Switch Mode

အပိုင်း (၄၄၅)

ကောင်းကင် စိတ်ဝိညာဉ်မှော်ပညာရှင်

ကောင်းကင်ပြက္ခဒိန် ၁၀၀၀၄ ခုနှစ်၏ နောက်ဆုံးညကား ကောင်းကင်တွင် လခြမ်းလေးကိုသာ မြင်ရသည်။

မြေရိုင်းဒေသ ကျုံကျိုးမြို့တွင်ကား လွန်စွာ တန်ဖိုးကြီးမားသော ဗိသုကာလက်ရာ အဆောက်အဦများ ရှိသော တစ်နေရာရှိသည်။ ထိုအဆောက်အဦများ၏ အမြင့်ဆုံး တစ်ခုထဲတွင် လွန်စွာ လှပတင့်တယ်သော အဆောင်တစ်ခုလည်း ရှိ၏။ လက်ရှိတွင်ကား ကောင်းကင်မှ လခြမ်းလေးကို ငေးကြည့်နေသော မိန်းမပျိုနှစ်ယောက်က ထိုအိမ်လေးထဲတွင် ရှိနေကြသည်။ ကောင်းကင်တွင် ရံဖန်ရံခါ မီးရှူးမီးပန်းများ လှပစွာ ပေါက်ကွဲသွားလေ့ရှိကာ အသက်ရှူမှားဖွယ် လှပသော မြင်ကွင်းများကို မြင်ကြရသည်။ သို့သော်လည်း သူတို့နှစ်ယောက်မူကား အထီးကျန်ဆန် နေဟန်ရသည်။

ထိုနေရာကား မြေရိုင်းဒေသ ထိပ်သီးကလန် ကျူးကော့မိသားစု ဖြစ်သည်။

“နင် သူ့ကို သတိရလား…” မိန်းမလှ တစ်ယောက်က သူမ၏ဘေးမှ​ နတ်မိမယ်အလား လှပချော​မောသော မိန်းကလေးအား ရုတ်တရက် ပြုံးကာ မေးသည်။ လက်ရှိတွင် နတ်မိမယ်အလား မိန်းကလေးက လခြမ်းလေးအား ဆွေးဆွေးမြည့်မြည့် ကြည့်နေသည်။

“အင်း…” ဟွာဂျီယူက ညင်သာစွာ ခေါင်းညိတ်ကာ တောက်ပစွာ ပြုံးသည်… “သူကလည်း အခုအချိန် လကို မော့ကြည့်ပြီး ညီမအကြောင်းကို စဉ်းစားနေလိမ့်မယ်….”

“သူက ဘယ်နေရဲမလဲ…” ကျူးကော့မင်းယွီက ပြုံးလျက်ပြောသည်… “အခု သူက မြေရိုင်းဒေသကို ရောက်နေလောက်ပြီ… ငါထင်တာ မမှားရင် သူက မြေရိုင်းဒေသ မြေပုံကို ရပြီး ကျူးကော့မိသားစု ဘယ်မှာရှိလဲ ဆိုတာကိုလည်း သိပြီးလောက်ပြီ…”

“အစ်မနှစ်… သူက ဒီကို ရောက်ဖို့ ဘယ်လောက် ကြာဦးမယ်လို့ ထင်လဲ…” ဟွာဂျီယူက တိုးညင်းစွာ မေးသည်။

“ငါထင်တာကတော့ သူက နိုဘယ်အဆင့် ရောက်တဲ့အခါ ဒီကို ရောက်လာလိမ့်မယ်… ဒီလို လှတဲ့ ချစ်သူကို အပြင်မှာ ထားပြီး သူက ဘယ်လိုလုပ် စိတ်အေးနိုင်ပါ့မလဲ…” ကျူးကော့မင်းယွီက ပြုံးလျက် ပြောသည်။

“အစ်မနှစ်က ညီမကို ဂရုစိုက်ပေးနေမှတော့ သူက ဘယ်လို စိတ်ပူပါတော့မလဲ…” ဟွာဂျီယူက ကျူးကော့မင်းယွီအား လွန်စွာ ကျေးဇူးတင်သော အကြည့်ဖြင့် ကြည့်ကာ ပြောသည်… “အစ်မနှစ်… ကျေးဇူးတင်ပါတယ်…”

“မင်းက ငါ့ကို ကျေးဇူးတင်ဖို့ မလိုပါဘူး… သူက မင်းအတွက် ကျေးဇူးပြန်ဆပ်မယ့် အချိန်ကို ငါစောင့်နေမယ်…” ကျူးကော့မင်းယွီက ဟာသနှောကာ ပြောသည်… “အနာဂတ်မှာ သူက ငါ့ကို ကာကွယ်ပေးမယ်လို့ ကတိပေးထားတယ်… အဲဒီအချိန် ရောက်ရင်သာ သူ့ကို သတိပေး…”

“ပြဿနာ မရှိဘူး… ညီမကလည်း သူနဲ့အတူ ကာကွယ်ပေးမယ်…” ဟွာဂျီယူက ပြုံးလျက်ပြောသည်။ သည်နှစ်ပိုင်းတွင် အစ်မနှစ်က သူမအတွက် ပြန်ပေးဆပ်ရန် ခက်ခဲသော အရာများစွာ လုပ်ပေးခဲ့သည်။ အတိအကျ ပြောရလျှင် သိပ်မကြာမီက အစ်မနှစ်က သူမအား ဘဝကံကြမ္မာကိုပင် ပြောင်းလဲစေသည့် အခွင့်အရေး တစ်ခု ပေးခဲ့သည်။

“သူ့ကို မင်းချစ်တာ ငါသိတယ်…” ကျူးကော့မင်းယွီက ပြောသည်။

“အစ်မနှစ်… ညမတို့ သွားကြရအောင်… သူတို့က တိုက်တွန်းနေကြပြီ…” ရုတ်တရက် သန့်စင်ကာ ချစ်စဖွယ်ကောင်းသော မိန်းကလေးတစ်ယောက် လျှောက်လာသည်။ သူမကား ကော့တေး၏ ခြောက်ယောက်မြောက် တပည့် ပေ့ထင်ရှင်းအာ ဖြစ်သည်။

“ကောင်းပြီ…” ကျူးကော့မင်းယွီက ခေါင်းညိတ်ကာ ဟွာဂျီယူနှင့်အတူ အိမ်လေးထဲမှ ထွက်လာကြသည်။ သူတို့သုံးယောက်က ကျူးကော့မိသားစုမှ မျှော်စင်တစ်ခုထဲသို့ ဝင်ရောက်ခဲ့ကြ၏။ လမ်းတစ်လျှောက်တွင် လူအများအပြားက သူတို့အား အားကျစိတ် မနာလိုစိတ်များဖြင့် ပြည့်နှက်လျက် ကြည့်နေကြသည်။ အထူးသဖြင့် နတ်မိမယ်အလား မိန်းကလေးက လူအများ၏ အာရုံစိုက်မှုကို ရရှိသည်။ သူမ၏နာမည်က ဟွာဂျီယူဖြစ်ကာ သူမက ကျူးကော့မင်းယွီနှင့်အတူ ပြန်လာသည်။ သူမ၏လွန်စွာ လှပချောမောလွန်းရာ ကျူးကော့မိသားစုမှ လူငယ်များစွာ၏ အသည်းနှလုံးများကို ဖမ်းစားနိုင်ခဲ့သည်။ သို့သော်လည်း ကျူးကော့မင်းယွီက သူမအား အနီးကပ် ကာကွယ် စောင့်ရှောက် ပေးနေရာ မည်သူကမှ သူမ၏အနားကို မကပ်ရဲကြပေ။

ကျူးကော့မင်းယွီက သူမအား အဘယ်ကြောင့် အထူးကောင်းမွန်စွာ ဆက်ဆံသည်ကို မည်သူမှ မသိကြပေ။ မကြာမီက ကျူးကော့မင်းယွီက ဟွာဂျီယူ၏ ပါရမီများကို ထပ်မံ မြင့်တက်စေသော အခွင့်အရေးတစ်ခုကိုလည်း ပေးအပ်ခဲ့သေးသည်။

ထိုနေ့က ကျူးကော့မိသားစုမှ လူတိုင်းက ကျူးကော့မင်းယွီကို အာရုံစိုက်ခဲ့ကြသော်လည်း တကယ်တမ်း ထွက်လာသူကား ဟွာဂျီယူ ဖြစ်သည်။ မည်သူမှ ထိုမြင်ကွင်းကို မေ့နိုင်မည် မဟုတ်ကြပေ။ နတ်မိမယ်အလား မိန်းကလေးက ကောင်းကင်ဘုံမှ ဆင်းသက်လာသော နတ်မိမယ်အလား ရောင်စဉ်ခုနစ်မျိုး လင်းလက်နေသည်။

ဟွာဂျီယူ၏ ပါရမီကား မူလကတည်းက လွန်စွာ ကောင်းမွန်နေပြီး ဖြစ်ရာ ဆင့်ကဲ ပြောင်းလဲပြီးနောက်တွင် သူမက အလွန့်အလွန် ရှားပါးသော ကောင်းကင်စိတ်ဝိညာဉ် မှော်ပညာရှင် တစ်ယောက် ဖြစ်လာခဲ့သည်။

ထိုနေ့က မိသားစု ခေါင်းဆောင်က ဒေါသပေါက်ကွဲမည်ဟု အားလုံးက ထင်မှတ်ခဲ့ကြ သော်လည်း ကောင်းကင်စိတ်ဝိညာဉ် မှော်ပညာရှင် တစ်ယောက် မွေးဖွားခြင်းကြောင့် မိသားစု ခေါင်းဆောင်က ကျူးကော့မင်းယွီအား အပြစ်မတင်ခဲ့ပေ။

***

မြေရိုင်းဒေသ အရှေ့ဘက်နယ်၊ မိုးမြေကောင်းကင်မြို့၊ နတ်ဗိမာန်အိမ်တော်။

ထိုနေရာကား ယခု တစ်စုံတစ်ယောက်ကို လွမ်းဆွတ်ခြင်းဖြင့် ဆေးမြည့်ဖွယ် သံစဉ်များက ဖုံး လွှမ်းနေသည်။ လရောင်က ချောမောသော သူ့မျက်နှာပေါ်ကို ကျဆင်းနေကော ထိုနေရာက တဒင်္ဂအားဖြင့် တိတ်ဆိတ် ငြိမ်သက်နေသည်။

အတန်ကြာလျှင် ဂီတက တိတ်ဆိတ် ပျောက်ကွယ် သွားသည်။ ရီဖူရှင်းက ခေါင်းမော့ကာ လခြမ်းကို ကြည့်သည်။ ကျူးကော့မိသားစုတွင် ဂျီယူကလည်း သူ့ကို ကြည့်နေပေလိမ့်မည်။ သူမက အဆင်ပြေသလော…။ အစ်မနှစ်က သူမအား သေသေချာချာ စောင့်ရှောက် ထားပေလိမ့်မည်။ အစ်မနှစ်အား တွေးမိလျှင် သူက အစ်မနှစ်က သူ့အား ကာကွယ်ပေးသော အချိန်က အလွန် ပျော်ရွှင်ရသော အချိန်လည်း ဖြစ်ခဲ့သည်။ ထိုစဉ်က သူ့ဘဝက သာယာလွန်းခဲ့သည်။ ယခု သူမက ဂျီယူကို ကာကွယ် ပေးနေသည်။

ရီဖူရှင်းနှင့် သိပ်မဝေးသော နေရာတွင် လက်တစ်ဖက်ပြတ် လူငယ် တစ်ယောက်ကလည်း တိတ်ဆိတ်စွာ ထိုင်နေသည်။ သူလည်း လခြမ်းကို ကြည့်ကာ မိုင်ထောင်ချီ အရပ်မှ တစ်စုံတစ်ယောက်ကို တွေးတော နေသည်။

“မင်းက ချန်းယွီ အကြောင်းကို တွေးနေလား…” ရီဖူရှင်းက တိုးညင်းစွာ မေးသည်။

“ငါက သူမကို ထားခဲ့ပြီး မြေရိုင်းဒေသကို လာခဲ့တယ်… အခု တော်တော် ကြာပြီ… သူမက ငါ့ကို မုန်းနေတော့မှာပဲ…” ရီဝူချင်းက တိုးညင်းစွာ ပြောသည်။

“ဒါဆို မင်းက တန်ခိုးကျင့်ရာမှာ အာရုံစိုက်ပြီး နောက်တစ်ခါ ပြန်သွားတဲ့ အချိန်မှာ သူမကို လက်ထပ်သင့်တယ်…” ရီဖူရှင်းက ပြောသည်။

ရီဝူချင်းက ဘာမှ​မပြောဘဲ ထိုနေရာတွင်ပင် တိတ်ဆိတ်စွာ ထိုင်နေသည်။

ရီဖူရှင်းက ဘာမှ မပြောတော့ဘဲ ကု့ချင်းကိုသာ တီးခတ်ကာ တိတ်ဆိတ်သော ညအား အဖော်ပြုပေးနေသည်။ ထိုနေ့ညတွင်ပင် ကောင်းကင်ဒေသ ပြက္ခဒိန်က နောက်တစ်နှစ်ကို ကူးပြောင်း သွားခဲ့သည်။

နောက်တစ်နေ့ နံနက်တွင် အဆောင်ကလေးက တိတ်ဆိတ်နေသည်။ ရီဖူရှင်းက သူ၏မျက်လုံးကို ဖွင့်ကာ ပြုံးလိုက်သည်။ မနေ့ညက သူ၏စိတ်ဝိညာဉ် စွမ်းအားက အဆင့်တက်ကာ သူက အလယ်အလတ် အကာနာသို့ ရောက်ရှိခဲ့သည်။

နဂါးမြက်၏ အကျိုးသက်ရောက်မှုက ရှိနေဆဲဖြစ်ကာ သူတို့၏ တန်ခိုးကျင့်ခြင်းက ယခင်ကထက် ပိုမို မြန်ဆန်နေခဲ့သည်။ ထို့အတူ သည်ရက်ပိုင်း ဆေးပေါင်းရည်ဖြင့် ရေချိုးခြင်းကလည်း သူ့အား ကာယပိုင်းဆိုင်ရာ ကြံ့ခိုင်စေသည်။ သူ၏သိုင်းပညာကလည်း မကြာမီ အဆင့်တက်ပေမည်။

ယူချင်းက လျှောက်လာကာ မေးသည်… “ငါတို့ ဒီနေ့ ထွက်သွားကြမှာလား…”

“အင်း…” ရီဖူရှင်းက ခေါင်းညိတ်သည်။ “မနေ့ညက မင်း ဘယ်ရောက် နေတာလဲ…”

“မနေ့ညက ငါ့သိုင်းပညာ အဆင့်နေတယ်…” ယူချင်းက ဖြေသည်။

ရီဖူရှင်းက ပြုံးလိုက်သည်။ ကြည့်ရသည်မှာ သူတို့က အလယ်အလတ် အကာနာအဆင့်ကို အတူတူ ရောက်ရှိခဲ့ကြသည်။

ရုတ်တရက် စိန့်ယွီက အပြင်မှ ဝင်လာသည်။ သူမ၏ ထူးဆန်းသော အမူအရာကို မြင်လျှင် ရီဖူရှင်း မေးသည်… “ဘာဖြစ်လို့လဲ…”

“သခင်မလေးလောင်က ဒီကို ရောက်နေတယ်…” စိန့်ယွီ၏ အမူအရာက ထူးဆန်းနေသည်။ သည်တစ်ခေါက်ကား လောင်လင်းအာသာ ရောက်လာသည် မဟုတ်ပေ။

“လင်းအာ…” ရီဖူရှင်းက အံ့အားသင့် သွားသည်။ သူမက အမှန်တကယ် ရောက်လာသည်လား…။

“အစ်ကိုဖူရှင်း…” ရီဖူရှင်းက အဝေးမှ အသံတစ်သံကို ကြားကာ နောက်ဆုံး ချစ်စဖွယ် ကောင်မလေး တစ်ယောက် ခုန်ပေါက်ကာ ပြေးလာသည်ကို မြင်ရသည်။ သူမ၏ နောက်တွင်ကား အလွန် လှပသော မိန်းမတစ်ယောက်က လျှောက်လာ နေသည်။ ရီဖူရှင်းက ထရပ်ကာ နှုတ်ဆက်သည်… “သခင်မ…”

“အင်း… ငါမင်းနဲ့ စကားနည်းနည်း ပြောချင်လို့…” သခင်မလောင်က ပြုံးလျက် ပြောသည်။

“သေချာတာပေါ့…” ရီဖူရှင်းက ခေါင်ညိတ်ကာ စိန့်ယွီအား အချက်ပြလျှင် စိန့်ယွီက အရိုအသေပေးပြီး ထွက်သွားသည်။ ထိုအခိုက်တွင် သူမကလည်း စိတ်လှုပ်ရှား နေသည်။ နဂါးကလန်၏ သခင်မက အမှန်တကယ် ရီဖူရှင်းထံ လာလည်သည်။

“သခင်မလောင်က တခြားလူများကို လှမ်းကြည့်လျှင် ရီဖူရှင်းက ပြောသည်… “သူတို့က ကျွန်တော်နဲ့ အရင်းနှီးဆုံး လူတွေပါ… သခင်မက ပြောလို့ ရပါတယ်…”

“မင်းတို့က အရှေ့မြေရိုင်း ဒေသက ဟုတ်တယ်မလား…” သခင်မလောင်က ရီဖူရှင်းကို ကြည့်ကာ မေးသည်။

ရီဖူရှင်းက သခင်မလောင်ကို ကြည့်ကာ ပြုံးလျက် ခေါင်းညိတ်သည်… “ကြည့်ရတာ သခင်မကလည်း အရှေ့မြေရိုင်းဒေသက အဖြစ်အပျက်တွေကို ကြားဖူးတယ် ထင်တယ်…” သူက လင်းအာကို ထိုဂီတသံစဉ်အား ပေးခဲ့ရာ သခင်မလောင်က ရောက်လာမည်ကို သိသော်လည်း သူမ ရောက်လာသည်က မြန်ဆန်လွန်းလှသည်။ အူကီယိုကား ယခု လျှို့ဝှက်ချက်တစ်ခု မဟုတ်တော့ဘဲ ထိုသံစဉ်ကို ဘယ်သူက ရရှိခဲ့သည်ကိုလည်း သူမက အလွယ်တကူ စုံစမ်း သိရှိနိုင်သည်။ သို့သော်လည်း သူက လင်းအာကို သူမ၏မိဘများကိုသာ ပြောရန် မှာကြားခဲ့သည်။ သခင်မလောင်အပေါ် ရီဖူရှင်း၏အမြင်က အနည်းငယ် ကောင်းမွန်ပေသည်။ ထို့အပြင် နဂါးကလန်၏ အခြေအနေဖြင့် ရီဖူရှင်းအပေါ် သူတို့က ထိခိုက်အောင် လုပ်မည်ဟုလည်း သူက မထင်ပေ။

“အင်း… ငါက အရင်က ကြားဖူးတယ်…” သခင်မလောင်က ခေါင်းညိတ်သည်။ ထို့နောက် သူမက ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူကာ ပေးသည်… “မင်းက နတ်ဗိမာန် အိမ်တော်ကို ဆက်ပြီး ယူထားသင့်တယ်… လင်းအာက မင်းကို ပေးခဲ့ပြီးမှတော့ ငါတို့က ပြန်ယူဖို့ မသင့်ဘူး… အနာဂတ်မှာ နဂါးကလန်က ဘယ်သူကမှ ဒါကို ပြောမှာ မဟုတ်တော့ဘူး…”

“အာ…” ရီဖူရှင်းက သခင်မလောင်ကို ကြည့်သည်။ သခင်မလောင် ကိုယ်တိုင် ပေးခြင်းက လင်းအာက သူ့အား လက်ဆောင်ပေးခြင်းနှင့် ယှဉ်လျှင် အလွန် ကွာခြားသည်ကို သူသိသည်။ မည်သို့ဆိုစေ မိသားစုထဲတွင် လင်းအာက ငယ်ရွယ်ကာ အခွင့်အာဏာလည်း သိပ်မရှိပေ။ ထို့ကြောင့် နဂါးကလန်မှ လူများက သူမအား မေးခွန်း ထုတ်ရဲကြသည်။ သို့သော် သခင်မလောင်က သူ့အား နတ်ဗိမာန်အိမ်တော်ကို ပေးခြင်းက လုံးဝ ကွာခြားပေသည်။

သခင်မလောင်က ပြုံးလျက် ပြောသည်… “မင်းတို့က မိုင်ထောင်ချီဝေးတဲ့ အရပ်ကာ လာခဲ့ကြတယ်… မင်းတို့က ပါရမီကောင်းပေမဲ့ အထောက်အပံ့ သိပ်မရှိတာက မင်းတို့ ကျင့်ကြံခြင်းမှာ နှေးကွေးစေလိမ့်မယ်… ဂီတသံစဉ်ကို ရောင်းတာက အမြဲတမ်းအတွက် ကောင်းတဲ့ ဖြေရှင်းနည်း မဟုတ်ဘူး… ပြီးတော့ အနာဂတ်မှာ ပြဿနာ တစ်ခုခု ကြုံလာရင်လည်း နတ်ဗိမာန် အိမ်တော်ပိုင်ရှင်က အဟန့်အတား တစ်ခုတော့ ဖြစ်မှာပဲ…”

သခင်မလောင် ပြောသည်က အမှန်ဖြစ်သည်ကို ရီဖူရှင်းက သိသည်။ နဂါးကလန်က နတ်ဗိမာန် အိမ်တော်အား ဝယ်ယူခဲ့ကာ သခင်မလောင်က သူ့အား ပေးခဲ့သည်။ နတ်ဗိမာန်အိမ်တော် ပိုင်ရှင်ဖြစ်ခြင်းက နဂါးကလန်၏ အထောက်အပံ့ ရှိသည်ဟု ဆိုလိုခြင်း ဖြစ်သည်။ နောင်တွင် မည်သူ့မှ သူ့အား ပြဿနာ ရှာရဲကြတော့မည် မဟုတ်ပေ။

“ဒီလိုဆိုရင်လည်း ကျွန်တော်က သခင်မကို ကျေးဇူးတင်ပါတယ်…” ရီဖူရှင်းက မငြင်းဆန်နိုင်တော့ပေ။ သူက သူပြန်ပေးခဲ့သော ကျောက်စိမ်းပြားအား ပြန်ယူလိုက်ရ၏။

“ဟီးဟီး…” လောင်လင်းအာက ပျော်ရွှင်စွာ ရယ်မောသည်။

“ငါသွားလိုက်ဦးမယ်…” သခင်မလောင်က ပြုံးလျက် ပြောသည်။

“အစ်ကိုဖူရှင်း… ထိပ်သီးကျောင်း သုံးကျောင်းဝင်ခွင့်က နီးကပ်လာပြီ… လင်းအာက ဒီအတောအတွင်း ကြိုးစားလေ့ကျင့်ဖို့ လိုတယ်… အစ်ကိုဖူရှင်းက လင်းအာကိုလာပြီး အားပေးရမယ်…” လောင်လင်းအာက ရီဖူရှင်းကို ပြောသည်။

“သေချာတာပေါ့…” ရီဖူရှင်းက ပြုံးကာ နှုတ်ဆက်သည်။

သခင်မလောင်က လောင်လင်းအာကို ခေါ်ကာ ထွက်သွားသည်။ ရီဖူရှင်းက ကျောက်စိမ်းပြားအား ကိုင်ကာ မချိပြုံး ပြုံးသည်။

“ဒါဆို ငါတို့က ဒီက ထွက်သွားစရာ မလိုတော့ဘူးပေါ့…” ယူချင်းက ရေရွတ်သည်။

***

ကောင်းကင်ပြက္ခဒိန်၏ ၁၀၀၀၅ခုနှစ်ကား လူအများအပြား၏ အသစ် စတင်ရာ စမှတ်တစ်ခုလည်း ဖြစ်သည်။ သည်ရက်ပိုင်းတွင် ရီဖူရှင်းတို့က နတ်ဗိမာန် အိမ်တော်တွင် တိတ်ဆိတ်စွာ လေ့ကျင့်နေခဲ့ကြကာ ရီဖူရှင်းနှင့် ယူချင်းတို့က အလယ်အလတ် အကာနာအဆင့်သို့ ဝင်ရောက်ခဲ့သလို ရီဝူချင်းကလည်း အကာနာအဆင့်ငါးသို့ ဝင်ရောက်ခဲ့၏။

မိုးမြေကောင်းကင် မြို့ကလည်း ပိုမို၍ စည်ကားလာသည်။ ထိပ်သီးကျောင်း သုံးကျောင်း၏ ဝင်ခွင့်စာမေးပွဲက မကြာမီ ကျင်းပတော့မည် ဖြစ်သည်။ ထို့ကြောင့် အနယ်နယ် အရပ်ရပ်မှ ပါရမီရှင်များက မိုးမြေကောင်းကင်မြို့ကို တဖွဲဖွဲ ရောက်ရှိ လာနေကြသည်။

ယခုတွင် လူတစ်စုက ကြယ်မင်းကျောင်း အပြင်ဘက်ကို ရောက်ရှိလာသည်။ ထိုအထဲတွင် လှပသော မိန်းကလေး တစ်ယောက်လည်း ပါသည်။ သူမက သူမ၏ရှေ့မှ ခမ်းနားသော အဆောက်အဦကြီးကို ကြည့်ကာ မှင်တက်ငေးမော မိသည်။ ထိုစဉ် လှပချောမောသော မိန်းကလေး တစ်ယောက်က ကျောင်းထဲမှ ထွက်လာကာ ခေါ်လိုက်သည်… “ယွီရို…”

“အစ်မ…” ဝမ်ယွီရိုကလည်း  ပြုံးလျက် ခေါ်လိုက်၏။ သူမက မိုးမြေကောင်းကင်မြို့ကို ရောက်လာသည်။

***

စာစဉ်(၃၀)ပြီးပါပြီ

ဆက်ပါဦးမည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset