Switch Mode

အခန်း (၃၁)

တောင်ကိုရိုက်၍ ကျားကိုခြောက်ခြင်း

သံသော့အိမ်ရေတွင်းသို့ မ‌ရောက်မီ ဆီးသီးပန်းလမ်းမှ နံနက်စာရောင်းသည့် ဆိုင်တစ်ချို့ကို ဖြတ်ကျော်ခဲ့ရသည်။ သူ့ဗိုက်ထဲတွင် တဂွီဂွီအသံမြည်လာသည်။ သို့သော် ငွေပြတ်နေသည်ဖြစ်၍ စိတ်ကိုထိန်း၍ ဆက်လျှောက်ကာ ရေတွင်းရှေ့တွင် ရေသယ်ရန် သွားရောက်တန်းစီရသည်။ သူ့ရှေ့တွင် မိသားစုသုံးခုရှိနေသည်။
သူ့အလှည့်ရောက်လာချိန်တွင် ကျီကွေ့က ရေပုံးငယ်တစ်ခုဆွဲ၍ ရှေ့မှရုတ်တရက်ဖြတ်ဝင်သည်။ ချန်ပင်အန်းနောက်ဘက်ရှိလူများထံမှ မကျေမနပ်ရေရွတ်သံများပေါ်လာသည်။ ဆဲဆိုနေခြင်းမဟုတ်သော်လည်း သူတို့စကားများက နားဝင်မချိုလှပေ။ အထူးသဖြင့် ခါးကုန်းကုန်း အဖွားအိုတစ်ယောက်ဖြစ်သည်။ အားလုံးကသူ့ကို အဖွားမာဟု ခေါ်ကြသည်။ သူ့သားနှစ်ယောက်မှာ အတော်အောင်မြင်သည့်လူများဖြစ်သည်။ ကြွေထည်ရုံကိုယ်စီ ပိုင်ဆိုင်ကြသည်။ သူတို့ကြွေထည်ရုံများသည် မြို့ထဲရှိ ကြွေထည်ရုံသုံးဆယ်ခန့်အနက် အသေးဆုံးအဆင့်သာဖြစ်သော်လည်း ဆီးသီးပန်းလမ်းထဲတွင်မူ လူချမ်းသာများဟု ယူဆနိုင်ပေသည်။
သို့သော် ဘာကြောင့်တော့မှန်းမသိ။ အဘွားမာသည် ချွေးမနှစ်ယောက်နှင့် အဆင်မပြေခဲ့။ ထို့ကြောင့် သူ့သားနှစ်ယောက်နှင့် ချွေးမများသည် မက်မွန်ရွက်လမ်းသို့ ပြောင်းရွှေ့သွားကြသည်မှာ အတော်ကြာပြီဖြစ်သည်။ အဖွားမာတစ်ယောက်သာ ဆီးသီးပန်းလမ်းမှ ဘိုးဘွားပိုင်အိမ်တွင် ကျန်ရစ်ခဲ့သည်။
ချန်ပင်အန်း၊ လျိုရှန်ယန်နှင့် တစ်ခြားလူများအမြင်အရ အဘွားမာသည် အလွန်ကြောက်စရာကောင်းသည့် မိန်းမကြီးတစ်ယောက်ဖြစ်သည်။ တစ်ခြားလူများအား ဆူပူကြိမ်းမောင်းရာတွင် အတော်နှုတ်လျှာကြမ်းသည်။ အလွန်လည်းကပ်စီးကုပ်၍ တွန့်တိုသူဖြစ်သည်။ အားလုံးကို သူတစ်ယောက်တည်းသာ ပိုင်ဆိုင်ချင်သူဖြစ်သည်။ ကလေးများက နှင်းသီးပစ်တမ်းကစားရန် သူ့အိမ်ရှေ့မှ နှင်းခဲများကို ကောက်ယူခဲ့လျှင်၊ သူ့အိမ်တံစက်မြိတ်မှ နှင်းခဲချောင်းများကို ဖဲ့ယူခဲ့လျှင် တံမြက်စည်းတစ်ချောင်းကိုင်ကာ ဆဲဆိုကြိမ်းမောင်းရင်း အတော်ဝေးဝေးထိ လိုက်ရိုက်တတ်သည်။ နည်းနည်းမှ မောပန်းပုံမရ။
အရင်က မြို့အနောက်ပိုင်း ဤလမ်းထဲတွင် အဘွားမာကိုနိုင်သူဟူ၍ လူတစ်ယောက်တည်းသာရှိသည်။ ကုစန်း၏ မိခင်ပင်ဖြစ်သည်။ သို့သော်ယခု ထိုအမျိုးသမီးသည် ဆုံးပါးသွားသည့် သူ့ခင်ပွန်း၏ မိတ်ဆွေတစ်ယောက်နှင့် သူ့ခင်ပွန်းဇာတိမြေတွင် အခြေချရန် ထွက်သွားသည်ဟု ကြားရသည်။ ယခုနှစ်ပိုင်းအတွင်း အဘွားမာ နည်းနည်း ငြိမ်နေခဲ့သည်။ သို့သော် ကုစန်း၏မိခင် ထွက်သွားပြီးနောက် ချက်ချင်းဆိုသလို တက်ကြွကြမ်းတမ်းလာသည်။ ယခင်လိုစရိုက်မျိုး ပြန်ဖြစ်လာသည်။ အားလုံးကို မျက်စိနောက်စရာဟု ယူဆထားသလိုပင်ဖြစ်သည်။
ကျီကွေ့က ရေသယ်ရန် တန်းစီနေသည့်လူတန်းကို ကြားဖြတ်ဝင်လိုက်သည်နှင့် အဘွားမှာနှုတ်မှ ထူးထူးဆန်းဆန်းစကားများ ထွက်လာသည်။ အသံသိပ်မကျယ်လှ။ သူ့မျက်နှာတွင် ပလတ်စတစ်အပြုံးမျိုး ပေါ်နေသည်။ သူ့နောက်မှ အမျိုးသမီးတစ်ယောက်နှင့် ဟန်လုပ်၍ စကားပြောနေသည်။ တစ်ချို့မိန်းကလေးများသည် မျက်နှာပွင့်၍ လူရှေ့သူရှေ့တွင် ချစ်စခန်းဖွင့်နိုင်လာပြီဖြစ်ကြောင်းပြောသည်။ အရင်က ထိုမိန်းကလေးသည် လမ်းလျှောက်လျှင်ပင် ရဲရဲမလျှောက်ရဲကြောင်း၊ ယခုအဖြစ်သည် ဂုဏ်ယူစရာဖြစ်ကြောင်း ပြောသည်။ အဆင့်နိမ့်အစေခံဘဝမှ လွတ်မြောက်၍ ဇနီးမယားဘဝ ရောက်လာပြီဖြစ်ကြောင်း ပြောနေသည်။
သူ့စကားများကြောင့် ချန်ပင်အန်း အနည်းငယ်တွန့်သွားသည်။ သို့သော် ကျီကွေ့ကိုလည်း မောင်းထုတ်၍မဖြစ်။ မည်သို့ပင်ဆိုစေ ကျီကွေ့နှင့်သူ အိမ်နီးချင်းဖြစ်လာသည်မှာ နှစ်ပေါင်းမနည်းတော့။ ရေနှစ်ပုံးကို ခပ်ပြီးနောက် ကျီကွေ့အတွက်လည်း ရေတစ်ပုံးအမြန်ဆွဲပေးလိုက်သည်။ အတင်းပြောနေသည့် မိန်းမအဖွဲ့နားမှ အမြန်ထွက်သွားရန်ကြိုးစားသည်။ သို့သော် ကျီကွေ့က အရေးမစိုက်ဟန်လုပ်နေသည်ကိုမြင်ရသဖြင့် အဘွားမာ ပို၍မကျေမနပ်ဖြစ်လာသည်။
ထိပ်သီးအဖွဲ့များ ရန်ဖြစ်ကျလျှင် ထိုသို့ပင်ဖြစ်သည်။ တစ်ဘက်သားက ကိုယ့်တိုက်ခိုက်မှုကို လျစ်လျူရှု၍ အရေးမစိုက်ခြင်းသည် ရှက်စရာအကောင်းဆုံးအခြေအနေဖြစ်သည်။ ကိုယ့်အားထုတ်မှုများ အရာမရောက်သလို ဖြစ်နေသည်။
အရင်က အဘွားမာသည် ကုစန်း၏မိခင်နှင့် စကားများရန်ဖြစ်ဖူးသည်။ အမြဲတမ်း အဘွားမာသာ ရှုံးခဲ့သော်လည်း တစ်ကြိမ်ပြီးတစ်ကြိမ် လျှာစွမ်းတက်လာသည်ဟုလည်း ခံစားရသည်။ ထို့ကြောင့် နောက်တစ်ကြိမ်ရန်ဖြစ်ကြလျှင် သူအနိုင်ရမည်ဟုသည် မျှော်လင့်ချက်မျိုး ရှိခဲ့သည်။
ယခု ထိုသို့မဟုတ်။ ကြွေပန်းအိုးလမ်းမှ အဆင့်နိမ့်အစေခံက ပါးစပ်ပိတ်၍ မကြားချင်ယောင်ဆောင်နေသည်။ သို့သော် သူ့မျက်လုံးတွင် အဘွားမာကို နေမထိထိုင်မသာဖြစ်စေသည့်အရိပ်များ ရှိနေသည်။ ထို့ကြောင့် အဘွားမာ ပို၍ဒေါသထွက်ရသည်။ ကျီကွေ့ထံ ပြေးသွား၍ မျက်နှာကို ဆွဲဖဲ့ပစ်ချင်နေသည်။ ထိုသို့လုပ်လိုက်လျှင် အနီးအနားလမ်းများမှ လူငယ်များ အရှက်မရှိသည့် ပုံပျက်ပန်းပျက်အစေခံကျီကွေ့၏မျက်နှာကို ကြောက်လန့်ရွံရှာသွားကြပေမည်။
အထူးသဖြင့် သူ့မြေးဖြစ်သည်။ တစ်ခြားလူများက သူ့မြေးကို ငတုံးဟုခေါ်ကြသော်လည်း အဘွားမာကိုယ်တိုင်ပင် သူ့ကို ရူးနေသည်ဟု ထင်မိသည်။ အဓိပ္ပါယ်မရှိသည့်စကားများကို အမြဲပြောတတ်သည်။ တစ်ရက်တွင် ကြွေပန်းအိုးလမ်းမှ ဤအစေခံကို အိမ်သို့ခေါ်လာပြီး ဇနီးမယားအဖြစ်ယူ၍ ကောင်းကင်ဘုံကို လမ်းကြောင်းဖေါက်မည်ဟု သူ့မြေးကပြောခဲ့သည်။
သူအလွန်မုန်းသည့် အစေခံက မည်သို့မျှ တုံ့ပြန်မှုမရှိသဖြင့် အဘွားမာဦးတည်ချက်က ကျီကွေ့ဘေးမှ ချန်ပင်အန်းထံ ရောက်လာသည်။ တအံ့တဩဖြစ်ဟန်ဖြင့် စုပ်တစ်ချက်သပ်လျက်
“ဘာမှအသုံးမကျတဲ့ ဂြိုလ်ဆိုးငမွဲကောင်။ မင်းကြောင့် မင်းမိဘတွေသေသွားတာတောင် အသက်ဆက်ရှင်ရဲသေးတယ်ပေါ့။ ညံ့ဖျင်းတဲ့ မင်းရဲ့အစွမ်းအစတွေနဲ့ မိန်းမတစ်ယောက် ဘယ်တော့မှ ရနိုင်မှာမဟုတ်ဘူးဆိုတာ မင်းသိလို့ တစ်ခြားလူရဲ့အစေခံနဲ့ အရှက်မရှိ တွဲခုတ်ဖို့ ကြံတယ်ပေါ့။ လိုက်လည်း လိုက်ဖက်ပါရဲ့။ ဆင်းရဲသားနဲ့ အောက်တန်းစားတဲ့။ မင်းတို့နှစ်ယောက် တကယ်ကို လိုက်ဖက်ပါတယ်။ ဘာပဲပြောပြော ကြွေပန်းအိုးလမ်းဟာ မင်းတို့လို အသုံးမကျတဲ့လူတွေ နေတဲ့နေရာပဲလေ။ နောင်တစ်ချိန် မင်းတို့ကလေးတွေမွေးလာရင် သူတို့က ကြွေပန်းအိုးလမ်းကို အုပ်စိုးတဲ့လူတွေ ဖြစ်လာနိုင်ပါတယ်”
ချန်ပင်အန်း ခဏစဉ်းစား၍ ခါးကုန်းကာ ရေပုံးနှစ်ခုကို အောက်သို့ချရန်ပြင်လိုက်သည်။
သို့သော် ကျီကွေ့က သူ့ထက်မြန်သည်။ ရေပုံးကို ချလိုက်ပြီး ပါးစပ်သရမ်းသည့် အဖွားအိုထံ ခြေလှမ်းကျဲကျဲဖြင့် လျှောက်သွားသည်။ ထို့နောက် ဘာတစ်ခွန်းမှမပြောပဲ ပါးရိုက်ပစ်လိုက်သည်။ အဘွားမာ နေရာတင် တစ်ပတ်လည်ထွက်သွားသည်။ မှင်သက်မိ၍ မူးဝေနေသည်။ သူ့ဘေးမှ အမျိုးသမီးက လှမ်းထိန်းထား၍သာ မတ်တပ်ရပ်နေနိုင်ခြင်းဖြစ်သည်။ ကျီကွေ့က အဘွားမာ ပြန်သက်သာလာသည်ကို မစောင့်။ ချက်ချင်း ရှေ့သို့တိုးသွား၍ နောက်တစ်ချက် ထပ်ရိုက်ကာ အော်ဟစ်လိုက်သည်။
“သက်ဆိုးရှည်တဲ့ အဘွားကြီး၊ ရှင့်စော်ကားတာကို သီးခံခဲ့တာ အတော်ကြာနေပြီ”
အဘွားအို ခေါင်းကိုခါယမ်းနေသည်။ ဒေါသကြောင့် နှာမှုတ်သံတရှူးရှူးဖြစ်လာသည်။ ကျီကွေ့ကို ပြန်ရိုက်ရန် ဟန်ပြင်လိုက်သည်။ သို့သော် အထင်မှားခြင်းလား တကယ်လားတော့မသိ။ ဘေးမှ ထိန်းကိုင်ပေးထားသည့် အမျိုးသမီးက သန်မာလွန်းလှသည်။ အဘွားမာ လွတ်အောင်မရုန်းနိုင်ပေ။ ထို့ကြောင့် တတိယအကြိမ် အရှက်ကွဲရပြန်သည်။ ကျီကွေ့က လက်ဆစ်ကိုကွေးကာ အဘွားမာ၏နဖူးကို ခပ်ကြမ်းကြမ်းခေါက်လိုက်သည်။
“နောက်တစ်ခါ သူများအကြောင်း မကောင်းပြောရင် ရှင်းဖြာကို ဆွဲထုတ်ပစ်မယ်။ ရှင်တစ်ခါဆဲတိုင်း ရှင့်လျှာကို အပ်နဲ့ထိုးပစ်မယ်”
သူ့ကြိမ်းဝါးသံကြောင့် အဘွားမာ အတော်တုန်လှုပ်သွားသည်။ ပြန်ရိုက်ရန်မဆိုထားနှင့် ဆဲဆိုရန်ပင် မေ့နေသည်။
ကျီကွေ့က နောက်သို့လှည့်၍ အမြန်ထွက်သွားသည်။ ချန်ပင်အန်းက သူ့ရေပုံးအား ဆွဲပေးထားသည်ကို မြင်သဖြင့် ကျေးဇူးတင်ဟန်ဖြင့် ပြုံးလိုက်သည်။ ထို့နောက် နှစ်ယောက်သား ကြွေပန်းအိုးလမ်းဆီ လှည့်ပြန်သွားကြသည်။
ချန်ပင်အန်း ဘာမှမပြောနိုင်မီမှာပင် ကျီကွေ့က
“ကျွန်မကို ကျေးဇူးတင်ဖို့ မလိုပါဘူး။ ရှင်အတွက် လုပ်ခဲ့တာမဟုတ်ဘူး။ ဘယ်သူ့အတွက်မှလည်း မဟုတ်ဘူး”
ချန်ပင်အန်း ပါးစပ်အဟောင်းသားဖြစ်နေသည်။
ကျီကွေ့သည့် လက်ဗလာဖြင့် စကားများဆက်တိုက်ပြောနေသည်။ သို့သော် ချန်ပင်အန်းလက်မှ သူ့ရေပုံးကို ဆွဲသယ်မည့်ဟန်မရှိ။
အဘွားမာမှာ သံသော့အိမ်ရေတွင်းဘေးတွင်ရပ်လျက် အော်ကြီးဟစ်ကျယ်ဖြစ်နေသည်။
“သောက်သုံးမကျတဲ့ဟာမလေး၊ ကောင်းကင်ပြစ်ဒဏ်သင့်ပါစေအေ။ ငါ့ဘဝ ဘာလောက်ဒီလောက် ကြမ်းတမ်းပြီး ကံဆိုးရတာလဲ။ အမလေး… ကောင်းကင်ဘုံက မျက်လုံးကန်းနေပြီလား။ ဒီလောက်အောက်တန်းကျပြီး မာယာများတဲ့ အစေခံကို မိုးကြိုးပစ်ချပါတော့လား”
ကျီကွေ့က ကြွကြွရွရွ လမ်းလျှောက်နေရင်းမှာ ထူးဆန်းသည့် လှုပ်ရှားမှုတစ်ခု လုပ်လိုက်သည်။ လက်ဝါးနှစ်ဘက်ကို ကောင်းကင်သို့ပင့်တင်ဟန် လှုပ်ရှားလိုက်ခြင်းဖြစ်သည်။
သို့သော် ချန်ပင်အန်းမှာ သူနှင့်နှစ်ပေါင်းများစွာ အိမ်နီးချင်းဖြစ်လာသူဖြစ်၍ သူ့လှုပ်ရှားမှုကို ထူးခြားသည်ဟု မထင်မိ။
နံနက်စာရောင်းသည့် ဈေးဆိုင်တန်းမှ ဖြတ်လျှောက်လာစဉ် ရင်းနှီးနေသည့် လူတစ်ယောက်ကို ချန်ပင်အန်း တွေ့လိုက်ရသည်။ အရပ်သိပ်မမြင့်၊ အစိမ်းရောင်ဝတ်စုံနှင့် မိန်းကလေးဖြစ်သည်။ ယခု ထိုမိန်းကလေးသည် လတ်ဆတ်သည့်အသားပေါက်စီကို ဝယ်နေသည်။ ပေါက်စီမှာ ပူပူနွေးနွေးဖြစ်သည်။ သင်းပျံ့သည့်ရနံ့များ တစ်လမ်းလုံး လှိုင်နေသည်။
ချန်ပင်အန်း ရုတ်တရက် ကောင်းကင်သို့မော့ကြည့်လိုက်သည်။
မနက်ခင်းပိုင်းသာ ရှိသေးသော်လည်း ကောင်းကင်က ဘယ်အချိန်ကတည်းက အုံ့မှိုင်းနေသည်မသိ။ လူချမ်းသာတို့အသုံးပြုသည့် ခြုံစောင်ကဲ့သို့ ထူထဲသည့်အနက်ရောင်တိမ်တိုက်များ နေရောင်ကြားတွင် ဖြစ်တည်နေသည်။
“ဂျိန်း”
မိုးကြိုးသံတစ်ခု မြို့အထက်ကောင်းကင်တွင် မြည်ဟိန်းသွားသည်။
သံသော့အိမ်ရေတွင်းနားတွင်ရှိနေသည့် အဘွားမာ ချက်ချင်းထရပ်လျက် အိမ်သို့အမြန်ပြေးသည်။ သူ့ရေပုံးက ဘယ်ညာလွှဲယမ်းနေသည်။ လမ်းတစ်လျှောက် ရေများဖိတ်လျှံကျကုန်သည်။ အိမ်သို့ပြန်ရောက်ချိန်တွင် သူ့ရေပုံးထဲတွင် ရေတစ်ဝက်ပင်မရှိတော့။
သူ့ကိုယ်သူ သိနေဟန်ရှိသည်။ ကောင်းကင်ဘုံသာ အမှတ်တကယ် မျက်လုံးမကန်းခဲ့လျှင် ပထမဆုံးကျလာသည့် မိုးကြိုးက သူ့ခေါင်းကိုအရင်ဆုံး ထိပေလိမ့်မည်။
မိုးကြိုးသံကြောင့် ချန်ပင်အန်းလည်း မော့ကြည့်မိသည်။ နည်းနည်း နားမလည်နိုင်အောင် ဖြစ်နေသည်။ မိုးရွာမည့်ပုံလည်း မပေါ်ပေ။
ကျီကွေ့က မျက်လုံးစွေကြည့်၍ ပြုံးလိုက်သည်။
“ကျွန်မသခင်လေးက သူဖတ်ဖူးတာတစ်ခု ပြောဖူးတယ်။ နွေဦးလမှာ ကောင်းကင်ဘုံက နတ်တစ်ပါး ရွှေသံချပ်ကာဝတ်ပြီး တိမ်းတိုက်ကြားမှာ စည်တော်ကိုတီးတယ်။ နှစ်ဟောင်းကို နှုတ်ဆက်ပြီး နှစ်သက်ကို ကြိုဆိုတယ်တဲ့။ ပြီးနောက် သူတီးလိုက်တဲ့စည်သံက မကောင်းဆိုးဝါးတွေကို နှင်ထုတ်ပြီး နွေဦးရောက်လာမယ့်လမ်းကို ဖွင့်ပေးတာတဲ့”
ချန်ပင်အန်း ခေါင်းငြိမ့်လိုက်သည်။
“မင်းသခင်လေးက တကယ်ဗဟုသုတများတာပဲ”
ကျီကွေ့က သက်ပြင်းတစ်ချက်ချလျက်
“သခင်လေးက ကိစ္စအတော်များများမှာ တော်ပါတယ်။ ဒါပေမယ့် နည်းနည်းပျင်းလွန်းတယ်။ ကောင်းကင်ဘုံကို တစ်ချိန်လုံးကျိန်ဆဲနေတာ။ အဲဒါတော့ ကောင်းတယ်လို့ မထင်ဘူး”
ချန်ပင်အန်းသည် သူများကွယ်ရာတွင် မကောင်းပြောရသည်ကို ဝါသနာမပါပေ။ ထို့ကြောင့် ကျီကွေ့စကားကို ဘာမှမတုံ့ပြန်ပေ။ သို့သော် ဆုန်ကျိရှင်းသည် ထူးဆန်းသည့်ထိုအကျင့်မျိုးရှိသည်မှာ နှစ်ပေါင်းမနည်းတော့ပေ။ အဘွားမာကဲ့သို့ပင် ကောင်းကင်ကို အမြဲတမ်းကျိန်ဆဲသည်။ ကောင်းကင်ဘုံကို မျက်လုံးကန်းသည်ဟု စွပ်စွဲသည့် စကားမျိုး အတော်များများပြောသည်။ သို့သော် ပညာတတ်ဖြစ်၍ အကန့်အသတ်တော့ရှိသည်။ နှင်းကျနေချိန် မိုးကြိုးသံမြည်နေချိန် တိမ်မည်းများအုံ့ဆိုင်းနေချိမျိုးတွင် သူမဆဲပေ။ ကောင်းကင်တစ်ခုလုံး တည်ငြိမ်နေသည့်အချိန်မျိုးတွင်သာ သူကျိတ်ဆဲလေ့ရှိသည်။ ထို့ကြောင့် ကောင်းကင်ဘုံက သူကျိန်ဆဲသည်ကို ကြားနိုင်ဟန်မရှိ။ မကြားသဖြင့် စိတ်ဆိုးစရာလည်း အကြောင်းမရှိတော့။ ဆုန်ကျိရှင်းအနေဖြင့်လည်း ဒေါသတစ်ချို့ ဖြေဖျောက်နိုင်သွားသည်။ နှစ်ဘက်လုံး အကျိုးမယုတ်သည့် လုပ်ရပ်မျိုးဖြစ်သည်။
ချန်ပင်အန်း ဘာမှပြန်မပြောသဖြင့် ကျီကွေ့က ပုံမှန်လေသံဖြင့် မေးလိုက်သည်။
“မနေ့ညက နင်အိမ်ပြန်မလာဘူးလား။ လျိုရှန်ယန်ဆီမှာ အိပ်တာပေါ့”
ချန်ပင်အန်း ခေါင်းငြိမ်သည်။
“ငါ့အိမ်မှာ ဧည့်သည်ရှိတယ်လေ။ ငါညအိပ်ညနေ နေလို့ဘယ်သင့်တော်မလဲ”
“ဟုတ်ပါတယ်လေ။ ဒါနဲ့ ဆရာချီ နင့်ဆီကိုလာလည်သေးလား။ သူနင့်ကို ဘာတွေပြောလဲ”
ကျီကွေ့က ရုတ်တရက်မေးလာသည်။
“ဘာလို့မေးတာလဲ”
ချန်ပင်အန်း ပြန်မေးလိုက်သည်။
ကျိကွေ့က ရိုးသားသည့်အပြုံးမျက်နှာဖြင့်
“ဘာရယ်မဟုတ်ပါဘူး။ အဲဒီ့မနက်က ရေသယ်ဖို့သွားတော့ ဆရာချီနဲ့ တွေ့ခဲ့လို့ပါ။ သူက မနက်ဘက် လမ်းလျှောက်ထွက်လာတာလို့ပြောတယ်။ နင်အိမ်မှာရှိသလားလို့လည်း မေးတယ်လေ။ ငါလည်းသူ့ကို အမှန်အတိုင်းပဲ ပြောလိုက်ပါတယ်”
ချန်ပင်အန်း ပြုံး၍ဖြေလိုက်သည်။
“ငါလည်း ဆရာချီနဲ့ အမှတ်တမဲ့ ဆုံဖြစ်ခဲ့တယ်။ ငါနဲ့စကားနည်းနည်းပဲ ပြောတာပါ။ ငါနဲ့လျိုရှန်ယန်ကို ငယ်ကတည်းက ကျောင်းစာသင်ခဲ့သင့်တယ်လို့ သူပြောတယ်။ ငါကလည်း မိသားစုဆင်းရဲ့လို့ ကျောင်းမတက်နိုင်ခဲ့တာပါလို့ ပြန်ပြောလိုက်တယ်။ အဲလိုသာမဟုတ်ခဲ့ရင် ငါလည်း ကျောင်းတက်ခဲ့မှာပဲလေ”
“ဒါပဲပြောတာလား”
ကျီကွေ့က အံ့အားသင့်ဟန်ဖြင့် မေးလိုက်သည်။
ချန်ပင်အန်းက သူ့မျက်လုံးကို စိုက်ကြည့်၍ ပြုံးလိုက်သည်။
“တစ်ခြား ဘာပြောစရာရှိသေးလို့လဲ”
ကျီကွေ့ ပြန်ပြုံးပြလိုက်သည်။
လမ်းဆုံတစ်ခုရောက်လာချိန်တွင် သူတို့နှစ်ယောက် လမ်းခွဲလိုက်သည်။ ကျီကွေ့က ရေပုံးကိုဆွဲယူ၍ ကြွေပန်းအိုးလမ်းသို့ဆက်သွားသည်။ ချန်ပင်အန်းက လျိုရှန်ယန်၏အိမ်ဘက်သို့ ထွက်သွားသည်။ ရေသယ်ပြီးလျှင် အရှေ့ဂိတ်သို့သွားကာ စာပို့ပေးရဦးမည်။ စာတစ်စောင်လျှင် ကြေးပြားတစ်ပြားနှုန်း သူရမည်။ ထိုအလုပ်ကိုသာ သူစောစောရခဲ့လျှင် တောင်တန်းအနှံ့ခြေဆန့်နိုင်သည့် သူ့အရည်အချင်းကြောင့် မိန်းမယူနိုင်လောက်အောင်ပင် ငွေကြေးစုဆောင်းပြီးဖြစ်ပေလိမ့်မည်။
ကြွေပန်းအိုလမ်းထိပ်သို့ရောက်သည်နှင့် ဆုန်ကျိရှင်းက လမ်းပေါ်တွင်ရပ်လျက် သမ်းဝေနေသည်ကို ကျီကွေ့တွေ့လိုက်ရသည်။ သူ့သခင်လေးဆီ အမြန်လျှောက်သွားပြီးနောက် အံ့အားသင့်နေဟန်ဖြင့် မေးလိုက်သည်။
“သခင်လေး၊ ဘာလို့အိမ်ထဲကထွက်လာတာလဲ”
ဆုန်ကျိရှင်းက အညောင်းတစ်ချက်ဆန့်လျက် ပျင်းရိပျင်းတွဲပုံစံဖြင့်
“ပျင်းလာလို့ပါ”
“သခင်လေး၊ ကြွေထည်ရုံအုပ်ချုပ်ရေးအရာရှိက ဒီမြို့ကို ဘယ်တော့ပြန်လာမှာလဲ။ ကျွန်မတို့ကရော မြို့တော်ကို ဘယ်တော့လောက် သွားရမှာလဲ”
ကျီကွေ့က ခပ်တိုးတိုးမေးလိုက်သည်။
ဆုန်ကျိရှင်း ခဏစဉ်းစားနေပြီးနောက်
“သူ ဆယ်ရက်အတွင်း ပြန်လာလိမ့်မယ်”
ကျီကွေ့ နည်းနည်းတွေဝေနေသည်။ သူ့လက်ထဲမှ ရေပုံးက ဘယ်ညာလွှဲယမ်းနေသည်။
ဆုန်ကျိရှင်းက ပြုံးလျက်
“ဘာဖြစ်လို့လဲ။ မင်းစိတ်ထဲ တစ်ခုခုပြောစရာရှိနေလို့လား”
“သခင်လေး၊ ကျွန်မကို ဒေသကောင်တီမှတ်တမ်းစာအုပ် ခဏငှားပါလား”
ကျီကွေ့ မရဲတရဲပြောလိုက်သည်။
“တစ်ရက်နှစ်ရက်လောက်ဆိုရင်တောင် စာလုံးတစ်ချို့တော့ ကျွန်မလေ့လာနိုင်မှာပါ။ မဟုတ်ရင် မြို့တော်ကို ရောက်တဲ့အခါ ကျွန်မကို လူတွေက အထင်သေးကြလိမ့်မယ်။ သခင်လေးလည်း ကျွန်မကြောင့် လှောင်ရယ်ခံရနိုင်တယ်လေ”
ဆုန်ကျီရှင်း တဟားဟားရယ်မောလိုက်သည်။ ခဏစဉ်းစားနေပြီးနောက်
“ဒါကိုငှားဖို့များ ဘာလို့အဲလောက်ရှက်နေတာလဲ။ ဒါပေမယ့် စာအုပ်ကိုမကိုင်ခက် လက်ကိုသေချာဆေးပါ။ စာရွက်တွေ မညစ်ပတ်စေနဲ့။ ပြီးတော့ မီးတိုင်ဖယောင်းစက်တွေလည်း စာအုပ်ပေါ်မကျစေနဲ့။ ကျန်တာက ဘာမှစိတ်ပူစရာမရှိပါဘူး။ ဒီစာအုပ်က သိပ်အရေးမပါတဲ့ အတိတ်အဖြစ်အပျက်တွေအကြောင်း မှတ်တမ်းတင်ထားတာပါ”
ကျီကွေ့မျက်နှာတွင် ဝေဆာသည့်အပြုံးတစ်ပွင့်ပေါ်လာသည်။
“ကျေးဇူးပါ၊ သခင်လေး”
ဆုန်ကျိရှင်း အူလှိုက်သဲလှိုက် ရယ်မောနေသည်။
“ကဲ ပေး၊ ရေပုံးကို ငါကူသယ်ပေးမယ်”
သို့သော် ကျိကွေ့က ဘေးသို့ဆုတ်သွားပြီး အလေးအနက်လေသံဖြင့်
“သခင်လေး၊ မြင့်မြတ်တဲ့လူဟာ အိမ်အလုပ်တွေမလုပ်ရဘူးလို့ ပြောထားတယ်မဟုတ်လား။ သခင်လေး ဒီလိုအလုပ်တွေ ဘယ်လုပ်လို့ဖြစ်မှာလဲ။ တစ်ခြားလူတွေကြားရင် ကျွန်မကို အပြစ်တင်ကြမှာပေါ့”
ဆုန်ကျိရှင်းက ဒေါသသံဖြင့် ရယ်မောနေသည်။
“စည်းမျဉ်းတွေ၊ ဥပဒေတွေ၊ ကျင့်ဝတ်တွေ။ ဒါတွေက တစ်ခြားလူတွေကို ခြိမ်းခြောက်ပြီး လှည့်စားလို့ရချင်ရမယ်။ ဒါပေမယ့် ငါက…”
သို့သော် ပညာတတ်ဖြစ်သည့် ဆုန်ကျိရှင်း ရုတ်တရက် စကးရပ်လိုက်သည်။
ကျီကွေ့က စိတ်ဝင်စားဟန်ဖြင့်
“သခင်လေးက ဘာလဲ”
ဆုန်ကျိရှင်းမျက်နှာက ပြောင်ချော်ချော်မျက်နှာပေးမျိုး ပြန်ဖြစ်သွားသည်။ သူ့ကိုယ်သူလက်ညှိုးထိုးလျက်
“ငါက တကယ်တော့ လယ်သမားပဲလေ။ လယ်ကွက်ကို ကြီးကြပ်တယ်။ မြေကိုထွန်ယက်တယ်။ ပြီးတော့ လူတွေကို စိုက်ပျိုးခိုင်းတယ်။ ရေသွယ်ခိုင်းတယ်။ ငါက သီးနှံတွေကြီးထွားလာတာကိုစောင့်ပြီး အကျိုးအမြတ်များများ ရိတ်သိမ်းတယ်။ တစ်နှစ်ပြီးတစ်နှစ် ငါအဲလိုနေလာတာပဲ”
ကျီကွေ့ နားရှုပ်သွားသည်။
ဆုန်ကျိရှင်း တဟားဟားအော်ရယ်နေသည်။ ထို့နောက် ရုတ်တရက် သူ့မျက်နှာတည်သွားသည်။
“ကျီကွေ့၊ ချန်ပင်အန်းက မင်းရေပုံးကို တစ်လမ်းလုံး သယ်လာပေးတာလား”
ကျီကွေ့က ရိုးသားသည့်မျက်နှာဖြင့် ခေါင်းငြိမ့်ပြသည်။
ဆုန်ကျိရှင်းက အဓိပ္ပါယ်ပါသည့် လေသံဖြင့်
“သူတော်စင်တစ်ယောက်က ပြောဖူးတယ်။ တစ်ချို့လူတွေဟာ လူစိမ်းတစ်ယောက်ရဲ့ စေတနာသေးသေးလေးကို ရတနာလို သဘောထားပြီး မိတ်ဆွေရင်းတွေ မိသားစုတွေရဲ့ အနစ်နာခံမှုကိုတော့ အလကားရတယ်လို့ထင်ပြီး ကျေးဇူးမတင်ကြဘူးတဲ့။ ဒီလိုအဖြစ်မျိုးဟာ မသင့်တော်ဘူး”
“ဘယ်လို”
ကျီကွေ့ ပို၍နားရှုပ်သွားသည်။
ဆုန်ကျိရှင်းက မေးကိုပွတ်သပ်လျက်
“မင်း ငါပြောတဲ့အဓိပ္ပါယ်ကို တကယ်နားမလည်ဘူးလား။ ငါဘယ်လိုလုပ်ရမလဲ။ မင်းထက်ပိုဉာဏ်ကောင်းပြိး ပိုလှတဲ့အစေခံမတစ်ယောက်နဲ့ မင်းကိုအလဲအလှယ်လုပ်မှဖြစ်တော့မယ်ထင်တယ်”
ကျီကွေ့ ပြုံးချင်စိတ်ကို နောက်ထပ်ထိန်းမထားနိုင်တော့ပေ။ ဆုန်ကျိရှင်း၏ ခြိမ်းခြောက်စရားကို ဂရုမစိုက်ဘဲ ဖွင့်ပြောလိုက်သည်။
“အဲဒီပညာရှိသူတော်စင်ဟာ ဘယ်သူဖြစ်မလဲလို့ မေးချင်နေတာမဟုတ်လား။ ကျွန်မသိပါတယ်သခင်လေး။ အဲဒါ သခင်လေးပဲပေါ့”
ဆုန်ကျိရှင်း သဘောကျစွာရယ်မောလိုက်သည်။
“ကျီကွေ့က ငါ့စိတ်ကို ကောင်းကောင်းနားလည်တာပဲ”
သက်လတ်ပိုင်းစာပေပညာရှင်တစ်ယောက် ကိုယ်ပိုင်ကျောင်း၏ စာကြည့်ခန်းတွင် ခါးမတ်၍ ထိုင်နေသည်။ နွေဦးမိုးကြိုးသံဟိန်းထွက်လာသည်နှင့် သူ့ရှေ့မှကျားစေ့များ အမှုန်ကြေသွားသည်။
ဤမြို့ထဲမှ ကလေးများ ကျောက်ငါးဖမ်းရာတွင် သုံးနေကျ ငါးဖမ်းနည်းတစ်မျိုးရှိသည်။ ချောင်းထဲမှ ကျောက်ချပ်များကို တူဖြင့်အတင်းထုကြခြင်းဖြစ်သည်။ ကျောက်ချပ်များကြားတွင် ခိုအောင်းနေသည့် ကျောက်ငါးများ မူးဝေမေ့မျောကာ ရေပေါ်သို့ပေါ်လာရသည်။
ထိုနည်းလမ်းမျိုးသည် စာအုပ်ထဲမှ စကားပုံတစ်ခုနှင့် အတိအကျတူညီနေပေသည်။ တောင်ကိုရိုက်၍ ကျားကိုခြောက်ခြင်းဖြစ်သည်။
သို့သော် ကောင်းကင်ကို ပစ်ပယ်၍ မဟာတာအိုကို မဆန့်ကျင်ရန် သူတော်စင်တစ်ယောက်အား သတိပေးလိုလျှင်မူ…
အသုံးပြုသင့်သည့်လက်နက်မှာ ခွန်အားကြီးမားသည့်သည့် ကောင်းကင်ပြင်မှ မိုးကြိုးလက်နက်သာ ဖြစ်နိုင်ခြေအများဆုံးဖြစ်သည်။
**************************

Comment

Leave a Reply

Options

not work with dark mode
Reset