Switch Mode

အခန်း (၂၃)

ကန္တာရပင်အိုရိပ်

ထိုသို့ပြောပြီးနောက် ချီကျင်ချွမ်းသူ့စကားနဲ့သူ ရယ်နေမိသည်။ ယခု သူ့လက်ရှိတပည့်များမှာလည်း ဘာမှထူးခြားလှသည်မဟုတ်။ စာသင်စကလေးငယ်များ အခန်းအပြည့်ရှိသည်။ ကျောင်းသားတစ်ယောက်လျှင် ကြေးပြားသုံးရာသာ ပေးရန်လိုသည်။ လူဆင်းရဲမိသားစုမှ ကျောင်းသားများက အသားချောင်းသုံးခုပေးရသည်။
စိတ်ဓာတ်ယိမ်းယိုင်ခြင်းမရှိပဲ လက်ဆုပ်အားကို လုံးဝမလျှော့သည့် ချန်ပင်အန်းကို သူလှမ်းကြည့်လိုက်သည်။
“မင်းစိတ်ထဲမှာ သူ့ကိုတကယ်မသတ်ချင်ပါဘူး။ ဒါပေမယ့် သူကတော့ မင်းကိုမသေသေအောင်သတ်ဖို့ ဆုံးဖြတ်ထားတာနော်။ ဒီတော့ သူ့ကိုသတ်လိုက်ရင် အနည်းဆုံးတော့ မင်းအတွက် လောလောဆယ် အန္တရာယ်ရှင်းသွားမယ်။ မင်းစိတ်ထဲ နောက်ပြဿနာနောက်ရှင်းသဘောမျိုး တွေးထားလို့လား။ ဒါမှမဟုတ် ကြီးတဲ့အမှုငယ်အောင် ငယ်တဲ့အမှုပပျောက်အောင်ဆိုတဲ့စကားအတိုင်း ဒုက္ခမရှာချင်လို့ အလျှော့ပေးလိုက်တာလား”
ဆုန်ကျိရှင်း၏ စာသံပေသံ ကဗျာသံများကို အမြဲလိုလိုနား‌ထောင်နေခဲ့ရသည့် ချန်ပင်အန်းက ချက်ချင်းပြန်ပြောလိုက်သည်။
“ဆရာချီ ကျွန်တော်ကို လမ်းညွှန်ပေးနိုင်မလား”
ချီကျင်ချွမ်းကပြုံးလျက်
“ချန်ပင်အန်း၊ မင်းလက်ကို အရင်လွှတ်လိုက်ပါလား။ ပြီးရင် ငါနဲ့အတူ လမ်းခဏလျှောက်ကြတာပေါ့။ တစ်ချို့ကိစ္စတွေမှာ ငါ့အပြစ်လည်း မကင်းပါဘူး။ ဒီတော့ငါမင်းကို တစ်ခုခု ရှင်းလင်းချက်ပေးမှဖြစ်မယ်”
ချန်ပင်အန်း ခဏတွေဝေနေပြီးနောက် ချုပ်ထားသည့်လက်ကို လွှတ်လိုက်သည်။ ဖူနန်ဟွားမှာ မလှုပ်တော့။ မျက်လုံး, ဆံပင်၊ အသက်ရှူသံ အားလုံးရပ်တန့်နေသည်။
ချီကျင်ချွမ်းက မှော်စက်ဝန်းကို အသက်သွင်းလိုက်သည်။ မြို့တစ်မြို့လုံး အချိန်ရပ်တန့်သွားသည်။
ထို့နောက် ညင်သာသည့်လေသံဖြင့်
“ငါ့နောက်က ကပ်လိုက်ခဲ့ပါ။ ခြေဆယ်လှမ်းအတွင်းမှာ နေပါ”
ချီကျင်ချွမ်း တည်ငြိမ်ခံ့ညားသည့်ဟန်ပန်ဖြင့် လမ်းအဆုံးဆီ လျှောက်သွားသည်။ သူဝတ်ရုံမှာ တဖျတ်ဖျတ် လူးလွန့်နေသည်။ ချန်ပင်အန်း သူ့နောက်မှ ကပ်လိုက်သည်။ သူ့ဘယ်လက်ဝါးကို ကြည့်သည်။ အသားဟက်တက်ကွဲလျက် သွေးချင်းချင်းနီနေသည်။ အရိုးများကိုပင် မြင်နေရသည်။ သွေးများက ဆက်ထွက်ကျနေဆဲဖြစ်သည်။
ချီကျင်ချွမ်းက သူ့ရှေ့မှလျှောက်နေရင်း ပြုံး၍မေးလိုက်သည်။
“ချန်ပင်အန်း၊ မသေမျိုးတွေ၊ ဝိညာဉ်တွေ၊ နတ်ဆိုးတွေ၊ သရဲတွေရှိတာ မင်းယုံသလား”
ချန်ပင်အန်း ခေါင်းငြိမ့်သည်။
“ယုံပါတယ်။ ငယ်ငယ်တုန်းက ကျွန်တော်အမေ ပုံပြင်တွေပြောပြဖူးတယ်။ ကောင်းတာလုပ်ရင် ဆုလာဘ်ရပြီး မကောင်းတာလုပ်ရင် ပြစ်ဒဏ်ပေးခံရတယ်လို့ ပြောတယ်။ ဒီစကားကို အမေအများဆုံးပြောခဲ့တာ။ အခုထိ ကျွန်တော်ကောင်းကောင်းမှတ်မိတယ်။
ကလေးတွေကို ဆွဲခေါ်သွားတတ်တဲ့ ချောင်းထဲက ရေသရဲအကြောင်းလည်း ပြောပြတယ်။ မြို့မြောက်ဘက် ဘိုးဘေးခန်းမပျက်မှာ မြေအောက်ဘုရင်က ညဘက်တွေ အမှုစစ်ဆေးတယ်လို့လည်း ပြောတယ်။ တံခါးစောင့်နတ်တွေ ညဘက်မှာအသက်ဝင်လားပြီး ကျွန်တော်တို့အိမ်တွေကို စောင့်ရှောက်ပေးတယ်လို့လည်း ပြောတယ်။ အရင်က အဲဒီ့အကြောင်းတွေ တကယ်မယုံခဲ့ပါဘူး။ ဒါပေမယ့် အခုတော့ ယုံလာပြီ”
ချီကျင်ချွမ်းက သက်ပြင်းချလျက်
“မင်းအမေပြောတဲ့ တစ်ချို့စကားတွေကမှန်တယ်။ တစ်ချို့စကားတွေကတော့ မမှန်ဘူးကွ။ ကောင်းတာလုပ်ရင် ဆုလာဘ်ရပြီး မကောင်းတာလုပ်ရင် အပြစ်ပေးခံရမယ်ဆိုတာက အတော်ပြောရခက်တဲ့အရာပဲ။ အကောင်းအဆိုးဆိုတာနဲ့ပတ်သက်လို့ လူတွေက အမြင်အမျိုးမျိုးရှိကြတယ်လေ။ သာမန်လူတွေ၊ ဘုရင်တွေ၊ အရာရှိတွေ၊ မသေမျိုးတွေ၊ အားလုံးက ဒီကိစ္စအပေါ် အမြင်မတူကြဘူး။ အမြင်မတူတော့ သူတို့ကောက်ယူသုံးသပ်ချက်တွေလည်း ကွဲလွဲသွားတာပေါ့”
ချန်ပင်အန်း ကြွေကွဲချွန်ကို သိုဝှက်လျက် ခြေလှမ်းအမြန်တိုးသွားသည်။ ချီကျင်ချွမ်းနှင့် ရင်ဘောင်တန်း၍ လျှောက်နေရင်းမှ ခေါင်းမော့ကြည့်၍ မေးလိုက်သည်။
“ဆရာချီ၊ ကျွန်တော်တစ်ခုလောက် မေးလို့ရမလား”
သူ့အတွေးကို ရိပ်စားမိဟန်ဖြင့် ချီကျင်ချွမ်းက တည်ငြိမ်စွာ ရှင်းပြသည်။
“ဒီမြို့လေးဟာ ကမ္ဘာပေါ်မှာ နောက်ဆုံးကျန်တဲ့နဂါးအစစ်ကို မြှုပ်နှံထားတဲ့နေရာပဲ။ ရေနဂါးတွေ၊ သူတို့မျိုးနွယ်တွေက ဒီနေရာဟာ တန်းဖိုးအကြီးဆုံးအခွင့်အလမ်းတွေရှိပြီး တစ်နေ့နေ့တစ်ချိန်ချိန်မှာ နဂါးတစ်ကောင် မွေးဖွားလာမယ်လို့ ယုံကြည်ကြတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့နှစ်သုံးရာအတွင်း ဒါမျိုးလုံးဝမဖြစ်ခဲ့ဖူးဘူး။
ဒီမြို့မှာမွေးလာတဲ့ ကလေးတွေကတော့ အပြင်လောကထဲက လူတွေထက် ပါရမီ၊ ထူးခြားမှုနဲ့ အခွင့်အလမ်းတွေ အများကြီး သာလွန်ကြတယ်။ အရှေ့ရတနာတိုက်နယ်ထဲက နာမည်အကျော်ဆုံးစွမ်းအားရှင်တွေရဲ့ သားသမီးတွေတောင် မမီကြဘူး။ ဒါပေမယ့်လည်း ဒီမြို့က ကလေးတိုင်းတော့ ပါရမီထူးကြတာမဟုတ်ဘူးပေါ့”
ချီကျင်ချွမ်း ပြုံးလိုက်သည်။ ထိုကိစ္စကို ဆက်မပြောတော့။ ချန်ပင်အန်း စိတ်ထိခိုက်သွားမည် စိုးရိမ်ပုံရသည်။ စကားလမ်းကြောင်းပြောင်း၍
“နဂါးသတ်ပွဲမှာ ပါဝင်ခဲ့ကြတဲ့ စွမ်းအားရှင်တွေ အားလုံးနီးပါး အပြင်းအထန် ဒါဏ်ရာရခဲ့ကြတယ်။ အများစုက ဒီမှာအခြေချဖို့ ဆုံးဖြတ်ခဲ့တယ်။ အိမ်တွေဆောက်ပြီး ကျင့်ကြံမှုလုပ်ကြသည်။ နောက်ဆုံးထွက်သက်အထိ ရဲရဲဝံ့ဝံ့ တိုက်ခိုက်ခဲ့တဲ့လူတွေလည်း ရှိတယ်။ တစ်ချို့ကျတော့လည်း ကံကောင်းထောက်မပြီး အသက်ရှင်ခဲ့တဲ့ တာအိုလက်တွဲဖေါ်တွေလည်း ရှိခဲ့တယ်။ တစ်ချို့ကျတော့လည်း နဂါးကို အတူလက်တွဲတိုက်ခိုက်ရင်း ကံကြမ္မာတွေ ပေါင်းစည်းသွားကြတာပေါ့။
“နှစ်သုံးထောင်လောက် ကြိုးစားအားထုတ်ပြီး အသက်ရှင်နေထိုင်ခဲ့ကြတဲ့နောက်မှာ အခုဒီမြို့လေး ဖြစ်လာတယ်။ လီအင်ပါယာမြေပုံထဲမှာ ဒီနေရာကို မဟာနွံရွာလို့ အရင်က ရည်ညွှန်းခဲ့တယ်။ နောက်တော့ သူတော်စင်တစ်ယောက်က စုတ်တံကိုကိုင်ပြီး နဂါးဂူလို့ နာမည်ပြောင်းခဲ့တယ်။ နောက်တော့တစ်ခါ ‘နဂါး’ဆိုတဲ့ အခေါ်အဝေါ်ဟာ လီတိုင်းပြည်အင်ပါယာမင်းမြတ်ရဲ့ နာမည်နဲ့ တူနေမှာစိုးလို့ ဒီနေရာကို ပြန်–“
ချင်ပင်အန်း စိတ်မရှည်နိုင်တော့။ ချီကျင်ချွမ်းရှင်းလင်းချက်ကို ကြားဖြတ်ကာ လက်နှစ်ဘက်ဆုပ်လျက် မျှော်လင့်တောင့်တနေသည့် မျက်နှာဖြင့် မေးလိုက်သည်။
“ဆရာချီ၊ ကျွန်တော်မေးချင်တာက ကျွန်တော့်မိဘတွေအကြောင်းပါ။ သူတို့က ဘယ်လိုလူမျိုးတွေလဲ”
ချီကျင်ချွမ်း ခဏတွေးတောနေသည်။
“ဟိုခရီးသွားတာအိုဘုန်းကြီး လျှို့ဝှက်ချက်တစ်ချို့ မင်းကိုပြောသွားပြီးပြီဆိုတော့ သူပြောတဲ့အကြောင်းတွေကိုပဲ ထပ်တိုးပြီး ပြောပါ့မယ်။ ငါမှတ်မိသလောက် မင်းအဖေကရိုးသားသိမ်မွေ့တဲ့လူပါ။ သူ့ပါရမီက သိပ်မကောင်းတော့ ဒီမြို့ကနေ ခေါ်ထုတ်မသွားခံခဲ့ရဘူး။ သူ့အပေါ်ရင်းနှီးမြှုပ်နှံထားတဲ့ လူတွေအမြင်မှာ သူဟာ တန်ဖိုးမရှိတဲ့လူ၊ ငွေကုန်ခံရကျိုးမနပ်တဲ့လူလို့ မြင်လာတယ်။ သူတို့စိတ်ဆိုးသွားတာလည်း ဖြစ်ကောင်းဖြစ်မယ်။ ဒါမှမဟုတ် အရှက်ရစရာလို့ ထင်လာလို့လည်း ဖြစ်ရင်ဖြစ်နိုင်တယ်။ အပြင်က ကြွေအိုးလာဝယ်တဲ့လူတွေက မင်းအဖေရဲ့ ပါရမီဓာတ်ခံကို စိတ်ပျက်သွားကြတယ်လေ။ အဲဒီ့နောက်ပိုင်း မင်းအဖေဘဝမှာ ဆိုးဝါးတာတွေ ကြုံရသလို မင်းအမေနဲ့မင်းကိုအတွက်လည်း ဆိုးဝါးတဲ့ဘဝမျိုး ရောက်လာတာပဲ။
နောက်ပိုင်းမှာ အကြောင်းတစ်ခုကြောင့် မင်းအဖေက စည်းနှောင်ကြွေပန်းအိုးနဲ့ပတ်သက်တဲ့ လျှို့ဝှက်ချက်ကို ရှာတွေ့ခဲ့တယ်။ လူတစ်ယောက် ဒီမြို့ထဲကနေ ခေါ်ထုတ်သွားခံရရင် တစ်သက်လုံး ရုပ်သေးရုပ်လို ဖြစ်မယ်ဆိုတာ သိသွားတယ်။ ဒါကြောင့် မင်းနဲ့သက်ဆိုင်တဲ့ စည်းနှောင်ကြွေပန်းအိုးကို တိတ်တဆိတ် ရိုက်ခွဲပစ်လိုက်တယ်။ ငါမှတ်သိသလောက်တော့ မင်းရဲ့ကြွေပန်းအိုးဟာ စာအုပ်ဖိတဲ့ပန်းအိုးလေးပဲ”
ချီကျင်ချွမ်းက တည်ကြည်သည့်လေသံဖြင့် ဆက်ပြောသည်။
“မင်းနားလည်ဦးမှာတော့ မဟုတ်ဘူး။ ဒီမြို့မှာမွေးတဲ့ ကလေးမှန်သမျှ လျှို့ဝှက်စာရင်းဇယားတစ်ခုထဲမှာ မှတ်တမ်းတင်ထားတဲ့ နာမည်ဝှက်တစ်ခုစီရှိကြတယ်။ သူတို့နှလုံးသွေးတစ်စက်ကို ဒီမြို့ထဲကလူတစ်ချို့က လျှို့ဝှက်နည်းလမ်းတစ်ခုနဲ့ထုတ်ယူပြီး သူတို့ဖန်တီးထားတဲ့ စည်းနှောင်ကြွေပန်းအိုးဆိုတဲ့ထဲမှာ ထည့်လိုက်တယ်။ မိန်းကလေးတွေအတွက် ကြွေပန်းအိုးဟာ ခြောက်နှစ်ကြာအောင် မီးတိုက်ပေးရတယ်။ ယောက်ျားလးတွေရဲ့ ကြွေပန်းအိုးက မီးတိုက်ချိန် ဒီထက်ပိုကြာတယ်။ ကြွေမီးဖိုဟာ ကိုးနှစ်ကြာအောင် တောက်လောင်နေတယ်။ တစ်ရက်မှ မပြတ်ဘူး။
အဲလိုကလေးတွေရဲ့ ပါရမီနဲ့ဉာဏ်ရည်ဟာလည်း ကြွေထည်တွေရဲ့ အရည်အသွေးလိုပဲပေါ့။ အားလုံးကို ကံတရားကပဲ ဆုံးဖြတ်ပေးတယ်။ ဒါပေမယ့် ဒီကြွေအိုးအပေါ် ရှင်းနှီးမြှုပ်နှံတဲ့လူတွေက တန်ဖိုးကြီးကြီးပေးရတယ်။ မင်းပါရမီက ညံ့ပေမယ့် မင်းအဖေက မင်းနဲ့သက်ဆိုင်တဲ့ စည်းနှောင်ကြွေပန်းအိုးကို ဆုံးဖြတ်ချက်ပြတ်ပြတ်သားသားနဲ့ ခွဲပစ်လိုက်တော့ မြို့ပြင်က ကြွေအိုးဝယ်တဲ့လူတွေ ဒေါသထွက်သွားကြတယ်လေ”
ချီကျင်ချွမ်းက ပြုံး၍ ဆက်ပြောသည်။
“မင်းအမေက တည်ကြည်ပြီး စိတ်သဘောထားကောင်းတဲ့ မိန်းမတစ်ယောက်ပါ။မင်းအဖေနဲ့ သူလက်ထပ်တော့ သူနဲ့ရွယ်တူလူတွေ အတော်လေး မျက်နှာညှိုးသွားကြတယ်။ ငါအရိုးသားဆုံးပြောမယ်။ မင်းမိဘတွေအကြောင်း အသေးစိတ်ပြောဖို့ဆိုရင် ငါ့အနေနဲ့ အခက်အခဲရှိတယ်ကွ။ ဒီကိုငါရောက်ပြီးတော့ စာသင်တာအပြင် တစ်ခြားအလုပ်တွေအများကြီး ငါလုပ်ခဲ့ရတယ်”
ချန်ပင်အန်းက ခေါင်းတစ်ချက်သာငြိမ့်သည်။ ထို့နောက် မျက်နှာပြန်လှည့်သွားပြီး ပါးကိုလက်ဖြင့်သုတ်လိုက်သည်။ သို့သော် သူ့ဘယ်လက်တွင် ဒါဏ်ရာရနေသည်ကို မေ့သွားသည်။ သူ့မျက်နှာတွင် သွေးကြောင်းများ ပေကျံနေခဲ့သည်။ သို့တိုင်အောင် သွေးများကို အင်္ကျီလက်ဖြင့် သုတ်ပစ်ရန် တုံ့ဆိုင်းဆိုင်းဖြစ်နေသည်။
နှစ်ယောက်သား တိုင်းလုံးဆယ့်နှစ်ခုရှိသည့် ဥမင်လမ်းသို့ ရောက်လာသည်။
ချီကျင်ချွမ်းက ချန်ပင်အန်းကိုမကြည့်တော့။ အတိတ်အကြောင်းများကို ပြန်ပြောပြသည်။
“နဂါးကို ဒီမှာသတ်ကြတဲ့အချိန် သူတော်စင်လေးယောက် သဘောတူညီမှုတစ်ခုလုပ်ဖို့ ရောက်လာတယ်။ ဒီနေရာကို သူတို့လေးယောက် နှစ်ခြောက်ဆယ်စီ စောင့်ကြပ်ပြီး နဂါး စွမ်းအင်အကြွင်းအကျန်ကို စောင့်ကြည့်ကြဖို့ပေါ့။ အဲဒီတုန်းက လူတွေကလည်း နဂါးတကယ်သေမသေဆိုတာနဲ့ပတ်သက်ပြီး ငြင်းခုန်နေခဲ့ကြတယ်။ ဒါပေမယ့် ဒီလျှို့ဝှက်ချက်တွေ အများကြီးပြောပြလိုက်ရင် မင်းအတွက် ဒုက္ခဖြစ်သွားနိုင်တယ်။
အကြမ်းဖျင်းပြောရရင်တော့ ဒီမြေကို အဓိကအဖွဲ့လေးခုက အုပ်ချုပ်တယ်။ ကွန်ဖြူးရှပ်ဝါဒီ၊ ဗုဒ္ဓဝါဒီ၊ တာအိုဝါဒီနဲ့ စစ်ဗျူဟာဝါဒီတွေပေါ့။ အရှေ့ပိုင်းရတနာတိုက်နယ်မှာရှိတဲ့ တစ်ခြားအဖွဲ့အစည်းတွေ၊ အတွေးအခေါ်ကျောင်းတွေ၊ မှော်နယ်မြေတွေ၊ မသေမျိုးဂိုဏ်းတွေ၊ မျိုးနွယ်ကြီးတွေအားလုံးက ဒီမြို့လေးကနေ အကျိုးအမြတ်တစ်ချို့ ရယူနိုင်တဲ့ အခွင့်အရေးရှိကြတယ်။ ရယ်စရာတော့ အကောင်းသား။ လွန်ခဲ့တဲ့နှစ်တစ်ရာအတွင်းမှာ ဒီမြို့ကနေ စည်းနှောင်ကြွေအိုးတစ်ခု ဝယ်မဝယ်ဆိုတဲ့ အချက်ဟာ ဂိုဏ်းတစ်ခု မျိုးနွယ်တစ်ခု ပထမတန်းစား အင်အားစုဖြစ်လာဖို့အပေါ် မူတည်နေတယ်လေ”
“ဆရာချီရှင်းပြနေတာတွေကို ကျွန်တော်တကယ် နားမလည်ပေမယ့် အားလုံးကို မှတ်ထားပါတယ်။ ကျွန်တော်မိဘတွေဟာ လူကောင်းတွေဖြစ်မှန်း သိရတာကိုပဲ ကျေနပ်နေပါပြီ”
ချန်ပင်အန်းက ပြောလိုက်သည်။
ချီကျင်ချွမ်းကပြုံးလျက်
“ငါလည်း မင်းအခု နားလည်ဦးမယ်လို့ မမျှော်လင့်ထားပါဘူး။ ဒါပေမယ့် ဒါတွေက နောက်ခံအကြောင်းတစ်ချို့ပါပဲ။ အဲလိုမှမပြောရင်ရင်လည်း မင်းဖူနန်ဟွားကို မသတ်ဖို့ ငါဖျောင်းဖျလို့ရမှာမဟုတ်ဘူးလေ။ ငါဒီလိုလုပ်နေတာ သူ့လိုကျင့်ကြံသူတစ်ယောက်ကို ကာကွယ်ချင်လို့မဟုတ်ဘူး။ သူသေမှာကို စိတ်မကောင်းဖြစ်နေလို့လည်း မဟုတ်ဘူး။ ဖူနန်ဟွားနဲ့ နဂါးမြို့တော်က ငါ့ကိုကျေးဇူးတင်ပြီး‌ နောင်တစ်ချိန် အကူအညီရဖို့ မျှော်လင့်ထားတာမျိုး ပိုလို့တောင်မရှိဘူး။ အဲလိုမဟုတ်ဘူးကွ။ တကယ်တော့ လုံးဝဆန့်ကျင်ဘက်ပဲ။
ကွန်ဖြူးရှပ်ဝါဒီတွေဟာ လူ့ပတ်ဝန်းကျင်တဲ့နှီးနွယ်ဆက်စပ်တဲ့ ကျင့်ကြံမှုမျိုးကို ထောက်ခံအားပေးတယ်။ ဒါကြောင့် ငါတို့ဟာ လူ့ပတ်ဝန်းကျင်ကို အန္တရာယ်ပေးတဲ့ ကျင့်ကြံသူတွေကို လုံးဝဆန့်ကျင်တယ်။ ငါတို့နဲ့ သူတို့လိုကျင့်ကြံသူတွေကြား ပေါ်တင်ရော တိတ်တိတ်ပုန်းရော ငြင်းခုန်တိုက်ခိုက်ခဲ့ကြတာ နှစ်ပေါင်းမနည်းတော့ဘူး။ ငါသာ အရင်တောင်ကမ်းပါးကျောင်းတော်က ပညာသင်ဘဝမျိုးဆိုရင် သူတို့ဘယ်လိုလုပ် အသက်ရှင်နေနိုင်မှာလဲ။ မြစ်ခွဲသခင်လျိုကျီမော်ဖြစ်ဖြစ် နဂါးမြို့တော်သခင်ဖူနန်ဟွားဖြစ်ဖြစ် တမလွန်ကို ငါပို့ပစ်လိုက်မှာပဲ”
ဆရာချီလေသံက တည်ငြိမ်သည်။ လမ်းလျှောက်ပုံက ခံ့ညားနေဆဲဖြစ်သည်။ သို့သော် ချန်ပင်အန်းမှာ သူ့ကို တစ်ခြားလူတစ်ယောက်အသွင်မျိုး ဖြစ်သွားသည်ဟု ထင်နေမိလေသည်။
အဘိုးယော်အရက်မူးချိန် သူတို့ထုတ်လုပ်သည့်ကြွေထည်များ အင်ပါယာအတွက်ဖြစ်ကြောင်း၊ သူတို့ကို မည်သူမှ အဆင့်အတန်းချင်းယှဉ်၍မရကြောင်း ကြွားလုံးထုတ်နေသည်နှင့် တူလှသည်။
တမလွန်ကို ပို့ပစ်မည်ဟုပြောနေသည့် ဆရာချီစကားသံက အဘိုးယော်နှင့်မတူသော်လည်း မျက်နှာထားမှာ အတူတူသာဖြစ်သည်။
ချီကျင်ချွမ်း မျက်မှောင်တစ်ချက်ကျုံ့လျက် ကြွေပန်းအိုးလမ်းတစ်ဘက်ဆီ ရုတ်တရက်ကြည့်လိုက်သည်. တစ်ယောက်ယောက်စကားပြောနေသည်ကို နာထောင်နေဟန်ရှိသည်။ စက်ဆုပ်ရွံရှာသည့်အဆင့်ထိမ‌ရောက်သော်လည်း အလိုမကျသည့်အရိပ်များ သူ့မျက်နှာတွင် အတိုင်းသားပေါ်လွင်နေပေသည်။
နောက်ဆုံးတွင် အေးစက်စက်လေသံဖြင့်
“မြန်မြန်ထွက်သွား”
ချန်ပင်အန်း နားမလည်ဟန်ဖြင့် အူတူတူဖြစ်သွားသည်။
ချီကျင်ချွမ်းက သူ့ကို ရှင်းပြသည်။
“ပုံပြောဆရာပါ။ သူ့နာမည်ရင်းက လျိုကျီမော်တဲ့။ သူ့ဘွဲ့နာမည်က မြစ်ခွဲသခင်စစ်လို့ခေါ်တယ်။ သူက စည်းကမ်းမလိုက်နာတဲ့ ကျင့်ကြံသူတစ်ယောက်ပါ။ စွမ်းအင်အဆင့်က သိပ်မဆိုးလှပေမယ့် စိတ်ဓာတ်က အတော်ယုတ်နိမ့်တယ်။ မင်းနဲ့ ချိုင်ကျင်ကျန်းတို့ ဖူနန်ဟွားတို့ကြားက ပြဿနာဟာလည်း တကယ်တော့ သူဝင်ရှုပ်လို့ဖြစ်ရတာ။ သူက မင်းစိတ်ထဲမှာ မှော်ကျိန်စာတစ်ခု ထည့်ခဲ့တယ်လေ။ စကားလေးလုံးကျိန်စာပေါ့။ “သေခြင်းကိုရှာ” တဲ့။ မင်းစိတ်ကိုထိန်းချုပ်ပြီး ယုတ်ညံ့ရိုင်းစိုင်းတဲ့ အလုပ်မျိုးလုပ်ခိုင်းလိုက်တာ”
လျိုကျီမော်ဟူသည့်နာမည်ကို ချန်ပင်အန်း မှတ်ထားလိုက်သည်။
ချီကျင်ချွမ်းက သက်ပြင်းချလျက် မေးသည်။
“ငါဘာလို့ မင်းကိစ္စထဲ ဝင်မစွက်ခဲ့သလဲဆိုတာ မသိချင်ဘူးလား”
ချန်ပင်အန်းက ခေါင်းခါသည်။
ချီကျင်ချွန်းက သူ့မေးခွန်း သူပြန်ဖြေသည်။
“ဒီမြေဟာ အက်ကွဲကြောင်းထနေတဲ့ နှစ်သုံးထောင်ကြွေအိုးတစ်ခုလိုပဲ။ မင်းတို့ကတော့ အပြင်လူတွေပေါ့။ မင်းတို့ကို မှော်စက်ဝန်းက ကာကွယ်ပေးထားတယ်။ ဒီတော့ မင်းတို့လုပ်ရပ်တွေ သိပ်ပြီးအလွန်အကျွံမဟုတ်ရင် အဲဒီကြွေအိုး ပျက်စီးစရာမရှိဘူး။ ဒါပေမယ့် ငါကကျတော့ အဲဒီ့ကြွေအိုးကို ကိုင်ထားတဲ့လူဖြစ်နေတယ်။ ငါလုပ်တာမှန်သမျှ ဒီကြွေအိုးရဲ့ အက်ကွဲကြောင်းတွေအပေါ် သက်ရောက်နေမှာ။ ဒီကြွေအိုးပျက်စီးသွားလည်း မတတ်နိုင်ဘူးပေါ့။ ဒါပေမယ့် ဒီမြို့ထဲက လူ့အသက်ပေါင်း ငါးထောင်ခြောက်ထောင်ကို ဘယ်လိုလုပ်မလဲ။ သူတို့ကံကြမ္မာက ငါ့လက်ထဲမှာရှိနေတယ်။ ဒီတော့ ငါအရေးမစိုက်ဘဲ ထင်ရာလုပ်လို့မရဘူး”
ဆရာချီလေသံက နူးညံ့သည်။ နှစ်ပေါင်းများစွာ သူ့စိတ်ထဲတွင်ထမ်းပိုးထားရသည့် အကြောင်းများကို ပြောနေခြင်းဖြစ်သည်။ ချန်ပင်အန်း နားစိုက်ထောင်နေသည်။ သို့သော် သေချာနားမလည်ပေ။
ညာလက်ဖြင့် ပါးပြင်ကို ခဏခဏပွတ်နေသည့် ချန်ပင်အန်းကို ချီကျင်ချွမ်းကြည့်လိုက်သည်။ သူတို့နှစ်ယောက် ဆီးသီးပန်းလမ်း သံသော့အိမ်ရေတွင်းနားမှ ဖြတ်လျှောက်လာကြသည်။ မိန်းမများ ခါးကုန်းလျက် ရေငင်နေသည်ကို တွေ့ကြရသည်။ ထိုစဉ် ချီကျင်ချွမ်းက
“ရေတွင်းထဲကို လူတစ်ယောက်ကျသွားမယ်ဆိုပါစို့။ သူ့ကိုကယ်ရင် မင်းလည်း သေမယ့်အဖြစ်မျိုးဆိုပါစို့။ အဲလိုဆိုရင် မင်းသူ့ကို ကယ်မှာလား”
ချန်ပင်အန်း ခဏစဉ်းစား၍ ပြန်မေးလိုက်သည်။
“ဒီလူကို တကယ် ကယ်လို့ရတဲ့ အခြေအနေမျိုးလား”
ချီကျင်ချွမ်းက သူ့အမေးကိုမဖြေဘဲ တစ်ချက်ပြုံးလျက်
“မှတ်ထားပါ။ မြင့်မြတ်တဲ့လူဆိုရင် သူ့ကိုမကယ်ဘူးကွ”
“မြင့်မြတ်တဲ့လူ”
ချန်ပင်အန်း နားမလည်နိုင်အောင်ဖြစ်သွားသည်။
ချီကျင်ချွမ်း ခဏတုံ့ဆိုင်းနေပြီးနောက် ဆောင့်ကြောင့်ထိုင်လျက် ချန်ပင်အန်းအင်္ကျီက်ောလာကို ပြုပြင်ပေးသည်။ မျက်နှာပေါ်မှသွေးများကို သုတ်ပေးလိုက်သည်။ ထို့နောက် နူးညံ့သည့်လေသံဖြင့်
“ကံဆိုးတဲ့အဖြစ်ကို တွေ့ကြုံတဲ့အခါ သနားစိတ်ရှိရမယ်။ ဒါပေမယ့် မြင့်မြတ်တဲ့လူဆိုတာက ခေါင်းမာပြီး အသေးအဖွဲတွေကို အာရုံစိုက်တတ်တဲ့လူမျိုးနဲ့ မတူဘူး။ မြင့်မြတ်တဲ့လူဆိုတာ ရေတွင်းထဲကျသွားတဲ့လူကို ကယ်ဖို့ကြိုးစားလိမ့်မယ်။ ဒါပေမယ် သူတို့ကိုယ်တိုင်တော့ လုံးဝအသေခံမှာမဟုတ်ဘူး”
ထိုအကြောင်းပြောနေရင်း ချန်ပင်အန်းစိတ်ထဲတွင် တစ်စုံတစ်ခုကို တွေးမိလာဟန်ရှိသည်။ အလေးအနက်ပုံစံဖြင့် သူမေးသည်။
“ဆရာချီ၊ ကျွန်တော်အသက်ဆက်ရှင်နိုင်သေးလား။ ဘယ်လောက်ကြာကြာ နေရဦးမှာလဲ”
ချီကျင်ချွမ်း သေချာစဉ်းစားသည်။ ထို့နောက် ထရပ်လျက် တည်ကြည်သည့်မျက်နှာဖြင့်
“မင်းရှေ့မှာရှိနေတဲ့ လမ်းကြမ်းတွေကို မကြောက်ရင်၊ အခက်အခဲကြီးတွေကို ရင်ဆိုင်ရမှာမကြောက်ရင် မင်းသေချာပေါက် အသက်ဆက်ရှင်နိုင်ပါတယ်”
ချန်ပင်အန်းမျက်နှာတွင် အပြုံးတစ်ခုပေါ်လာသည်။ ထို့နောက် ခပ်အေးအေးလေသံဖြင့်
“အခက်အခဲတွေကို ကျွန်တော်မကြောက်ပါဘူး”
တည်ငြိမ်အေးဆေးသည့် သူ့ပုံစံကိုကြည့်၍ ချီကျင်ချွမ်း စိတ်သက်သာရာရသွားသည်။
“သွားကြစို့၊ မင်းကို တစ်နေရာခေါ်သွားမယ်။ မင်းကိုငါ အများကြီးမကူညီနိုင်ပေမယ့် စည်းမျဉ်းဘောင်ထဲကနေ ဒီကပ်ဆိုးကို ကျော်လွှားနိုင်အောင်တော့ ကူညီနိုင်ကောင်းပါရဲ့။ ပြီးတော့ မင်းအနေနဲ့လည်း ကံကြမ္မာအခွင့်အလမ်းတစ်ခု လျော်ကြေးရသင့်ပါတယ်”
ချန်ပင်အန်း အနည်းငယ် နားရှုပ်သွားဟန်ရှိသည်။
သူတို့နှစ်ယောက် ကန္တာရပင်အိုရှေ့သို့ ရောက်လာသည်။ မြို့ငယ်လေးသည် လုံးဝတိတ်ဆိတ်ငြိမ်သက်နေသော်လည်း ဤကန္တာရပင်အိုမှာ မသိနိုင်သောအကြောင်းတစ်ခုကြောင့် ချွင်းချက်လိုဖြစ်နေသည်။ သစ်ခက်များ ယိမ်းနွဲ့လှုပ်ရှားနေသည်။ သစ်ရွက်များ တဖျတ်ဖျတ်ခတ်နေသ်ည။
ငြိမ်၍ရပ်နေပြီးနောက် ချီကျင်ချွမ်းက အလေးအနက်မျက်နှာဖြင့် သစ်ပင်ကို လက်နှစ်ဘက်ဆုပ် ဦးညွှတ်အရိုအသေပြုလိုက်သည်။ ထို့နောက် ခေါင်းပြန်မော့လျက်
“ချီကျင်ချွမ်း ခင်ဗျားဆီက သစ်ရွက်တစ်ရွက်လောက် တောင်းဆိုလို့ရမလားဗှာ။ ဒီကောင်လေးကို မြို့ထဲကနေ အေးအေးဆေးဆေးထွက်သွားနိုင်အောင် သုံးနှစ်လောက် ကပ်ဆိုးကနေ ဘေးကင်းကင်းနေနိုင်အောင်လို့ပါ”
နှစ်ထောင်ချီသက်တမ်းရှိသည့် ကန္တာရသစ်ပင်အိုထံမှ မည်သည့်တုံ့ပြန်မှုမှ မရ။ အသံတိတ် ငြင်းဆိုနေဟန်ရှိသည်။
ချီကျင်ချွမ်းသည် စွမ်းအားကြီးကောင်းကြီးပေလိမ့်မည်။ သို့သော် ဤမြေပေါ်တွင် တစ်ခြားလူများကဲ့သို့သာ ဖြစ်သည်။ အမှန်အတိုင်းဆိုရလျှင် ဤနေရာ၏မှော်စက်ဝန်းကို ထိန်းချုပ်နေရသဖြင့် ပို၍ပင်သနားစရာကောင်းသည့်လူဖြစ်သည်။ ထို့ကြောင့် ကန္တာရပင် စေတနာမရှိ၍ သူ့ကို ဘိုးဘေးကောင်းချီးသစ်ရွက် မပေးလိုလျှင် သူဘာမှမတတ်နိုင်။
ချီကျင်ချွမ်း မျက်နှာညှိုးသွားသည်။ နောက်ဆုံးတွင် သက်ပြင်းချလျက် ခေါင်းငိုက်စိုက်ကျသွားသည်။ နောင်တစိတ် အပြစ်မကင်းသည့်စိတ်များ သူ့ရင်ထဲတွင်ပြည့်နေသည်။
သို့သော် ချန်ပင်အန်းက ပြုံးလိုက်သည်။ ချီကျင်ချွမ်းကို ပြန်နှစ်သိမ့်သည်။
“တာအိုလုကပြောသွားတယ်။ ကျွန်တော်သာ မြို့တောင်ပိုင်းကိုခဏခဏသွားပြိး ပန်းပဲဆရာရွမ်ရဲ့ တပည့်ဖြစ်လာရင် အသက်ဆက်ရှင်နိုင်ဖို့ အခွင့်အရေးရှိတယ်။ ကန္တာရသစ်ရွက်မရှိလည်း ကျွန်တော်အဆင်ပြေမှာပါ ဆရာချီ”
ချီကျင်ချွမ်းက ပြုံးလျက် ပြန်မေးသည်။
“စိတ်ရင်းနဲ့ ပြောနေတာလား”
ချန်ပင်အန်းက ခေါင်းတစ်ချက်ကုတ်လျက် ရယ်ကျဲကျဲဖြင့် ပြန်ပြောသည်။
“မဟုတ်ဘူး”
ချီကျင်ချွမ်း နားလည်ဟန်ဖြင့် ပြုံးလိုက်သည်။
ထိုစဉ် ရုတ်တရက် နူးညံ့စိမ်းစိုသည့် ကန္တာရသစ်ရွက်တစ်ရွက် သစ်ပင်ထိပ်ဖျားဆီမှ ဝေ့ဝဲဆင်းသက်လာသည်။
ချန်ပင်အန်း လက်ကိုဆန့်ထုတ်လိုက်သည်။ သစ်ရွက်က အလိုလို သူ့လက်ထဲသို့ကျလာသည်။ ရွှေရောင်စာလုံးတစ်လုံး သစ်ရွက်ပေါ်တွင် ရှိနေသည်။ သို့သော် ချက်ချင်း ပျောက်ကွယ်သွားသည်။
ချီကျင်ချွန်း နည်းနည်းအံ့အားသင့်သွားသည်။ ခဏကြာပြီးနောက် တည်ငြိမ်သည့်လေသံဖြင့်
“’ယော်’ ဆိုတဲ့ စာလုံးပဲ။ ချန်ပင်အန်း၊ ယော်မျိုးနွယ်ရဲ့ ကျေးဇူးကို အသက်နဲ့ထပ်တူ ပြန်ပေးဆပ်ဖို့ ဆန္ဒရှိသလား။ အမှန်အတိုင်းပြောရရင် ဒီသစ်ရွက်မရှိဘဲ မင်းအသက်ရှင်နိုင်ဖို့ဆိုတာ အခွင့်အရေးအတော်နည်းတယ်။ ဒါကိုတော့ငါ သေချာပြောနိုင်တယ်။ မင်းသေချာစဉ်းစားပေါ့”
“ဆရာယော်လို ‘ယော်’ မျိုးရိုးလား”
ချန်ပင်အန်း မေးလိုက်သည်။
ချီကျင်ချွမ်း ခေါင်းငြိမ့်သည်။
“ဟုတ်တယ်”
ချန်ပင်အန်းက သစ်ရွက်ကို လက်ဝါးနှစ်ခုကြားတွင်ညှပ်ကာ လက်အုပ်ချီလျက် သစ်ပင်ကိုမော့ကြည့်ကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
“ကျွန်တော်အသက်ရှင်နေသရွေ့ ယော်မျိုးနွယ်မှန်သမျှကို ဆရာချီပြောတဲ့အတိုင်း ဆက်ဆံပါ့မယ်။ သူတို့ ရေတွင်းထဲပြုတ်ကျလို့ အသက်အသေခံပြီးကယ်ရမယ်ဆိုရင်တောင် ကျွန်တော်ချန်ပင်အန်း သူတို့ကို သေချာပေါက်ကယ်ပါ့မယ်”
ပတ်ဝန်းကျင်တစ်ခုလုံး အသံတိတ်နေသည်။
ချီကျင်ချွမ်းကပြုံးလျက်
“သွားကြစို့”
နှစ်ယောက်သား လမ်းလျှောက်နေရင်း ချီကျင်ချွမ်း ကန္တာရပင်အိုထိပ်ဖျားကို မသိမသာ နောက်ပြန်လှည့်ကြည့်သည်။ သူ့မျက်နှာတွင် လှောင်ပြုံးရိပ်တစ်ခု ရှိနေသည်။
အမှန်တော့ ‘ချန်’ မျိုးရိုးနာမည်ရှိသည့် ကန္တာရသစ်ရွက်များ ရှိနေပါသည်။ နည်းနည်းနောနောမဟုတ်။ သို့သော် ဤမြို့ငယ် ပျက်စီးခါနီးအခြေအနေမျိုးမှာပင် သူတို့သည် တစ်ခြားပိုင်ရှင်ကိုသာ ရှာနေကြသည်။ ‘ချန်’ မျိုးရိုးဟုတ်မဟုတ် သူတို့ဂရုမစိုက်ကြ။ မြက်ဖိနပ်စီးထားသည့်ကောင်လေးကို ချန်မျိုးနွယ်၏ ဘိုးဘေးကောင်းချီးသစ်ရွက် လုံးဝပေးလိုဟန်မရှိ။
ချီကျင်ချွန်း ပြန်လှည့်လာပြီး ချန်ပင်အန်းခေါင်းကိုပုတ်လျက် စနောက်လိုက်သည်။
“ခုနကမင်းပြောလိုက်တဲ့ ကတိစကားမျိုး ဆုန်ကျိရှင်းတို့၊ ကျောက်ယော်တို့ ကုစန်းတို့သာ ပြောခဲ့ရင် မိုးမြေကတောင် တုံ့ပြန်လာလောက်တယ်ကွ”
ချန်ပင်အန်းက ပြုံးလျက်
“ဒါက ကျွန်တော်ထိန်းချုပ်နိုင်တာမျိုးမှ မဟုတ်တာ။ ကျွန်တော့်အနေနဲ့ အကောင်းဆုံးကြိုးစားရုံပဲရှိတာပါ”
“စိတ်ရင်းနဲ့ပြောတာလား”
ချီကျင်ချွမ်းက ထပ်မေးပြန်သည်။
ချန်ပင်အန်း ပြုံး၍ဖြေလိုက်သည်။
“ဟုတ်ပါတယ်”

Comment

Leave a Reply

Options

not work with dark mode
Reset