Switch Mode

အခန်း ( ၉၄ )

သတိကြီးကြီးထားပါ

တီးတိုးရေရွတ်သံများ၊ လှုပ်ရှားသံများ ကြားနေရသည်။

လီချန်ရှို့နှင့် လင်းအယ်သည် ယုံချင်ရွှမ်းယာ၏ ရှေ့တွင် ရပ်နေကြ၏။ လင်းအယ်နှင့် ယုံချင်ရွှမ်းယာသည် တစ်ဦးကိုတစ်ဦး တီးတိုးပြောနေကြလေသည်။ လီချန်ရှို့မှာမူ ခေါင်းညိတ်၊ ခေါင်းခါသာ ပြုနေ၏။

အမှန်တွင် လီချန်ရှို့သည် လျှို့ဝှက်အသံပို့လွှတ်နေခြင်းဖြစ်ပြီး ယုံချင်ရွှမ်းယာကို ကြွေပုလင်းတစ်လုံး ပေးနေခြင်း ဖြစ်သည်။

“ အစ်ကိုချန်ရှို့ … ဘာလို့အစ်ကို ကိုယ်တိုင်မလုပ်တာလဲ ”
ယုံချင်ရွှမ်းယာသည်လည်း အသံပို့လွှတ်၍ ပြောလိုက်ပြီး ဆက်ပြော၏။
“ အစ်ကိုက ထင်ထင်ပေါ်ပေါ်နေရတာကို မကြိုက်တာသိပါတယ်။ ဒါပေမဲ့ အစ်ကိုရသင့်တဲ့ ဂုဏ်သတင်းကိုတော့ အစ်ကိုပဲယူသင့်တယ်မဟုတ်လား ”

လီချန်ရှို့ သည် ပြုံး၍ ပြန်ပြောလိုက်သည်။
“ ညီမလေးယုံချင် … အစ်ကို တွေ့ခဲ့၊ကြုံခဲ့တာတွေကိုသာ ညီမ တွေ့ရ၊ကြုံရမယ်ဆို အစ်ကို့ကို ဒီမေးခွန်းမေးမှာမဟုတ်ဘူး… ”

ယုံချင်ရွှမ်းယာ ကြောင်သွားသည်။

သူမသည် အမြဲနူးညံသော အပြုံးတစ်စ ဆင်မြန်းထားတတ်သည့် လီချန်ရှို့ကိုကြည့်၍ ခေါင်းညိတ်လိုက်သည်။

သူမ တစ်စုံတစ်ခုကို နားလည်သွားပုံပေါ်၏။

သူမ မည်သည့်အရာကို နားလည်သွားကြောင်း လီချန်ရှို့နားမလည်သော်လည်း သူမ တစ်စုံတစ်ခုနားလည်သွားသည်ကိုတော့ သူ နားလည်လိုက်၏။

လီချန်ရှို့သည် သူ၏ ဂိုဏ်းတူညီမယုံချင်ရွှမ်းယာအား မည်သို့ကိုင်တွယ်ရမည်ကို တဖြည်းဖြည်း သဘောပေါက်လာပြီဖြစ်သည်။

ဘေး၌ရှိနေသော တပည့်များသည် ထိုမြင်ကွင်းကို မြင်ကြ၏။ သို့သော် ထိုသုံးဦး မည်သည့်အကြောင်းအရာအား တီးတိုးပြောနေသည်ကိုတော့ သူတို့ မသိကြပေ။

“ အဲဒီလူတွေက ဘယ်သူတွေလဲ ”

“ ညီမလင်းအယ်ရဲ့ အစ်ကိုက ရွှေနတ်လိပ်ကျွန်းမှာကျင့်ကြံနေတဲ့ နဂါးနန်းတော်က မင်းသားလေးနဲ့ တိုက်ခဲ့တဲ့တစ်ယောက်မလား ”

“ ေဩာ် … မြေကိုယ်ယောင်ဖျောက်သုံးသွားတဲ့ တစ်ယောက်မလား။ ငါ ဘယ်လိုလုပ် သူ့ကိုမေ့သွားရတာလဲ။ ငါ့မှတ်ဉာဏ်တွေလည်း မကောင်းတော့ပါဘူး ”

လီချန်ရှို့ က ဆက်၍ အသံပို့လွှတ်လိုက်သည်။
“ ညီမယုံချင်… အချိန်ဖြုန်းနေလို့မရဘူး။ ရန်သူတွေက ဒီနေရာကို အချိန်မရွေးရှာတွေ့သွားနိုင်တယ် ”

ယုံချင်ရွှမ်းယာ ညင်ညင်သာသာ ခေါင်းညိတ်လိုက်သည်။ သူမသည် ဓားကြီးကိုသယ်၍ ကောင်းကင်ပေါ်သို့ ပျံတက်သွားပြီး အောက်ရှိ ပရမ်းပတာဖြစ်နေသော လူအုပ်ကိုငုံ့ကြည့်လိုက်သည်။

ယုံချင်ရွှမ်းယာက အော်ပြောလိုက်၏။
“ ဂိုဏ်းသူဂိုဏ်းသားတို့၊ အချိန်မရှိတော့ဘူး။ ရွှမ်းယာပြောတာကို နားထောင်ကြပါ။ ဒီတန်ခိုးစွမ်းအားကြီးတဲ့ ရန်သူကို ပြန်ဆုတ်သွားစေမယ့် နည်းလမ်း ရွှမ်းယာဆီမှာ ရှိပါတယ် ”

“ ရန်သူက မိစ္ဆာဂဠုန်တစ်ကောင်ကို စီးပြီး မြေကြောတစ်လျှောက်ကို လိုက်ရှာနေတာပါ။ သူတို့က မြေကြောအတိုင်းလိုက်လာတာဆိုတော့ ဒီနေရာကို မကြာခင် ရောက်လာတော့မှာ အသေအချာပါပဲ ”

အောက်ရှိ တပည့်များသည် မော့ကြည့်လိုက်ကြ၏။

တော်သေးသည်မှာ ယုံချင်ရွှမ်းယာသည် ထွင်းဖောက်၍ မမြင်နိုင်သော တိမ်ဖြူပေါ်တွင်ရပ်နေသဖြင့် ေအာက်မှလူများသည် သူမကို မမြင်ကြရပေ။

သူမသည် ကြွေပုလင်းတစ်ပုလင်းကို ထုတ်၍ အော်ပြောလိုက်သည်။
“ ဂိုဏ်းသူဂိုဏ်းသားတို့… ဒါကို ကြည့်လိုက်ပါ။ ဒါက အကြီးအကဲဝမ်လင်းယွမ် ချီးမြှင့်ထားတဲ့ ကောင်းကင်နတ်မင်းတွေကိုတောင် သတ်နိုင်တဲ့ ပြိုင်ဘက်ကင်း အဆိပ်ဆေးလုံးပါ ”

“ ရန်သူတွေရောက်လာရင် ရွှမ်းယာ … အစ်ကို၊ အစ်မတွေနဲ့ အတူတူ တိုက်ခိုက်ပါမယ်။ ရွှမ်းယာ ဒီအဆိပ်ဆေးလုံးကို သုံးပြီး မန္တန်အစီအရင်တစ်ခု ဆင်ပါမယ်။ ဒီအဆိပ်ဆေးလုံးက ရန်သူတွေကို ဒဏ်ရာကြီးကြီးမားမား ရသွားစေမလားဆိုတာတော့ စောင့်ကြည့်ရမှာပဲ။ ဒါကြောင့် အကုန်လုံး မြေကြောနားက လိုဏ်ဂူတွေထဲမှာ စောင့်နေကြပါ ”

“ အကြီးအကဲများရှင့်… ရွှမ်းယာပြောတာကို နားထောင်ပေးပါ။ တကယ်လို့ အစ်ကို၊ အစ်မတွေနဲ့ ရွှမ်းယာနဲ့ မအောင်မြင်ခဲ့ဘူးဆိုရင် အကြီးအကဲတွေက တပည့်ငယ်တွေကို အသက်နဲ့ရင်းပြီး ကာကွယ်ပေးပါ ”
ယုံချင်ရွှမ်းယာ၏ စကားလုံးများနောက်တွင် ခံစားချက်များအပြည့်ပါ၏။

လီချန်ရှို့သည် ဤတိုက်ပွဲအတွက် သေချာမပြင်ဆင်ရ‌သေးသော်လည်း ထိုရန်သူများကို နိုင်မည်မှာ (၉၉) ရာခိုင်နှုန်းသေချာကြောင်း သူသိ၏။ အဘယ်ကြောင့်ဆိုသော် ဂိုဏ်းဂိတ်တံခါးအပြင်မှ တိုက်ပွဲတွင် ထိုကောင်းကင်နတ်မင်းအဆင့်ရှိသော တာအိုရသေ့အိုကြီး၏ အစွမ်းကို သူ သိရှိခဲ့ပြီးသောကြောင့် ဖြစ်သည်။

လီချန်ရှို့သည်ပင် ယုံချင်ရွှမ်းယာ၏ စကားများကြောင့် ဝမ်းနည်းဝမ်းသာ ဖြစ်သွားရ၏။

သို့သော် ရှုံးနိုင်ချေရှိသော (၁)ရာခိုင်နှုန်းကိုမူ သူလည်း မည်သို့မှ မတတ်နိုင်ပေ။ ကောင်းကင်တာအိုသည် ခန့်မှန်းရခက်သည် မဟုတ်ပါလား။ သို့သော် ကောင်းကင်တာအိုကို ‌လေးစားရပေမည်။

အကြီးအကဲများက ရုတ်ခြည်းထရပ်လိုက်ပြီး အဆိပ်ဆေးလုံးကို ယုံချင်ရွှမ်းယာအစား သူတို့သုံးပေးရန် ဆုံးဖြတ်လိုက်သည်။

ထျန်အကြီးအကဲက ပြောလိုက်၏။
“ ရွှမ်းယာ… ကောင်းကင်နတ်မင်းအဆင့်ရှိတဲ့သူကို ပေါ့ပေါ့လေး တွေးလို့မရဘူး ”

“ အကြီးအကဲ… ”
ရွှမ်းယာ၏ မျက်ဝန်းများသည် တောက်ပနေ၏။
“ ရွှမ်းယာကို ယုံပေးပါ ”

“ အဲဒီလိုဆိုတော့လဲ… ”

“ ရွှမ်းယာ… ထျန်အကြီးအကဲနဲ့ ငါနဲ့ ဒီမှာပဲနေပြီး တိုက်ခိုက်မယ်။ မင်းတို့က ငါတို့ကို ကူပေးပေါ့… ဘယ်လိုလဲ ”
ဂိုဏ်းပြင်ပကိစ္စများကို တာဝန်ယူရသည့် အတုမဲ့နတ်ဝိဇ္ဇာအဆင့်ရှိသော အကြီးအကဲက ထပ်ဖြည့်ပြောလိုက်သည်။
“ ဒါဆို ကျုပ်တို့က တပည့်ငယ်တွေကို စောင့်ရှောက်ထားပေးမယ်။ ဂူထဲမှာ မန္တန်အစီရင်တစ်ခု ထပ်ဆင်ထားလိုက်မယ်လေ… အရေးကြုံတော့ သုံးရတာပေါ့ ”

ယုံချင်ရွှမ်းယာသည် ခေတ္တမျှ တွေးတောနေပြီး လီချန်ရှို့၏ အသံပို့လွှတ်မှုကို ကြားလိုက်သောအခါ ချက်ချင်းသ‌ဘောတူလိုက်လေတော့သည်။

အကြီးအကဲများသည် မြေပေါ်မှနေ၍ ပျံတက်လာကြသော တပည့်များကို ခေါ်ကာ တောင်ကြားအတွင်းပိုင်းရှိ ဂူသို့ဦးဆောင်ခေါ်သွားလိုက်သည်။

နတ်ဝိဇ္ဇာမဖြစ်သေးသော တပည့်ငယ်များသည် မျက်နှာမကောင်းလှပေ။

ထောင့်တစ်ခုတွင် ရပ်နေသော လင်းအယ်သည် ညင်သာစွာ ရေရွတ်လိုက်၏။
“ ဒီလိုလည်း အလုပ်ဖြစ်တာပဲလား ”

လီချန်ရှို့အသွင်ယူထားသော ‘လူ’ စက္ကူကိုယ်ပွား(၃)သည် လက်နောက်ပစ်၍ ပြောလိုက်သည်။
“ တချို့လူတွေနဲ့ ကိစ္စလေးတွေက ပုံမှန်အတိုင်းတွေးရင် နားလည်နိုင်မှာမဟုတ်ဘူး… ”

လင်းအယ်သည် အတွေးနက်နေပုံရပြီး အစ်ကိုကြီးကို မော့ကြည့်၍ နူးညံစွာမေးလိုက်သည်။
“ အစ်ကိုကြီးကိုရော ဘယ်လိုတွေးမှ နားလည်နိုင်မှာလဲ ”

“ ပိုပြီး အလေးအနက်ထားစမ်းပါ။ ဖြေရှင်းရမယ့် ပြဿနာတွေအများကြီး ကျန်သေးတယ် ”
လီချန်ရှို့သည် အသံပို့လွှတ်လိုက်ပြီး ဂူထဲသို့ လိုက်မသွားလိုသဖြင့် ဘေးသို့ခြေတစ်လှမ်းတိုးနေလိုက်သည်။
“ လင်းအယ်… ခဏနေရင် ညီမလေး အစ်ကို့နောက်ကို လိုက်ခဲ့ရမယ်.. လျှောက်မသွားနေနဲ့ ”

“ ဟုတ်ကဲ့ ”
လင်းအယ်သည် သူမ၏ သွယ်လျသော လက်ကလေးကို ဆန့်၍ လီချန်ရှို့၏ ဝတ်ရုံကို ဂရုတစိုက်ကိုင်ထားလိုက်သည်။ အန္တရာယ်ကြားထဲရောက်နေသော အချိန်ဖြစ်သော်လည်း သူမ၏ မျက်နှာလေးသည် အတန်ငယ် နီမြန်းနေ၏။

လီချန်ရှို့သည် တည်တည်ငြိမ်ငြိမ် အသံပို့လွှတ်လိုက်၏။
“ အစ်ကိုတို့ရဲ့ စည်းကမ်းသုံးချက်ကို မှတ်မိသေးတယ်မလား ”

“ ဟင် ”
လင်းအယ်သည် ဘေးသို့ ခြေတစ်လှမ်းတိုးလိုက်ပြီး လီချန်ရှို့ကို မသိဟန်ဆောင်ကာ လက်နောက်ပစ်၍ ရပ်နေလိုက်ရတော့သည်။ ထိုအချိန်တွင် လှပသော်လည်း ကျင့်ကြံခြင်းအဆင့် မမြင့်သည့် လင်းအယ်ကဲ့သို့ ကျင့်ကြံသူတစ်ဦးကို သိပ်၍ အာရုံမစိုက်ကြပေ။

တပည့်အများအပြားသည် ယုံချင်ရွှမ်းယာထံသို့သွား၍ သူတို့လည်း နောက်တွင်ကျန်ခဲ့ပြီး တိုက်ခိုက်လိုကြောင်း ပြောလိုက်ကြသည်။

သို့သော် ယုံချင်ရွှမ်းယာသည် လီချန်ရှို့၏ သတိပေးချက်ကို ပြန်တွေးလိုက်ပြီး ထိုတပည့်များကို ငြင်းလိုက်လေ၏။ နောက်ဆုံးတွင် သူမသည် ချုံတောင်လေးမှလူများသည် မြေကိုယ်ယောင်ဖျောက်အတတ်ကို ကျွမ်းကျင်သည်ဟု အကြောင်းပြကာ လီချန်ရှို့နှင့် လင်းအယ်ကိုသာ ခေါ်ထားလိုက်၏။

ခေတ္တမျှကြာသောအခါ အကြီးအကဲများသည် ဂူပေါက်ဝတွင် ဖုံးကွယ်မန္တန်အစီအရင်ကို အတူတကွ လျင်မြန်စွာ ဆင်လိုက်ကြသည်။ ထိုမန္တန်အစီအရင်သည် အပြင်မှ အတွင်းကို မမြင်ရသလို၊ အတွင်းမှလည်း အပြင်ကို မမြင်ရ‌သော အစီအရင်ဖြစ်၏။
‘ စွမ်းအားကြီး ရန်သူတွေက အချိန်မရွေးရောက်လာတော့မှာ… သူတို့တွေက မြေကြောတစ်လျှောက်လုံး ရှာနေရလို့သာ အချိန်နည်းနည်းကြာနေတာနေမှာ… ’

‘ ဒါ‌မှမဟုတ် သူတို့မှာ တခြားအကြံများ ရှိသေးလို့လား၊အဲဒါကိုလည်း ထည့်တွက်ရမယ် ’
လီချန်ရှို့သည် လေးလေးနက်နက် တွေးတောလိုက်သည်။ သူသည် လင်းအယ်ကို တစ်ချက်ကြည့်လိုက်ပြီး ယုံချင်ရွှမ်းယာကို လျှို့ဝှက်၍ ဆက်လက်ညွှန်ကြားလိုက်၏။

သူသည် ယုံချင်ရွှမ်းယာကို အသုံးချရန် ဆုံးဖြတ်ပြီးဖြစ်၍ အကောင်းဆုံး အသုံးချရပေမည်။ သို့သော် နောက်ကွယ်မှ ညွှန်ကြားသူမှာ သူဖြစ်ကြောင်း မပြောရန် ယုံချင်ရွှမ်းယာကို သေချာမှာကြားရပေဦးမည်။

အတုမဲ့နတ်ဝိဇ္ဇာအဆင့် အကြီးအကဲနှစ်ဦးသည် တပည့်ငယ်သုံးဦးကို ခေါ်ကာ တောင်ကြားအတွင်းမှ ပျံထွက်သွားလိုက်ကြ၏။ သူတို့သည် သူတို့၏ ကိုယ်ရောင်ကိုယ်ဝါကို တောင်ကြားဘေးတွင် တမင်ဖော်ပြလိုက်ကြသည်။ ထိုသို့ ဖော်ပြရခြင်းမှာ ရန်သူများကို မျှားခေါ်ရန်ဖြစ်သည်။

ထိုအခိုက်တွင် အကြီးအကဲတစ်ဦးသည် လီချန်ရှို့နှင့် လင်းအယ်ကို လှည့်ကြည့်လိုက်၏။ သူသည် လီချန်ရှို့တို့နှစ်ဦးကို ဂရုစိုက်ရန် ပြောလိုသော်လည်း သက်ပြင်းသဲ့သဲ့သာ ချလိုက်ရလေသည်။
“ မင်းတို့ နှစ်ယောက်က မြေကိုယ်ယောင်ဖျောက်အတတ် ကျွမ်းကျင်တာပဲ။ အခြေအနေမဟန်တော့ဘူးဆိုရင် ကိုယ့်အတွက်ကိုယ်သာ စဉ်းစားပြီး ထွက်ပြေးဖို့လုပ်နော်… ”

လီချန်ရှို့နှင့် လင်းအယ်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ခေါင်းညိတ်ပြလိုက်သည်။

မကြာခင် တောင်ကုန်းတစ်ခုပေါ်တွင် ထောင်ချောက်မန္တန်အစီအရင်နှင့် ကာကွယ်မန္တန်အစီအရင်တို့ ပေါ်ပေါက်လာ၏။

အတုမဲ့နတ်ဝိဇ္ဇာအဆင့်ရှိသော အကြီးအကဲနှစ်ဦးသည် အဆိပ်‌ဆေးလုံးကိုယူ၍ ဂရုတစိုက် လေ့လာလိုက်သည်။

ထိုဆေးလုံးမှာ အမှန်ပင် အကြီးအကဲဝမ်လင်းယွမ်ဖော်စပ်ထားသော ဆေးလုံးဖြစ်၏။ သူတို့သည် အဆိပ်ဆေးလုံးကို လေ့လာရုံသာဖြစ်သော်လည်း သူတို့၏ အာရုံများ အနည်းငယ် ဝေဝါးသွားရ၏။ ထို့ကြောင့် ထိုဆေးလုံးသည် အထင်ကြီးစရာဆေးလုံးဖြစ်ကြောင်း သူတို့သိလိုက်လေသည်။

ထိုဆေးလုံးသည် နှလုံးသားလှည့်ဖျားဆေးလုံးဟုခေါ်သော အားအင်မဲ့ဆေးလုံး ဖြစ်သည်။

အကြီးအကဲနှစ်ဦးသည် ဆေးလုံးကိုလေ့လာပြီးသောအခါ စိုးရိမ်မှုများလျော့သွားပြီး ဆုံးဖြတ်ချက် ပိုမိုပြတ်သားသွားသည်။ မျှော်လင့်ချက်ရှိပေပြီ။

လီချန်ရှို့နှင့် လင်းအယ်သည် ကျောက်တုံးကြီးတစ်တုံးအနောက်တွင် ပုန်းအောင်းနေ၏။ လီချန်ရှို့သည် သူ၏ အာရုံကို ဂိုဏ်းတွင် ဖြစ်ပွားနေသော တိုက်ပွဲဆီသို့ ပို့လိုက်၏။

*****

စက္ကူကိုယ်ပွား လူသန်ကြီးသည် ရန်သူများကို ထပ်၍ မလှည့်စားနိုင်တော့ပေ။

ရန်သူများသည် အထာနပ်သွားပြီဖြစ်၏။ သူတို့သည် လူသန်ကြီး၏ အနောက်သို့ လိုက်ရန် လူများ မစေလွှတ်လိုက်တော့ပေ။ သူတို့သည် ကောင်းကင်ခွင်းတောင်ကိုသာ အစွမ်းကုန်သုံး၍ တိုက်ခိုက်နေကြ၏။

ထိုလူသန်ကြီး‌နောက်သို့ လွှတ်လိုက်သော သူများသည် တောင်လေးတစ်ခုပေါ်တွင် တိတ်တဆိတ်သတ်ဖြတ်ခံခဲ့ရသည် မဟုတ်ပါလား။ ထို့ကြောင့် ရန်သူများသည် တစ်ခုခု မူမမှန်ကြောင်း သဘောပေါက်နေပေပြီ။

တုနတ်ဝိဇ္ဇာဂိုဏ်းမှ နတ်ဝိဇ္ဇာအစုများသည် လူသန်ကြီးတစ်ယောက် ထိုကဲ့သို့ မိစ္ဆာအမြောက်အမြားကို သတ်နိုင်ရန် ပြင်းပြင်းထန်ထန်တိုက်ပွဲဝင်ခဲ့ရမည်ဟု တွေးနေကြ၏။ ယင်းသည် အထင်ကြီးစရာ မဟုတ်ပါလား။

လူသန်ကြီးသည် ဆဲဆိုနေဆဲပင်။ သို့သော် သူ‌့နောက်သို့ မည်သူမှ လိုက်၍ မတိုက်ခိုက်တော့ဘဲ မှော်အစွမ်းများ၊ ဓမ္မရတနာများနှင့်သာ ပစ်ခတ်လိုက်ကြလေသည်။ သူသည် ရန်သူများကို ဆက်၍ မျှားမခေါ်နိုင်တော့ချေ။
‘ ရှိစေတော့… ’

‘ ရန်သူတွေကို ချုံတောင်လေးဆီမျှားခေါ်တာ တစ်ခေါက်၊ နှစ်ခေါက်ဆို တိုက်ဆိုင်မှုလို့ပြောလို့ရသေးတယ်။ အကြိမ်ရေများလာရင်တော့ ရှင်းပြရခက်မယ်… ’

တုနတ်ဝိဇ္ဇာဂိုဏ်း၏ တောင်မကြီးအနားတွင် တိုက်ခိုက်နေသော တိုက်ပွဲသည် တည်ငြိမ်နေပြီဖြစ်သည်။ ရန်သူများသည် စိတ်အားလျော့လာကြပေပြီ။ လက်ရှိတွင် တုနတ်ဝိဇ္ဇာဂိုဏ်းသည် ဖိအားပေးခံနေရသော်လည်း အကျအဆုံး နည်းပါးလာသည်။ အကြီးအကဲဝမ်လင်းယွမ်၊ အရှင်ဝမ်ချင်းနှင့် အခြားပညာရှင်များ၏ တိုက်ခိုက်မှုသည်လည်း ပို၍ ထိရောက်မှုရှိလာ၏။

သို့သော် အခြေအနေကောင်းပြီဟု တထစ်ချပြော၍မရသေးပေ။

လက်ရှိတွင် တိုက်ပွဲအခြေအနေသည် အာကာသနတ်မင်းများအပေါ်တွင် မူတည်နေ၏။ ထိုအချက်သည် အရေးကြီးသော အချက်ဖြစ်သည်။ အကယ်၍ ဂိုဏ်းချုပ်နှင့် အကြီးအကဲချီလင်းတို့ ရန်ကျောင်းတော်မှ ပညာရှင်များ ရောက်ရှိမလာသေးခင် ရှုံးနိမ့်သွားပါက တုနတ်ဝိဇ္ဇာဂိုဏ်းသည်လည်း ရှုံးနိမ့်သွားပေလိမ့်မည်။

‘ အာကာသနတ်မင်းတွေရဲ့ တိုက်ပွဲကို ငါဘယ်လို ဝင်ကူညီပေးနိုင်မလဲ ’
လီချန်ရှို့၏ ခေါင်းထဲတွင် ထိုအတွေးပေါ်လာ၏။ ထို့နောက် သူသည် မျက်မှောင်ကြုတ်၍ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်လိုက်သည်။
‘ ငါ ဘယ်တုန်းက ဒီလောက် သတိလက်လွတ်ဖြစ်သွားတာလဲ ’

‘ အာကာသနတ်မင်းတွေရဲ့ တိုက်ပွဲဆိုတာ ငါ့လက်ရှိအဆင့်နဲ့ ဝင်ရှုပ်လို့ရတဲ့ ကိစ္စမဟုတ်ဘူး။ ပြီး‌တော့ ငါမဖြစ်မနေလုပ်ရမယ့် ကိစ္စလည်းမဟုတ်ဘူး ’

‘ ကြည့်ရတာ ငါ့ကို ကံတရားကများ စမ်းသပ်နေတာလား ’

‘ မဟုတ်ရင် ငါဒီလို ပေါက်ကရ အတွေးမျိုးကို တွေးမိမှာ မဟုတ်ဘူး ’
လီချန်ရှို့သည် ထိုကိစ္စကို ဆက်မတွေးနေတော့ပေ။ သူသည် အတွေးများကို ထိန်းကြောင်းပြီးနောက် သူ၏ အစီအစဉ်အတိုင်း ဆက်လုပ်လိုက်သည်။

ခေတ္တကြာပြီးနောက်…

လင်းအယ်၏ဘေးရှိ လီချန်ရှို့အသွင်ဆောင်ထားသော ‘လူ’ စက္ကူကိုယ်ပွား(၃)သည် မိစ္ဆာဂဠုန်၏ မိစ္ဆာကိုယ်ရောင်ကိုယ်ဝါကို အာရုံခံလိုက်မိ၏။ ရန်သူသည် အချိန်ယူရသော်လည်း နောက်ဆုံးတွင် အောင်အောင်မြင်မြင် ရောက်ရှိလာပေပြီ။

ထိုအခိုက်တွင် လီချန်ရှို့သည် ဂိုဏ်းရှိ စက္ကူကိုယ်ပွား သုံးရုပ်ကို ထိန်းချုပ်လိုက်သည်။ လူသန်ကြီးနှင့် အမျိုးသား၊ အမျိုးသမီး စုံတွဲသည် ရန်သူများကို ထိပ်တိုက်ဝင်တိုက်ရန် ဟန်ပြင်လိုက်ကြသည်။ ထိုသုံးဦးသည် ရန်သူနယ်နမိတ်အတွင်းသို့ ကျွံသွားပြီဖြစ်၍ နောက်ပြန်ဆုတ်၍ မရတော့ပေ။ သို့သော် သူတို့သည် အရေးမစိုက်ဘဲ မိစ္ဆာအများအပြား စုစည်းနေရာသို့ ပျံသန်းသွား၍ ရုတ်ခြည်း ကိုယ့်ကိုယ်ကို ဖောက်ကွဲလိုက်ကြလေတော့သည်။

တုနတ်ဝိဇ္ဇာဂိုဏ်းမှ နတ်ဝိဇ္ဇာများသည် အော်ဟစ်လိုက်ကြ၏။
“ မိတ်ဆွေတို့ အဲဒီလို မလုပ်ကြပါနဲ့ ”

တစ်နှစ်ပတ်လုံး အခန်းအောင်းကျင့်ကြံခဲ့ကြသည့် နတ်ဝိဇ္ဇာများသည်လည်း မော့ကြည့်ကာ သက်ပြင်းချလိုက်ကြ၏။

သို့သော်…
နှစ်ဖက်စလုံးသည် ထိုမြင်ကွင်းကို မြင်ဖူးနေ၏။

လီချန်ရှို့သည်လည်း ရင်ထဲတွင် စစ်ခနဲဖြစ်သွားလေသည်။ ထိုစက္ကူကိုယ်ပွားများသည် လက်ရှိသူ့တွင်ရှိသော အရည်အသွေးအကောင်းဆုံး စက္ကူကိုယ်ပွားများဖြစ်သည်။ ၎င်းတို့ကို ပြုလုပ်ရန် စက္ကူအများဆုံး သုံးခဲ့ရ၏။

သို့သော် သူ့တွင် ရွေးချယ်စရာမရှိပေ။ စက္ကူကိုယ်ပွားသုံးရုပ်သည် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ခဲ့ပြီးဖြစ်၍ ကမ္မနှောင်ကြိုးများ ငြိတွယ်နေပြီဖြစ်သည်။

လူသန်ကြီးတွင် ပို၍ပင် ကမ္မနှောင်ကြိုးများ တွယ်နေ၏။ လူသန်ကြီးသည် ဆဲကောင်းကောင်းနှင့် အော်ဆဲခဲ့သော်လည်း နောင်တွင် မိစ္ဆာမျိုးနွယ်နှင့်ပတ်သက်သည့် စွမ်းအားကြီးသော အရှင်လုယာကဲ့သို့ ကျင့်ကြံသူမျိုးက သူ့အား လက်စားလာချေလျှင် ရင်ဆိုင်ရန် လွယ်မည်မဟုတ်ပေ။ သို့သော် သူသည် ကိုယ့်ကိုယ်ကို ဖောက်ခွဲလိုက်ပြီဖြစ်၍ ပြာဖြစ်သွားပေပြီ။

မိစ္ဆာဧကရာဇ်ကို ဆဲဆိုခဲ့သူမှာ လူသန်ကြီးသာဖြစ်ရာ ချုံတောင်လေးမှ စွမ်းအားမကြီးသော တပည့်လေး လီချန်ရှို့နှင့် မည်သို့သက်ဆိုင်ပေမည်နည်း။

လီချန်ရှို့သည် သူ၏ ကိုယ်ပေါ်ရှိ နိမိတ်ဖတ်ခြင်းကို ကာကွယ်ပေးနိုင်သည့်ပစ္စည်းများကိုကြည့်လိုက်ပြီး ထိုအကြောင်းကို ဆက်မတွေးတော့ဘဲ အတွေးစဖြတ်လိုက်လေသည်။

အမှန်တွင် မိစ္ဆာများသည် အာဒိကပ္ပလောကတွင် ပမွှားအဆင့်သာ ရှိတော့၏။ စုန်းကဝေများနှင့် ရင်ဆိုင်ရန် မိစ္ဆာဧကရာဇ်သည် လူသားအမြောက်အမြားကိုသတ်၍ လူသားဝိညာဉ်များကိုသုံးကာ လက်နက်ရတနာများ ပြုလုပ်ခဲ့လေသည်။ လူသားမျိုးနွယ်သည် မျိုးတုန်းမတတ်ပင်ဖြစ်သွားခဲ့ရာ မိစ္ဆာဧကရာဇ်သည် သူသေသည်အထိ မကျေနိုင်သော အကုသိုလ်များစွာ ရခဲ့၏။

နွီဝါးမယ်တော်နှင့် မိစ္ဆာဧကရာဇ်၏ ရန်သူများဖြစ်သော တာအိုဂိုဏ်းများမှ ပညာရှင်များက လူသားမျိုးနွယ်ကို ဝင်ရောက်ကာကွယ်ပေးခဲ့၍သာ မျိုးမတုန်းသွားခြင်းဖြစ်သည်။

လီချန်ရှို့သည်လည်း လူသားတစ်ယောက်ဖြစ်၍ မိစ္ဆာဧကရာဇ်၏ အုတ်ဂူပေါ်တွင် ခုန်ပေါက်နေလျှင်ပင် မည်သူမှ ထိုအပြုအမူကို ရိုင်းသည်ဟု ထင်မည်မဟုတ်ပေ။ ထို့ကြောင့် အနည်းငယ်လောက် ဆဲဆိုခြင်းကို စကားထဲထည့်ပြောနေရန်ပင် မလိုချေ။ ထို့ကြောင့်လည်း သူဆဲဆိုရဲခဲ့ခြင်းဖြစ်၏။

ရှေးဟောင်းခေတ် ကုန်ဆုံးခါနီး စုန်းကဝေ-မိစ္ဆာ တတိယစစ်ပွဲအပြီးတွင် မိစ္ဆာများသည် အဆုံးအရှုံးများခဲ့ပြီဖြစ်သည်။ လူသားမျိုးနွယ်သည် ထိုအရာကို အခွင့်ကောင်းယူ၍ မိစ္ဆာမျိုးနယ်ကို နှိမ်နင်းခဲ့၏။ ထိုခေတ်မှ လူသားမျိုးနွယ်ခေါင်းဆောင်သည် အောင်ပွဲခံရန် လူသားများကို ပျက်ဆီးသွားသော မိစ္ဆာခုံရုံးများအရှေ့တွင် ဆယ်စုနှစ်များစွာ တီးမှုတ်ကခုန်စေခဲ့လေသည်။

လူသားမျိုးနွယ် တိုးတက်ကြွယ်ဝလာရခြင်း၏ အကြောင်းမှာ ကောင်းကင်၊မြေကြီး နှင့် ကျောင်းတော်သုံးကျောင်းကို လေးစားရိုသေခဲ့၍သာ မဟုတ်ပေ။

ထိုမျှလောက်နှင့် လူသားမျိုးနွယ်သည် တိုးတက်ကြွယ်ဝလာမည် မဟုတ်။

သို့သော် အတိတ်အကြောင်းပြောရာတွင် စုန်းကဝေများနှင့်၊ မိစ္ဆာများသည် ကောင်းကင်၏ အစိတ်အပိုင်းများအဖြစ် သတ်မှတ်ခြင်းမခံခဲ့ရ၍ လူသားမျိုးနွယ်က ခေါင်းထောင်လာနိုင်ခြင်းဖြစ်ကြောင်း ပြောလေ့ရှိကြလေသည်။

လီချန်ရှို့သည် တိုက်ပွဲကို ပြန်၍ အာရုံစိုက်လိုက်သည်။

နောက်ကွယ်မှလူတစ်ဦးသည် တုနတ်ဝိဇ္ဇာဂိုဏ်းကို အသုံးချ၍ ပြဿနာမီးမွှေးလိုခြင်းကြောင့် အတုမဲ့နတ်ဝိဇ္ဇများ၊ ကောင်ကင်နတ်မင်းများ အများအပြား သေဆုံးခဲ့ရလေသည်။

ကမ္မနှောင်ကြိုးများကို ရှောင်ရှားခြင်းနှင့် ရစ်နွယ်ပြီးသော ကမ္မနှောင်ကြိုးများကို ဖြတ်တောက်ခြင်းမှာ ညီတူမျှတူ အရေးကြီး၏။

နောင်တွင် သူသည် ပုန်းအောင်းရမည်လော၊ မပုန်းအောင်းရမည်လော တွေးတော့မည်မဟုတ်ပေ။

ထို့ထက်…

သူ မည်မျှ လုံလုံခြုံခြုံ ပုန်းအောင်းရမည်ကိုသာ တွေးပေတော့မည်။

ထိုအခိုက်တွင် ‘ကောင်းကင်’ စက္ကူကိုယ်ပွား(၂)သည် ကောင်းကင်ခွင်းတောင်အောက်တွင် ပုန်းအောင်းနေဆဲဖြစ်သည်။

‘ ကောင်းကင်ခွင်း ’ စာလုံးပါသော စက္ကူကိုယ်ပွားသည် သူ၏ဆရာ ချီယွမ်အသွင်ကိုဆောင်၍ ဆေးဖော်ဆောင်အရှေ့တွင် တိတ်တဆိတ်ထိုင်နေပြီး ချုံတောင်လေးပေါ်ရှိ မန္တန်အစီအရင်များကို လျှို့ဝှက်ထိန်းချုပ်နေခြင်းပင်။

လီချန်ရှို့သည် လောလောလတ်လတ်တွင် လင်းအယ်နှင့် သူ၏ဆရာဘေးရှိ ‘လူ’ စက္ကူကိုယ်ပွား(၃)အပေါ်တွင်သာ အများဆုံး အာရုံစိုက်ထားလိုက်သည်။ သူသည် တပည့်ငယ်များကို လာရောက်တိုက်ခိုက်သော ကောင်းကင်နတ်မင်းအဆင့် တာအိုရသေ့အိုကြီးကို တိုက်ခိုက်၍ တုနတ်ဝိဇ္ဇာဂိုဏ်း၏ မျိုးဆက်သစ်များကို ကာကွယ်ပေးရန် ဆုံးဖြတ်ထား၏။

ကောင်းကင်ခွင်းတောင်တစ်ဝိုက်တွင် လက်ရှိတိုက်ပွဲအခြေအနေအရ လီချန်ရှို့ ဝင်ရောက်တိုက်ခိုက်ပေးရန် မလိုသေးပေ။

သူသည် တတ်စွမ်းသလောက် ကူညီခဲ့ပြီးဖြစ်သည်။

တုနတ်ဝိဇ္ဇာဂိုဏ်းမှ နတ်ဝိဇ္ဇာအများစုသည် တာအိုတရားကိုလေးစားသော ကိုယ့်ကိုယ်ကို ဖောက်ခွဲသွားသည့် စက္ကူရုပ်သုံးရုပ်ကို ကျေးဇူးတင်နေပြီး သူတို့ကိုသူတို့လည်း အပြစ်ရှိသလို ခံစားနေကြရ၏။

ထိုမျှကူညီပေးခဲ့လျှင် လုံလောက်ပေပြီ။

သို့သော် မဟာအကြီးအကဲတစ်ဦးသည် တိုက်ပွဲပြီးသွားလျှင် အထိမ်းအမှတ်အနေဖြင့် ထိုသုံးယောက်၏ပုံတူကို ရုပ်တုထုလုပ်ရန် တွေးတောနေသည်ကိုမူ လီချန်ရှို့ မသိနိုင်ပေ။ ထိုကိစ္စသည် အတန်ငယ် ကိုးရိုးကားရားနိုင်သော ကိစ္စဖြစ်၏။

တုနတ်ဝိဇ္ဇာဂိုဏ်း၏ အရှေ့ဘက် လီတစ်သောင်းကျော်အကွာတွင် မိစ္ဆာဂဠုန်တစ်ကောင်သည် ကောင်းကင်တွင် လှည့်ပတ်ပျံသန်းနေ၏။ အောက်ရှိလူများအပေါ်သို့ နတ်အာရုံနှစ်ခု ကျရောက်နေပေသည်။

လီချန်ရှို့သည် လင်းအယ်ထံအသံပို့လွှတ်လိုက်၏။
“ အစ်ကို့အနားမှာ ကပ်နေ… ညီမလေး အစ်ကို့ကို ဒိုင်းကာအနေနဲ့ သုံးလို့ရတယ် ”

“ ဟင်… ”
လင်းအယ်သည် မျက်တောင်ခတ်လိုက်ပြီး လျင်မြန်စွာပင် သူမကို အပြည့်အဝကာကွယ်ပေးနေသော “ လီချန်ရှို့ ” ၏ အနောက်တွင် ကွယ်လိုက်လေသည်။

ယုံချင်ရွှမ်းယာနှင့် အကြီးအကဲနှစ်ဦးသည် တိုက်ခိုက်ရန် အသင့်ပြင်ထားကြပေပြီ။

ကျောက်တုံးကြီးအနောက်တွင် ပုန်းအောင်းနေသော လင်းအယ်သည် အတန်ငယ် နားမလည်နိုင်ဖြစ်နေ၏။ သူမသည် မျက်နှာကလေးရဲနေပြီး ညင်သာစွာမေးလိုက်သည်။
“ အစ်ကိုကြီး… အစ်ကိုကြီးကဘာလို့… ”

“ များများကြည့်၊ နည်းနည်းပြော၊ ကြိုးစားလေ့လာ ”
လင်းအယ်သည် ချက်ချင်းခေါင်းညိတ်လိုက်ပြီး လီချန်ရှို့၏ သင်ကြားမှုကို နာခံလိုက်သည်။ သူမ အတန်ငယ် စိတ်လှုပ်ရှားနေ၏။

ကောင်းကင်ပေါ်မှနေ၍ အလင်းတန်းများ ရုတ်တရက် ကျဆင်းလာလေသည်။ အကြီးအကဲနှစ်ဦးသည် ပူးပေါင်း၍ သူတို့ပတ်လည်ရှိ မန္တန်အစီရင်ကို အသက်သွင်းလိုက်ကြ၏။ ကျဆင်းလာသော အလင်းတန်းများကို လက်မတင်လေး ကာလိုက်နိုင်ပေသည်။

ထို့နောက် မိစ္ဆာဂဠုန်သည် အတောင်များကို ခေါက်ကာ ကောင်းကင်ပေါ်မှနေ၍ အောက်သို့ တဟုန်တိုး ထိုးဆင်းလာ၏။ ၎င်းသည် လွန်စွာလျင်မြန်လေသည်။

သို့သော် မိစ္ဆာဂဠုန်၏ ကျောပေါ်ရှိ လူသည် လမ်းတစ်ဝက်မှာပင် ကျန်နေခဲ့လိုက်၏။

သွေးခြင်၏ မှော်အစွမ်းဖြင့် ထိန်းချုပ်ခြင်းခံနေရသော ကောင်းကင်နတ်မင်းသည် တုနတ်ဝိဇ္ဇာဂိုဏ်းက အဆိပ်အသုံးပြုတတ်ကြောင်းကို ခဲမှန်ဖူးသော စာသူငယ်ကဲ့သို့ စွဲစွဲမြဲမြဲ သိရှိပြီးဖြစ်လေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset