အခန်း (၁၃၂) ရိုးသားတဲ့ရန်ကျောက်ကဲ
သံလိုက်အကြီးအကဲက ဘီလူးဝိညာဉ်သံလိုက်သတ္တုသွေးကြောအတွင်းရှိ မူမမှန်မှုများကို အစွမ်းကုန်ဖိနှိပ်နေသည့်တိုင် ယခုအချိန်တွင် ကျောက်ကျင်းတစ်ခုလုံးမှာ ပြိုကျလုနီးပါး ဖြစ်နေလေသည်။
ကံကောင်းသည်မှာ ရှန်းရှီဝမ်နှင့် အကြီးအကဲ’ကျော်’တို့ ရှိနေခြင်းပင်။ အဆုံးမဲ့တောင်တန်းမှ အကြီးအကဲ (၃)ယောက် တစ်ညီတစ်ညွတ်တည်း လုပ်ဆောင်လိုက်ကြသဖြင့် နောက်ဆုံးတော့ သတ္တုသွေးကြော ပြန်လည်တည်ငြိမ်သွားခဲ့သည်။
သို့သော် စောစောက ရန်ကျောက်ကဲနှင့် ကျောက်ဟိုတို့ ပြုလုပ်ထားသည့်အလုပ်များအားလုံး ယိုစီးကွယ်ပျောက်သွားခြင်းကြောင့် အဆုံးမဲ့တောင်တန်းမှ လူများအားလုံး ချုံးပွဲချငိုချင်စိတ် ပေါက်သွားကြရသည်။
အကြီးအကဲ’ကျော်’က အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ရင်း ကျောက်ဟိုဆီသို့ လှမ်းကြည့်လိုက်သည်။
သူက ဒေါသကိုထိန်းချုပ်ရင်း…
“ဒါက ဘယ်လိုဖြစ်သွားတာလဲ”
ကျောက်ဟိုက မျက်ခုံးများကို တင်းတင်းကျပ်ကျပ် တွန့်ချိုးထားပြီး ရုတ်တရက်ပြောင်းလဲသွားသည့် ဘီလူးဝိညာဉ်သံလိုက်သတ္တုသွေးကြောကို ငေးမောကြည့်နေသည်။
သူက အကြီးအကဲ’ကျော်’ ၏ မေးခွန်းကို မဖြေနိုင်သလို ကျောက်ကျင်း၏ မူမမှန်မှုများကို ဖြေရှင်းပြီးချိန်အထိ မစောင့်နိုင်ဘဲ တုန်လှုပ်နေသည့်မြေပြင်ကို ကျော်ဖြတ်ကာ သတ္တုသွေးကြောရှိရာသို့ အလျင်အမြန် ပြေးထွက်သွားသည်။
ခဏအကြာတွင်တော့ ကျောက်ဟို၏မျက်နှာက မှေးမှိန်သွားပြီး…
“အကုန်သွားပြီ ၊ ကျိုးပျက်သတ္တုကြောပြန်လည်စီးဆင်းနည်းပညာက အသုံးမဝင်တော့ဘူး ၊ အဲဒီနည်းလမ်းကို အသုံးပြုရင် သတ္တုသွေးကြောကို ပိုပြီးပျက်စီးစေမှာပဲ”
“ဘာဖြစ်တာလဲ…”
ကျောက်ဟိုက ရန်ကျောက်ကဲကို ရုတ်တရက် လှည့်ကြည့်လိုက်သည်။
ကျောက်ဟို သူ့ကို စူးစိုက်ကြည့်နေသည်ကို သတိထားမိသည့်တိုင် ရန်ကျောက်ကဲက မသိချင်ယောင်ဆောင်နေလေသည်။
သူက အံ့အားသင့်စွာ ကျောက်ကျင်း၏ ဖွဲ့စည်းပုံကို ဂရုတစိုက်စစ်ဆေးနေပြီး ဘီလူးဝိညာဉ်သံလိုက်သတ္တုသွေးကြောကို အကဲခတ်နေသည်။
ခဏကြာမှ ရန်ကျောက်ကဲက ခေါင်းခါယမ်းလိုက်ရင်း…
“ကျွန်တော့်ရဲ့ ထိုးဖောက်ရှာဖွေနည်းပညာလည်း အသုံးမဝင်နိုင်တော့ပါဘူး”
အကြီးအကဲ’ကျော်’ က ကျောက်ဟိုကို စိုက်ကြည့်ရင်း…
“ဒါက နည်းပညာစမ်းသပ်နေတုန်း မတော်တဆမှုဖြစ်တာလား ၊ မင်းရဲ့နည်းလမ်းက သူ့ဟာသူ ပြဿနာဖြစ်နေတာလား”
ကျောက်ဟိုက အကြီးအကဲ’ကျော်’ ၏ မေးခွန်းကို မဖြေဘဲ တိတ်ဆိတ်စွာဖြင့် ရန်ကျောက်ကဲကို စိုက်ကြည့်နေသည်။
ဘီလူးဝိညာဉ်သံလိုက်သတ္တုနှင့်ပတ်သက်ပြီး သူ၏ နားလည်မှုက ရန်ကျောက်ကဲထက် နိမ့်ကျသည်မှန်သော်လည်း ထိုမျှ ဆိုးဆိုးဝါးဝါးကြီး နိမ့်ကျသည် မဟုတ်ပေ။ ရန်ကျောက်ကဲ၏ထောင်ချောက်ထဲ ရောက်သွားသည်ဟု ကျောက်ဟို ယောင်ဝါးဝါး ခံစားနေရသည်။
ရန်ကျောက်ကဲ၏ ထိုးဖောက်ရှာဖွေနည်းပညာက ထင်သာမြင်သာသည့် ပြောင်းလဲမှုများ မပြသနိုင်သည့်တိုင် သူ၏ ကျိုးပျက်သတ္တုကြောပြန်လည်စီးဆင်းနည်းပညာကို မြှင့်တင်ပေးနိုင်မည်ဟု အစက ယုံကြည်ခဲ့သည်။
သို့သော် ရန်ကျောက်ကဲက ထိုးဖောက်ရှာဖွေနည်းပညာကို မစမ်းသပ်ခင် သတ္တုသွေးကြောအခြေအနေကို တိတ်တဆိတ် ပြောင်းလဲခဲ့ခြင်း ဖြစ်နိုင်သည်။ ထို့ကြောင့် သူ၏ ကျိုးပျက်သတ္တုကြောပြန်လည်စီးဆင်းနည်းပညာက ကျရှုံးခဲ့ခြင်းမဟုတ်သည့်တိုင် ရန်ကျောက်ကဲစနက်ဖြင့် နေရာတစ်ခုလုံး လှုပ်ခါသွားပြီး ကောင်းကင်ထိတိုင် မီးခိုးနှင့်မှုတ်ထုတ်လုမတတ် ဖြစ်သွားစေခဲ့သည်။
ရန်ကျောက်ကဲက ကျောက်ဟို၏ ဒေါသတကြီးအကြည့်များကို မမြင်ချင်ယောင်ဆောင်လိုက်ပြီး ဘာဖြစ်သွားမှန်းမသိဟန်ဖြင့် ကျောက်ကျင်းကို စစ်ဆေးနေသည်။
“ကျောက်ကျင်းမှာ ဖြစ်ပေါ်သွားတဲ့ အပြောင်းအလဲက ကျွန်တော်တို့ မျှော်လင့်ထားတာထက် ကျော်လွန်သွားပြီ ၊ ဒီကိစ္စက ကိုင်တွယ်ရခက်လိမ့်မယ်”
ရှန်းရှီဝမ်က မျက်မှောင်ကြုတ်နေပြီး သံလိုက်အကြီးအကဲကတော့ ခါးသက်စွာဖြင့် ကြည့်နေသည်။
ရန်ကျောက်ကဲနှင့် ကျောက်ဟိုကြားတွင် သံသယဖြစ်စရာကိစ္စများ ရှိနေသည်ကို အကြီးအကဲ (၃)ယောက်လုံး ရိပ်မိကြသည်။
ကျောက်ဟို၏ ကျိုးပျက်သတ္တုကြောပြန်လည်စီးဆင်းနည်းပညာ စမ်းသပ်နေချိန်တွင် မူမမှန်မှုများ စတင်ဖြစ်ပေါ်လာခဲ့ပြီး သတ္တုသွေးကြောတစ်လျှောက်နှင့် ပတ်ဝန်းကျင်တစ်ခုလုံး ကြီးမားသည့် ဝိညာဉ်စွမ်းအား ပြောင်းလဲမှုကြီးတစ်ခု ဖြစ်ပေါ်သွားခဲ့သည်။
အကြီးအကဲ (၃)ယောက်က မူမမှန်မှုများကို အလျှင်အမြန် ဖိနှိပ်နိုင်ခဲ့ကြသော်လည်း စောစောက ပြုလုပ်ထားသည့် စမ်းသပ်မှုအသေးစိတ်အချက်အလက်များအားလုံး ဖယ်ရှားရှင်းလင်းပစ်လိုက်သလို ဖြစ်သွားခဲ့သည်။ ထို့ကြောင့် သူတို့ရှေ့မှ မြင်ကွင်းကိုကြည့်ရင်း ဤပြဿနာ အဘယ့်ကြောင့် ဖြစ်ရသည်ကို အတိအကျ သိရှိနိုင်ခြင်း မရှိတော့ပေ။
ရန်ကျောက်ကဲ လက်ချက်များလားဟု သံသယဝင်သည့်တိုင် တကယ်တမ်းတွင် သက်သေပြစရာ အထောက်အထား မရှိပေ။
ယခုတော့ ကျောက်ဟိုတွင် အကြံကုန်သွားပြီဖြစ်ရာ ဘီလူးဝိညာဉ်သံလိုက်သတ္တုသွေးကြော ပြန်လည်ကောင်းမွန်လာရန် ရန်ကျောက်ကဲအပေါ်သာ မူတည်တော့သည်။
နောက်ဆုံးတော့ ဝါဒတောင်မှ လူငယ်လေးကိုသာ အားကိုးရတော့မည်ဖြစ်ရာ…
ရှန်းရှီဝမ်နှင့် အခြားသူများအားလုံး စိတ်ပျက်လက်ပျက် ဖြစ်သွားကြ၏။
ရှန်းရှီဝမ်က ချောင်းတစ်ချက်ဟန့်လိုက်ရင်း…
“စောစောက သတ္တုသွေးကြောကို (၉၀)ရာနှုန်းအထိ ပြန်ကောင်းလာအောင် လုပ်ပေးနိုင်တဲ့နည်းလမ်းရှိသေးတယ်လို့ မင်းပြောခဲ့တယ် မဟုတ်လား”
စောစောက ရန်ကျောက်ကဲကို ပွင့်ပွင့်လင်းလင်း မလှောင်ပြောင်မိခဲ့ကြသဖြင့် အဆုံးမဲ့တောင်တန်းမှ တပည့်များမှာလည်း အနည်းငယ် သက်သာရာရသွားကြသည်။
အကြီးအကဲ’ကျော်’နှင့် သံလိုက်အကြီးအကဲတို့ကတော့ စိတ်ပျက်လက်ပျက်ဖြင့် အသံတစ်စက်ပင် မထွက်ကြတော့ပေ။
ရှန်းရှီဝမ်၏ စကားကိုကြားတော့ ရန်ကျောက်ကဲက ပြုံးလိုက်ရင်း…
“ဟုတ်ကဲ့… အဲဒီနည်းလမ်းတော့ ရှိပါသေးတယ် ၊ ဒါပေမဲ့ အဲဒါက သတ္တုသွေးကြော ဒီလိုမျိုး ဖောက်ပြန်မသွားခင်က ပြောခဲ့တာဆိုတော့… အခု အသုံးပြုနိုင်သေးလားဆိုတာ နောက်တစ်ခေါက် ထပ်စစ်ဆေးရပါဦးမယ်”
ရှန်းရှီဝမ်က ခေါင်းညိတ်ရင်း ခါးသီးစွာ ရယ်မောလိုက်သည်။
“အတွေ့အကြုံရှိပြီး တည်ငြိမ်တယ် ၊ ဒီလိုသားတစ်ယောက်ရှိတာ ရန်တိတော့ ဝမ်းသာနေမှာပဲ”
ရှန်းရှီဝမ်က ရန်ကျောက်ကဲကို ချီးကျူးလိုက်ရာ အဆုံးမဲ့တောင်တန်းမှ တပည့်များအားလုံး သွေးအန်လုမတတ် ဖြစ်သွားကြသည်။ သူတို့ ငြင်းဆန်းလိုက်ချင်သော်လည်း မတတ်နိုင်ကြပေ။
ကျောက်ဟိုကတော့ မျက်နှာတစ်ခုလုံး နီရဲနေပြီး နေရာတွင်ပင် အမြစ်တွယ်ကာ မလှုပ်မယှက် မတ်တတ်ရပ်နေသည်။ ရှန်းရှီဝမ် ရန်ကျောက်ကဲကို ချီးကျူးလိုက်ခြင်းက သူ့ကို သွယ်ဝိုက်ပြီး ကဲ့ရဲ့ ရှုံ့ချလိုက်ခြင်းဖြစ်ကြောင်း နားမလည်ဘဲ မနေပေ။
“အရည်အချင်းမရှိဘဲ ရူးမိုက်တဲ့သူ”
ပွင့်ပွင့်လင်းလင်း ထုတ်မပြောကြသည့်တိုင် သူ့ကိုကြည့်နေသည့်အကြည့်များက ထိုသို့ ပြစ်တင်ရှုတ်ချနေကြခြင်းဖြစ်ကြောင်း ကျောက်ဟို ခံစားမိသည်။
လွန်ခဲ့သည့်အချိန်ခဏအတွင်း သူက သူရဲကောင်းတစ်ယောက် ဖြစ်လာခဲ့သော်လည်း ယခုတော့ ကောင်းကင်ထက်မှ ကန်ချခံရပြီး အနိမ့်ဆုံးတွင်းနက်တစ်ခုထဲသို့ ရောက်ရှိသွားလေပြီ။
သူက အဆုံးမဲ့တောင်တန်းတွင် နာမည်တစ်ခုဖြင့် ရပ်တည်ချင်ခဲ့သည်။ အဆုံးမဲ့တောင်တန်းမှ အခြားတပည့်များထက် ပိုမိုထူးချွန်ထက်မြက်သည့် နည်းလမ်းတစ်ခုကို အသုံးချကာ နာမည်ရအောင် ပြုလုပ်ခဲ့သော်လည်း ယခုတော့ သမိုင်းခေတ်ဦးတွင် မကြုံစဖူးသော အဖြစ်ဆိုးနှင့် ကြုံတွေ့ရလေပြီ။ မိုးမြင့်ထက်သို့ တက်လှမ်းနိုင်ခဲ့သော်လည်း ချက်ချင်းပင် မြေပြင်ထက် ကန်ချခံလိုက်ရသည်။
အပေါ်တက်သည်ကနည်းနည်း ၊ ရွှံတွင်းထဲတွင် အဆုံးသတ်ရသည်က ထာဝရဖြစ်သွားခဲ့၏။
သံလိုက်အကြီးအကဲက သတ္တုသွေးကြောအတွင်းမှ မူမမှန်မှုများကို ချက်ချင်းဖိနှိပ်နိုင်ခဲ့သဖြင့် ဆုံးရှုံးမှုများစွာ မရှိခဲ့သော်လည်း အဆုံးမဲ့တောင်တန်းတွင် နေထိုင်ရမည့် ကျောက်ဟို၏ နောက်ပိုင်းနေ့ရက်များကတော့ ချောမွေ့လွယ်ကူတော့မည် မဟုတ်ပေ။
ရှန်းရှီဝမ်က ကျောက်ဟိုကို စောင်းပြောခြင်းဖြစ်ကြောင်း သိရှိသဖြင့် အကြီးအကဲ’ကျော်’မှာလည်း မျက်နှာတစ်ခုလုံး ထူပူသွားသည်။
ရန်ကျောက်ကဲက ကျောက်ကျင်းကို ဂရုတစ်စိုက်စစ်ဆေးနေစဉ် ဖန်းယွင်ရှန်းက အသံပို့လွှတ်စနစ်ဖြင့် စကားပြောလာသည်။
“ဒါတွေအားလုံးက ရှင့်အကြံတွေပဲ မဟုတ်လား”
ရန်ကျောက်ကဲက…
“သူ့နည်းလမ်းက သတ္တုသွေးကြောကို (၇၀) ရာနှုန်းအထိ ပြန်ကောင်းနိုင်မယ်လို့ ကျောက်ဟိုက ပြောတယ်လေ”
သူက ဆက်ပြောသည်။
“သတ္တုသွေးကြောကို (၇၀)ရာခိုင်နှုန်းပြန်ကောင်းနိုင်တာဆိုလို့ ‘ကျိုးပျက်သတ္တုကြောပြန်လည်စီးဆင်း’ နည်းပညာပဲ ရှိတယ် ၊ ငါ့ရဲ့ ‘ထိုးဖောက်ရှာဖွေ’ နည်းပညာက တကယ်တော့ (၈၀) ရာနှုန်း ပြန်ကောင်းအောင် လုပ်ပေးနိုင်တယ် ၊ ငါက တမင်သက်သက် လျှိုပြီးတော့ သက်ရောက်မှုကို (၇၀) ရာနှုန်းပဲ ချပြလိုက်တာ ၊ အဲဒီလိုလုပ်လိုက်တော့ ကျောက်ဟိုရဲ့ နည်းပညာလည်း စမ်းသပ်လိုက်ရော နည်းပညာ (၂)ခု ပဋိပက္ခဖြစ်ပြီး သတ္တုသွေးကြောတစ်ခုလုံး ဖောက်လွှဲဖောက်ပြန်တွေ ဖြစ်ကုန်တာပေါ့”
“ကျောက်ဟိုကို ကျေးဇူးတင်ရမယ် ၊ မဟုတ်ရင် မိုးကြိုးဒြပ်စင်နည်းလမ်းကို အဆုံးမဲ့တောင်တန်းက လက်ခံသွားအောင် လွယ်လွယ်နဲ့ လုပ်နိုင်မှာ မဟုတ်ဘူး”
ဖန်းယွင်ရှန်းက…
“ဒါက ရှင် အရင်ဆုံးစမ်းသပ်ခွင့်ရလို့ အဆင်ပြေတာလေ ၊ ကျောက်ဟိုသာ သူ့နည်းလမ်းကို အရင်ဆုံးစမ်းသပ်မယ်ဆိုရင် သတ္တုသွေးကြောတစ်ခုလုံး ကမောက်ကမဖြစ်သွားအောင် လုပ်တဲ့သူက သူမဟုတ်ဘဲ ရှင် ဖြစ်သွားမှာ မဟုတ်ဘူးလား”
“အဲဒီလိုဆိုရင်တော့ ငါက ဒီအစီအစဉ်အတိုင်း ဘယ်လုပ်ပါ့မလဲဟ ၊ ငတုံးမှ မဟုတ်တာ ၊ နောက်ထပ် အရံအစီအစဉ်တစ်ခု ရှိသေးတယ်လေ ၊ ဒါပေမဲ့ နည်းနည်းတော့ အခက်အခဲရှိတာပေါ့”
ရန်ကျောက်ကဲက ပခုံးတစ်ချက်တွန့်လိုက်ပြီး…
“ဒါပေမဲ့ ကိုယ်ရည်ကိုယ်သွေးက ကံကြမ္မာကို ဖန်တီးတာပဲလေ ၊ အဟက်… ညီလေးကျောက်ဟိုက ငါ့ကို စိတ်ဓာတ်မကျစေခဲ့ဘူးပဲ”
ရန်ကျောက်ကဲက ကျောက်ကျင်းကို ဂရုတစိုက် စူးစမ်းလေ့လာပြီးနောက် တစ်စုံတစ်ခုကို စဉ်းစားနေသည့်အလား မျက်လုံးများကို မှေးမှိတ်လိုက်သည်။
အတန်ကြာမှ သူက ရှန်းရှီဝမ်ကို လှမ်းကြည့်လိုက်ပြီး…
“ကျွန်တော့်ရဲ့ ဒုတိယနည်းလမ်းကတော့ အသုံးပြုလို့ရပါသေးတယ် ၊ ဒါပေမဲ့ ဒီနည်းပညာက ပြဿနာလေး နည်းနည်းပါးပါးရှိတယ် ၊ အဲဒါကို အကြီးအကဲတို့ဘက်က လက်ခံနိုင်ပါ့မလား မသိဘူး”
ရန်ကျောက်ကဲက ခဏနားပြီး ဆက်ပြောသည်။
“ဒါပေမဲ့ အကျိုးသက်ရောက်မှုကတာ့ ပိုကောင်းလာမယ်ဆိုတာ သေချာပါတယ် ၊ စောစောက ဒီနည်းလမ်းကို မပြောခဲ့ဘူးဆိုတာက အဲဒီပြဿနာလေး ရှိနေလို့ပါ”
ရှန်းရှီဝမ်က…
“အခုတော့ အဲဒီနည်းလမ်းပဲ ကျန်တော့တာ မဟုတ်လား”
ရန်ကျောက်ကဲက ခေါင်းညိတ်လိုက်ရင်း…
“အခုချိန်ထိတော့ ကျွန်တော့်မှာ အဲဒီနည်းလမ်းကလွဲပြီး တခြားနည်းလမ်း မရှိပါဘူး”
ရှန်းရှီဝမ်က စကားတစ်ခွန်းမှမဆိုဘဲ ငြိမ်သက်နေသည့် ကျောက်ဟိုကို တစ်ချက်အကဲခတ်လိုက်ပြီး ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။
“ပြောသာပြောပါ”
နည်းလမ်းအသစ်က ဘီလူးဝိညာဉ်သံလိုက်သတ္တုသွေးကြောကြီးတစ်ခုလုံး တောင်တန်းနယ်မြေအပြင်ဘက်သို့ ရောက်ရှိသွားမည်ဆိုဦးတော့ အဆုံးမဲ့တောင်တန်းက လက်ခံရန် စဉ်းစားထားသည်။ မည်မျှပင် ကုန်ကျစရိတ်မြင့်မားစေကာမူ သူတို့က တတ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်မည် ဖြစ်သည်။ အခြေအနေက အတင်းအကျပ် ဖိအားပေးခံရသည့် အနေအထားမျိုးဖြစ်လေရာ အခြားထိပ်သီးသိုင်းဂိုဏ်းများဖြင့် စစ်ဖြစ်ရလျှင်လည်း ခေါင်းထဲမထားနိုင်ကြတော့ပေ။
အဆုံးမဲ့တောင်တန်းအနေဖြင့် ဘီလူးဝိညာဉ်သံလိုက်သတ္တု အမြောက်အမြားထွက်ရှိရန် အရေးတကြီး လိုအပ်နေပြီ ဖြစ်သည်။
ရန်ကျောက်ကဲက…
“ဒီနည်းပညာရဲ့ နာမည်က မိုးကြိုးဒြပ်စင်နည်းပညာ ဖြစ်ပါတယ်”
“မိုးကြိုးဒြပ်စင်… နည်းပညာ ဟုတ်လား…”
ထိုနာမည်ကိုကြားသည်နှင့် ရှန်းရှီဝမ် ၊ အကြီးအကဲ’ကျော်’ ၊ သံလိုက်အကြီးအကဲနှင့် အခြားသူများ ရင်ထဲထိတ်ခနဲ လှုပ်ရှားသွားကြပြီး မကောင်းသည့် အငွေ့အသက်တစ်ခု ခံစားလိုက်ကြရသည်။
ရန်ကျောက်ကဲက…
“ဒီနည်းပညာကို ထုတ်ဖော်ဖို့ ပစ္စည်းတစ်ခု အသုံးပြုရမှာ ဖြစ်ပါတယ်”
ထို့နောက် သူက လက်ခုပ်တစ်ချက်တီးလိုက်ရာ အားဟူက လက်ထဲတွင် အဆင်သင့်ကိုင်ထားသည့် သေတ္တာတစ်လုံးကို ရန်ကျေက်ကဲလက်ထဲ ထည့်ပေးလိုက်၏။
ရန်ကျောက်ကဲ သေတ္တာကိုဖွင့်လိုက်သည့်အခါ ခရမ်းပြာရောင်ကျောက်တုံးတစ်တုံးကို တွေ့လိုက်ရသည်။
ကျောက်တုံးက အပြရောင်လဲ့လဲ့ တောက်ပနေပြီး မိုးကြိုးလျှပ်စီးများက ကျောက်တုံးထဲတွင် လှည့်ပတ်သွားလာနေသည်။ လျှပ်စီးအလင်းရောင်များထဲတွင် လူသားတစ်ယောက်၏ ပုံသဏ္ဌန်ကိုတွေ့မြင်ရပြီး မိုးခြိမ်းသံများပင် အပြင်ဘက်သို့ စိမ့်ထွက်နေသည့်အလား ခံစားရသည်။
“မိုးကြိုးဝိညာဉ်ကျောက်စိမ်း”
ထိုပစ္စည်းကိုတွေ့သည်နှင့် ရှန်းရှီဝမ်နှင့် အခြားသူများအားလုံး မျက်နှာများ မည်းမှောင်သွားကြသည်။
ထို့နောက် အကြီးအကဲ’ကျော်’၏ မျက်နှာထက်မှ စိုးရိမ်ပူပန်မှုများ ပျောက်ကွယ်သွားပြီး သူက ရန်ကျောက်ကဲကို ခေါင်းမော့ကြည့်လိုက်သည်။
“မင်းရဲ့နည်းလမ်းက ဒီပစ္စည်းကို မဖြစ်မနေ အသုံးပြုရမှာလား”
မိုးကြိုးဝိညာဉ်ကျောက်စိမ်း ၊ မိုးကြိုးနယ်မြေ၏ ထူးခြားသော ရတနာတစ်ပါး။
ကောင်းကင်မိုးကြိုးခန်းမမှ သိုင်းကျင့်ကြံသူများအတွက် မိုးကြိုးဝိညာဉ်ကျောက်စိမ်း၏ အရေးပါမှုသည် အဆုံးမဲ့တောင်တန်းအတွက် ဘီလူးဝိညာဉ်သံလိုက်သတ္တု၏ အရေးပါမှုထက် မနိမ့်ကျပေ။
ထိုပစ္စည်းက ရှားပါးလေရာ လိုအပ်ချက် ပြီးပြည့်စုံသည်ဟူ၍ မရှိဘဲ ပစ္စည်းပြတ်သွားသည်ကများသည်။
ထို့ကြောင့် အဆုံးမဲ့တောင်တန်းက ထိုပစ္စည်းကို ဝယ်ယူချင်သည့်တိုင် ကောင်းကင်မိုးကြိုးခန်းမက သူတို့၏ ကမ်းလှမ်းချက်ကို ပြတ်ပြတ်သားသား ငြင်းဆိုမည်သာ ဖြစ်သည်။
နေသူတော်စင်ဂိုဏ်းက ဤသည်ကို သတိပြုမိပြီး ကောင်းကင်မိုးကြိုးခန်းမကို အဆုံးမဲ့တောင်တန်းနှင့် မဟာမိတ်ဖြစ်စေရန် ဖိအားပေးပါက ကောင်းကင်မိုးကြိုးခန်းမအတွက် ပိုမိုဆိုးရွားသွားစေမည် ဖြစ်သည်။
ကောင်းကင်မိုးကြိုးခန်းမ၏ မျက်လုံးထဲတွင် အစွန်းရောက်ရှစ်ပါးကမ္ဘာမှ မည်သည့်ရင်းမြစ်ပစ္စည်းမဆို မိုးကြိုးဝိညာဉ်ကျောက်စိမ်းနှင့် တန်ဖိုးညီမျှခြင်း မရှိပေ။
အဆုံးမဲ့တောင်တန်းမှ အကြီးအကဲများ ဘာလုပ်ရမှန်းမသိဖြစ်နေသည်ကိုကြည့်ရင်း ရန်ကျောက်ကဲက ဆိုသည်။
“အစက ကျွန်တော်လည်း ဒီနည်းလမ်းကို ပြောပြဖို့ ရည်ရွယ်ချက် မရှိပါဘူး”
သူက ဆက်ပြောသည်။
“ကျွန်တော် ဒီကိုခရီးထွက်လာရတဲ့ ရည်ရွယ်ချက်က ကျွန်တော်တို့ဂိုဏ်းက အကြီးအကဲတို့ဂိုဏ်းကိုကူညီပြီး ဂိုဏ်း (၂)ဂိုဏ်းကြား ဆက်ဆံရေးတိုးမြှင့်ဖို့ပါ ၊ ကျွန်တော်တို့ ဂိုဏ်း (၂)ဂိုဏ်း မဟာမိတ်ဖွဲ့နိုင်ရင် နေသူတော်စင်ဂိုဏ်းနဲ့ ကောင်းကင်မိုးကြိုးခန်းမကို အတူတူရင်ဆိုင်နိုင်မယ်လို့ မျှော်လင့်မိပါတယ် ၊ ရည်ရွယ်ချက်ရှိရှိ တမင်တကာ ပြဿနာရှာတာမျိုး မဟုတ်ပါဘူး”
ထိုစကားကိုပြောသည့်အချိန်တွင် ရန်ကျောက်ကဲ၏ မျက်ဝန်းများထဲတွင် ရိုးသားမှုအပြည့်ရှိနေခဲ့လေသည်။