ဆုန်ကျိရှင်း၏အိမ်ဆီမှ ခြေသံများပေါ်လာသည်။ လျိုရှန်ယန် ခြံစည်းရိုးပေါ်မှ ခုန်ဆင်းရန် ဟန်ပြင်လိုက်သည်။ သို့သော် စကားသံတစ်ခု သူ့ထံသို့ လွင့်ပျံလာသည်။ အသံရှင်ကိုမူ မမြင်ရသေးပေ။
“မင်းက ရတနာချောင်းရိုးကြွေထည်ရုံက အဘိုးယော်ရဲ့တပည့်လား။ မင်းက လျိုမျိုးရိုးထင်ပါရဲ့”
စကားသံက နူးညံ့ညင်သာသည်။
ဝတ်ရုံဖြူဝတ်ထားသည့် ကြွေထည်အရာရှိပင် ဖြစ်သည်။ ပြုံးရွှင်သည့်မျက်နှာဖြင့် ဆုန်ကျိရှင်း၏အိမ်ထဲမှ ထွက်လာသည်။
လျိုရှန်ယန် ကျောက်ရုပ်လိုဖြစ်သွားသည်။ အောက်သို့ခုန်ဆင်းရန်ပင် ခွန်အားမရှိတော့ပေ။ မလုံမလဲဟန်ဖြင့် တဟဲဟဲရယ်လျက်
“ဟုတ်ပါတယ်၊ ကျွန်တော်ပါပဲ။ ကြွေထည်ရုံကို ခင်ဗျားလာတုံးက ဆရာကကျုပ်ကို ခင်ဗျားအတွက် သရုပ်ပြပေးဖို့ ပြောခဲ့တယ်လေ”
အရာရှိက ခေါင်းငြိမ့်သည်။ ရင်အုပ်ကားကား လျိုရှန်ယန်ကို ခြေဆုံးခေါင်းဆုံးကြည့်၍ ပွင့်လင်းစွာ မေးလိုက်သည်။
“ကောင်လေး၊ ဒီမြို့ကထွက်ပြီး အပြင်လောကကို မကြည့်ချင်ဘူးလား။ စစ်တပ်ထဲကို ဝင်ချင်သလား။ မင်းသာ ဆယ်နှစ်လောက်သီးခံကြိုးစားနိုင်ရင် အဆင့်မြင့်အရာရှိတစ်ယောက် ဖြစ်လာစေရမယ်လို့ ငါအာမခံတယ်။ အဲဒီအချိန်ကျရင် ငါကိုယ်တိုင် စားသောက်ပွဲကျင်းပပြီး မင်းကိုဂုဏ်ပြုပေးမယ်။ ဘယ်လိုသဘောရသလဲ”
ထိုစကားကြောင့် သူ့နောက်တွင်ရပ်နေသည့် ဆုန်ကျိရှင်း မျက်နှာပျက်သွားသည်။ ဖူနန်ဟွားပေးခဲ့သည့် မိုးခေါ်ကျောက်စိမ်းပြားကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။
လူအများက ‘တရားမဝင်သား’ ‘ခွေးသူတောင်းစား’ဟု နှစ်ပေါင်းများစွာ နှိမ်ချဆက်ဆံခံခဲ့ရသည့် ဆုန်ကျိရှင်းက ထိုအရာရှိ၏ သရုပ်မှန်ကို သတိပြုမိလိုက်ပြီဖြစ်သည်။ ထို့ကြောင့် ထိုအရာရှိပြောသည့်စကာ၏ လေးနက်မှုကို ကောင်းကောင်းသဘောပေါက်လိုက်သည်။ ‘ကိုယ်တိုင်စားသောက်ပွဲစီစဉ်ပေးမည်’ ဟူသည့် ကတိစကားသည့် လီနိုင်ငံတွင် စွမ်းအားအကြီးဆုံး အသက်ကယ်မှော်အဆောင်ကဲ့သို့ပင်ဖြစ်သည်။ လျိုရှန်ယန် အဆင့်မြင့်မြင့်တက်လှမ်းနိုင်ရန်အတွက် လှေခါးထစ်တစ်ခုဖြစ်သည်။
လျိုရှန်ယန် ပြန်ဖြေရန်အတွက် သင့်တော်မည့်စကားလုံးကို အပူတပြင်းစဉ်းစားလိုက်သည်။ သို့သော် သူ့နှုတ်မှထွက်လာသည်မှာ အထစ်ထစ်အငေါ့ငေါ့စကားများသာ ဖြစ်သည်။
“ခင် ခင်ဗျားစေတနာအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျုပ် ကျုပ်က အဘိုးယော်ရဲ့တပည့်လုပ်ဖို့ သဘော တူ တူထားပြီးပြီ။ ကတိဖျက်လို့ မ မရဘူး။ စိတ် စိတ်မရှိပါနဲ့”
လျိုရှန်ယန်ပုံစံမှာ လည်နင်သကဲ့သို့ ဖြစ်နေသည်။ သူပြောလိုက်သည့်စကားကိုပင် ပြန်မမှတ်မိတော့။ စိုးရိမ်ထိတ်လန့်နေသဖြင့် မျက်နှာတစ်ခုလုံး နီရဲနေသည်။
“အားနည်းသူရဲ့ အမှားကို စိတ်ထဲမထားတာဟာ မြင့်မြတ်တဲ့လူရဲ့ လုပ်ရပ်ပါ”
ဆုန်ကျိရှင်းက နားလည်ဟန်ဖြင့် သတိပေးစကားဆိုလိုက်သည်။
အရာရှိက ပြုံးနေသည်။ စိတ်ဆိုးဟန်မရှိ။
“ကိစ္စမရှိပါဘူး။ တစ်ချိန်ချိန်မှာ မင်းဒီမြို့က ထွက်ခွင့်ရခဲ့ရင် တန်ယန်တောင်ကြားနားကိုသွားပြီး လျိုလင်းရှီဆိုတဲ့ သိုင်းသမားတစ်ယောက်ကို ရှာပါ။ မင်းစစ်တပ်ထဲဝင်ဖို့ ဆုန်ချန်ကျင်းက ထောက်ခံပေးတာလို့ပြောလိုက်။ မင်းပြောတာ သူမယုံသေးရင် စွေ့နိုင်ငံက ရန်သူဦးခေါင်းသုံးထောင် သူအကြေးကျန်သေးတယ်လို့ ငါကပြောတယ်လို့ ပြောလိုက်ပါ”
လျိုရှန်ယန် အူကြောင်ကြောင်မျက်နှာဖြင့် ခေါင်းငြိမ့်လိုက်သည်။
“ဟုတ်ကဲ့ပါ”
အရာရှိက ပြုံးလျက် လှည့်ထွက်သွားသည်။ ဆုန်ကျိရှင်းက သူ့နောက်သို့ မလိုက်တော့ဘဲ တံခါးဝတွင် နှုတ်ဆက်စကားဆိုမည်ဟု ကြံနေသည်။ သို့သော် အရာရှိက သူ့အတွေးကို ရိပ်မိဟန်ဖြင့်
“ကြေထည်ရုံအရာရှိအိမ်တော်ကို ငါနဲ့အတူလိုက်ခဲ့ပါ။ မင်းကို လူတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်”
ဆုန်ကျိရှင်း ရပ်မြဲရပ်နေသည်။ မျက်နှာတင်းတင်းဖြင့်
“ကျုပ်မလိုက်ဘူး”
သာမန်မြို့ခံလူများအတွက် အရာရှိအိမ်တော်သည် သွားရောက်လည်ပတ်ရန် အလွန်တရာခက်ခဲ့သည့်နေရာဖြစ်သည်။ သို့သော် လူအများ၏ အပုပ်ချစကားကြားတွင် ကြီးပြင်လာရသည့် ဆုန်ကျိရှင်းအတွက် ထိုနေရာသည် နဂါးဂူ ကျားဂူတစ်ခုသာဖြစ်သည်။ သူ့စိတ်ထဲမှ အရိပ်မည်းကို မကျော်လွှားနိုင်သေးပေ။
အပြင်ကိစ္စများ ဆောင်ရွက်ရာတွင် မြန်ဆန်ပြတ်သားလှသည့် အရာရှိဆုန်ချန်ကျင်းက ဆုန်ကျိရှင်းခေါင်းမာနေသည်ကို စိတ်မဆိုးပေ။ ခြေလှမ်းရပ်မသွားသော်လည်း အရှိန်နည်းနည်းလျှော့၍
“လျှို့ဝှက်အထောက်တော်တွေရဲ့ သတင်းပေးချက်အရ မင်းဟာ စွေ့နိုင်ငံက ကောင်းမင်းသားနဲ့ တွေ့ပြီးပြီမဟုတ်လား။ စွေ့နိုင်ငံက ကောင်းမျိုးနွယ်ဆိုတာ ငါတို့လီနိုင်ငံရဲ့ ဆုန်မျိုးနွယ်နဲ့ ကမ္ဘာ့ရန်တွေပဲ။ မင်းသားတစ်ပါးဖြစ်တဲ့ သူက ရန်သူ့နယ်မြေအလယ်မှာရှိတဲ့ ဒီမြို့ကိုတောင် လာရဲတယ်။ ဒါပေမယ့် မင်းသားတစ်ပါးဖြစ်တဲ့ မင်းကတော့ ကိုယ့်နိုင်ငံထဲမှာရှိတဲ့ အရာရှိအိမ်တော်သေးသေးလေးကိုတောင် မသွားရဲဘူး”
ဆုန်ကျိရှင်း သူ့စကားကို အရေးမစိုက်နိုင်သေး။ လျိုရှန်ယန်ဘက်သို့ ချက်ချင်းလှမ်းကြည့်လိုက်သည်။ သို့သော် လျိုရှန်ယန်မှာ အရာရှိ၏စကားကို ကြားလိုက်ဟန်မတူ။ နံရံစည်းရိုးပေါ်တွင်ထိုင်လျက် ခြေထောက်များကို နှိပ်နယ်နေသည်။
အရာရှိဆုန်ချန်ကျင်း၏ နှုတ်ခမ်းထောင့်များကွေးညွှတ်သွားပြီး အပြုံးတစ်ခုပေါ်လာသည်။ ကြွေပန်းအိုးလမ်းပါ်သို့ သူထွက်သွားသည်။ သူ အံ့ဩသွားမိသည်။
ဆုန်မျိုးရိုးပီသပါပေသည်။
သို့သော် ဆုန်ကျိရှင်းသည် ထိုမိန်းကလေး၏သားဖြစ်သည်ကို ပြန်တွေးမိသဖြင့် သူ့စိတ်များဂဏာမငြိမ်ဖြစ်ကာ မအီမသာ ခံစားလိုက်ရသည်။
ဆုန်ကျိရှင်း အံကိုတင်းတင်းကျိတ်လိုက်သည်။ ထို့နောက် အိမ်တံခါးဝတွင်ရပ်နေသည့် ကျီကွေ့ဘက်သို့ လှည့်ကြည့်လျက်
“ငါအပြင်သွားတာ နည်းနည်းကြာမယ်။ ငါ့အတွက် နေ့လည်စာ မချန်နဲ့တော့”
ထို့နောက် ခြံထဲမှထွက်သွားခါနီးတွင် နောက်တစ်ကြိမ်ပြန်လှည့်ကြည့်၍ ပြုံးရွှင်သည့်မျက်နှာဖြင့်
“ငါ့အိပ်ယာပေါ်မှာတင်ထားတဲ့ ငွေပြားတွေကိုယူပြီး တုမိသားစုဆိုင်က နဂါးနဲ့ဖီးနစ် အဆင်တန်ဆာတစ်စုံ မင်းဘာသာ သွားဝယ်လိုက်။ ဘာပဲပြောပြော နောက်ကို ငါတို့ ငွေကိုချွေတာစရာ မလိုတော့ဘူးလေ”
ကျီကွေ့ ခေါင်းငြိမ့်သည်။ ဆုန်ကျိရှင်းကို ဂရုစိုက်ရန် အမူအရာပြလိုက်သည်။
ဆုံကျိရှင်းကျေနပ်စွာပြုံးလျက် စိတ်လက်ပေါ့ပါးစွာ ထွက်သွားသည်။
သူထွက်သွားပြီးနောက် လျိုရှန်ယန်က အလေးအနက်ပုံစံဖြင့် မေးလိုက်သည်။
“ကျီကွေ့၊ ဆုန်ကျိရှင်းနဲ့ ဒီအရာရှိက ဘယ်လိုပတ်သက်တာလဲ”
ကျီကွေ့က သူ့ကို သနားစရာသတ္တဝါကဲ့သို့ ကြည့်နေသည်။
သူ့အကြည့်ကို လျိုရှန်ယန် သည်းမခံနိုင်ပေ။
“ဘာလဲ။ သူက ကြွေထည်ရုံအရာရှိနဲ့ သိကျွမ်းရုံသက်သက်ပါပဲ။ အဲလောက်အထင်ကြီးစရာရှိလို့လား”
ကျီကွေ့က အရေးမစိုက်ဟန်ဖြင့် ပြုံးမြဲပြုံးနေသည်။ အိမ်ထဲသို့ ပြန်ဝင်သွားပြီး တိရစ္ဆာန်အစာတစ်ချို့ သွားယူသည်။ ထို့နောက် ကြက်မကြီးတစ်ကောင်နှင့် အမွှေးအတောင်ထွက်စ ကြက်သားပေါက်တစ်အုပ်ကို အစာကျွေးသည်။
လျိုရှန်ယန် စိတ်ပျက်သွားသည်။ နံရံပေါ်မှ ခုန်ဆင်းကာ လှမ်းအော်သည်။
“ချန်ပင်အန်း၊ ပန်းပဲရုံကို သွားကြမယ်ဟေ့။ ဒီမှာထိုင်ပြီး စိတ်ညစ်မခံနိုင်ဘူး”
ကျီကွေ့က စည်းရုံးနံရံဘက်သို့ ကျောပေးထားရင်း တခစ်ခစ်ရယ်လျက်
“နတ်မင်းတွေက မွှေးတိုင်အတွက် ရှင်သန်ကြတယ်။ လူသားတွေက ဂုဏ်သိက္ခာအတွက် ရှန်သန်ကြတယ်။ ဒါပေမယ့် သုံးစားမရတဲ့လူတွေရဲ့စိတ်ထဲမှာတော့ စိတ်ပျက်စရာတွေပဲ ပြည့်နေမှာပေါ့”
လျိုရှန်ယန် ဒေါသအိုးပေါက်ကွဲသွားသည်။ ခြံစည်းရိုးဆီ လျှောက်သွားကာ နံရံကိုလက်သီးဖြင့် ခပ်ပြင်းပြင်းထိုးလျက်
“ဝမ်ကျူး၊ အဲဒီစကားကို မင်းပြန်ပြောလိုက်စမ်းပါ”
ကျီကွေ့က ကျန်နေသည့် ပြောင်းဆန်နှင့်အရွက်များကို မြေပေါ်သို့ ကျဲပက်လိုက်သည်။ ထို့နောက် လက်နှစ်ဘက်ကိုခါလိုက်ပြီး ချိုရှန်ယန်ကို ပြုံးကြည့်လျက်
“နင့်ကိုယ်နင် ဘာထင်နေလဲ။ နင်ပြောတိုင်း ငါကလုပ်နေရမှာလား”
လျိုရှန်ယန် ပါးစပ်အဟောင်းသားဖြစ်သွားသည်။ ခန္ဓာကိုယ်အချိုးအစားပိုကျကာ ပို၍လှလာသည့် မိန်းကလေးကို ငေးစိုက်ကြည့်နေသည်။ သူ့ရင်ထဲတွင် ဟာသွားသည်။ တစ်စုံတစ်ရာ ကွဲကြေသွားသကဲ့သို့ ခံစားလိုက်ရသည်။
ချန်ပင်အန်းက တံခါးဝသို့ရောက်နေသည်မှာ ကြာပြီဖြစ်၍ ထိုအဖြစ်အားလုံးကို မြင်လိုက်သည်။ လျိုရှန်ယန်ထန်သို့ သူအမြန်လျှောက်သွားသည်။
“သွားကြရအောင်ကွာ”
နှစ်ယောက်သား ဘေးချင်းယှဉ်လျက် လမ်းကျဉ်းလေးအတိုင်းလျှောက်လာကြသည်။
“ချန်ပင်အန်း၊ ငါတကယ်အဲလောက် သနားစရာကောင်းနေပြီလားကွာ”
လျိုရှန်ယန်က ကောက်ကာငင်ကာမေးလိုက်သည်။
ချန်ပင်အန်းက ခဏစဉ်းစားလျက် အတည်အတံလေသံဖြင့်
“ငါ့အမေဟာ အလွန်ကြင်နာစိတ်ရှိပြီး သဘောကောင်းတယ်လို့ ဒီလမ်းထဲကလူတွေ ပြောကြတယ်။ ငါ့အဖေဟာ စကားနည်းတဲ့လူအေးတစ်ယောက်လို့ အားလုံးကြပြောကြတယ်။ ဒီတော့ ငါ့အမြင်အရ လူတစ်ယောက် သနားစရာကောင်းမကောင်းဆိုတာဟာ တစ်ခြားလူတွေက အဲဒီလူကို ကြိုက်မကြိုက်ဆိုတာနဲ့ မဆိုင်ဘူးလို့ထင်တယ်”
လျိုရှန်ယန်က စိတ်ပျက်လက်ပျက်လေသံဖြင့်
“အဲဒါဆို ပိုတောင်ဆိုးသွားပြီပေါ့။ နောင်တစ်ချိန်ငါ ကြွေထည်ရုံတစ်ခု ပိုင်ရင် ဒါမှမဟုတ် ဆရာရွမ်ရဲ့ ပညာတွေအားလုံး ရခဲ့ရင်တာင် ကျီကွေ့က ငါ့ကိုဘယ်တော့မှ ကြိုက်မှာမဟုတ်ဘူးဆိုတဲ့သဘောလားကွာ”
ချန်ပင်အန်း ပါးပါးနပ်နပ်ဖြင့် ပါးစပ်ပိတ်နေလိုက်သည်။ မီးလောင်ရာလေပင့် ဖြစ်မည်စိုး၍ဖြစ်သည်။
လမ်းအတိုင်းလျှောက်လာကြရင်း ချန်ပင်အန်း အတိတ်ဖြစ်ရပ်တစ်ခုကို သတိရလာသည်။ တစ်ချိန်က အဘိုးယော်နှင့်သူ တောင်တန်းတစ်နေရာမှ စမ်းချောင်းတစ်ခုသို့ ရောက်သွားသည်။ ထိုနေရာတွင် သမင်တစ်ကောင် အေးအေးဆေးဆေး ရေသောက်နေသည်။ ရေအဝသောက်ပြီးသော်လည်း ထိုသမင်သည် ထွက်မသွားသေးဘဲ ခေါင်းကိုငုံ့၍ စမ်းချောင်းရေပြင်ကို စိုက်ကြည့်နေသည်။ ရေထဲတွင် ထိုသမင်၏ပုံရိပ်အပြင် ထိုနေရာတွင် တစ်ချိန်လုံး တစ်ရစ်ဝဲဝဲလုပ်နေသည့် ငါးတစ်ကောင်လည်း ရှိနေခဲ့သည်။
အိမ်မှ သူတို့ထွက်မလာမီ နိန်ယော်က ချန်ပင်အန်းကို အကြံပေးခဲ့သည်။ ကန္တာရသစ်ရွက် ရထားပြီးဖြစ်၍ ဤမြို့မှ မြန်မြန်ထွက်သွားရန်ပြောသည်။ ကန္တာရသစ်ရွက်၏ မမြင်နိုင်သည့် ကာကွယ်စောင့်ရှောက်မှုကြောင့် ချန်ပင်အန်းအနေနှင့် အန္တရာယ် ဆိုးဆိုးဝါးဝါးကြုံလာနိုင်စရာမရှိ။ သို့သော် လျိုရှန်ယန်၏အခြေအနေကြောင့် ချန်ပင်အန်းပါ ဒုက္ခရောက်နိုင်မရောက်နိုင်ဆိုသည်ကို အတပ်မပြောနိုင်ပေ။ ထို့ကြောင့် ချန်ပင်အန်းအနေဖြင့် လျိုရှန်ယန်နှင့် အတူတွဲမနေခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။
သို့သော် ချန်ပင်အန်းက လျိုရှန်ယန် ဆရာရွမ်၏တပည့် ဖြစ်လာချိန်ထိ ဆက်နေဦးမည်ဟု ပြောခဲ့သည်။ ထို့နောက်မှသာ စိတ်လက်ပေါ့ပါးစွာဖြင့် သူထွက်သွားနိုင်ပေလိမ့်မည်။
လျိုရှန်ယန်ကြောင့်သာ မဟုတ်ခဲ့လျှင် တစ်ချိန်က သူငတ်ပြတ်၍ သေခဲ့ရမည်ဖြစ်သည်။
ချန်ပင်အန်းလည်း နိန်ယော်ကို ဒါဏ်ရာအပြည့်အဝ ပြန်ကောင်းလာချိန်အထိ သူ့အိမ်တွင် ဆက်နေစေချင်ပါသည်။ သို့သော် နှုတ်မှ ထုတ်မပြောရဲပေ။ နိန်ယော်အထင်လွဲသွားမည်ကို စိုးရိမ်သည်။
“မင်းအဘိုးရဲ့ သံချပ်ကာကို လုံးဝမရောင်းဘူးပေါ့”
ချန်ပင်အန်း မေးလိုက်သည်။
“အဓိပ္ပါယ်မရှိတာကွာ။ ဘာလို့ရောင်းရမှာလဲ။ သေတောင် မရောင်းဘူးကွ”
လျိုရှန်ရန် ပြတ်ပြတ်သားသားပင် ပြောလိုက်သည်။
စနောက်သည့်ပုံစံဖြင့် ချန်ပင်အန်းပုခုံးကို တစ်ချက်ထိုးလိုက်ရင်း
“ပြီးတော့၊ ငါကမင်းလို ငွေလောဘကြီးတဲ့ကောင်မှမဟုတ်တာ”
ထို့နောက် ခေါင်းနောက်တွင် လက်နှစ်ဘက်တင်လျက်
“တစ်ချို့အရာတွေ ဆုံးရှုံးသွားရင် ငွေနဲ့ပြန်ဝယ်လို့ရနိုင်တယ်။ ဒါပေမယ့် တစ်ချို့အရာတွေကျတော့ တစ်ခါဆုံးရှုံးသွားတာနဲ့ တစ်သက်လုံးပြန်မရနိုင်တော့ဘူးကွ”
“ငါနားလည်ပါတယ်”
ချန်ပင်အန်းက ပြောသည်။
ကြွေပန်းအိုးလမ်းအဆုံးသို့ ရောက်ခါနီးတွင် လျိုရှန်ယန် ဒေါသတကြီးဆဲလိုက်သံကို ချန်ပင်အန်းကြားလိုက်ရသည်။ ခေါင်းထဲမှအတွေးများ ထုတ်လိုက်သည်။ သူ့မျက်နှာ ချက်ချင်း တည်သွားသည်။
သူတို့ရှေ့တွင် ကံကြမ္မာလမ်းရှိ လုမျိုးနွယ်၏သခင်လေး လုကျန်ချွမ်း ရပ်နေသည်။ လွန်ခဲ့သည့်နှစ်အတော်ကြာက ထိုလူနှင့်သူ့အပေါင်းအပါများသည် လျိုရှန်ယန်ကို ဤလမ်းထဲမှာပင် သေလုမျောပါးဖြစ်အောင် ဝိုင်းရိုက်ခဲ့ကြသည်။ ချန်ပင်အန်းသာ အော်ဟစ်အကူအညီမတောင်းခဲ့လျှင် ဆွေးမဲ့မျိုးမဲ့လျိုရှန်ယန် အမှန်တကယ်သေသွားပြီး မထင်မရှားမြေပုံတစ်ခုထဲတွင် မြှုပ်နှံခံခဲ့ရမည်ဖြစ်သည်။
ထိုစဉ်က ဆုန်ကျိရှင်းသည်လည်း နံရံစည်းရိုးပေါ်တွင်ထိုင်ကာ အရသာခံ၍ကြည့်နေခဲ့သည်။ မီးလောင်ရာလေပင့်ပင် လုပ်လိုက်သေးသည်။ သို့သော် နောက်ပိုင်းတွင် လုကျန်ချွမ်းတို့၏ လုပ်ရပ်ကို မြို့အပြင်ဘက်မှ လူများက “ကိုယ်ပိုင်ခံစားချက်ဖြင့် ရဲဝံ့စွာလုပ်ဆောင်ခြင်း”ဟု ခေါ်ကြကြောင်း ဆုန်ကျိရှင်းက ဆရာကြီးပုံစံဖမ်း၍ ချန်ပင်အန်းကို ပြောခဲ့သည်။
လုကျန်ချွမ်းက လျိုရှန်ယန်ရှေ့တွင် ပိတ်ရပ်ကာ မချိပြုံးမျက်နှာဖြင့်
“စိတ်မပူပါနဲ့။ ငါလာတာ အတိတ်ရန်ကြွေးတွေရှင်းဖို့ မဟုတ်ပါဘူး။ ဟို…”
လျိုရှန်ယန်က စကားဖြတ်၍
“လာပြန်ပြီလား။ ခွေးလိမ္မာဆိုတာ သူများလမ်းကို ပိတ်မရပ်ဘူးကွ။ အခုချက်ချင်း ဖယ်စမ်း”
လုကျန်ချွန်းမျက်နှာ မအီမသာဖြစ်သွားသည်။ သို့သော် တတ်နိုင်သမျှ ကြိုးစား၍ပြုံးနေဆဲဖြစ်သည်။
“လျိုရှန်ယန်၊ ငါတကယ် မင်းနဲ့ဆွေးနွေစရာရှိလို့ပါကွာ။ ပြီခဲ့တဲ့တစ်ခေါက်က ငါ့ကို ရှင်းပြခွင့်တောင်မပေးဘဲ မင်းထွက်သွားတာလေ။ အနည်းဆုံးတော့ ငါပြောတာလေး အရင်နားထောင်ပါဦး။ အမှန်အတိုင်းပြောရရင် ငါတို့က ရန်ဖြစ်ပြီးမှ ရင်းနှီးလာကြတဲ့လူတွေပါ။ ငါတို့ကြားမှာ ဒီလိုမကျေမလည်ဖြစ်နေစရာ အကြောင်းမရှိပါဘူး။ ဟိုအဝယ်တော်တွေနဲ့ငါကလည်း သဘောရိုးနဲ့ပါကွာ”
လျိုရှန်ယန် ခေါင်းကိုစောင်း၍ မဲ့ပြုံးပြုံးလိုက်သည်။
“ဘာလဲ၊ မင်းက သူများရဲ့ ရုပ်သေးရုပ်ဖြစ်ရတာကို သာယာနေပြီလား။ အတော်ထူးဆန်တယ် ပြောရမှာပဲ။ လုကျန်ချွမ်းဆိုတဲ့မင်းဟာ ဒီမြို့ရဲ့ အချမ်းသာဆုံးမိသားစုကလာတာပါ။ ဒါတောင်မင်းက ဟိုအပြင်လူတွေရဲ့ လက်ပါးစေလုပ်ပြီး ပြေးလွှားနေရတာကို သဘောကျနေတယ်ပေါ့”
လုကျန်ချွမ်းမျက်နှာတွင် ဒေါသရိပ်များပေါ်လာသည်။ သို့သော် ကြိုးစား၍ ပြုံးနေဆဲဖြစ်သည်။ သူ့ပုံစံက အတော်ကြောင်တက်တက်နိုင်ပြီး ရယ်စရာကောင်းလှသည်။ တောင်ပန်တိုလျိုးနေသည့် လေသံဖြင့်
“လျိုရှန်ယန်၊ မင်းသာသဘောတူမယ်ဆိုရင် မင်းတောင်းဆိုတာမှန်သမျှ ငါကြိုးစားပြီး ကျေနပ်အောင်လုပ်ပေးပါ့မယ်။ ဥပမာ၊ မင်းကြေးပြားလိုချင်သလား။ မင်းလိုချင်တဲ့ပမာဏကိုသာ ပြောလိုက်ပါ။ ကြေးပြား တစ်သိန်းခွဲလား။ ဒါမှမဟုတ် နှစ်သိန်းလား။ အဲဒါနဲ့မလုံလောက်ရင်တောင် ငါကြိုးစားပြီး ရအောင်လုပ်ပေးမယ်။ ကြေးပြားနှစ်သိန်းကွာ။ အဲလောက်ငွေဆိုရင် ကံကြမ္မာလမ်းက ခြံတစ်ဝက်လောက် မင်းဝယ်လို့ရတယ်”
လျိုရှန်ယန်က သူ့ကို မဲ့ပြုံးပြုံး၍ ကြည့်လိုက်သည်။
“နှစ်သိန်း၊ ဟုတ်လား။ သူတောင်းစားကို စွန့်ကျဲသလိုမျိုးပေါ့။ ဒါကိုများမင်းက ရိုးသားတယ်လို့ ခေါ်တယ်ပေါ့။ ငါ့ကိုလှည့်စားပြီး ခြူလို့ရမယ်မထင်နဲ့ကွာ။ ငါ့မှာအရေးကြီးကိစ္စတွေရှိသေးတယ်။ ဘေးဖယ်စမ်း”
လမ်းထောင့်တစ်နေရာတွင် ချစ်စရာကောင်းသည့် ကောင်မလေးတစ်ယောက် အရပ်မြင့်မြင့် ခန္ဓာကိုယ်တောင့်တင်းသည့် အဘိုးအိုတစ်ယောက်၏ ပုခုံးပေါ်တွင် ထိုင်နေသည်။ သူတို့ဘေးတွင် အနီရောင်ဝတ်စုံဝတ် ကောင်လေးတစ်ယောက်က မိခင်ဖြစ်သူ၏လက်ကို ဆွဲထားသည်။ သူသည် အပြစ်ကင်း၍ မသိနားမလည်သေးသည့် ကလေးအရွယ်သဖြစ်သည်။ သို့သော် သူ့မျက်နှာမှ ကောက်ကျစ်ရက်စက်သည့်အရိပ်များက အရွယ်နှင့်မလိုက်အောင်ပင် ပြင်းထန်နေသည်။ သူတို့လက်သုံးဘာသာစကားဖြင့်
“လုမျိုးနွယ်ကကောင်က ရူးနေတာများလား။ ဘာလို့ ဟိုကောင့်ကို…”
သူ့မိခင်က ခေါင်းကိုခါရမ်းလျက် နူးညံ့စွာ ပြုံးလိုက်သည်။
“နှိမ့်ချတယ်ဆိုတာ အချိန်အခါလိုက်ပြီး နှိမ့်ချတတ်ရင် အကျိုးအမြတ်ရနိုင်တယ်။ အမြဲတမ်းနှိမ့်ချနေရင်တော့ မကျေနပ်စရာတွေဖြစ်လာတယ်။ အကျိုးအမြတ်များများလိုချင်ရင် အခု လုကျန်ချွမ်းလုပ်နေသလိုလုပ်တာဟာ အကောင်းဆုံးနည်းလမ်းပဲ။ တစ်ဘက်သားရဲ့စိတ်ကို အနိုင်ယူနိုင်ဖို့ အရေးကြီးတယ်”
“ကျွန်တော်တို့က ဒီလိုအောက်တန်းစားတွေနဲ့ ဒီလောက်ထိဒုက္ခခံဖို့လိုလို့လား”
ကောင်လေးက နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။
အမျိုးသမီးကပြုံးလျက်
“လူ့စိတ်ဆိုတာ ရှုပ်ထွေးပြီး နားလည်ရခက်တယ်။ ဒါက ကျင့်စဉ်စွမ်းအားနဲ့ မဆိုင်ဘူး။ ဒီမြို့ကလူတွေ အသိပညာခေါင်းပါးကြတယ်ဆိုရင်တောင် အရူးသက်သက်တော့ မဟုတ်ဘူးလေ။ လူတိုင်းကို ဒီလိုအထင်သေးနေရင် တစ်နေ့နေ့ မင်းဒုက္ခတွေ့လိမ့်မဘ်”
“အမေက လူ့စိတ်သဘောကို ဒီလောက်သိနေတယ်ဆိုရင် အဲဒီကောင်ကို ကိုယ်တိုင်သွားပြီး ဖြေရှင်းလိုက်ပါလား”
“ငါ့တို့ဝတ်စားထားတာကို ကြည့်ဦးလေ”
အမျိုးသမီးက စိတ်ရှည်ရှည် ရှင်းပြသည်။
“ဘယ်ဆိုင်ကိုပဲဝင်ဝင် ဆိုင်ရှင်ကသာ ပါးနပ်တဲ့လူဖြစ်မယ်ဆိုရင် ငါတို့ဆီကနေ ငွေခြူဖို့ကြိုးစားကြမှာပဲ”
ကောင်လေးက သက်ပြင်းချလျက်
“ဒီလို ပုန်းလျှိုးကွယ်ရှိုးလုပ်နေရတာ အတော်မွန်းကြပ်တာပဲ”
အမျိုးသမီးက ဆောင့်ကြောင့်ထိုင်လျက် ကောင်လေး၏ပါးပြင်ပေါ်သို့ လက်နှစ်ဘက်တင်လိုက်သည်။ အဖေတူမျက်နှားမျိုးရှိသည့်သူ့သားကိုကြည့်၍ ခပ်တင်းတင်းမျက်နှာဖြင့်
“မှတ်ထားပါ။ စိတ်ကိုကျင့်ကြံတာဟာလဲ ကျင့်ကြံမှုတစ်စိတ်တစ်ပိုင်းပဲ။ ကောင်းမွန်တဲ့အခြေအနေလိုက်ပြီး ခန္ဓာကိုယ်ကို ကျင့်ကြံရသလို ဆိုးဝါးတဲ့အခြေအနေမှာလည်း စိတ်ကိုကျင့်ကြံနိုင်ဖို့လိုတယ်။ နှစ်ခုလုံးက အရေးကြီးတာချည်းပဲ”
ကောင်လေးက သူ့မိခင်လက်ကို ဆွဲဖယ်လျက် နှာခေါင်းရှုံ့လိုက်သည်။
“အဓိပ္ပါယ်မရှိတဲ့ ဒီသဘောတရားတွေ ထပ်မပြောပါနဲ့တော့။ သိပ်စိတ်ညစ်စရာကောင်းတာပဲ”
အမျိုးသမီး သက်ပြင်းချလိုက်သည်။ ကောင်လေးကို ထပ်မဆုံးမတော့ပါ။ သူ့သားဖြစ်သူသည် အလွန်ဉာဏ်ထက်သည်။ ခန္ဓာကိုယ်အနေအထားကလည်း ထူးခြားကောင်းမွန်သည်။ သူ့ကိုထောက်ပံ့ပေးနေသည့် မိသားစုနှစ်ခုလည်း ရှိသည်။ ထို့ကြောင့် သူ့ဘဝခရီးလမ်းသည် အတော်ရှည်လျားဦးမည်ဖြစ်သည်။ ယခု သူ့စိတ်ဓာတ်သည် အနည်းငယ် ရက်စက်ကြမ်းတမ်းနေသော်လည်း အချိန်ယူကာ ဖြေးဖြေးချင်းပြုပြင်ယူရမည်သာဖြစ်သည်။ အလျင်စလို ပြုပြင်ရန်ကြိုးစားလျှင် ပိုဆိုးသွားနိုင်သည်။
သူတို့ဘေးမှ ကောင်မလေးမှာ သားအမိနှစ်ယောက်၏စကားများ ကြားနေရသည်ကို ညီးငွေ့လာဟန်ဖြင့်
“ဘိုးဘိုးယွမ်၊ အဲဒီလူက ပစ္စည်းကို မရောင်းဘူးလို့ ငြင်းလိုက်ရင် ကျွန်မတို့ဘယ်လိုလုပ်ကြမလဲ”
မျောက်ဝံတစ်ကောင်ကဲ့သို့ ခြေတံလက်တံရှည်လျားလှသည့် အဘိုးအိုက ဟက်ခနဲတစ်ချက်ရယ်လျက်
“အဲလိုဆို သူ့ကိုသေခိုင်းရမှာပေါ့။ အဘိုးဒီကိုလိုက်လာာ အဲလိုအခြေအနေမျိုးကို ဖြေရှင်းပေးဖို့ပဲလေ။ အဲလိုမဟုတ်ရင် ဒီမြို့ကိုဝင်ဖို့ ပေးထားရတဲ့ငွေ အလကားဖြစ်သွားမှာပေါ့။ ဒါပေမယ့် အဲလိုလုပ်လိုက်ပြီးရင် သခင်မလေးရဲ့လုံခြုံရေးအတွက် အခက်အခဲဖြစ်လာလိမ့်မယ်။ သခင်မလေးကို ဆုန်မိသားစုမှာဖြစ်ဖြစ် လီမိသားစုမှာဖြစ်ဖြစ် ကျုပ်ထားခဲ့ရလောက်တယ်”
ဤမြို့ခံတစ်ယောက်ကို သတ်လိုက်သည်နှင့် တစ်ခြားမည်သည့်အကြောင်းအရာကိုမှ ထည့်မစဉ်းစားပဲ အဘိုးအိုသည် မြို့ထဲမှ နှင်ထုတ်ခံရမည်ဖြစ်သည်။ သို့သော် အသံတိတ် ပျောက်ကွယ်သွားသည့် သူတို့၏ငွေကြေးနှင့်စာလျှင် ထိုလုပ်ရပ်က ထူးခြားမှုတစ်ခုခုတော့ ပေးနိုင်ပေလိမ့်မည်။ အနည်းဆုံး သူတို့အတွက် တစ်ခုခုတော့ ပြစရာရှိရပေမည်။
သို့သော် မတတ်သာသည့်အဆုံးမှသာ သူထိုသို့လုပ်မည်ဖြစ်သည်။ အကြပ်အတည်းအနေအထားမျိုးမကြုံလျှင် ထိုနည်းလမ်းကို သူသုံးမည်မဟုတ်။ ထိုဓားကျမ်း မည်မျှအရေးကြီးသည်ဖြစ်စေ၊ နေမီးတောင်တန်းက ထိုဓားကြမ်းကို မည်မျှအလေးအနက်ထားသည်ဖြစ်စေ သူ့ပုခုံးပေါ်မှ ကောင်မလေး၏ ကျင့်စဉ်ခရီးလမ်းနှင့် နှိုင်းယှဉ်လျှင် ဘာမှမဟုတ်ပေ။ အနည်းဆုံးတော့ သူ့အနေဖြင့် ထိုသို့ပင်ခံယူထားသည်။
ဤမြို့မှ မျိုးရိုးလေးခု မိသားစုဆယ်ခုတွင် လုမိသားစုက ခေါင်းဆောင်ဖြစ်သည်။
သို့သော် အပြင်ကမ္ဘာကိုကြည့်လျှင် အခြေအနေက ပြောင်းပြန်ဖြစ်နေသည်။ လုမိသားစုသည် မျိုးနွယ်အားလုံးတွင် အားအနည်းဆုံးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လုမျိုးနွယ်ကို ထောက်ပံ့ခဲ့သည့် အင်ပါယာကို လီအင်ပါယာစစ်တပ်နှစ်ခုက သုတ်သင်ရှင်းလင်းခဲ့သောကြောင့်ဖြစ်သည်။ ထို့ကြောင့် အရှေ့ပိုင်းရတနာတိုက်နယ်တွင် လုမိသားစု၏အဆင့်အတန်းမှာ အတော်ယိုင်နဲ့နေပြီဖြစ်သည်။
လမ်းထဲတွင် လျိုရှန်ယန်က လုကျန်ချွမ်းပြောသည့်စကားများကို နားထောင်နေဆဲဖြစ်သည်။ လူချမ်းသာအရာရှိဖြစ်လာပြီး မိန်းကလေးပေါင်းဒါဇင်ချီ၍ လျိုရှန်ယန်ဘေးတွင် ဝိုင်းနေတော့မည်ဟု ပြောသည်။ နက်နဲသည့်သဘောတရားအဆုံးအမများကို ရှင်းပြသည့် ဆုန်ကျိရှင်းစကားများကို နားထောင်နေရသကဲ့သို့ ဖြစ်နေသည်။ သူအတော် ငြီးငွေ့လာသည်။ ထို့ကြောင့် ရှေ့သို့တစ်လှမ်းတိုး၍ လုကျန်ချွမ်းကို လက်ညှိုးငေါက်ငေါက်ထိုး၍
“အဲဒီသံချပ်ကာဝတ်စုံဟာ ငါ့ဘိုးဘေးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ အမွေကွ။ ငွေနဲ့တန်ဖိုးဖြတ်လို့မရဘူး။ ငါ့ကို မင်းအိမ်မှာ လိုက်နေခိုင်းပြီး ဒီနေ့ကစလို့ မင်းငါ့ကို ဆရာလို့ခေါ်မယ်ဆိုရင်တောင် ငါရောင်းဖို့ စိတ်မကူးဘူးကွ။ လုကျန်ချွမ်း၊ ငါပြောတာ ရှင်းလား”
ကြွေပန်းအိုးလမ်းထိပ်တွင်ရပ်နေရင်း လုကျန်ချွန်းက သူ့ထက်အဆင့်နိမ့်သော်လည်း သူ့ကိုနည်းနည်းမှ ကြောက်ရွံ့ပုံမရသည့် လျိုရှန်ယန်ကို ငေးစိုက်ကြည့်နေသည်။ ကျောက်ဆောင်ခေါင်းဖြင့် ပြေးတိုက်ကာ သတ်သေချင်စိတ်ပေါက်နေသည်။
အစောပိုင်းကလည်း လျိုရှန်ယန် ပန်းပဲဖိုသို့သွားချိန် ခုံးတံတားပေါ်တွင် ပိတ်ရပ်လျက် ထိုသို့ပင်ကြိုးစားခဲ့သည်။ သို့သော် လျိုရှန်ယန်အား သံချပ်ကာရောင်းချင်လာအောင် သူမဖျောင်းဖျနိုင်ခဲ့။ အိမ်ပြန်ရောက်ပြီးနောက်တွင် အဘိုးဖြစ်သူက ထိုဧည့်တော်များနှင့် ဆွေးနွေးတိုင်ပင်ပြီးနောက် သူ့ကို လျှို့ဝှက်ခန်းတစ်ခုထဲသို့ ခေါ်တွေ့သည်။
လုကျန်ချွမ်းကို သူ့အဘိုးက ခြိမ်းခြောက်ခဲ့ခြင်းမရှိ။ ရှုပ်ထွေးသည့် သဘောတရားများကိုလည်း မပြော။ အဝတ်ဖြူဖုံးထားသည့် အလောင်းကိုသာ လက်ညှိုးထိုးပြခဲ့သည်။
“ကျန်ချွမ်း၊ အဘိုး တစ်ခြားဘာဆုမှမတောင်းဘူး။ မင်းညီသေသွားတာ အလဟဿမဖြစ်စေဖို့ပဲ ဆုတောင်းတယ်။ နောက်ခုနစ်ရက်ကြာရင် ဒီမြို့ကနေ မင်းထွက်သွားနိုင်မယ်လို့ ငါမျှော်လင့်ပါတယ်။ မင်းညီရဲ့ကိုယ်စား အပြင်လောကကို ကြည့်နိုင်မှာပါ”
လုကျန်ချွမ်းမျက်လုံးတွင် မျက်ရည်များစီးကျလာကာ ငိုရှိုက်နေသည်။
“လျိုရှန်ယန်၊ ငါမင်းကိုတောင်းပန်ပါတယ်ကွာ၊ ဟုတ်ပြီလား”
လျိုရှန်ယန် အံ့အားသင့်သွားသည်။
လူချမ်းသာသခင်လေး၏ပုံစံက ကူကယ်ရာမဲ့ပုံစံမျိုး ဖြစ်လာသည်။ နှုတ်ခမ်းများ တုန်တုန်ရင်ရင်ဖြင့် ငိုကြွေးနေရင်းမှ
“ငါမင်းကို ဒူးထောက်ပြီး တောင်းပန်ပါ့မယ်”
ဘုတ်ခနဲအသံတစ်ချက်မြည်သွားပြီး လုကျန်ချွမ်း ဒူးထောက်ကျသွားသည်။ ထို့နောက် လျိုရှန်ယန်ကို ရှိခိုးဦးခိုက်နေသည်။
ယောက်ျားတစ်ယောက်၏ ဒူးနှစ်ဘက်သည် ရွှေသားကဲ့သို့ တန်ဖိုးရှိသည်။ တစ်ခြားလူများကို ဒူးထောက်ရန် မသင့်ပေ။
သို့သော် လုကျန်ကျွမ်းက အတော်စိတ်အားထက်သန်စွာပင် ဒူးထောက်ဦးခိုက်နေသည်။ သူ့နဖူးနှင့် မြေပြင် အဆက်မပြတ်ထိနေသည်။
ကြွေပန်းအိုးလမ်းထောင့်တွင်ရှိနေသည့် ကောင်မလေးက ခြေနှစ်ချောင်းကိုလွှဲယမ်းကာ အဘိုးအို၏ရင်ဘတ်ကို တဘုတ်ဘုတ် ရိုက်ခတ်နေသည်။ လမ်းခရီးတွင် သူဖြတ်သန်းလာသည့် တောင်တန်းများအကြောင်း သူတွေးနေသည်။ မည်သည့်တောင်တန်းအား အိမ်ပြန်ယူသွားရမည်ကို စဉ်းစားနေသည်။
ထိုအချိန်တွင် ဝတ်ရုံနီဝတ်ကောင်လေးက လုကျန်ချွမ်းအဖြစ်ကို သဘောကျစွာကြည့်လျက်
“အမေ၊ သူရူးသွားတာလား။ ကျွန်တော်တို့ပြန်ရင် ဒီလိုအရူးမျိုးကို တကယ်ခေါ်သွားမယ်ပေါ့။ အတော်ကို ရှက်စရာကောင်းဦးမှာပဲ”
အမျိုးသမီးမျက်နှာတွင် အံ့ဩသည့်အမူအရာများ ပေါ်နေသည်။ သူတွေ့ခဲ့ဖူးသည့် ထူးဆန်းသည့်လူများ အဖြစ်အပျက်များကို ပြန်စဉ်းစားမိလာသည်။ သို့သော် နောက်ဆုံးတွင် စကားလုံးများကို မျိုသိပ်လျက် ခေါင်းခါလိုက်သည်။
“မခေါ်ပါဘူး”
လျိုရှန်ယန် ဘာလုပ်ရမှန်းမသိအောင် ဖြစ်နေသည်။
လုကျန်ချွမ်းက သူ့ကို ဒူးထောက်ဦးညွှတ်လိမ့်မည်ဟု သူအိပ်မက်ပင် မမက်ဖူးခဲ့။ လုကျန်ချွန်းသည့် အချန်းသာဆုံးမိသားစုမှ အကြီးဆုံးမြေးဖြစ်သည်။ ယခုအဘယ်ကြောင့် ထိုသို့ရှိခိုးဦးခိုက်နေသည်မသိ။
လျိုရှန်ယန် စိတ်နှစ်ခွဖြစ်လာသည်။ သို့သော် သူတို့ပြောဆိုနေသည်ကို တစ်ချိန်လုံးစောင့်ကြည့်နေသည့် ချန်ပင်အန်းက သူ့အင်္ကျီလက်ကို ရုတ်တရက်ဆွဲ၍ မသိမသာ ခေါင်းခါပြသည်။
လျိုရှန်ယန်မှာ ထိုမျှလောက် အသဲမမာနိုင်သဖြင့် ခပ်တိုးတိုးပြောသည်။
“ကိုယ်ချင်းမစာသလို ဖြစ်လွန်းသွားမလား”
ချန်ပင်အန်းမျက်နှာက အပြောင်းအလဲမရှိ။
အရပ်မြင့်မြင့်ရင်အုပ်ကားကားနှင့်လူငယ်မှာ အလျှော့ပေးတော့မည့် လက္ခဏာများ ပေါ်နေပြီဖြစ်သည်။ သို့သော် ထိုအချိန်တွင် စေတနာပိုသည့်အရူးဟု နိန်ယော်ပြောလေ့ရှိသည့် မြက်ဖိနပ်စီးလူငယ်မှာ သွေးအေးရက်စက်၍ ကိုယ်ချင်းစားတရားလုံးဝမရှိသည့်ပုံမျိုး ဖြစ်နေသည်။
ချန်ပင်အန်းမသိစိတ်က ပြောနေသည်။ လုကျန်ချွမ်းဒူးမထောက်မီ လျိုရှန်ယန်သဘောတူခဲ့လျှင်လည်း အခက်အခဲတစ်ချို့တော့ ကြုံရမည်သာဖြစ်သည်။ သို့သော် အသက်အန္တရာယ်ကြုံရသည်ထိတော့ ပြင်းထန်လိမ့်မယ်မဟုတ်။
သို့သော်ယခု သူသည် ချန်ပင်အန်းကြုံခဲ့ရသည့် အခြေအနေမျိုးတွင် ပိတ်မိနေပြီဖြစ်သည်။ ဆရာချီသာ ဝင်မစွက်ခဲ့လျှင် ချန်ပင်အန်းသည် ဖူနန်ဟွားကိုသတ်၍ သူကိုယ်တိုင်လည်း တိမ်အာရုဏ်တောင်တန်း သို့မဟုတ် နဂါးမြို့တော်လက်ချက်ဖြင့် သေဆုံးခဲ့ရမည်သာဖြစ်သည်။
ယခု ပိုဆိုးသည်မှာ နိန်ယော်ပြောပြသည့် ‘စည်းမျဉ်း” ဟူသည့် အကြောင်းပင်ဖြစ်သည်။ လုကျန်ချွမ်းသည် ဤမြို့ခံဖြစ်၍ သူနှင့် သူ့အပေါင်းအပါများက လျိုချန်ယန်ကိုသတ်ရန်ကြိုးစားလျှင် ဆရာချီက ဝင်တာလိမ့်မည်မဟုတ်။
ချန်ပင်အန်းခေါင်းထဲသို့ အတွေးတစ်ချက် ဝင်လာသည်။ လုကျန်ချွမ်း ဦးခိုက်နေဆဲဖြစ်သည်ကို အခွင့်ကောင်းယူ၍ အသံတိုးတိုးဖြင့် လျိုရှန်ယန်ကိုပြောလိုက်သည်။
“တစ်ခြားရွေးစရာမရှိတော့ရင် သူတောင်းဆိုတာကို အရင် သဘောတူချင်ရောင်ဆောင်လိုက်ပါ။ မင်း ဆရာရွမ်ဆီရောက်ပြီး သူ့တပည့်ဖြစ်လာမှ ဒီကိစ္စကို ဖြေရှင်းကြတာပေါ့”
လျိုရှန်ယန် နားလည်သွားဟန်ဖြင့် ခေါင်းငြိမ့်သည်။ လုကျန်ချွမ်းဘက်သို့လှည့်၍
“အကို၊ အရင်ထလိုက်ပါ။ ထပြီးပြောပါ။ ဘာလို့ ရှိခိုးနေတာလဲ။ အဲလိုလုပ်မနေပါနဲ့”
လုကျန်ချွမ်း ထမရပ်ပါ။ သို့သော် ခေါင်းမော့ကြည့်လာသည်။ မြေမှုန့်များပေကျံ၍ ရောင်ရမ်းနေသည့် နဖူးပြင်က အထင်အရှားပေါ်လာသည်။
လျိုရှန်ယန်က စိတ်ပျက်လက်ပျက်ဟန်ဖြင့်
“ဒါပေမယ့် အိမ်ကိုအရင်ပြန်ပြီး ဟိုလူတွေနဲ့ သေချာဆွေးနွေကြပါ။ ကျေနပ်စရာကောင်းလောက်မယ့် ဈေးနှုန်းမျိုးနဲ့ ထပ်လာခဲ့ပါ။ ငါ့ကို အရူးလုပ်ဖို့ မကြိုးစားပါနဲ့တော့။ ငါက အရူးမဟုတ်ဘူးကွ။ ကြေးပြားနှစ်သိန်းပေးမယ်တဲ့လား။ ငါအလိမ်ခံရတာမခံရတာထားလို့ ဟိုလူတွေကရော သိက္ခာကျတယ်လို့ မခံစားမိကြဘူးတဲ့လား”
လုကျန်ချွမ်း ဖြေးညှင်းစွာ ထရပ်လာသည်။ ပြုံးရွှင်သည့်မျက်နှာဖြင့်
“အေးပါ အေးပါကွာ။ အဲလိုပဲ ဖြစ်ရမှာပေါ့။ လျိုရှန်ယန်၊ မင်းသာ ဒါကိုရောင်းမယ်ဆိုရင် နောင်ကို ငါဟာ မင်းရဲ့ညီအကိုဖြစ်လာမှာပါ။ မင်းငါ့ကို ညီအကိုလို သဘောထားထားမထားထား ငါဂရုမစိုက်ဘူး။ ဒါပေမယ့် လုကျန်ချွမ်းဆိုတဲ့ငါက မင်းကို ညီအကိုတစ်ယောက်လို့ သတ်မှတ်ထားမှာပါ”
လျိုရှန်ယန်က သူ့ထံလျှောက်သွားပြီး ပုခုံးကိုသိုင်းဖက်လိုက်သည်။ လမ်းတ်စဘက်ဆီသို့ လျှောက်သွားကြရင်း စိတ်လက်ပေါ့ပါးသည့်ဟန်ဖြင့်
“ညီအကိုလု၊ နောက်ကျရင် မင်းပိုင်တဲ့ဟာတွေ ငါနဲ့မျှသုံးပေးရမယ်နော်။ ဒီအရောင်းအဝယ်ဖြစ်သွားရင် မင်းနဲ့ငါ အရက်အတူသောက်ကြသေးတာပေါ့”
လုကျန်ချွန်းက နဖူးကိုလက်ဖြင့်ပွတ်လျက် တဟားဟားအော်ရယ်လိုက်သည်။
“သိပ်ကောင်းတာပေါ့။ အရက်သောက်ဖို့ ဘာခက်ခဲစရာရှိလို့လဲ။ ငါတိုက်ပါ့မယ်။ မင်းကိုဘယ်တိုက်ခိုင်းလို့ဖြစ်မယ်။ ဒါဆို အတည်မှတ်လိုက်ပြီနော်။ နောက်မှတော့ ငြင်းရင်တော့ ငါစိတ်ဆိုးမှာပဲ”
လျိုရှန်ယန်က ရယ်လျက်
“ညီအကိုလုက စိတ်ကောင်းရှိတဲ့လူဆိုတာ ငါသိပြီးသားပါ။ နောင်ကျရင် မင်းနဲ့ငါ အတူတွဲပြီးပျော်ကြသေးတာပေါ့”
ချန်ပင်အန်း သူတို့နှစ်ယောက်နောက်မှ လျှောက်လာသည်။ လမ်းဘေးစည်းရိုးနံရံဘက်သို့ နည်းနည်းကပ်လျှောက်လာသည်။ လမ်းတစ်ဘက်ဆီ စူးစိုက်၍ကြည့်နေလေသည်။
————-
တပည့်အဘိုးအိုတစ်ယောက် လမ်းပြမှုဖြင့် အရာရှိဆုန်ချန်ကျင်းက ဆုန်ကျိရှင်းနှင့်အတူ အရာရှိအိမ်တော်ဧည့်ခန်းသို့ ရောက်လာသည်။
အ ကျောင်းတော်တစ်ခုမှလာသည့် ဆရာလီသည် ဤနေရာတွင် စောင်နေသည်မှာ တစ်နာရီခန့်ကြာပြီဖြစ်ကြောင်း၊ ထို့နောက် ကိုင်ပိုင်ကျောင်းမှ စီနီယာတစ်ယောက်ကို သွားတွေ့ရန်ပြင်နေကြောင်း တပည့်ဖြစ်သူက ဆုန်ချန်ကျင်းကို ပြောပြသည်။
ဆန်ချန်ကျင်း ထိုကိစ္စကို ဘာမှပြန်မပြောဘဲ တစ်ခြားကိစ္စကို မေးလိုက်သည်။
“လမ်းထဲမှာ သေသွားတဲ့ လုပ်ကြံရေးသမားလေ။ အဲတာ ဘယ်သူ့လက်အောက်ကလဲ”
သူ့စကားကြောင့် တပြည့်ဖြစ်သူ ချီတုံချတုံဖြစ်နေသည်။
ဆုန်ချန်ချင်း မျက်မှောင်ကျုံ့လိုက်သည်။
အဘိုးအိုက အမြန်ဦးညွှတ်လျက် ထိတ်လန့်ကြောက်ရွံ့စွာဖြင့်
“ကံကြမ္မာလမ်းက ဆုန်မျိုးနွယ်ပါ”
ဆုန်ချန်ချင်း အေးစက်စက်ရယ်မောလိုက်သည်။
“ငါ့ကို နည်းနည်းအံ့ဩစရာတစ်ခု ပေးရကောင်းမှန်းတောင် မသိကြဘူးပဲ”
တပည့်ဖြစ်သူ အဘိုးအိုငျေ,ကုသ်တွသ် ချွေးစေးများ ထွက်လာသည်။
ဆုန်ကျိရှင်း အသံတိတ်နေသည်။ သို့သော် သူ့မျက်လုံးများက အေးစက်တင်းမာနေဆဲဖြစ်သည်။
ကိုယ်ပိုင်ကျောင်းထဲတွင် ချီကျင်ချွမ်းက ဖတ်လက်စစာအုပ်ကို အသာအယာချလိုက်သည်။ နောက်လှည့်ကြည့်လိုက်သည်။ ချောမောသည့်လူငယ်တစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရသည်။ ထိုလူငယ်သည် ကွန်ဖြူးရှပ်ဝတ်စုံဝတ်ထားပြီး ဦးထုပ်တစ်လုံး ဆောင်းထားသည်။ သူပြုံးနေသည်။ သို့သော် ဘာမှမပြော။
ချီကျင်ချွမ်းအမူအရာက တည်ငြိမ်အေးဆေးသည်။ ဣန္ဒြေသိက္ခာရှိသည်။
————-
မြို့ထဲရှိလမ်းများပေါ်တွင် ထူးဆန်းသည့်အဝတ်အစားနှင့် ထိပ်ပြောင်လူတစ်ယောက် ခြေဗလာဖြင့် လျှောက်သွားနေသည်။ အတော်ပင်ပန်းနွမ်းနယ်နေဟန်ရှိသည်။ သံသော့အိမ်ရေတွင်းဘေးသို့ ရောက်လာချိန်တွင် ရေတွင်းထဲသို့ငုံ့ကြည့်၍ လက်အုပ်ချီကာ မျက်လုံးကိုမှိတ်လျက် ခပ်တိုးတိုးရေရွတ်လိုက်သည်။
“ဗုဒ္ဓဟာ ရေတစ်ခွက်ကိုကြည့်တဲ့အခါ သက်ရှိပေါင်းများစွာကို မြင်တယ်”
—————-
မြို့ပြင် တောင်ထိပ်တစ်ခုရှိ မြင့်မားသည့်သက်တမ်းရင့်သစ်ပင်တစ်ပင်၏ သစ်ကိုင်းပေါ်တွင် လူတစ်ယောက်ရပ်နေသည်။ သူ့ခါးတွင် ကျားတံဆိပ်ပြားတစ်ခုရှိပြီး ဓားတစ်လက် ကျောတွင်လွယ်ထားသည်။ ခပ်လှမ်းလှမ်းမှ မြို့လေး၏အဝိုင်းအဝန်းကို စိုက်ကြည့်နေလေသည်။
——————-
မြို့ငယ်လေးပိုင်ဆိုင်သည့် ကမ္ဘာငယ်လေး၏ အပြင်ဘက်တွင် ကောင်းကင်သို့ ထိုးတက်နသည်ထင်ရသည်။ အလွန်တရာရှည်လျားသည့် လမ်းကြောင်းတစ်ခုရှိသည်။ ဘေးပတ်လည်တွင် တိမ်မြူများ ရစ်ဆိုင်းနေသည်။ ပတ်ဝန်းကျင်ကိုမမြင်ရ။
အဝါရောင်တာအိုဝတ်စုံဝတ် သီလရှင်တစ်ယောက် သမင်ဖြူတစ်ကောင်ကိုစီး၍ ထိုလမ်းအတိုင်း ဖြေးညှင်းစွာ လာနေသည်။
သူ့ဘေးတွင် ချောမောသည့် တာအိုလူငယ်တစ်ယောက်လည်း ပါလာသည်။ ထိုလူငယ် ခြေလှမ်းများက တိမ်လွင့်မျောသလို ရေစီးဆင်းသလို ပေါ့ပါးညင်သာသည်။ နှုတ်ခမ်းမွှေးမှင်တောင်များ ရှည်လျားသည့် ငါးကြီးနှစ်ကောင် သူ့ဘေးတွင် ရစ်ဝဲလျက်ပါလာသည်။ အနီတစ်ကောင် အစိမ်းတစ်ကောင်ဖြစ်သည်။
————–
ဝါဒသုံးခုနှင့်ပညာတစ်ရပ်ဖြစ်သည့် ကွန်ဖြူးရှပ်၊ ဗုဒ္ဓ၊ တာအိုနှင့် သိုင်းပညာရှင်များ ဤမြို့ငယ်လေးတွင် စုစည်းမိကြတော့မည်။
မြို့တောင်ဘက် ချောင်းရိုးဘေး ပန်းပဲဖိုတွင် သားအဖနှစ်ယောက် တူများကိုလွှဲယမ်းလျက် သံကို ပုံသွင်းထုနှက်နေကြဆဲဖြစ်သည်။ မီးပွားများ ပတ်ဝန်းကျင်သို့ စူးရှတောက်ပစွာ လွင့်စင်ထွက်နေသည်။
နီရဲနေသည့် ဓားပုံသံပြားကို ညှပ်ဖြင့်ကိုင်ထားရင်းမှ ဖခင်ဖြစ်သူက ကျစ်ဆံမြီးမိန်းကလေးကို ပြောလိုက်သည်။
“နောက်သုံးလေးရက်အတွင်း မြို့ထဲကိုမသွားနဲ့”
မိန်းကလေး၏တူရိုက်ချက်များ ချက်ချင်းအားလျော့သွားသည်။ သူ့အားအင်များက မြို့ထဲမှ မုန့်ဆိုင်များနှင့်အတူ လွင့်မျောသွားသကဲ့သို့ပင်ဖြစ်သည်။
ဖခင်ဖြစ်သူက ဒေါသတကြီးရယ်လျက်
“အံ့ဩပါ့ကွာ”
မိန်းကလေးက စိတ်ပျက်ဝမ်းနည်းမှုကို အားအဖြစ်ပြောင်းကာ လက်ထဲမှတူကို ဒေါသတကြီးလွှဲယမ်းလျက် နီရဲနေသည့် ဓားပုံသံပြားပေါ် အားကုန်ရိုက်ချလိုက်သည်။
စူးရှသည့်မီးပွားများ လေထဲတွင် လွင့်ပျံလာပြီး မိန်းကလေး၏မျက်နှာကို အလင်းရိုက်သွားသည်။ မီးနတ်သမီးမ တစ်ပါးနှင့် တူလှပေသည်။
************************
အခန်း (၃၄)
အတူစုဝေး၍
? Views, on December 18, 2023