အခန်း (၁၃၅)

ရှန်ထျန်းသိုင်းပညာရှင်အဆင့်သို့ တက်ရောက်ခြင်း

အခန်း (၁၃၅) ရှန်ထျန်းသိုင်းပညာရှင်အဆင့်သို့ တက်ရောက်ခြင်း

ယခင်က ‘ဟန်လုန်အာ’ ၊ ယခု ‘ယင်လုန်ထူ’ သည် ယခုတော့ သူတို့အပိုင် ဖြစ်သွားလေပြီ။

ကျောက်မင်နှင့် ကျင်းယွင်ကျီတို့က သူ့ကို လျှို့ဝှက်စွာခေါ်ဆောင်သွားပြီး တိမ်လွှာတောင်မှ တိတ်တဆိတ် ထွက်ခွာသွားကြသည်။ သူတို့က မြောက်ကောင်းကင်ဒေသကို ဖြတ်ကျော်ကာ ဝါဒတောင်သို့ရောက်သည်အထိ ကလေးငယ်ကို စောင့်ရှောက်ခဲ့ကြသည်။

အစောပိုင်းက ပြဿနာရှာခဲ့သည့် သံမဏိယွမ်ဂိုဏ်းကို ရန်ကျောက်ကဲမျက်နှာထောက်ပြီး အဆုံးမဲ့တောင်တန်းက ချေမှုန်းပစ်ခဲ့သည်။

ယင်လုန်ထူသည် သာမန်ထက်ထူးခြားသူဖြစ်ကြောင်း အဆုံးမဲ့တောင်တန်းက ရိပ်မိခဲ့သော်လည်း ထိုကိစ္စကို ဆက်လက်စုံစမ်းရန် စွန့်လွှတ်လိုက်သည်။

ကလေးငယ်တစ်ယောက်က သံမဏိယွမ်ဂိုဏ်းသားတစ်ယောက်ကို ဒဏ်ရာရအောင်ပြုလုပ်သည်မှာ မူမမှန်ကြောင်း သိရှိကြသော်လည်း အခြားအချက်အလက်များကို မစုံစမ်းနိုင်ကြပေ။ ထိုကိစ္စနှင့်ပတ်သက်ပြီး တိတိပပလည်း မဆုံးဖြတ်နိုင်ကြလေရာ မလိုလားအပ်သည့်ပြဿနာများ ဖြစ်လာမည်ကို စိုးရိမ်ကြသည်။

ယင်လုန်ထူကို ဝါဒတောင်သို့ တိတ်တဆိတ်ပို့ပေးလိုက်ပြီးနောက် ရန်ကျောက်ကဲက ယင်ယန်တိမ်တိုက်စမ်းချောင်းဘက်သို့ အာရုံစိုက်လာခဲ့သည်။ ထိုဝိညာဉ်စမ်းချောင်းလေးက တိမ်လွှာတောင်သို့သွားရာလမ်းပေါ်တွင် တည်ရှိ၏။

ဖန်းယွင်ရှန်း၏ ထူးကဲယင်ခန္ဓာ ပြန်လည်ကောင်းမွန်ရန်အတွက် ယင်ယန်တိမ်တိုက်စမ်းချောင်းသို့ လာရောက်ရသည့်အကြောင်းကိုတော့ ဝါဒတောင်က တင်းတင်းကျပ်ကျပ် လျှို့ဝှက်ထားခဲ့သည်။

အဆုံးမဲ့တောင်တန်းတွင်လည်း ထူးကဲယင်မိန်းမပျိုတစ်ယောက် ရှိလေရာ သူတို့သာ ဤအကြောင်းကို သိရှိသွားမည်ဆိုပါက သူတို့စိတ်ထဲ မည်သို့တွေးထင်မည်ကို မသိနိုင်ပေ။

ထို့ကြောင့် ဖူအန်းစုက ယင်ယန်စမ်းချောင်းကို အသုံးပြုရန် အဆုံးမဲ့တောင်တန်းမှ အကြီးအကဲများကို ခွင့်တောင်းရာတွင် “တပည့်ငယ်များ စမ်းချောင်းထဲတွင်ကျင့်ကြံရန်” ဟုသာအကြောင်းပြခဲ့သည်။ ရန်ကျောက်ကဲနှင့် စစ်ခုန်ချင်းတို့ကလည်း ဖန်းယွင်ရှန်းအကြောင်းကို ကူညီဖုံးကွယ်ပေးရန် စမ်းချောင်းထဲတွင် အတူတကွ ကျင့်ကြံခဲ့ကြသည်။

ဖူအန်းစုက ဒေါသကြီးပြီး စိတ်ဖြောင့်သူဖြစ်သော်လည်း ငတုံးတစ်ယောက် မဟုတ်ပေ။ သူမ စစ်ခုန်ချင်းကို တိမ်လွှာတောင်သို့ ခေါ်ဆောင်လာခြင်းက သိုင်းပညာသင်ပေးရန်အပြင် ဖန်းယွင်ရှန်းအကြောင်းကိုလည်း ကူညီဖုံးကွယ်ပေးရန်အတွက် ထည့်သွင်းစဉ်းစားခဲ့သည်။

သို့သော် ရန်ကျောက်ကဲ ‌ပြောသည့်အတိုင်း ယင်ယန်တိမ်တိုက်စမ်းချောင်းက ဖန်းယွင်ရှန်းအတွက် အကျိုးရှိမည်လားဆိုသည်ကိုတော့ ဖူအန်းစု ခန်းမှန်းနိုင်ခြင်း မရှိပေ။

ယင်ယန်တိမ်တိုက်စမ်းချောင်းတွင် စမ်းချောင်းအခွဲငယ်လေးများ များစွာခွဲဖြာစီးဆင်းနေသည်။ ထိုစမ်းချောင်းငယ်လေးများက သီးခြားလွတ်လပ်စွာ စီးဆင်းနေခြင်းဖြစ်သလို ချိတ်ဆက်မှုလည်း ရှိကြသည်။ ထို့ကြောင့် ရန်ကျောက်ကဲ ၊ ဖန်းယွင်ရှန်းနှင့် စစ်ခုန်ချင်းတို့က စမ်းချောင်းငယ်တစ်ခုစီကို သိမ်းပိုက်ကာ တစ်ယောက်နှင့်တစ်ယောက် ပတ်သက်ဆက်နွယ်မှုမရှိဘဲ ကျင့်ကြံနိုင်ကြသည်။

စိမ့်စမ်းရေထဲတွင် တစ်ကိုယ်လုံးနစ်မြုပ်နေသည့် ရန်ကျောက်ကဲက အသက်ရှူသံများကို ထိန်းချုပ်ကာ တိတ်တဆိတ် ရှူသွင်း ရှူထုတ် ပြုလုပ်နေသည်။

သူ၏ စွမ်းအင်ဗဟိုချက်ချီပင်လယ်ထဲတွင် ကြည်လင်ရှင်းလင်းသည့် ချီစွမ်းအားအစုအဝေးက အဆက်မပြတ် တောက်လောင်စီးဆင်းနေသည်။ ထိုချီစွမ်းအားများ ပျံ့ကျဲသွားသည်နှင့် အတွင်းထဲမှ ပရမ်းပတာချီစွမ်းအားအစုအဝေး ထွက်ပေါ်လာသည်။

ရန်ကျောက်ကဲ၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးကြောဆုံချက်များအားလုံး ခုန်လှုပ်နေပြီး ရေခဲဖြူရောင်စွမ်းအားများနှင့် နေရောင်ကဲ့သို့တောက်လောင်နေသည့်စွမ်းအားများက များပြားလှစွာသော အဖြူရောင်နှင့် အနီရောင် နဂါးများအဖြစ် ပြောင်းလဲသွားပြီး သူ၏သွေးကြောများထဲတွင် လှည့်ပတ်သွားလာနေသည်။

နဂါးသဏ္ဌန် ရေခဲနှင့်မီးတောက်စွမ်းအားများသည် ပရမ်းပတာချီစွမ်းအား အစုအဝေးထဲသို့ အတူတကွ စုရုံးသွားကြသည်။

ရန်ကျောက်ကဲ အသက်ရှူလိုက်တိုင်း ပရမ်းပတာချီစွမ်းအားအစုအဝေးတစ်ခုလုံး ဖောင်းပွကျယ်ပြန့်လာပြီးနောက် ခဏအကြာတွင် ထိုသို့သောပြောင်းလဲမှုမျိုး တစ်ခါမှ မဖြစ်ခဲ့သည့်အလား မူလပုံစံ ပြန်ဖြစ်သွားသည်။

သို့သော် ထိုချီစွမ်းအားအတွင်းမှ အဆုံးမရှိ ၊ အကန့်အသတ်မရှိသည့် သက်ရှိသတ္တဝါထောင်ပေါင်းများစွာကို ချုပ်ကိုင်ချေမှုန်းနိုင်သည့် စွမ်းအားတစ်ခု ထင်ထင်ရှားရှား ထွက်ပေါ်လာသည်။

ပရမ်းပတာချီစွမ်းအားအစုအဝေးထဲတွင် မီးမျိုးစေ့တစ်ခု တည်ရှိနေသည်။ ထိုအရာက အနီရောင်အလင်းတန်းများ ထွက်ပေါ်နေပြီး အမှောင်ထဲတွင်တောက်ပနေသည့် မီးတောက်တစ်ခုအလား ဖြစ်သည်။ ထိုမီးတောက်က အခြားမဟုတ်ပေ။ ရန်ကျောက်ကဲ ကောင်းကင်မီးတောက်ကျမ်းစာမှ ရရှိခဲ့သည့် မီးမျိုးစေ့ပင် ဖြစ်သည်။

ရန်ကျောက်ကဲ၏ အသက်ရှူသံနှင့်အတူ ဤမီးမျိုးစေ့သည်လည်း တဖြည်းဖြည်း ပြောင်းလဲလာသည်။

တောက်လောင်နေသည့်မီးတောက်က တဖြည်းဖြည်းမှိန်ဖျော့သွားပြီး အဆက်မပြတ် စတင်အေးခဲလာတော့၏။

အချိန်အတန်ကြာ ကျင့်ကြံနေပြီးနောက် မီးမျိုးစေ့က ပျော်ကွယ်သွားပြီး သေငယ်သည့် ရေခဲပုံဆောင်ခဲတစ်ခုက တုန်လှုပ်ချောက်ချားစရာကောင်းစွာ ထွက်ပေါ်လာသည်။

၎င်း ရေခဲပုံဆောင်ခဲက အလွန်သေးငယ်သည့်တိုင် ကြမ်းတမ်းသည့်ဆောင်ရာသီ၏ အေးစိမ့်မှုများပါဝင်နေပြီး လူသူကင်းမဲ့သည့် လွင်ထီးခေါင်အရပ်မှ ကမ္ဘာအဆုံးထိ ဖြတ်သန်းလာသကဲ့သို့ ထင်မှတ်ရသည်။

လွန်ကဲသော ဆောင်းရာသီအအေးဒဏ်ကြောင့် သက်ရှိများ၏ ရှင်သန်ခြင်းအရိပ်အယောင်ကို မတွေ့ရဘဲ အရာအားလုံး ပျက်စီးခြင်းဆီသို့ ဦးတည်သည်။

ထို့နောက် ပရမ်းပတာချီစွမ်းအားအစုအဝေးအတွင်းမှ ရေခဲပုံဆောင်ခဲသည် အပူချိန်များ အဆက်မပြတ် မြင့်တက်လာပြန်သည်။ ပြင်းထန်လှသော ဆောင်းရာသီအေးစိမ့်မှု မှေးမှိန်သွားကာ ‌‌နွေးထွေးမှုက တစ်ဖန်ပြန်လည် ဖြစ်တည်လာသည်။

နောက်ဆုံးတွင် နေတစ်စင်းထက်ပင် ပိုမိုပူပြင်းတောက်လောင်သည့် မီးတောက်စွမ်းအားထွက်ပေါ်လာပြီး ရေခဲပုံဆောင်ခဲ မှေးမှိန်သွားကာ မီးမျိုးစေ့က နောက်တစ်ကြိမ် ပြန်လညဖြစ်တည်လာသည်။

ရန်ကျောက်ကဲ မျက်လုံးများကို မှိတ်ထားစဉ် ထိုသို့ အထပ်ထပ်အခါခါ ပူလိုက် အေးလိုက် ပြောင်းလဲမှုသံသရာ လည်ပတ်နေကာ အလင်းတန်းများက ပထမအကြိမ်ထက် ပိုမိုလင်းလက်လာတောက်ပလာသည်။

မမြင်ရ ၊ မကြားရသည့်တိုင် ပတ်ဝန်းကျင်တစ်ခုလုံးကို ပိုပြီး ရှင်းလင်းပြတ်သားစွာ သိမြင်လာသည်။

မျက်လုံးနှင့်မြင်သည်ထက် ပိုမို ထင်ရှားလာပြီး နားဖြင့်ကြားရသည်ထက် ပိုမို ရှင်းလင်းလာသည်။

အတွင်းထဲတွင် “လက်တွေ့ဆန်သည့်တည်ရှိမှု” တစ်ခု၏ ခံစားချက် ရှိနေသည့်အလား ဖြစ်သည်။

ရန်ကျောက်ကဲက အားလပ်ချိန်များတွင် ဖန်းယွင်ရှန်း၏ ကျင့်ကြံခြင်းကို လမ်းညွှန်ပေးခဲ့ပြီး ဤနေ့ရက်များတွင်တော့ ဘာကိုမှ အာရုံမစိုက်တော့ဘဲ အဆက်မပြတ် ကျင့်ကြံနေသည်။

ကျင့်ကြံရာတွင် ပြင်ပအရာဝတ္ထုများ၏ အကူအညီယူသော်လည်း အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် ဦးစွာ ကြည့်မြင်ရန် ကြိုးစားသည်။ သူက ဘယ်တော့မှ ကျင့်ကြံခြင်းကို ဇွဲမလျှော့ဘဲ အခြားသူများထက်ပိုပြီး လုံ့လဝီရိယနှင့် အားစိုက်ထုတ်ကာ ကြိုးစားကျင့်ကြံသည်။

ထိုသို့ဖြင့် နှစ်ဝက်နီးပါးခန့် ကုန်ဆုံးသွားသည်။

တစ်နေ့တွင်တော့ ရန်ကျောက်ကဲ၏ ဦးခေါင်းထက်မှ ဝိညာဉ်စွမ်းအား အလင်းတန်းတစ်ခု ရုတ်ချည်းထွက်ပေါ်လာပြီး မိုးကုတ်စက်ဝိုင်းတစ်ခုလုံးနှင့် ချိတ်ဆက်သွားသည်။

ထိုအလင်းရောင်က စစ်မှန်သည့် တည်ရှိမှုတစ်ခု မဟုတ်သော်လည်း အလွန်အမင်း နက်ရှိုင်းကာ မိုးမြေကို ချိတ်ဆက်ထားသည့်အလား ခံစားရစေသည်။

စွမ်းအင်ဗဟိုချက်ချီပင်လယ်ရှိ ပရမ်းပတာချီစွမ်းအားအစုအဝေးအတွင်းမှ မီးမျိုးစေ့နှင့် ရေခဲပုံဆောင်ခဲတို့ တစ်လှည့်စီဖြစ်ပေါ်နေမှုသည် နောက်ဆုံးတွင် ရပ်တန့်သွားပြီး မီးမျိုးစေ့သည်လည်း ပရမ်းပတာချီစွမ်းအားမျိုးစေ့အတွင်း၌ နစ်မြုပ်သွားသည်။

ကြည်လင်သည့် ချီစွမ်းအားများက ပရမ်းပတာချီစွမ်းအားအစုအဝေးကို ပြန်လည်ဖုံးကွယ်သွားပြီး ကြည်လင်သော ကြယ်တာရာချီစွမ်းအားများ စီးဆင်းထွက်လာကာ ရန်ကျောက်ကဲ၏ ခြေလက်အင်္ဂါများနှင့် အရိုးစုတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

ရန်ကျောက်ကဲ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်သွားပြီး ကြယ်တာရာချီစွမ်းအားရောင်ဝါများ သူ၏ခန္ဓာကိုယ်အပြင်ဘက်သို့ ထွက်ပေါ်လာသည်။

ထက်မြက်ပြီး အသက်ဝင်သော ချီစွမ်းအားစီးဆင်းမှုသည် ဘဝ၏ပါရမီနှင့်ပေါင်းစပ်ကာ ကိုယ်ပိုင်ဝိညာဉ်စွမ်းအားများ ထွက်ပေါ်လာသည်။

ရှန်းထျန်းအဆင့် သိုင်းပညာရှင်အဆင့်သို့ တက်ရောက်ခဲ့ပြီ။

ရန်ကျောက်ကဲ အဆင့်တက်သွားသည်ကို ခံစားမိသည်နှင့် အပြင်ဘက်တွင်ရပ်နေသည့်အားဟူက အထဲသို့ဝင်လာသည်။

ရန်ကျောက်ကဲက မျက်လုံးများကိုဖွင့်လိုက်ပြီး အားဟူကိုကြည့်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့ထံမှ တောက်ပသည့်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့သွား၏။

အားဟူမှာ တစ်ခဏမျှ အံ့သြမှင်တက်နေပြီးမှ ကျယ်လောင်စွာ ရယ်မောလိုက်ရင်း မြှောက်ပင့်စကားဆိုလိုက်သည်။

“သခင်လေးကတော့ သခင်လေးပဲဗျို့ ၊ ဘယ်လောက်တောင် နက်ရှိုင်းတဲ့အနှစ်သာရနဲ့ ဝိညာဉ်စွမ်းအားမျိုးလဲဗျာ ၊ ရှန်ထျန်း ကနဦးအဆင့် သိုင်းပညာရှင်တွေထဲမှာ ဒီလိုလူမျိုး အများကြီးမရှိနိုင်ဘူး”

“အားဟူ… မင်း ဟန်ဆောင်မြှောက်ပင့်နေတာ သိသာတယ်နော် ၊ ဒီထက်ပိုပြီး ပီပြင်‌အောင် ကြိုးစားသင့်တယ်”

ရန်ကျောက်ကဲက စမ်းချောင်းထဲမှထွက်လာပြီး ပြုံးရယ်ရင်းဆိုသည်။

ထို့နောက် ကျောတစ်ချက်ဆန့်လိုက်ရင်း…

“အင်း… အချိန်အကြာကြီးကျင့်ကြံလိုက်ရတာ ၊ နောက်ဆုံးတော့ ရှန်ထျန်းအဆင့် ရောက်ပြီလေ”

အားဟူက ပြုံးလိုက်ရင်း…

“သခင်လေး… အချိန်အကြာကြီးကျင့်ကြံတယ်ဆိုတဲ့စကားကို မပြောလို့မရဘူးလား ၊ အတွင်းပိုင်းကြယ်တာရာချီ နှောင်းပိုင်းအဆင့်ကနေ ရှန်ထျန်း ကနဦးအဆင့်ထိ အချိန် (၁)နှစ်ပဲ ကြာတာကိုဗျာ…ဟမ်…”

“အဆုံးမဲ့တောင်တန်းက သခင်လေးကို သေတွင်းထဲရောက်အောင် သတင်းတွေဖြန့်နေတာ၊ ဒါပေမဲ့ အဲဒီစကားတွေက နည်းတောင်နည်းနေသေးတယ်”

ရန်ကျောက်ကဲက ပြုံးရုံသာပြုံးနေပြီး မည်သည့်စကားမှ မဆိုပေ။

အရင်က‌တော့ တစ်ခါမှ နာမည်မကြီးဖူးသဖြင့် ထိုသို့သောအတွေ့အကြုံများကို ခံစားသိရှိခဲ့ခြင်း မရှိပေ။

ယခင်ဘဝ ကောင်းကင်ဘုံနန်းတော်တွင် လူပြန်ဝင်စားစဉ်က ကျမ်းစာအမျိုးမျိုးကို ဖတ်ရှုခဲ့ပြီးနောက် ယခု အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ရောက်လာသည့်အခါ ငါးတစ်ကောင်ရေထဲလွှတ်လိုက်သည့်အလား သိုင်းပညာနယ်ပယ်တွင် သိုင်းတာအိုကို အလွန်နားလည်နိုင်စွမ်း မြင့်မားသူတစ်ယောက် ဖြစ်လာသည်။

ဤသည်ကို သူ၏လျှို့ဝှက်ထားသည့် အရည်အချင်းတစ်ခုဟုဆိုမည့်အစား သူက ထိုအတွက်မွေးဖွားလာသည်ဟုပင် ဆိုနိုင်သည်။

လက်ရှိဘဝတွင် တည်ငြိမ်သည့်အခြေခံအုတ်မြစ် စုဆောင်းပြီးသည့်နောက် သူ၏ ထိတ်လန့်တုန်လှုပ်ဖွယ်ရာတိုးတက်မှုများကို စတင်ရန် အချိန်တန်ပြီ ဖြစ်၏။

သူက နာမည်ကြီးခြင်းကို ရှောင်ရှားလိုသည့်အပြင် အခြားသူများ သံသယဝင်သွားမည်ကို စိတ်ပူသည့်အတွက် ယခုထက်ပိုပြီး မြန်မြန်ဆန်ဆန် မသွားခြင်း ဖြစ်သည်။

“ရှန်ထျန်းအဆင့်ရောက်ပြီဆိုတော့… အခု လုပ်စရာတွေ အများကြီးရှိသေးတယ်”

ရန်ကျောက်ကဲက အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုကို ထုတ်ယူပြီး ပြုံးလိုက်သည်။

မီးပြင်းဖိုကိုဖွင့်လိုက်သည်နှင့် အပြာရောင်ဖျော့ဖျော့တောက်ပနေသည့် အစစ်အမှန်လီမီးတောက် ထွက်ပေါ်လာသည်။

များစွာပြုစုပျိုးထောင်ခဲ့ပြီးနောက် သူရရှိထားသည့် အစစ်အမှန်လီမီးတောက်မျိုးစေ့သည် ကနဦးအဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။ ရန်ကျောက်ကဲ ပြုလုပ်သည့် အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုသည် ဝါဒတောင်တွင် ဖခင်ဖြစ်သူ နေရာရရှိရန် ကျော‌ထောက်နောက်ခံဖြစ်သကဲ့သို့ မီးပြင်းဖိုအတွင်းမှ အစစ်အမှန်လီမီးတောက်သည်လည်း အတူတူပင် ဖြစ်၏။

အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုကို သူ၏ကိုယ်ပိုင်နည်းလမ်းဖြင့် အသက်သွင်းပြီးနောက် များပြားလှစွာသော ဝိညာဉ်သင်္ကေတများ မီးပြင်းဖိုထက်တွင်ထွက်ပေါ်လာပြီး လင်းလက်တောက်ပလာသည်။

“အားဟူ… ရန်ရှုဆီက ငါတို့ရခဲ့တဲ့ အဆင့်နိမ့်မှော်ဝင်ပစ္စည်းနှစ်ခုကို ယူလာပေးပါ”

အားဟူက ချက်ချင်းပင် သံချပ်ကာအင်္ကျီတစ်ခုနှင့် အစိမ်းရောင်ခါးပတ်တစ်ခုကို ထုတ်ယူပြီး ရန်ကျောက်ကဲကို ပေးလိုက်သည်။

ဤမှော်ဝင်ပစ္စည်း (၂)ခုသည် ရှီတိ၏တိုက်ခိုက်မှုကြောင့် အူတိုင်အတွင်းထဲအထိ ပျက်စီးလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ ရန်ကျောက်ကဲသာ လျှို့ဝှက်နည်းပညာဖြင့် ထိန်းသိမ်းမထားပါက ယခုအချိန်တွင် အကောင်းတိုင်း ရှိနေမည် မဟုတ်တော့ပေ။

ထိုပစ္စည်းများက ကြီးမားသည့်တိုက်ခိုက်မှုကို ခံခဲ့ရသည့်အတွက် အသက်ဓာတ်စွမ်းအားများလည်း ပျက်စီးနေလေရာ မူလအတိုင်း အကောင်းပကတိ ဖြစ်လာရန်မှာတော့ မလွယ်ကူတော့ပေ။

“အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုက မှော်ဝင်ပစ္စည်းတစ်ခုကို ပြုပြင်နိုင်မလား မပြုပြင်နိုင်ဘူးလားဆိုတာ ဒီပစ္စည်း (၂)ခုနဲ့ အရင်ဆုံး စမ်းသပ်ကြည့်ရမယ်”

အားဟူ၏မျက်လုံးများ တောက်ပသွားပြီး…

“သခင်လေး… ဒီလောက်ပျက်စီးနေတဲ့ မှော်ဝင်ပစ္စည်းတွေက ပြင်လို့ရနိုင်ပါဦးမလား ၊ ခုချိန်ထိခံနေတာတောင် သခင်လေး ယာယီပြုပြင်ပေးထားလို့လေ”

ရန်ကျောက်ကဲက ခေါင်းခါယမ်းလိုက်ရင်း…

“သူတို့တွေ ပြန်တော့ ကောင်းလာနိုင်ပါတယ် ၊ ဒါပေမဲ့ အရင်လို အကောင်းတိုင်းတော့ ပြန်မဖြစ်နိုင်တော့ဘူးပေါ့ ၊ ဒါပေမဲ့ နည်းနည်းပါးပါး ပြုပြင်ပြီးလို့ ပြန်ကောင်းလာရင် ငါ လိုချင်တဲ့ပစ္စည်းတစ်ခု ပြုလုပ်ဖို့အတွက် ဒီကောင်တွေကို အသုံးချလို့ရတယ်”


Comment

Leave a Reply

Options

not work with dark mode
Reset