ဝတ်ရုံစိမ်းနှင့်မိန်းကလေးကို ချန်ပင်အန်း နောက်တစ်ကြိမ် ပြန်တွေ့ပြန်သည်။ ဤတစ်ကြိမ်တွင် ထိုမိန်းကလေးသည် သက်လတ်ပိုင်းလူတစ်ယောက်နောက်မှ လိုက်ပါလာသည်။ လမ်းလျှောက်နေရင်းမှ ကြက်သွန်မုန့်တစ်ခုကို ခေါင်းငုံ့၍ စားလာသည်။
သက်လတ်ပိုင်းလူ၏မျက်နှာတွင် စိတ်ပျက်သည့်အရိပ်များ ပေါ်လာသည်။ ချန်ပင်အန်းကိုတွေ့သည်နှင့် သူခြေလှမ်းရပ်သွားသည်။
“မင်းက ဟိုအရင်တစ်ခါ ငါငြင်းလွှတ်လိုက်တဲ့လူလား”
ထိုစဉ် တစ်စုံတစ်ခုက သူ့နောက်ကျောကို လာတိုက်သည်။ ဝတ်ရုံစိမ်းမိန်းကလေးက သူ့ရှေ့မှ ‘နံရံ’ကို တိုက်မိပြီးနောက် ကြောင်တောင်တောင်ဖြင့် ခေါင်းမော့ကြည့်လာသည်။ ချန်ပင်အန်းမြင်သည်နှင့် ပြုံးပြနှုတ်ဆက်ရန် ဟန်ပြင်လိုက်သည်။ သို့သော် ချက်ချင်းနောက်ပြန်လှည့်က သူ့ပါးစပ်သူ အမြန်သုတ်လိုက်သည်။
ချန်ပင်အန်း ရယ်ချင်စိတ်ကိုထိန်း၍ သက်လတ်ပိုင်းလူကို ခေါင်းငြိမ့်ပြသည်။
“ဟုတ်ပါတယ် ဆရာရွမ်”
မိန်းကလေးမှာ ဆရာရွမ်၏သမီး ဖြစ်ပုံသည်။ သို့သော် အဖေနှင့်သမီးမှာ လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။ ထိုသို့ဖြစ်နေသည်မှာလည်း ကောင်းပါသည်။
ဆရာရွမ်ဟု ချန်ပင်အန်း ခေါ်လိုက်သူမှာ တစ်ခြားလူမဟုတ်။ ဤမြို့သို့ရောက်လာပြီးနောက် မြို့တောင်ဘက် ချောင်းရိုးဘေးသို့ ရွှေ့ပြောင်းသွားသည်။ ပန်းပဲဆရာပင်ဖြစ်သည်။
ဆရာရွမ်က မေးသည်။
“ဒီနှစ်ရက်အတွင်း လျိုရှန်ယန်က ပန်းပဲဖိုကို ဘာလို့မလာတာတဲ့လဲ”
ချန်ပင်အန်း လျိုရှန်ယန်အခြေအနေကို ရှင်းပြရန် ဟန်ပြင်လိုက်သည်။ သို့သော် ဆရာရွမ်က အေးစက်စက်လေသံဖြင့်
“အဲဒီ့ကောင်ကို သွားပြောလိုက်။ သူဒီနေ့မလာရင် ငါ့ပန်းပဲဖိုကို နောက်ထပ်လာစရာမလိုတော့ဘူးလို့”
ချန်ပင်အန်း အမြန်ပြောလိုက်သည်။
“ဆရာရွယ်၊ လျိုရှန်ယန်မှာ အရေးကြီးကိစ္စပေါ်လာ–“
ဆရာရွမ်က စကားဖြတ်၍ ခပ်တင်းတင်းပြောလိုက်သည်။
“အဲဒါ သူ့ပြဿနာပဲလေ။ ငါနဲ့ဘာဆိုင်လို့လဲ”
ချန်ပင်အန်းသည် စကားပြောသိပ်ကောင်းသူမဟုတ်။ ထို့ကြောင့် ချက်ချင်းပါးစပ်ပိတ်သွားသည်။ စိုးရိမ်ပူပန်မှုကြောင့် သူ့မျက်နှာ နီရဲလာသည်။ ဘာဆက်ပြောရမှန်းမသိ။ သူပြောလိုက်မှ အခြေအနေပိုဆိုးသွားမည်ကို စိုးရိမ်သည်။ ဆရာရွမ်၏ တုံးတိတိပြောတတ်သည့်အကျင့်ကို သူအရင်က ကိုယ်တိုင်တွေ့ကြုံဖူးပြီးသားဖြစ်သည်။
ဝတ်ရုံစိမ်းမိန်းကလေးက ချန်ပင်အန်းဘက်မှ ကူပြောရန် ဟန်ပြင်သည်။ သို့သော် ဆရာရွမ်က သူ့ကိုပိတ်ငေါက်လိုက်သည်။
“မင်းမုန့်ကို မင်းစားပါ”
မကျေမနပ်ဖြစ်သွားသည့် မိန်းကလေးက ရှေ့သို့အမြန်တိုးသွားပြီး သူ့ဖင်၏ခြေဖိနောက်ကို ဆောင့်နင်းလိုက်သည်။ ထို့နောက် ခြေထောက်တွင် ဒုံးကျည်တတ်ထားသကဲ့သို့ အဝေးသို့ အမြန်ထွက်ပြေးပျောက်ကွယ်သွားလေတော့သည်။
ဆရာရွမ် စိတ်မကောင်းဟန်ဖြင့် သက်ပြင်းချလိုက်သည်။ ချန်ပင်အန်းကို အရေးမစိုက်တော့ဘဲ ဆက်လျှောက်သွားသည်။
ချန်ပင်အန်းလည်း သက်ပြင်းချလိုက်သည်။ ထို့နောက် နံနက်စာရောင်သည့် ဈေးဆိုင်တစ်ခုသို့သွားကာ ပေါက်စီခြောက်ခုဝယ်၍ ကြွေပန်းအိုးလမ်းမှအိမ်သို့ အမြန်ပြန်သည်။
အိမ်ပြန်ရောက်သည့်အချိန်တွင် လျိုရှန်ယန်သည် စည်းရိုးနံရံပေါ်တွင် ဆောင့်ကြောင့်ထိုင်သေည်ကို တွေ့လိုက်ရသည်။ သူ့ခန္ဓာကိုယ်အပေါင်းပိုင်က ဆုန်ကျိရှင်း၏ခြံဝင်းဘက်သို့ ကိုင်းကျနေသည်။ အပြည့်အဝအာရုံစိုက်၍ နားစါင့်နေသည်။
တစ်ခါတစ်ရံ လျိုရှန်ယန်သည် အလွန်ရိုက်ချင်စရာကောင်းသည်ဟု ချန်ပင်အန်းခံစားမိသည်။ ဥပမာအားဖြင့် ယခုလိုအချိန်မျိုးဖြစ်သည်။
မတတ်သာသည့်အဆုံး ချန်ပင်အန်း လှမ်းပြောလိုက်ရသည်။
“ခုနက ဆရာရွမ်နဲ့ လမ်းမှာတွေ့ခဲ့တယ်။ ဒီနေ့ ပန်းပဲဖိုကို လာခဲ့ပါတဲ့။ မင်းမလာရင် အလုပ်ဖြစ်ပစ်မယ်လို့ ပြောတယ်”
လျိုရှန်ယန်က သူ့စကားကို အရေးမစိုက်ပေ။
“ဘာတွေအရင်လိုနေတာလေးကွာ။ ငါ့လို အလုပ်ကြိုးစားပြီး ထက်မြက်တဲ့တပည့်မျိုး သူဘယ်မှာ သွားရှာလို့ရမှာလဲ။ ဆရာရွမ်က တမင်သက်သက်ခြိမ်းခြောက်နေတာပါ။ မနက်ဖြန်မှသွားလည်း အဆင်ပြေပါတယ်”
ချန်ပင်အန်း ခေါင်းခါ၍ ပြန်ပြောသည်။
“ခြိမ်းခြောက်ရုံသက်သက်မဟုတ်တာတော့ သေချာတယ်ကွ”
လျိုရှန်ယန် အတ်ောစိတ်ညစ်သွားသည်။
“အေးပါကွာ၊ ခနနေမှ သွားလိုက်မယ်။ အခု အရေးကြီးတဲ့အလုပ်ကိုလုပ်နေတယ်။ ငါ့ကို လာမနှောက်ယှက်စမ်းနဲ့”
ချန်ပင်အန်းက ပေါက်စီနှစ်လုံးကို နိန်ယော်အား နံနက်စာစားရန်ပေးလိုက်သည်။ လျိုရှန်ယန်က ပေါက်စီသုံးလုံးကို ဖျတ်ခနဲဆွဲယူသွားသည်။ ချန်ပင်အန်းအတွက် တစ်လုံးသာချန်ခဲ့သည်။
လျိုရှန်ယန်က ပေါက်စီကို အမြန်စားပြီးနောက် ပါးစပ်ကိုသုတ်လျက် အသံခပ်တိုးတိုးဖြင့်
“ဆုန်ကျိရှင်းအိမ်ကို ဧည့်သည်လာတယ်ကွ။ အရေးကြီးဧည့်သည်ဆိုတာတော့ သေချာတယ်။ ငါ့အထင်ပြောရရင် အသစ်ခန့်လိုက်တဲ့ ကြွေထည်ရုံကြီးကြပ်ရေးအရာရှိဖြစ်မယ်။ အရင်တစ်ခါ အရာရှိဝတ်စုံနဲ့ ငါတို့ကြွေထည်ရုံကို လာဖူးတယ်။ အဘိုးယော်က မင်းတို့လိုအသုံးမကျတဲ့ တပည့်တွေကို ထည့်မလာခိုင်းခဲ့ဘူး။ အရာရှိ မျက်စိနောက်မှာစိုးလို့လေ။ မင်းတို့အသိအမြင်ပွင့်ဖို့တောင် အခွင့်အရေးမပေးခဲ့ဘူး။ ဒါပေမယ့် ငါကတော့ ချွင်းချက်ပေါ့ကွာ။ အရာရှိကို ကြွေအိုးသွန်းတဲ့ပုံစံ သရုပ်ပြပေးဖို့တောင် အဘိုးယော်က ငါ့ကိုပြောခဲ့သေးတယ်”
ချန်ပင်အန်းကပြုံးလျက်
“ကြွေထည်ရုံအရာရှိသစ်ဟာ ဆုန်ကျိရှင်းကို အတော်ဂရုစိုက်တယ်ဆိုတာ အားလုံးသိပြီးသားပဲ။ မင်းဘာသံသယတွေ ပွားနေတာလဲ”
လျိုရှန်ယန်က စိုးရိမ်ပူပန်ဟန်ဖြင့်
“ဆုန်ကျိရှင်းလိုလူတစ်ယောက်က ငါနဲ့ယှဉ်လို့မရပါဘူး။ ဒါပေမယ့် ကျီကွေ့က ဒီအရာရှိကို သဘောကျသွားရင် ဘယ်လိုလုပ်မလဲ။ ငါက သူနဲ့တော့ မယှဉ်နိုင်ဘူးလေကွာ။ အဲဒီ့အချိန်ကျရင် မင်းရဲအနာဂတ်မရီးလောင်းလေးက သူများနောက်ပါသွားမှာ။ ငါဘယ်လိုလုပ်မလဲ။ ပြီးတော့ မင်းရောဘယ်လိုလုပ်မလဲ”
ချန်ပင်အန်း အခန်းထဲမှ ချက်ချင်းထွက်သွားသည်။
လျိုရှန်ယန် ဆောင့်ကြောင့်ထိုင်လျက် ငေးငိုင်ကျန်ရစ်ခဲ့သည်။
ထိုအချိန်တွင် နိန်ယော်မှာ ဓားရိုးကို လက်ဖြင့်တင်းတင်းဆုတ်ကာ ခါးမတ်၍ထိုင်နေသည်။ အားကြီးသည့်ရန်သူတစ်ယောက်ကို ရင်ဆိုင်ရန် အသင့်ပြင်ထားသည့်ပုံမျိုးဖြစ်သည်။ သူ့နဖူးတွင် ချွေးသီးများ ထွက်နေသည်။
သူထိုပုံစံမျိုးဖြစ်နေသည်ကို ချန်ပင်အန်း ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သည်။ နိန်ယော်၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်း၍ သတိအနေအထားရှိသော်လည်း မျက်လုံးများက စိတ်အားတက်ကြွမှုတို့ဖြင့် အရောင်တလက်လက်တောက်ပနေသည်။
ချန်ပင်အန်း တံခါးဆီသို့ ပြန်ထွက်လာချိန်တွင် သူလှမ်းမေးသည်။
“အဲဒီ့ဧည့်သည် ဘယ်သလဲဆိုတာ နင်သိလား”
“လျိုရှန်ယန်ပြောတာတော့ ငါတို့မြို့ရဲ့ ကြွေထည်ရုံကြီးကြပ်ရေးမှုးအသစ်တဲ့။ အတော်ယဉ်ကျေးတဲ့ပုံပါပဲ။ ခုနကတောင် ငါနဲ့လမ်းမှာ ဆုံခဲ့သေးတယ်”
ချန်ပင်အန်းက ပြန်ပြောသည်။
နိန်ယော်က အေးစက်စက်ပြုံးလျက်
“အဲလိုလူမျိုးက ကြောက်စရာအကောင်းဆုံးပဲ”
သူ့စကားကြောင့် ချန်ပင်အန်း နားမလည်နိုင်အောင်ဖြစ်သွားသည်။
“လမ်းဘေးမှာတွေ့တဲ့ ပုရွက်ဆိတ်ကို လူတွေက အကြောင်းမရှိပဲ နင်းချေတာမျိုး လုပ်နိုင်သလား”
နိန်ယော်က မေးလိုက်သည်။
ချန်ပင်အန်း ခဏစဉ်းစားနေပြီးနောက်
“ကုစန်းဆိုရင်တာ့ လုပ်လောက်မယ်ထင်တယ်။ သူက ပုရွက်ဆိတ်တွင်းတွေကို မကြာခဏရေလောင်းတတ်တယ်။ တစ်ခါတစ်လေ ကျင်းဝကိုကျောက်ခဲတွေနဲ့ ပိတ်ပစ်တယ်။ လျိုရှန်ယန်လည်း စိတ်မမှန်တဲ့အချိန်ဆိုရင်တော့ လုပ်နိုင်တယ်”
နိန်ယော် ပါးစပ်အဟောင်းသားဖြစ်သွားသည်။
ချန်ပင်အန်းက ပြုံးစေ့စေ့ဖြင့်
“ဒါပေမယ့် မင်းပြောချင်တဲ့အဓိပ္ပါယ်ကို ငါသိပါတယ်”
နိန်ယော်က အံ့အားသင့်သည့်အမူအရာဖြင့်
“တကယ်သိတယ်ပေါ့”
ချန်ပင်အန်း ခေါင်းငြိမ့်လိုက်သည်။
“မင်းပြောတဲ့စကားမှာ အဓိပ္ပါယ်နှစ်မျိုးပါတယ်။ ပထမအဓိပ္ပါယ်က ဒီမြို့ခံတွေဟာ မင်းတို့လို အပြင်လူတွေရဲ့အမြင်မှာ ပုရွက်ဆိတ်တွေနဲ့တူတယ်ဆိုတဲ့သဘောပဲ။ ဒုတိယအဓိပ္ပါယ်က မင်းတို့လို အပြင်လူတွေကြားမှာ အဆင့်ကွာဟချက်တွေရှိတာကို ပြောချင်တာ။ ဖူနန်ဟွားနဲ့ ချိုင်ကျင်ကျန်းဟာ ကုစန်းလို လူမျိုးတွေပဲ။ အဲဒါကြောင့်လည်း သူတို့က ပုရွက်ဆိတ်တွေရဲ့အသက်ကို ထိန်းချုပ်နိုင်တယ်လို့ ယူဆကြတာ။ ထိန်းချုပ်ဖို့လည်း စိတ်ဝင်စားကြတာ။ မျက်စိနောက်စရာလို့ ထင်နေကြတာလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် ကြွေထည်ရုံအရာရှိကတော့ မတူဘူး။ သူ့အဆင့်အတန်းနဲ့ညီအောင် ပြောဆိုပြုမူတယ်။ ဒါကြောင့်လည်းသူက လူယဉ်ကျေးပုံစံမျိုး ဖြစ်နေတဘ်။ အဲလိုမဟုတ်လား နိန်ယော်”
“နင်ဘယ်လိုလုပ်ပြိး ဒီလိုတွေးနိုင်သွားတာလဲ”
နိန်ယော်က မေးလိုက်သည်။
“သေမင်းတံခါးဝကနေ ပြန်လာပြီးတော့ ငါ့ဦးနှောက်က အရင်ထက် နည်းနည်းပိုပြီး ထက်မြက်လာလို့ဖြစ်မှာပေါ့”
ချန်ပင်အန်းက ဟာသစွက်၍ ပြောလိုက်သည်။
“နင်သေခါနီးတော့ ဘာကိုမြင်ခဲ့သလဲ”
နိန်ယော်က ခပ်တည်တည်ဖြင့် မေးလိုက်သည်။
“ဘာမှမမြင်ပါဘူး”
နိန်ယော်အမေးကို သိပ်နားမလည်သော်လည်း အမှန်အတိုင်းဖြေလိုက်သည်။
“တကယ်တော့ အဲဒီလမ်းပေါ်မှ ရှိနေတဲ့အချိန်က တစ်ခြားဘာမှမစဉ်းစားမိခဲ့ဘူး။ အဲဒီ့မေးခွန်း ဖူနန်ဟွားနဲ့ ချိုင်ကျင်ကျန်းဆီ သွားမေးတာ ပိုကောင်းလိမ့်မယ်။ သူတို့ကတော့ တစ်ခုခုမြင်ချင်မြင်မှာပဲလေ”
နိန်ယော်က နှုတ်ခမ်းတစ်ချက်မဲ့လျက်
“ရွှေဉာဏ်တော် အတော်စူးရှလွန်းတဲ့ စိတ်ကူးပါလား”
ထို့နောက် ဘာကြောင့်မှန်းမသိ။ မြက်ဖိနပ်စီးထားသည့်ချန်ပင်အန်းကို သူစိုက်ကြည့်နေသည်။
သူ့အကြည့်ကြောင့် ချန်ပင်အန်း နည်းနည်းအနေခက်လာသည်။
“ငါဘာဖြစ်နေလို့လဲ”
နိန်ယော်က စိတ်ညစ်နေဟန်ဖြင့် မျက်မှောင်ကျုံ့လိုက်သည်။ ထို့နောက် သူ့လက်သုံးဘာသာစကားဖြင့် သူ့ဘာသာရေရွတ်နေသည်။
“ဓားပညာရော၊ စိတ်စွမ်းအင်ကျင့်စဉ်မှုပညာရော၊ ငါတို့မိသားစုရဲ့ ဓားခန္ဓာနဲ့စိတ်ဝိညာဉ်ကျင့်ကြံမှုပညာရောက အပြင်လူတွေကို သင်ပေးလို့မရတဲ့ လျှို့ဝှက်ချက်တွေပဲ။ ပြီးတော့ အဲဒီ့ပညာတွေကိုလည်း ငါမကျွမ်းကျင်သေးဘူး။ တစ်ခြားလူတွေကို ငါဘယ်လိုသင်ပေးရဲမှာလဲ့။ တစ်ခြားအဖွဲ့အစည်းတွေက ကျင့်ကြံမှုပညာနဲ့ သိုင်းပညာတွေကိုလည်း ငါမလေ့လာဖူးသေးဘူး။ လေ့လာဖူးရင်တော့ အနည်းဆုံးတော သူ့ကို လမ်းကြောင်းမှန် ညွှန်ပြပေးနိုင်မှာပဲ။ သူ့ခန္ဓာကိုယ် ဖွံ့ဖြိုးတိုးတက်ပြီး သက်တမ်းရှည်အောင် လုပ်နိုင်မယ့် ကျင့်စဉ်မျိုးဆိုရင်တောင် မဆိုးလှဘူး။ ဒါပေမယ့် ဒီလိုအခြေခံလျှို့ဝှက်ကျင့်စဉ်မျိုးကို အခုဘယ်မှာ သွားရှာရမှာလဲ”
ထိုသို့ပြောနေရင်း သူ့မျက်လုံးများ အရောင်လက်လာသည်။
“သွားခိုးလိုက်ရင်ရော။ မဟုတ်ဘူး မဟုတ်ဘူး။ ခိုးတာမဟုတ်ဘူး။ ငှားတာပဲ။ ငှားပြီးရင် နောက်တော့ ပြန်ပေးမှာပဲလေ”
သို့သော် သူ့မျက်နှာ ချက်ချင်းညှိုးကျသွားပြန်သည်။ အံကိုတင်းတင်းကြိတ်၍
“ယုတ်မာတဲ့ကုန်းကုန်းအဘိုးကြီး။ နေနှင့်ဦးပေါ့။ နောင်တစ်ချိန်ကျရင် ရှင်တို့တော်ဝင်နန်းတော်ကို အမှုန်ချေပစ်မယ်”
စိတ်ပျက်အားငယ်နေသည့်မျက်နှာဖြင့် သူဆက်ပြောသည်။
“ပန်းပဲဆရာရွမ်ဆီ အကူအညီသွားတောင်းရုံပဲ ရှိတော့တယ်ထင်တယ်။ ငါက ဓားခုတ်တာ အတော်ကျွမ်းကျင်တယ်။ ငါ့အမေရဲ့ ပညာတစ်ဝက်လောက်ကို ရထားပြီးပြီ။ ဒါပေမယ့် တစ်ခြားလူဆီက အကူအညီတောင်းတဲ့အလုပ်ကျတော့ ငါမကျွမ်းကျင်ဘူး”
ချန်ပင်အန်းက တံခါးဝတွင်ထိုင်၍ နိန်ယော် တတွတ်တွတ်ပြောနေသည်ကို ကြည့်နေသည်။ နိန်ယော်မျက်နှာ အမျိုးမျိုးပြောင်းလဲနေသည်။ တိမ်ရောင်စုံ တောက်ပနေသည်နှင့် တူလှသည်။
————-
ဝတ်ရုံဖြူ ကျောက်စိမ်းခါးပတ်နှင့် လူရည်သန့်သည် ဆုန်ကျိရှင်းအခန်းထဲတွင် ရပ်နေသည်။ အခန်းကို တစ်ချက်မျက်လုံးဝေ့ကြည့်ပြီးနောက် မျက်မှောင်အနည်းငယ်ကျုံ့သွားသည်။
“ဟိုလူက မင်းအတွက် ဒီလိုစုတ်ချာတဲ့ နေရာမျိုးလောက်ပဲ စီစဉ်ပေးတယ်ပေါ့”
ဆုန်ကျိရှင်း၏နှုတ်ခမ်းများ ကွေးညွှတ်သွားသည်။ ဘာမှပြန်မဖြေပေ။
အစေခံကျီကွေ့မှာ အလိုက်သိစွာဖြင့် သူ့ကိုယ်ပိုင်အခန်းသို့ ပြန်သွားပြီဖြစ်သည်။
မြို့ခံတို့၏ အများသိသတင်းစကားအရ ယခင်ကြွေထည်အရာရှိသည် ကြွေထည်ရုံများကို ကောင်းကောင်း မကြီးကြပ်နိုင်ခဲ့။ ထို့ကြောင့် တော်ဝင်နန်းတော်က စိတ်ကျေနပ်လောက်သည့် ကြွေထည်ပစ္စည်းမျိုး မထုတ်နိုင်ခဲ့ပေ။ အားအင်စိုက်ထုတ်ကာ ခုံးတံတားကို တည်ဆောက်ပြီးနောက်တွင် လုပ်ငန်းတာဝန်များ အစီရင်ခံရန် နန်းမြို့တော်သို့ သူပြန်သွားခဲ့သည်။ သူ၏တရားမဝင်သားဖြစ်သူ ဆုန်ကျိရှင်းကို ချန်ထားခဲ့သည်။ သို့သော် သူ့သားအတွက် ဝေယာဝစ္စလုပ်ကိုင်ရန် အစေခံတစ်ယောက်သာ ခေါ်ပေးထားခဲ့သည်။ ထို့အပြင် သူ့နေရာသို့ ရောက်လာမည့် သူ့မိတ်ဆွေအရာရှိထံ သူ့သားကို ‘ယုံကြည်စွာအပ်နှံ’ ထားခဲ့သည်။ ထိုမိတ်ဆွေအရာရှိသည်လည်း ဆုန်မျိုးရိုးဖြစ်သည်ဟု ကောလဟာလကြားရသည်။
သို့သော် ထိုကိစ္စအမှန်ဟုတ်မဟုတ်ဆိုသည်ကို အနီးကပ်စောင့်ကြည့်သူများရော အဝေးမှအကဲခတ်သူများပါ သေချာမသိနိုင်ခဲ့။
ဤလူသည် ယခင်အရာရှိနှင့် မည်သို့ပတ်သက်သည်ကို ဆုန်ကျိရှင်းသေချာမသိ။ လုပ်ဖေါ်ကိုင်ဖက် အရာရှိဖြစ်နိုင်သည်။ ပညာလေ့လာရင်း ဆုံတွေ့ခဲ့သည့် မိတ်ဆွေရင်းများလည်း ဖြစ်နိုင်သည်။ မြို့တော်တွင်းရှိ ဆန့်ကျင်ဘက်ဌာနများမှ ရန်သူတော်များလည်း ဖြစ်နိုင်ပေသည်။ ယခင်အရာရှိထွက်သွားချိန်တွင် နောက်ထပ်အရာရှိအသစ် မကြာမီ ဤမြို့လေးသို့ ရောက်လာမည်ဖြစ်ကြောင်း အကျဉ်းချုံး၍ ပြောခဲ့သည်။ ထိုအရာရှိသစ်က ဆုန်ကျိရှင်းနှင့်ကျီကွေ့ကို ဤမြို့မှ နန်းမြို့တော်သို့ ခေါ်သွားမည်ဖြစ်ကြောင်း ပြောခဲ့သည်။ ထိုအရာရှိသစ်ကို လေးလေးစားစားဆက်ဆံရန် မခန့်လေးစားမလုပ်မိစေရန် ပြောခဲ့သည်။
သို့သော် ဆုန်ကျိရှင်းသည် မောက်မာ၍ မာနကြီးသည့် ဤအရာရှိသစ်၏ သိပ်သဘောမကျပေ။ ကြွေထည်ရုံကြီးကြပ်အရာရှိဟူသည့် ရာထူးခံလူများကို သူမုန်းတီးနေခြင်းကြောင့်လည်း ဖြစ်နိုင်သည်။
ကျီကွေ့ရှေ့တွင် ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်ရှိလေဟန် မြို့မှထွက်ခွာရမည်ကိစ္စကြီးကို သိပ်အလျင်မလိုဟန်ဖြင့် တည်တည်ငြိမ်ငြိမ် ရှိနေခဲ့ခြင်းမှာ သူ့သိက္ခာသူ ထိန်းနေခဲ့ခြင်းသာဖြစ်သည်။
အရာရှိကပြုံးလျက်
“ထားပါတော့။ ငါ့ထက်အရင်လာသွားတဲ့ အဲဒီ့စာအုပ်ကြီးသမားပညာရှင် အလွန်စိုးရိမ်ကြီးပြီး သတိထားတတ်လွန်းတယ်။ ယောက်ျားနဲ့မတူဘူး။ မိန်းမနဲ့တူနေတယ်။ အဲလိုမဟုတ်ရင် မင်းကိုစောင့်ရှောက်ဖို့ သူ့ကို ဒီနေရာဘယ်လွှတ်ကြမှာလဲ”
ဆုန်ကျိရှင်း လုံးဝစိတ်မပျော်နိုင်ပေ။
ဆုန်ကျိရှင်း၏ ပစ္စည်းပစ္စယများထည့်ထားသည့် သေတ္တာကြီးကိုကြည့်၍ အရာရှိက လှောင်ပြုံးတစ်ချက်ပြုံးလိုက်သည်။
“ဒီကိုမလာခင် နဂါးမြို့တော်က ဖူနန်ဟွားဆီ ငါရောက်ခဲ့ပြီးပြီ။ အတော်ဆိုးတာပဲ။ ဒီလိုနေရာမျိုးမှာတောင် သူ့တာအိုနှလုံးက ပျက်စီးမတတ် ဖြစ်သွားတယ်။ ဘာပဲဖြစ်ဖြစ် မင်းသူနဲ့ စီးပွားရေးဆက်လုပ်လို့ရပါတယ်။ ရှုံးတာမြတ်တာကတော့ မင်းကိစ္စပါ။ ဒီလိုအကျိုးမရှိတဲ့ အသေးအဖွဲတွေမှာ ငါဝင်မပါဘူး။ ဒါပေမယ့် ငါတို့ဒီက ထွက်မသွားခင် မင်းငါနဲ့ ခုံးတံတားဆီလိုက်ခဲ့ပြီး နည်းနည်းရှိခိုးဆုတောင်တာ လုပ်ရမယ်။ ပြီးရင်တော့ တစ်ခြားဘာမှ မင်းလုပ်စရာမလိုတော့ဘူး။ ငါနဲ့အတူအိမ်ပြန်မယ်။ မင်းလုပ်စရာရှိတာကို လုပ်။ ထိုင်ရမယ့်နေရာမှာထိုင်ပြီး ပေးတဲ့တာဝန်ကို ကျေအောင်ထမ်းဆောင်ရုံပဲ။ ရှင်းရှင်းလေးပါ။ မင်းနားလည်တယ်မဟုတ်လား”
“သိပ်ကို နားလည်ပါတယ်။ ခင်ဗျားစကားတွေက လုံးဝကိုရှင်းလင်းပါတယ် ဆရာဆုန်”
ထိုသို့ပြောရင်း ဆုန်ကျိရှင်း မဲ့ပြုံးပြုံးလိုက်သည်။
“ဒါပေမယ့် ခင်ဗျားပြောတာကို ကျုပ်ကဘာလို့ နားထောင်ရမှာလဲ”
အရာရှိက တဟဲဟဲရယ်လိုက်သည်။ ထို့နောက် ဆုန်ကျိရှင်းကို ပထမဆုံးအကြိမ် တည့်တည့်လှည့်ကြည့်လိုက်သည်။
“မိန်းမနဲ့တူတဲ့ ဟိုအရာရှိက ပြောတယ်။ မင်းဟာ ဉာဏ်အတော်ထက်တယ်တဲ့။ သူပြောတာလည်း မလွန်လှဘူးပဲ။ ဘာပဲဖြစ်ဖြစ် မင်းတွေးကြည့်ပါလား။ ငါ့စကားကို မင်းဘာလို့နားထောင်သင့်တာလဲဆိုတာ တွေးကြည့်လေ”
ဆုန်ကျိရှင်း ပို၍ဒေါသထွက်လာသည်။ သို့သော် မပေါက်ကွဲမိအောင် ထိန်းထားသည်။
အရာရှိက ဆက်မတွေးခိုင်းပါ။ ပြုံးစေ့စေ့မျက်နှာဖြင့်
“ဘာကြောင့်လဲဆိုတော့ ငါက အတော်ကံဆိုးတဲ့လူ ဖြစ်နေလို့ပေါ့။ ငါက မင်းရဲ့ဦးလေးအရင်း ဖြစ်နေလို့ပေါ့ကွာ”
ဆုန်ကျိရှင်း အကြီးအကျယ်အံ့အားသင့်သွားသည်။ သူ့မျက်နှာ နည်းနည်းဖြူရော်သွားသည်။
အရာရှိက သူ့အမူအရာကိုဂရုမစိုက်။ လက်နှစ်ဘက်ကို ကျောက်စိမ်းခါးပတ်ပေါ်တင်၍ ပြတင်းပေါက်အပြင်သို့ လှမ်းကြည့်ကာ မပွင့်တပွင့်ပဲုံးလျက်
“ပြီးတော့ငါက လီနိုင်ငံရဲ့ နံပါတ်တစ်သိုင်းသမားဖြစ်နေလို့ပေါ့”
ထိုစကားကို တစ်ခြားပုံစံဖြင့်ပြောလျှင် ပို၍အံ့ဩစရာ အထင်ကြီးစရာ ကောင်းပေလိမ့်မည်။ သို့သော် ဤလူသည် ဖီးနစ်ငှက်၏အမြီးဖြစ်ရသည်ထက် ကြက်၏ဦးခေါင်းသာ ဖြစ်လို့သူဖြစ်သည်။ နံပါတ်တစ်သိုင်းသမားဟူသည့်စကားမှာ သူ့အထက်တွင် လူတစ်ယောက်နှစ်ယောက်ရှိနေမျှ ကြွားဝါပြောဆိုရန်မထိုက်တန်သည့်စကားဟု သူယူဆသည်။
ဤမြို့ကိုစောင့်ကြည့်နေသည့် ကွန်ဖြူးရှပ်ဝါဒီသူတော်စင်အကြောင်း တွေးလိုက်မိသဖြင့် သူ့မျက်နှာတွင် မထီတရီအရိပ်တစ်ခု ပေါ်လာသည်။ အေးစက်စက် နှုတ်ခမ်းတစ်ချက်မဲ့လိုက်သည်။
ဤမြို့ထဲမှာသာ မဟုတ်ခဲ့လျှင် ချီကျင်ချွန်းလို ဝါဒသုံးပါးမှ မသေမျိုးတစ်ယောက်ကို လက်တစ်ဘက်တည်းဖြင့်ပင် သူသတ်နိုင်သည်။
————–
ကိုယ်ပိုင်ကျောင်း၏ သက်ကယ်မိုးအဆောင်ထဲတွင် ကလေးများက စာတစ်ပိုဒ်အား ကျယ်လောင်စွာရွတ်ဆိုနေသည်ကို ဆရာချီ နားထောင်နေသည်။
သူ ခါးကိုမတ်၍ ထိုင်နေသည်။ ဖြောင့်ဖြောင့်မတ်မတ် ထိုင်နေခြင်းဖြစ်သည်။ သူ့တပည့်များဖြစ်သည့် ဆုန်ကျိရှင်းနှင့် ကျောက်ယော်သည်ပင် ထိုပုံစံမျိုးဖြင့် အဘယ်ကြောင့်ထိုင်ရသည်ကို နားမလည်နိုင်အောင် ဖြစ်ကြရသည်။
“ဝါဒထူထောင်ခြင်းနှင့် ဂိုဏ်းတည်ထောင်ခြင်း” စာအုပ်၏ အခြေခံဖြစ်သည့် မဟာကျင့်ဝတ်အမည်ရသည့် အခြေခံကွန်ဖြူးရှပ်ဂန္ဓဝင်စာအုပ်တစ်အုပ်ရှိသည်။ ထိုစာအုပ်ထဲတွင် “ကိုယ့်ကိုယ်ကို လေ့ကျင့်ခြင်း” ဟူသည့် အခန်းတစ်ခန်းပါသည်။ မြင့်မြတ်တော်မှန်သူတို့သည် လူသေအလောင်းကဲ့သို့ ထိုင်သင့်ကြောင်း ဖေါ်ပြထားသည်။ အဘယ်ကြောင့်ဆိုသော် တောင့်တောင့်တင်းတင်းရှိနေသည့် လူသေအလောင်းတို့သည် နတ်ရုပ်များကဲ့သို့ လူအများ၏ ရှိခိုးပူဇော်ခြင်းကို ခံယူကြရသော်ကြောင့်ဖြစ်သည်။ လူသေကဲ့သို့ ထိုင်ခြင်းဆိုသည်မှာ ခါးဆန့်ကိုယ်မတ်၍ ဖြောင့်ဖြောင့်ထိုင်ခြင်းကို ဆိုလိုသည်။
ထိုစဉ် ချီကျင်ချွန်းက အရာရှိသစ်၏ စိတ်ထဲမှအတွေးကို အာရုံခံစားမိလိုက်ပုံရသည်။ ခပ်အေးအေးပုံစံဖြင့် မပွင့်တပွင့်ပြုံးလျက်
“နိုင်ငံကို အုပ်ချုပ်နေတဲ့ သိုင်းပညာရှင်။ အထင်ကြီးစရာပဲ။ တကယ်အထင်ကြီးစရာပါပဲ။ ဒါပေမယ့် နဂါးဖြူက ငါးတစ်ကောင်လို ဟန်ဆောင်နေတာကတော့ ကောင်းတဲ့နိမိတ်မဟုတ်ဘူး”
(** နဂါးက ငါးလိုဟန်ဆောင်ခြင်းဆိုသည်မှာ အဆင့်မြင့်သူတစ်ယောက်က အဆင့်နိမ့်တစ်ယောက်လို ဟန်ဆောင်ခြင်းကို ဆိုလိုသည်။ တရုတ်ဒဏ္ဌာရီတွင် ငါးအဖြစ်ဟန်ဆောင်သည့် နဂါးသည် တံငါသည်လက်ချက်ကြောင့် မျက်လုံးတစ်ဘက် ပျက်စီးရသည်**)
*********************************
အခန်း (၃၃)
ငါးယောင်ဆောင်တဲ့ နဂါး
? Views, on December 18, 2023