ဆေးကျိုသည့်အလုပ်သည် အပ်နဖါးထိုးသကဲ့သို့ပင် အလွန်နူးညံ့သည့်အလုပ်ဖြစ်သည်။ ချန်ပင်အန်း အတော်တည်ငြိမ်၍ စနစ်ကျသည်။ သူ့ရှေ့မှ ဆေးအိုးကိုသာ အာရုံစူးစိုက်ထားသည်။ သူ့စိတ်တွင် ထူးဆန်းသည့် စိတ်ကြည်လင်မှုတစ်ခု ခံစားရသည်။
သို့သော် နိန်ယော်မှ စိတ်ရှည်တတ်သူမဟုတ်။ ဓားရှည်နှင့် ဓားမောက်ကျင့်ကြံမှုမှလွဲလျှင် တစ်ခြားစိတ်ဝင်စးသည့်အရာ သိပ်မရှိလှ။ ငယ်ကတည်းက အိမ်မှထွက်လာခဲ့သည်။ နေရာအနှံ့တစ်ကိုယ်တော် ခရီးထွက်ခဲ့သည်။ ကြမ်းတမ်းသည့် ပတ်ဝန်းကျင်များတွင် ရှင်သန်နေထိုင်ခဲ့သည်။
ထို့ကြောင့် ချန်ပင်အန်း၏ အကြမ်းထည်အိမ်အိုအိမ်ဟောင်းတွင် နေထိုင်နေရသော်လည်း စိတ်မသက်မသာဖြစ်ခြင်းမျိုး သူမခံစားရပေ။ မိုးကြားလေကြားတွင် တောတောင်မြေပြင်အနှံ့ သူစခန်းချနားခိုခဲ့ဖူးသည်။ လူတစ်ယောက် မည်မျှထူးခြားသည်ဖြစ်သည် ဤသို့အခြေအနေမျိုး တွေ့ကြုံဖူးလျှင် စိတ်ထဲတွင် မည်သို့မှ ထူးခြားတော့မည်မဟုတ်။
“နင့်လက်က အခု အဆင်ပြေရဲ့လား”
နိန်ယော်က မေးလိုက်သည်။
ချန်ပင်အန်း ဆေးခွက်ကို ယူလာပေးသည်။ သူ့ဘယ်လက်တွင် အဖြူရောင်အဝတ်စများစည်းနှောင်ထားသည်။ နိန်ယော်က ဆေးခွက်ကို လှမ်းယူပြီးချိန်တွင် သူပြုံး၍ပြန်ပြောလိုက်သည်။
“အဆင်ပြေပါတယ်။ ဒီကိုမလာခင် ဆေးရွက်တစ်ချို့ ကြိတ်ပြိး ဒါဏ်ရာပေါ်အုပ်ခဲ့တယ်။ ကြွေထည်လုပ်သားဘဝက ထိခိုက်ဒါဏ်ရာရတိုင်း ဒီလိုပဲ ဆေးကြိတ်ပြီးအုပ်လိုက်တာ။ ရာနှုန်းပြည့် သက်သာလာပါတယ်။ အဲဒီလျှို့ဝှက်ဆေးနည်းကို ယန်မိသားစုဆေးဆိုင်က အဘိုးအိုတစ်ယောက် ငါ့ကိုပြောပြထားတာ ကြာလှပြီ။
ဒါပေမယ့် ဒီလျှို့ဝှက်ဆေးနည်း ဘယ်သူ့ကိုမှ ပြန်မပြောပါဘူးလို့ သူ့ကိုကတိပေးထားတယ်။ မဟုတ်ရင် မင်းလို ခရီးလှည့်ပတ်သွားနေတဲ့လူအတွက် အလွန်အသုံးဝင်မှာပါ။ မင်းဆေးနည်းလိုချင်ရင် အဲဒီအဘိုးအိုဆီသွားပြီး ငါခွင့်ပြုချက်တောင်းပေးမယ်။ ဒီနေ့ကတော့ အလျင်စလိုဆေးဝယ်ခဲ့ရတာမို့ အဘိုးကြီးကို မတွေ့နိုင်ခဲ့ဘူး။ သူခရီးရှည်တော့ မထွက်လောက်ဘူးထင်တာပဲ”
နိန်ယော် ဆေးကိုသောက်လိုက်သည်။ သွယ်လျသည့် သူ့မျက်ခုံးများ အနည်းငယ်ကျုံ့သွားသည်။ သို့သော် ဘာမှမပြောဘဲ ဆေးကိုကုန်အောင်ဆက်သောက်သည်။ ချန်ပင်အန်းထံ ဆေးခွက်ကို ပြန်ပေးပြီးနောက် ခပ်တိုးတိုး ပြန်ပြောလိုက်သည်။
“စေတနာကောင်းတဲ့ အရူးကောင်၊ နင်ဒီလောက် ဆင်းရဲနေတာ မထူးဆန်းတော့ဘူး။ နင်က သူများအနိုင်ကျင်ခံရသင့်ပါတယ်”
ချန်ပင်အန်း ဘာမှမပြောနိုင်မီ နိန်ယော် ထပ်ပြောလိုက်သည်။
“စိတ်ထဲမထားပါနဲ့။ ငါက စကားကို တည့်တည့်ပဲ ပြောတတ်လို့ပါ”
သို့သော် ထိုသို့ရှင်းပြလိုက်သည်က အစောပိုင်းကစကားထက်ပို၍ ထိခိုက်စေမည်မှန်း သူနားမလည်ပေ။
ချန်ပင်အန်း တစ်ခုခုပြောရန်ပြင်သည်။ သို့သော် တုံ့ဆိုင်းဆိုင်းဖြစ်နေသည်။
နိန်ယော်က နှုတ်ခမ်းထောင့်တွင် ပေကျံနေသည့် ဆေးစများကို လက်ဖြင့်သုတ်ကာ ခါးမတ်၍ရပ်လိုက်သည်။ ထို့နောက် အလေးအနက်လေသံဖြင့်
“ဒီနေရာကို စောင့်ကြည့်နေတဲ့ ဆရာချီဆိုတဲ့ သူတော်စင်က နင့်ကိစ္စကို ကူညီပေးပြီး အန္တရာယ်ကင်းအောင် လုပ်ပေးတယ်ဆိုပေမယ့် လူတိုင်းမှာ ကူညီနိုင်စွမ်း အကန့်အသတ်တွေရှိကြတာကို နင်နားလည်ဖို့လိုတယ်။ သူတော်စင်တွေလည်း အတူတူပဲ။
ပြောရရင် ဆရာချီအခြေအနေက အခုသိပ်မဆိုးသေးပေမယ့် မြစ်ကြောင်းမဖြတ််နိုင်တော့တဲ့ မြေသားဗုဒ္ဓရုပ်ထုလို ဖြစ်နေပြီ။ နောင်ကျရင် နင်ဘေးကင်းအောင် သူစောင့်ရှောက်နိုင်တော့မယ် မထင်ဘူး။ အပြင်လောကသား နိန်ယော်ဆိုတဲ့ငါက ကိုယ့်အပေါ် စေတနာတစ်စက်လောက်ရှိရင် မေတ္တာတစ်ကန်စာလောက် ပြန်တုံ့ပြန်တတ်တဲ့လူပါ။ ဒါပေမယ့် ငါ့ကို ဒေါသရိပ်နဲ့ ကြည့်လာရင်လည်း အဆတစ်ရာကြမ်းတမ်းရက်စက်မှုမျိုး ပြန်ပေးတတ်တယ်”
ပြောနေရင်းမှ နိန်ယော်စိတ်တွင် ဂုဏ်ယူဝင့်ကြွားစိတ် အနည်းငယ်ပေါ်လာသည်။ သူ့စကားလုံးများက ကြွတက်နေသည်။ မြစ်မဖြတ်နိုင်သည့် မြေသားဗုဒ္ဓ၊ စေတနာတစ်စက်ကို မေတ္တာတစ်ကန်၊ ဒေါသရိပ်ကို အဆတစ်ရာကြမ်းတမ်းမှုနဲ့ တုံ့ပြန်။
သို့သော် ကံဆိုးသည်မှာ ချန်ပင်အန်း၏အိမ်နီးချင်းက စာတိုငညို ဖြစ်နေခြင်းဖြစ်သည်။ ဆုန်ကျိရှင်းသည် သူတော်စင်များ၏ ဆုံးမဩဝါဒစာများကို မနက်တိုင်းညတိုင်းလို ရွတ်ဆိုနေတတ်သည်။ သူ့စကားအရ ထိုသို့ရွတ်ဆိုခြင်းသည် သူ၏မြင့်မြတ်သည့်စိတ်ဝိညာဉ်ကို ခွန်အားဖြည့်ခြင်းဟု ဆိုသည်။ ထို့ကြောင့် ချန်ပင်အန်းသည် ထိုစာအုပ်ျားကို မဖတ်ဖူးသော်လည်း စကားလုံးများကို ကြားဖူးနေသည်။ စာပေပညာသင်များ ပညာရှင်များ၏ အယူအဆသဘောတရားများနှင့် သူမရင်းနှီးဟု မပြောသာပေ။ ခက်ခဲနက်နဲသည့် စကားများ ကြားရသည့်တိုင် ရှေ့နောက်စကားလုံးများကို ဆက်စပ်၍ အဓိပ္ပါယ်ကို အကြမ်းဖျင်းသူသဘောပေါက်သ်ည။
နိန်ယော်က ချန်ပင်အန်းကို စိုက်ကြည့်နေသည်။ အံ့ဩသွားမည်။ အထင်ကြီးသွားမည်။ နားမလည်သည့်ပုံစံ ဖြစ်သွားမည်ဟု သူထင်နေသည်။ သို့သော် သူ့စိတ်ပျက်သွားရသည်။ သူ့မျက်နှာက ထုရိုက်ချင်စရာကောင်းလောက်အောင် မတုန်မလှုပ်ဖြစ်နေသည်။ “နားလည်ပါတယ်။ ဆက်ပြောပါ” ဟူသည့် ပုံစံမျိုးဖြစ်သည်။
နိန်ယော် အတော်စိတ်ဓာတ်ကျသွားသည်။ တက်ကြီနေသည့်စိတ်ဓာတ်ခွန်အားများ ဒီရေအကျကဲ့သို့ ထိုးဆင်းသွားသည်။
“ငါပြောချင်တာက နင်ငါ့အသက်ကို ကယ်ခဲ့တဲ့အတွက် နောက်ကျရင် နဂါးမြို့တော်က ဖူနန်ဟွားကို သတ်ဖို့ ကူညီပေးမယ်လို့ ပြောတာ။ ဒါမှမဟုတ် ရှုကျန်းရေကန်က လျိုကျီမော်ကိုသတ်ဖို့ပေါ့။ ဒါပေမယ့် နင်သူတို့နှစ်ယောက်လုံးကိုသတ်ပြီး အပြတ်ရှင်းချင်တယ်ဆိုရင်တော့ ငါ့ကိုငွေနည်းနည်းပေးဖို့လိုတယ်။ ဘာပဲပြောပြော ငါတို့နှစ်ယောက်က အမှတ်မထင်တွေ့ကြတဲ့ သူစိမ်းတွေပဲလေ။ နင်ငါ့ကို ကြေးပြားအိတ်တစ်အိတ် ပေးဖို့လိုလိမ့်မယ်”
ထို့နောက် နွေဦးကြိုကြေးပြားအိတ်ကို ချက်ချင်းလက်ညှိုးထိုးပြလျက်
“ဥပမာ ဒီအိတ်ဆိုရင် ငါ့အကြိုက်ပဲ။ ဒါနကြေးပြားနဲ့ မင်္ဂလာကြေးပြေားတွေရဲ့ ပုံစံက သိပ်မကောင်းဘူး။ ဒီဇိုင်းပုံစံကိုလည်း ငါမကြိုက်ဘူး”
နိန်ယော်က ခေါင်းကိုအနည်းငယ်စောင်းငဲ့လျက် ဆက်ပြောသည်။
“တကယ်လို့ နင်သာ ကျန်တဲ့ကြေးပြားနှစ်အိတ်လုံးကို ပေးဖို့ဆန္ဒရှိမယ်ဆိုရင်တော့ နဂါးမြို့တော်နဲ့ တိမ်အာရုဏ်တောင်တန်းပြဿနာကိုပါ ငါဖြေရှင်းပေးနိုင်တယ်။ လျိုကျီမော်လက်ထဲမှာ ငါသေသွားရင်တော့ မတတ်နိုင်ဘူးပေါ့လေ။ ငါ့ကျင့်စဉ်စွမ်းအားက သိပ်မမြင့်သေးဘူး။ သိုင်းပညာအဆင့်ကိုးဆင့်မှာ အဆင့်ခြောက်အထိပဲ ရောက်သေးတယ်။ သိုင်းသမားတစ်ယောက်အနေနဲ့ ငါ့ခန္ဓာကိုယ်ကလည်း ပြီးပြည့်စုံတဲ့အဆင့်ကို မရောက်သေးဘူး။ ကျင့်ကြံမှုစွမ်းအင် ဆယ့်ငါးဆင့်မှာ ငါက အလတ်တန်းအဆင့်ငါးဆင့်ထဲက နဂါးဂိတ်အဆင့်မှာပဲ ရှိသေးတယ်။ ငါ့အသက်ကိုယ်အင်္ဂါတွေထဲမှာ ပုံစံခြောက်မျိုးခုရှိတယ်။ ဒါပေမယ့် အဲဒီ့ပုံစံတွေအသက်ဝင်လာအောင် မလုပ်နိုင်သေးဘူး”
ချန်ပင်အန်း သူ့စကားကိုနားထောင်ရင်း ကြောင်၍ကြည့်နေသည်။ သူဘာမှ နားမလည်ပေ။
နိန်ယော် နည်းနည်းရှက်သလို ဒေါသထွက်သလို ခံစားနေရသည်။ သူ့ကျင့်ကြံမှုစွမ်းအား အဆင့်နိမ့်နေသည့်အဖြစ်ကို ရှက်စရာတစ်ခုအဖြစ် အမြဲတမ်းခံစားခဲ့ရသည်။ သို့သော် ချန်ပင်အန်း၏ ကြောင်တက်တက်အကြည့်က “အဲဒါဘာလဲဆိုတာ ရှင်းပြပါဦး” ဟု ပြောနေသယောင်ရှိသည်။ ထိုအကြည့်က အနာကို တုတ်ဖြင့်ဆွလိုက်သကဲ့သို့ ခံစားရသည်။
သူ့မျက်နှာ မှုန်နေသည်ကိုကြည့်၍ အခြေအနေတင်းကြပ်လာကြောင်း ချန်ပင်အန်း ချက်ချင်းရိပ်စားမိသဖြင့် အမြန်ပြန်ပြောလိုက်သည်။
“နိန်ယော်၊ လွန်ခဲ့တဲ့လကပဲ မင်းဒါဏ်ရာပြင်းပြင်းရထားတာ။ အခုကြည့်တော့ မင်းပုံစံက အကောင်းပကတိနီးပါး ဖြစ်နေသလိုပါပဲလား”
နိန်ယော်က ခေါင်းငုံ့ကာ ရင်ဘတ်ကိုလက်ဖြင့်ဖိလျက် အက်ကွဲနေသည့်လေသံဖြင့်
“အဲဒီတုန်းက ငါတကယ်သေတော့မလို့ပဲ။ တာအိုလုသာ မကယ်ရင် ငါသေခဲ့လောက်တယ်။ ဘာပဲပြောပြော နင့်အပေါ် ကျေးဇူးကြွေးတင်နေတယ်။ နင်ဒီလိုအခက်အခဲ ကြုံနေချိန်မှာ နင့်ဆီကနေ အခွင့်ကောင်းယူထို့ ငါမကြိုးစားသင့်ပါဘူး။ ဒီကြေးပြားသုံးအိတ်ကို ငါမတောင်းခဲ့သင့်ဘူး။ အဲလိုလုပ်လိုက်ရင် လျိုကျီမော်တို့လိုလူမျိုးနဲ့ ဘာကွာတော့မှာလဲ။ ငါမှားတာပါ။ ငါဘာမှမပြောခဲ့ဘူးလို့ပဲ မှတ်လိုက်ပါ။ ငါဒီမြို့က ထွက်သွားတာနဲ့ နင့်အန္တရာယ်တွေကို ရှင်းပေးဖို့ အကောင်းဆုံးငါကြိုးစားမယ်။ ဒါပေမယ့် ငါအရင်ဆုံး ရှင်းအောင်ပြောထားမယ်နော်။ ငါတတ်နိုင်သလောက်ပဲ လုပ်မယ်။ မဖြစ်နိုင်မှန်း သိသိနဲ့တော့ ငါ့အသက်ကိုစတေးပြီး မလုပ်နိုင်ဘူး”
နိန်ယော် အတော်စိတ်ပျက်အားငယ်နေဟန်ရှိသည်။ တစ်ပါးသူကို ခေါင်းငုံ့မတောင်းပန်ဖူးခဲ့သောကြောင့်လည်း ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။
“ဒါနကြေးပြားဆိုတာ ဘယ်အိတ်လဲ”
ချန်ပင်အန်း မေးလိုက်သည်။
နိန်ယော်က ရွှေပိုးချည်များ စီခြယ်ထားသည့် အိတ်ကို လက်ညှိုးထိုးပြလိုက်သည်။
ချန်ပင်အန်းက ကြေးပြားသုံးပြားထုတ်ကာ လက်ထဲတွင်ဆုပ်ထားလိုက်သည်။
ထို့နောက် ကြေးပြားအိတ်သုံးအိတ်လုံးကို နိန်ယော်ရှေ့သို့ ထိုးပေးကာ ပြုံးရွှင်သည့်မျက်နှာဖြင့်
“ရော့၊ ယူလိုက်ပါ”
နိန်ယော် မှင်သက်မိသွားသည်။ အတော်ကြာပြီးနောက် သူအသိပြန်ဝင်လာသည်။
“ချန်ပင်အန်း၊ နင်ငယ်ငယ်တုန်းက ခေါင်းပေါ်ကို တစ်ခုခုပြုတ်ကျဖူးသလား”
“မကျဖူးပါဘူး”
ချန်ပင်အန်းက စိတ်ပျက်ဟန်ဖြင့် ပြန်ပြောလိုက်သည်။
“ဒါပေမယ့် သူများတွေရဲ့ နွားအုပ်တွေကို ထိန်းကျောင်းရင်း နွားမြီနဲ့တော့ ခဏခဏအရိုက်ခံရဖူးတယ်”
ထိုစဉ် နိန်ယော်က ရုတ်တရက် ဒေါသအိုးပေါက်ကွဲသွားသည်။ စားပွဲကို လက်ဝါးဖြင့် ဖြန်းခနဲရိုက်လျက် ချက်ချင်း မေးလိုက်သည်။
“နင့်ငါ့ကို ကြိုက်နေတာပဲဖြစ်ရမယ်”
ချန်ပင်အန်း မျက်လုံးပြူးသွားသည်။
နိန်ယော်က ပြုံးစေ့စေ့ဖြစ်လာသည်။ ချန်ပင်အန်းကို လက်မထောင်ပြလျက်
“နင်က အကောင်းကြိုက်တတ်တာပဲ”
ထို့နောက် လက်မကို သူ့ကိုယ်သူ ပြန်ထိုး၍ ဝင့်ကြွားသည့်ဟန်ဖြင့်
“ဒါပေမယ့် ငါလက်မခံနိုင်ဘး။ ငါသဘောကျတဲ့လူဟာ ကမ္ဘာပေါ်က စွမ်းအားအကြီးဆုံး မသေမျိုးဓားသမားဖြစ်ရမယ်။ တစ်ကမ္ဘာလုံးမှာ၊ စွမ်းအားအကြီးဆုံး၊ မသေမျိုးဓားပညာရှင်။ တာအိုဘိုးဘေးနဲ့ ဗုဒ္ဓကိုယ်တော်တွေလား၊ ကွန်ဖြူးရှပ်ဝဒါဒီထိပ်သီးတွေလား။ သူ့ဓားရှေ့ကိုရောက်တာနဲ့ ခေါင်းငုံ့ပြီး ဘေးဖယ်ပေးကြရမယ်”
ချန်ပင်အန်းမျက်နှာ နီရဲနေသည်။ ကောင်းကိုလက်ဖြင့်ကုတ်လျက်
“နိန်ယော်၊ မင်းအထင်လွဲနေပြီထင်တယ်။ မင်းကိုကြိုက်တယ်လို့ ငါ့တစ်ခါမှမပြောဖူးပါဘူး”
နိန်ယော် မျက်ခုံးတစ်ဘက် မြင့်တက်သွားသည်။ ခဏစဉ်းစားပြီးနောက် ရှေ့သို့ခါးကိုင်းလာသည်။ မျက်လုံးကိုမှေးစင်းလက် လက်ကိုမြှောက်က လက်မနှင့်လက်ညှိုးကို ခပ်ဟဟလေး ထားလိုက်သည်။
“ဒီလောက်လေးတောင် မကြိုက်ဘူးပေါ့”
သူ့လေသံက ပုံမှန်သာဖြစ်သည်။
ချန်ပင်အန်းကလည်း အခိုင်အမာ အတည်ပြုပေးလိုက်သည်။
“မကြိုက်ပါဘူး။ စိတ်အေးအေးသာနေပါ”
နိန်ယော် သက်ပြင်းချလျက် လက်ကိုပြန်ရုတ်သိမ်းလိုက်သည်။ ထို့နောက် စိတ်မကောင်းသည့်လေသံဖြင့်
“ချန်ပင်အန်း နင်နောင်တစ်ချိန် ကံကောင်းထောက်မလို့ မိန်းမရခဲ့ရင်တောင် သူက နင့်လိုငတုံးမပဲဖြစ်မှာ”
ချန်ပင်အန်းက သူ့ရှေ့တွင်ဝင်ထိုင်ကာ ပြုံးရွှင်သည့်မျက်နှာဖြင့်
“သူက လူကောင်းဆိုရင် ငါကျေနပ်ပါပြီ”
နိန်ယော်ဘာမှ ပြန်မပြောပေ။
လူတစ်ချို့က အနိမ့်စားဘဝဖြင့် သေခြင်းတရားကို စောင့်ဆိုင်းကြသည်။ တစ်ချို့က နည်းနည်းချမ်းသာရုံဖြင့် ကျေနပ်ကြသည်။ သို့သော် တစ်ချို့လူများက အားမာန်အပြည့်ဖြင့် အလွန်မြင့်မားသည့်နေရာအထိ တက်လှမ်းနိုင်ကြသည်။ သူ့မိခင် တစ်ခါပြောဖူးသည်။ လူအမျိုးမျိုးတွင် ဦးတည်ရာအမျိုးမျိုး ကံကြမ္မာအမျိုးမျိုး ရှိကြသည်။ ကံကြမ္မာသည် ပိုသာသည် ပိုညံ့သည်ဟူ၍ မရှိ။
သို့သော် သူ့ဖခင်မှာ သူ့မိခင်နှင့်အမြင်ချင်း မတူပေါ။ ကံမပါသည့်အရာကို အတင်းကြိုးစားရယူရန် မကြိုးစားသင့်သော်လည်း လုံးဝစမ်းမကြည့်သင့်ဟုတော့ မဆိုလိုဟုယူဆသည့်။ လူဆိုသည်မှာ ရည်မှန်းချက်အာရုံကို ထိန်းထားရန်လိုသည်။ လိုချင်သည့်အရာကိုကြိုးစားပြီးမှ မရလျှင်သာ တစ်နည်းတစ်ဖုံ ကြံသင့်သည်။
သို့သော် ထိုစကားများကို သူ့ဖခင်က သူ့မိခင်ရှေ့တွင် မပြောရဲပါချေ။
“နိန်ယော်၊ မင်းလည်း ဒီမြို့ကို ကံကြမ္မာအခွင့်အလမ်းရှာဖို့ ရောက်လာတာပဲလား”
ချန်ပင်အန်းက ပုံမှန်အတိုင်း မေးလိုက်သည်။
နိန်ယော် ဖုံးကွယ်ခြင်းမရှိပါ။
“ငါစုဆောင်းထားတွေအားလုံးသုံးပြီး အကူအညီတစ်ခုရပြီးမှ ဒီမြို့ကို ဝင်နိုင်ခဲ့တာ။ ဒါပေမယ့် ငါက တစ်ခြားလူတွေလိုမဟုတ်ဘူး။ ကံကြမ္မာအခွင့်အလမ်းတွေ လာရှာတာမဟုတ်ဘူး။ လူတစ်ယောက်ကို ငါ့အတွက် ဓားတစ်လက်ဖန်တီးခိုင်းဖို့ လာခဲ့တာ။ ငါ့စိတ်ကြိုက်ဓားမျိုး ဖြစ်ရင်တော့ အကောင်းဆုံးပေါ့။ ဓားထက်မထက်ဆိုတာ၊ ဓားရိပ်ချီစွမ်းအားပါမပါဆိုတာတွေက အဲလောက်အရေးမကြီးပါဘူး”
“ဓားပုံသွန်းခိုင်းဖို့၊ ဟုတ်လား”
ချန်ပင်အန်း တအံ့တဩ မေးလိုက်သည်။
“ဟုတ်တယ်၊ ပန်းပဲဆရာရွမ်ကို ငါ့အတွက် ဓားတစ်လက်လုပ်ခိုင်းချင်တယ်။ သူက ဒီမြို့လေးမှာ အတော်နာမည်ကျော်တယ်။ သူ့မှာ ဘယ်တော့မှမချိုးဖေါက်တဲ့ သံမဏိစည်းမျဉ်းတစ်ခုလည်းရှိတယ်။ အဲဒါက နှစ်သုံးဆယ်ကြာမှ ဓားတစ်လက်ဖန်တီးတာပဲ။ တကယ်တော့ သူဒီကို ချီကျင်ချွမ်းနေရာမှာ အစားထိုးဖို့ ရောက်လာတဲ့ရည်ရွယ်ချက်ကလည်း ဒီပတ်ဝန်းကျင်ဟာ ဓားသွန်းလုပ်ဖို့ အသင့်တော်ဆုံးအနေအထား ဖြစ်နေလို့လေ။ သူ့ငါ့အတွက် ဓားတစ်လက်လုပ်ပေးချင်မလားဆိုတာ ငါကံစမ်းကြည့်ရမှာပေါ့။ အဆင်မပြေရင်လည်း ငါဘာမှတတ်နိုင်ဘူး။ ကံဆိုးတယ်လို့ပဲ မှတ်ရမှာပါ”
ချန်ပင်အန်းက ပြုံးလျက်
“လူကောင်းတွေဟာ ကံကောင်းတတ်ကြပါတယ်”
“ငါဘယ်လိုပြောရမှန်းတောင် မသိတော့ပါဘူး”
နိန်ယော်က အားမရှိဟန်ဖြင့် ပြောလိုက်သည်။
ထို့နောက် ချန်ပင်အန်းကိုကြည့်၍
“နင့်ဘယ်ဘက်လက်ဒါဏ်ရာက မနာတော့ဘူးလား”
ချန်ပင်အန်း တအံ့တဩဖြစ်သွားဟန်ဖြင့်
“နာတာပေါ့”
“ဒါဆို နင့်ပုံစံက ဘာလို့မနာတဲ့ပုံပေါက်နေတာလဲ”
အကဲစမ်းဟန်ဖြင့် နိန်ယော် မေးလိုက်သည်။
“ငါလူးလှိမ့်အော်ဟစ်နေတော့ရော နာတာတွေက ပျောက်သွားမှာမို့လား”
ချန်ပင်အန်းက မထူးဆန်းဟန်ဖြင့် ပြန်မေးသည်။
နိန်ယော် သူ့နဖူးသူလက်ဖြင့် ရိုက်လိုက်သည်။
“နင့်ကို ငါဘယ်လို ပြောရမှန်းကို မသိတော့ဘူး။ နင်က ငါ့အဖေနဲ့တူတယ်။ ဒါပေမယ့် ငါ့အဖေထက် အရမ်း အရမ်း အားနည်းလွမ်းတယ်”
ချန်ပင်အန်း ပြုံး၍သာနေသည်။ တိတ်ဆိတ်စွာဖြင့် အိမ်အပြင်ခြံဝင်းထဲသို့ လှမ်းကြည့်နေသည်။
နိန်ယော်က ကြေးပြားသုံးအိတ်ကို သူ့ထံပြန်တွန်းပို့လိုက်သည်။
“ဒါတွေ ငါမလိုချင်ဘူး”
ချန်ပင်အန်းက သူ့ဆီပြန်လှည့်ကြည့်၍ နူးညံ့သည့်လေသံဖြင့်
“နိန်ယော်၊ ဒါတွေကိုငါသိမ်းထားရင် မကောင်းတာတွေဖြစ်လာနိုင်တယ်လို့ မင်းမစဉ်းစားမိဘူးလား။ ဆရာချီနဲ့ ငါတွေ့ပြီးတော့ အဲလိုဖြစ်နိုင်တယ်ဆိုတာ ပိုသေချာလာတယ်”
နိန်ယော်က ဆုံးဖြတ်ချက် ပြောင်းလဲမည့်ဟန်မရှိ။ ခေါင်းကိုခါလျက်
“ဒါက နင့်ပြဿနာပါ။ ငါနဲ့မဆိုင်ဘူး။ ငါဆုံးဖြတ်ပြီးပြီ။ နောင်တစ်ချိန် နင့်ကျေးဇူးကို ငါသေချာပေါက် ပြန်ဆပ်မယ်။ စိတ်မပါလက်မပါနဲ့ ပြန်ဆပ်မှာမျိုးမဟုတ်ဘူး။ ငါ့နာမည်ဂုဏ်သိက္ခာနဲ့ညီအောင် ငါလုပ်မှာ။ ဒါပေမယ့် အခုလောလောဆယ်တော့ နင့်ကိုယ်နင် ဂရုစိုက်ရလိမ့်မယ်။ မတော်တဆ သေသွားတာမျိုး အဖြစ်မခံနဲ့။ ဒီကာလလေးကို နင်ကျော်ဖြတ်နိုင်ရင်..”
ထိုစဉ် ချန်ပင်အန်းက ပထမဆုံးအကြိမ် သူ့စကားကို ဖြတ်ပြောလိုက်သည်။
“နိန်ယော်၊ မင်းကိုကယ်ခဲ့တာ တာအိုဆရာလုပါ။ ငါ့အပေါ် မင်းဘာအကြွေးမှ မတင်ပါဘူး။ အဲဒီတုန်းက ငါသေတော့မယ်လို့သာ မတွေးထားခဲ့ရင်၊ တာအိုဆရာလုကို ငါ့မိဘတွေအတွက် အကူအညီနည်းနည်း တောင်းချင်လို့သာမဟုတ်ခဲ့ရင် ငါလုံးဝတံခါးဖွင့်ပေးခဲ့မှာမဟုတ်ဘူး”
နိန်ယော်က နှာခေါင်းတစ်ချက်ရှုံ့လျက်
“ဒါက နင့်ပြဿပဲလေ”
ချန်ပင်အန်းက ပြုံးလျက် သူ့စကားအတိုင်း ပြန်ပြောလိုက်သည်။
“အင်း အဲဒါကိုက မင်းပြဿနာဖြစ်နေတာပဲ”
နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသည်။
နိန်ယော်က အရင်ဆုံးမျက်နှာလွှဲသွားသည်။ ခေါင်းကိုက်လာဟန်ဖြင့်
“နင်ငါ့ကို တကယ်ကြိုက်နေတာထင်တယ်။ ဒါပေမယ့် နင့်ခံစားချက်တွေကို ငါတကယ်လက်မခံနိုင်ဘူး”
ချန်ပင်အန်း ခေါင်းကိုလက်ဖြင့်အုပ်လိုက်သည်။
ခေါင်းမာ၍ ထူးဆန်းလှသည့် ဤမိန်းကလေးကို သူဘယ်လိုပြောရမည်မသိတော့။
ထိုစဉ် လူတစ်ယောက် စည်းရိုးနံရံပေါ်တက်ကာ ခြံဝင်းထဲသို့ ဝင်လာသည်။ မှန်းကြည့်နေစရာပင်မလိုပါ။ လျိုရှန်ယန်သာလျှင် ထိုသို့လုပ်တတ်သူဖြစ်သည်။ တံခါးဆီသို့ အမြန်ပြေးလာပြီး ချန်ပင်အန်းကို လှမ်းခေါ်ရန် ဟန်ပြင်လိုက်သည်။ သို့သော် လည်နင်သွားသကဲ့သို့ ချက်ချင်း ပါးစပ်ပိတ်သွားသည်။
ချန်ပင်အန်း အမြန်ထရပ်လျက် လျိုရှန်ယန်ဆီ လျှောက်သွားကာ ခပ်တိုးတိုးပြောလိုက်သည်။
“မင်းအိမ်မှာ ငါနှစ်ရက်လောက်လာနေလို့ရမလား။ ဒီမိန်းကလေးက ငါ့အိမ်မှာ ခဏနေမလို့”
လျိုရှန်ယန်က ချန်ပင်အန်း၏ခေါင်းကို ဘေးသို့တွန်းဖယ်လိုက်သည်။ ယင်ကောင်ခြေချင်းသပ်သကဲ့သို့ လက်ဝါးနှစ်ဘက်ကိုပွတ်လျက် စေတနာပိုနေသည့်လေသံဖြင့်
“မိန်းကလေး၊ ငါ့အိမ်က ဒီထက်ပိုကြီးတယ်။ အသုံးအဆောင်တွေလည်း ပိုပြည့်စုံတယ်။ မင်းစိတ်မရှိဘူးဆိုရင် ငါ့အိမ်မှာ သွားနေပါလား”
“ငါသိပ်စိတ်ရှိတာပေါ့”
နိန်ယော်က သူ့ကိုကျောပေးလျက် ပြန်ပြောလိုက်သည်။
လျိုရှန်ယန် သွားဖြဲ၍ရယ်လိုက်သည်။ နိန်ယော်၏ သေးသွယ်သည့်ခန္ဓာကိုယ်နှင့် ခါးမှဓားမောက်ကိုကြည့်၍ အလျှော့မပေးဘဲ ဆက်ပြောလိုက်သည်။
“မိန်းကလေး၊ ခုနကပဲ ခုံးတံတားနားမှာ လူနှစ်ယောက်က ငါ့ကိုလမ်းပိတ်ပြီးတားတယ်။ အတင်းမျက်ရည်ခံထိုးပြီး ငါ့ဆီက ဘိုးဘေးရတနာတွေ သူတို့ကိုရောင်းဖို့ တောင်းဆိုနေကြတာ။ ငါမရောင်းလိုက်ဘူး။ ဒါပေမယ့် သူတို့ စက်ကွင်းက မလွတ်ခဲ့သေးဘူး။ ငါ့ကို ဆရာရွမ်က အတော့်ကိုဆူငေါက်ခဲ့တာ။ ကြည့်ရတာ မင်းလည်း ဒီမှာကံစမ်းဖို့ ရောက်လာတာပဲထင်တယ်။ ငါ့ရတနာတွေ မင်းကိုရောင်းဖို့ မဖြစ်နိုင်လောက်ပေမယ့် မင်းကိုထုတ်ပြပြီး အသိအမြင်ပွင့်အောင်ကူညီပေးဖို့လောက်တော့ ပြဿနာမရှိပါဘူး”
“မလိုပါဘူး”
နိန်ယော်က ပြန်ပြောလိုက်သည်။ သူ့စကားသံက အေးစက်နေဆဲသာဖြစ်သည်။
လျိုရှန်ယန်က ချန်ပင်အန်းထိုင်ခဲ့သည့်နေရာတွင် ဝင်ထိုင်လိုက်သည်။ နိန်ယော်မျက်နှာကို သေချာမြင်လိုက်ရပြီးနောက် သူ့မျက်လုံးများ အရောင်လက်လာသည်။
“မိန်းကလေး၊ ဘာလို့ဒီလောက် အေးစက်စက်ဖြစ်နေရတာလဲ။ ချန်ပင်အန်းနဲ့ငါက ဒီအိမ်လေးထဲမှာ ကြပ်ကြပ်တည်းတည်းအိပ်လို့လည်း ဖြစ်ပါတယ်။ မင်း ငါ့အိမ်ကိုသွားလိုက်ပါ။ ဒီမှာလို ကျဉ်းကျဉ်းကြပ်ကြပ် မနေရတော့ဘူးပေါ့။ ခြေခင်းလက်ခင်းမသာသလိုမျိုး မင်းခံစားရတော့မှာမဟုတ်ဘူး”
နိန်ယော်မျက်နှာ တင်းမာလာသည်။
“စေတနာအတွက် ကျေးဇူးတင်တယ်။ အခု ကိုယ့်ဘာသာ ခပ်ဝေးဝေးသွားပြီး ကစားနေလိုက်ပါ”
လျိုရှန်ယန် မျက်နှာလုံးဝမပျက်ပေ။ မတ်တပ်ထရပ်လျက်
“နားလည်ပါပြီဗျာ။ ရွှေတဲအိမ် ငွေတဲအိမ်ရှိလည်း ကိုယ်ပိုင်မြက်တဲအိမ်နဲ့ နှိုင်းယှည်လို့ မရဘူးဆိုတဲ့ သဘောပေါ့။ နားလည်ပါပြီ၊ နားလည်ပါပြီ”
လျိုရှန်ယန်က ချန်ပင်အန်းကို တံခါးနားသို့ ဆွဲခေါ်သွားပြီး တံတောင်ဖြင့်တွက်လျက်မေးသည်။
“ဘာတွေဖြစ်နေတလာလဲကွ”
“ဒါက စကားလုံးနည်းနည်းနဲ့ ရှင်းပြဖို့မလွယ်ဘူး။ မင်းအိမ်မှာ ငါလာနေလို့ရမလားဆိုတာသာ ပြောစမ်းပါ”
ချန်ပင်အန်းက ပြန်ပြောလိုက်သည်။
လျိုရှန်ယန်က မျက်လုံးလှန်ကြည့်လျက်
“နေလို့တော့ ရပါတယ်။ ဒါပေမယ့် ငါ့အတွက် ကျီကွေ့ကို မင်းစောင့်ကြည့်ပေးမယ်လို့ ကတိပေးရမယ်။ ဟိုကောင်ဆုန်ကျိရှင်း သူ့ကို အတင်းမဖျက်ဆီးနိုင်အောင်ပေါ့။ ငါ့အနာဂတ်ဇနီးလောင်းလေးရဲ့ အပျိုစင်ဘဝကို မင်းကာကွယ်ပေးရမယ်”
“အိပ်မက်သာ မက်နေလိုက်ကွ”
ချန်ပင်အန်းက ချက်ချင်းပြန်ပြောလိုက်သည်။
လျိုရှန်ယန်က ချန်ပင်အန်းပုခုံးကိုပုတ်လျက် အဓိပ္ပါယ်ပါပါဖြင့် ပြောသည်။
“ဒါကို သဘောတူတယ်လို့ပဲ ယူဆလိုက်ပါ့မယ်”
နိန်ယော်က ရုတ်တရက်နောက်လှည့်လာသည်။
“နင့်မှာ ဓားသမားဖြစ်လာနိုင်တဲ့ ဗီဇပါရမီ ရှိနေတယ်ဆိုတာ နင်သိလား။ နင်ကိုးနှစ်သားအရွယ်မှာ ပြင်ပကလာတဲ့ ကြွေအိုးဝယ်တဲ့လူတွေ နင့်ကိုခေါ်မသွားတာက ဒီမြေရဲ့ဝိညာဉ်စွမ်းအင်တွေ နင့်ကိုဆက်ပြီး စုပ်ယူစေချင်သေးလို့ပဲ။ သူတို့ ဆုံးဖြတ်ချက်လည်း မှန်သွားတယ်။ အခုနင်က ဆရာရွမ်ဆီမှာ အလုပ်လုပ်နေတယ်ဆိုတော့ အခွင့်အရေးလက်လွတ်မခံဘဲ သူ့တပည့်ဖြစ်အောင် ကြိုးစားသင့်တယ်။ အနည်းဆုံးတော့ အလုပ်ရုံတပည့်ဖြစ်လာရမယ်။ လက်ရင်းတပည့်ဖြစ်လာရင်တော့ အကောင်းဆုံးပေါ့။ ဒီထက်တော့လည်း ပိုပြီးမျှော်လင့်လို့မရနိုင်သေးဘူး။ နင့်ရဲ့ခန္ဓာကိုယ်နဲ့ ပါရမီစွမ်းအားက လုံလောက်တဲ့အဆင့်ထိ မရောက်သေးဘူး”
လျိုရှန်ယန် ပြုံးလျက် စိတ်အားထက်သန်စွာ ခေါင်းငြိမ့်လိုက်သည်။ နိန်ယော်စကားကို သူလက်ခံသည်။ ထို့နာက် ချန်ပင်အန်းကိုလှည့်ကြည့်ကာ နိန်ယော်ကို လက်ညှိုးထိုးပြသည်။ ထို့နောက် သူ့ဦးခေါင်းသူ လက်ညှိုးထိုးပြသည်။
“သူပြောနေတာ အမှန်ပဲကွ။ မလေးမစားမလုပ်နဲ့”
ချန်ပင်အန်းက ပြောလိုက်သည်။
လျိုရှန်ယန် မျက်နှာတည်သွားသည်။ ထို့နောက် လေသံခပ်တိုးတိုးဖြင့်
“တစ်ခုခုတော့ မူမမှန်သလိုပဲကွ။ ခုနက ခုံးတံတားပေါ်မှာ ငါ့ကိုတားတဲ့လူစုကို ဘယ်သူဦးဆောင်လာတာလဲ သိလား။ လုကျန်ချွမ်းလေ။ ကံကြမ္မာလမ်းက ခွေးသူတောင်းစားပေါ့။ သူဘယ်လို့ ဉာဏ်နီဉာဏ်နက်တွေများ ထုတ်နေပြန်ပြီလဲမသိဘူး။ ငါက ငွေကိုလောဘတကြီး လိုချင်နေတဲ့ကောင်မျိုးမှမဟုတ်တာ။ သူတို့နဲ့ဘာလို့ အရောင်းအဝယ်လုပ်ရမှာလဲ။ ပြီးတော့ သံချပ်ကာဝတ်စုံက ငါတို့ဘိုးဘေးစဉ်ဆက်ထိန်းသိမ်းလာတဲ့ ရှေးဟောင်းရတနာကွ။ ဒါကိုငါရောင်းလိုက်ရင် ငါ့အဘိုးကိုအိပ်မက်ထဲမှာ တွေ့တဲ့က သူကငါ့ကို အသေဆူငေါက်နေမှာပေါ့”
ချန်ပင်အန်းမျက်လုံးများက အန္တရာယ်အငွေ့အသက်ကို ခံစားမိသကဲ့သို့ ဖြစ်လာသည်။
“မင်းဂရုစိုက်မှဖြစ်မယ်။ လုကျန်ချွမ်းနဲ့ ဟိုအပြင်လူတွေက ပေါ့သေးသေးမဟုတ်ဘူးကွ”
ထို့နောက် နိန်ယော်ဘက်သို့ လှည့်မေးလိုက်သ်ည။
“နိန်ယော်၊ သူတို့နောက်ခံကိုသိလား”
နိန်ယော် ခေါင်းငြိမ့်သည်။
“အဘိုးကြီးနဲ့ ကောင်မလေးက နေမီးတောင်တန်းကပဲ။ နေမီးတောင်တန်းဆိုတာ အရှေ့ပိုင်းရတနာတိုက်နယ်မှာ အခြေအနေတောင်တင်းပြီး အများလေးစားကြတဲ့ဂိုဏ်းတစ်ခုပဲ။ အဲဒီ့အဘိုးအိုက လူလို့တောင်ခေါ်လို့မရဘူး။ ရှင်းရှင်းပြောရရင် သူက ဖူနန်ဟွားတို့ ချိုင်ကျင်ကျန်းတို့ထက် အဆတစ်ရာလောက်ပိုပြီး စွမ်းအားကြီးတယ်။ ဟိုအမျိုးသမီးနဲ့ သူ့သားကလည်း သာမန်မဟုတ်ဘူး။ ပြောရရင် ဒီမြို့ကို နှစ်ဖွဲ့ပေါင်းပြီးဝင်လာတဲ့ လူစုတွေဟာ ပိုက်ဆံချမ်းသာရုံတင်မဟုတ်ဘူး။ အဲဒီအမျိုးသမီးက အလွန်ဉာဏ်ထက်ပြီး အတွက်အချက် သိပ်တော်တာ။ ဟိုကောင်လေးကလည်း စိတ်ကောင်းရှိတဲ့ပုံမပေါ်ဘူး။
ဒီတော့ နင့်သူငယ်ချင်းကို ဆရာရွမ်ရဲ့တပည့် မြန်မြန်ဖြစ်အောင်လုပ်ခိုင်းဖို့ပဲ ငါပြောချင်တယ်။ အဲလိုဆိုရင် အသက်ကယ်မှော်အဆောင်ရလိုက်သတာနဲ့ အတူတူပဲ။ ဒီမြို့လေးထဲမှာဆိုရင် နောက်ခံဘယ်လောက်စွမ်းအားကြီးကြီး အုပ်ချုပ်တဲ့သူတော်စင်ကို ဘယ်သူမှမစော်ကားရဲဘူး”
“မင်း ဆရာရွမ်ရဲ့တပည့်ဖြစ်လာနိုင်မယ်ဆိုတာ ကိုယ့်ကိုယ်ကို ယုံကြည့်ချက်ရှိလား”
ချန်ပင်အန်းက လျိုရှန်ယန်ကို လှည့်မေးလိုက်သည်။
လျိုရှန်ယန် နည်းနည်းတုံ့ဆိုင်းဆိုင်း ဖြစ်နေသည်။ ထို့နောက် ဖြေးညှင်းစွာ ပြောလိုက်သည်။
“ငါအလုပ်သင်အဖြစ် ပထမဆုံးသွားတဲ့နေ့က ဟိုအရင်အဘိုးယော်ကြည့်ခဲ့တဲ့ မျက်လုံးမျိုးနဲ့ပဲ ဆရာရွမ်က ငါ့ကိုကြည့်တယ်။ သူငါ့ကို တပည့်အဖြစ်လက်ခံဖို့ ဆုံးဖြတ်ချက်မချခင် အချိန်နည်းနည်း စောင့်ကြည့်ချင်သေးပုံရတယ်။ ဒါပေမယ့် —“
ချန်ပင်အန်း သူ့ကို ခပ်တင်းတင်းစိုက်ကြည့်နေသည်။
ချိုရှန်ယန် မလုံမလဲပြုံးလျက် ဆက်ပြောသည်။
“ဒါပေမယ့် ဆရာရွမ်ရဲ့သမီးက အတော်အစားကြီးတယ်။ သူစားတာမြင်တော့ ငါအတော်အံ့ဩသွားလို့ နည်းနည်းလောက် စနောက်လိုက်တယ်။ ပန်းပဲဖိုတူထုတဲ့ နေရာမှာ အလွန်အားကြီးပြီး မာကျောတဲ့မိန်းကလေးက တစ်ခြားအချိန်တွေမှာ အဲလောက်ကြောက်တတ်ရှက်တတ်မယ်လို့ ငါဘယ်ထင်မလဲကွာ။ စနောက်တာကို သူမခံနိုင်မှန်း ငါဘယ်လိုလုပ်သိမလဲ။ အဲဒီတုန်းက ငါ့ကြောင့် သူငိုသွားတယ်။ ကံဆိုးချင်တော့ သူ့အဖေကလည်း ငါတို့ကိုမြင်သွားတယ်။ အဲဒီကတည်းက ဆရာရွမ် ငါ့ကိုကြည့်တဲ့အကြည့်တွေ ထူးဆန်းလာတယ်။ အခု သူ့တပည့်ဖြစ်နိုင်စရာ အကြောင်းမရှိတော့ဘူး။ ဘာပဲဖြစ်ဖြစ်ပါ။ ငါကလည်း သူများကျွန်တွေ တပည့်တွေလုပ်ဖို့ စိတ်ကူူးမရှိတော့ပါဘူး။ အဘိုးယော်ရဲ့ ထူးထူးဆန်းဆန်း ဒေါသတွေကို ကြုံဖူးတာနဲ့တင် လက်လန်နေပါပြီ။ ပန်းပဲဖိုမှာ အလုပ်လုပ်မှ ငါထမင်းစားရမှာမှ မဟုတ်တာပဲလေ”
ချန်ပင်အန်း မျက်နှာတင်းတင်းဖြင့် မော့ကြည့်သည်။
လျိုရှန်ယန်မှာ ချန်ပင်အန်းထက် ခေါင်းတစ်လုံးပိုမြင့်သည်။ သို့သော် ယခုသူ မျက်လွှာချ၍ ခေါင်းငုံ့နေသည်။ ချန်ပင်အန်းကို မျက်လုံးချင်းဆိုင်မကြည့်ရဲပေ။
ထိုမြင်ကွင်းကြောင့် နိန်ယော်ပင်နားမလည်နိုင်အောင်ဖြစ်သွားသည်။ ချန်ပင်အန်း ဒေါသထွက်သည်ကို သူယခု ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သည်။
“ကန္တာရပင်အိုနားက ဖြတ်လျှောက်သွားရင်း ထူးဆန်းတဲ့ ကန္တာရသစ်ရွက်တစ်ခုခုပေါ်လာတာ မင်းကြုံဖူးလား”
ချန်ပင်အန်းက အသံကိုနှိမ့်၍ မေးလိုက်သည်။
လျိုရှန်ယန် ခေါင်းခါသည်။
“မကြုံဖူးဘူး။ ဒါပေမယ့် မိန်းကလေးတွေကို နှာဗူးထတတ်တဲ့ ဟိုရှေ့ဖြစ်ဟောတာအိုဆရာကတော့ ငါ့ကံဇာတာ နိမ့်နေပြီလို့ပြောသွားတယ်။ အဲဒီတုန်းက သူ့ရှေ့ဖြစ်ဟောစင်ကို ငါဖျက်ဆီးမိခါနီးပဲ”
ချန်ပင်အန်း မျက်နှာအနည်းငယ်ပျက်သွားသည်။ မျက်မှောင်ကျုံ့လျက် နိန်ယော်ကို လှမ်းမေးသည်။
“နိန်ယော်၊ ရွှေသန္ဓေကြေးပြးသုံးအိတ်ဆိုရင် အပေးအယူဖြစ်တယ်မဟုတ်လား။ ပြီးတော့ မင်းအတွက်ရော အန္တရာယ်ကြီးလွန်းနေမလား။ အမှန်အတိုင်းပြောပါ”
နိန်ယော် သေချာစဉ်းစား၍ အဖြေပေးလိုက်သည်။
“နည်းနည်းတော့ အလျင်စလိုနိုင်သွားတာပေါ့။ ပြဿနာတော့ သိပ်မရှိတော့ပါဘူး။ ဒါပေမယ့် နောက်နှစ်ရက်အတွင်းတော့ နင်တို့သေချာ သတိထားမှဖြစ်မယ်။ နင့်သူငယ်ချင်းကို ဟိုဒီလျှောက်မသွားဖို့ ပြောထားပါ။ ငါ့အခြေအနေကလည်း အခုသိပ်မကောင်းသေးဘူးလေ”
သူ့စကားခဏရပ်သည်။ ထို့နောက် ဆက်ပြောသည်။
“အဖွဲ့နှစ်ခုအတွက် ကြေးပြားနှစ်အိတ်ပါ။ နောက်တစ်အိတ်ကတော့ ဆရာရွမ် နင့်သူငယ်ချင်းကို တပည့်အဖြစ် လက်ခံစေဖို့အတွက်ပဲ။ ရှင်းရှင်းပြောရရင် ငါ့လုပ်ငန်းတစ်ခုစီအတွက် ကြေးပြားတစ်အိတ်စီယူမယ်ပေါ့။ စိတ်ချပါ။ ငါသဘောတူတယ်ဆိုမှတော့ ငါကြေးပြားနှစ်အိတ်နဲ့တန်အောင် လုပ်နိုင်မယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည့်လို့ပဲ”
ချန်ပင်အန်း အိမ်ထဲသို့ ပြေးဝင်သွားသည်။ ကြေးပြားသုံးအိတ်ကို အမြန်ထုတ်ကာ နိန်ယော်ရှေ့သို့ ချပေးလိုက်သည်။
“ရော့၊ ယူလိုက်ပါ”
နိန်ယော် တုံ့ဆိုင်းမနေပါ။ ဤတစ်ကြိမ်တွင် ငြင်းဆန်ခြင်းမပြုပဲ ချန်ပင်အန်းပေးသည့် ငွေနှစ်အိတ်ကို ယူလိုက်သည်။ ထို့နောက် မပွင့်တပွင့်ပြုံးလျက်
“ဒီလောကထဲက လူအတော်များများက ငွေကို တတ်နိုင်သမျှ အိတ်ကပ်ထဲထည့်ဖို့ ကြိုးစားကြတယ်။ ဒါပေမယ့် ငွေကို တစ်ခြားလူတွေဆီ ပစ်ပေးတတ်တဲ့ နင့်လိုလူမျိုးလည်း ရှိနေတာပါလား”
ချန်ပင်အန်း သူ့စကားကို မငြင်းတော့ပါ။ ခေါင်းတစ်ချက်ငြိမ့်၍ ပြုံးလိုက်သည်။
“ငွေက တကယ်အရေးကြီးပါတယ်။ အလွန့်အလွန် အရေးကြီးပါတယ်”
ထိုစဉ် တစ်ချိန်လုံး အူကြောင်ကြောင်ဖြစ်နေခဲ့သည့် လျိုရှန်ယန်က အမြန်ဝင်ပြောလာသည်။
“ချန်ပင်အန်း၊ မင်းရူးသွားပြီလား။ ဒီငွေတွေကို ဘာလို့သူ့ကို ပေးလိုက်ရတာလဲ။ ငွေနှစ်အိတ်ကြီးများတောင်ကွ။ မင်းလက်ထဲရောက်တာ ဘယ်လောက်ကြာသေးလို့လဲ”
“ဒါ ငါပိုင်တဲ့ငွေပဲလေ။ မင်းကဘာလုပ်ချင်လို့လဲ”
“မင်းငွေလည်း ငါ့ငွေပဲမဟုတ်လားကွ”
လျိုရှန်ယန်က အတည်အတံ့ပုံစံဖမ်း၍ ပြောလိုက်သည်။
“စဉ်းစားကြည့်ကွာ။ ငါမင်းဆီက ငွေချေးမယ်ဆိုရင် မင်းပြန်တောင်းရက်လို့လား”
ချန်ပင်အန်း ဘာမှပြန်မပြော။ သူနက်နက်နဲနဲ စဉ်းစားနေသည်။
ထိုစဉ် လျိုရှန်ယန်လည်း မသင့်တော်သည့်အချိန်တွင် စကားဝင်ပြောမိကြောင်း ရိပ်မိသွားသဖြင့် ချက်ချင်း ပါးစပ်ပိတ်သွားလေသည်။
ချန်ပင်အန်း အသံထွက်လာပြန်သည်။
“နိန်ယော်၊ မင်းအတက် တကယ်ဒုက္ခမဖြစ်—“
နိန်ယော်က ဓားအိမ်ဖြူထဲမှ ဓားရှည်ကိုကြည့်၍ ခေါင်းငြိမ့်သည်။
“ပြဿနာမရှိပါဘူး”
ထိုသို့ပြောရင်း ချန်ပင်အန်းကို လှည့်ကြည့်လျက်
“ဟိုဟိုဒီဒီ လိုက်ပြီးစိုးရိမ်နေတာ နင် စိတ်မပင်ပန်းဘူးလား။ ပြီးတော့ ကိုယ့်ကိုယ်ကို စေတနာကောင်းတဲ့ငတုံးမဟုတ်ဘူးလို့ ပြောနေသေးတယ်”
ချန်ပင်အန်း အပြုံးဖြင့်သာ တုံ့ပြန်လိုက်သည်။
လျိုရှန်ယန် ခဏစဉ်းစားနေသည်။ ထို့နောက် အသံတိတ်နေရန်သာ ဆုံးဖြတ်လိုက်လေသည်။
နောက်ဆုံးတွင် အရပ်မြင့်မြင့် ရင်အုပ်ကားကားလူငယ် သူ့စိတ်ထဲမှစကားများကို မျိုသိပ်ထားလိုက်သည်။ နိန်ယော်သည် ချန်ပင်အန်း၏ အခြားပုံစံတစ်ခုကို မမြင်ဖူးလောက်ဟု သူတွးမိလိုက်သည်။
ချန်ပင်အန်းသည် ပြောဆိုဆက်ဆံရမလွယ်ကူသည့်အချိန်ဟူ၍ မရှိသလောက်ရှားလှသည်။ သို့သော် ထိုအချိန်မျိုး ရောက်လာလျှင်လည်း ပြောဆိုဆက်ဆံရန် အလွန်တရာ ခက်ခဲလာတတ်ပေသည်။
လျိုရှန်ယန် ထိုအဖြစ်မျိုးကို ကိုယ်တွေ့မြင်ဖူးသည်။ ချန်ပင်အန်း၏ အိမ်နီးချင်း ဆုန်ကျိရှင်းလည်း မြင်ဖူးခဲ့ပေလိမ့်မည်။
အခန်း (၂၆)
ပူရန်မရှိ
? Views, on December 11, 2023