အသိပြန်ဝင်လာပြီးနောက် ပတ်ဝန်းကျင်ကို ချက်ချင်း ဂရုတစိုက် အကဲခတ်လိုက်သည်။ ဘေးပတ်လည်အိမ်ခေါင်မိုးများပင်မကျန်အောင် စစ်ဆေးသည်။ အနီးအနားတွင် နောက်ထပ်အန္တရာယ်ဖြစ်နိုင်စရာ မရှိမှန်းသေချာတော့မှ ပင့်သက်တစ်ချက်ရှိုက် အမြန်ရှိုက်မိသည်။ သူ ရှေ့လည်းမတိုး၊ နောက်လည်းဆုတ်မသွားပေ။
လက်က အလိုလို ခါးမှကျောက်စိမ်းပြားဆီ လက်ရောက်သွားပြန်သည်။ လေကိုသာဖမ်းဆုပ်မိသည်။ တာအိုမန္တာန်တစ်ပိုင်းတစ်စ အမြန်ရွတ်ဆိုလိုက်သည်။ မှော်စွမ်းအားရှိသည့် မန္တာန်မျိုးမဟုတ်။ စိတ်တည်ငြိမ်စေသည့် မန္တာန်သာဖြစ်သည်။ ကန်ရေပြင်တွင် မျောပါနေသည့်လှေငယ်လေးကဲ့သို့ စိတ်မတည်မငြိမ်ဖြစ်နေချိန်မျိုးတွင် ထိုမန္တာန်က ကျောက်ဆူးချပေးနိုင်သည်။
နံရံကိုကျောပေးလျက် ဘေးသို့လှည့်လိုက်သည်။ ထို့နောက် လမ်းနှစ်ခုဆုံရာဆီ စလျှောက်သွားသည်။ တစ်ကိုယ်လုံးမှကြွက်သားများကို အားအပြည့်ထည့်ထားသည်။ ကာကွယ်ရန်အသင့်ဖြစ်နေသည်။ နည်းနည်းမှ မပေါ့ဆရဲပေ။
လမ်းကြားထဲသို့ စိုက်ကြည့်လိုက်သည်။ ချန်ပင်အန်းက သွေးအိုင်ထဲလဲနေသည့် ချိုင်ကျင်ကျန်းဘေးတွင်ရပ်နေသည်။ ချိုင်ကျင်ကျန်းခန္ဓာကိုယ် ရှေ့သို့အနည်းငယ်ကွေးညွှတ်နေပြီး ဒေါသထွက်နေသည့်ပုံမျိုးရှိသည်။ ဖူနန်ဟွားကို ပြူးကျယ်သည့်မျက်လုံးအစုံဖြင့် စိုက်ကြည့်နေသည်။
သူနှင့်ချိုင်ပင်အန်း မျက်လုံးချင်းဆိုင်ကြည့်နေကြသည်။ ဖူနန်ဟွားဟာ ချန်ပင်အန်း အဘယ်ကြောင့် ထိုသို့လုပ်ခဲ့မှန်းသိချင်နေသည်။ ချန်ပင်အန်းမှာ အသက်ရှင်သန်နိုင်အောင် ကြိုးစာနေခြင်းသာဖြစ်သည်။ ချိုင်ကျင်ကျန်းသာလျှင် သူ့ပစ်မှတ်ဖြစ်သည်။ သို့သ်ေ ဖူနန်ဟွားလည်း ဤနေရာတွင် ရှိနေသည်ဖြစ်၍ ချန်ပင်အန်းက ကိုယ့်ကိုယ်ကိုကာကွယ်ရန် အသင့်ပြင်ထားသည်။
“မင်းသူ့ကို သတ်လိုက်တယ်ပေါ့”
ဖူနန်ဟွား မေးလိုက်သည်။ မေးစရာတော့ မလိုလှ။ အဖြေကရှင်းနေပြီးသားဖြစ်သည်။
ချန်ပင်အန်းငြိမ်နေသည်။ လက်ထဲတွင် သူ့လက်နက်ကို ဆုပ်ကိုင်ထားသည်။ သူ့လက်ဝါးထက် အနည်းငယ်သေးငယ်သည့် ကြွေအိုးကွဲချွန်တစ်ခုဖြစ်သည်။ ကြွေကွဲချွန်ထိပ်မှာ အလွန်တရာ ထက်မြက်လှသည်။ သူ့လက်တွင် သွေးချင်းချင်းနီနေသည်။ ချိုင်ကျင်ကျန်းကိုယ်မှသွေးလား ကြွေကွဲရှ၍ လက်မှထွက်လာသည့်သွေးလားတော့ မသိ။
အနီးနားတွင် တစ်ခြားမည်သူမှမရှိမှန်းသေချာသွားပြီးနောက် ဖူနန်ဟွားစိတ်ထဲ နည်းနည်းထူးဆန်းသကဲ့သို့ ခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာင် စိတ်လက်ပေါ့ပါသွားသည်။ နောက်ဆုံးတွင် သူ့မျက်လုံးများက ချိုင်ကျင်ကျန်းထံ ရောက်သွားသည်။ ထိုအခြေအနမျိုးမှာပင် ချိုင်ကျင်ကျန်း၏ ပင်ကိုယ်အလှကပေါ်လွင်နေသေးသည်။ မို့မောက်နေသည့်ရင်အစုံက နိမ့်တုံမြင့်တုံဖြင့် အနည်းငယ် လှိုက်ဖိုလှုပ်ရှားနေသည်။ သူ့လည်ပင်းနှင့်ပါးစပ်မှ သွေးများ အဆက်မပြတ်ထွက်ကျနေသည်။
သူ့အသက် အဆုံးသတ်တော့မည်ဖြစ်သည်။ သို့သော် နှစ်ချီကျင့်ကြံထားသည့် ခန္ဓာကိုယ်အစွမ်းကြောင့် တော်ရုံဖြင့်မသေသေး။ သာမန်လူများထက်ပို၍ ရှည်ကြာသည့်ဝေဒနာခံစားကာ သေဆုံးရမည်ဖြစ်သည်။
ဖူနန်ဟွားမျက်နှာတွင် အပြုံးသဲ့သဲ့ပေါ်နေသည်။ သို့သော် မျက်လုံးများက အေးစက်တင်းမာနေသည်။
“မင်းဘာလို့သူကိုသတ်လိုက်တာလဲ။ မင်းနဲ့သူ သွေးကြွေးရယ်လို့လည်း မရှိပါဘူး။ ကြွေပန်းအိုးလမ်းမှာ သူစနောက်လိုက်တာကို မင်းမကျေမနပ်ဖြစ်နေတာလား။ ဒီမြို့က ဘယ်လိုလုပ် ဒီလောက် ဥပဒေမဲ့နေတာလဲကွာ။ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးချင်း ပေးဆပ်ရမယ်ဆိုတဲ့စကား မင်းမကြားဖူးဘူးလား။ အခု မင်းအသက်နဲ့ ပြန်ပေးဆပ်ရတော့မှာ။ ဒါဟာ မင်းဘယ်ကိုရောက်ရောက် အခိုင်အမာရှိနေမယ့် စည်းမျဉ်းပဲ”
ချန်ပင်အန်း ဆွံ့အသူတစ်ယောက်ကဲ့သို့ အသံတိတ်နေသည်။ ဖူနန်ဟွားက တည်ငြိမ်အေးဆေးသည့်အသွင်ဖြင့် သူ့ဆီ လျှောက်သွားသည်။ ချန်ပင်အန်းမည်သို့တွေးနေမည်ကို ဂရုမစိုက်။
ချိုင်ကျင်ကျင်းကို မကယ်နိုင်တော့မှန်း သူသိသည်။ မသေမျိုးစွမ်းအင်များ ပေါများသည့် တိမ်အာရုဏ်တောင်တန်းလည်းမကယ်နိုင်ပေ။ ဤမြို့သည် ကျင့်ကြံမှုစွမ်းအင်များအားလုံးကို ထိန်းချုပ်ထားသည့် အကျဉ်းထောင်တစ်ခုဖြစ်သည်။ စွမ်းအားမြင့်ကြယ်တာယာနတ်ဘုရား သို့မဟုတ် ရွှေအရဟတ္တကိုယ်တော်တစ်ပါးမှသာ ကျင့်ကြံမှုစွမ်းအားအတော်များများစတေး၍ ချိုင်ကျင်ကျန်းဝိညာဉ်ကို ထိန်းသိမ်းပြီး သေရာမှပြန်ရှင်လာအောင် လုပ်နိုင်တော့မည်ဖြစ်သည်။
သို့သော် ချိုင်ကျင်ကျန်း ထိုမျှလောက်ကံမကောင်းနိုင်ပေ။ ဤမြို့ထဲမှ သူတော်စင်သည် အရေးကြီးတာဝန်ကို ထမ်းဆောင်နေရသူဖြစ်သည်။ မြို့ကို အုပ်ချုပ်နေသည့် နတ်မင်းတစ်ပါးလိုပင်ဖြစ်သည်။ သဘာဝဖြစ်စဉ်ကိုလွန်ဆန်ပြီး လူတစ်ယောက်အသက်ကို ကယ်တင်လိမ့်မည်မဟုတ်။
ကျင့်ကြံမှုလမ်းတွင် ထူးခြားသည့်ပါရမီရှင်များ မမျှော်လင့်သည့်အခြေအနေမျိုးကြုံ၍ ပျက်စီးသွားတတ်ကြသည်။ မကြာခဏဖြစ်လေ့ရှိသည်မဟုတ်သော်လည်း ကြုံတောင့်ကြုံခဲဖြစ်ရပ်မျိုးလည်း မဟုတ်ပေ။
မသေမျိုးဆိုသည့်အဖြစ်ကို မည်သည့်အန္တရာယ်မှမရှိပဲ ဖြေးဖြေးမှန်မှန် ကျင့်ကြံရုံဖြင့် ရနိုင်သည်ဆိုလျှင် မသေမျိုးဘဝပန်းတိုင်ဟူသည် လွယ်လွန်းနေလိမ့်မည်။ လေးနက်သည့်အဓိပ္ပါယ်မျိုး ရှိမည်မဟုတ်တော့။
ထို့ကြောင့် မြို့ထဲသို့ဝင်မလာမီကတည်းက ဖူနန်ဟွား အဆိုးဆုံးအခြေအနေအတွက် ပြင်ဆင်ထားခဲ့သည်။ လိုအပ်လျှင် အသက်စွန့်တိုက်ခိုက်ရန် ကြံရွယ်ထားသည်။ သို့သော် မြို့စောင့်သူတော်စင်ရှေ့မှောက်တွင် သူ့ယာယီမဟာမိတ်က ဤသို့ရုတ်တရက် အဖြစ်ဆိုးကြုံရလိမ့်မည်ဟု သူထင်မထားခဲ့။ ထိုအဖြစ်မျိုးကို သူပထမဆုံး ကြုံဖူးခြင်းဖြစ်သည်။ မည်သည်စွမ်းအားကြီးမသေမျိုးရတနာမှ သုံးခဲ့သည်မဟုတ်။ မည်သည့်ကျင့်ကြံမှုစွမ်းအားမှလည်း အသုံးချခဲ့သည်မဟုတ်။
မျက်တောင်တစ်ခတ်ထက် ပိုမကြာလိုက်။ ချိုင်ကျင်ကျန်းသည် အဆင့်အနိမ့်ဆုံး ဆင်းရဲသားလက်ချက်ဖြင့် သေသွားရသည်။ ဖူနန်ဟွား အံ့ဩမိသည်။ သူ့မျက်စိရှေ့မှ အမှန်တရားကိုလက်ခံနိုင်ရန် အတော်ကြိုးစားနေရသည်။ မြို့ပြင်၌သာဆိုလျှင် ချန်ပင်အန်းလို အဆင့်နိမ့်လူတစ်ယောက်အနေဖြင့် ချိုင်ကျင်ကျန်းကို တစ်ကြိမ်လောက်မြင်ခွင့်ရလျှင်ပင် မဟာအခွင့်ထူးကြီးဟု ပြောရမည်ဖြစ်သည်။
ဖူနန်ဟွားက ခပ်တင်းတင်းမျက်နှာဖြင့် ပြောလိုက်သည်။
“မိုးနတ်မယ်ချိုင်ကို ငါမကယ်နိုင်တော့ဘူး။ သူ့အတွက်လက်စားချေဖို့ မင်းကိုငါ သတ်လို့လည်းမရဘူး။ ဒါပေမယ့် ငါ့မျက်စိရှေ့မှာ ငါ့မဟာမိတ်ကို သတ်လိုက်တဲ့ကိစ္စ ငါဘာမှမလုပ်ဘဲ ရပ်ကြည့်နေတဲ့သတင်းသာ ပြန့်သွားရင် ငါတို့နဂါးမြို့တော်ရဲ့ ဂုဏ်သိက္ခာ မြောင်းထဲရောက်သွားလိမ့်မယ်။ ဒီတော့ ဘာပဲဖြစ်ဖြစ် မင်းကိုငါ သင်ခန်းစာတစ်ခုခုတော့ ပေးရမယ်။ မိုးနတ်မယ်ရဲ့အဖြစ်ဆိုးနဲ့ပတ်သက်ပြီး တိမ်အာရုဏ်တောင်တန်းက ဘယ်လိုတုံ့ပြန်မလဲဆိုတာကတော့ ငါ့အလုပ်မဟုတ်ပါဘူး”
ထိုသို့ ရှည်ရှည်ဝေးဝေး ရှင်းပြနေခြင်းမှာ မြို့စောင့်သူတော်စင်များ ကြားစေရန် သူရည်ရွယ်ခြင်းဖြစ်သည်။ အကျိုးအကြောင်း ခိုင်မာအောင်ပြော၍ ချန်ပင်အန်းအားအပြစ်ပေးခြင်းသည် တရားမျှတကြောင်း သူတော်စင်များအား ကြိုတင်အသိပေးခြင်းဖြစ်သည်။ နောင်တစ်ချိန် အကျိုးကျေးဇူးတစ်ခု ရရန်လည်း ရည်ရွယ်သည်။ တိမ်အာရုဏ်တောင်တန်းအကြီးအကဲများလည်း ယခုသူပြောလိုက်သည့်စကားကို ကြားသိလာကြမည်။ ချိုင်ကျင်ကျန်းအတွက် သူတတ်နိုင်သမျှ အရာအားလုံး လုပ်ပေးခဲ့သည်ဆိုသည့် သဘောမျိုး သူဖြစ်စေချင်သည်။
ထိုသို့မလုပ်လျှင် ချိုင်ကျင်ကျန်းကို သူကိုယ်တိုင်သတ်ရန် ရည်ရွယ်ထားပြီး ချန်ပင်အန်းကာ သတ်ပေးသွားသဖြင့် ကျေးဇူးတင်နေသည့်သဘောက ပေါ်လွင်နေပေလိမ့်မည်။ ချန်ပင်အန်း၏ သွေးရူးသွေးတန်းလုပ်ရပ်ကြောင့် သူအလုပ်ရှုပ်သက်သာသွားသည်။ သူ့မျက်နှာက တင်းမာနေသော်လည်း စိတ်ထဲတွင် ကျိတ်ပျော်နေသည်။
သူချန်ပင်အန်းထံ ဆက်လျှောက်သွားရင်းမှ
“ခုနက မင်းလှုပ်ရှားပုံကို ကြည့်ရတာ အရွယ်ရောက်ပြီးသားသာမန်လူတွေထက်တောင် ပိုသာနေတဲ့ပုံပဲ။ မင်းအရွယ်ကောင်လေးမျိုးအနေနဲ့ကြည့်ရင် တကယ်ရှားပါးတဲ့ပါရမီပဲ။ အခုလိုသာမလုပ်ခဲ့ရင် စစ်တပ်တစ်ခုကို မင်းဝင်ခွင့်ရလောက်တယ်။
မင်းရဲ့သတ္တိ စိတ်ဓာတ်ပြင်းပြပုံမျိုးနဲ့ ကံလည်းနည်းနည်းကောင်းမယ်ဆိုရင် စွမ်းအားမြင့်စစ်သည်တော်တစ်ယောက် ဒါမှမဟုတ် အဆင့်မြင့်စစ်ဗိုလ်ချုပ်တစ်ယောက်က မင်းကိုသဘောကျသွားပြီး ခန္ဓာကိုယ်သန်မာအောင်ကျင့်ကြံတဲ့ပညာမျိုး မင်းကိုချီးမြှင့်နိုင်တယ်။ ဒီလိုအခွင့်အရေးမျိုးရလာတာနဲ့ မင်းဘဝဟာ ဆယ်စုနှစ် နှစ်ခုသုံးခုအတွင်းမှာ လုံးဝပြောင်းလဲသွားမှာပဲ”
ဖူနန်ဟွားက ရှေ့သို့တိုးလာသည်။ ချန်ပင်အန်းက သူ့ကိုစိုက်ကြည့်နေရင်း နောက်ပြန်ဆုတ်သွားသည်။
လမ်းပေါ်လျှောက်လာနေသည့် အရပ်မြင့်မြင့် ခံ့ခံ့ညားညး ဖူနန်ဟွားဟန်ပန်က ဩဇာရိပ်အပြည့်လွှမ်းနေသည်။
ဖူနန်ဟွားက လက်ဝါးကို အပြားလိုက်ထားကာ သူ့ခါးအမြင့်နှင့်တန်းတူ ဆန့်ထုတ်လိုက်သည်။ ထို့နောက် ပြုံးစေ့စေ့မျက်နှာဖြင့်
“မင်းကံမကောင်းတာ ဆိုးတာပဲ။ အဲလိုမဟုတ်ဘဲ ခုနက ငါပြောတဲ့လမ်းကြောင်းပေါ်သာ ရောက်သွားရင် မင်းအဆင့်က ဒီလောက်တော့ မြင့်လာမှာ။ အင်း အခုတော့လည်း ဒီလိုဖြစ်နိုင်စရာမရှိတော့ပါဘူးလေ”
ဖူနန်ဟွား သူ့ဟာသနှင့်သူ ကျေနပ်နေသည်။ အပြုံးများ ပိုဝေဆာလာသည်။ နောက်ထပ်ခြေတစ်လှမ်း ထပ်လှမ်းချိန်တွင် သူ့ခြေထောက်က မြေပြင်အထက် တစ်ပေအကွာတွင် ရုတ်တရက်ရပ်သွားသည်။ ထို့နောက် သူဆက်ပြောလိုက်သည်။
“ဆောရီးပါ မင်းရောက်မဲ့အမြင့်က ဒီလောက်ပဲဖြစ်မှာ”
ဖူနန်ဟွား မပျော်ဘဲ အနေနိုင်ပါ။ မြို့ထဲသို့ရောက်ပြီးနောက် ဆုန်ကျိရှင်းနှင့် အပေးအယူလုပ်ကာ မူလမျှော်မှန်းထားသည်ထက် ပိုကောင်းမွန်သည့်ပစ္စည်းများ ရခဲ့သည်။
ထို့နောက် သူ့တာအိုကျင့်စဉ်လမ်းတွင် အနှောက်အယှက်ဖြစ်လာနိုင်သည့် ချိုင်ကျင်ကျန်းလည်း သူ့မျက်စိရှေ့တွင် အသတ်ခံလိုက်ရသည်။ သူ့လက်များ သွေးမစွန်းတော့။ ထို့အပြင် ချိုင်ကျင်ကျန်းပိုင်သည့် ရွှေသန္ဓေကြေးပြားနှစ်အိတ်ကိုလည်း အချောင်ရဦးမည်။ တိမ်အာရုဏ်တောင်တန်းမှ လျှို့ဝှက်ရတနာတစ်ခုနှစ်ခုလောက်ပင် အလောင်းပေါ်မှ ရနိုင်သေးသည်။
ထိုရတနာများသည် တိမ်အာရုဏ်တောင်တန်း၏ အကောင်းဆုံးပစ္စည်းများ မဟုတ်လျှင်ပင် သိပ်တော့ညံ့လှမည်မဟုတ်။ ချိုင်ကျင်ကျန်း ဤမြို့သို့ မှော်ရတနာတစ်ခုခုမပါဘဲ လာမည်မဟုတ်ဟု သူယုံကြည်သည်။ ဥပမာအားဖြင့် သူကိုယ်တိုင်ပင် အလွန်အစွန်းထက်သည့် ရတနာနှစ်ခုပါလာသည်။ အနီရောင်ငါးရုပ်လေးဖြစ်သည့် မိုးခေါ်ကျောက်စိမ်းပြားအပြင် နဂါးမြို့တော်၏ တန်ဖိုးအကြီးဆုံးရတနာများလည်း သူပိုင်ဆိုင်ထားသည်။
နာမည်ဆိုးဖြင့်ကျော်ကြားသည့် လျှို့ဝှက် ကျင့်ကြံသူများ ပြောနေကျစကားတစ်ခုရျိသည်။ အလောင်းမြှုပ်လျှင် ဆုလာဘ်ရဖို့သေချာသည်ဟူ၏။
ချိုင်ကျင်ကျန်းအလောင်းဘေးမှ ဖြတ်သွားချိန်တွင် သူတစ်ချက်မှ စောင်းငဲ့မကြည့်ပေ။
လေထဲတွင် လွင့်ပျံလာသည့် သွေးစိမ်းနံ့ကိုလည်း သူမကြောက်။ မကြောက်သည့်အပြင် ပျော်ရွှင်စိတ်လှုပ်ရှားမှုကိုပင် ခံစားနေရသေးသည်။
သူတိုးကပ်သွားသည်နှင့် ချန်ပင်အန်းက နောက်ဆုတ်သွားသည်။ နှစ်ယောက်ကြားဆယ်မီတာကျော်အကွာအဝေး ရှိသည်။
ချန်ပင်အန်းကို ဤလမ်းကြားထဲမှ အလွတ်ခံ၍မဖြစ်။ လွတ်သွားလျှင် သူ့အနေဖြင့် ချန်ပင်အန်းကို နောက်တစ်ကြိမ် ဖမ်းမိနိုင်မည်မဟုတ်တော့။ ချန်ပင်အန်းသည် ဤနေရာတွင် မွေးဖွားကြီးပြင်းလာသူဖြစ်၍ ဤမြို့ပတ်ဝန်းကျင်ကို ကျွမ်းကျင်နေသည်။
ထို့အပြင် ချိုင်ကျင်ကျန်း၏ သက်မဲ့ခန္ဓာကိုယ်ကလည်း သူ့အတွက် ဥပမာကောင်းတစ်ခုဖြစ်သည်။ ချန်ပင်အန်း၏ လုပ်နိုင်စွမ်းကို လျှော့တွက်၍မရ။ ချန်ပင်အန်း လွတ်မြောက်ပြီး အသက်ရှင်ခွင့်သွားလျှင် သူသည်လည်း ချိုင်ကျင်ကျန်းလို အဆုံးသတ်သွားနိုင်သည်။
ဖူနန်ဟွားလမ်းလျှောက်ပုံမှာ သားကောင်ကိုအမဲလိုက်နေသည့် မုဆိုးလိုဖြစ်နေသည်။ သို့တော် အမှန်တကယ်တော့ သူ့ခန္ဓာကိုယ်စည်းချက်ကို ထိန်းညှိနေခြင်းသာဖြစ်သည်။ အသက်ကိုးနှစ်အရွယ် ကျင့်စဉ်လမ်းသို့ဝင်ပြီးကတည်းက ခန္ဓာကိုယ်အားသက်သက်ဖြင့် တိုက်ခိုက်ရခြင်းမျိုး သူမကြုံဖူးခဲ့။
ယခုလည်း ချန်ပင်အန်းကို အသေတိုက်ခိုက်မည်တော့ မဟုတ်။ ထိုသို့လုပ်လျှင် ရူးမိုက်ရာကျသည်။ ဆုန်ကျိရှင်းထံမှ ပစ္စည်းကောင်းတစ်ခု ရထားပြီးဖြစ်သည်။ ချိုင်ကျင်ကျန်းထံမှလည်း နောက်ထပ်အကျိုးအမြတ် ရဦးမည်။ သို့သော် ချန်ပင်အန်းစိတ်သည် ခန့်မှန်း၍မရ။ သူ့အစီအစဉ်များအတွက် အနှောက်အယှက်ဖြစ်မလာစေရန် ချန်ပင်အန်းကို ခဏတာနှိပ်ကွပ်ထားမှ ဖြစ်ပေလိမ့်မည်။
ထိုသို့တွေးနေရင်းမှ သူရုတ်တရက်ပြုံး၍ မေးလိုက်သည်။
“မင်းပြောတာ မင်းနာမည်က ဘာတဲ့ရယ်”
ချန်ပင်အန်းလက်မှ သွေးများအဆက်မပြတ်ထွက်နေသော်လည်း မျက်နှာက တောရိုင်းမြက်များကဲ့သို အရိုင်းဆန်နေဆဲဖြစ်သည်။ ဖူနန်ဟွားအမေးနှင့်မသက်ဆိုင်သည့် စကားမျိုး ပြန်ပြောလိုက်သည်။
“ကျုပ်ကိုလှည့်စားဖို့မကြံနဲ့။ ကျုပ်မျက်လုံးတွေ ကောင်းသေးတယ်။ ခင်ဗျားကျုပ်ကို ကြည့်တဲ့အကြည့်တွေက ကြွေပန်းအိုးလမ်းမှာ ဟိုမိန်းကလေးကျုပ်ကိုကြည့်တဲ့အကြည့်နဲ့ တစ်ပုံစံတည်းပဲ”
ဖူနန်ဟွား နည်းနည်းအံ့အားသင့်သွားသည်။ ချန်ပင်အန်းကို အထင်ကြီးသည့်စိတ်များ ပေါ်လာသည်။ ရယ်ကျဲကျဲမျက်နှာဖြင့်
“စိတ်ဝင်စားစရာပဲ”
ဖူနန်ဟွားပြောဆိုပုံနှင့် အမူအရာက အေးဆေးတည်ငြိမ်နေသယောင်ရှိသည်။ သို့သော် သူ့မျက်လုံးက သွေးထွက်နေသည့် ချန်ပင်အန်းလက်ကို သတိမပြတ်ကြည့်နေသည်။
သွေးထွက်နေဆဲဖြစ်၍ ကြွေကွဲချွန် ဆုပ်ကိုင်ထားသည့်လက်အားကို ချန်ပင်အန်း နည်းနည်းမှမလျှော့သေးကြောင်း သိသာနေပေသည်။ သာမန်လူဆိုလျှင် နာကျင်သည့်ဝေဒနာကို မခံစားနိုင်သဖြင့် လွှတ်ချလိုက်ပြီးဖြစ်ပေလိမ့်မည်။
အစောပိုင်းက ချန်ပင်အန်းဘဝကံဆိုးပုံကို လှောင်ပြောင်နေခဲ့သည်။ သို့သော်ယခု ကံဇာတာသာပိုကောင်းခဲ့လျှင် ချန်ပင်အန်းသည် တောက်ပသည့်အနာဂါမျိုးရှိကြောင်း သူရိပ်စားမိလာသည်။
လှုပ်ရှားချိန်တန်ပြီဟု ဖူနန်ဟွာယူဆလိုက်သဖြင့် သူသိလိုသည့် နောက်ဆုံးမေးခွန်းတစ်ခု မေးလိုက်သည်။
“မင်းသူ့ကို ဒီလောက်တောင် အညှိုးတကြီးသတ်ခဲ့တယ်ဆိုတော့ အစောပိုင်းက သူမင်းကို ဘာလုပ်ခဲ့တယ်ဆိုတာ တစ်ယောက်ယောက်က ပြောပြလိုက်လို့မဟုတ်လား။ ပြောတဲ့သူ ဘယ်သူလဲဆိုတာ ငါမသိချင်ပါဘူး။ ငါသိချင်တာက ဒီမြို့မှာ တစ်သက်လုံးကြီးပြင်းလာတဲ့ မင်းလိုကောင်လေးတစ်ယောက် လူသတ်ပြီးရင် ဖြစ်လာတဲ့ တုန်လှုပ်စိတ်ကို ဒီလောက်မြန်မြန် ကျော်လွှားပြီး ဘာလို့တည်တည်ငြိမ်ငြိမ်နဲ့ နေနိုင်သလဲဆိုတာပါပဲ။
“ငါမေးတာကို သဘောပေါက်ရဲ့လား။ ငါပထမဆုံးလူသတ်တုန်းက သွေးကြွနေတဲ့စိတ်တွေ ပျောက်သွားပြီးချိန်မှာ ငါ့စိတ်ထဲ တုန်လှုပ်လာတယ်။ စိတ်ငြိမ်မန္တာန်တွေ အတော်ကြာအောင်ရွတ်ခဲ့ရတယ်။ အဲဒါပြီးမှ နည်းနည်း တည်ငြိမ်သွားတာ။ ဒါပေမယ့် မင်းကအခု ထမင်းစားရေသောက်ကိစ္စလို သဘောထားနိုင်တယ်။ ဒါဟာ သိပ်အဓိပ္ပါယ်မရှိ–“
ထိုစဉ် တစ်ချိန်လုံး အသက်မဲ့သလိုဖြစ်နေသည့် ချန်ပင်အန်းမျက်နှာ ရုတ်တရက်ပြောင်းသွားသည်။ ထိတ်လန့်အံ့ဩသည့်အရိပ်များ ပေါ်လာပြီး ဖူနန်ဟွားကို ကျော်၍ ကြည့်လိုက်သည်။ ချိုင်ကျင်ကျန်း သေရာမှပြန်ရှင်လာသည်ကို မြင်လိုက်ရသည့်ပုံမျိုးဖြစ်သည်။
သတိအမြဲရှိနေသည့် ဖူနန်ဟွား နောက်သို့အလိုလိုလှည့်ကြည့်မိလိုက်သည်။ သို့သော် သူလှည့်စားခံလိုက်ရမှန်း နားလည်သွားလေသည်။
သူပြန်လှည့်လာချိန်တွင် ချန်ပင်အန်းမှာ မူလနေရာတွင်မရှိတော့။
ဖြစ်ပုံမှာ ထိတ်လန့်အံ့ဩသည့်မျက်နှာမျိုး ဟန်လုပ်ပြီးသည်နှင့်တစ်ပြိုင်နက် ချန်ပင်အန်းက ဖူနန်ဟွားထံ ချက်ချင်းပြေးဝင်သွားသည်။ သုံးလှမ်းမျှ အရှိန်ယူပြီးနောက် ဘယ်ခြေကိုအားပြုကာ လေထဲသို့ ခုန်တက်လိုက်သည်။ ထို့နောက် လမ်းဘေးစည်းရိုးနံရံကို ညာခြေဖြင့် ထောက်လိုက်သည်။ ထို့နောက် ဦးတည်ရာအားအရှိန်ကို အမြန်ပြောင်းကာ ဘယ်လက်ကို မြှောက်လျက် ဖူနန်ဟွားကိုယ်ပေါ်သို့ ခုန်အုပ်လိုက်သည်။
သူ့ပုံစံမှာ မြွေကိုထိုးသုတ်နေသည့် လင်းယုန်တစ်ကောင်နှင့် တူနေသည်။
အခန်း (၂၁)
မြွေကိုထိုးသုတ်သည့် လင်းယုန်ငှက်
? Views, on December 11, 2023