Switch Mode

အခန်း (၂၇)

အပြီးသတ်စုတ်ချက်များ

လျိုရှန်ယန်ရောက်လာပြီး မကြာမီတွင် လမ်းထဲသို့ နောက်ထပ်ရှားပါးဧည့်သည်တစ်ယောက် ရောက်လာပြန်သည်။ အစိမ်းရောင်ဝတ်စုံဖြင့် ခံ့ညားနေသည့် ကျောက်ယော်ဖြစ်သည်။ သူ့ဟန်ပန်က ချီကျင်ချွမ်းနှင့် အတော်တူသည်။
ကျောက်ယော်သည် မျိုးနွယ်ကြီးလေးခုထဲမှတစ်ခု၏ အကြီးဆုံးမြေးဖြစ်သည်။ လုကျန်ချွမ်းတို့လို နောက်ခံတူညီသည့် လူချမ်းသာလူငယ်များနှင့်ယှဉ်လျှင် သူဂုဏ်သတင်းက ပို၍ကျော်ဇော်သည်။ တစ်ကိုယ်ရေတစ်ကာယ သက်ကြီးပိုင်းများအားလုံး သူ့အကူအညီ ယူဖူးသူများချည်းဖြစ်သည်။ နာမည်သတင်းကျော်ဇောရန်အတွက်သာ ကျောက်ယော်လုပ်နေသည်ဆိုလျှင် သူ့ရည်မှန်းချက်များကို လျှော့တွက်ရာရောက်ပေသည်။ သူ့စိတ်ဓာတ်ကို လျှော့တွက်ရာရောက်သည်။
ဆယ်နှစ်သားအရွယ်တည်းက သူသည် ကြင်နာစိတ်ရှိ၍ သဘောကောင်းသည့်လူဖြစ်ခဲ့သည်။ တစ်နှစ်ပြီးတစ်နှစ် ထိုစိတ်ဓာတ်ကို ထိန်းသိမ်းလာသူဖြစ်သည်။ နည်းနည်းမှ မပြောင်းလဲပေ။ ကံကြမ္မာလမ်းမှ မြို့ခံသက်ကြီးပိုင်းများက သူ့ပုံစံကိုကြည့်၍ လက်မထောင်ချီးကျူးကြသည်။ သူ့တို့သားသမီးမြေးမြစ်များကို ဆိုဆုံးမတိုင်း ကျောက်ယော်ကိုဥပမာပေးစံပြု၍ ဆုံးမလေ့ရှိကြသည်။ အကျိုးဆက်အနေဖြင့် ကျောက်ယော်တွင် ရွယ်တူသူငယ်ချင်း နည်းပါးသွားသည်။
လုကျန်ချွမ်းတို့အဖွဲ့က ပို၍မခံမရပ်နိုင်ဖြစ်ကြသည်။ ထို့ကြောက် ကျောက်ယော်လို လူရိုးသားစာကြမ်းပိုးတစ်ယောက်နှင့် အပေါင်းအသင်းမလုပ်ကြ။ ဥပမာတစ်ခုကို မြင်ကြည့်နိုင်သည်။ လူတစ်ချို့က မိန်းကလေးတစ်ချို့ကို နံရံပေါ်မှကျော်တက်၍ ချောင်းကြည့်သည်။ လူတစ်ယောက် သူတို့ဘေးသို့ရောက်လာပြီး ထိုအပြုအမူအမျိုးသည် မသင့်တော်ကြောင်းပြောသည်။ ထိုအဖြစ်မျိုး ကြုံတွေ့ရလျှင် မည်သို့အပြောင်းအလဲဖြစ်လာမည်ကို တွေးကြည့်နိုင်ပေသည်။
ကျောက်ယော်သည် ကံကြမ္မာလမ်းအပြင်မှလူများနှင့်လည်း အဆင်ပြေအောင်ပေါင်းသည်။ ပြီးခဲ့သည့်နှစ်ပိုင်းအတွင်း မြို့ထဲရှိ လမ်းအားလုံးနီးပါးသို့ သူရောက်သည်။ သို့သော် ကြွေပန်းအိုးလမ်းတော့ မပါပေ။ အဘယ်ကြောင့်ဆိုသော် ဤလမ်းတွင် ဆုန်ကျိရှင်းကြည့်နေသောကြောင့်ဖြစ်သည်။ သူ့ရှေ့သို့ ရောက်တိုင်း သိမ်ငယ်ရှက်ရွံ့သလို ကျောက်ယော်ခံစားရသည်။
သို့သော် မိတ်ဆွေရင်းကဲ့သို့ သူတို့နှစ်ယောက်ပေါင်းသင်းဆက်ဆံကြသည်။ တရုတ်ကျားကွက် အတူကစားကြသည်။ ဆုန်ကျိရှင်းကို ဤနှစ်များအတွင်း သူအမြဲလို ရှုံးနိမ့်ခဲ့သည်။ သို့သော် အနိုင်ရလိုသည်မှလွဲ၍ တစ်ခြားစိတ်မျိုးမရှိ။ သူ့စိတ်ထဲတွင် ပါရမီထက်သည့် ဆုန်ကျိရှင်းကို ကျိတ်လေးစားမိသည်။ သို့သော် နည်းနည်း အနှိမ်ခံရသည်ဟု ခံစားရသည်။ ဆုန်ကျိရှင်းသည် အမြဲတမ်း ပေါ့ပေါ့ပါးပါး ရယ်ရယ်‌မောမော နေတတ်သော်လည်း သူတို့ကြားမှ ဆက်ဆံရေးတွင် အဖုအထုံးတစ်ခုတော ရှိနေသည်။ ဆုန်ကျိရှင်းသည် သူ့ကို သူငယ်ချင်းမိတ်ဆွေစစ်အဖြစ် လုံးဝမခံယူထားကြောင်း သူ့စိတ်က ခံစားမိနေသည်။
ကျောက်ယော်သည် ဆုန်ကျိရှင်းအိမ်သို့ တစ်ခါမှ လာမလည်ဖူးပါ။ သို့သော် အိမ်ကိုမြင်သည်နှင့် ဆုန်ကျိရှင်းအိမ်ဖြစ်မှန်း တန်းသိသည်။ တံခါးဝတွင် တရုတ်စာလုံး နှစ်ကြောင်းလင်္ကာများ ပြည့်နေသောကြောင့် ဖြစ်သည်။ လက်ရေးမှာလည်း ဆုန်ကျိရှင်းလက်ရေးဖြစ်သည်မှာ ထင်ရှားနသည်။ သူ့ရေးဟန်ကို တစ်ချက်ကြည့်ရုံဖြင့် ကျောက်ယော် သတိထားမိသည်။ လက်ရေးပုံစံက အပြောင်းအလဲ များလွန်းသည်။ စကားလုံးတစ်ခုချင်းစီကို မတူအောင်ရေးထားသည်။ ဥပမာ “လေလွင့်” ဟူသည့်စကာလုံးများကို စုတ်ချက်တစ်ချက်တည်းဖြင့် ရေးထားသည်။ ‘ရေ’စာလုံး၏ အခြေခံစာလုံးပုံစံ ‘ကန်’ ဆိုသည့်စကားကို ရှည်ရှည်တွန့်တွန့်ရေးထားသည်။ “ထူးခြား” ဟူသည့်စာလုံးက အပေါ်သို့တက်နေပြီး အားပါသည်။ မိုးကြိုးပုံစံလို ဖြစ်နေသည်။ “နိုင်ငံ” ဟူသည်စကာလုံးမှာ လှပနူးညံ့သည်။ ခံငြားစွာထိုင်နေသည့် သူတော်စင်တစ်ယောက်ပုံစံမျိုး ဖြစ်သည်။ အပြစ်ပြောစရာဟူ၍ မရျိ။
တံခါးဝတွင်ရပ်ရင်း ကျောက်ယော် တံခါးခေါက်ရန်ပင် မေ့မလို ဖြစ်နေသည်။ ခန္ဓာကိုယ်ကို ရှေ့သို့ကိုင်း၍ စာလုံးများကို ငေးစိုက်ကြည့်နေသည်။ တံခါးမခေါက်ရဲသလို ခံစားနေရသည်။ တစ်ခြားလူများ၏စာလုံးပုံကို အတုခိုး၍ စာပန်ချီပညကို သူလေ့ကျင့်နေဆဲ့ဖြစ်သည်။ ယခု သူမြင်နေရသည့်စာလုံးများ မည်မျှအားပါထူးခြားမှန်း သူနားလည်သည်။
ကျောက်ယောက် မဝံ့မရဲဖြစ်၍ ငြိမ်နေသည်။ ငွေ့အိတ်တစ်ထုပ်ကို တံခါးဘေးတွင်ငုံ့၍ ချလိုက်ပြီး တံခါးမခေါက်တော့ဘဲ လှည့်ထွက်သွားရန် ပြင်လိုက်သည်။
ထိုစဉ် တံခါး ရုတ်တရက် ပွင့်လာသည်။ ကျောက်ယောက်မော့ကြည့်သည်။ ဆုန်ကျိရှင်းနှင့် ကျီကွေ့ကို တွေ့လိုက်ရသည်။ နှစ်ယောက်သား ပြောဆိုရယ်မော၍ ထွက်လာကြသည်။
ဆုန်ကျိရှင်းက အံ့ဩသွားသည့်ဟန်မျိုး တမင်ဖမ်း စနောက်လိုက်သည်။
“ကျောက်ယော်၊ ဒီလိုမျိုးတောင် လေးလေးစားစား နှုတ်ဆက်ရသလားကွာ။ မင်းငါ့ဆီက ဘာလိုချင်လို့လဲ”
ကျောက်ယော် မျက်စိပျက်မျက်နှာပျက်ဖြင့် ငွေထုပ်ကို ပြန်ကောက်သည်။ ရှင်းပြရန် ကြိုးစားသည်။ သို့သော် ဆုန်ကျိရှင်းက ပိုးချည်ငွေသားထုတ်ကို ဖျတ်ခနဲဆွဲယူပြီးဖြစ်နေသည်။
“ဟားဟား၊ ကျောက်ယော်က ငါ့အတွက် လက်ဆောင်ယူလာတာပဲ။ ကျေးဇူးပါ၊ ကျေးဇူးပါ။ ဒါပေမယ့် ရှင်းအောင်ပြောထားမယ်နော်။ ငါက လူဆင်းရဲမိသားစုကလာတာ။ ညီလေးကျောက်ကျေနပ်လောက်အောင် လက်ဆောင်ပြန်ပေးစရာ ဘာမှမရှိဘူး။ ဒီတစ်ခါတော့ မင်းစေတနာကို ပြန်မတုံ့ပြန်နိုင်သေးဘူးကွာ”
ကျောက်ယော်မချိပြုံးပြုံးလိုက်သည်။
“ဒီမင်္ဂလာကြေးပြားအိတ်ကို နှုတ်ဆက်လက်ဆောင်လို့ပဲ သဘောထားပါ။ ပြန်တုံ့ပြန်ဖို့ မလိုပါဘူး”
ဆုန်ကျိရှင်းက ကျီကွေ့ဘက်လှည့်ကာ ပြုံးပြလျက် ငွေထုပ်ကိုပေးလိုက်သည်။
“တွေ့လား၊ ကျောက်ယော်ဟာ ငါတို့မြို့လေးထဲမှာ အသိတတ်အလိမ္မာဆုံးကျောင်းသားပါလို့ ငါပြောခဲ့တယ်လေ။ အခု မြင်ပြီလား”
ကျီကွေ့က ငွေအိတ်ကိုယူကာ ရင်ဘတ်တွင်ကပ်လျက် မျက်လုံးများအရောင်လက်နေသည်။ ထို့နောက် ယဉ်ယဉ်ကျေးကျေးအမူအရာဖြင့်
“ကျေးဇူးတင်ပါတယ် သခင်လေးကျောက်ယော်။ စေတနာကောင်းတဲ့လူဟာ ကံကောင်းတတ်တယ်လို့ ကျွန်မသခင်လေးက အမြဲတမ်းပြောခဲ့ပါတယ်။ သခင်လေးကျောက်ယော် ကောင်းကင်ကိုတက်လှမ်းနိုင်ပြီး အနာဂတ်မှာ တိုးတက်မြင့်မားပါစေလို့ အစေခံဖြစ်တဲကျွန်မက ဆုတောင်းပေးပါတယ်”
ကျောက်ယော် လက်နှစ်ဘက်အမြန်ဆုပ်လျက် အပြန်အလှန်ဦးညွှတ်လိုက်သည်။
“ဆုတောင်းပေးတာ ကျေးဇူးပါ ကျီကွေ့”
ဆုန်ကျိရှင်းက နောက်စေ့ကိုလက်ဖြင့်တစ်ချက်ရိုက်ကာ သမ်းဝေလိုက်သည်။
“မင်းတို့နှစ်ယောက် ဒီလိုပုံစံမျိုး ပြောဆိုနေရတာ မပင်ပန်းဘူးလား”
ကျိကွေ့ကပြုံးလျက်
“ဒီလိုဆုတောင်းပေးတိုင်း ငွေတစ်ထုပ်ရမယ်ဆိုရင် အခါတစ်သောင်းဆုတောင်းပေးရလည်း ကျွန်မ မပင်ပန်းပါဘူး”
ကျောက်ယော်မျက်နှာ နီရဲလာသည်။
“မင်းစိတ်ပျက်အောင်လုပ်မိရင်တော့ တောင်းပန်ပါတယ် ကျိကွေ့”
ဆုန်ကျိရှင်းက လက်တစ်ဘက်ဝှေ့ယမ်းပြလျက်
“ကဲ သွားသောက်ကြစို့ကွာ”
ကျောက်ယော်မျက်နှာတွင် အခက်တွေ့နေသည့်အရိပ်များပေါ်လာသည်။ သို့သော် ဆုန်ကျိရှင်းက သူ့ကို ခပ်လှောင်လှောင် ပြောလာသည်။
“ငတုံးကောင်၊ မင်းက စည်းမျဉ်းတွေအရမ်းသေဝပ်အောင်ပဲ သင်ထားတာလားကွ။ အရက်နည်းနည်းလောက်သောက်တတ်အောင် ငါသင်ပေးမယ်လေ”
“အရက်နည်းနည်းသောက်ရင် စိတ်ကိုရွှင်လန်းစေပါတယ်”
ကျောက်ယော် လိုက်လျောညီထွေ ပြန်ပြောလိုက်ရသည်။
ဆုန်ကျိရှင်းက မျက်ခွံပင့်ကြည့်၍
“ငါတို့ မမူးမချင်း မပြန်ဘူးကွ”
ကျောက်ယော် စကားပြန်ပြောရန်ပြင်သည်။ သို့သော် ဆုန်ကျိရှင်းက သူ့ပုခုံးပေါ်လက်တင်၍ ဆွဲခေါ်နေပြီဖြစ်သည်။
ကျီကွေ့ ခြံတံခါးသော့ခတ်နေစဉ် ခြေလေးချောင်းမြွေက အပြင်သို့ခိုးထွက်ရန် ကြံနေသည်။ ကျီကွေ့က ခြံဝင်းထဲသို့ ပြန်ကန်ထည့်လိုက်သည်။
ဘေးအိမ်ရှေ့မှ ဖြတ်သွားချိန်တွင် ကျီကွေ့ မသိမသာခြေဖျားထောက်၍ အိမ်ထဲသို့ လှမ်းကြည့်သည်။ လျိုရှန်ယန်၏ မြင့်မားဖွံ့ထွားသည့် ခန္ဓာကိုယ်ကို မြင်လိုက်ရသည်။ လျိုရှန်ယန်ကလည်း သူ့ကိုမြင်သွားပြီး မျက်နှာ ပြုံးဖြီးဖြီးဖြစ်လာသည်။ ကျီကွေ့ကို လှမ်းနှုတ်ဆက်ရန်ပြင်သည်။ သို့သော် ကျီကွေ့မှာ အကြည့်လွှဲလျက် ရှေ့သို့ခပ်သွက်သွက် လျှောက်သွားပြီဖြစ်သည်။
မြို့ထဲတွင် စားသောက်ဆိုင်တစ်ခုရှိသည်။ သိပ်မကြီးလှ။ သို့တိုင်အောင် ဈေးပေါသည့်ဆိုင်မျိုးတော့မဟုတ်။ သို့သော် ကျောက်ယော်သည် ကျောက်မိသားစုဝင်ဖြစ်သည်။ နာမည်သတင်းကျော်ဇောသည်။ ထို့ကြောင့် အလွန်ကပ်စေးကုပ်သည်ဟု နာမည်ကြီးသည့် ဆိုင်ရှင်က သူ့ရင်ဘတ်သူ လက်ဖြင့်ပုတ်၍ ကျောက်ယော်တို့ စားသောက်သည့်အတွက် အခကြေးငွေလုံးဝမယူကြောင်း အတိအလင်းပြောလိုက်သည်။ ထို့အပြင် ကျောက်ယော်တို့လာရောက်စားသောက်သဖြင့် သူ့ဆိုင် ဂုဏ်တက်ရကြောင်း သူ့ကပင်ပြန်၍ ငွေပေးသင့်သေးကြောင်း ပြောလေသည်။
သူ့စကားကြားသည်နှင့် ဆုန်ကျိရှင်းက ဟက်ခနဲရယ်လျက် လက်ဝါးဖြန့်လိုက်သည်။ ငွေတစ်ချို့ပေးရန် တောင်းခြင်းဖြစ်သည်။ ဆိုင်ရှင်က မျက်နှာရှုံ့သွားပြီး လေသံလျှော့သွားသည်။ နောက်တစ်ခေါက်လာမှ ပေးပါမည်ဟု ပြောသည်။ နောက်တစ်နေ့ကျလျှင် လူလွှတ်၍ ဆုန်ကျိရှင်းထံ အကောင်းစားဝိုင်အိုးတစ်ချို့ ပို့ပေးမည်ဟု ပြောသည်။ ကျောက်ယော်မှာ ရှက်လွန်းလှသဖြင့် ပြေးပုန်းချင်လောက်အောင် ဖြစ်သွားသည်။ သို့သော် ဆုန်ကျိရှင်း၏ ထူးဆန်းသည့် စိတ်နေစရိုက်ကို ဆိုင်ရှင် သိထားပြီးဖြစ်၍ စိတ်မဆိုးပါချေ။ သူတို့သုံးယောက်ကို အပေါ်ထပ် ပြတင်းပေါက်ဘေးမှ တိတ်ဆိတ်ခမ်းနားသည့် စားပွဲတစ်ခုသို့ ကိုယ်တိုင်ခေါ်သွားပေးသည်။
ဆုန်ကျိရှင်းနှင့် ကျောက်ယော်တို့ စကားသိပ်မပြောကြ။ ကျောက်ယော်ကိုလည်း များများသောက်ရန် ဆုန်ကျိရှင်း အတင်းမတိုက်တွန်းပေ။ စိတ်ပျက်လက်ပျက်ဖြစ်နေသည့် ကျောက်ယော်မှာ ထိုအဖြစ်ကြောင့် နည်းနည်းထူးဆန်းနေသလို ခံစားရသည်။
ဒုတိယထပ်ပြတင်းပေါက်မှ အပြင်သို့လှမ်းကြည့်လျှင် ဥမင်လမ်းပေါင်းမိုးနံရံပေါ်မှ “ကိုယ့်အလုပ်ကိုယ်လုပ်နေ” ဟူသည့် စာတန်းကို မြင်နေရသည်။
“ဆရာချီက မင်းနဲ့အတူ တကယ်ထွက်သွားမသွားဘူးပေါ့”
ဆုန်ကျိရှင်း မေးလိုက်သည်။
ကျောက်ယော် ခေါင်းငြိမ့်သည်။
“ဆရာချီက ရုတ်တရက် အစီအစဉ်ပြောင်းလိုက်တယ်။ ကျောင်းမှာ ဆက်နေပြီး “ကျင့်ဝတ်ကိုနားလည်ခြင်းဆိုတဲ့” ဒုတိယပိုင်းနောက်ဆုံးသင်ခန်းစာကို ပြီးအောင်သင်ဦးမယ်လို့ ပြောတယ်”
ဆုန်ကျိရှင်း သက်ပြင်းချသည်။
“ဒါဆို ဆရာချီက မဟာစည်းမျဉ်းတစ်ခု ငါတို့ကို သင်ဦးမှာပေါ့။ သူက ကွန်ဖြူးရှပ်ဝါဒီသူတော်စင်တွေရဲ့ မြင့်မြတ်ပုံကိုပြောပြီး ကမ္ဘာဦးကတည်းကရှိနေတဲ့ စည်းမျဉ်းကျင့်ဝတ်တွေအကြောင်း ငါတို့ကို သင်ဦးမှာပဲ။ အဲဒီတုန်းက သူတော်စင်တွေပေါ်လာပြီး စာရိတ္တပိုင်းကျင့်ဝတ်ပိုင်းတွေ အများကြီးပို့ချခဲ့ကြတာ။ အဲဒီ့တုန်းက အုပ်ချုပ်တဲ့ဘုရင်တွေတောင် ဒီကျင့်ဝတ်စဉ်းမျဉ်းတွေကို အလေးအမြတ်ထားခဲ့ကြရတဘ်။ ဒါတွေကို ဆန့်ကျင်တဲ့လူကို အပြစ်ပေးရမယ်လို့ ယုံကြည်ကြတယ်။ ဒါကြောင့်လည်း ဒီလိုကျင့်ဝတ်တွေ ဖန်တီးခဲ့ကြတာပါ။ ကျင့်ဝတ်ဆိုတာ ပထမ၊ ဥပဒေဆိုတာ ဒုတိယလို့တောင် ပြောကြတယ်”
ကျောက်ယော် နည်းနည်းမူးနေပြီဖြစ်သည်။ အာလေးလျှာလေးသံဖြင့်
“ဆရာချီဆုံးဖြတ်ချက်ကို မင်းသဘောတူလား။ ဘာလို့ ကျင့်ဝတ်သင်ခန်းစာကို သူက ဆက်သင်ဖို့ ဆုံးဖြတ်ခဲ့တာလဲ”
ဆုန်ကျိရှင်းက သူ့အမေးကို ပြန်မဖြေပေ။
“ငါတို့ ဒီမြို့မှာ ဆက်နေရင် တောင်တန်းဝိညာည်တွေ၊ မြစ်နတ်ဘုရားတွေ၊ မသမျိုးတွေ၊ မကောင်းဆိုးဝါးတွေဆိုတာ ငါတို့ယုံကြည်မှပဲ တည်ရှိနိုင်တယ်။ ငါတို့မယုံကြည်တော့ရင် သူတို့လည်း ပျောက်သွားလိမ့်မယ်။ ဆရာချီဘယ်လိုသင်တယ် သူ့ကျောင်းသားတွေ ဘယ်လိုသင်ယူတယ်ဆိုတာက လူတစ်ယောက်ချင်းစီရဲ့ ကံတရားနဲ့ပဲ သက်ဆိုင်တယ်”
ကျီကွေ့လည်း တစ်ခွက်သောက်ထားပြီးဖြစ်သည်။ သူ့မျက်နှာ ရီဝေဝေဖြစ်နေသည်မှာ ချစ်စရာကောင်းလှသည်။ သို့သော် ခပ်လှမ်းလှမ်းတွင် ရှိနေသည့် ဥမင်လမ်းဆီသို့ လုံးဝလှည့်မကြည့်ပေ။
ဥမင်လမ်း၏ ကျောက်တိုင်ဆယ့်နှစ်လုံးကို ထူးဆန်းသည့်သားရဲပုံအမျိုးမျိုးဖြင့် တန်ဆာဆင်ထားသည်။ ကျောက်တိုင်ကိုးခုမှာ နဂါးမျိုးနွယ်ပုံများဖြစ်သည်။ ကျန်သည့်သုံးခုမှာ ကျားဖြူ၊ လိပ်နက်၊ ဖီးနစ်ငှက်များ ဖြစ်သည်။
သို့သော် မျိုးရိုးစဉ်ဆက်နေလာသည့် မြို့ခံလူများက ထိုရုပ်ပုံများဖြင့် ရင်းနှီးနေပြီးဖြစ်သည်။
ကျောက်ယော် လေတစ်ချက်ပျို့ကာ ယိုင်တိယိုင်ထိုး ထရပ်လျက်
“ငါတို့ ခွဲခွာပြီးရင် တစ်နေ့နေ့တော့ ပြန်ဆုံကြမယ်လို့ မျှော်လင့်ပါတယ်”
ဆုန်ကျိရှင်း ခဏစဉ်းစားလျက် ထရပ်ကာ ပြုံးပြလိုက်သည်။
“ငါတို့ ပြန်တွေ့ကြမှာပါ။ ကျောက်ယော်၊ မင်းမှာ ရင်းနှီးတဲ့သူငယ်ချင်း တစ်ယောက်မှ မရှိတော့မှာကို စိတ်မပူပါနဲ့ကွာ”
ကျောက်ယော် မြင်ကွင်းများ ဝေဝါးနေသည်။ လျာတစ်ချက်ကိုက်ကာ အရိုးခံစိတ်ဖြင့် ပြောလိုက်သည်။
“ဆုန်ကျိရှင်း၊ မင်းလည်း မြန်မြန်ထွက်သွားသင့်ပြီ။ မင်းအရည်အချင်းကို အားလုံးသိပါတယ်။ မင်းအောင်မြင်လာမှာ သေချာတယ်”
ဆုန်ကျိရှင်းက သူ့စကားကို သိပ်အရေးစိုက်ဟန်မရှိ။ လက်တစ်ဘက်ဝှေ့ယမ်းလျက်
“သွားစို့၊ သွားကြစို့။ မင်းမူးနေပြီ။ မင်းစကားတွေက ပုံမှန်မဟုတ်တော့ဘူး။ ဆက်နေရင် ငါတို့သိက္ခာကျစရာ ဖြစ်လိမ့်မယ်”
သူတို့နှစ်ယောက် ဆိုင်မှထွက်သည်နှင့် တစ်လမ်းစီခွဲသွားကြသည်။ လမ်းမခွဲမီတွင် အမူးရှိန်တက်လာပုံရသည့် ကျောက်ယော်က မေးလိုက်သည်။
“ဆုန်ကျိရှင်း ကြွေလုပ်ငန်းအရာရှိရဲ့ ရုံးထိုင်အိမ်တော်ကို အလည်သွားကြမလား။ တံခါးစောင့်ကို ငါဖျောင်းဖျလို့ရ–“
“ထွက်သွားတော့”
ဆုန်ကျိရှင်းက မျက်နှာတင်းတင်းဖြင့် အော်လိုက်သည်။
ကျောက်ယော် ပါးစပ်ပိတ်၍ ထွက်သွားသည်။
သူပျောက်ကွယ်သွားပြီးနောက် ကျီကွေ့က လေသံတိုးတိုးဖြင့်
“သခင်လေး၊ သူက စိတ်ရင်းနဲ့အကြံပြုရုံပါပဲ”
ဆုန်ကျိရှင်းက အေးစက်စက်ရယ်မောလျက်
“စိတ်ကောင်းစေတနာကနေ မကောင်းတဲ့လုပ်ရပ်၊ မကောင်းတဲ့ကံကြမ္မာမျိုး ဦးတည်သွားဖို့ဆိုတာ ခက်ခဲလို့လား”
ကျီကွေ့ ခေါင်းငြိမ့်လိုက်သည်။ ထိုအဖြစ်မျိုး တကယ်ရှိနိုင်ပါသည်။ ထို့ကြောင့် ဆုန်ကျိရှင်းကို ထပ်မဖျောင်းဖျတော့ပေ။
ကျောက်ယော်သည် မြို့မြောက်ပိုင်း ကံကြမ္မာလမ်းတွင် နေထိုင်သူဖြစ်သည်။ ကြွေပန်းအိုးလမ်းသည် မြို့အနောက်ပိုင်း လူဆင်းရဲလမ်းများနှင့်အတူ တည်ရှိသည်။ ဆုန်ကျိရှင်းနှင့် ကျီကွေ့တို့ ဥမင်လမ်းကို ဖြတ်လျှောက်လာကြသည်။ ကျိကွေ့က “အတုမဲ့ကိုယ်ရောင်စွမ်းအင်” ဟူသည် ပေါင်းမိုးပြားကို တစ်ချက်မော့ကြည့်သည်။ ထိုပေါင်းမိုးနံရံပြားသည် သေခါနီးအဘိုးအိုတစ်ယောက်လို ဖြစ်နေသည်။
ဝမ်ကျူးဟုခေါ်သည့် ကျီကွေ့မျက်နှာတွင် လျှို့ဝှက်သည့်အပြုံးတစ်ခု ပေါ်လာလေသည်။
———-
ကံကြမ္မာလမ်းမှအိမ်သို့ ပြန်ရောက်လာချိန်တွင် သူ့အဘွားဖြစ်သူ စာကြည့်ခန်းတွင် စောင့်နေကြောင်း၊ ချက်ချင်းသွားဖို့လိုကြောင်း အိမ်စေတစ်ယောက်က ကျောက်ယော်ကိုပြောသည်။ အရှိန်မပြေသေးသည့် ကျောက်ယော် ရုတ်တရက် ခေါင်းကိုက်လာသကဲ့သို့ ခံစားလိုက်ရသည်။ သို့သော် သတ္တိကိုမွေးလျက် စာကြည့်ခန်းသို့ အမြန်သွားလိုက်သည်။
ကျောက်မျိုးနွယ်သည် ဤမြို့လေးတွင် အများလေးစားရသည့် မိသားစုဖြစ်ရုံသာမက သူတို့ချမ်းသာကြွယ်ဝမှုကိုလည်း ထုတ်ပြောတတ်ကြသည်မဟုတ်။ ဂုဏ်ပကာသဏအားကိုးဖြင့် ပညာတတ်မျိုးနွယ်လို ကြွားဝါနေထိုင်ကြသည့် လုမျိုးနွယ်နှင့်မတူပေ။ ကျောက်မျိုးနွယ်၏ အိမ်ယာအဆောက်အဦးများသည်ပင် ရှေးဆန်၍ သပ်ရပ်ခံ့ညားသည်။
တောင်ဝှေးတစ်ချောင်းကိုင်ထားသည့် အဘွားအိုတစ်ယောက် စာကြည့်စားပွဲဘေးတွင်ရပ်လျက် စားပွဲခုံပေါ် လက်ဖြင့်ခေါက်နေသည်။ သူ့မျက်နှာတွင် ဇရာအရိပ်များ ထင်ရှားစွာပေါ်နေသည်။ ဝမ်းနည်းမှု လွမ်းဆွတ်မှုအရိပ်များ ပေါ်လွင်နေသည်။
ကျောက်ယော် အားတင်း၍ပြုံးကာ အခန်းထဲသို့ဝင်လာသည်။ အဘွားအိုကို ရိုရိုသေသေဦးညွှတ်နှုတ်ဆက်နေသည်။ သို့သော် အဘွားအိုက စိတ်ရှည်ဟန်မတူ
“ဒါ စာအုပ်တွေဖတ်လွန်းလို့ ဖြစ်လာတဲ့ဆိုးကျိုးပဲ။ စည်းမျဉ်းတွေ ကျင့်ဝတ်တွေအများကြိး လိုက်နာရတယ်။ ဒါကြောင့်လည်း မင်းတို့လို စာပေပညာရှင်တွေဟာ ဆက်ဆံရခက်ပြီး စိတ်ပျက်စရာကောင်းနေတာ။ မင်းအဘိုးကိုပဲ ဥပမာကြည့်တော့။ အရာအားလုံးကို သူထူးချွန်တယ်။ ဒါပေမယ့် သူငါ့ကိုစကားပြောတဲ့အချိန်တိုင်း တော်ဝင်စဉ်းမျဉ်းတွေ ကျင့်ဝတ်တွေအကြောင်းက ပါပါလာတယ်လေ။ ငါသူ့ကို ရိုက်ချင်လာအောင် သက်သက်ဆွနေသလိုပဲ။ ဒါပေမယ် သူနဲ့စကားများတိုင်း ငါမနိုင်ခဲ့ပါဘူး။ သူ့ကို ဒီကြိမ်လုံးနဲ့ တကယ်ရိုက်ပစ်ချင်ခဲ့တာ”
အဘွားအို သူ့စကားနဲ့သူ သဘောကျသွားဟန်ဖြင့် တဟားဟားအော်ရယ်နေသည်။

“အဲ ငါမေ့တော့မလို့။ အဲဒီတုန်းကလည်း ကြိမ်လုံးမလိုပါဘူးလေ”
ထို့နောက် ကျောက်ယော်ကို ပြုံးကြည့်၍ မေးလိုက်သည်။
“ဘာလဲ၊ ကျေးဇူးကန်းတဲ့ ဟိုဆုန်ကျိရှင်းနဲ့ အတူသောက်လာတာလား”
ကျောက်ယော် နည်းနည်းစိတ်ပျက်သွားဟန်ဖြင့် ပြန်ပြောသည်။
“အဘွာ၊ ကျွန်တော် ဘယ်နှစ်ခါ ပြောရဦးမှာလဲ။ ဆုန်ကျိရှင်းဟာ အတော်ဉာဏ်ထက်တဲ့လူပါ။ စည်းမျဉ်းသစ်တွေ လေ့လာတဲ့နေရာမှာ သူများထက်အမြဲတမ်း ပိုမြန်တယ်”
အဘွားအိုက မဲ့ပြုံးပြုံးလျက်
“သူက တကယ်ဉာဏ်ထက်ပါတယ်။ ဒါပေမယ့် မင်းအဖိုး သက်ရှိထင်ရှားရှိတုန်းက သုံးနှစ်သားအရွယ်ပဲရှိသေးတဲ့ ဒီကောင်လေးရဲ့နောင်ရေးကို ကြိုမြင်ခဲ့တယ်။ မင်းအဘိုးဘာပြောခဲ့လဲသိလား”
“မသိပါဘူး”
ကျောက်ယော် ပြန်ဖြေလိုက်သည်။
အဘွားအိုက သူ့အဖြေကို အရေးမစိုက်ဘဲ ဆက်ပြောသည်။
“မင်းအဘိုးက ပြောခဲ့တယ။ သူဟာ အရွယ်နဲ့မမျှအောင် ဉာဏ်ထက်ပြီး တွက်တတ်ချက်တတ်တယ်။ ဒါပေမယ့် မျိုးရိုးသိက္ခာကျအောင် လုပ်နိုင်တာလည်း သူ့လိုကလေးမျိုးပဲတဲ့”
ထို့နောက် ကျောက်ယော်ကို လက်ညှိုးထိုးလျက်
“မင်းအဘိုးက ပြောသေးတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ နူးညံ့လိမ္မာ ယဉ်ကျေးနေတဲ့လူဟာ လူကြီးသူမတွေက ကောင်းကောင်းပြုစုပျိုးထောင်ထားတဲ့ လက္ခဏာပဲတဲ့။ ဒီလိုလူမျိုးဆိုတာ သူ့မြေးအပြင် တစ်ခြားတစ်ယောက်မရှိဘူးတဲ့လေ”
အဘွားအိုကပြုံး၍ ဆက်ပြောသည်။
“ဒီအဘိုးကြီးက တစ်သက်လုံး ဇီဇာကြောင်ခဲ့တာ။ ဒါပေမယ့် နားဝင်ချိုတဲ့ စကားတစ်ခွန်းတော့ ပြေားသွားသေးသားပဲ”
ကျောက်ယော် နည်းနည်း နားရှုပ်သွားသဖြင့် မေးရန်ပြင်လိုက်သည်။ သို့သော် အဘွားဖြစ်သူ၏ ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်သံကို ကြားရသည်။
“ငါအခု အိုနေပြီ”
ကျောက်ယော် ပြောလိုသည့်စကားများကို မျိုသိပ်လျက် မျက်နှာကိုပြုံးက အဘွားအိုထံလျှောက်သွားပြီး လက်ကိုဆုပ်ကိုင်လိုက်သည်။
“အဘွားက တောင်ပိုင်းက တောင်တန်းကြီးတွေလောက် အသက်ရှည်ဦးမှာပါ။ အခုမှ အသက်ငယ်ငယ်လေးရှိပါသေးတယ်”
အဘွားအိုက အရေတွန့်နေသည့်လက်ဖြင့် သူ့မြေးကျောပြင်ကိုပုတ်လျက်
“စည်းမျဉ်းကျင့်ဝတ်တွေလောက်ပဲသိတဲ့ မင်းအဘိုးထက် မင်းကပိုတော်သားပဲ။ နားဝင်ချိုအောင် စကားကို ဘယ်လိုပြောရမယ်ဆိုတာ နားလည်တယ်”
ကျောက်ယော်က ပြုံးလျက်
“အဘိုးက တကယ်အသိဗဟုသုတများတဲ့လူပါ။ ဆရာချီကတောင် ပြောတယ်။ အဘိုးဟာ တကယ်တော်တဲ့ပညာရှင်တဲ့။ မျှတမှုဆိုတာကို နက်နက်ရှိုင်းရှိုင်းနားလည်တဲ့လူတဲ့”
အဘွားအို မျက်နှာတွင် ဂုဏ်ယူနေသည့်အရိပ်များ ပေါ်လာသည်။ သူ့စိတ်ခံစားချက်အမှန် ပေါ်ထွက်လာသည်။ သို့သော် မျက်နှာကို တမင်တကာ တင်းမာဟန်ပြုလျက်
“အေးပေါ့။ သူ့လိုလူမျိုး တစ်ခြားဘယ်သူရှိတော့မှာလဲ”
ကျောက်ယော် နှုတ်ခမ်းကိုတင်းတင်းစေ့လျက် ပြုံးရယ်ချင်စိတ်ကို ထိန်းချုပ်လိုက်သည်။
အဘွားအိုက ကျောက်ယော်ကို စာကြည့်စားပွဲနောက်မှ ထိုင်ခံဆီခေါ်သွားသည်။ စားပွဲပေါ်တွင် သစ်သားနဂါးရုပ်တစ်ခု ရှိနေသည်။ ထုလုပ်ထားပုံက အသက်ဝင်လှသည်။ ကျောက်ယော် အနီးကပ်ကြည့်မိသည်။ ဘာကြောင့်မှန်းတော့မသိ။ ထိုနဂါး၏မျက်လုံးများတွင် မျက်ဆံမပါပေ။
အဘွားအိုက စာပန်းချီစုတ်တံတစ်ချောင်းကို ကောက်ကိုင်လျက် မင်အိုးထဲသို့ နှစ်လိုက်သည်။ ကန္တာရပင်အို၏ သစ်ကိုင်းမှ ပြုလုပ်ထားသည့် စုတ်တံအသစ်ဖြစ်သည်။ အဘွားအိုက တုန်ရင်နေသည့်လက်နှစ်ဘက်ဖြင့် စုတ်တိုင်ကိုကိုင်လျက် အကြီးဆုံးမြေးဖြစ်သည့် ကျောက်ယော်ထံ လှမ်းပေးသည်။
ကျောက်ယော်က စုတ်တံကိုယူလိုက်သည်။ ရုတ်တရက် သူ့ပုခုံးပေါ်သို့ ဖိအားတစ်ခုကျလာသည်ကို ခံစားလိုက်ရသည်။ အဘွားအိုက သူ့ပုခုံးကိုနှိပ်၍ ထိုင်ခုံတွင် ထိုင်ခိုင်းလိုက်ခြင်းဖြစ်သည်။ ကျောက်ယော် ဘာမှမပြောဘဲ ကျောက်မျိုးနွယ်ခေါင်းဆောင်သာထိုင်ရသည့် ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။
အဘွားအိုက နောက်တစ်လှမ်းဆုပ်လျက် တည်ကြည်လေးနက်သည့် လေသံဖြင့်
“ကျောက်ယော်၊ မင်းထိုင်ခုံကို လက်ခံပါ။ ဒီနေ့ မင်းဟာ ကျောက်မျိုးနွယ်ဘိုးဘေးတွေအတွက် အပြီးသပ်စုတ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ တာဝန်ယူရမယ်”
———–
ပုံပျက်ပန်းပျက် ကျိုးပျက်နေသည့် ကြွေနတ်ရုပ်တစ်ခု လမ်းဘေးမြေပေါ်မှ ပေါင်းပင်များကြားတွင် ရှိနေသည်။ မည်သူမှ ဂရုမစိုက်ကြ။
နှစ်ထောင်သောင်းချီ၍ ကြာခဲ့ပြီဖြစ်သည်။ နောက်ထပ် ကြွေရုပ်ထုများလည်း ဤနေရာသို့ စွန့်ပစ်ခံရသည်။ မြို့ခံလူများသည် တစ်ခြားအရာများကို သိပ်အရေးမစိုက်ကြသကဲ့သို့ ဤနတ်ရုပ်အကျိုးအပျက်များကိုလည်း လေးစားမြတ်နိုးခြင်းမရှိခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။
မြို့နေသက်ကြီးပိုင်းများက သူတို့ကလေးများကို ထိုနေရာသို့ သွားမဆော့ကြရန် တစ်ခါတစ်လေ ပြောလေ့ရှိသည်။ သို့‌သော် ကလေးများက ထိုနေရာတွင် တူတူပုန်းတမ်းကစားရရင်း ပုရစ်ဖမ်းရသည်ကို နှစ်သက်ကြသည်။ ထိုကလေးများ ကြီးပြင်းလာပြီး သူတို့ကိုယ်တိုင် အဘိုးအဘွားအရွယ်သို့ရောက်လာသည် သူတို့လည်း သူတို့မြေးမြစ်များကို ထိုနေရာသို့ သွားမကစားရန် သတိပေးကြပြန်သည်။ မျိုးရိုးအဆကဆက် ထိုသို့ပင် ဖြစ်ခဲ့သည်။ သို့သော် ယခုချိန်ထိ တစ်စုံတစ်ရာ မဖြစ်ခဲ့ဖူးပေ။
ထိုနေရာကို လှမ်းကြည့်လျင် ထီးထီးမားမားထိုးထွက်နေသည့် ဦးခေါင်းများ၊ အက်ကွဲနေသည့် ခန္ဓာကိုယ်များ၊ ခြေပြတ်လက်ပြတ်များကို တွေ့ရမည်ဖြစ်သည်။ တစ်စုံတစ်ယောက်က ထိုနတ်ရုပ်များပုံမပျက်စေရန် အတင်းကြိုးစား၍ ပြုပြင်တွယ်ဆက်ထားသယောင်ရှိသည်။ ဤအနေအထားသည် သူတို့၏ နောက်ဆုံးထည်ဝါမှုလက်ကျန်လေး ဖြစ်နေသယောင်ပင်။
မြက်ဖိနပ်စီးထားသည့် လူငယ်တစ်ယောက် ကြွေပန်းအိုးလမ်းဆီမှ ပြေးထွက်လာသည်။ လက်ထဲတွင် ဒါနကြေးပြားသုံးခုကို တင်းကြပ်စွာဆုပ်ကိုင်ထားသည်။ ပျက်စီးနေသည့်နတ်ရုပ်များရှိရာသို့ ရောက်လာပြီးနောက် ကိုယ်တစ်ပတ်လှည့်လျက် ပတ်ဝန်းကျင်ကို မျက်စိကစားနေသည်။ အသံတိုးတိုးဖြင့် တစ်စုံတစ်ရာကို ရွတ်ဆိုနေသည်။ ဤနေရာကို သူအတော်ကျွမ်းကျင်နေပုံရသည်။ သူရှာနေသည့်နတ်ရုပ်ကို အလွယ်တကူပင်တွေ့သွားသည်။ ဆောင့်ကြောင့်ထိုင်လျက် အနီးအနားတွင် လူရှိမရှိကြည့်သည်။ ထို့နောက်တွင် ကြေးပြားတစ်ပြားကို နတ်ရုပ်ထု၏အက်ကွဲကြောင်းထဲသို့ အသာထည့်လိုက်သည်။
ထို့နောက် မတ်တပ်ပြန်ရပ်လျက် ဒုတိယနတ်ရုပ်နှင့် တတိယနတ်ရုပ်တို့ကို ရှာဖွေ၍ ထိုနည်းအတိုင်းပင် ထပ်လုပ်သည်။
သူပြန်ထွက်မသွားမီ စိမ်းစိုနေသည့် မြက်တောထဲတွင်ရပ်လျက် လက်အုပ်ချီခေါင်းငုံ့လျက် ခပ်တိုးတိုး ဆုတောင်းလိုက်သည်။
“သင်တို့လည်း နှစ်တိုင်းငြိမ်းချမ်းပါစေ။ ကျုပ်မိဘတွေကို တမလွန်မှာ ဒုက္ခကင်းဝေးကောင် ကာကွယ်စောင့်ရှောက်နိုင်ကြပါစေ။
ဖြစ်နိုင်ရင် ကျုပ်ဘဝ အခုအတော်အဆင်ပြေတယ်ဆိုတာ၊ ကျုပ်အတွက်စိတ်ပူဖို့မလိုဘူးဆိုတာ ကျုပ်မိဘတွေကို ပြောပေးပါ။”
*******************************

Comment

Leave a Reply

Options

not work with dark mode
Reset