းကာ ပြုံးလျက်ပြောသည်။
“ဟီးဟီး … ဝူဟောင် ဝူဟောင်။ မင်းနောက်ဆုံးမှာ သူ့ကို ရှုံးနိမ့်သွားမယ်လို့ ငါတကယ် မမျှော်လင့်မိဘူး”
အားလုံး၏ အကြည့်များက အဖြူရောင် ကျောက်စိမ်းကွင်းပြင် တစ်နေရာတည်းသို့သာ ရောက်ရှိနေသည်။
နေရောင်ခြည်၏ အလင်းရောင်များ အောက်တွင် ပုံရိပ်တစ်ခုက ဒူးတစ်ဖက် ထောက်လျက် အနေထားဖြင့် ခေါင်းက အောက်သို့ကျလျက် သွေးများက ကောင်းကင်ယံသို့ ဖြန်းပတ် နေသည်။