Switch Mode

အခန်း (၂၀)

အရှုပ်အထွေး

ချိုင်ကျင်ကျန်း စိတ်ဓာတ်ကျနေကြေင်းသိ၍ ဖူနန်ဟွားက လမ်းလျှောက်ခေါ်သွားသည်။ မြို့ထဲသို့ရောက်ပြီးနောက်ပိုင်း စိတ်လက်ပေါ့ပါးစွာ နှစ်ယောက်သား ဘေးချင်းယှဉ်၍လျှောက်ဖူးခြင်းဖြစ်သည်။ အရှေ့ပိုင်းရတနာတိုက်နယ် တောင်ဘက်ဒေသမှ သူတို့ကြားဖူးသည့် စိတ်ဝင်စးစရာဇာတ်လမ်းများအကြောင်း ပြောဆိုနေကြသည်။ ချိုင်ကျင်ကျန်းမှာ အပျော်ရုပ်ကို ဟန်လုပ်နေရဆဲဖြစ်သည်။ သို့သော် ကြွေပန်းအိုးလမ်းတွင် ရှိခဲ့စဉ်ကထက် ပို၍နေသာထိုင်သာရှိလာသည်။
ဖူနန်ဟွားအပေါ် အထင်ကြီးလေးစားစိတ်များလည်း တဖြေးဖြေးတိုးပွားလာသည်။ နဂါးမြို့တော်သည် ပါရမီရှင် စွမ်းအားကြီးကျင့်ကြံသူများ မွေးထုတ်ပေးသည့်နေရာအဖြစ် ရှည်လျားတောက်ပသည့် သမိုင်းကြောင်းရှိသည်။ တိုက်နယ်ထဲမှ ထိပ်တန်းဂိုဏ်းများကို မမီသေးသော်လည်း ဒုတိယတန်းစားဂိုဏ်းများတွင် အောက်ဆုံးအဆင့်နားသို့ရောက်နေသည့် တိမ်အာရုဏ်ဂိုဏ်းထက်တော့ များစွာသာလွန်သည်။
သို့သော်လည်း တိမ်အာရုဏ်ဂိုဏ်းသည် လူအများလေးစားခံရသည့် သက်တမ်းရင့်ဂိုဏ်းတစ်ဂိုဏ်းဖြစ်သည်။ ထို့ကြောင့်လည်း တိမ်အာရုဏ်ဂိုဏ်းသားများသည် ဝေးလံခေါင်သီသည့် တောင်ပိုင်းအစွန်မှ နဂါးမြို့တော်မှလူများထက် သာလွန်သည်ဟူသည့် စိတ်ထားမျိုးရှိကြသည်။ တိမ်အာရုဏ်ဂိုဏ်းသားများက နဂါးမြို့တော်မှလူများကို မမြင်ကွယ်ရာတွင် တောင်ပိုင်းအရိုင်းအစိုင်းများဟု ခေါ်လေ့ရှိကြသည်။
ချိုင်ကျင်ကျန်း စိတ်အားလျော့ဟန်ဖြင့် သက်ပြင်းချလိုက်သည်။
“အကိုဖူ၊ တိမ်မူလကျောက်တုံးတွေဟာ တိမ်အာရုဏ်ဂိုဏ်းရဲ့ အသက်သွေးကြောပါ။ ဒါပေမယ့် ကျွန်မတို့သဘောတူထားပြီးသားဆိုတော့ ကျွန်မကတိမဖျက်ပါဘူး။ ကျွန်မပိုင်ဆိုင်သမျှအားလုံး ရောင်းချရမယ်ဆိုရင်တောင် သဘောတူထားတဲ့အတိုင်း လိုက်နာမှာပါ”
“အခုလောလောဆယ် ကုစန်းကံကြမ္မာကို ကံသေကံမ ပြောလို့မရသေးပါဘူး”
ချိုင်ကျင်ကျန်းက မျက်နှာမသာမယာဖြင့် ခေါင်းခါသည်။
“မြစ်ခွဲသခင်က နာမည်ဆိုးရှိတယ်။ သွားရှုပ်လို့ရတဲ့လူမျိုးမဟုတ်ဘူး။ ဒါကြောင့်လည်း သူ့ကိုယ်သူ ရှုကျန်းရေကန်ကလူဆိုပြီး မောက်မာရဲတာပေါ့။ သူ့ကိုသွားယှဉ်ရင် ဦးနှောက်မရှိရာကျတယ်။ သူနဲ့ရန်သူဖြစ်ရင် ကျွန်မ အကောင်းပကတိအတိုင်း ပြန်ထွက်နိုင်မှာမဟုတ်ဘူး။ သူအခု ကျွန်မကို အငြှိုးအတေးထားမှာကိုပဲ စိုးရိမ်မိတယ်။
ကျွန်မတို့မြို့ကထွက်လို့ စည်းမျဉ်းအကန့်အသတ်တွေနဲ့ စောင့်ကြည့်တဲ့သူတော်စင် မရှိတော့ရင် သူကျွန်မနောက်ကို လိုက်လာမလားဆိုတာ မသိနိုင်ဘူးလေ။ နယ်စပ်မှာတုန်းက အရိပ်အယောင်တွေကို ရှင်လည်း သတိပြုမိခဲ့မှာပါ အကိုဖူ။ ကျွန်မနဲ့အတူပါလာတဲ့ အစေအပါးတွေကလည်း သူနဲ့ရင်ဆိုင်နိုင်လောက်အောင် စွမ်းအားမရှိကြဘူး”
ဖူနန်ဟွာက ပြုံးလျက်
“အဲလောက်လည်း စိတ်မပူပါနဲ့။ တိမ်မူလကျောက်ဆုံးဆယ်ခုရတာနဲ့တင် ငါတို့နဂါးမြို့တော်က မင်းအပြန်ခရီးကို ဘေးကင်းအောင် စောင့်ရှောက်ပေးမှာပါ”
ချိုင်ကျင်ကျန်း နွေးထွေးစွာ ပြုံးပြလိုက်သည်။ သူ့မျက်လုံးတွင် ကျေးဇူးတင်သည့်အရိပ် နူးညံသည့်အရိပ်များ ပြည့်နေသည်။
ဖူနန်ဟွား သူ့ကိုယ်သူ ကျေနပ်မိသည်။ သူ့ဝသီအတိုင်း ကျောက်စိမ်းတံဆိပ်ကို လက်ဖြင့်စမ်းလိုက်မိသည်။ ထို့နောက်တွင်မှ သူ့မိုးခေါ်ကျောက်စိမ်းကို ဆုန်ကျိရှင်းထံ ပေးလိုက်ပြီဖြစ်ကြောင်း သတိရလာသည်။
ဖူနန်ဟွားကူညီမည်ဟုပြောနေသဖြင့် ချိုင်ကျင်ကျန်း အတော်စိတ်သက်သာရာရသွားသည်။ လမ်းလျှောက်နေရင်း ခန္ဓာကိုယ်ကို ညာဘက်သို့အနည်းငယ်ယိမ်းလိုက်သည်။ သူ့ပုခုံးသားက ဖူနန်ဟွားခန္ဓာကိုယ်နှင့် ပွတ်တိုက်သွားသည်။
ကြွေပန်းအိုးလမ်းသို့သွားသည့်ခရီးသည် သူ့မူလအစီအစဉ်မဟုတ်။ ဖူနန်ဟွားနှင့် အပေးအယူလုပ်ခဲ့ခြင်းသာဖြစ်သည်။ ရှောင်တခင်ဆုံးဖြတ်ချက်သာဖြစ်သည်။ သူဂရုတစိုက် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သ‌သော်လည်း အပေးအယူကိစ္စတွင် သူ့ဘက်မှ ဆုံးရှုံးခဲ့ရသည်။ ထို့ကြောင့် အဖိုးတန်တိမ်မူလကျောက်တုံးဆယ်ခု ပေးရတော့မည်ဖြစ်သည်။
ထိုကိစ္စကြောင့် သူ့ခရီးစဉ်တွင် စိတ်လေးစရာ ဝန်ထုပ်ဝန်ပိုး ဖြစ်လာသည်။ ဖူနန်ဟွားကို အလိုလိုအားကိုးနေမိသည်။ တစ်နည်းပြောရလျှင် သူ့စိတ်က အလောင်းအစားဆန်သည်။ တိမ်မူလကျောက်တုံး ဆယ်ခုမဟုတ်။ ကျောက်တုံးငါးဆယ်လည်း သူပေးမည်သာဖြစ်သည်။ သူအနိုင်ရလျှင် ကျောက်တုံးတန်ကြေးမက အကျိုးအမြတ်ရမည်ဖြစ်သည်။ သူရှုံးသွားလျှင်မူ….။ သူရှုံးမည်ဟု မထင်သေး။
သူမရှုံးနိုင်ဟု အခိုင်အမာယုံကြည်သည်။ သူသည် တိမ်အာရုဏ်တောင်တန်းတွင် အကောင်းဆုံးပါရမီရှင်ဖြစ်သည်။ သူ့ကျင့်ကြံမှုခရီး အရာရာချောမွေ့ခဲ့သည်။ အလျင်အမြန်တိုးတက်ခဲ့သည်။ သူ့လိုလူတစ်ယောက်က မထင်မရှားနေရာမျိုးတွင် မကျရှုံးနိုင်ဟု အပြည့်အဝယုံကြည်သည်။
ချိုင်ကျင်ကျန်း အကောင်းဘက်မှ လှည့်တွေးနေသည်။
ဖူနန်ဟွားကလည်း လိုချင်သမျှအားလုံးရမည်ဟု ယုံကြည်မှုအပြည့်ရှိခဲ့သည်။ ယခု သူ့ရည်ရွယ်ချက် ပြည့်ပြီးဖြစ်၍ ချိုင်ကျင်ကျန်းအလှကို ခံစားရန်စိတ်ဝင်စားလာသည်။ ချိုင်ကျင်ကျန်းသည် ပင်ကိုယ်ဆွဲဆောင်မှုရှိနေသည်။ ချိုင်ကျင်ကျန်းသာ သူ၏တာအိုကျင့်ကြံဖက်ဖြစ်လာလျှင် သူ့ကျင့်ကြံမှုနှင့်ပျော်ရွှင်မှုဘဝ သေချာပေါက် တိုးတက်ကောင်းမွန်လာပေလိမ့်မည်။
တစ်ချိန်က နာမည်ကျော်စီနီယာတစ်ယောက်က ချင်ကျင်ကျန်းနှင့်ပတ်သက်၍ “ပါရမီနှင့်အလှ တန်းတူပိုင်ဆိုင်သူ” ဟူ ရည်ညွှန်းခဲ့ဖူးသည်။ စံပြတာအိုလက်တွဲဖေါ်မျိုးဖြစ်သည်။ တိမ်အာရုဏ်ဂိုဏ်း အကြီးအကဲများက ဘဝရပ်တည်ရန်အတွက် တိမ်အာရုဏ်တောင်တန်းကိုသာ အမှီပြုကြရသည်။ ထို့အပြင် သူတို့အားလုံး ဈေးတွက်တွက်တတ်ကြသည်။
နှစ်ပေါင်းများစွာအတွင်း ချိုင်ကျင်ကျန်းကို ပြုစုပျိုးထောင်ရန် အားလုံးရင်းနှီးမြှုပ်နှံထားကြသည်။ အဓိကရည်ရွယ်ချက်မှာ သူ့ကို တိုက်နယ်အတွင်း၌ ဂိုဏ်းရပ်တည်မှုမြင့်မားလာရန် အသုံးချလိုသော်ကြောင့်ပင် ဖြစ်သည်။ မသေမျိုး မျိုးနွယ်နှစ်ခု အတူပေါင်းစည်းခြင်းဆိုသည်မှာ အတော်အရေးပါ၍ အလှမ်းကျယ်သည့် အဓိပ္ပါယ်များပါဝင်သည်။ တော်ဝင်မိသားစုနှစ်ခု လက်ထပ်ထိမ်းမြား၍ ပေါင်းစည်းခြင်းထက် ပို၍လေးနက်သည်။
သို့သော် ဖူနန်ဟွားသည် တိမ်အာရုဏ်တောင်တန်းကို နှစ်သက်ခြင်းမရှိ။ ဂိုဏ်းတစ်ခုလုံးက ချိုင်ကျင်ကျန်းလို မိန်းကလေးတစ်ယောက်အပေါ် အားထားနေသည့်အဖြစ်သည် လက်မခံနိုင်စရာအဖြစ်မျိုးဟု သူယူဆသည်။ သူအထင်မကြီးပေ။
“ဆုန်ကျိရှင်းဘေးအိမ်ကကောင်လေးကို အပြင်စွမ်းအားရှင်တစ်ယောက်ယောက်ကသာ ရွေးချယ်ခဲ့မယ်ဆိုရင် သူ့အတွက် အတိုင်းအတာတစ်ခုတော့ တိုးတက်လာနိုင်တာပဲ။ မင်းကဘာလို့သူ့ကို ဒုက္ခပေးခဲ့ရတာလဲ။ အပြင်ဘက်က အင်အားစုတွေက မင်းလုပ်သမျှအားလုံး ခြေရာခံနိုင်တယ်။ အဲလိုဆိုရင် တိမ်အာရုဏ်တောင်တန်းအပေါ်မှာပါ သက်ရောက်မှုရှိလာနိုင်တယ်။ ပြီးတော့ ဆုန်ကျိရှင်းနဲ့ မြစ်ခွဲသခင်ကလည်း မင်းလုပ်ရပ်ကို သတိထားမိသွားနိုင်တယ်”
ဖူနန်ဟွားက ပြောလိုက်သည်။
ချိုင်ကျင်ကျန်းက ပြုံးလျက်
“ရှင်က ဒီမြို့ကရတဲ့ ကံကြမ္မာအခွင့်အလမ်း ဆုံးရှုံးမှာကို အစိုးရိမ်လွန်နေသလိုပဲ။ ဒီမြို့က အသံတိတ်စည်းမျဉ်းကို မေ့သွားပြီလား။ ဒီမြို့မှာမွေးတဲ့ ကောင်းလေးတွေ အသက်ကိုးနှစ်အရွယ်ရောက်လို့မှ အပြင်လူတွေက လာမခေါ်ရင် အဲဒီကောင်လေးတွေဟာ ကျင့်ကြံမှုပါရမီညံ့လို့ တန်ဖိုးမရှိလို့ပဲလေ။
ပြီးတော့ သူတို့အသက်ကြီးလာလေ တန်ဖိုးကလျော့လာလေပဲ။ ဂိုဏ်းတွေအဖွဲ့အစည်းတွေကလည်း အဲလိုအကျိုးမရှိတဲ့လူတွေအပေါ်မှာ ငွေကြေးအများကြီးရင်းနှီးမယ့်အစား သူတို့ဂိုဏ်းတွေမှာရှိတဲ့ တပည့်တွေကိုပဲ ပြုစုပျိုးထောင်တော့မှာပေါ့။”
ချင်ပန်အန်းအကြောင်းပြောလိုက်သည်နှင့် ချိုင်ကျင်ကျန်း စက်ဆုတ်ရွံရှာလာသည်။
“သူ့လို အသုံးမကျတဲ့ အောက်တန်းစားက သူ့နေရာသူ သိသင့်တာပေါ့”
ဖူနန်ဟွာ ပြောလိုသည်စကားများကို ခဏအစီအစဉ်ချနေသည်။ ထို့နောက်
“မင်းပြောတာ မှန်ပါတယ်။ ဒါပေမယ့် ဒီကောင်လေးဟာ ဒီမြို့ထဲမှာပဲ ကြီးပြင်းလာတဲ့လူဆိုတာ မမေ့နဲ့လေ။ သူက မင်းဘယ်လောက်အဆင့်အတန်းမြင့်မှန်း ဘယ်လိုလုပ် နားလည်နိုင်မှာလဲ။ သူမင်းကို စော်ကားခဲ့တယ်ဆိုရင်တောင် တစ်ခါလောက်ဆုံးမရင် တော်ရောပေါ့။ ဘာလို့ နောက်တစ်ကြိမ်ထပ်လုပ်ခဲ့တာလဲ”
ချန်ပင်အန်းကို ချိုင်ကျင်ကျန်းလုပ်ခဲ့သည့် လုပ်ရပ်များက ပုံမှန်လုံးဝမဟုတ်။ သံသယဖြစ်စရာ အခြေအနေတစ်ချို့ ပါဝင်နေသည်ဟု ဖူနန်ဟွားထင်နေမိသည်။ ထို့ကြောင့်လည်း အဘယ်ကြောင့် ထိုသို့လုပ်ခဲ့သည်ကို ချိုင်ကျင်ကျန်းဖွင့်ပြောလာစေရန် ထပ်မံလမ်းခင်းပေး၍ အသေးစိတ်အချက်အလက်များကို ပြန်သုံးသပ်လိုခြင်းဖြစ်သည်။
စကားပုံတစ်ခုရှိသည်. နှံကောင်က ပိုးဖလံကို လှည့်စားနေသည်။ သို့သော် သူ့နောက်မှ စာဝါငှက်ကို သတိမပြုမိ။
ချိုင်ကျင်ကျန်းကို ပိုးဖလံဟုသာ သူမှတ်ယူထားခဲ့သည်။ သို့သော် သူ့မသိသည့် လျှို့ဝှက်ချက်တစ်ခုခု ချိုင်ကျင်ကျန်းတွင် ရှိနေမည်ကို စိုးရိမ်နေသည်။ တစ်ချိန်လုံး နောက်မှစောင့်ကြည့်နေသည့် စာဝါငှက်မျိုး ဖြစ်နေမည်ကို စိုးရိမ်သည်။ နဂါးမြို့တော်သည် အသေးအဖွဲ ကောလဟာလလျှို့ဝှက်ချက်မျိုးကို သိရှိရန်ပင် နေမီးတောင်တန်းနှင့် တိမ်အာရုဏ်တောင်တန်းတို့ထက်ပို၍ လက်တံရှည်ရှည်ဖြင့် အရင်းအနှီးများစွာသုံးကာ အရယူတတ်ကြသည်။
ထို့ကြောင့်လည်း လွန်ခဲ့သည့်နှစ်ပေါင်းသုံ‌ထောင် သမိုင်းဝင်တိုက်ပွဲကြီးပြီးကတည်းက ကံကြမ္မာအခွင့်အလမ်းဟု ခေါ်သည့်အရာများမှာ ကျင့်ကြံမှုလောကမှ ဘိုးဘေးများချန်ထားခဲ့သည့် ရတနာပစ္စည်းများနှင့် ကျင့်ကြံမှုပါရမီကို ပိုင်ဆိုင်ကြသည့် ဤမြို့ထဲမှ ကလေးများကို ရည်ညွှန်းကြောင်း ဖူနန်ဟွား သိခဲ့ရခြင်းဖြစ်သည်။ သို့သော်ယခု ဤကံကောင်းခြင်းမြို့လေးသည် ပျက်စီးတော့မည်ဖြစ်သည်။ အခြေအနေများက သိပ်မရှင်းလင်းတော့။
သမိုင်းတစ်လျှောက်တွင် အင်ပါယာတစ်ခု ပျက်စီးခြင်းသည်နှင့် နောက်ထပ်အင်ပါယာအသစ် ဖြစ်တည်ရန်အတွက် အလွန်တရာ စွမ်းအားကြီးသည့် ရတနာများပေါ်ထွက်လာရစမြဲဖြစ်သည်။
ချန်ပင်အန်းအကြောင်း ပြောလာသဖြင့် ချိုင်ကျင်ကျန်းစိတ်များ ချက်ချင်းတင်းမာလာသည်။
“သူ့အကြောင်း ထပ်မပြောပါနဲ့တော့။ သူ့အကြောင်းတွေးမိရင် ကျွန်မ ဒေါသထွက်လာတယ်”
ချိုင်ကျင်ကျန်းမျက်လုံးတွင် မျက်ရခဲသည့် နာကျည်းရိပ်များပေါ်လာသည်။ သို့သော် ဖူနန်ဟွားရှေ့တွင် နူးညံ့သည့်မိန်းမတစ်ယောက်အသွင်ကို အပျက်စီးမခံလိုပေ။ ထို့ကြောင့် ချန်ပင်အန်းနှင့်တွေ့ခဲစဉ်က မည်သို့စိတ်မျိုးရှိခဲ့ကြောင်း သူထုတ်မပြောတော့။
မြို့ပြင်၌သာ ချန်ပင်အန်းကို တွေ့လျှင် နာနာကျင်ကျင်နှင့် မြန်မြန်သေအောင် သူသတ်ပစ်မည်ဖြစ်သည်။ ရောဂါးဆိုးများနှင့် သေဆုံးရမည့် တိုတောင်းသည့်ဘဝကို သူအသက်ရှင်ခွင့်ပေးမည်ဟုတ်။
အထူးသဖြင့် ချန်ပင်အန်း၏မျက်လုံးများကို သူမုန်းသည်။ သူ့စိတ်ထဲတွင် ကျိတ်၍ဖုံးဖိထားသည့် အတွေးတစ်ခုရှိသည်။
သူသည် သဘာဝစင်ကြယ်မှုကြောင့် နာမည်ကျော်ကြားသည့် တိမ်အာရုဏ်တောင်တန်းပေါ်တွင် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သော်လည်း ချန်ပင်အန်းလို ကြည်လင်သန့်ရှင်းသည့်မျက်လုံးမျိုးကို တစ်ခါမှမမြင်ခဲ့ဖူး။ ညစ်ပတ်နိမ့်ကျသည့် ဤလိုနေရာတွင် ကြီးပြင်းလာသည့် လူဆင်းရဲအောက်တန်းစားတစ်‌ယောက်က အဘယ်ကြောင့် ထိုကဲ့သို့မျက်လုံးမျိုး ပိုင်ဆိုင်နေသည်ကို သူစဉ်းစားမရ။
ချိုင်ကျင်ကျန်း ခေါင်းကိုဘေးသို့စောင်းကာ မျက်လုံးများကို နှိပ်နယ်လိုက်သည်။ ထိုသို့လုပ်လိုက်သဖြင့် နူးညံ့သည့် သူ့မျက်ခုံးများ ပို၍ရှည်သွယ်သယောင်ဖြစ်သွားသည်။
ဖူနန်ဟွားက ပတ်ဝန်းကျင်သို့ သတိမပြတ် စောင့်ကြည့်နေရင်းမှ လှမ်းနောက်လိုက်သည်။
“နဂါးမြို့တော်များ လူပြောများတဲ့ အယူစွဲတစ်ခုရှိတယ်။ ဘယ်မျက်ခွံလှုပ်ရင် ကံကောင်းပြီး ညာမျက်ခွံလှုပ်ရင် ကံဆိုးတတ်တယ်တဲ့။ မင်းမျက်ခွံ ဘယ်ဘက်ကလှုပ်တာလဲ”
ချိုင်ကျင်ကျန်း အပူလောင်သွားသကဲ့သို့ လက်ကိုအမြန်ရုတ်လိုက်သည်။ ဖူနန်ဟွားကို မကျေမနပ်စိုက်ကြည့်သည်။ သူ့ညာဘက်မျက်ခွံလှုပ်နေသည်မှာ သိသာနေသည်။
စကားသွားမှန်းသိသဖြင့် ဖူနန်ဟွားက အမြန်ပြင်ပြောသည်။
“ဒါက သာမန်လူတွေ အယူသည်းကြတဲ့ အစွဲမျိုးပါ။ စိတ်ထဲမထားပါနဲ့”
ချိုင်ကျင်ကျန်းနှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားပြီး ဖူနန်ဟွားကို ပြီတီတီ ကြည့်လိုက်သည်။
“ကျွန်မလှည့်စားတာ ရှင်ခံလိုက်ရတာလား”
အပိုးမသေသည့် မျက်နှာပေးကြောင့် ဖူနန်ဟွား အနည်းငယ် မှင်သက်မိသွားသည်။ သူ့စိတ်များလှုပ်ရှားလာသည်။
သူ့စိတ်ထဲတွင် ဒွိဟဖြင့်လာသည်။ ချိုင်ကျင်ကျန်းကို သတ်မည့်သူ့စိတ်ကူးများ ယိမ်းယိုင်လာသည်။ ချိုင်ကျင်ကျန်းကို တာအိုလက်တွဲဖေါ်အဖြစ် ရအောင်ကြံနိုင်လျှင် နဂါးမြို့တော်၏ လွှမ်းမိုးမှုကွန်ယက် မြောက်ပိုင်းသို့ ပိုချဲ့ထွင်နိုင်မည်သာဖြစ်သည်။ တိမ်အာရုဏ်တောင်တန်းသို့ ပြန်ရောက်သည်နှင့် ချိုင်ကျင်ကျန်း၏ အဆင့်အတန်းလည်း ပိုမြင့်တက်သွားပေလိမ့်မယ်။ တောင်တန်းသခင်မရာထူးကိုပင် မျှော်မှန်း၍ရနိုင်သည်။
တိမ်အာရုဏ်တောင်တန်း သမိုင်းတစ်လျှောက် အမျိုးသမီးတောင်တန်းသခင်များ ရှိခဲ့ဖူးသည်။ အားလုံး အစီအစဉ်တကျဖြစ်သွားလျှင် နဂါးမြို့တော်အနေဖြင့် တိမ်အာရုဏ်တောင်တန်းနှင့် မဟာမိတ်ဖွဲ့လျက် အရှေ့ပိုင်းရတနာတိုက်နယ်၏ အလယ်ပိုင်းဒေသကို တရားဝင် ဝင်ရောက်ခွင့်ရလာပေလိမ့်မည်။
လွန်ခဲ့သည့်ရာစုနှစ်များအတွင်း နဂါးမြို့တော်သည် စွမ်းအားကြီးဂိုဏ်းတစ်ဂိုဏ်းအဖြစ် တည်ရှိခဲ့သည်။ သို့သော် သူတို့နေထိုင်ရာ ဒေသ၏ ဆိုးဝါးသည့်ရေမြေအနေအထားကြောင့် တစ်ခြားအဖွဲ့အစည်းများက ဝိုင်းပယ်လျစ်လျူရှုခြင်းခံခဲ့ရသည်။ ထိုချို့ယွင်းချက်ကိုသာ ပြင်ဆင်နိုင်လျှင် နဂါးမြို့တော်၏ အနာဂတ်မှာ ခန့်မှန်းမရအောင် တိုးတက်လာပေလိမ့်မည်။
သူတို့ရှေ့ ခပ်လှမ်းလှမ်းတွင် လမ်းကြားနှစ်ခုဆုံနေသည့် လမ်းဖြတ်တစ်ခုရှိသည်။
ထိုလမ်းဆုံကိုမြင်သည်နှင့် ဖူနန်ဟွား သတိပြန်ဝင်လာသည်။ ပြတ်သားသည့်အရိပ်အယောင်များ သူ့မျက်လုံးတွင် ပေါ်လွင်လာသည်။ ဦးထုပ်ရှည်အောက်မှ သူ့နဖူးပြင်တွင် ချွေးသီးများကျလာသည်။
သူ့တာအိုနှလုံးသားကို သန်မာစေရန် သူ့စိတ်ကိုအနှောက်အယှက်ပေး၍ တွေဝေတုံ့ဆိုင်းစေသူမှန်သမျှကို သူသတ်ပစ်ရပေမည်။
ရုတ်တရက် ဖူနန်ဟွားက ချိုင်ကျင်ကျန်းကို လှည့်ကြည့်သည်။ သူ့မျက်နှာ၊ ဟန်ပန်နှင့် စိတ်ဓာတ်များက လွတ်လပ်ပေါ့ပါးသည့် မူလအနေအထားသို့ ပြန်ရောက်သွားသည်။ လှပသည့်ပန်းချီကားတစ်ခုကို ခံစားရုံသက်သက်ဖြင့်ကြည့်သကဲ့သို့ သူကြည့်နေသည်။ မိန်းမလှများသည် မျက်စိအာရုံ ပသာဒဖြစ်စရာကောင်းသည်။ ရနိုင်သမျှအချိန်ကိုအသုံးချ၍ ထိုပသာဒကို ခံစားရန် သူကြိုးစားသည်။ မည်သို့ပင်ဆိုစေ ဤမြို့မှထွက်သည်နှင့် ချိုင်ကျင်ကျင်းသည် သူ့လက်တွင်သေရမည်သာဖြစ်သည်။
ကုန်ကုန်ပြောရလျှင် သူ၏တာအိုလမ်းစဉ်မှလွဲ၍ မည်သည့်အရာမှ အရေးမကြီးပေ။ လမ်းတွင်တွေ့ကြုံလာသည့် အနှောက်အယှက်များအားလုံး ရှင်းပစ်ရပေမည်။ ထိုသို့တွေးနေရင်း သူ့စိတ်များ ကြည်လင်ပြတ်သားလာသကဲ့သို့ ခံစားလိုက်ရသည်။
ချိုင်ကျင်ကျန်းက သူ့ကိုပြုံးကြည့်၍ မူသံပါပါဖြင့်
“ရှင်ဘာတွေစဉ်းစားမိလို့ ဒီလောက်ပျော်နေတာလဲ နန်ဟွား”
သူ့အခေါ်အဝေါက ဖူနန်ဟွားမှ နန်ဟွားအဖြစ်သို့ မသိမသာ ပြောင်းသွားသည်။ တရင်းတနှီးဖြစ်လာသည်။
ဖူနန်ဟွားကပြုံးလျက် ခေါင်းခါလိုက်သည်။ စကားဆက်ပြောရန် ဟန်ပြင်လိုက်သည်။
ထိုစဉ် သူ့မျက်လုံးထောင့်မှ အရိပ်တစ်ခုကို မြင်လိုက်ရသည်။
ခပ်ပိန်ပိန်ကောင်လေးတစ်ယောက် လမ်းဆုံးတစ်ဘက်ရှိ လမ်းကြားထဲမှ ပြေးထွက်လာသည်။ ခြေတစ်လှမ်းတည်းဖြင့် ချုင်ကျင်ကျန်းထံ ရောက်လာသကဲ့သို့ ထင်လိုက်ရသည်။ ထို့နောက် ချက်ချင်းဆိုသလိုပင် ထိုကောင်းလေးက ဘယ်လက်ကို အားမာန်အပြည့်ဖြင့်မြှောက်၍ ညာလက်သီးဖြင့် ချိုင်ကျင်အန်း ဝမ်းဗိုက်ကို ထိုးချလိုက်သည်။ လက်သီးအားက ပြင်းထန်လွန်းလှသဖြင့် ဝှီးခနဲ လေတိုးသံပေါ်လာသည်။ လက်သီးချက်ကြောင့် ချိုင်ကျင်ကျန်း ကိုယ်နှစ်ပတ်လိမ့်ထွက်သွားသည်။
ထိုကောင်လေး၏ညာလက်သီးချက်မှာ သူ့ရွယ်တူကောင်လေးများထက် များစွာသာလွန်နေသည်။ သို့သော် အမှန်တကယ်တော့ သူသည် ဘယ်သန်ဖြစ်သည်။ ထို့ကြောင့် ဘယ်လက်တွင်ကိုင်ထားသည့် လက်နက်က ချိုင်ကျင်ကျန်းလည်ပင်းထဲသို့ ထုတ်ချင်းပေါက် အဆုံးအထိစိုက်ဝင်သွားလေသည်။ မေးစေ့အောက်တည့်တည်မှ ဝင်သွားခြင်းဖြစ်သည်။
ကောင်လေးက မရပ်သေး။ ဘယ်လက်ကိုဆက်မြှောက်ရင်း ချိုင်ကျင်ကျန်းရင်ဘတ်ကို နောက်ထပ် ညာလက်သီးတစ်ချက်ထိုးလိုက်သည်။ သူ့ပစ်မှတ် အသက်မရှင်နိုင်အောင် အပြတ်တိုက်ခိုက်ခြင်းဖြစ်သည်။
ချိုင်ကျင်ကျန်း၏ နူးညံ့ဖြူဖွေးသည့်လည်တိုင်မှ သွေးများပန်းထွက်လာသည်။
ထို့နောက်တွင် ကောင်လေးက သူ့ခြေထောက်နှင့်ကိုယ်လုံးကို အားအပြည့်ထည့်၍ ချိုင်ကျင်ကျန်းရင်ဘတ်ကို ပုခုံးဖြင်တိုက်ပစ်လိုက်သည်။ ချိုင်ကျင်ကျန်း လမ်းကြားထဲသို့ အရှိန်ပြင်းစွာ လွင့်ထွက်သွားသည်။
ဖူနန်ဟွား ကျောက်ရုပ်လိုဖြစ်နေသည်။ သူ့စိတ်များ ဗလာဖြစ်နေသည်>

Comment

Leave a Reply

Options

not work with dark mode
Reset