Switch Mode

အခန်း (၁၃၄)

ခုနစ်စဉ်ကြယ်ခန္ဓာကိုယ်ပိုင်ရှင် "ယင်လုန်ထူ"

အခန်း (၁၃၄) ခုနစ်စဉ်ကြယ်ခန္ဓာကိုယ်ပိုင်ရှင် “ယင်လုန်ထူ”

မိုးကြိုးဝိညာဉ်ကျောက်စိမ်းကို လုယူရာတွင် အဆုံးမဲ့တောင်တန်းက အလွန်အကျွံတော့ မလုပ်ခဲ့ပေ။ နောက်ပိုင်းတွင် ကောင်းကင်မိုးကြိုးခန်းမကို ကုန်သွယ်မှုလျော်ကြေးပေးသည့်အနေဖြင့် ရတနာအချို့ကိုပင် ပြန်လည်ပေးအပ်ခဲ့သည်။

ကောင်းကင်မိုးကြိုးခန်းမကတော့ ကျောက်စိမ်းပင်လယ်မြို့တော်နှင့် အဆုံးမဲ့တောင်တန်းတို့၏ သပ်လျှိုမှုတွင် အရှက်ကွဲခြင်းကို အံကြိတ်ခံစားခဲ့ရသည်။

ဤသို့ အတင်းအကျပ် ကုန်သွယ်မှု ပြုလုပ်ခဲ့ခြင်းက ဂိုဏ်း (၂)ခုကြား မူလတည်ရှိသည့် သာမန်ဆက်ဆံ‌ရေးကို ပျက်ယွင်းသွားစေခဲ့သည်။ ထို့ကြောင့် ဂိုဏ်း (၂)ဂိုဏ်း၏ အလယ်ဆင့်နှင့် အနိမ့်ပိုင်းအဆင့် သိုင်းကျင့်ကြံသူများသည် တစ်ဖက်နှင့်တစ်ဖက် တွေ့ဆုံသည်နှင့် ခိုက်ရန်ဖြစ်ပွားမှုများ အကြိမ်ကြိမ် ဖြစ်ပေါ်လာခဲ့သည်။

ထိုဖြစ်ရပ်တွင် နေသူတော်စင်ဂိုဏ်းက သူ၏ သြဇာအာဏာကို အသုံးပြုကာ ဝင်ရောက်စွက်ဖက်ခြင်း မပြုခဲ့ပေ။

သို့သော် မဟာမိတ်များဖြစ်ကြသည့် ဝါဒတောင် ၊ အဆုံးမဲ့‌တောင်တန်း ၊ ကျောက်စိမ်းပင်လယ်မြို့တော်တို့က စိတ်မအေးနိုင်ကြပေ။ အဘယ်ကြောင့်ဆိုသော် နေသူတော်စင်ဂိုဏ်းနှင့် ကောင်းကင်မိုးကြိုးခန်းမက ယခုအချိန် သည်းခံနေခြင်းမှာ တစ်ချိန်ချိန်တွင် ပြင်းပြင်းထန်ထန် ပေါက်ကွဲတိုက်ခိုက်ရန်အတွက် လျှို့ဝှက်ပြင်ဆင်နေကြခြင်းဖြစ်သောကြောင့်ပင်။

သူတို့၏ကြိုးပမ်းမှုများ အောင်မြင်ရန်အတွက် အရှေ့အရပ်မှထွက်သောနေ‘ ဟွမ်ကွမ်လီ တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာမည့်အချိန်ကို စောင့်မျှော်နေကြခြင်း ဖြစ်သည်။

အဆုံးမဲ့တောင်တန်းက ဝါဒတောင်နှင့် ကျောက်စိမ်းပင်လယ်မြို့တော်နှင့် မဟာမိတ်ပြုခဲ့သည့်တိုင် ၎င်းပြဿနာက ကိုင်တွယ်ဖြေရှင်းရန် မလွယ်ကူပေ။

ဘီလူးဝိညာဉ်သံလိုက်သတ္တုသွေးကြော ပြန်လည်ပြုပြင်နေသည့်သတင်း မပေါက်ကြားစေရန် အဆုံးမဲ့တောင်တန်းက တင်းတင်းကျပ်ကျပ် တားဆီးထားသည်။ ထို့ကြောင့် နေသူတော်စင်ဂိုဏ်းနှင့် ကောင်းကင်မိုးကြိုးခန်းမတို့မှာ ထိုအကြောင်းနှင့်ပတ်သက်ပြီး မရေမရာသတင်းများကိုသာ ရရှိကြလေသည်။

သို့ပေသိ အဆုံးမဲ့တောင်တန်းက တမင်သက်သက် ရည်ရွယ်ချက်ရှိရှိ ဖြန့်လိုက်သော ရန်ကျောက်ကဲနှင့်ပတ်သက်သည့် သတင်းများ ထွက်ပေါ်လာခဲ့သည်။

အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံးတွင် ဝါဒတောင်သခင်‌လေး ရန်ကျောက်ကဲနှင့်ပတ်သက်သည့် ကောလဟလများက လျှင်မြန်စွာ ပျံ့နှံ့သွားလေတော့၏။

***

မကြာခင်ကမှ နာမည်ကြီးလာသူ ရန်ကျောက်ကဲသည် ယခုတော့ အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ပိုမိုထူးခြားစွာ ထင်ပေါ်လာတော့သည်။

နာမည်ဆိုးဖြင့် ကျော်ကြားခြင်း မဟုတ်သည့်တိုင် အဆုံးမဲ့တောင်တန်းက ရန်ကျောက်ကဲအကြောင်းကို ရည်ရွယ်ချက်ရှိရှိဖြင့် လျှို့ဝှက်စွာ သတင်းဖြန့်ခဲ့သည်။

“ကောင်းကင်ဘုံတွင်ပင် ရှားပါးပြီး ကမ္ဘာပေါ်တွင်တစ်ယောက်တည်းရှိသည့် ပရမီရှင်” ဟူ၍ ရန်ကျောက်ကဲ၏ ဂုဏ်သတင်းက လောကတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခွင် ထိုသတင်းများပျံ့နှံ့သွားသည့်အခါ ရန်ကျောက်ကဲသည် လူငယ်မျိုးဆက်များထဲတွင် ထိပ်တန်းပထမဖြစ်ပြီး သူ၏စွမ်းရည်သည်လည်း သူ့အဖေရန်တိထက်ပင် အံ့သြဖွယ်ရာကောင်းသည်ဟု ပြောစမှတ်ပြုလာကြသည်။

ထိုသို့ အလွန်အကျွံချီးကျူးသည့် ကောလဟလများ ပျံ့နှံ့သွားခြင်းက ရန်ကျောက်ကဲကို သေတွင်းထဲတွန်းပို့သည်နှင့် အတူတူပင် ဖြစ်၏။

ယခုတော့ မျက်လုံးပေါင်းတစ်ထောင်က သူ့ကိုဝိုင်းဝန်းကြည့်ရှုနေကြသည့်ခံစားချက်ကို ပထမဆုံးအကြိမ် ရန်ကျောက်ကဲ ခံစားခဲ့ဖူးပြီ ဖြစ်သည်။

ရန်ကျောက်ကဲက အရှေ့ထန်တွင် နေသူတော်စင်ဂိုဏ်းမှ ချောင်ယွမ်လုန်နှင့် ရှောင်ရှန်းတို့ကို အနိုင်ယူခဲ့သည်။ ဤသည်ကပင် သူ့ကို လူအများ မျက်စိကျစေရန် လုံလောက်နေပြီ ဖြစ်သည်။ ယခုတော့ အဆုံးမဲ့တောင်တန်း၏ လက်ချက်ဖြင့် ပိုပြီး ထင်သာမြင်သာ ဖြစ်လာခဲ့ရသည်။

သို့သော် ဝါဒတောင်တည်ရှိရာ ကောင်းကင်နယ်မြေနှင့် ကျောက်စိမ်းပင်လယ်မြို့တော်မှလွဲပြီး အခြားနယ်မြေများတွင် အဆိုပါကောလဟလများကို မေးခွန်းထုတ်နေကြဆဲ ဖြစ်သည်။

လူငယ်သိုင်းကျင့်ကြံသူများဆိုသည်က မာနကြီးသလို အခြားသူထက် အောက်တန်းနောက်တန်း မကျချင်ကြပေ။

ထို့ကြောင့် ရန်ကျောက်ကဲအား ကိုယ်တိုင်ကိုယ်ကျ စိန်ခေါ်တိုက်ခိုက်ခြင်း ၊ သို့မဟုတ် သူ၏စွမ်းရည်ကို ကိုယ်တိုင်မတွေ့မြင်ရဘဲ ကြားရသည့်သတင်းများကို မယုံကြည်ခဲ့ကြပေ။

နေသူတော်စင်ဂိုဏ်းနှင့် ကောင်းကင်မိုးကြိုးခန်းမတို့မှ အဆင့်မြင့်အကြီးအကဲများက သူတို့ဂိုဏ်းများမှ မျိုးဆက်တူလူငယ်များကို ရန်ကျောက်ကဲနှင့်နှိုင်းယှဉ်ပြီး ဖိအားပေးခဲ့ကြသည်။

အတိတ်နှစ်များဆီမှ ကျန်းဒေါင်ဂီ၏ အောင်မြင်ကျော်ကြားမှုက အနည်းငယ်ဝေးကွာသွားခဲ့ပြီဖြစ်ရာ လက်ရှိအချိန်တွင် ဝါဒတောင်မှ ‘ရန်’ သားအဖက အာရုံစိုက်ခံရမှုအများဆုံးဟု သတ်မှတ်နိုင်သည်။

သို့ပေသိ ဤသို့အပေါ်ယံ ခဏတာရုန်းကန်ရမှုများက ရန်ကျောက်ကဲအတွက် ဘာမှမပြောပလောက်ပေ။ ယခု သူက အခြားကိစ္စတစ်ခုကို စိုးရိမ်ပူပန်နေလေသည်။

ကျောက်မင်နှင့် ကျင်းယွင်ကျီတို့ ကာကွယ်ပေးခဲ့ကြသည့် ကလေးငယ်သည် သူ့မိဘများ ဘယ်တော့မှ နိုးထမလာနိုင်တော့ကြောင်း သဘောပေါက်သွားခဲ့ရှာသည်။

ဤသည်က ကလေးငယ်တစ်ယောက်အတွက် မိုးပြိုသည်ထက်ပင်ဆိုးရွားသည်မှာ ထင်ရှားသည်။

ဘာကိုမှ နားမလည်ဟန်ရှိသော ဟန်လုန်အာ၏ မျက်ဝန်းများထဲတွင် ဝမ်းနည်းမှုနှင့် မျက်ရည်များ ပြည့်လျှံနေသည်။

သေခြင်းတရား၏ အဓိပ္ပါယ်ကို အပြည့်အဝ နားမလည်သည့်တိုင် သူ့မိဘများ သူ့ထံဘယ်တော့မှ ပြန်မလာတော့သည်ကို နးလည်နေခဲ့ဟန်ပင်။

ဖန်းယွင်ရှန်းက သက်ပြင်းတစ်ချက်ချရင်း ကလေးငယ်၏လက်ကို ဖွဖွဆုပ်ကိုင်ကာ သူ့ကိုခေါ်သွားရန် ဟန်ပြင်လိုက်သည်။ သို့သော် မမျှော်လင့်စွာပင် ဖန်းယွင်ရှန်းမှာ ကလေးငယ်ကို ရွေ့သွားအောင် ဆွဲမခေါ်နိုင်ခဲ့ပေ။

“ဟင်…”

သူမ အ‌‌တော်လေး အံ့အားသင့်သွားသည်။

ထို့နောက် သူမက ခွန်အားအနည်းငယ်သုံးလိုက်ပြီး ကလေးငယ်ကို ထပ်မံဆွဲခေါ်လိုက်သည်။ သို့သော် အံ့သြစရာကောင်းသည်မှာ ဟန်လုန်အာက ဖန်းယွင်ရှန်း၏လက်ကို အတင်းအကျပ် ဖယ်ရှားပစ်လိုက်သည်။

ဖန်းယွင်ရှန်းက အားနည်းသည့် မိန်းကလေးတစ်ယောကမဟုတ်ပေ။ ကလေးငယ်ကို လက်ဆွဲခေါ်ရန် လုံလောက်သည့်အင်အားပမာဏကို သူမ အသုံးပြုခဲ့သည်။ (၁၀)နှစ်သားလေးတစ်ယောက်အနေဖြင့် မည်သည့်နည်းနှင့်မှ သူမလက်မှ ရုန်းထွက်ရန် မဖြစ်နိုင်ပေ။

ထူးခြားသည်မှာ ဟန်လုန်အာ သူမလက်ထဲမှ ရုန်းထွက်လိုက်ချိန် သူ့ထံမှစွမ်းအားပေါက်ကွဲမှုတစ်ခု ထွက်ပေါ်လာပြီး သူမ၏လက်ဖဝါးတစ်ခုလုံး အနည်းငယ် ထုံကြဉ်သွားခြင်းပင်။

“ဒီကလေးက သံမဏိယွမ်ဂိုဏ်းက တပည့်တစ်ယောက်ကို ဒဏ်ရာရအောင်လုပ်လိုက်တာလေ ၊ သံမဏိယွမ်ဂိုဏ်းကလူတွေက ဟိုရှန်းနဲ့ရင်းနှီးကြတော့ ကလေးနဲ့ ကလေးရဲ့မိဘတွေကို ပစ်မှတ်ထားခဲ့ကြတာ”

ရန်ကျောက်ကဲက လမ်းလျှောက်ရင်း ရှင်းပြသည်။

ယခု အနီးအနားတွင် အဆုံးမဲ့တောင်တန်းမှလူများ မရှိကြတော့သည့်အတွက် သတိထားနေစရာမလိုတော့ဘဲ သူက အဖြစ်မှန်ကို ပြောလိုက်ခြင်း ဖြစ်၏။

သူ့စကားကိုကြားတော့ ဖူအန်းစုက ဟန်လုန်အာကို စိတ်အာရုံစူးစိုက်ပြီး စစ်ဆေးကြည့်လိုက်သည်။

ကျောက်မင်နှင့် ကျင်းယွင်ကျီတို့ကတော့ အစကတည်းက ဤကိစ္စကို သိရှိထားကြသူများ ဖြစ်သည်။

ကျောက်မင်က…

“အမှန်ပဲ… သံမဏိယွမ်ဂိုဏ်းက အကြောင်းမရှိအကြောင်းရှာတာဆိုပေမယ့် ဒီကလေးနဲ့ပတ်သက်တဲ့ ထူးထူးဆန်းဆန်း ကိစ္စတစ်ခု ရှိတယ်ဆိုတာ ရှင်းနေတာပဲ”

ဖူအန်းစု၏ အကြည့်က ဟန်လုန်အာ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်သွားသည်။

ဟန်လုန်အာက တစ်စုံတစ်ခုကို ခံစားမိဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်ပြီး ကြီးမားရွှန်းလဲ့သည့် မျက်ဝန်းအစုံဖြင့် ဖူအန်းစုကို လှမ်းကြည့်လိုက်သည်။

ဖူအန်းစုက အံ့သြလွန်းသဖြင့် အာမေဋိတ်သံပင် ပြုလိုက်မိသည်။

“သူ့ရဲ့တုံ့ပြန်မှုက အရမ်းအကဲဆတ်တာပဲ”

သူမက ကျင့်ကြံခြင်းစွမ်းအားကို အသုံးပြုကာ ထိုးဖောက်ကြည့်ရှုလိုက်ခြင်းဖြစ်သော်လည်း အဆင့်နိမ့်သိုင်းသမားများအနေဖြင့် သူမ၏အကြည့်ကို ရပ်တန့်ရန်မဆိုထားနှင့် သိရှိရန်ပင် လွယ်ကူမည် မဟုတ်ပေ။

ဟန်လုန်အာကတော့ သူမ၏အကြည့်ကို ခံစားသိရှိနိုင်သည်ကို ကြည့်ခြင်းအားဖြင့် စံနှုန်းများကို ကျော်လွန်သော မွေးရာပါစွမ်းအားကိုပိုင်ဆိုင်သည့် ပါရမီရှင်တစ်ယောက်ဖြစ်ကြောင်း သက်သေပြနေသည်။

“ရွှေခန္ဓာကို ကြံ့ခိုင်တဲ့ခန္ဓာ ၊ မှန်လိုကြည်လင်တဲ့ နှလုံးသား… ဒီကလေးရဲ့ မွေးရာပါပင်ကိုယ်စွမ်းရည်က တကယ့်ကို ထူးခြားလွန်းတယ်”

ဖူအန်းစုက ကလေးငယ်ကို သဘောကျသွားဟန်ဖြင့် ‘ကျစ်’ ခနဲ တစ်ချက် ရေရွတ်လိုက်သည်။

“ပြီးတော့ နတ်ဘုရားပစ္စည်းတစ်ခုလို သူ့ကိုယ်သူလည်း ဖုံးကွယ်ထားနိုင်စွမ်း ရှိတယ် ၊ ပြင်ပလောကနဲ့ ဆက်သွယ်ပြီး သူ့ကိုယ်သူ ထုတ်ဖော်မပြဘူးဆိုရင် ငါတောင် အကြည့်မှားသွားနိုင်တယ်”

ရန်ကျောက်ကဲက…

“သူ့ရဲ့ မွေးရာပါကိုယ်ဟန်အနေအထားက နဂါးပုံစံနဲ့သွားတူတယ် ၊ သူ့ရဲ့ အေးဆေးတဲ့အတွေးအမြင်တွေက ကောင်းကင်ဘုံနဲ့သက်ဆိုင်နေတယ် ၊ ဒါကိုကြည့်မယ်ဆိုရင် သူက သိုင်းလေ့ကျင့်ဖို့ အသင့်တော်ဆုံး ခန္ဓာကိုယ်ဖြစ်တဲ့ ခုနစ်စဉ်ကြယ်ခန္ဓာကို ပိုင်ဆိုင်ထားတာ ဖြစ်ရမယ် ၊ အဲဒီအကြောင်းကို ရှေးဟောင်းမှတ်တမ်းတွေမှာ အရင်က ကျွန်တော် ဖတ်ခဲ့ဖူးတယ် ၊ မဟာကပ်ဘေးကြီးပြီးသွားတဲ့နောက် ဒီလိုခန္ဓာကိုယ်ပိုင်ရှင်မျိုး ပထမဆုံး ပြန်လည်ထွက်ပေါ်လာတာပဲ”

ဖန်းယွင်ရှန်း ၊ စစ်ခုန်ချင်းနှင့် အခြားသူများ အံ့သြမှင်တက်သွားကြသည်။

‌ကျောက်မင်က ခဏမျှ တုံ့ဆိုင်းနေပြီးမှ…

“ဒါပေမယ့် ဒီကလေးက နည်းနည်းတော့ ဉာဏ်နှေးပုံရတယ်… သိုင်းပညာ လေ့ကျင့်နိုင်ပါ့မလား”

ရန်ကျောက်ကဲက ရယ်မောလိုက်ရင်း…

“စိတ်ချ… သူက တခြားကိစ္စတွေနဲ့ပတ်သက်ရင် ဉာဏ်နှေးပေမယ့် သိုင်းပညာဆိုရင်တော့ သူ့ရဲ့ ဉာဏ်ရည်ထက်မြက်မှုက ကမ္ဘာပေါ်က လူတိုင်းနီးပါးကို ကျော်လွန်သွားမှာ သေချာတယ်”

ပြောပြီးသည်နှင့် ရန်ကျောက်ကဲက ဟန်လုန်အာ၏ အနောက်ဘက်သို့ လျှောက်သွားပြီး လက်ညှိုးလက်ခလယ်မှ ဓားဝိညာဉ်ကို ထုတ်ဖော်ကာ အထက်မှအောက်သို့ ခုတ်ပိုင်းချလိုက်သည်။ ထိုအခါ ဟန်လုန်အာဝတ်ဆင်ထားသည့် အင်္ကျီမှာ ကွဲထွက်သွားပြီး နောက်ကျောပြင် ပေါ်လွင်လာစေသည်။

ရန်ကျောက်ကဲက သူ၏ ဓားဝိညာဉ်ကို အဝတ်အစားများကို ခုတ်ပိုင်းရန်သာ အသုံးပြုခဲ့ပြီး ဟန်လုန်အာလေး လုံးဝသတိမပြုမိအောင် ထိန်းချုပ်ထားခဲ့သည်။

ဖူအန်းစုနှင့် အခြားသူများက သူ့ကို အဆက်မပြတ် ခေါင်းညိတ်ပြကြသဖြင့် ဟန်လုန်အာမှာ ရန်ကျောက်ကဲ၏ ဓားဝိညာဉ်ကို သတိမထားမိဘဲ ထိတ်လန့်တခြားဖြင့် အရှေ့ဆီသို့သာ ကြည့်နေသည်။

ဟန်လုန်အာ၏ အင်္ကျီက အလယ်မှရှင်းရှင်းလင်းလင်း ကွဲထွက်သွားလေရာ ကျောပြင်ထက်တွင် အစက်အပျောက် (၃၆)ချက်ကို တွေ့ရှိရပြီး ထိုအစက်အပျောက်များမှ ‌ရွှေရောင်အလင်း မှိန်ဖျော့ဖျော့ ထွက်ပေါ်နေသည်။

ထို အစက်အပျောက် (၃၆)ချက်သည် ခုနစ်စဉ်ကြယ်၏ ကြယ်စင်အရေအတွက်နှင့် အတိအကျ ဆက်စပ်နေပြီး နဂါးတစ်ကောင်အသွင် ဖြစ်ပေါ်နေသည်ကို သိသိသာသာ တွေ့မြင်ကြရသည်။ ထိုနဂါးပုံသဏ္ဌန်က အလွန်အသက်ဝင်လှပြီး နှိုင်းမရအောင် တန်ခိုးစွမ်းအားမြင့်မားဟန် ရှိသည်။

ထိုအရာကို တွေ့မြင်သည့်အခါ ဖူအန်းစုက ကောင်းကင်ထက်သို့ မော့ကြည့်ပြီး ရယ်မောလိုက်သည်။

“သူ့လိုမျိုး မွေးရာပါစွမ်းရည်ကို ပိုင်ဆိုင်တဲ့သူက ကမ္ဘာပေါ်မှာ လက်ချိုးရေလို့တောင်ရတယ်ဟေ့ ၊ ဒီ မျက်ကန်းနေတဲ့ အဆုံးမဲ့‌တောင်တန်းတော့ နောင်တရဖို့သာ ပြင်ပေတော့”

ရန်ကျောက်ကဲက ကျောက်မင်နှင့် ကျင်းယွင်ကျီကို လှမ်းကြည့်လိုက်ရင်း…

“သူ့ နာမည်အရင်းကို မင်းတို့ သိကြလား ၊ ဟန်လုန်အာဆိုတာက ငယ်နာမည်ဆိုတော့ နာမည်အရင်းက ဘာများလဲ”

ကျင်းယွင်ကျီက…

“သူ့အမေဆီက ကြားတာတော့… သူ့မိဘတွေက အရမ်းနောက်ကျမှ ကလေးရခဲ့တာ ၊ ပြီးတော့ သူ့စိတ်က နည်းနည်းရိုးရှင်းတဲ့အတွက် ပိုပြီးချစ်ခင်တန်ဖိုးထားခဲ့ကြတယ် ၊ ဒါပေမဲ့ ကလေးကို အသက်ကြီးတဲ့အထိ အသက်ရှင်နိုင်ပါ့မလား စိတ်ပူပန်လို့ ဟန်လုန်အာလို့ပဲ ငယ်နာမည်ပေးထားရသေးတယ် ၊ နာမည်အရင်း မရှိသေးဘူး ၊ သူတို့မိသားစုမျိုးရိုးကတော့ ‘ယင်’ မျိုးရိုးပါ”

ရန်ကျောက်ကဲက…

“ဆရာ‌ဒေါ်လေး’ဖူ’ ၊ ကျွန်တော်က ကလေးကို နာမည်ပေးမယ်ဆိုရင် စည်းကျော်သလိုများ ဖြစ်နေမလား”

ဖူအန်းစုက…

“အင်း… တကယ်တော့ သူ့ကိုနာမည်ပေးတဲ့သူက သူ့ဆရာ ဖြစ်သင့်တာ ၊ ဒါပေမဲ့ မင်းကြောင့်သာမဟုတ်ရင် ငါတို့ဂိုဏ်းလည်း သူ့ကို လက်လွတ်သွားနိုင်တယ် ၊ ဆိုတော့… မင်းပဲ နာမည်ပေးလိုက်တာ ကောင်းပါတယ်”

ရန်ကျောက်ကဲက ဟန်လုန်အာ ကျောပေါ်မှ နဂါးရုပ်ပုံကို ကြည့်လိုက်ရင်း…

“ဒါဖြင့် သူ့ကို ယင်လုန်ထူ လို့ ခေါ်ရအေင်”

(T/N – ယင်လုန်ထူ – ယင် – ယင်မျိုးနွယ် ၊ လုန်ထူ – နဂါးပန်းချီ)

ဟန်လုန်အာသည် ရန်ကျောက်ကဲကို ငေးကြောင်ကာ လည်ပြန်လှည့်ကြည့်သည်။

ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါပင် ကလေးငယ်ကိုပြုံးပြလိုက်သည်။ ဟန်လုန်အာက ရန်ကျောက်ကဲ၏ ကောင်းမွန်သောရည်ရွယ်ချက်ကို ခံစားသိရှိဟန်ဖြင့် နှုတ်ခမ်းလေးများကွေးညွှတ်ကာ ပြန်လည်ပြုံးပြလိုက်လေ၏။

Comment

Leave a Reply

Options

not work with dark mode
Reset