လျိုရှန်ယန်အိမ်သို့ ချန်ပင်အန်း ပြန်ရောက်လာပြီးနောက် ရေနှစ်ပုံးကို ခြံဝင်းမီးဖိုချောင်ထဲမှ ရေစည်ထဲသို့ လောင်းထည့်သည်။ ထို့နောက် အိမ်တံခါးဆီပြေးသွားကာ အော်ပြောလိုက်သည်။
“လျိုရှန်ယန် မင်းအိမ်က ထင်းနဲ့ဟင်းချက်ပစ္စည်းတွေသုံးပြီး နိန်ယော်အတွက် ငါးစွပ်ပြုတ် ချက်ပေးချင်လို့။ အဆင်ပြေတယ်မဟုတ်လား”
ပြန်အိပ်ပျော်နေသည့် လျိုရှန်ယန်မှာ ချန်ပင်အန်းလှမ်းမေးသံကြောင့် လန့်နိုးလာသည်။
“သောက်ရမ်း နှောက်ယှက်တဲ့ကောင်ပဲကွာ။ အိပ်မက်ထဲမှာ ကျီကွေ့က ငါ့ကိုပြုံးပြနေတာကွ။ ငါ့ရဲ့ကျီကွေ့ကို အလျော်ပြန်ပေးစမ်း”
ချန်ပင်အန်း ခေါင်းကိုခါယမ်းလိုက်သည်။ သို့သော် ထိုခဏမှာပင် လျိုရှန်ယန်မှာလိုက်သည့်စကားကို သူပြန်သတိရလာသည်။ ချက်ချင်း တောင်းပန်စကားဆိုလိုက်သည်။
“ကျီကွေ့နဲ့ ရေတွင်းနားမှာ ခုနက တကယ်တွေ့ခဲ့တယ်။ ဒါပေမယ့် အဘွားမာနှောက်ယှက်နေလို့ မင်းအတွက် နှုတ်ဆက်စကားပြောပေးဖို့ မေ့သွားတယ်။ ခဏနေ နိန်ယော်ဆီ ငါးစွပ်ပြုတ်သွားပို့တဲ့အခါ မင်းအတွက် နှုတ်ဆက်စကားပြောပေးလိုက်ပါ့မယ်”
လျိုရှန်ယန် အမြန်ခုန်ထကာ အဝတ်အစားလဲသည်။ ထို့နောက် တံခါးဝသို့ပြေးလာကာ အလုပ်များနေသည့် ချန်ပင်အန်းကိုကြည့်၍ ရယ်ကျဲကျဲမျက်နှာဖြင့်
“မင်း ငါးစွပ်ပြုတ်သွားပို့တဲ့အခါ ငါလည်းလိုက်ခဲ့မယ်လေ။ ဪဒါနဲ့ ကျီကွေ့က ဒီနေ့ အနီရောင်အဝတ်အစားနဲ့လား။ ဒါမှမဟုတ် အစိမ်းဖျော့ဝတ်စုံနဲ့လား။ ကြေးပြားနှစ်ရာလောက် ငါရပြီးရင် တန်ဖိုးကြီး နဂါးတစ်ရာငွေမိတ်ကပ်ဗူးကို သူ့အတွက်ဝယ်ပေးနိုင်မှာပဲ။ သူအဲဒီမိတ်ကပ်ကို လိုချင်တာ ကြာလှပြီကွ။ ဒါပေမယ့် ဝယ်ဖို့လက်တွန့်နေတယ်။ အဲဒါ ဟိုခွေးသူတောင်းစား ဆုန်ကျိရှင်းကြောင့်ပဲ။ အတော်ကပ်စေးကုပ်တဲ့ကောင်။ သူ့ကိုယ်သူတော့ ကံကြမ္မာလမ်းက ခွေးကောင်တွေလို အပျံစားဝတ်တယ်။ ကျီကွေ့လေးအတွက်ကျတော့ အဝတ်အစားနည်းနည်းလောက်တောင် ပိုမဝယ်ပေးဘူး။ ငါသာ ကျီကွေ့ရဲ့ သခင်လေးဆိုရင် သူလိုချင်တာမှန်သမျှ ဝယ်ပေးလိုက်မှာ။ ကံကြမ္မာလမ်းက မိန်းကလေးတွေထက်တောင် ဇိမ်ရှိရှိထားပြီး သုံးဖြုန်းခိုင်းလိုက်ဦးမှာကွ”
လျိုရှန်ယန်၏ ရူးရူးနှမ်းနှမ်းစိတ်ကူးယဉ်အိပ်မက်များကို ချန်ပင်အန်း လျစ်လျူရှုလိုက်သည်။။ လျိုရှန်ယန် အဘယ်ကြောင့် ကျီကွေ့ကိုသာ အရူအမူးဖြစ်နေရသည်ကို သူစဉ်းစားမရ။ ကျီကွေ့ကို အစေခံဖြစ်နေ၍ သူအထင်သေးခြင်းမဟုတ်။ ရုပ်ဆိုးသည်ဟု ထင်မိ၍လည်းမဟုတ်။ လျိုရှန်ယန်နှင့်ကျီကွေ့ကြား ဆုံးစည်းနိုင်စရာလမ်းစ မမြင်မိသောကြောင့်သာဖြစ်သည်။
“အခုမင်းလည်း သူ့ကို ကျီကွေ့လို့ ခေါ်နေပြီပေါ့။ ဝမ်ကျူးလို့ ဘာလို့မခေါ်တော့တာလဲ”
ချန်ပင်အန်းက စပ်စုလိုက်သည်။
လျိုရှန်ယန်က မချိသွားဖြဲမျက်နှာဖြင့်
“မင်းလည်း ကျီကွေ့ဆိုတဲ့စကားလုံးကို မရေးတတ်ဘူးဆိုတော့ ငါသိပ်ဂရုမစိုက်တော့တာပါ”
ချန်ပင်အန်း နည်းနည်းစိတ်လေသွားသည်။
“ဘာလို့ မင်းကငါနဲ့ လာနှိုင်းယှဉ်နေတာလဲ။ မင်းယှဉ်ချင်ရင် ဆုန်ကျိရှင်းနဲ့ သွားယှဉ်လေ။ ကျီကွေ့က သူ့အစေခံပဲ။ ငါ့အစေခံမှမဟုတ်တာ”
လျိုရှန်ယန်က မဲ့ပြုံးပြုံးလျက်
“ဆုန်ကျိရှင်းက မင်းထက်အားလုံးသာနေတာတော့မဟုတ်ပါဘူး။ ဥပမာ သူ့ဘဝမှာ အဖေ အမေလို့ တစ်ခါမှ မခေါ်ဖူးဘူးလေ။ အဲဒီလိုစဉ်းစားလိုက်ရင် သူကမင်းထက် နိမ့်နေတယ်မဟုတ်လား။ ကုစန်းအမေရော အဘွားမာရော တစ်ခြားမိန်းမကြီးတွေရော သူ့အကြောင်းပြောတဲ့အခါ အတော်ရွံကြတာ။ ဆုန်ကျိရှင်းဟာ သန့်ရှင်းအပြစ်ကင်းတဲ့လူလို့ သတ်မှတ်လို့မရဘူး။ အဲလိုသာမဟုတ်ရင် သူက ကြွေထည်ရုံအရာရှိရုံးခန်းမှာ ယုံကြည်မှုအပြည့်နဲ့ အခန့်သားထိုင်နေနိုင်မှာပဲ။ ဘာလို့ ကြွေပန်းအိုးလမ်းမှာ လာပြီးဒုက္ခခံနေစရာလိုမှာလဲ။ အဲလိုဖြစ်နေတာတောင် သူက တစ်ခြားလူတွေကို အထင်သေးရဲသေးတယ်။ သူ့ကို တမင်နှိမ်ပြီး ခွေးသူတောင်းစားလို့ပဲ ခေါ်သင့်တာ”
ချန်ပင်အန်း ထရပ်လျက် မီးဖိုတံခါးဆီလျှောက်သွားရင်းမှ
“လျိုရှန်ယန် ငါနဲ့ဆုန်ကျိရှင်းဟာ သူငယ်ချင်တွေးမဟုတ်ပေမယ့် မင်းသူ့ကိုပြောတဲ့ပုံစံက…”
လျိုရှန်ယန် အမြန်လက်ကာပြလိုက်သည်။ ချန်ပင်အန်းဩဝါဒကို သူနားမထောင်လိုပေ။ မခိုးမခန့်ပြုံးလျက်
“ငါသူ့ကို နှိမ့်ချပြိး မပြောတော့ပါဘူးကွာ၊ ဟုတ်ပြီလား။ ချန်ပင်အန်း၊ မင်းဒီလောက် အရေထူပြီးသီးခံနိုင်အောင် ဘယ်သူ့ဆီကများ သင်ယူထားတာလဲကွာ။ ဟုတ်ပါတယ်လေ။ မင်းအဖေရော အမေရော သိပ်သဘောကောင်းတဲ့လူတွေလို့ ငါ့အဖိုးက ပြောဖူးတယ်။ အထူးသဖြင့် မင်းအမေပေါ့။ သူ့စကားသံက အမြဲတမ်းနူးညံ့ချိုသာပြီး တစ်ချိန်လုံးပြုံးနေတာတဲ့။ စိတ်ထားအတော်ကောင်းတယ်တဲ့။ ပြီးတော့ အဘိုးကပြောသေးတယ်။ အဘွားမာငယ်ငယ်က လူတိုင်းနီးပါးကို ဆဲဆိုရန်တွေ့ပေမယ့် မင်းအမေကိုတော့ ချွင်းချက်ပဲတဲ့။ အဘွားမာက မင်းအမေကို မဆဲတဲ့အပြင် ပြုံးတောင်ပြသေးတယ်ဆိုပဲ”
ချန်ပင်အန်းမျက်နှာတွင် အပြုံးများ ထိန်းမရအောင်ပေါ်လာသည်။
လျိုရှန်ယန်က လက်တစ်ဘက်ဝှေ့ယမ်းပြလျက်
“မြန်မြန်လုပ်ကွာ။ မင်းမိန်းမဆီ စွပ်ပြုတ်သွားပို့ရအောင်”
ချန်ပင်အန်းက မျက်လုံးစွေကြည့်လျက်
“မင်းအဲလောက်သတ္တိရှိနေရင် အဲဒီ့စကားကို သူ့ရှေ့ရောက်မှပြောပါလား”
လျိုရှန်ယန်က တဟက်ဟက်ရယ်လျက်
“မင်းသာ ငတုံးဖြစ်ရင်ဖြစ်မယ်။ ငါကတော့ မတုံးဘူးလေ”
ခဏကြာပြီးနောက် စွတ်ပြုတ်အိုးကိုင်၍ ချန်ပင်အန်းထွက်လာသည်။ တံခါးကိုသော့ခတ်ပြီးနောက် နှစ်ယောက်သား ကြွေပန်းအိုးလမ်းဆီသို့ လျှောက်လာကြသည်။ အိမ်သို့ရောက်ချိန်တွင် ချန်ပင်အန်းမှာ ဂိတ်တံခါးရှေ့တွင် ကြောင်တောင်တောင်ပုံစံဖြင့်ရပ်လျက် တံခါးခေါက်နေသည်ကို လျိုရှန်ယန် တွေ့လိုက်ရသည်။ ထိုအချိန်ကျမှ သူနားလည်သွားသည်။ ချန်ပင်အန်းသည် တံခါးသော့ကို နိန်ယော်ထံတွင် ထားခဲ့ခြင်းဖြစ်သည်။ ချန်ပင်အန်းကို ကုရာနတ္ထိဆေးမရှိနိုင်တော့ဟု သူထင်မိသည်။
နိန်ယော်က အနက်ရောင်ဝတ်စုံဝတ်ထားသည်။ အိမ်တွင်ရှိနေသည်မို့ မျက်နှာကာဦးထုပ် ဆောင်းမထား။ ထို့ကြောင့် တံခါးပွင့်သည်နှင့် လှပသည့်သူမျက်နှာက ထွက်ပေါ်လာသည်။ ဘာကြောင့်မှန်းမသိ အနေတည်သည့် နိန်ယော်ကို လျိုရှန်ယန် နည်းနည်းလန့်မိသည်။ မျက်နှာတင်းနေခြင်းကြောင့်လည်း မဟုတ်။ ကျီကွေ့သည်လည်း မျက်နှာတင်းသည်သာဖြစ်သည်။ သို့သော် လျိုရှန်ယန်က သူ့ကို တစ်ချိန်လုံး တွယ်ကပ်နေရဲသည်သာဖြစ်သည်။ နိန်ယော်လက်ထဲမှ လက်နက်ကြောင့်လည်းမဟုတ်။ စွမ်းရည်ကြောင့်လည်းမဟုတ်။ လျိုရှန်ယန်သည် သူ့ကိုဝိုင်းရိုက်ခဲ့သည့် ကံကြမ္မာလမ်းမှ သူဌေးသားများကိုပင် ဘယ်တုန်းကမှ ကြောက်ရွံ့ဖူးသူမဟုတ်။ ပုံပျက်ပန်းပျက် ထွက်ပြေးခဲ့ရသည့်နိုင် ကြောက်စိတ်နည်းနည်းမှ မရှိခဲ။
ယခု ဘာကြောင့်မှန်းမသိ။ မြို့ပြင်မှလာသည့် ဤမိန်းကလေးနိန်ယော်ကို သူနည်းနည်းကြောက်နေသည်။
နိန်ယော်က စားပွဲတွင်ထိုင်၍ မြေအိုးအဖုံးကိုလှပ်လိုက်သည်။ ငါးစွပ်ပြုတ်နံ့ကို ရှူရှိုက်မိသဖြင့် ရှည်သွယ်သည့် သူ့မျက်လုံးများ မှေးစင်းသွားသည်။ ထို့နောက် ခေါင်းတစ်ချက်ငြိမ့်၍ ချိုသာသည့်လေသံဖြင့်
“ကျေးဇူးပါ”
ချန်ပင်အန်းမှာ အလွန်တရာအရိပ်အကဲသိနိုင်သူဖြစ်သည်။ ထိုတုံ့ပြန်မှုသည် အေးစက်တင်းမာသည့် ထိုမိန်းကလေး စိတ်ပျော်ရွှင်သွားသည့်အမူအရာဖြစ်ကြောင်း သူသိလိုက်သည်။
နိန်ယော်အတွက် ဆန်ပြုတ်အိုး သူတည်ပေးသည်။ မီးအရှိန်ကို ကိုယ့်ဘာသာစောင့်ကြည့်ရန် ပြောလိုက်သည်။ ထို့နောက် လျိုရှန်ယန်ဘက်သို့လှည့်၍
“ကျီကွေ့ကို မင်းဘာသာစောင့်တော့။ ငါ စာသွားပို့ရဦးမယ်”
လျိုရှန်ယန်က တံခါးဝတွင်ရပ်လျက် တစ်ဘက်အိမ်မှ လှုပ်ရှားမှုကို နားစွင့်နေသည်။ အသံတစ်ခုခုကြားသည်နှင့် သူချက်ချင်းလှုပ်ရှားနိုင်ရန်ဖြစ်သည်။ သူစိတ်များ ဂဏာမငြိမ်ဖြစ်နေသည်။ ထို့ကြောင့် စိတ်မရှည်သည့်လေသံဖြင့် ချန်ပင်အန်းကို ပြန်ပြောလိုက်သည်။
“အေးပါ၊ မင်းလုပ်စရာရှိတာ သွားလုပ်”
ချန်ပင်အန်း အိမ်မှထွက်လာသည်။ ကြွေပန်းအိုးလမ်းမှ ထွက်လိုက်ချိန်တွင် သူ့ရှေ့မြေပြင်တွင် အနည်းငယ်အလင်းမှိန်နေသည်ကို သတိထားမိလိုက်သည်။ သူမော့ကြည့်သည်။ အလင်းမှိန်နေသည်မှာ အရပ်မြင့်မြင် ထောင်ထောင်မောင်းမောင်း ဝတ်ရုံဖြူနှင့်လူတစ်ယောက် ရပ်နေသောကြောင့်ဖြစ်သည်။ လက်တစ်ဘက်ကိုနောက်ပစ်လျက် ကျန်တစ်ဘက်ကို ခါးမှကျောက်စိမ်းခါးပတ်ပေါ်တင်ထားသည်။ မျက်လုံးများက အဝေးသို့ငေးစိုက်ကြည့်နေသည်။
လမ်းကျဉ်းလေးကို ပိတ်ရပ်သလို ဖြစ်နေကြောင်း ရိပ်စားမိသဖြင့် ထိုလူက မပွင့်တစ်ပွင့်ပြုံး၍ ဘေးသို့ရွှေ့ကာ ချန်ပင်အန်းအတွက် လမ်းဖွင့်ပေးလိုက်သည်။
ချန်ပင်အန်း တွေးရခက်သွားသည်။ ခြေလှမ်းအရှိန်ကိုမြှင့်လျက် ကြွေပန်းအိုးလမ်းမှ ထွက်လိုက်သည်။ နောက်ပြန်လှည့်ကြည့်လိုက်ချိန်တွင် ထိုလူမှာ ကြွေပန်းအိုးလမ်းထဲသို့ ဖြေးညှင်းစွာဝင်သွားသည်ကို တွေ့လိုက်ရလေသည်။
တစ်ချက်သာလှည့်ကြည့်လိုက်ခြင်းဖြစ်သော်လည်း ထိုလူဝတ်ထားသည့် အဖြူရောင်ဝတ်စုံ၏ ရှေ့ဘက်နောက်ဘက်တွင် ရွှေရောင်ပိုးချည်များထိုးထားသည်ကို ဝိုးတဝါး မြင်လိုက်ရသည်။ ထိုရွှေချည်များဖြင့် ရုပ်ပုံနှစ်ခု ဖေါ်ထားခြင်းဖြစ်သည်။ ရုပ်ပုံမှာ တောင်တန်းနှင့်တိမ်တိုက်များကြား ထိုးတက်နေသည့် သတ္တဝါမျိုးနှင့်တူသည်။ အတော် ထူးဆန်းလှသည်။
ချန်ပင်အန်း ခေါင်းထဲမှအတွေးများကို မောင်းထုတ်လိုက်သည်။ထိုလူကို ဖူနန်ဟွားတို့လို အပြင်လူဟုသာ စိတ်ထဲတွင်မှတ်ယူလိုက်သည်။ ကြွေပန်းအိုးလမ်းသို့ ကံကြမ္မာအခွင့်အလမ်းရှာရန် ရောက်လာခြင်းဖြစ်မည်။ ဟိုတစ်နေ့က ဆရာချီနှင့် ကန္တာရသစ်ပင်အိုဆီ ရောက်ခဲ့ပြီးနောက် အရင်ထက်ပို၍ သူစိတ်ပေါ့ပါးသွားသည်။ ဆရာချီ ဤမြို့တွင်ရှိနေသမျှ မမျှော်လင့်သည့် ပြဿနာတစ်ခုခုကြုံလျှင် သူသွား၍ အကူအညီတောင်းနိုင်ပေသည်။
ဆီးသီးပန်းလမ်းကို ဖြတ်ပြေးနေချိန်တွင် မနေ့ညကတွေ့ခဲ့သည့် အစိမ်းဝတ်စုံနှင့်မိန်းကလေးကို သူတွေ့သည်။ သိုးသားရောင်းသည့်ဆိုင်တွင် ထိုင်နေဆဲဖြစ်သည်။ လက်ထဲတွင် တူတစ်စုံကိုင်၍ စားပွဲကို အသာအယာ ခေါက်နေသည်။ အနည်းငယ်ဖေါင်းကား၍ အပြစ်ကင်းသည့် သူ့မျက်နှာတွင် စိတ်တက်ကြွသည့်အမူအရာများ ပေါ်နေသည်။ သူ့မျက်လုံးများက အငွေ့တစ်ထောင်းထောင်းဖြစ်နေသည့် သိုးသားအိုးကိုသာ စိုက်ကြည့်နေသည်။ ချန်ပင်အန်းသည် သူနှင့် ခြေလေးငါးလှမ်းသာ ကွာသော်လည်း သူလုံးဝသတိမထားမိ။
ထိုဝတ်ရုံစိမ်းမိန်းကလေးအတွက် အစားအသောက်သာလျှင် အရေးအကြီးဆုံးဖြစ်သည်။ မိုးပြိုလျှင်ပင် အစားကို ကုန်အောင်စားပြီးမှသာ ထွက်ပြေးမည်ပုံမျိုးဖြစ်သည်။
ထိုမိန်းကလေးကို ချန်ပင်အန်း သဘောကျမိသည်။ အနှောက်အယှက်မပေးတော့ဘဲ တစ်ချက်ပြုံးလျက် မြို့အရှေ့ဂိတ်တံခါးဆီ ဆက်ပြေးလာခဲ့သည်။
လမ်းဘေးတွင် ရှိနေသည်ဖြစ်စေ တစ်ချက်ကြည့်ရုံမျှဖြင့် မြင်သူရင်ကို ဘဝင်အေးစေသည့် လူတစ်ချို့ အရာတစ်ချို့ ရှိနေပေသည်။
မြို့အရှေ့ဘက် သစ်သားဂိတ်တံခါးသို့ ရောက်လာချိန်တွင် သစ်ငုတ်တစ်ခုပေါ် ခြေဖျားထောက်ရပ်လျက် အရှေ့ဘက်သို့ လှမ်းကြည့်နေသည့် ဆံပင်ဖိုးရို့ဖားယားဂိတ်စောင့်ကို တွေ့လိုက်ရသည်။ အရေးကြီးသည့် တစ်စုံတစ်ယောက် ရောက်အလာကို စောင့်မျှော်နေသယောင်ရှိသည်။
ကန္တာရသစ်ပင်နားသို့ရောက်စဉ်က ကြွေထည်ရုံကြီးကြပ်အရာရှိအသစ် ရောက်လာတော့မည်ဟု သက်ကြီးပိုင်းမြို့ခံများ ပြောနေကြသည်ကို ချန်ပင်အန်း ကြားခဲ့သည်။ ပထမဆုံးအကြိမ်ရောက်လာသည့် အရာရှိကို မျိုးရိုးလေးခု၊ မိသားစုဆယ်ခုမှ အကြီးအကဲအားလုံးနီးပါး အရှေ့ဂိတ်တံခါးသို့ လာရောက်ကြိုဆိုကြသည်။
သို့သော် ပူခြစ်နေသည့် နေရောင်အောက်တွင် နာရီအတော်ကြာစောင့်နေကြပြီးနောက် ရောက်လာသူမှာ ကြီးကြပ်အရာရှိ၏ တပည့်တစ်ယောက်သာဖြစ်သည်။ ထိုတပည့်က အရာရှိသည် အရာရှိအိမ်တော်သို့ ရောက်နေပြီဖြစ်ကြောင်း၊ သူသည် ယခုမှနေ့ခင်းပိုင်းတရေးတမောအိပ်၍ ထလာခြင်းဖြစ်ကြောင်း ပြောသည်။ အရာရှိအိမ်တော်သို့ လိုက်သွားကြရန်ပြောသည်။ လူချမ်းသာများ ဒေါသထွက်သွားကြသည်။ သို့သော် ကြားရသည့်သတင်းအရ အရာရှိအိမ်တော်သို့ ထိုလူချမ်းသာများ ရောက်သွားချိန်တွင် မကျေမနပ်လေသံ တစ်ခွန်းမှ မဟရဲကြဘဲ မျက်နှာကို တတ်နိုင်သမျှပြုံးထားကြသည်ဟု ဆိုသည်။
မြို့ခံလူများ၏ ပြောသည့်ဖြစ်ရပ်များအား အတော်ထူးဆန်းကြောင်း သိခဲ့ရသည်။ ထိုမြို့ခံသက်ကြီးပိုင်းများသည် တစ်ခုခုဆိုလျှင် ကိုယ်တိုင်ဒိဋ္ဌမြင်သကဲ့သို့ အဘယ်ကြောင့် ပြောကြသည်မသိ။ ကံကြမ္မာလမ်းနှင့်မက်မွန်ရွက်လမ်းမှ ကောလဟာလများကိုပြောတိုင်း ကိုယ်တိုင်လက်တွေ့မြင်ခဲ့ရသကဲ့သို့ ပြောတတ်ကြသည်။ ဥပမာ လုမိသားစုမှ အဒေါ်ကြီးသည် သင်တန်းဆရာနှင့် မည်သို့ကျိတ်ပုန်းခုတ်ကြောင်း၊ လူမြင်သွားသည့်အချိန်ကျမှ အဝတ်အစားများကို အလန့်တကြားပြင်ဝတ်ကာ ရင်ဘတ်နေရာကို ဖုံးဖိလိုက်ကြောင်း ပြောကြသည်။ အသေးစိတ်မကျန် အားလုံးပြောပြခြင်းဖြစ်သည်။ တစ်ချက်တစ်လေပင် မလစ်ဟာစေရ။ သူတို့ကိုယ်တိုင် သင်တန်းဆရာ ဖြစ်နေသကဲ့သို့ပင် ဖြစ်သည်။
လျိုရှန်ယန်မှာ ထိုကဲ့သို့သတင်းများနားထောင်ရတိုင်း တံတွေးကျိတ်မျိုနေတတသည်။ ဆုန်ကျိရှင်းလည်း တစ်ခါတစ်ရံ ကန္တာရပင်အိုနားတွင် ရစ်ဝဲနေတတ်သည်။ သို့သော် ထိုအချိန်မျိုးတွင် ကျီကွေ့ကို ခေါ်မလာတတ်။ သူ့မျက်နှာမှအပြုံးက လျိုရှန်ယန်ထက် ပို၍ထိန်းထိန်းချုပ်ချုပ်ရှိသည်။ သို့သော် တစ်ခြားလူများနှင့် လျှို့ဝှက်ပြောဆို ရယ်မောနေချိန်တွင် သူ့အသံမှာ သူတော်စင်ဝါဒများ ရွတ်ဆိုချိန်ထက်ပင် ပို၍အသံကျယ်လေသည်။
ချန်ပင်အန်း သစ်ငုတ်ဘေးတွင်ထိုင်၍ ဂိတ်စောင့်လူ သူ့ကိုအရေးစိုက်လာသည်ထိ စိတ်ရှည်ရှည်စောင့်သည်။
ဂိတ်စောင့်က တစ်ချက်အော်ဆဲလျက် သစ်ငုတ်ပေါ်မှခုန်ဆင်းကာ ချန်ပင်အန်းကို တစ်ချက်ကြည့်သည်။ ထို့နောက် ဘာမှမပြောဘဲ မြေစိုက်တဲအတွင်းသို့ဝင်သွားပြီး စာတစ်ချို့ယူလာသည်။ အားလုံးပေါင်း စာခြောက်စောင်ဖြစ်သည်။ သို့သော် ချန်ပင်အန်းကို ကြေးပြားငါးပြားသာပေးသည်။
စာများကို ချန်ပင်အန်း အကြမ်းဖျင်းလှပ်ကြည့်လိုက်သည်။ ဘာမှ မပြောပေ။ စာနှစ်စောင့်မှာ ကံကြမ္မာလမ်းတွင် ဘေးချင်းကပ်ရှိနေသည့် အိမ်နှစ်အိမ်သို့ လိပ်စာတပ်ထားခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် ကြေးပြားတစ်ပြားပိုတောင်းရန် စိတ်ကူးမရှိတော့။ အကယ်၍ ဂိတ်စောင့်က မတော်တဆ ရုတ်တရက် သဘောကောင်းလာပြီး ကြေးပြားခြောက်ပြားအပြည့် ပေးလာလျှင်လည်း သူငြင်းမည်မဟုတ်ပါ။
သွားရမည့်လမ်းကြောင်းကို အစီအစဉ်ချရင်း ဂိတ်စောင့်ကို မေးလိုက်သည်။
“ဘယ်သူ့ကိုစောင့်နေတာလဲ”
“မင်းအဘိုးကိုစောင့်နေတာလေ”
ဂိတ်စောင့်က အရှေ့ဘက်ဆီမှ ကျယ်ပြန့်သည့်လမ်းမကိုကြည့်နေရင်း ရွဲ့ပြောလိုက်သည်။
ချန်ပင်အန်း အမြန်ထွက်သွားသည်။ ဂိတ်စောင့်ဒေါသများ သူ့အပေါ် ပုံကျလာမည့်အဖြစ်မျိုး သူမလိုချင်ပေ။
ဂိတ်စောင့်က ဟက်ခနဲတစ်ချက်ရယ်လျက်
“ဪ သူက အရိပ်အကဲ နားလည်သားပဲ”
ထို့နောက် ကောင်းကင်သို့ သူမော့ကြည့်လိုက်သည်။ မြည်ဟိန်းနေသည့် မိုးကြိုးသံ ပျောက်ကွယ်သွားပြီဖြစ်သည်။ မြို့ပေါ်သို့ အညှိုးတကြီးဆင်းလာတော့မည် ထင်ခဲ့ရသည့် အနက်ရောင်တိမ်လွှာများလည်း ဖြေးဖြေးချင်း ပျောက်ကွယ်သွားသည်။
သစ်ငုတ်ပေါ်တွင်ထိုင်လျက် သူသက်ပြင်းချလိုက်သည်။
“မသေမျိုးတွေ တိုက်ခိုက်ကြတဲ့အခါ သာမန်လူတွေသေမျိုးတွေပဲ အများဆုံး ဒုက္ခရောက်ကြရတာပါ”
စာခြောက်စောင်အနက် လေးစောင်မှာ ကံကြမ္မာလမ်းမှ မျိုးနွယ်ကြီးလေးခုဖြစ်သည့် လု၊လီ၊ကျောက်၊ဆုန် အိမ်တော်များသို့ ဖြစ်သည်။ ကျန်သည့်စာနှစ်စောင်မှာ မက်မွန်ရွက်လမ်းသို့ဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် စာနှစ်စောင့်အနက် တစ်စောင်မှာ အရင်တစ်ခေါက်က တွေ့ခဲ့သည့် သဘောမနောကောင်းသည့် အဘိုးအိုထံသို့ ဖြစ်နေသည်။ ထို့အပြင် ယခု တံခါးဖွင့်၍ စာကိုလာယူသူမှာလည်း ထိုအဘိုးအိုပင်ဖြစ်သည်။ အဘိုးအိုက မြက်ဖိနပ်စီးထားသည့် ချန်ပင်အန်းကိုကြည့်လျက် ပြုံးရွှင်သည့်မျက်နှာဖြင့်
“ကောင်လေး၊ မင်းတကယ်အိမ်ထဲဝင်ပြီး လက်ဖက်ရည်မသောက်တော့ဘူးလား”
ချန်ပင်အန်း အားနာဟန်ဖြင့်ပြုံးလျက် ခေါင်းခါသည်။
အဘိုးအို အံ့ဩခြင်းမဖြစ်တော့ပါ။ သူ့အင်္ကျီလက်ထဲမှ ကြေးပြားတစ်ချို့ကိုထုတ်၍ ချန်ပင်အန်းကို ပေးလိုက်သည်။
“ဒီနေ့က ငါတို့မိသားစုရဲ့ ပွဲတော်နေ့ကွ။ အိမ်ကိုလာလည်တဲ့လူမှန်သမျှ ဒီလိုလက်ဆောင်ရကြတယ်။ ကံကောင်းခြင်းလက်ဆောင်ပေါ့ကွာ။ သိပ်မများပါဘူး။ ကြေးပြားဆယ်ပြားပါပဲ။ ဒီတော့ အားနာမနေပါနဲ့။ ယူလိုက်ပါ”
ထိုသို့သိလိုက်ရသဖြင့် ကြေးပြားကို ချန်ပင်အန်း ယူလိုက်သည်။ ထို့နောက် အဘိုးအိုကို ပြုံးပြလျက်
“ကျေးဇူးပါ အဘိုးဝေ့”
အဘိုးအို ခေါင်းငြိမ့်ပြသည်။ ထို့နောက်
“ကောင်လေး၊ နောက်ကို မင်းဘာမှလုပ်စရာမရှိတဲ့အချိန် ကန္တာရပင်အောက်ကိုသွားပြီးထိုင်နေပါ။ မြေပေါ်ကျနေတဲ့ သစ်ရွက်တွေ သစ်ကိုင်းတွေတွေ့ရင် အိမ်ကိုယူသွားပြီး တစ်နေရာရာမှာထားလိုက်။ အဲဒါတွေက ပိုးကောင်မွှားကောင်တွေကို မောင်းထုတ်နိုင်တယ်။ အဲဒါ မကောင်းဘူးလားကွာ။ ပြီးတော့ အလကားရတာပဲလေ”
ကျေးဇူးတင်သည့်အနေဖြင့် ချန်ပင်အန်း ဦးညွှတ်အရိုအသေပေးလိုက်သည်။
အဘိုးအိုက ကျေနပ်စွာပြုံးလျက်
“ကဲ သွားပေတော့။ နွေဦးဆိုတာ နှစ်တစ်နှစ်မှာ အရေးအကြီးဆုံးအချိန်ပဲ။ ဒီလိုအချိန်မှာ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ရင် သိပ်ကောင်းတာကွ”
မက်မွန်ရွက်လမ်းမှ အပြာရောင်ကျောက်ပြားများကို ချန်ရစ်ကာ သူထွက်လာခဲ့သည်။
အဘိုးအို တံခါးဝတွင် အတော်ကြာအောင် ရပ်နေသည်။ လမ်းဘေးနှစ်ဘက်မှ မက်မွန်ပင်တန်းကို ငေးကြည့်နေသည်။ ခန္ဓာကိုယ်လှပသည့် အစေခံတစ်ယောက် သူ့ထံသို့လျှောက်လာပြီး နူးညံ့သည့်လေသံဖြင့်
“ဘာတွေကြည့်နေတာလဲ အဘိုး။ အပြင်မှာ ရာသီဥတုအေးတယ်လေ။ အအေးမမိအောင် ဂရုစိုက်မှပေါ့”
ထိုအဘိုးအိုထံတွင် သူအစေခံလုပ်လာသည်မှာ နှစ်အတော်ကြာပြီးဖြစ်၍ အဘိုးအိုသဘောကောင်းကြောင်း သိနေပြီးဖြစ်သည်။ လေးစားရသော်လည်း ကြောက်ရွံ့ဖို့မလိုပေ။ ထို့ကြောင့် ပြုံးစေ့စေ့မျက်နှာဖြင့် ထပ်မေးလိုက်သည်။
“အဘိုး၊ ငယ်ငယ်က တွေ့ခဲ့တဲ့ မိန်းကလေးအကြောင်း ပြန်တွေးနေတာလား။ အဲဒီမိန်းကလေး ဟိုမက်မွန်ပင်တွေအောက်မှာ ရပ်နေခဲ့တာလား”
အဘိုးအိုက ပြုံးလျက်
“ထောင်ယာ၊ မင်းနဲ့ဟိုကောင်လေးဟာ စိတ်ကောင်းရှိပြီး စိတ်ဓာတ်ပြတ်သားတဲ့ လူတွေပဲ”
ချီးကျူးခံလိုက်ရသဖြင့် အစေခံမိန်းကလေးမျက်နှာ ပြုံးရွှင်နေသည်။
အဘိုးအိုက ပြုံးလျက်
“ရပ်ဝေးက ဆွေမျိုးတစ်ယောက် နောက်ရက်နည်းနည်းကြာရင် အလည်လာလိမ့်မယ်။ သူတို့ပြန်သွားတဲ့အချိန် မင်းလည်း မိသားစုထဲက တစ်ခြားကလေးတွေနဲ့အတူ လိုက်သွားလို့ရတယ်”
သူ့စကားကြောင့် မိန်းကလေး အံ့အားသင့်သွားသည်။ သူ့မျက်လုံးတွင် မျက်ရည်ဝဲလာသည်။
“အဘိုး၊ ကျွန်မ ဒီကနေထွက်မသွားချင်ပါဘူး”
အဘိုးအိုက လက်တစ်ချက်ဝှေ့ယမ်းလျက်
“ငါ ဒီလမ်းထဲမှာ ရှုခင်းခဏကြည့်ဦးမယ်။ မင်းအရင် အိမ်ထဲဝင်နှင့်ပါ။ ပြောစကားနားထောင်ပါ ထောင်ယာ။ မဟုတ်ရင် အဘိုးဒေါသထွက်တော့မှာနော်”
အစေခံမိန်းကလေး မတတ်သာဘဲ ပြန်လှည့်သွားရသည်။ သို့သော် နောက်သို့ အကြိမ်ကြိမ်ပြန်လှည့်ကြည့်နေသေးသည်။
လမ်းဘေးနှစ်ဘက်မှ မက်မွန်ရွက်များ စိမ်းစိုနေသည်။ သို့သော် မက်မွန်ပန်းများ မပွင့်သေး။
အဘိုးအို သက်ပြင်းတစ်ချက် ချလိုက်သည်။ ထို့နောက် တံခါးပြင်သို့ထွက်ကာ လှေခါးထစ်များအတိုင်း ဆင်းလျက် အနီးမှ မက်မွန်ပင်အောက်တွင် သွားရပ်နေသည်။ ဝမ်းနည်းသံစွက်နေသည့် လေသံဖြင့်
“မက်မွန်ပန်းလို လှပတဲ့ မိန်းကလေးတဲ့လား။ ဒီလိုမြင်ကွင်းမျိုး နောက်ထပ်မြင်ဖို့ ငါ့မှာ အခွင့်အရေးလုံးဝ မရှိတော့ပါဘူး”
ထို့သို့ပြောပြီးနောက် အိမ်ဆီသို့လှည့်ကြည့်လျက်
“ဒီမြို့ရဲ့ ထူးခြားမှုက အစကတည်းက မဟာတာအိုနဲ့ ဆန့်ကျင်နေတာပဲ။ သူတော်စင်တွေက ဒီနေရာကို အတင်းအကြပ် အသွင်ပြောင်းခဲ့ကြတယ်။ နှစ်သုံးထောင်ကြာအောင် ကြီးမားတဲ့ဆုလာဘ်ကို ခံစားစေခဲ့တယ်။ လူအတော်တော်များများ ဒီကနေထွက်သွားပြီး အရှေ့ပိုင်းရတနာတိုက်နယ်အနှံ့ မျိုးဆက်တွေချန်ခဲ့ကြတယ်။ ဒါပေမယ့် ကောင်းကင်ဘုံက ဉာဏ်အလင်းစူးရှထက်မြက်လိုက်တာ။ ငါတို့ရယူခဲ့တာတွေကို ပြန်ပေးဆပ်ဖို့ အချိန်ရောက်လာပြီပဲ။ လူငယ်တွေ ဒီမြို့က မြန်မြန်ထွက်သွားကြပါ။ မင်းတို့က ငါတို့နဲ့အတူ အသေခံကြမလို့လား။ ငါတို့က ကျိုးပျက်ဆွေးမြေ့နေတဲ့ ကြွေအိုးတွေလိုပါပဲ။ သေခြင်းဆိုတာ အကြီးအသေးရှိတယ်ကွ။ ဒီမြို့ထဲက ထောင်ချီတဲ့လူတွေအတွက် ရင်ဆိုင်ရမယ့်အရာက အကြီးစားသေခြင်းမျိုးပဲ။ နောက်ဘဝပြန်မွေးဖွားခွင့်မရှိတဲ့ သေခြင်းမျိုးပေါ့။
ဒီတော့ ကောင်းကင်က မျက်ကွယ်ပြုထားတုန်းမှာ မင်းတို့မြန်မြန်ထွက်သွားကြပါ”
အဘိုးအိုက အရေတွန့်နေသည့်လက်ကို မက်မွန်ကိုင်းတစ်ခုပေါ်တင်လိုက်သည်။
“စိတ်ရင်းကောင်းပြီး သစ္စာရှိကြတဲ့ကလေးတွေ။ ကောင်းကင်ဘုံက မင်းတို့ကို ပစ်မှတ်ထားပြီး မနှိပ်ကွပ်ပါစေနဲ့လို့ ဆုတောင်းပေးပါတယ်”
ထိုစဉ် ကျောက်ယော်၏အဘွားဖြစ်သူက ကြိမ်တုတ်တစ်ချောင်းကိုင်လျက် လျှောက်လာသည်။
“နင်က အခုတောင် မြေကြီးထဲကို ခြောက်ပေလောက်ဝင်နေပြီ။ ဒီလိုမျှော်လင့်ချက်တွေထားပြီး ငတုံးလိုလုပ်နေသေးတယ်ပေါ့။ အဘွားအိုတွေ မျက်နှာမှာ မိတ်ကပ်လူးထားသလို နင့်လုပ်ရပ်တွေက ဘာအကျိုးရှိလာမှာလဲ။ ဒီကပ်ဆိုးမျိုးကို နင့်မေတ္တာစေတနာတွေနဲ့ ရပ်တန့်နိုင်မှာတဲ့လား”
အဘိုးအို နည်းနည်းအံ့အားသင့်သွားသည်။ ထို့နောက် သူ့လိုပင် အိုမင်းရင့်ရော်နေသည့် အဘွားအိုကိုကြည့်လျက် ထူးဆန်းသည့် လေသံဖြင့်
“မင်းလာပြီပေါ့”
သူ့စကားကြောင့် အဘွားအို ရုတ်တရက်ကြောင့်သွားသည်။ သို့သော် ချက်ချင်း ဒေါသထွက်လာပြီး ကြိမ်တုန်ဖြင့် လှမ်းရိုက်သည်။
“အရှက်မရှိတဲ့ အဘိုးကြီး။ အသက်က ဘယ်လောက်ရှိနေပြီလဲ။ ဒီလို မဟုတ်မဟတ်စကားတွေ ပြောရဲသေးတယ်ပေါ့”
ကြိမ်တုတ်ရိုက်ချက်များက အဆက်မပြတ်ကျလာသည်။ အဘိုးအို အလျင်အမြန်ထွက်ပြေးနေရလေသည်။ သို့သော် ထွက်ပြေးနေရင်းမှ အူလှိုက်သည်းလှိုက်ပင် ရယ်မောနေသည်။
မက်မွန်ပင်အောက်တွင် ရပ်နေရင်း အဘွားအို အကြီးအကျယ်ဒေါသထွက်နေသည်။ စိတ်ထားပျော့ပျောင်း၍ မက်မွန်ရွက်လမ်းသို့ အမှတ်မထင်လာခဲ့မိသည်ကို နောင်တရနေသည်။
နောက်ဆုံးတွင် မက်မွန်ပင်ပေါ်မှ ထွက်သစ်စ သစ်ရွက်ဖူးများကိုမော့ကြည့်လိုက်သည်။ အပြာရောင်ကျောက်ခင်းလမ်းပေါ်တွင် ကြိမ်တုတ်ကို တဒေါက်ဒေါက်ထောက်၍ ထို့နောက် ကံကြမ္မာလမ်းဆီသို့ ပြန်လျှောက်သွားလေသည်။
ဤမြို့လေးသည့် နှစ်ထောင်ချီကြာအောင် ဖွံ့ဖြိုးတိုးတက်ခဲ့သည့် အေးချမ်းသည့် မြို့လေးဖြစ်သည်။ သို့သော် မြို့ခံလူသားများ နောက်တစ်ကြိမ်မွေးဖွားခွင့်မရနိုင်တော့သည့်အဖြစ်သို့ အမှတ်မထင်ရောက်လာသည်။
မျှော်လင့်ချက် အမျှင်တန်းတစ်ခုမှ မကျန်တော့သည်လားမသိပေ။
ချောင်းရေ တစ်ဖြေးဖြေး ပိုလျော့လာသည်။ ရေတွင်း တဖြေးဖြေး ပိုအေးလာသည်။ ကန္တာရပင်သည်ပင် ပို၍အိုမင်းရင့်ရော်လာသည်။ ရေတွင်းထဲကျနေသည့် သံကြိုးလည်း သံချေးများပိုတက်လာသည်။ ကြီးမားသည့် တိမ်တိုက်များ မြို့ငယ်လေးပေါ် အုပ်မိုးနေသည်။
ဤနှစ် မက်မွန်ပင်များ ရွက်နုရွက်သစ်ထွက်ပါသည်။ သို့သော် ပန်းများပွင့်မလာပေ။
*********************************
အခန်း (၃၂)
မက်မွန်ရွက်
? Views, on December 18, 2023