Switch Mode

အခန်း (၂၄)

လက်ဆောင်

မက်မွန်ရွက်လမ်းတစ်နေရာတွင် သဘောမနောကောင်းပုံရသည့် အဘိုးအိုတစ်ယောက် သူ့အိမ်ကော်ရစ်ဒါအောက် ကြိမ်ကုလားထိုင်တစ်ခုတွင် ထိုင်နေသည်။ သူ့ဘေးတွင် သွက်လက်ဖျတ်လတ်ပုံရသည့် ကျောက်စိမ်းဖြူအင်္ကျိီနှင့် အဝါရောင်‌ဘောင်းဘီရှည်ဝတ် အစေခံမတစ်ယောက် ရှိနေသည်။ ယပ်တောင်ဖြင့် ယပ်ခတ်ပေးရင်း အဘိုးအိုပြောပြသည့်ပုံပြင်များကို နားထောင်နေသည်။
အဘိုးအို ရုတ်တရက်မေးလိုက်သည်။
“ထောင်ယာ၊ လေမလာတော့ပါလား။ အိပ်ငိုက်နေပြန်ပြီလား။ ငါမင်းကိုခြောက်တာတော့မဟုတ်ဘူးနော်။ ဒါပေမယ့် မြို့ပြင်က မိသားစုမျိုးမှာ မင်းဒီလိုသာ အိပ်ငိုက်နေလို့ကတော့ အပြစ်ပေးခံရမှာသေချာပေါက်ပဲ”
တုံ့ပြန်သံ လုံးဝမရှိ။ အစေခံများအပေါ် နွေးထွေးကြင်နာစွာ ဆက်ဆံတတ်သည့် အဘိုးအိုက ထောင်ယာကို နောက်ထပ် စနောက်ရန်ဟန်ပြင်လိုက်သည်။ သို့သော် သူ့မျက်နှာ ရုတ်တရက် အမူအရာပြောင်းသွားသည်။ အဝေးတစ်နေရာသို့ လှမ်းမျှော်ကြည့်ပြီးနောက် သူ့မျက်နှာပို၍ တည်သွားသည်။ သူ့ဘေးမှအစေခံနှင့် ယပ်တောင်သာ ရပ်တန့်နေသည်မဟုတ်။ သဏ္ဌာန်မဲ့လေထုသည်ပင် ရပ်တန့်နေသည်ကို တွေ့လိုက်ရလေသည်။
အဘိုးအို အသက်ကို အမြန်အောင့်၍ အာရုံစုစည်းကာ မန္တာန်တစ်ခုရွက်လျက် ငြိမ်သက်သွားသည်။ ထိုသို့လုပ်မှသာ ယာယီအချိန်စီးကြောင်းရပ်တန့်မှုထဲတွင် သူ့စွမ်းအင်များ လွင့်ပါမသွားအောင် ထိန်းထားနိုင်မည်ဖြစ်သည်။ အဘိုးအို သက်ပြင်းချလိုက်သည်။ စည်းမျည်းကျင့်ဝတ်ကို အလေးစားဆုံးဖြစ်သည့် ချီကျင်ချွမ်းပင် စည်းမျဉ်းချိုးဖေါက်ကာ ဝင်ပါလာပြီဖြစ်သည်။ မုန်တိုင်းတစ်ခု အစပြုလာသည်မှာ ထင်ရှားနေပေသည်။
သံသော့အိမ်ရေတွင်းနားတွင် ခန္ဓာကိုယ်တောင့်တင်းသည့် မြို့ပြင်မှလူတစ်ယောက် ဆောင့်ကြောင့်ထိုင်လျက် ရေငင်ဒလက်တုံးကို စိုက်ကြည့်နေသည်။ သို့သော် သူ့မျက်လုံးထောင့်မှ ဘေးလူတစ်ယောက်ကို ခိုးကြည့်နေသေးသည်။ ကောက်ကြောင်းအလှ ပေါ်လွင်နေသည့် မြို့ခံမိန်းက‌လေးတစ်ယောက်ဖြစ်သည်။ ခါးကိုကုန်းလျက် တွင်းထဲမှရေပုံးကို ဆွဲယူနေသဖြင့် ဖွံ့ထွားသည့်နောက်ပိုင်းအလှနှင့် ကြီးမားသည့်ရင်ဘတ် အမို့အမောက်ကို လှစ်ဟပြသကဲသို့ ဖြစ်နေသည်။
ကောက်ကြောင်းများ ပိုထင်ရှားအောင် တမင်တကာ လုပ်ပြနေပုံရှိသည်။ အမို့အမောက်များကို အားလုံးမြင်အောင် ထုတ်ပြသကဲ့သို့ ဖြစ်နေသည်။ လှုပ်ရှားမှုများက မူယာပါသည်။ အနည်းငယ်အရိုင်းဆန်သည့်သဘာဝတရားများက အရွက်ဖားဖားဂျုံပင်များ ယမ်းခါသကဲ့သို့ ရှိနေသည်။ ထိုပုံစံကပင် သာမန်ရုပ်ရည်မျိုးသာရှိသည့်သူ့ကို ကွဲပြားသည့်ဆွဲဆောင်မှုတစ်ခု ပေးနေသည်။
နောက်ဆုံးတွင် လူငယ်က ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်ကို သတိထားမိသွားသည်။ သူလည်း လုံးဝမလှုပ်ရှားပေ။ သတ္တိမွေး၍ မိန်းကလေးကိုယ်လုံးကို တည့်တည့်ပင် စိုက်ကြည့်လိုက်သည်။ တံတွေးတစ်ချက် ကျိတ်မျိုချသည်။ ထို့နောက် ခန္ဓာကိုယ်ကို အမြန်ရွှေ့ကာ နေရာပြောင်းထိုင်လိုက်သည်။
အပြင်လောကမှ မိန်းမတို့သည် တောထဲမှထွက်လာသည့် ကျားများနှင့်တူကြောင်း သူ့ဆရာပြောဖူးသည်။ စွမ်းအင်ခွန်အားများကို လျှော့ချထားသည်။ သို့သော် သူတို့ကို တောထဲတောင်ထဲသို့ ခေါ်သွားလိုက်သည်နှင့် တစ်ဖန်ပြန်၍ လွှမ်းမိုး အနိုင်ယူတတ်သည့် ကျားများဖြစ်လာပေမည်။ လူများကို အရှင်လတ်လတ်ပင် ကိုက်ဖြတ်စားသောက်ပေလိမ့်မည်။ ဤလောကမှ သူရဲကောင်းများ ပါရမီရှင်များအားလုံးသည် နောက်ဆုံးတွင် ကိုယ့်အိမ်ကိုယ်ယာ၌ပင် ကျားများကို အရှုံးပေးရကြောင်း သူ့ဆရာအရက်မူးနေချိန်တွင် ပြောခဲ့ဖူးသည်။ ချွင်းချက်လုံးဝမရှိနိုင်ပေ။ သို့သော် လူငယ်မှာ တောထဲမှထွက်လာသည့် ကျားများသည်ပင် အလွန်တရာစွမ်းအားကြီးကြောင်း လက်တွေ့သိလိုက်ရသည်။ ဥပမာ သူ့ရှေ့မှ မိန်းကလေးသည် ရုပ်ရည်အားဖြင့် သာမန်သာဖြစ်သော်လည်း ညှို့အားပြင်းသည့် ခန္ဓာကိုယ်ကြောင့် သူ့စိတ်များ မရိုးမရွဖြစ်ရသည်။ ထိုမိန်းကလေးကသူ့ကို စကားတစ်ခွန်းမှမပြောဘဲ အကြောင်းအရင်းလုံးဝမရှိပဲ ပါးရိုက်ခဲ့မည်ဆိုလျှင်ပင် သူလုံးဝ ပြန်ရိုက်ရဲမည်မဟုတ်ဟု ထင်မိသည်။ ထိုမိန်းကလေးပြုံးပြလာလျှင် သူပြန်ပြုံးပြပေလိမ့်မည်။
လူငယ် စိတ်ပျက်သွားဟန်ဖြင့် ကိုယ့်ကိုယ်ကို ငုံ့ကြည့်၍ မကျေမနပ်ပြောလိုက်လေသည်။
“ငါ့စိတ်တွေ အတော့်ကို မငြိမ်မသက်ဖြစ်နေတာပဲ”
******************
ကြွေပန်းအိုးလမ်းတွင် ဆုန်ကျိရှင်းမှာ ထူထဲသည့် ရှေးဟောင်းဒေသကောင်တီမှတ်တမ်းစာအုပ်ကို ဖတ်ရှုနေသည်။ ထိုစာအုပ်မှစနစ်တစ်ချို့ကိုလည်း သူသတိထားမိလာသည်။ဥပမာအားဖြင့် ဤစာအုပ်ကို နှစ်ခြောက်ဆယ်တစ်ကြိမ် မည်သို့ပြင်ဆင်ဖြည့်စွက်လေ့ရှိသည်။ ထို့ကြောင့်ပင် ဆုန်ကျိရှင်းက “နှစ်ခြောက်ဆယ်မှတ်တမ်း” ဟု စိတ်တွင်ကျိတ်၍ သတ်မှတ်ထားသည်။
နောက်တစ်ခု သတိပြုမိသည်မှာ ရပ်ဝေးဆွေမျိုးများ ခေါ်ထုတ်သွားခံရသည့် ဤမြို့မှကလေးများ လုံးဝပြန်မရောက်လာတော့ခြင်းဖြစ်သည်။ အမိမြေကို မပြန်လို၍ ပြန်မလာသကဲ့သို့ပင်ဖြစ်သည်။ သူတို့သည် ဤမြို့တွင်ပွင့်လန်းခဲ့သည့် ပန်းပွင့်များနှင့်တူသည်။ သို့သော် ထိုပန်းရနံ့များကို အပြင်လောက၌သာ ခံစားနိုင်ကြဟန်တူသည်။ အမှန်အားဖြင့် ကလေးတစ်ချို့သည် အပြင်လောကတွင် မြင့်မား၍ အမြစ်ခိုင်မာသည့် သစ်ပင်ကြီးများအဖြစ်သို့ပင် ရောက်နေကြပြီဖြစ်သည်။ ထို့ကြောင့် ဆုန်ကျိရှင်းက ဤမှတ်တမ်းစာအုပ်ကို “တံတိုင်းအလွန်” ဟု နာမည်ပေးထားသည်။
ယခု သူသည် လူတစ်ယောက်အတ္ထုပ္ပတ္တိအကြောင်းရေးထားသည့် စာမျက်နှာကိုကြည့်နေသည်။ ချောင်ရှီဟုခေါ်သည့် လူတစ်ယောက်၏ ပန်းချီပုံဖြစ်သည်။ ပန်းချီပုံဘေးတွင် စာတစ်ချို့ရေးထားသည်။ ထိုအရာသည် ဒေသကောင်တီမှတ်တမ်း၏ ထူးခြားသည့်အချက်ဖြစ်သည်။ ဆုန်ကျိရှင်း ဤစာအုပ်ကို ခုနစ်ခေါက် ရှစ်ခေါက် ဖတ်ထားပြီးဖြစ်၍ စာအုပ်ပါအကြောင်းအရာများကို ရင်းနှီးပြီးသားဖြစ်သည်။ ထို့ကြောင့် နောက်တစ်ကြိမ်ပြန်ဖတ်တော့မည်ဆိုလျှင် အထူးခြားဆုံး စိတ်ဝင်စားစရာအကောင်းဆုံး အကြောင်းအရာများကိုသာ ရွေးဖတ်လေ့ရှိသည်။ ထိုအကြောင်းအရာများကို ပုံပြောဆရာ၏ ပုံပြင်ဇာတ်လမ်းများသဖွယ် သူသဘောထားသည်။ ထိုအကြောင်းအရာများ အမှန်ဟုတ်မဟုတ် မည်သူမှမသိနိုင်ပေ။
မှန်မမှန်ဆိုသည်ကိုလည်း သူစိတ်မဝင်စားပေ။ ညဉ့်နက်ပိုင်းတစ်ခုတွင် ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်များကိုသာ သူမှတ်မိနေသည်။ အရာရှိဝတ်စုံဝတ်ထားသည့် လူတစ်ယောက် မြို့တော်သို့ လုပ်ငန်းအစီရင်ခံရန် ပြန်ခါနီးတွင် ဆုန်ကျိရှင်းကို တည်ကြည်လေးနက်သည့်မျက်နှာဖြင့် ပြောခဲ့သည်။ အချက်တစ်ချက်ကို မှာကြားခဲ့သည်။ ဒေသကောင်တီမှတ်တမ်းထဲတွင် ဖေါ်ပြထားသည့် လူတစ်ဦးချင်းစီကို သူမှတ်မိအောင် လုပ်ထားရမည်။ ထိုမျှသာမက ထောင်သောင်းချီသည့်လူများနှင့် သူတို့ဘိုးဘေးများ၏ မူလဇစ်မြစ်ကို မှတ်ထားရမည်။ အထူးသဖြင့ မျိုးရိုးလေးခုနှင့် မိသားစုဆယ်ခုနှင့်ဆက်စပ်သူများကို မှတ်သားထားရမည်ဟု ပြောခဲ့သည်။
ထိုစဉ်က ဆုန်ကျိရှင်း သိပ်စိတ်မဝင်စားခဲ့။ မြို့အရှေ့တောင်ပိုင်းမှ ကျိုးပျက်နေသည့် ကြွေနတ်ရုပ်များကဲ့သို့သာ သဘောထားခဲ့သည်။ ထိုရုပ်ထုများမှာ မြက်ပြင်ထဲ မြေကြီးထဲတွင် ပရမ်းပတာ ပျံ့ကျဲနေသည်။ မိုးကြားလေကြားတွင် မလှုပ်မယှက် ငြိမ်သက်စွာ ရှိနေကြသည်။
ယခု ပြတင်းပေါက်မှ တိုးဝင်၍ စာကြည့်စားပွဲပေါ် ထိုးကျနေသည့် နေရောင်သည်ပင် ထူးထူးခြားခြား ငြိမ်သက်နေပေသည်။ ဤအိမ်ကြီးထဲတွင် လှုပ်ရှားနိုင်သူဟူ၍ လူတစ်ယောက်နှင့် အရာတစ်ခုသာရှိသည်။ ကျီကွေ့နှင့် ခြေလေးချောင်းမြွေဖြစ်သည်။ ကျီကွေ့သည် ထူးခြားသည့်အခြေအနေကို အစောကတည်းကပင် သတိထားမိပြီးဖြစ်သည်။ သူ့ခေါင်းထဲဝင်လာသည့် ပထမအတွေးမှာ တစ်ဘက်အိမ်ထဲသို့သွား၍ မျက်နှာကြောတင်းသည့် မိန်းကလေးကို သွားကြည့်ကာ စိတ်ရှိလက်ရှိ ဆဲဆိုကြိမ်းမောင်းရန် ဖြစ်သည်။ သို့သော် ထိုမိန်းကလေးဘေးမှ ဓားရှည်အကြောင်း သတိရလာပြီးနောက် သူ့အတွေးကို လက်လျှော့လိုက်သည်။
သူ့သခင်လေးအခန်းထဲသို့ သူဝင်လာသည်။ ဆုန်ကျိရှင်းဖတ်နေသည့် စာမျက်နှာကို သူတစ်ချက်ကြည့်သည်။ “ချောင်ရှီ” ဟူသည့်နာမည်ကို တွေ့လိုက်ရသဖြင့် သူစိတ်ပျက်သွားသည်။ ထို့ကြောင့် သူ့သခင်လေးအတွက် စာမျက်နှာတစ်ချို့ ရှေ့သို့ကျော်၍လှန်ပေးလိုက်သည်။ “ရှဲ့ရှီ”ဟူသည့်နာမည်ပါစာမျက်နှာကို ရောက်သည်နှင့် သူ့မျက်နှာတွင် အပြုံးရိပ်များ ပေါ်လာသ်ည။ သို့သော် ချက်ချင်းပင် မူလချောင်ရှီစာမျက်နှာသို့ စိတ်အလိုမကျဟန်ဖြင့် ပြန်လှန်လိုက်ပြန်သည်.
ကောင်းကင်လျှို့ဝှက်ချက်များ ပေါ်မလာစေရန်နှင့် သူ့လျှို့ဝှက်ချက်များ ပေါ်မလာစေရန် ကာကွယ်လိုက်ခြင်းဖြစ်သည်။ ဤနှစ်များအတွင်း ဉာဏ်ကောင်းသည့် သူ့သခင်လေးက သူ့နောက်ကျောင်းကို သံသယစိတ်ဖြင့် စပ်စုခဲ့ဖူးသည်။ သို့သော် ခိုင်မာသည့် အထောက်အထားမျိုး တွေ့မသွားခဲ့။ သူ့မဟာစီမံကိန်း အောင်မြင်ခါနီးတွင် ခြေလှမ်းတစ်ချက်မှား၍ အရာအားလုံးဆုံးရှုံးရမည့်အဖြစ်မျိုး သူမလိုချင်ပေ။
သခင်လေး ကိုယ်ပိုင်ကျောင်းသို့သွားတိုင်း သူအမြဲတမ်း လိုက်သွားတတ်သည်။ ပညာရှင်များပြောသည့် တစ်ချို့စကားလုံးများကို ဟန်များလွန်းသည် စက်ဆုပ်စရာကောင်းသည်ဟု သူထင်မိသည်။ ဥပမာအားဖြင့် “ဖြောင့်မတ်မှန်ကန်မှုအတွက် အသက်ကိုပင်စွန့်လွှတ်သင့်သည်” ဟူသည့်စကားမျိုးဖြစ်သည်။ သို့သော် တစ်ချို့စကားများကိုတော့ သူလက်ခံပါသည်။ ဥပမာ “ခြေလှမ်းတစ်ရာခရီးတွင် ခြေလှမ်းကိုးဆယ်သည် လမ်းတစ်ဝက်အမှတ်သင်္ကေတများသာဖြစ်သည်ဟူသည့် စကားမျိုးဖြစ်သည်။
မြေဝါရောင်ခြေလေးချောင်းမွေသည် တံခါးဝတွင်ဝပ်လျက် နေပူဆာလှုံနေသည်။ တိတ်ဆိတ်ငြိမ်သက်ပတ်ဝန်းကျင်တွင် ထိုမြွေမှာ ‘ခန္ဓာကိုယ်အစစ်’အဖြစ်သို့ ပြန်ပြောင်းသွားသည်။ လင်းလက်သည့်နေရောင်အောက်တွင် သူ့ခန္ဓာကိုယ်က တောက်ပရွှန်းလက်နေသည်။ ချောမွတ်ကြည်လဲ့နေသည်။ ရောင်စုံလင်းဖြာနေသည့် ကြွေထည်တစ်ခုနှင့် တူနေသည်။
ဘေးတစ်ဘက်အိမ်ထဲမှ နိန်ယော်သည်လည်း ထူးဆန်းသည့်အသက်ရှုကျင့်ကြံမှု အခြေအနေသို့ ဝင်ရောက်နေပြီသည်။ နှားခေါင်း၊ပါးစပ်တို့ဖြင့် အသက်မရှူတော့။ အမိဝမ်းတွင်းမှ သန္ဓေသားငယ်ကဲ့သို့ အသက်ရှူနေခြင်းဖြစ်သည်။ ထွက်သက်ဝင်သက်သည် မူလအခြေအနေသို့ရောက်နေသည်။ အတွေးများအာလုံးလည်း ရပ်တန့်နေသည်။
ဓားအိမ်ဖြူထဲမှ ဓားပျံမှာ လွတ်လပ်ခွင့်ရသွားသကဲ့သို့ ဓားအိမ်ထဲမှ ဖြေးညှင်းစွာထွက်လာပြီး သူ့သခင်ဘေးပတ်လည်တွင် ချစ်ခင်ကြင်နာဟန်ဖြင့် ဝဲပျံနေသည်။ သခင်ကို တတ်နိုင်သမျှ ဂရုစိုက်စောင့်ရှောက်နေသည်။ တစ်ချိန်တည်းမှာပင် သူ့လှုပ်ရှားမှုများက မိန်းကလေးတစ်ယောက်၏ဝတ်ရုံ တဖျတ်ဖျတ်ခါနေသကဲ့သို့ လှပနေသည်။ ပျံဝဲနေသည်မှာ ရိုးရိုးသာမန်ပုံစံမျိုးမဟုတ်။ မှော်စုတ်တံတစ်ခုက အင်အားကြီးမားသည့် သင်္ကေတတစ်ခုကို ရေဆွဲနေပုံမျိုးဖြစ်သည်။ သူ့သခင် ဒါဏ်ရာသက်သာလာစေရန် အကောင်းဆုံးလေထုနှင့် ဖုန်းရွှေစွမ်းအားများ ဖန်တီးပေးနေသည်။
ပတ်ဝန်းကျင်စွမ်းအင်များက အသက်ရှူရပ်နေသည့် နိန်ယော်ထံသို့ ချက်ချင်းပြေးတင်လာကြသည်။ ဝေလငါးက ရေကိုစုပ်ယူသကဲ့သို့ ထိုမိုးမြေမူလဝိညာဉ်စွမ်းအင်ျားကို နိန်ယော်၏ခန္ဓာကိုယ်က စုပ်ယူနေသည်။ ယခု တစ်မြို့လုံး တိတ်ဆိတ်နေသည်။ တိတ်ဆိတ်နေသည့် ပတ်ဝန်းကျင်က ဤအိမ်လေး၏ လှုပ်ရှားသက်ဝင်မှုနှင့် ယှဉ်တွဲဖြစ်ပေါ်နေသည်။
မြို့တောင်ဘက် ချောင်းရိုးဘေးတွင် အရပ်ပုပု မျက်ခုံးထူးထူး မျက်လုံးပြူးပြူးလူတစ်ယောက် ရပ်နေသည်။ ပြင်းထန်သည့်ကိုယ်ရောင်စွမ်းအင်များ ထွက်ပေါ်နေသည်။ ခန္ဓာကိုယ်အထက်ပိုင်း ဗလာကျင်းထားသည်။ လက်ထဲတွင် ပန်းပဲဖိုသုံး တူတစ်လက်ကို လွှဲယမ်းထုရိုက်နေသည်။ တူချက်ကျသည်နှင့် အနီးအနားသို့ မီးပွားများ လွင့်ထွက်သွားပြိး တစ်ခန်းလုံး အလင်းဖြာသွားသည်။
ကျယ်ဝန်းသည့် အခန်းထဲတွင် တောက်ပသည့် မီးပွားများ အများအပြားလွင့်ပျံနေသည်။ စူးရှတောက်ပ၍ အတော်ကြည့်ကောင်းသည်။
တူချက်ထိလိုက်တိုင်း မတူကွဲပြားသည့် မီးပွားများ လွင့်ထွက်လာသည်။
ထိုလူနှင့် မျက်နှာချင်းဆိုင်တွင် သပ်ရပ်သေးငယ်သည့် ကျစ်ဆံမြီးရှင် မိန်းကလေးတစ်ယောက်ရှိနေသည်။ ခန္ဓာကိုယ်က သေးသွယ်ပိန်ပါးသည်။ ယခု မီးပွားများ ခန္ဓာကိုယ်သို့ မထိမှန်စေရန် နွားသားရေအင်္ကျီဝတ်ထားသည်။ ထိုသားရေအင်္ကျီအောက်တွင် သာမန်ချည်ထည်ဝတ်စုံရှိသည်။ ထိုချည်ထည်မျိုးသည် မီးပွားထိလျှင် အလွယ်တကူလောင်ကျွမ်းနိုင်သည်။
နောက်ထပ် တူချက်ကျလာချိန်တွင် သိန်းသန်းချီသည့် မီးပွားများ လေထဲတွင် ရုတ်တရက်ရပ်သွားပြီး အခန်းတစ်ခုလုံး ဝဲပျံနေလေသည်။
မိန်းကလေးက မျက်မှောင်ကျုံ့လျက်
“အဖေ”
အရပ်ပုပုလူက အလေးအနက်လေသံဖြင့်
“ငါတို့ နေရာချင်းလဲကျရအောင်။ မင်းက ဓားကိုတူနဲ့လာထုပါ။ ဒီအခွင့်အရေးကို အသုံးချပြီး မင်းရဲ့စိတ်နှလုံးကို အားကောင်းအောင် လုပ်ရမယ်”
မိန်းကလေးက ဓားပုံကြမ်းသံပြားကိုချလျက် သူ့ရှေ့မှ မီးပွားများကို ဖယ်ထုတ်လိုက်သည်။ မီးပွားများက ‌ဘေးသို့ အလွယ်တကူရွေ့သွားသည်။ မီးပွားနည်းနည်း‌ရွှေ့လိုက်သည်နှင့် တစ်ခြားမီးပွားများ အလိုလိုပါသွားသည်။ ရပ်တန့်နေသည့် အချိန်စီးကြောင်းထဲမှ မီးပွားများမှာ အချင်းချင်းထိမိပြီး ပို၍အရောင်လင်းလာကြသည်။ များစွာသောမီးပွားများ တိုက်မိသဖြင့် အခန်းထဲမှအလင်းရောင်က ပုံသဏ္ဌာန်အတည်တကျမရှိဘဲ ပို၍လင်းလက်လာသည်။
နဂါး ကန်ထဲအောင်းသကဲ့သို့ အသက်ရှုရပ်ကာ စိတ်အာရုံစူးစိုက်လေ့ကျင့်နေကြသည့် မြို့ထဲမှ သက်ကြီးပိုင်းများလိုမဟုတ်။ မိန်းကလေး၏လှုပ်ရှားမှုမျးက အတော်ပင်ကြမ်းတမ်းပြင်းထန်သည်။
အထူးသဖြင့် သူ့လက်ထဲမှတူကို လွှဲယမ်းလိုက်သည့်အချိန်ဖြစ်သည်။ အားပါသည်။ ပြင်းထန်သည်။ မြန်ဆန်သည်။ ကြမ်းတမ်းသည်။ အတွေ့အကြုံရှိပြီးသား သူ့ဖခင်ထက်ပင် ပို၍ကြမ်းတမ်းကာ အရိုင်းဆန်နေသည်။
တူရိုက်ချက်ပေါ်လာတိုင်း ပတ်ဝန်းကျင်သို့ မီးပွားများ ပြန့်ကျဲထွက်သွားသည်။ သို့သော် အချိန်ရပ်တန့်နေသည့်အတွက် ထိုမီးပွားများ ငြိမ်းမသွားပေ။ တစ်ချက်ပြီးတစ်ချက် ထုရိုက်လိုက်ပြီးနောက် အခန်းတစ်ခုလုံး ထူထဲသိပ်သည်းသည့်မီးပွားများ ပြည့်သွားသည်။ ညကောင်းကင်မှ ကြယ်အလင်းများနှင့်တူနေသည်။
ပန်းပဲဖိုခန်းထဲတွင် အလင်းဖြာနေသည့် မီးပွားများပြည့်နေသည်။
နီရဲနေသည့် ဓားသံပြားကို သေချာစိုက်ကြည့်၍ အလေးအနက်လေသံဖြင့် ညွှန်ကြားလိုက်သည်။
“ဓားကျမ်းထဲက နဂါးလှုပ်နှိုးအခန်းမန္တာန်ကို စိတ်ထဲကနေ ရွတ်ဆိုနေပါ”
မိန်းကလေး၏မျက်နှာ ချက်ချင်းညှိုးကျသွားသည်။ သူ့ဖခင်ကို ခပ်တိုးတိုးခေါ်လိုက်သည်။
“အဖေ”
“ဘာလဲကွာ”
လူပုက စိတ်မရှည်ဟန်ဖြင့် ပြန်မေးလိုက်သည်။
မိန်းကလေးမျက်နှာ ပို၍ညှိုးကျသွားသည်။ မရဲတရဲလေသံဖြင့်
“နေ့လည်စာကို နည်းနည်းပဲစားခဲ့တော့ သမီးအခု ဗိုက်ဆာနေပြီ။ တူကိုမ,ဖို့တောင် အားမရှိတော့ဘူး”
လူပု ပို၍ဒေါသဖြစ်သွားသည်။ ဓားသွန်းလုပ်နေခြင်းသာမဟုတ်ခဲ့လျှင် သမီးဖြစ်သူကို အော်ဟစ်ဆူပူလိုက်မည်သဖြစ်သည်။
“ငါကမင်းကို ကျမ်းစာမန္တာန်ရွတ်ဖို့ပြောနေတာ။ မင်းက ဘာတွေအဲလေက်ရေးကြီးခွင်ကျယ် လုပ်နေတာလဲ။ မင်းပြောလိုက်တာ ဘယ်လိုစကားမျိုးလဲကွ။ အသုံးမကျတဲ့ သမီး။ မင်းစားချင်သောက်ချင်တဲ့စိတ်နဲ့ဆို အခုလိုဗိုက်ဆာနေတာ ပုံမှန်ပါပဲ။ ဒါကို ဆင်ခြေဆင်လက်ပေးနေစရာမလိုဘူး”
မိန်းကလေး ကျိတ်ရယ်လိုက်သည်။ ဗိုက်ဆာနေသည်ဟု သူပြောခဲ့သော်လည်း သူ၏တူထုချက်က အားလျော့မသွားပါ။ ထိုခဏမှာပင် ရုတ်တရက် မာန်သွင်းလျက် တူကိုအားကုန်လွှဲယမ်းကာ ထူချလိုက်ရင်း ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“ထွက်ခဲ့စမ်း”
အတော်များပြားသည့် မီးပွားများ လေထုထဲသို့ လွှင့်ပျံသွားသည်။ မီးပွားအလင်းရောင်များ စူးရှတောက်ပလှသည်။
လူပုမျက်နှာ တည်ငြိမ်သွားသည်။ သူ့စိတ်ထဲတွင် ရေရွတ်မိလိုက်သည်။
“အောင်မြင်သွားပြီ”
—————
ကုစန်း၏ နေအိမ်တွင် အမျိုးသမီး ပြန်သတိရလာသည်။ သူ့ဦးခါင်းတစ်ခုလုံး ပေါက်ကွဲမတတ် ကိုက်ခဲနာကျင်နေသည်။ ကုစန်းကို လက်တွဲလျက် ခုံရှည်တစ်ခုတွေင် ပြန်ထိုင်လိုက်သည်။ မြစ်ခွဲသခင်က မျက်စိမှိတ်၍ အနားယူနေဆဲဖြစ်သည်။ သို့သော် အင်္ကျီလက်အတွင်းမှ သူ့လက်မနှင့် လက်ညှိုး လှုပ်ရှားနေသည်။ တစ်စုံတစ်ရာကို တွက်ချက်နေဟန်ရှိသည်။
အမျိုးသမီးက သူ့သားလက်ကိုဆွဲလျက် မြစ်ခွဲသခင်ဘေးတွင်ထိုင်လျက် မရဲတရဲလေသံဖြင့်
“မသေမျိုးဆရာ၊ ဘာတွေဖြစ်နေတာလဲဟင်”
အဘိုးအိုက မျက်လုံးဖွင့်မကြည့်ဘဲ ပြန်ပြောလိုက်သည်။
“မင်းမှာ သားလိမ္မာတစ်ယောက်ရှိတာပဲ။ ငါ့အတွက်လည်း တပည့်ကောင်းတစ်ယောက် ရလာတာပေါ့လေ။ မိန်းက‌လေးကု၊ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းနိုင်ရင် မင်းရဲ့သားကျေးဇူးနဲ့ ဂုဏ်သရေကျော်ကြားမှုကို ခံယူရမှာပါ”
အမျိုးသမီး ပျော်ရွှင်သွားသည်။ သူ့မျက်လုံးတွင် အပျော်မျက်ရည်များ စို့နေသည်။ ကုစန်းကို ထွေးပိုက်ထားရင်းမှ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“ကလေးအဖေကြီးရေ။ ရှင်ကြားရဲ့လား။ ကျွန်မတို့ကုစန်းက အောင်မြင်မှုတွေအများကြီး ရ‌လာတော့မှာတဲ့”
“အဲ”
လျိုကျီမော်မျက်နှာတွင် အံ့အားသင့်သည့်အရိပ်တစ်ခု ရုတ်တရက်ပေါ်လာသည်။ မျက်လုံးဖွင့်လျက် လက်ဝါးပေါ်မှ အရေးကြောင်းများကို ငုံ့ကြည့်လိုက်သည်။ လမ်းကြောင်းသစ်တစ်ခု ထပ်ပေါ်လာသည်ကို မြင်လိုက်ရသည့်ဟန်ဖြင့် ခပ်တိုးတိုးပြောလိုက်သည်။
“ဒါဘာကြောင့်လည်း။ ဒီလိုမဖြစ်သင့်ဘူး။ ဟိုကောင်လေးကမသေပဲ မသေမျိုးကျင့်ကြံသူတပည့်က သေသွားတယ်တဲ့လား”
မြစ်ခွဲသခင် ချက်ချခင်းထရပ်လျက် ခြံဝန်းထဲတွင် ဖြေးညှင်းစွာ လမ်းလျှောက်နေသည်။ သူ့လက်ချောင်းများက လျင်မြန်စွာ လှုပ်ရှားနေဆဲဖြစ်သည်။ တစ်စုံတစ်ခုကိ သူတွက်ချက်မိလိုက်သည်။ နောက်ဆုံးတွင် သူ့နှုတ်မစကားသံ ထွက်လာသည်။
“အသုံးမကျတဲ့ကောင်မ၊ ဆင်းရဲသားကောင်လေးတစ်ယောက်ရဲ့လက်ချက်နဲ့ သေရတယ်ပေါ့။ နှစ်တစ်ထောင်လောက် တည်ဆောက်ထားတဲ့ တိမ်အာရုဏ်တောင်တန်းရဲ့ နာမည်ဂုဏ်သတင်းဟာ ဒီလိုပဲ ပျက်စီးသွားပြီလား”
ကုစန်းမိခင်က စိုးရိမ်ထိတ်လန့်ဟန်ဖြင့်
‘မသေမျိုးဆရာ၊ စန်းအာကလည်း ရှင့်တပည့်ဖြစ်လာပြီပဲ။ ချန်ပင်အန်းကို အလွတ်ပေးလို့မရဘူးလား”
“သောက်တလွဲ မေတ္တာစေတနာတွေ။ မင်းတကယ် ကြင်နာစိတ်ရှိရင် ငါတို့ စတွေ့တုန်းက လူသတ်ရိပ်တွေ ဘာလို့ပြခဲ့သေးလဲ။ အခုကျမှ သူတော်ကောင်းဖြစ်ချင်နေတယ်ပေါ့။ အရှက်မရှိတဲ့ကောင်မ”
အဘိုးအို၏ အော်ငေါက်သံကြောင့် အမျိုးသမီးမျက်နှာ ဖြူရော်သွားသည်။ နောက်ထပ် တစ်ခွန်းမှမဟရဲတော့ပေ။
သို့‌သော် အဘိုးအိုက စိတ်ဆိုးမပြေသေး။ အမျိုးသမီးကို လက်ညှိုးငေါက်ငေါက်ထိုး၍ ဆူပူကြိမ်းမောင်နေသည်။
“ရေရှည်မတွေးတတ်တဲ့ မိန်းမ။ ကုစန်းက ငါနဲ့ရှုကျန်းရေကန်ကို လိုက်လာပြီးရင် သူ့ကျင့်ကြံမှု အနှောက်အယှက်မဖြစ်အောင် မင်းတို့နှစ်ယောက် ခဏခဏတွေ့နေလို့မရဘူး။ မင်းမကျေနပ်တာရှိလား”
အမျိုးသမီးအမြန်လက်ခါပြလိုက်သည်။
“မရှိပါဘူးရှင်”
အဘိုးအိုမျက်လုံးတွင် အေးစက်ကြမ်းတမ်းသည့် အရိပ်တစ်ခုရှိနေသည်။
မိန်းကလေး ခဏတာ အံ့အားသင့်နေပြီးနောက် အသိပြန်ဝင်လာသည်။ သူ့မျက်နှာချက်ချင်းညှိုးကျသွားပြီး သနားစဖွယ်ဟန်ဖြင့်
“ဘာမှမကျေနပ်တာမရှိပါဘူးရှင်။ မရှိပါဘူး”
အဘိုးအိုက အင်္ကျီလက်ကို ဖျတ်ခနဲတစ်ချက်ခါလျက် နှာခေါင်းတစ်ချက်ရှုံ့လိုက်သည်။
“စိတ်တိုစရာကောင်းလိုက်တာ”
ထိုအမျိုးသမီးသည် အရွယ်တင်၍ ဆွဲ‌ဆောင်မှု ရှိနေဆဲ့ဖြစ်၍ ကိုယ်ပိုင်အစေခံအဖြစ် လက်ခံရန် အစက သူစိတ်ကူးထားသည်။ သို့သော် ထိုသို့တွေးနေတုန်းမှာပင် အမျိုးသမီးက မလျောမကန် သီးမခံနိုင်စရာ စကားမျိုးကို ပြောလာသည်။ ထိုမိန်းမသည် ကျင့်ကြံမှုလမ်းပေါ် ဝင်ရောက်ခွင့် တကယ်ပင်ဆုံးရှုံးသင့်ပေသည်။
ထိုခဏမှာပင် အဘိုးအိုမျက်နှာ ရုတ်တရက်တင်းသွားသည်။ အားကြီးသည့်ရန်သူတစ်ယောက်ကို တွေ့ရသကဲ့သို့ ပင်ဖြစ်သည်။ ဘေးပတ်လည်ကို သူမျက်လုံးဝေ့ကြည့်သည်။ မှန်ပေသည်။ ဤမြေ၏ အချိန်ရေစီးကို လူတစ်ယောက်က ရပ်တန့်လိုက်ပြီဖြစ်သည်။ ရပ်တန့်ဘုံလောများသသည် ဤကမ္ဘာ၏များစွာသော မှော်လောကများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ကြယ်နတ်ဘုရားများ ရွှေအရဟတ္တများပင် ဖန်တီးရန် စိတ်မကူးနိုင်ကြသည့် ဘုံလောကမျိုးဖြစ်သည်။
ဤစွမ်းအားသည် အလွန်တရာအဆင့်မြင့်လွန်းသည့် မဟာမှော်စွမ်းအားမျိုး ဖြစ်သည်။ မြို့ကိုကာရံထားသည့် အကာအကွယ်မှော်စက်ဝန်းကြောင့် ဤစွမ်းအင်များ အဓိကဖြစ်လာသည်မှန်သော်လည်း ဖန်တီးသူကို ကြောက်ရွံ့လေးစားသင့်ပေသည်။
စဉ်းစားကြည့်လျှင် မသေမျိး၊ ဗုဒ္ဓ၊ နတ်၊ နတ်ဆိုး၊ သရဲ များပင်ဖြစ်လင့်ကစား ၌ဘုံကမ္ဘာမျိုးတွင် ပိတ်မိသည်နှင့် ရပ်တန့်ဘုံကမ္ဘာဖန်တီးခြင်ကို ဦးညွှတ်ကြရသည်။ ရပ်တန့်ကမ္ဘာဖန်တီးသူဆိုသည်မှာ ဤသို့သော ဖြစ်တည်မျိုးဖြစ်သည်။
မြစ်ခွဲသခင် လျိုကျီမော် ထိုသို့မြင့်မားသည့် အဆင့်မျိုးရောက်နိုင်ရန် စိတ်ကူးယဉ်ခဲ့မိသည်။ အားအကြီးဆုံးစွမ်းအားမျိုးကို မလိုချင်သူဟူ၍ မရှိလောက်ပေ။ လျိုကျီမော်သာ ဤမှော်ကမ္ဘာမျိုး ပိုင်ဆိုင်ထားလျှင် ဗုဒ္ဓဂိုဏ်း၊ တာအိုဂိုဏ်းနှင့် ကွန်ဖြူးရှပ်ဂိုဏ်းများမှ တတိယအဆင့်တပည့်များ ထိုကမ္ဘာထဲသို့ ဆွဲခေါ်လာမည်သာဖြစ်သည်။ ထိုတပည့်များက သူ့ကိုဦးညွှတ်ချင်မှဦးညွှတ်ကြမည်။ သို့သော် အနည်းဆုံးတော့ တန်းတူအနေအထားမျိုး ဆက်ဆံကြမည်သာဖြစ်သည်။
မရည်ရွယ်ပါဘဲနှင့် လျိုကျီမော သွေးတစ်ပွက်အန်ထုတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့လက်မှလည်း သွေးများစီးကျလာသည်။ လူတစ်ယောက်က သူ့လက်ကို ဓားဖြင့်ခုတ်လိုက်သကဲ့သို့ပင်ဖြစ်သည်။
သူ့ရေခွက်ဖြူကလည်း တစ်ခြားလက်တစ်ဘက်တွင်ပေါ်လာသည်။ ခွက်ထဲမှ ရေမျက်နှာပြင် ဘောင်ဘင်ခတ်နေသည်။ အနက်ရောင်မျဉ်းကြောင်းကလေးမှာ ခွက်နံရံကို ပြင်းထန်စွာ ရိုက်ခတ်နေသည်။
အဘိုးအို တုံ့ဆိုင်းမနေတော့ပဲ လက်နှစ်ဘက်ဆုပ်အရိုအသေပြုလိုက်သည်။ သူသည် အစဉ်အလာဆန့်ကျင်သည့် တာအိုဝါဒီဖြစ်သော်လည်း ကွန်ဖြူးရှပ်ဝါဒီတစ်ယောက်အသွင်ဖြင့် ဦးညွှတ်အရိုအသေပေးလေသည်။ ခါးကိုတတ်နိုင်သမျှ ကုန်းထားသည်။ အသံတုန်တုန် ဖြူစင်ရိုးသားမှု အပြည့်ရှိနေဟန်ဖြင့်
“ကျုပ်လိုဂျူနီယာရဲ့ တာအိုလမ်းစဉ်အတွက် ကြိုးစားမှုအပေါ် ဆရာချီငဲ့ညှာမှုပေးဖို့ စိုင်ယန်ဂျော့ကျွန်းက ရှုကျန်းရေကန်သခင် လျိူကျီမော် တောင်းဆိုပါတယ်။ သူတော်စင်ချီကို တစ်ခုခုစော်ကားမိခဲ့တာရှိရင် ကျုပ်လို အနိမ့်စားလူတစ်ယောက်ကို အညှိုးမထားပါနဲ့ဗျာ”
အတော်ကြာပြီးနောက် တုံ့ပြန်သံတစ်ခုပေါ်လာသည်။
“မြန်မြန်ထွက်သွား”
စကားလေးလုံးက မိုးကြိုးသံကဲ့သို့ လျိုကျီမော်နားထဲတွင် ပေါက်ကွဲထွက်လာသည်။ လျိုကျီမော် ပျော်ရွှင်သွားသည်။
“စိတ်ချပါ ဆရာချီ၊ ကုစန်းနဲ့သူ့မိခင်ကိုခေါ်ပြီး ဒီမြို့က ချက်ချင်းထွက်သွားပါ့မယ်”
သူ့ကိုယ်သူ ဂျနီယာဟုပြောနေသည့် အဘိုးအိုက တစ်စုံတစ်ခုကို သတိရလာဟန်ဖြင့် ရိုရိုသေသေမေးလိုက်သည်။
“ကျုပ်မေးပါရစေ ဆရာချီ။ ရွှေသန္ဓေကြေးပြားနှစ်အိတ်ကို ကျုပ်ဘယ်လိုလုပ်ရမလဲ”
အောင်မြင်ခံ့ညားသည့်စကားသံ ထပ်ပေါ်လာသည်။
“လူတစ်ယောက်နဲ့ ပစ္စည်းတစ်ခုဆိုတာ ကံကြမ္မာအခွင့်အလမ်းနှစ်ခုပဲ။ ကြေးပြားနှစ်အိတ်ကို ခြံထဲမှာထားခဲ့။ နောက်ထပ်နှစ်သုံးဆယ်တိတိ ရှုကျန်းရေကန်အပြင်ကို ခြေတစ်လှမ်းမှမထွက်ဖို့လည်း မင်းကိုတားမြစ်တယ်”
လျိုကျီမော် လေးလံသည့်ဝန်ထုပ်ဝန်ပိုးတစ်ခု ပုခုံးပေါ်မှ ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။ ထို့ကြောင့် ဤတစ်ကြိမ်တွင် ကွန်ဖြူးရှပ်ဝါဒီကဲ့သို့ ဦးညွှတ်အရိုအသေမပေးတော့ဘဲ တာအိုဝါဒီအစစ်ကဲ့သို့ ဦးညွှတ်အရိုအသေပေးလိုက်လေသည်။
“စီနီယာစကားကို ကျုပ်မပယ်ရှားရဲပါဘူး။ ဆရာချီရဲ့ငဲ့ညှာမှုကို ဂျူနီယာ တစ်သက်လုံးမှတ်ထားပါ့မယ်”
ချီကျင်ချွမ်းအသံ နောက်ထပ်ပေါ်မလာတော့။ ရပ်တန့်နေသည့်ဘုံကမ္ဘာလည်း ပျောက်ကွယ်သွားသည်။ လျိုကျီမော် အရေးမပါသည့်စကားများ မပြောတော့။ ကုစန်းတို့သားအမိနှစ်ယောက်ကို ဤမြို့မှ သူနှင့်အတူ ချက်ချင်းထွက်ရန် အမြန်ပြောလိုက်သည်။ အမျိုးသမီးက စကားပြန်ပြောရန်ပြင်သည်။ သို့‌သော် လျိုကျီမော်၏ တင်းမာသည့်မျက်နှာကို မြင်လိုက်ရသဖြင့် စကားလုံးများကို ချက်ချင်းပြန်မျိုသိပ်ထားလိုက်လေသည်။ လျိုကျီမော်က ကြေးပြားအိတ်နှစ်ခုကို ထုတ်ယူလိုက်သည်။ သခင်စစ်ဖြစ်လာရန် ကြိုးစားနေသည့် သူလိုလူသည် အလွန်တရာနှမျောတွန့်တိုတ်သူဖြစ်သော်လည်း ယခု ကြေးပြားနှစ်အိတ်ကို ခုံရှည်ပေါ် မတုံ့မဆိုင်း တင်ထားလိုက်သည်။ သို့သော် သူတို့သုံးယောက် ထွက်သွားခါနီးတွင် လျိုကျီမော်က ရုတ်တရက် မေးလိုက်သည်။
“မင်းတို့အိမ်ထဲမှာ တစ်ခြားရှေးဟောင်းပစ္စည်းတစ်ခုခု ရှိသေးလား”
အမျိုးသမီးမျက်နှာက ကြောင်တက်တက်ဖြစ်နေသည်။ သို့သော် ပါးနပ်သည့်ကုစန်းက ချက်ချင်း သတိပေးလိုက်သည်။
“အဖေက မှော်ရတနာဝတ်ပြုဆောင်တစ်ခု ချန်ထားခဲ့တယ်မဟုတ်လား။ ကုတင်အောက်မှာ ဖုန်တက်နေတဲ့ပစ္စည်းလေ”
လျိုကျီမော်မျက်လုံးများ အ‌ရောင်တော့လာသည်။ အမျိုးသမီးကို ပစ္စည်းရှိရာသို့ ခေါ်သွားပေးရန် ချက်ချင်းပြောလိုက်သည်။
သူတော်စင်ကိုယ်တိုင်က ကုစန်းကို လျိုကျီမော်ပိုင်ဆိုင်သည့် ကံကြမ္မာအခွင့်အလမ်းအဖြစ် အသိအမှတ်ပြုပြီးဖြစ်သည်။ ထိုသို့ဆိုလျှင် ထိုကံကြမ္မာအခွင့်အလမ်းကုစန်းပိုင်သည့် ပစ္စည်းများကိုလည်း ဤမြို့ထဲမှ ထုတ်ယူသွားခွင့်ရှိသည့်သဘောဖြစ်သည်။
ထိုပစ္စည်းများကို နောင်တစ်ချိန် မည်သူပိုင်မည်ဆိုသည်ကိုတော့ မပြောနိုင်။ သို့သော် ဤမြို့ထဲတွင် ရှိနေလျှင် ကောင်းကင်ဘုံတစ်ခုလုံး ဆင်းလာလျှင်ပင် ချီကျင်ချွမ်းစကားကို နားထောင်ရပေမည်။ သို့သော် ရှုကျန်းရေကန်သို့ ရောက်သွားလျှင်မူ ထိုသို့သဘောရှိမည်မဟုတ်တော့။
လူနှစ်ယောက် အိမ်ထဲဝင်သွားပြီဖြစ်၍ ကုစန်းအနားတွင် မည်သူမှမရှိတော့။ ကြေးပြားအိတ်နှစ်ခုကို လက်တစ်ဘက်စီတွင်ကိုင်လျက် ခြံတံခါးကို သူအသာအယာဖွင့်လိုက်သည်။ ထို့နောက် ခေါင်းငုံ့ခါးကုန်းလျက် ကြွေပန်းအိုးလမ်းတစ်ဘက်ဆီသို့ လျှောက်သွားလေသည်။
အိမ်ထဲတွင် အမျိုးသမီးမာ ကြမ်းပြင်ပေါ်တွင် ဒူးထောက်လျက် ကုတင်အောက်မှသေတ္တာကို ဆွဲထုတ်နေသည်။ သေတ္တာသည် မကြီးလှပေ။ သို့သော် အတော်လေးလံသည်။ ထို့ကြောင့် ဆွဲထုတ်ရခက်ခဲသည်။ အမျိုးသမီး အတော်ပင် မောဟိုက်နေသည်။
သို့သော် ထိုခဏမှာပင် ဖွံ့ထွားသည့် သူ့နောက်ပိုင်းကို မြစ်ခွဲသခင်က တစ်ချက်ကန်လိုက်သည်။ ထို့နောက် ခနိုးခနဲ့လေသံဖြင့်
“မိန်းကလေးကု၊ မင်းမှာလိုအပ်နေတာက ဂရုတစိုက်ပျိုးထောင်မှုပဲ။ ဒီချို့ယွင်းချက်တစ်ခုနဲ့တင် မင်းအနေနဲ့ စိုင်ယန်ဂျော့ကျွန်းမှာ ဒုတိယအဆင့်အစေခံဖြစ်ဖို့ အတော်ခက်ခဲသွားပြီ။ ဒါပေမယ့်လည်း မင်းအနေနဲ့ တတိယအဆင့်အစေခံဖြစ်လာရင်တောင် အတော်ကံကောင်းပြီပြောရမှာပါ။ မင်းက ငါ့အတွက်အဆင့်မမီပေမယ့် ကျွန်းပေါ်မှာ ဧည့်သည်တစ်ချို့ ကျင့်ကြံသူတစ်ချို့ရှိကြပါတယ်။ သူတို့အကြိုက်ကို လိုက်နိုင်အောင်မင်းကြိုးစားပေါ့။ အားနည်းနည်းစိုက်ပြီး အခွင့်အလမ်းရအောင်ရှာပါ။ မရှက်နဲ့၊အခွင့်အရေးကို လက်လွတ်မခံနဲ့”
အမျိုးသမီး၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားသည်။ သို့သော် သူ့န္ဓာကိုယ်တစ်ပိုင်းမှာ ကုတင်အောက်သို့ရောက်နေသဖြင့် သူ့အမူအရာကို မမြင်ရပေ။
———–
လမ်းကြားတစ်ချို့ကို ဖြတ်လာပြီးနောက် ချီကျင်ချွမ်းက ချန်ပင်အန်းကိုပြောလိုက်သည်။
“ချိုင်ကျင်ကျန်းနဲ့ ဖူနန်ဟွားကိစ္စ ငါ့တာဝန်ထားလိုက်ပါ။ အခုမင်းမှာ ဘိုးဘေးကောင်းချီး ကန္တာရသစ်ရွက်လည်း ရပြီးပြီဆိုတော့ မင်းအသက်အန္တရာယ်ကို သေချာဂရုစိုက်ပေတော့။ ဒါဟာ မင်းမိဘတွေရဲ့မေတ္တာကို အကောင်းဆုံးပြန်ပေးဆပ်တဲ့ နည်းလမ်းပဲ။ တိမ်အာရုဏ်တောင်တန်း၊ နဂါးမြို့တော်နဲ့ မြစ်ခွဲသခင်တို့က မင်းကိုဘယ်တော့မှ ပြဿနာမရှာစေရဘူးလို့တော့ ငါအာမမခံရဲဘူး။ ဒါပေမယ့် နောက်ဆယ်နှစ်အတွင်းတော့ သူတို့မင်းကို အန္တရာယ်မပေးစေရဘူး။ မင်းကံကောင်းရင် သာမန်လူလို အမြဲတမ်းနေသွားခွင့်ရနိုင်တယ်။ နှစ်သုံးဆယ်လောက် ငြိမ်းငြိမ်းချမ်းချမ်း နေသွားနိုင်မယ်”
ချီကျင်ချွမ်းက ပြုံး၍ဆက်ပြောသည်။
“ဒီမြို့ကိုလည်း ကြောက်ဖို့မလိုပါဘူး။ နောက်ဆိုရင် အချိန်တစ်ခုရောက်သွားပြီးရင် အခုအချိန်လို လျှို့ဝှက်စီစဉ်တာတွေ ‌ကောက်ကျစ်လှည့်စားတာတွေလည်း သိပ်ရှိတော့မှာမဟုတ်ပါဘူး။ နှစ်သုံးဆယ်လောက် ငြိမ်းငြိမ်းချမ်းချမ်‌နေချင်တယ်ဆိုရင် မိန်းကလေးတစ်ယောက်ရှာပြီး မင်းလက်ထပ်လိုက်ပါ။ မိသားစုတစ်ခု တည်ထောင်လိုက်ပါ။ ဒီမြို့ပြင်ကိုထွက်ပြီး အပြင်လောကရဲ့ ရှုခင်းတွေကို ခံစားချင်တယ်ဆိုရင်လည်း တကယ်ကောင်းတဲ့ ရွေးချယ်မှုမျိုးပါပဲ။ နောင်တစ်ချိန် မင်းသိလာပါလိမ့်မယ်။ ဒီမြို့လေးထဲမှာ လမ်းလျှောက်ရတာ လွယ်ကူပြီး စာပေလေ့လာဖတ်ရှုဖို့ခက်ခဲတယ်။ အပြင်လောမှာတော့ လူအတော်များများက စာအုပ်ဝယ်တာ၊ စာဖတ်တာ၊ စာအုပ်တွေစုတာကို အတော်လွယ်တယ်လို့ ယူဆကြတယ်။ ဒါပေမယ့် သူတို့တကယ်မုန်းကြတာက ခရီးအဝေးကြီးလမ်းလျှောက်ရတာကိုပါပဲ။ လမ်းလျှောက်ရတာကို ခက်ခဲပင်ပန်းလွန်းတဲ့အလုပ်လို့ ယူဆထားတယ်လေ။ စာအုပ်တွေနဲ့အတူ ခရီးထွက်တယ်လို့ သူတို့ပြောတယ်ဆိုရင် အဲဒါဟာ ဇိမ်ခံရထားလုံးနဲ့ လေ့လာရေးခရီးထွက်တာမျိုးပဲ”
ချန်ပင်အန်းက အံ့အားသင့်နေဟန်ဖြင့်
“ဆရာချီ၊ လမ်းလျှောက်တာကို ပင်းပန်းခက်ခဲတဲ့အလုပ်လို့ ယူဆလို့ရလား”
ချီကျင်ချွမ်းက တဟားဟားအော်ရယ်လိုက်သည်။
“အပြင်ကမ္ဘာကို မပြောပါနဲ့ဦး။ မင်းဘေးပတ်ဝန်းကျင်ကိုပဲ တစ်ချက်ကြည့်လိုက်ပါ။ ကံကြမ္မာသမင်လမ်းနဲ့ မက်မွန်ရွက်လမ်းက မင်းနဲ့အရွယ်တူကောင်လေးတွေ တောင်တန်းတွေပေါ် လျှောက်သွားတာ မင်းမြင်ဖူးလို့လား”
ချင်ပင်အန်း နားလည်ဟန်ဖြင့် ခေါင်းငြိမ့်လိုက်သည်။
“ဒါတော့ ဟုတ်တယ်”
ချီကျင်ချွန်း ခဏစဉ်းစားနေသည်။ ထို့နောက် သူ့ခေါင်းမှ အစိမ်းရောင်ကျောက်စိမ်းဆံထိုးကို ဆွဲထုတ်လိုက်သည်။ ထို့နောက် ချန်ပင်အန်းကို လှမ်းပေးလိုက်သည်။
“ဒါကို နှုတ်ဆက်လက်ဆောင်လို့ သဘောထားပါ။ ဘာမှတော့ တန်ဖိုးမရှိပါဘူး။ မသေမျိုးရတနာလည်း မဟုတ်ဘူး။ ဒီတော့ မင်းစိတ်ရှင်းရှင်းနဲ့ လက်ခံလိုက်ပါ။ တကယ်တော့ ငါလည်း မင်းလိုပါပဲ။ တောရွာတစ်ခုမှာ မွေးလာတဲ့ လူဆင်းရဲတစ်ယောက် ဖြစ်ခဲ့ဖူးတယ်။ ဒါပေမယ့် ငါကြိုးစားပြီးလေ့လာခဲ့တယ်။ အခက်အခဲတွေ စိန်းခေါ်မှုတွေ အများကြီးကြုံပြီးတဲ့နောက်မှာ အခွင့်အရေးတွေလည်း အများကြီးကြုံပြီးတဲ့နောက် တောင်ကမ်းပါးကျောင်းတော်ကို ဝင်ခွင့်ရခဲ့တယ်။
“ငါ့ဆရာအနားမှာ ပညာသင်ကြားခဲ့ရတဲ့နေတွေဟာ ငါ့ဘဝရဲ့ အပျော်ဆုံးနေ့တွေပဲ။ ငါ့ဆရာ တောင်ပေါ်ကနေထွက်သွားတော့ ဒီဆံထိုးလေး ငါ့ကိုပေးခဲ့တယ်။ ဒါဟာ ငါ့အပေါ် မျှော်လင့်ချက် ယုံကြည့်ချက် အမှတ်အသားတစ်ခုပဲ။ ဒါပေမယ့် ဒီနှစ်ပိုင်းတွေကို ပြန်ကြည့်လိုက်ရင် ငါဘာမှကောင်းကောင်းမစွမ်း‌ဆောင်နိုင်ခဲ့ဘူး။ ဆရာသာအသက်ရှင်နေသေးရင်လည်း ငါ့ကိုကြည့်ပြီး စိတ်ပျက်နေမှာပဲ”
ချန်ပင်အန်း ဆံထိုးကို လက်မခံရဲပေ။ ဤပစ္စည်းသည် တန်းဖိုးကြီးမားသည့် ဆရာတပည့်ဆက်ဆံရေးကို ကိုယ်စားပြုနေသည်။ ထို့အပြင် သံယောဇဉ်နက်ရှိုင်းမှုအမှတ်အသားဖြစ်သည်။ အသေးအဖွဲလက်ဆောင်ပစ္စည်းမျိုးမဟုတ်ပေ။
ချန်ပင်အန်း ဉာဏ်သိပ်မကောင်းသော်လည်း ကြွေထည်မီးသွန်းလုပ်ငန်းနှင့် ရင်းနှိးခဲ့သူဖြစ်သည်။ ပစ္စည်းတစ်ခု တန်ဖိုးရှိမရှိကို သူအကဲခတ်နိုင်စွမ်းရှိသည်။
ချီကျင်ချွမ်းက ပြုံးလျက် နူးညံ့သည့်လေသံဖြင့်
“ဒါကို ငါနဲ့အတူ သိမ်းထားရင် ငါ့ဆရာရဲ့ နောက်ဆုံးအမွေပစ္စည်းလေးဟာ ဘယ်သူမှဂရုစိုက်မခံရပဲ ‌ချောင်ထဲရောက်သွားတော့မှာ။ ဒီတော့ မင်းကိုပေးခဲ့တာ ပိုကောင်းတယ်လေ။ ဒါကိုလည်း မင်းအလကားသက်သက် ရခဲ့တာမျိုးမဟုတ်ပါဘူး။ ငါဒီမြို့မှာ နေလာတာ နှစ်ခြောက်ဆယ်ပြည့်တော့မယ်။ ငါ့စိတ်ထဲမှာ ဖြေရှင်းမရတဲ့အထုံးတစ်ခု အမြဲတမ်းရှိနေခဲ့တယ်။ ငါ့ဆရာက ကွယ်လွန်သွားပြီဖြစ်လို့ ဒီပြဿနာအတွက်အဖြေကို ငါဘယ်တော့မှ မရနိုင်တော့ဘူးလို့ ထင်ထားခဲ့တယ်။ နောက်ဆုံးတော့ မင်းက အမှတ်မထင် ငါ့ပြဿနာကို ဖြေရှင်းပေးသွားတယ်။ ဒါကြောင့် ဒီကျောက်စိမ်းဆံထိုး မင်းကိုပေးတာ မှန်ကန်တဲ့လုပ်ရပ်ပါ။ ချန်ပင်အန်း၊ ငါမင်းအတွက် ကန္တာရသစ်ရွက်တစ်ရွက်ပဲ ကူညီပေးနိုင်ခဲ့တယ်။ ဒီထက်လည်း ငါဘာမှမကူညီနိုင်တော့ဘူး”
ချန်ပင်အန်း ကျောက်စိမ်းဆံထိုးကို လက်နှစ်ဘက်ဖြင့် ခံယူလိုက်သ်ည။ သာမန်ပစ္စည်းမျိုးဖြင့် လုပ်ထားသည့် ဆံထိုးတစ်ခုသာဖြစ်သည်။ ထို့နောက် သူမော့ကြည့်၍ စိတ်ရင်းအတိုင်း ပြောလိုက်သည်။
“ဆရာချီ ကျွန်တော့်အတွက် အများကြီးလုပ်ပေးပြီးပါပြီ”
ချီကျင်ချွမ်းက ပြုံးပြလိုက်သည်။ ကျောက်စိမ်းဆံထိုးကို ချန်ပင်အန်း လက်ခံလိုက်ပြီဖြစ်၍ သူစိတ်ပူစရာတစ်ခု ထပ်လျော့သွားပြန်သည်။ ထိုကျောက်စိမ်းဆံထိုးသည် သာမန်သာဖြစ်သည်။ သို့သော် မည်သို့ပင်ဆိုစေ သူ့ဆရာထားခဲ့သည့် ပစ္စည်းဖြစ်သည်။ ချန်ပင်အန်းကိ ပေးလိုက်နိုင်သည်မှာ တကယ်ကောင်းသည်။ ဤဆံထိုးပေါ်တွင် ရေးထွင်းထားသည့် စာလုံးများအတွက် အရှက်ရနိုင်စရာမရှိတော့”
ချီကျင်ချွမ်းက ချန်ပင်အန်းကို နောက်ဆုံးအနေဖြင့် အကြံတစ်ခုပေးလိုက်သည်။
“ချန်ပင်အန်း၊ မင်းမှတ်ထားပါ။ နောက်တစ်ချိန် မင်းဘာပဲကြုံရကြုံရ၊ ဒီလောကမှာ ဘယ်တော့မှ မျှော်လင့်ချက်မပျောက်စေနဲ့”

Comment

Leave a Reply

Options

not work with dark mode
Reset