အခန်း (၁၃၃)

မင်းကဖြူစင်ရိုးသားသလောက် ငါကတော့ ဉာဏ်နီဉာဏ်နက်များတယ်

အခန်း (၁၃၃) မင်းကဖြူစင်ရိုးသားသလောက်ငါကတော့ ဉာဏ်နီဉာဏ်နက်များတယ်

ရန်ကျောက်ကဲ၏ ရိုးသားမှုအပြည့်ရှိသော အမူအရာက အဆုံးမဲ့တောင်တန်းမှ အကြီးအကဲများကို နာကျင်ခံခက်ဖြစ်စေသည်။

ကောင်းကင်မိုးကြိုးနန်းတော်မှ မိုးကြိုးဝိညာဉ်ကျောက်စိမ်းများကို ရယူရန်မှာ ကောင်းကင်ဘုံသို့တက်သည်ထက်ပင် ခက်ခဲသေး၏။

မိုးကြိုးဝိညာဉ်ကျောက်စိမ်းများရရှိရန် အထွတ်ထိပ်မှော်ဝင်လက်နက်တစ်ခုဖြင့်  လဲလှယ်မည်ဆိုလျှင်တောင်မှ ကောင်းကင်မိုးကြိုးနန်းတော်က ကြည်ဖြူမည် မဟုတ်ပေ။

သို့သော် အဆုံးမဲ့တောင်တန်းကလည်း ထိုသို့ပြုလုပ်ရန် ဆန္ဒရှိပါမည်လား။

သို့မဟုတ် အဆုံးမဲ့တောင်တန်းက နေသူတော်စင်ဂိုဏ်းနှင့် ကောင်းကင်မိုးကြိုးနန်းတော်ကို မဟာမိတ်ပြုပြီး ဝါဒတောင်ကို တိုက်ခိက်နှိမ်နင်းရန် ဆုံးဖြတ်မည်လား။ ထို့နောက် ဝါဒတောင်မှ အထွတ်ထိပ်မှော်ဝင်ပစ္စည်းကို လုယူနိုင်လျှင် ကောင်းကင်မိုးကြိုးခန်းမမှ မိုးကြိုးဝိညာဉ်ကျောက်စိမ်းဖြင့် လဲလှယ်နိုင်မည်လား။

ကောင်းကင်မိုးကြိုးခန်းမတွင် သိုင်းသူတော်စင်တစ်ယောက်ရှိသည်သာမက အထွတ်ထိပ်မှော်ဝင်လက်နက်တစ်ခုလည်း ရှိနေသည်။ ထို့ပြင် နေသူတော်စင်ဂိုဏ်းနှင့် မဟာမိတ်ဖြစ်သည့်အတွက် ထူးကဲယင်သရဖူကိုလည်း အသုံးပြုခွင့်ရှိသည်။

ထို့ကြောင့် ဝါဒတောင်သာ ပျက်စီးသွားမည်ဆိုလျှင် မိုးကြိုးဝိညာဉ်ကျောက်စိမ်းကို ရရှိသည့်တိုင် အဆုံးမဲ့တောင်တန်းသည်လည်း ကြာရှည်ရပ်တည်နိုင်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အဆုံးမဲ့တောင်တန်းတွင် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုသာ ရှိလေရာ တကယ်တမ်း တိုက်ပွဲရင်ဆိုင်ရပါက ပျက်စီးခြင်းသို့သာ ဦးတည်မည် ဖြစ်၏။

ရှန်းရှီဝမ်နှင့် အကြီးအကဲ (၂)ယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်ရင်း ခေါင်းကိုက်သွားကြသည်။

“ဒါက ခြိမ်းခြောက်မှုတစ်ခုထက် မပိုပါဘူးကွာ”

အကြီးအကဲ’ကျော်’က အသံပို့လွှတ်စနစ်ဖြင့် ပြောလိုက်သည်။

“လူငယ်တစ်ယောက် လှည့်စားတာကို ငါတို့ ခံလိုက်ရတာပဲ”

ရှန်းရှီဝမ်က အေးစက်စွာဖြင့်…

“အဲဒါ မင်းအမွှမ်းတင်နေတဲ့ ကျောက်ဟိုဆိုတဲ့တပည့်ကြောင့် ဖြစ်ရတာလေ ၊ သူသာ သတ္တုသွေးကြောကို ဒီလောက်ထိ တုန်လှုပ်သွားအောင် မလုပ်ခဲ့ရင် ငါတို့တွေ ဒီလိုအခြေအနေရောက်တဲ့အထိ တွန်းပို့ခံရမှာ မဟုတ်ဘူး”

အကြီးအကဲ’ကျော်’က…

“ကျောက်ဟို မရှိခဲ့ရင်တောင်မှ ‘ရန်’ မျိုးနွယ်ကောင်က တခြားအစီအစဉ်တွေ သေချာပေါက် တွေးထားလိမ့်မယ် ၊ သူက ဘီလူးဝိညာဉ်သံလိုက်သတ္တုသွေးကြောအကြောင်းကို ငါတို့ထက်ပိုပြီး နားလည်နေပြီကွ”

အကြီးအကဲ’ကျော်’ စကားကို ရပ်တန့်လိုက်သည်။ ထိုစကားပြောပြီးကာမှ စိတ်ထဲတွင် ရှက်ရွံ့မှုကို ခံစားလိုက်ရသည်။

အတန်ကြာမှ သူက ဆက်ပြော၏။

“တကယ်တော့ ဒီတွင်းက ငါတို့ခုန်ချဖို့ တူးထားတဲ့တွင်းပဲ ၊ ငါတို့က ရန်ကျောက်ကဲနဲ့ ကျောက်ဟိုရဲ့ နည်းလမ်းနှစ်ခုထဲက တစ်ခုကို ရွေးချယ်ဖို့ ဆုံးဖြတ်လိုက်ကတည်းက ငါတို့မှာရှိနေတဲ့အားသာချက်က ရှုံးနိမ့်ဖို့ဖြစ်သွားတော့တာပဲ”

သံလိုက်အကြီးအကဲက…

“ဒါပေမဲ့ အခု ဘာမှမတတ်နိုင်တော့ဘူး ၊ မျက်စိမှိတ်ပြီးလက်ခံရတော့မှာပဲ”

အကြီးအကဲ’ကျော်’၏ မျက်ဝန်းထဲတွင် ရက်စက်ကြမ်းတမ်းမှုများ ဖျတ်ခနဲ ထင်ဟပ်သွားပြီး…

“လက်ခံစရာ မလိုဘူး”

သူက ဆက်ပြောသည်။

“ငါတို့က ဝါဒတောင်နဲ့ပူးပေါင်းအောင် အတင်းအကျပ် ဖိအားပေးခံရတာလေ ၊ ငါတို့သာ နေသူတော်စင်ဂိုဏ်းနဲ့ ပူးပေါင်းလိုက်မယ်ဆိုရင် ဝါဒတောင်က အငယ်တန်းမျိုးဆက် ကောင်လေးတစ်ယောက်က ခြိမ်းခြောက်တာကို ကြောက်နေစရာ မလိုတော့ဘူး”

“ငါတို့သာ နေသူတော်စင်ဂိုဏ်းကို အပြည့်အဝ ကူညီပေးလိုက်ရင် သူတို့ဆီက ထူးကဲယင်သရဖူကို ခဏငှားပြီး ကောင်းကင်မိုးကြိုးခန်းမက မိုးကြိုးဝိညာဉ်ကျောက်စိမ်းနဲ့ အလဲအလှယ်လုပ်လို့ ရတာပဲ ၊ ဒါဆို ဘီလူးဝိညာဉ်သံလိုက်သတ္တုသွေးကြောကို ပြန်တည်ဆောက်နိုင်မှာပါ”

“ဝါဒတောင်ကို တိုက်ခိုက်တဲ့နေရာမှာ ဘယ်သူက အကျိုးအမြတ်အများဆုံး ရမလဲဆိုတာကတော့ အရည်အချင်းအပေါ်ပဲ မူတည်တယ်”

“ဒီကိစ္စတွေ ပြီးသွားလို့ နောက်ပိုင်းမှာ နေသူတော်စင်ဂိုဏ်း အင်အားကြီးမားလာရင် လှိုင်းနက်ဂေဟာက ငြိမ်နေမှာ မဟုတ်ဘူး ၊ သူတို့က ပြင်ပလောကကို အရေးမစိုက်ဘူးဆိုပေမယ့် နေသူတော်စင်ဂိုဏ်းက အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံးကို လွှမ်းမိုးချုပ်ကိုင်မယ်ဆိုရင်တော့ သဘောကျမှာ မဟုတ်ဘူး”

အကြီးအကဲ’ကျော်’က အလေးအနက်လေသံဖြင့် ဆက်ပြောသည်။

“အဲဒီအချိန်ရောက်လာရင်တော့ ငါတို့က လှိုင်းနက်ဂေဟာ ၊ ကျောက်စိမ်းပင်လယ်မြို့တော်တို့နဲ့ မဟာမိတ်ဖွဲ့ပြီး နေသူ‌တော်စင်ဂိုဏ်းနဲ့ ကောင်းကင်မိုးကြိုးခန်းမကို ပြန်တိုက်ခိုက်မယ် ၊ ဒါဆို အစွန်းရှောက်ရှစ်ပါးကမ္ဘာရဲ့ အာဏာချိန်ခွင်လျှာလည်း ပြန်လည်ချိန်ညှိပြီးသား ဖြစ်သွားမယ်”

ရှန်းရှီဝမ်က သက်ပြင်းချရင်း…

“မင်းရဲ့အတွေးတွေက စိတ်ကူးယဉ်ဆန်လွန်းတယ် ၊ ဒေါသဖြစ်နေတဲ့အချိန်မှာ လမ်းမလွဲစေနဲ့”

သူက ဆက်ပြောသည်။

“မင်းပြောသလိုမျိုး အဲဒီအချိန်ရောက်မှ အာဏာချိန်ခွင်လျှာ ပြန်ညှိမယ်ဆိုဦးတော့ နေသူတော်စင်ဂိုဏ်းနဲ့ သူ့ရဲ့မဟာမိတ် ကောင်းကင်မိုးကြိုးခန်းမအတွက် ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ဘူး ၊ ဟွမ်ကွမ်လီ တံခါးပိတ်ကျင့်ကြံရာက ထွက်လာရင် သူတို့က ပိုတောင်ခြေလှမ်းသွက်လာဦးမယ် ၊ တကယ်လို့ ငါတို့ဂိုဏ်းချုပ်က သိုင်းသူတော်စင်အဆင့်ကို မရောက်သေးဘူးဆိုရင် သူတို့ကို တွန်းလှန်နိုင်ဖို့ ငါတို့အတွက် အရမ်းခက်သွားလိမ့်မယ်”

“ဝါဒတောင်နဲ့ပူးပေါင်းတာပဲဖြစ်ဖြစ် ၊ နေသူတော်စင်ဂိုဏ်းနဲ့ပဲ ပူးပေါင်းတာပဲဖြစ်ဖြစ် ငါတို့အားလုံးရဲ့ နောက်ဆုံးရည်ရွယ်ချက်က အဆုံးမဲ့တောင်တန်း ဖွံ့ဖြိုးတိုးတက်လာဖို့ပဲ မဟုတ်လား”

ရှန်းရှီဝမ်က အကြီးအကဲ’ကျော်’ကို ကြည့်လိုက်ရင်း…

“အခုချိန်မှာ နေသူတော်စင်ဂိုဏ်းက အင်အားကြီးမားနေတာကို ဝန်ခံရမယ် ၊ ဒီတော့ ဝါဒတောင်နဲ့လက်တွဲလိုက်တာက ငါတို့အတွက် အကောင်းဆုံးနည်းလမ်းဆိုတာ ငြင်းလို့မရဘူး ၊ နှုတ်ခမ်းမရှိရင် ဆောင်းရာသီမှာ သွားတွေပျက်စီးကုန်လိမ့်မယ် ၊ သူတို့တွေအနေနဲ့လည်း အခြားသူတွေမရှိဘဲ မရပ်တည်နိုင်ပါဘူး”

သူက ဆက်ပြောသည်။

“ငါတို့က နေသူတော်စင်ဂိုဏ်းနဲ့ ပူးပေါင်းလိုက်မယ်ဆိုရင် သူတို့က ကမ္ဘာတစ်ခုလုံးကိုသိမ်းပိုက်ပြီး အလုံးစုံပျက်စီးတဲ့ အခြေအနေတစ်ခုကို ဖန်တီးနိုင်တယ် ၊ အခုကိစ္စက ငါ့တို့ဂိုဏ်းထဲမှာပဲ ပြီးသွားရမယ့်ကိစ္စပဲ ၊ ကလေးတစ်ယောက်ကို အငြိုးထားပြီး စိတ်လိုက်မာန်ပါလုပ်ရမယ့်အချိန် မဟုတ်ဘူး”

အကြီးအကဲ’ကျော်’နှင့် သံလိုက်အကြီးအကဲတို့ (၂)ယောက်လုံး တိတ်ဆိတ်ငြိမ်သက်သွားကြသည်။

ထိုအကြောင်းများကို သူတို့ နားလည်ကြသည့်တိုင် လူငယ်မျိုးဆက်တစ်ယောက်ဖြစ်သော ရန်ကျောက်ကဲ၏ လှည့်စားခြင်းကို ခံလိုက်ရသည့်အတွက် စိတ်ပျက်လက်ပျက် ဖြစ်နေကြသည်။

ရှန်းရှီဝမ်က ခေါင်းခါယမ်းလိုက်ရင်း…

“ပြီးတော့ နေသူတော်စင်ဂိုဏ်း အင်အားကြီးမားလာတာကို တွန်းလှန်ဖို့အတွက် ငါတို့ဂိုဏ်းက ဝါဒတောင်ဂိုဏ်းနဲ့ပူးပေါင်းမယ်လို့ အစောကြီးကတည်းက ဆုံးဖြတ်ထားခဲ့ကြတာပဲ မဟုတ်လား ၊ ငါတို့တွေ ဝါဒတောင်နဲ့ လက်တွဲတယ်ဆိုရင်တောင် နေသူတော်စင်ဂိုဏ်းကို ဘယ်အတိုင်းအတာအထိ တွန်းလှန်နိုင်မလဲဆိုတာ မသေချာဘူး”

“အခု အခြေအနေက တောင်ပေါ်မှာထိုင်ရင်း ကျားတွေရန်ဖြစ်နေတာကိုကြည့်ပြီး အခွင့်အရေးစောင့်နေရမယ့်အချိန် မဟုတ်တော့ဘူး ၊ ငါတို့ကိုယ်တိုင် လှုပ်ရှားရမယ့်အချိန် ရောက်နေပြီ ၊ ရွေးချယ်စရာ မရှိတော့ဘူး”

အားလုံး တိတ်ဆိတ်ငြိမ်သက်သွားကြသည်။

အတန်ကြာမှ သံလိုက်အကြီးအကဲက မချိပြုံးတစ်ချက်ပြုံးလိုက်ရင်း…

“မိုးကြိုးဝိညာဉ်ကျောက်စိမ်းထွက်ရှိတဲ့ ကောင်းကင်မိုးကြိုးတောင်တန်းက ငါတို့နယ်မြေနဲ့ အရမ်းနီးတယ် မဟုတ်လား”

မိုးကြိုးဝိညာဉ်ကျောက်စိမ်းသည် ကောင်းကင်မိုးကြိုးခန်းမအတွက် အရေးကြီးဆုံး ရတနာပစ္စည်းဖြစ်သည်။ ထို့ကြောင့် ကျောက်စိမ်းထွက်ရှိရာဒေသကို ရန်သူများ ကျူးကျော်ဝင်ရောက်ခြင်း မပြုနိုင်ရန် ကာကွယ်ထားသည်။

ထို ရတနာပစ္စည်းကို တစ်စုံတစ်ယောက်က ခိုးယူရန်ကြိုးစားမည်ဆိုပါက ကြီးမားသောရန်ငြိုးဖွဲ့မှုများ မလွဲမသွေ ဖြစ်ပေါ်လာမည် အမှန်ပင်။

ထို့ကြောာင့် မည်သည့်ထိပ်သီးသိုင်းဂိုဏ်း ဖြစ်ပါစေ ထိုသို့သောအလုပ်မျိုးကို ပေါ့‌ပေါ့တန်တန် ပြုလုပ်မည် မဟုတ်ပေ။

လက်ရှိတွင်တော့ ကောင်းကင်မိုးကြိုးခန်းမက ဝါဒတောင်နှင့် ကျောက်စိမ်းပင်လယ်မြို့တော်၏ ကျူးကျော်မှုအတွက်သာ ပစ်မှတ်ထားကာကွယ်ထားပြီး အဆုံးမဲ့တောင်တန်းကိုတော့ ကာကွယ်မှု လျော့ပေါ့ထားသည်။

ရှန်းရှီဝမ်က…

“ဂိုဏ်းဌာနချုပ်ကို အကြောင်းကြားပါ ၊ အပြီးသတ်ဆုံးဖြတ်ချက်ချဖို့ ဂိုဏ်းချုပ်ကို ဖိတ်ခေါ်ရမယ်”

အဆုံးမဲ့တောင်တန်းအနေဖြင့် သူတို့ရင်ဆိုင်ရမည့် ဖြစ်နိုင်ခြေများစွာကို ကြိုတင်ခန့်မှန်းခဲ့ကြသော်လည်း ကောင်းကင်မိုးကြိုးခန်းမနှင့် ထိပ်တိုက်တွေ့ရန် ပြင်ဆင်ထားခဲ့ခြင်း မရှိပေ။

အဆုံးမဲ့တောင်တန်းက မိုးကြိုးဝိညာဉ်ကျောက်စိမ်းကို ခိုးယူရန်လှုပ်ရှားမည်ဆိုပါက အခြားသော အင်အားစုများက သူတို့ဘက်မှ ကူညီပေးခြင်းမရှိလျှင် သေချာပေါက် တိုက်ပွဲဖြစ်ပွားမည်ဖြစ်သည်။ အဆုံးမဲ့တောင်တန်းနှင့် ကောင်းကင်မိုးကြိုးခန်းမကြားမှ တိုက်ပွဲသည် အရှေ့ထန်တွင်ဖြစ်ပွားခဲ့သော ဝါဒတောင်နှင့် နေသူတော်စင်ဂိုဏ်း စစ်ပွဲထက် နိမ့်ကျမည် မဟုတ်ပေ။

ထိုပဋိပက္ခာကိုအကြောင်းပြုပြီး တစ်ကမ္ဘာလုံးစစ်ပွဲကြီးတစ်ခု ဖြစ်လာမလားပင် မ‌ပြောနိုင်ပေ။

ထိုသို့သောကိစ္စမျိုးက ရှန်းရှီဝမ် ဆုံးဖြတ်နိုင်သည့်အရာမဟုတ်ဘဲ ဂိုဏ်းချုပ်ကိုယ်တိုင် ဆုံးဖြတ်ရမည်မှာ သဘာဝပင် ဖြစ်၏။

ထို့ပြင် အဆုံးမဲ့တောင်တန်းအနေဖြင့် ဝါဒတောင် ၊ ကျောက်စိမ်းပင်လယ်မြို့တော်တို့ဖြင့် မဟာတ်မိတ်ဖွဲ့ကာ အင်အားစု (၃)ခု ပူးပေါင်းပြီး နေသူတော်စင်ဂိုဏ်းနှင့် ကောင်းကင်မိုးကြိုးခန်းမကို တွန်းလှန်ရမည် ဖြစ်သည်။

အဆုံးမဲ့တောင်တန်းက မိုးကြိုးဝိညာဉ်ကျောက်စိမ်းသွေးကြောတည်ရှိရာနေရာတွင် လှုပ်ရှားမှုတစ်ခု ပြုမည်ဆိုလျှင် ကျောက်စိမ်းပင်လယ်မြို့တော်က မိုးကြိုးနယ်မြေတစ်ဖက်ခြမ်းကို တိုက်ခိုက်ပေးရမည် ဖြစ်သည်။ သို့မှသာ ကောင်းကင်မိုးကြိုးခန်းမအနေဖြင့် အဆုံးမဲ့တောင်တန်းကို တိုက်ခိုက်ရန် ပေါ့ပေါ့ဆဆ လှုပ်ရှားဝံ့တော့မည် မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေ အဆုံးမဲ့တောင်တန်းအတွက်တော့ သံချပ်ကာမပါဘဲ စစ်မြေပြင်သို့ ဝင်ရောက်ရမည့်အနေအထား ဖြစ်လေ၏။

ဖူအန်းစုက အသံပို့လွှတ်စနစ်ဖြင့် ရန်ကျောက်ကဲကို စကားလှမ်းပြောလိုက်သည်။

“ကောင်လေး… တော်တယ်ဟေ့”

ယခင်က တိမ်ညိုများဖုံးနေသည့် ဖူအန်းစု၏ မျက်နှာမှာ ယခုမှ နေမင်းကြီးထိန်ထိန်သာလျှက် ရှိသည်။

သူမက ရယ်မောလိုက်ရင်း…

“မတော်တဆပဲဖြစ်ဖြစ် ၊ ကြိုတင်ကြံစည်ထားတာပဲဖြစ်ဖြစ် မင်းက အတော်လေးကို လှလှပပ ကစားသွားတာပဲ”

ရန်ကျောက်ကဲက ပြုံးလိုက်ရင်း…

“အကြီးအကဲ’ဖူ’သာ မရှိရင် ကျွန်တော် ဒီလိုလုပ်နိုင်မှာ မဟုတ်ပါဘူး”

“အကြီးအကဲ’ဖူ’က အဆုံးမဲ့တောင်တန်းက အကြီးအကဲမဟုတ်လို့ တော်သေးတယ် ၊ မဟုတ်လို့ကတော့ အကြီးအကဲရဲ့ ဒေါသနဲ့တင် ကျွန်တော် အလုပ်ဖြစ်မှာ မဟုတ်ဘူး”

နောက်ဆုံးစကားကတော့ ရန်ကျောက်ကဲ ထုတ်မပြောဘဲ စိတ်ထဲကသာ ပြောလိုက်ခြင်းပင်။

ထို့နောက် သူက မျက်လုံးထောင့်ကပ်ကာ ကျောက်ဟိုကို ကြည့်လိုက်သည်။

“ပြီးတော့ မင်းကိုလည်း ကျေးဇူးတင်ရမှာပဲ… ၊ မင်းက လူရိုးလေးတစ်ယောက်ပါ… အဟက်”

ကျောက်ဟိုသာ ဝင်ပြီးလက်မလျှိုခဲ့လျှင် သူ့အကြံအစည်ကို အဆုံးမဲ့တောင်တန်းက ထိုမျှလွယ်လွယ်ကူကူ လက်ခံမည် မဟုတ်ပေ။

အပေါ်ယံတွင်တော့ ရန်ကျောက်ကဲက မိုးကြိုးဒြပ်စင်နည်းပညာကို အသုံးမပြုဘဲ အခြားနည်းလမ်းဖြင့် ဘီလူးဝိညာဉ်သံလိုက်သတ္တုသွေးကြော ပြန်လည်ကောင်းမွန်လာစေရန်အတွက် ကူညီပေးချင်ဟန် ဆောင်ခဲ့သည်။ ပြီးမှ ကျောက်ဟိုကို အသုံးချကာ မိုးကြိုးဒြပ်စင်နည်းပညာမှလွဲပြီး အခြားနည်းလမ်း ရွေးချယ်စရာမရှိသည့် အခြေအနေသို့ရောက်အောင် တွန်းပို့လိုက်သည်။

ထို့ကြောင့် ရှန်းရှီဝမ်နှင့် အခြားအကြီးအကဲများမှာ ပိုမိုစိတ်ဓာတ်ကျပြီး ကူရာကယ်ရာမဲ့သွားကြသည်။

ရန်ကျောက်ကဲက မိုးကြိုးဒြပ်စင်နည်းပညာကို ကနဦး သရုပ်ပြပြီး ထူးခြားသည့်ရလဒ်များကို သက်သေပြခဲ့သည်။

သို့သော် ထိုနည်းလမ်းကို ပြုလုပ်ရာတွင် ကြုံတွေ့ရမည့် ပြဿနာကိုလည်း ပြောပြခဲ့သည်။ မိုးကြိုးဒြပ်စင်နည်းပညာကို အသုံးပြုပြီး ဘီလူးဝိညာဉ်သံလိုက်သတ္တုသွေးကြောကို ပြန်လည်ပြုပြင်မည်ဆိုလျှင် လုပ်ငန်းစဉ်တွင် မိုးကြိုးဝိညာဉ်ကျောက်စိမ်းကို အဆက်မပြတ် ထောက်ပံ့ပေးရန် လိုအပ်၏။

လက်ရှိတွင် အဆုံးမဲ့တောင်တန်းက မည်သို့ဆုံးဖြတ်မည်ကို စောင့်ဆိုင်းနေကြရသည်။ သို့သော် သူတို့ မည်သို့ပင်ဆုံးဖြတ်ပါစေ လက်ရှိတွင် သတ္တုသွေးကြောပြန်လည်ကောင်းမွန်ရန်အတွက် ရန်ကျောက်ကဲကိုသာ အားကိုးရပေလိမ့်မည်။

ထို့ကြောင့် ရှန်းရှီဝမ်နှင့် အခြားသူများမှာ နှာခေါင်းကိုပွတ်ရင်းဖြင့်ပင် ဖူအန်းစုနှင့် ရန်ကျောက်ကဲတို့ကို ကျေးဇူးတင်စကားဆိုလိုက်ရတော့သည်။

ရာထူးအနေအထားအရ ရှန်းရှီဝမ်တို့ (၃)ယောက်က ရန်ကျောက်ကဲကို ဦးညွှတ်ဂါရဝမပြုဘဲ ဖူအန်းစုကိုသာ ဦးညွှတ်ဂါရဝပြုရင်း ကျေးဇူးတင်စကား ဆိုကြသည်။

သို့သော် အဆုံးမဲ့တောင်တန်းမှ အခြားသောတပည့်များကတော့ ရန်ကျာက်ကဲကို ဦးညွှတ်ကျေးဇူးတင်ကြရလေသည်။

ကျိဟန်ရူနှင့် အခြားသူများ၏ မျက်နှာများမှာ သေလောက်အောင် နီမြန်းနေကြပြီး သူတို့ကိုကြည့်ရသည်မှာ သွေးရူးသွေးတန်း ဖြစ်နေဟန်ပင်။

စောစောက တောင်ပေါ်လမ်းတွင် ရှုံးနိမ့်ခဲ့ရခြင်းက အချည်းနှီးသာဖြစ်ခဲ့ရသည်။ အံသွားများကွဲထွက်ပြီး သွေးများကျလာသည်အထိ အံကြိတ်ရုံမှလွဲပြီး သူတို့အားလုံး ဘာမှမတတ်နိုင်ခဲ့ကြပေ။

ကျိဟန်ရူထက် ဟိုရှန်းက အခြေအနေပိုဆိုးသည်။ သူက အသက်ပင်မရှူနိုင်တော့ဘဲ သတိလစ်လဲကျသွားတော့သည်။ သူ့အတွက် မူးလဲသွားခြင်းသာလျှင် အကောင်းဆုံးဖြစ်လေ၏။

ကျောက်ဟိုကတော့ နေရာမှ တစ်လက်မမှ မရွှေ့ဘဲ ရုပ်တုတစ်ခုပမာ မတ်တတ်ရပ်နေသည်။

သူ့ကိုကြည့်ပြီး ရန်ကျောက်ကဲက ပခုံးတွန့်လိုက်သည်။

“မင်းက အရမ်းရိုးသားဖြူစင်တာပဲ … ၊ စိတ်တောင်မကောင်းဘူးကွာ…”

***

မကြာမီအချိန်အတွင်းမှာပင်…

ကြိုတင်သတိပေးချက် တစ်စုံတစ်ရာမရှိဘဲ အဆုံးမဲ့တောင်တန်းမှ ထိပ်တန်းသိုင်းသမားများက မိုးကြိုးနယ်မြေ၏ မိုးကြိုးတောင်တန်းကို ရုတ်တရက် ထိုးစစ်ဆင်ခဲ့ကြကာ မိုးကြိုးဝိညာဉ်ကျောက်စိမ်းအများအပြားကို ခိုးယူသွားကြသည်။

တစ်ချိန်တည်းမှာပင် ရေနယ်မြေ ၊ ကျောက်စိမ်းပင်လယ်မြို့တော်မှ အထွတ်ထိတ်သိုင်းကျင့်ကြံသူများက ရေနယ်မြေနှင့် မိုးကြိုးနယ်မြေ နယ်စပ်တွင် တိုက်ခိုက်မှုများစတင်ကာ အဆုံးမဲ့တောင်တန်းကို အာရုံစိုက်နေသည့် ကောင်းကင်မိုးကြိုးခန်းမကို ယိမ်းယိုင်သွားစေရန် ဖိအားပေးခဲ့သည်။

ဝါဒတောင်ကတော့ အဆုံးမဲ့တောင်တန်းနှင့် နေသူတော်စင်ဂိုဏ်းကြားတွင် ရပ်တည်ပေးပြီး ယခုကိစ္စတွင် နေသူတော်စင်ဂိုဏ်း ဝင်ရောက်စွက်ဖက်မည်ကို တားဆီးထားသည်။

ငြိမ်သက်နေသည့် အစွန်းရောက်ရှစ်ပါးကမ္ဘာသည် တမဟုတ်ချင်း လှိုင်းလေပြင်းထန်လာပြီး တိမ်တိုက်များမြင့်တက်လာလေတော့၏။


Comment

Leave a Reply

Options

not work with dark mode
Reset