အခန်း (၁၃၁) အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံး စိတ်လှုပ်ရှားသွားစေမည့် ဇာတ်လမ်းတစ်ပုဒ်
ရန်ကျောက်ကဲနှင့် စစ်ခုန်ချင်းတို့ကို ဆက်တိုက် ရှုံးနိမ့်ခဲ့ရသည့်အတွက် အဆုံးမဲ့တောင်တန်းမှ တပည့်များအားလုံး ခေါင်းမဖော်နိုင် ဖြစ်ခဲ့ရသည်။
အနိုင်အရှုံးကိုအသာထား ၊ သူတို့၏ ဘီလူးဝိညာဉ်သံလိုက်သတ္တုသွေးကြော ပြန်လည်ကောင်းမွန်ရန်အတွက် ရန်ကျောက်ကဲအပေါ်မှီခိုအားကိုးရမည်ဆိုပါက ကျိဟန်ရူနှင့် အခြားသူများအနေဖြင့် ပိုပြီး အရှက်ရကြမည် ဖြစ်သည်။
အနာဂတ်တွင် ပြိုင်ဘက်ကို အနိုင်တိုက်ခိုက်ပြီး သိက္ခာဆည်ရန် ကြိုးပမ်းမည်ဆိုဦးတော့ ပြန်လည်ဦးမော့လာနိုင်ခြေ မရှိတော့ပေ။
ကျောက်ဟိုက အမြင်ကတ်စရာကောင်းသည့်တိုင် အနည်းဆုံးတော့ အဆုံးမဲ့တောင်တန်းမှ တပည့်တစ်ယောက် ဖြစ်နေသေးသည်။ ထို့ကြောင့် ကျောက်ဟို အသာစီးရသွားခြင်းက လူတိုင်းကို စိတ်သက်သာရာရစေသည်။
“ရန်ကျောက်ကဲပြောတာတော့ သူ့မှာ နည်းလမ်း (၂)ခုရှိတယ် ပြောတာပဲ ၊ ဒါပေမဲ့ သူတို့ ဝါဒတောင်ကိုအထင်ကြီးအောင် ပေါက်ကရလေးဆယ် သောက်ကြီးသောက်ကျယ်တွေ လျှောက်ပြောတာလည်း ဖြစ်နိုင်တာပဲ ၊ တကယ်ဆိုရင် နည်းလမ်းက တစ်ခုပဲ ရှိရမှာ မဟုတ်ဘူးလား”
အဆုံးမဲ့တောင်တန်းမှ တပည့်တစ်ယောက်က မုန်းတီးစွာဖြင့် စကားဆိုသည်။
“ထားပါကွာ… သူ့မှာ တခြားနည်းလမ်း တကယ်ရှိတယ်ဆိုရင်တောင်မှ အသုံးမဝင်တော့ပါဘူး”
ဘေးမှတပည့်တစ်ယောက်က ရယ်မောရင်း ဝင်ပြောလိုက်သည်။
“အခု ကျောက်ဟိုပြောတဲ့နည်းလမ်းက သတ္တုသွေးကြောကို (၈၀)ရာနှုန်းကျော် ပြန်ကောင်းစေနိုင်တာပဲ ၊ (၉၀)ရာနှုန်းလောက်နဲ့တော့… သူ့ကို အောက်ကျခံမနေတော့ဘူး”
“အေးလေ… ဝါဒတောင်ကလူကို ဘာလို့ အားကိုးနေတော့မလဲ”
ပတ်ဝန်းကျင်ရှိ အဆုံးမဲ့တောင်တန်းမှ တပည့်များအားလုံးက ခေါင်းညိတ်လိုက်ရင်း…
“အမှန်ပဲ… အမှန်ပဲ… ဒီတစ်ခါတော့ ရန်ကျောက်ကဲ လှည့်ဟောင်တဲ့သစ်ပင် မှားသွားပြီ”
ကျိဟန်ရူ၏မျက်နှာအမူအရာက လေးနက်နေသော်လည်း စိတ်ထဲတွင်တော့ ပျော်ရွှင်နေသည်။ နောက်ဆုံးတော့ ရန်ကျောက်ကဲ ရှုံးနိမ့်သွားခဲ့ပြီး တပည့်အသစ်တစ်ယောက်ဖြစ်သော ကျောက်ဟိုကြောင့် သူတို့ဂိုဏ်း ပြန်လည်ခေါင်းမော့လာနိုင်ခဲ့လေပြီ။
ကျိဟန်ရူကတော့ အဆုံးမဲ့တောင်တန်း၏ ထိပ်တန်းတပည့်တစ်ယောက်အနေဖြင့် သိက္ခာဆည်လိုလျှင် အနာဂတ်တွင် ရန်ကျောက်ကဲကို တိုက်ခိုက်အနိုင်ယူရမည် ဖြစ်သည်။
လက်ရှိတွင်တော့ သတ္တုသွေးကြောကိစ္စ၌ ဝါဒတောင်ကို အားကိုးစရာမလိုတော့ဘဲ အဆုံးမဲ့တောင်တန်းမှ တပည့်တစ်ယောက်ဖြစ်သော ကျောက်ဟိုကို အားကိုးနိုင်ပြီဖြစ်သဖြင့် ကျိဟန်ရူ စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်ခဲ့သည်။
စိတ်ခံစားချက်များကို ဖုံးကွယ်တတ်လေ့မရှိသော ဖူအန်းစုကတော့ မျက်မှောင်ကြုတ်ရင်း မျက်နှာပျက်လျှက် ရှိသည်။
ကျောက်မင် ၊ ကျင်းယွင်ကျီနှင့် အခြားသူများကတော့ ရန်ကျောက်ကဲကို စိုးရိမ်စွာဖြင့် ကြည့်နေကြ၏။
ယခုတစ်ကြိမ် အရှုံးနှင့်ရင်ဆိုင်ရပါက တိမ်လွှာတောင်သို့ ခရီးထွက်လာခြင်းမှာ အလကားဖြစ်သွားပေလိမ့်မည်။ ထို့ပြင် မကြာခင်အချိန်ထိ အရာအားလုံး အဆင်ပြေချောမွေ့နေခဲ့သော ရန်ကျောက်ကဲအတွက် ထိုးနှက်ချက်တစ်ခု ဖြစ်လာမည်မှာလည်း အသေအချာပင်။
ဝါဒတောင်အနေဖြင့် အဆုံးမဲ့တောင်တန်းနှင့် အပေးအယူလုပ်ရန် အားသာချက်မရှိတော့သည့်အပြင် အနည်းငယ်ပင် ဖိနှိပ်ခံလိုက်ရသည် မဟုတ်ပါလား။
အဆုံမဲ့တောင်တန်းတွင် ဝါဒတောင်ကို လိုလားသည့်အုပ်စုနှင့် မလိုလားသည့်အုပ်စု (၂)ခုကွဲနေသည့်တိုင် ယခုတော့ ဝါဒတောင်ကို လိုလားသည့်အုပ်စုသည်လည်း ရန်ကျောက်ကဲကို ကူညီမည်မဟုတ်ပေ။ အဆုံးမဲ့တောင်တန်း၏ ဂိုဏ်းသားများအနေဖြင့် ပထမဦးစားပေးအရေးကြီးဆုံးမှာ သူတို့ပိုင်ဆိုင်သည့် အဆုံးမဲ့တောင်တန်းသာလျှင် ဖြစ်သည်။
အခြားသူများ၏ အကူအညီကို မယူမှသာ နောင်တစ်ချိန်တွင် သွားလား နှုတ်ခမ်းလား အစစ်အမှန်ကို ပိုင်းခြားနိုင်ပြီး မည်သူ့မျက်နှာမှမကြည့်ဘဲ ရှင်သန်နိုင်မည် ဖြစ်သည်။ နေသူတော်စင်ဂိုဏ်း၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရသူမှာ ဝါဒတောင်ဂိုဏ်းသာလျှင်ဖြစ်ပြီး အဆုံးမဲ့တောင်တန်းက အနေသာကြီး ဖြစ်၏။
ရှန်းရှီဝမ်က ဝါဒတောင်ကိုလိုလားသောအုပ်စုဘက်တွင် ရပ်တည်သည့် အကြီးအကဲတစ်ယောက်ဖြစ်သော်လည်း တိမ်လွှာတောင်၏ ဘီလူးဝိညာဉ်သံလိုက်သွေးကြော ပြဿနာအတွက် ဂိုဏ်းတူတပည့်တစ်ယောက်က ဖြေရှင်းပေးနိုင်ကြောင်း တွေ့ရသည့်အခါ ဝမ်းမြောက်ဝမ်းသာ ဖြစ်မိသည်။
အစကတည်းက ဝါဒတောင်ကို မလိုလားသည့်အုပ်စုတွင်ပါဝင်သော အကြီးအကဲ’ကျော်’ကတော့ မည်မျှ ပျော်ရွှင်နေသည်မှာ ပြောစရာပင် မလိုတော့ပေ။
သူက ရန်ကျောက်ကဲကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ထိုကောင်လေးသည် ကျိဟန်ရူထက် သိုင်းစွမ်းမြင့်မားနေသည်ကတော့ စိုးရိမ်စရာကောင်းသည် အမှန်ပင်။
သို့ပေသိ ဘီလူးဝိညာဉ်သံလိုက်သတ္တုသွေးကြောအတွက် ယေဘူယျအခြေအနေများကတော့ ဆုံးဖြတ်ပြီး ဖြစ်သည်။
အကြီးအကဲ’ကျော်’ ၏ စိတ်ထဲတွင် ခံစားချက်များ ရောထွေးနေသည်။ ယခုလုပ်ငန်းစဉ်သာ အောင်မြင်ခဲ့လျှင် ကျောက်ဟိုသည် ခြေတစ်လှမ်းတည်းဖြင့် ကောင်းကင်ဘုံသို့ တက်သွားပေလိမ့်မည်။
ကျောက်ဟိုက ပညာကုန်မထတ်ဘဲ လျှိုထားသူဖြစ်ပြီး သူရရှိမည့် ဆုလာဘ်နှင့် အခွင့်အရေးများကို အခြားသူများအား ခွဲဝေပေးရန် ဆန္ဒမရှိပေ။ ထိုအကြောင်းစဉ်းစားမိသည့်အခါ အကြီအကဲ’ကျော်’ အနည်းငယ်တော့ စိတ်မချမ်းမသာ ဖြစ်မိသည်။
အနည်းဆုံးတော့ သူသည်လည်း ဤကိစ္စနှင့်ပတ်သက်ပြီး အကျိုးအမြတ်အချို့ ရရှိသင့်သည် မဟုတ်လား။ ဂိုဏ်းထဲတွင် မျက်နှာရရန် မည်သို့လုပ်ဆောင်ရမည်ကို ဂရုတစိုက်ဖြင့် စတင်စဉ်းစားနေတော့သည်။
သူ့အရှေ့ရှိ လူအုပ်ထဲမှထွက်ပေါ်လာသည့် များစွာသော ခံစားချက်များကို အာရုံခံရင်း ရန်ကျောက်ကဲ မျက်တောင်တဖျတ်ဖျတ် ခတ်လိုက်သည်။
ကျောက်ဟိုက သူ့ကို စူးစိုက်ကြည့်နေကြောင်းကိုလည်း သတိပြုမိ၏။
ကျောက်ဟိုက ရန်ကျောက်ကဲကို ကြည့်နေရင်း…
“မင်းရဲ့ ‘ထိုးဖောက်ရှာဖွေ’ နည်းပညာကို ကြည့်ပြီး ငါ့ရဲ့ နည်းလမ်းကို အဆင့်မြှင့်တင်လို့ရတယ် ၊ ဒါက ပိုကောင်းတဲ့ အကျိုးသက်ရောက်မှု ရှိလာနိုင်တယ် ၊ ဒါကြောင့် ဒီရလဒ်ကို ဦးဆောင်ခဲ့တဲ့သူက မင်းကိုယ်တိုင်ပါပဲ”
အကြီးအကဲ’ကျော်’က ဖူအန်းစုကို လက်နှစ်ဖက်ဆုပ် ဂါရဝပြုလိုက်ရင်း…
“မင်းတို့ရောက်လာတာ ခရီးပန်းပြီး အလုပ်မဖြစ်ပေမယ့် ငါတို့ဂိုဏ်းက မင်းတို့ကို ကျေးဇူးတင်နေဆဲပါပဲ”
သူက ဆက်ပြောသည်။
“မင်းတို့ဂိုဏ်းက ရန်ကျောက်ကဲပြောတဲ့နည်းလမ်းကို ငါတို့ အသုံးမပြုပေမယ့် လုပ်ငန်းစဉ်တစ်ခုလုံးမှာ သူ တကယ်ပဲ ကူညီပေးခဲ့ပါတယ်”
အကြီးအကဲ’ကျော်’ က တမင်တကာ ဟန်လုပ်ပြီး သဘောကောင်းပြနေခြင်း ဖြစ်လေရာ ဖူအန်းစုမျက်နှာက ပိုပြီးမည်းမှောင်လာသည်။
သူမက ဒေါသကို ရန်ကျောက်ကဲအပေါ် ပုံမချသေးဘဲ အကြီးအကဲ’ကျော်’ကိုသာ မကျေမနပ်ဖြင့် စိုက်ကြည့်နေ၏။
ဖူအန်းစု၏အကြည့်ကို ရင်ဆိုင်လိုက်ရသည်နှင့် သူမက ဘီလူးဝိညာဉ်သံလိုက်သတ္တုသွေးကြောကြီးတစ်ခုလုံးကို ဖျက်စီးဖြိုချပစ်တော့မည်လားဟု အတွေးဝင်မိပြီး အဆုံးမဲ့တောင်တန်းမှ အကြီးအကဲ (၃)ယောက် ထိတ်လန့်သွားကြသည်။
ကျောက်ဟိုက ရန်ကျောက်ကဲကို စိုက်ကြည့်ရင်း…
“ဒီနေ့က အစပဲ ရှိသေးတယ်”
“မင်းနဲ့ မင်းနောက်က ဝါဒတောင်ဂိုဏ်း တစ်နေ့ ငါ့လက်ထဲမှာ ပျက်စီးစေရမယ် ၊ နေသူတော်စင်ဂိုဏ်းကြောင့်လည်း မဟုတ်ဘူး ၊ ကောင်းကင်မိုးကြိုးခန်းမနဲ့ အဆုံးမဲ့တောင်တန်းကြောင့်လည်း မဟုတ်ဘူး ၊ ငါ့လက်နဲ့ ဖျက်စီးပစ်မှာ”
ဤစကားများကို ကျောက်ဟိုက ထုတ်ဖော်ပြောြခင်း မရှိသော်လည်း သူ့အကြည့်များမှတစ်ဆင့် ရန်ကျောက်ကဲ ခံစားနားလည်နိုင်ခဲ့သည်။
ထိုစဉ်…
“ရှင့်လက်ထဲမှာ ဘာကျန်သေးလဲ ၊ ကျန်သေးရင် အခုပဲ ကစားလိုက် ၊ သိမ်းထားလို့ ကလေးမွေးလာမှာ မဟုတ်ဘူး…”
ဖန်းယွင်ရှန်း အသံပို့လွှတ်စနစ်ဖြင့် စကားပြောလာသည်ကို ရန်ကျောက်ကဲ ကြားလိုက်ရခြင်းပင်။
ရန်ကျောက်ကဲ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်ကွေးသွားပြီး…
“ငါ့လက်ထဲ ဘာကျန်ရမှာလဲ ၊ အခုတောင် ပါးရိုက်ခံရလို့ သောက်ရှက်ကွဲနေတာ မင်းမတွေ့ဘူးလား ၊ မျက်နှာတောင် ဘယ်နားထားရမှန်းမသိလို့ လွှင့်တောင်ပစ်ချင်လာတယ် ၊ တိမ်လွှာတောင်ကနေ ဝါဒတောင်ကိုပြန်ရင် လမ်းမှာ ငါ့မျက်နှာကို လွှင့်ပစ်ခဲ့တော့မယ်”
ရန်ကျောက်ကဲက ဆက်ပြောသည်။
“အဟဲ… အဆုံးမဲ့တောင်တန်းက ညီလေးကျောက်ဟိုကတော့ သူတို့ဂိုဏ်းအတွက် သူရဲကောင်းကြီး ဖြစ်လာတော့မယ်”
ဖန်းယွင်ရှန်းက…
“ရှင်တွေ့တဲ့အတိုင်းပဲလေ ၊ သူက အကုန်လုံးကို လက်ဝါးကြီးအုပ်ထားတာ ၊ သူ ကြိုက်သလို ညွှန်ကြားလိုက် အမိန့်ပေးလိုက်နဲ့ ၊ တခြားဂိုဏ်းသားတွေက ဘာမှမတတ်နိုင်ဘူး ၊ ကျွန်မတို့ အပြင်လူတွေရှေ့သာ ကြွားလုံးထုတ်နေကြပေမယ့် သူ့ကို ကျေနပ်တဲ့သူ တစ်ယောက်မှ မရှိဘူး”
ရန်ကျောက်ကဲက…
“ဒီတစ်ခါတော့ ဘယ်ကပေါ်လာမှန်းမသိတဲ့ တပည့်ငယ်လေးက ကိုယ်ပိုင်အစွမ်းအစနဲ့ ဒီရေကို ပြောင်းပြန်စီးဆင်းစေလိုက်ပြီလေ ၊ တစ်ဂိုဏ်းလုံး သူ့ကြောင့်ခေါင်းမော့နိုင်ကြပြီ ၊ ဂိုဏ်းရဲ့ဂုဏ်သိက္ခာကို မြှင့်တင်စေနိုင်ရုံသာမက ကာလရှည်ကြာ ဖြေရှင်းမရတဲ့ အဓိကပြဿနာကြီးကိုလည်း ဖြေရှင်းပေးလိုက်သေးတယ် ၊ ပြီးတော့ မာနကြီးတဲ့ ဝါဒတောင်က သခင်လေးကိုလည်း မျက်နှာဖြတ်ရိုက်လိုက်တာ သိက္ခာတွေအကုန်လုံး မြေကြီးပေါ် စုတ်ပြတ်သတ် ပြုတ်ကျသွားရုံသာမက မြေကြီးထဲဝင်သွားတဲ့အထိပဲ”
“နောက်တော့ အဲဒီတပည့်ငယ်လေးကို သူတို့ဂိုဏ်းက ကောင်းကောင်းဂရုစိုက်ပေးပြီး အကောင်းဆုံး အရင်းအနှီးနဲ့ အာမခံချက်တွေ ပေးလိမ့်မပေါ့ ၊ ပြီးတော့ ဂိုဏ်းရဲ့ အစွမ်းထက်ဆုံးသိုင်းပညာကို သင်ပေးလိုက်တဲ့အတွက် အထွတ်ထိပ်အဆင့်ကိုလည်း ရောက်သွားလိမ့်မယ်”
“အင်း… အဲဒီနောက်မှာတော့ သူ့နှလုံးသားကို ခိုးယူမယ့် လှပတဲ့ ဂိုဏ်းတူညီမလေးတစ်ယောက် ရှိလာတာလည်း ဖြစ်နိုင်တာပဲလေ”
ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ရင်း…
“ဘယ်လိုလဲ… ဒီဇာတ်လမ်းက စိတ်လှုပ်ရှားစရာကောင်းတယ်မဟုတ်လား ၊ အရမ်းများ အစွန်းရောက်သွားလား”
ဖန်းယွင်ရှန်းက ရန်ကျောက်ကဲကိုကြည့်လိုက်သည်။ သူမ မျက်နှာက ပြုံးသယောင်နှင့် တကယ်တမ်းတွင် ပြုံးနေခြင်း မရှိပေ။
“လေသံက ထူးဆန်းနေပါလား ၊ ဒီ ပေါက်ကရလေးဆယ်တွေကို တစ်ထိုင်တည်းနဲ့ ရှင် ဘယ်လိုများ တွေးလိုက်နိုင်တာလဲ… ဟမ်…”
သူမက သူမကိုယ်သူမ အရင်ကြည့်လိုက်ပြီး စစ်ခုန်ချင်းကို လှမ်းကြည့်လိုက်သည်။
“ရှင်ပြောတဲ့ဇာတ်လမ်းကို ထပ်ဖြည့်ကြည့်ရအောင် ၊ ဝါဒတောင်က အတူတူရောက်လာတဲ့ မိန်းပမျိုလေးတစ်ယောက်ကလည်း သူ့ကို တိတ်တိတ်လေး သဘောကျသွားတယ်တို့ ဘာတို့ပေါ့ ၊ ဘာပဲဖြစ်ဖြစ် သူရဲကောင်း ကျောက်ဟိုကို သူလည်း စိတ်ဝင်စားသွားနိုင်တာပဲလေ ၊ ဒါမှမဟုတ် ဝါဒတောင်ရှုံးသွားလို့ မကျေမနပ်ဖြစ်ရာကနေ မျက်စိကျသွားတာလည်း ဖြစ်နိုင်တယ် ၊ ဘာပဲဖြစ်ဖြစ်ပေါ့ အဲဒီ မိန်းမပျိုလေးက သူ့ကို မြင်မြင်ချင်း ချစ်သွားတယ်ဆိုရင်ရော…”
ရန်ကျောက်ကဲက သူမကို ကြည့်ကာ ပြုံးလိုက်ရင်း…
“ဟေး မင်းဘယ်လိုသိတာလဲ”
“ဘယ်လိုလုပ် သိရမှာလဲ ၊ ရှင့်လိုမျိုး သောက်ဆန်းကြီးတွေ တွေးကြည့်တာလေ… အဟက်ဟက်”
ထို့နောက် သူမက စိတ်မရှည်ဟန်ဖြင့်…
“ရှင့်ခေါင်းထဲ ဒီလို ပေါက်ကရတွေတောင် တွေးနိုင်သေးတာ မျက်စိရှေ့ကပြဿနာကို ဘယ်လိုဖြေရှင်းမလဲဆိုတာ မစဉ်းစားဘူးလား ၊ ဒါမှမဟုတ် ရှင်ပြောသလို မျက်နှာဖြတ်ရိုက်ခံလိုက်ရလို့ သိက္ခာတွေအကုန်လုံး စုတ်ပြတ်သတ် ပြုတ်ကျသွားပြီး မြေကြီးထဲဝင်သွားတာမျိုး တကယ်ဖြစ်ချင်နေတာလား”
ရန်ကျောက်ကဲက ခပ်အေးအေးလေသံဖြင့်…
“တချို့တွေပြောကြတာတော့… ပေါက်ကွဲခြင်းဆိုတာ အနုပညာ ၊ တရားမျှတမှု ၊ ယုံကြည်ခြင်း ဖြစ်သတဲ့”
စကားသံက သိမ်မွေ့သည့်တိုင် ဖန်းယွင်ရှန်း ရုတ်တရက် နားမလည်နိုင် ဖြစ်သွားသည်။
“ဘာ…”
သို့သော် သူမမေးခွန်းမဆုံးခင် သူတို့ပတ်ဝန်းကျင်ရှိ ကျောက်ကျင်းကြီးတစ်ခုလုံး ရုတ်တရက် ပြင်းထန်စွာ လှုပ်ခတ်သွားသည်ကို ခံစားလိုက်ရသည်။
အထူးသဖြင့် ကျောက်ကျင်းဧရိယာတစ်ခုလုံး ပင်လယ်ရေများ လှိုင်းထန်လာပြီး မြစ်ရေများလျှံကျလာသည့်အလား အရာအားလုံးကို မှုတ်ထုတ်လိုက်တော့မတတ် ထင်မှတ်ရသည်။
သံလိုက်အကြီးအကဲ ၊ အကြီးအကဲ’ကျော်’နှင့် ရှန်းရှီဝမ်တို့မှာ အလွန်ထိတ်လန့်တုန်လှုပ်သွားပြီး ‘ကျိုးပျက်သတ္တုကြောပြန်လည်စီးဆင်း’ နည်းပညာကို ဖြတ်တောက်လိုက်ကာ သတ္တုသွေးကြောအတွင်းမှ မူမမှန်မှုများကို အစွမ်းကုန် ဖိနှိပ်လိုက်ကြသည်။
သို့တိုင် ဘီလူးဝိညာဉ်သံလိုက်သတ္တုသွေးကြောတစ်ခုလုံးမှာ သေနတ်ပြောင်းမှထွက်လာသော တောက်လောင်သွားသည့် ယမ်းမှုန့်ပမာ အငွေ့တလူလူထွက်လျှက် ရှိလေတော့၏။