ချန်ပင်အန်း ခြံဝင်းထဲမှထွက်ခါနီးတွင် နိန်ယော်က လှမ်းအော်လိုက်သည်။
“နေဦး၊ ငါနင့်ကို ပြောစရာရှိတယ်”
ချန်ပင်အန်း မကြားချင်ယောင်ဆောင်၍ တံခါးဖွင့်ရန်ပြင်သည်။ နိန်ယော်က အသံကိုမြှင့်၍ ထပ်ခေါ်သည်။
“ချန်ပင်အန်း”
ချန်ပင်အန်း လှည့်ကြည့်၍ အိမ်တံခါးဆီပြန်လာသည်။
နိန်ယော်၏ အသားအရေမှာပုံမှန် ပြန်ဖြစ်လာသော်လည်း အသံက ကွဲရှရှဖြစ်နေဆဲပင် ဖြစ်သည်။
“အရင်ဆုံးပြောချင်တာက ငါတို့လိုအပြင်လူတွေဟာ သာမန်လူတွေထက် ခန္ဓာကိုယ်ဖွဲ့စည်းမှု ပိုအားကောင်းကြတာကလွဲရင် ဒီမြို့ထဲမှာ အားလုံးအတူတူပဲ။ နောက်ပြီး ဒီမြို့မှာ အပြင်လူတွေ လူသတ်ခွင့်မရှိဘူး။ ဒီစည်းမျည်းချိုးဖေါက်တာနဲ့ ဒီမြို့ကနေ ချက်ချင်းနှင်ထုတ်ခံရမယ်။ အဲဒါက အတော်ဆိုးတဲ့ ပြစ်ဒါဏ်ပါ။ နင်ထင်တာထက် ပိုပြီး ဆိုးတယ်။ နောက်ဆုံးတစ်ချက်က မလုပ်ခင် သေချာတွေးပါ။ ငါတို့လိုအပြင်လူတွေဟာ အသက်အန္တရာယ်ခြိမ်းခြောက်မှုနဲ့တွေ့ရင် သေချာပေါက်စည်းမျဉ်းကို ဆန့်ကျင်မှာပဲ။ ဒီကနေ လက်ဗလာနဲ့ပဲ ပြန်ရပြန်ရပေါ့။ ကိုယ့်အသက်ထက် ဘာမှပိုအရေးမကြီးဘူးလေ”
ချန်ပင်အန်း သူ့စကားများကို ခဏစဉ်းစားလျက် ထပ်မေးလိုက်သည်။
“ဒါဆို ကျုပ်ဒါမျိုးလုပ်ချင်ရင် လျှပ်တပြက်လုပ်နိုင်မှရမယ်လို့ ပြောချင်တာလား”
နိန်ယော်မျက်နှာတွင် အပြုံးတစ်ပွင့်ပေါ်လာသည်။ အိမ်ခန်းတစ်ခုလုံး သူ့မျက်လုံးမှ အလင်းရောင်ဖြင့် ထွန်းလင်းနေသကဲ့သို့ပင်ဖြစ်သည်။ သူ့ဒူးပေါ် ကန့်လန့်ဖြတ်တင်ထားသည့် ဓားမောက်ဓားအိမ်ကို လက်ဖြင့်အသာပွတ်လျက် ခေါင်းတစ်ချက်ငြိမ့်ပြသည်။
“ဒါပေမယ်၊ အမြန်ဆုံးနှုန်းနဲ့ လုပ်ရမယ်။ ဒါဟာ ဒီဓားနှစ်လက်နဲ့ ငါကျင့်ကြံနေတဲ့ လမ်းစဉ်ပဲ။ ငါက ဒီလောကကြီးမှာ ဓားထုတ်ဓားခုတ် အမြန်ဆုံးလူသားဖြစ်ချင်တာ”
သူခဏ စကားရပ်လိုက်သည်။ ဓားသူရဲမတစ်ယောက်အသွင်မှ ကြွားလုံးထုတ်တတ်သည့် မိန်းမပျိုအသွင်သို့ ရုတ်တရက်ပြောင်းလဲသွားသည်။ ပြုံးရွှင်သည့်မျက်နှာဖြင့်
“အမြန်နှုန်းတိုးအောင် ဘယ်လိုလုပ်ရမလဲဆိုတာ နင်သိလား”
ချန်ပင်အန်းက အူတူတူမျက်နှာဖြင့် ခေါင်းခါပြသည်။
ထိုအကြောင်း သူ့စိတ်မဝင်စားကြောင်း နိန်ယောက်ရိပ်မိသဖြင့် ကြွားဝါလိုသည့်အာသီသ ပျက်သွားသည်။ လက်တစ်ဘက်ဝှေ့ယမ်းပြလျက်
“မြန်မြန်သွားပြီး မြေအိုးဝယ်တော့။ ငါဆေးသောက်ဖို့ စောင့်နေမယ်”
ချန်ပင်အန်း ခြံဝင်းထဲမှ အေးဆေးတည်ငြိမ်သည့် အသွင်ဖြင့် ထွက်လာသည်။
ကြွေပန်းအိုးလမ်းမှထွက်ပြီးမကြာမီ သူ့ခြံဝင်းတံခါး ပွင့်သွားသည်။ ထူးဆန်းသည့်အသက်ရှုနည်းဖြင့် ကျင့်ကြံနေသည့် နိန်ယော် ချက်ချင်းမျက်လုံးပွင့်လာပြီး အိမ်အပြင်သို့ လှမ်းကြည့်သည်။ ရန်သူကိုရင်ဆိုင်ရန် အသင့်ပြင်ထားသည့်ပုံမျိုးဖြစ်သည်။
စားပွဲပေါ်မှ ဓားပျံသည်လည်း အသံတိတ်သွားသည်။ နွေဦးလရာသီကဲ့သို့ အေးစက်သည့်လူသတ်ရိပ်များ ထွက်ပေါ်လာသည်။
ကျီကွေ့ အိမ်တံခါးသို့ရာက်လာသည်။ သူ့ပုံစံက အိမ်နီးချင်းမိတ်ဆွေ အလည်လာခြင်းသပေါ်မျိုးထက်မပိုပေ။ အိမ်ထံသို့မဝင်သေးပဲ တံခါးဝမှ ခေါင်းပြူ၍ အထဲသို့ကြည့်သည်။ သစ်သားကုတင်ပေါ်တွင် ဒူးပေါ်ဓားတင်ထိုင်နေသည့် နိန်ယော်ကို မကြည့်ပေ။
အတော်ကြာပြီးနောက်မှ သူ့ကို ကျီကွေ့သတိထားမိသွားသည်။ ပြုံးချိုသည့်မျက်နှာဖြင့်
“ရှင်ကဘယ်သူလဲ အမကြီး။ ဘာလို့ ချန်ပင်အန်းကုတင်ပေါ် ထိုင်နေတာလဲ။ ဆွေမျိုးတစ်ယောက်ယောက် လာမယ်လို့လည်း သူပြောတာမကြာမိပါလား”
မဖိတ်ခေါ်ဘဲရောက်လာသည့်ဧည့်သည်ကို နိန်ယော် တစ်ချက်လှမ်းကြည့်သည်။ ထို့နောက် မျက်လုံးပြန်မှိတ်ပြီး လုံးဝလျစ်လျူရှုထားလိုက်သည်။
ကျီကွေ့က စိတ်ဆိုးဟန်မရှိ။ နှုတ်ခမ်းထောင့်တစ်ချက်ကွေးသွားပြီး မထီတရီအမူအရာတစ်ခုသာ ပေါ်လာသည်။ စားပွဲပေါ်မှ ဓားရှည်ကိုတစ်ချက်ကြည့်သည်။ အတွင်းကျိတ်နာကျည်းမှုနှင့် ကြောက်ရွံ့မှုတို့ရောထွေးနေသည့် အမူအရာများ သူ့မျက်လုံးတွင်ပေါ်လာသည်။ မျက်လုံးသူငယ်အိမ်တွင် ရွှေရောင်အလင်းမျှင်တစ်ခုလည်း လှုပ်ရှားလာသည်။
ခဏတွေဝေနေပြီးနောက် အိမ်ထဲဝင်ရန်ဟန်ပြင်လိုက်သည်။ သို့သော် ခြေလှမ်းပြန်ရုတ်၍ ချောင်းတစ်ချက်ဟန့်လိုက်သည်။ ဝင်ခွင့်တောင်းသည့်သဘောဖြင့်
“ကျွန်မဝင်လာပြီနော်။ ရှင်စကားမပြောပေမယ့် ကျွန်မအိမ်ထဲဝင်လာမှာကိုတော့ မတားဘူးမဟုတ်လား။ ပြီးတော့ ဒါကလည်း ချန်ပင်အန်းရဲ့အိမ်လေ။ သူနဲ့ကျွန်မသိတာ နှစ်တွေကြာလှပြီး။ ကျွန်မပြောချင်တာ သဘောပေါက်တယ်မဟုတ်လား။
ဘာမှတော့မဖြစ်ပါဘူး။ ကျွန်မတို့ချင်း ဘာမှလည်း ပြောစရာအကြောင်းမရှိပါဘူး။ ရှင်တို့တစ်ခုခုလိုအပ်မလားဆိုပြီး လာကြည့်တာပါ။ ကျွန်မတို့က မကြာခင်ထွက်သွားတော့မှာ။ ချန်ပင်အန်းအတွက် ပစ္စည်းအတော်များများ ချန်ထားခဲ့မှာ။ ရှင်တော့သိမယ်မထင်ဘူး။ သူ့ဘဝက အခုထိ အတော်ခက်ခဲခဲ့တာလေ”
ကျီကွေ ချန်ပင်အန်းကို သနားသည့်သဘောမျိုး ကရားရေလွှတ် တတွတ်တွတ်ပြောနေသည်။ အချင်းချင်း အလွန်ရင်းနှီးနေသည့်လေသံမျိုးဖြစ်သည်။
အခန်းထဲသို့ဝင်လာပြီးနောက် ကျီကွေ့ စားပွဲဆီသို့ တည်ငြိမ်စွာလျှောက်သွားသည်။ ထို့နောက် စားပွဲပေးမှ ကုလားထိုင်တွင် ဝင်ထိုင်သည်။ ဓားရှည်ကိုလည်း မျက်ခြေမပြတ် မျက်လုံးထောင့်ကပ်၍ ကြည့်နေသည်။
အတော်ကြာပြီးနောက် နိန်ယော်က တာအိုဘုန်းကြီးထားခဲ့သည် စာရွက်သုံး၍ကို ဆွဲထုတ်ကာ အသေးစိတ်ပြန်ကြည့်နေသည်။ ထူးခြားမှုတစ်ခုခု ရှိမရှိ စူးစမ်းနေခြင်းဖြစ်သည်။ သို့သော် လေးငါးဆယ်ကြိမ်ခန့် အထပ်ထပ်ပြန်ဖတ်ပြီးနောက်မှာပင် မည်သည့်ထူးခြားချက်မှမတွေ။ စိတ်ပျက်သွားဟန်ဖြင့် သူသက်ပြင်းချသည်။
“သူ့အရေးအသားက အတော်ရိုးစင်းပြီး ပျင်းစရာကောင်းတာပဲ”
သူ့ဇာတိမြို့မှ နံရံရှည်ပေါ်တွင် ရေးထွင်းထားသည့် စားလုံးဆယ်လုံးကို ပြန်မှတ်မိလာသည်။ ဓားဖြင့် ရေးထွင်းထားခြင်းဖြစ်ပြီး မကောင်းဆိုးဝါးများကို ချေဖျက်နိုင်သည့် စွမ်းအင်အရောင်အဝါမျိုးရှိသည်။
ထိုနံရံရှေ့တွင်ရပ်လျက် ခံ့ညားထည်ဝါသည့် ထိုစာလုံးများအား ကြည့်ရသည်ကို ကလေးဘဝတည်းကပင် သူသသောကျခဲ့သည်။
ထို့ကြောင့် ဤမြို့ရှိ ဥမင်ပေါင်းမိုးပြားပေါ်မှာ “အတုမဲ့ကိုယ်ရောင်စွမ်းအင်” ဆိုသည့်စာတန်းကို သူသိပ်စိတ်မဝင်စားမိ။
ကျီကွေ့က နိန်ယော်ဘက်သို့ လှည့်ကြည့်လာသည်။ ဒူးနှစ်ဘက်ပေါ်လက်တင်၍ ခံ့ခံ့ညားညားပုံစံဖြစ်အောင် ခါးမတ်လျက် ပြင်ထိုင်လိုက်သည်။ ထို့နောက် ပြုံးရွှင်သည့်မျက်နှာဖြင့်
“ရှင့်လိုမိန်းကလေးတစ်ယောက်အနေနဲ့ ပိုပြီးသတိထားသင့်တယ်”
“နင်ကဘယ်သူလဲ”
နိန်ယော် မေးလိုက်သည်။
ကျီကွေ့က ရင်ဘတ်ကိုလက်ဖြင့်သပ်လျက် အံ့ဩသွားဟန်ဖြင့်
“ရှင်ကျွန်မကို တစ်ချိန်လုံး သတိထားမိနေတယ်ပေါ့”
“နင်လိုအပ်တာ တစ်ခုခုရှိလို့လား”
နိန်ယော်က မေးလိုက်သည်။
“ဒါနင့်ဟာလား”
ကျီကွေ့က စားပွဲပေါမှ ဓားရှည်ကိုလက်ညှိုးထိုးပြ၍ မေးလိုက်သည်။
နိန်ယော် မျက်မှောင်အနည်းငယ်ကျုံ့သွားသည်။ ဘာမှပြန်မဖြေ။
ကျီကွေ့က စိတ်ဆိုးဟန်မရှိ။ အခန်းထောင့်တစ်နေရာသို့လျှောက်သွား၍ ရပ်လိုက်သည်။ သစ်သားစင်ပေါ်မှ အိုးခွက်ပန်းကန်များကို အကဲခတ်နေသည်။ ထိုအရာများက တန်ဖိုးကြီးသည်မဟုတ်။ သို့သော် သေချာအကဲခတ်၍ ကြည့်နေသည်။
ကြွေထည်လုပ်သားဖြစ်ခဲ့စဉ်က ချန်ပင်အန်းသည် မြို့အနှံ့ခြေဆန့်ခဲ့သည်။ တောင်ပေါ်သို့ တစ်ယောက်တည်းတက်၍ မြေတူးသည်။ ထင်းခွေသည်။ အချိန်ကြာလာသည်နှင့်အမျှ တောင်ပေါ်ခရီးကို သူပို၍မြန်ဆန်ကျွမ်းကျင်လာသည်။ တစ်ယောက်ယောက်က သူ့ကို တစ်ခုခုသင်ပေးလျှင် အကောင်းဆုံးကြိုးစားလုပ်တတ်သည်။ အသေးအဖွဲ ရိုးရှင်းသည့်အလုပ်ဖြစ်စေ ရှုက်ထွေးခက်ခဲသည့်အလုပ်ဖြစ်စေ သူဂရုမစိုက်တတ်။
မည်မျှကောင်းကောင်း လုပ်နိုင်စွမ်းရှိသည်ကို ထည့်မတွက်။ ဆုံးဖြတ်ပိုင်ခွင့်လည်း မရှိ. အဘိုးယော်သည် အလွန်ကပ်စေးနဲသူဖြစ်သည်။ သူ၏အကောင်းဆုံးပညာရပ်များကို ချန်ပင်အန်းအား မသင်ပြခဲ့။ သို့သော် အဘိုးယော်သင်ပေးသမျှလေးကိုသာ ချန်ပင်အန်းအမြဲတမ်းလေ့ကျင့်ခဲ့သည်။ အာရုံအပြည့်စိုက်သည်။ ဝီရိယစိုက်သည်။ နောက်ပိုင်းတွင် လျိုရှန်ယန်က သစ်သားလေးပြင်နည်း၊ ငါးမျှားတံပြင်နည်းများ သင်ပေးသည်။ ချန်ပင်အန်း ကြိုးစားသင်ယူခဲ့သည်။
ဆုန်ကျိရှင်းက ချန်ပင်အန်းကို အားမနာတမ်းဝေဖန်ခဲ့သည်။ သူ့စကားအရ ချန်ပင်အန်းသည် လုပ်စရာရှိသမျှကို အကောင်းဆုံးလုပ်သည်။ သို့သော် လုပ်စရာများများစားစားမရှိ။ ထို့ကြောင့် အပင်ပန်းခံကြိုးစားမနေဘဲ ကံကြမ္မာအလိုအတိုင်းသာ နေသင့်သူဖြစ်သည်။
ကျီကွေ့က နိန်ယော်ကို ပြုံးကြည့်၍ လက်ဝှေ့ယမ်းပြလိုက်သည်။
“ကျွန်မသွားတော့မယ်။ ရှင်မြန်မြန် သက်သာပါစေလို့ ဆုတောင်းပေးပါတယ်။ တစ်ခုခုလိုရင် ကျွန်မကို အားမနာပါနဲ့။ ကျွန်မနာမည် ကျီကွေ့ပါ။ ဟိုဘက်အိမ်မှာနေပါတယ်”
နိန်ယော် ပြန်မဖြေ။
အခန်းထဲမှထွက်ကာ ခြံဝင်းထဲသို့ရောက်လာပြီးနောက် ကျီကွေ့က နိန်ယော်မကြားတကြားလေသံဖြင့် ရေရွတ်လိုက်သည်။
“သူက အဲလောက်လည်းမလှပါဘူး”
“ကျီကွေ့ဆိုတဲ့နာမည်က အတော်ဆိုးတာပဲ”
နိန်ယော်က သူ့ကိုယ်သူ ရေရွတ်နေဟန်ဖြင့် ပြန်ပက်သည်။
ကျီကွေ့က ဂိတ်တံခါးကိုပိတ်လိုက်သ်ည။ လိုသည်ထက်ပို၍ ဆောင့်ပိတ်လိုက်သဖြင့် အသံအတော်ကျယ်သွားသည်။
နိန်ယော် မျက်လုံးပြန်မှိတ်၍ ဆက်၍လေ့ကျင့်သည်။ ကျီကွေ့လာသွားသည်ကို လုံးဝဂရုစိုက်ဟန်မရှိ။
ဤမြို့လေးကို သူတကယ်မုန်းသည်။ အထူးသဖြင့် ကံကြမ္မာအခွင့်အလမ်းရှာရန် ရောက်လာသည့် စွမ်းအားရှင်မျိုးကို ပို၍ရွံသည်။ အချင်းချင်း အကောက်ကြံရန် အမြဲတမ်းအစီအစဉ်ချနေကြသည်။ အတော်ရယ်စရာကောင်းလှသည်။ ထိုလူအားလုံးသည် တောင်ခြေမှလူများထက် အဆင့်မြင့်သည့်မသေမျိုးများဟု သူတို့ကိုယ်သူတို့ ခံယူထားကြသူများ ဖြစ်နေသည်။
ထိုစိတ်ဓာတ်မျိုးသည် မဟာတာအိုလမ်းစဉ်နှင့်မညီဟု နိန်ယော်ခံယူထားသည်။
ကြွေပန်းအိုးလမ်းမှ ထွက်လာပြီးနောက် ချန်ပင်အန်း သက်ပြင်းချလိုက်သည်။ စူးရှသည့်နေရောင်ကြောင့် ညာလက်ကို မြှောက်၍ မျက်လုံးရှေ့တွင် ကာလိုက်သည်။
သူစပြေးသည်။ ခပ်သွက်သွက် ခြေလှမ်းဖြင့်ပြေးခြင်းဖြစ်သည်။ ထိုလမ်းများပေါ် အကြိမ်ကြိမ်အခါခါ ပြေးနေခဲ့ရသော်လည်း မောပန်းသည်ဟု သူမခံစားရ။ တောင်ပေါ်သို့ ထင်းသွားခွေရသည့်အလုပ်ကို သူနေသားကျခဲ့ပြီဖြစ်သည်။ ယခု ပြေးရသည်မှာ ပေါ့ပါးသည့်လေ့ကျင့်ခန်းသဘောလောက်သာ ဖြစ်သည်။ မီးသွေးဖုတ်ရန် တောင်ပေါ်တက်၍ ထင်းခွေရသည့်အလုပ်သာလျှင် အမှန်တကယ်ပင်ပန်းသည့်အလုပ်ဖြစ်သည်။
ကြွေထည်ရုံတစ်ခုသည် နှစ်စဉ် မီးသွေး ကီလိုတစ်သောင်းမှ တစ်သောင်းခွဲအတွင်း လိုအပ်သည်။ တောင်ပေါ်တွင် နေရသည်မှာ အတော်ပင်ပန်းသည်။ မိုးသည်းထဲတွင် သစ်ပင်များကိုခုတ်၍ မီးသွေးဖုတ်ရသည်။ တစ်ကြိမ်တွင် မီးသွေးဖိုပြိုကျ၍ သူသေမလိုဖြစ်ခဲ့သည်။
လွန်ခဲ့သည်နှစ်များတွင်း ချန်ပင်အန်းလုပ်ခဲ့ရသည့် အလုပ်အားလုံးနီးပါးမှာ အလုပ်ကြမ်းများသာဖြစ်သည်။ ဉာဏ်သုံးရသည့်အလုပ်တစ်ချို့တော့ရှိသည်။ သို့သော် အများအားဖြင့် သူ့အလုပ်အားလုံး အလွန်ပင်ပန်းသည်ချည်းသာဖြစ်သည်။ ထို့ကြောင့် သူ့အသွင်က အားနည်းချိနဲ့ပုံပေါ်သော်လည်း သက်လုံနှင့်ခွန်အား အတော်ကောင်းမွန်နေခြင်းဖြစ်သည်။
ချန်ပင်အန်း လမ်းဆုံတစ်ခုတွင်ရပ်လျက် နံရံကိုကျောမှီကာ ခါးကုန်းလျက် မြက်ဖိနပ်များကို တင်းအောင်ပြန်စည်းလိုက်သည်။ သူ့ညာလက်ကို ခပ်တင်းတင်းဆုပ်ထားသည်။
သူ့စိတ်များ ကန်ရေပြင်လို တည်ငြိမ်နေဆဲဖြစ်သည်။
သို့သော် ဤမြို့ထဲမှ သူ၏တစ်ဦးတည်းသော သူငယ်ချင်းကို သတိရမိသည်။
လျိုရှန်ရှန်သည် တစ်ခါက သူ့အဘိုးပြောခဲ့သည့် လျှို့ဝှက်ပုံပြင်တစ်ပုဒ်အကြောင်း ချန်ပင်အန်းအား ပြန်ပြော၍ ကြွားလုံးထုတ်ခဲ့သည်။ ပုံပြင်အရ သူ့အဘိုးငယ်စဉ်ကလေးဘဝက ခြေလေးငါးလှမ်းအားယူပြေးလွှားပြီး ချောင်းရိုးဟိုဘက်ကမ်းသို့ ခုန်လွှားနိုင်သည့် လူတစ်ယောက်ကို မြင်ဖူးခဲ့သည်ဟုဆိုသည်။
ထို့နောက်တွင် သူတို့နှစ်ယောက်လည်း ပုံပြင်ထဲကလူကဲ့သို့ စမ်းကြည့်ရန် ဆုံးဖြတ်ခဲ့ကြသည်။ အကျဉ်းဆုံးချောင်းရိုးနေရာကိုရွေးကြသည်။ ခြေလှမ်းအနည်းငယ်အားယူ၍ လေထဲမှ ခုန်ကျော်ကြသည်။ လျိုရှန်ယန်သည် ချန်ပင်အန်းထက် အသက်အနည်းငယ်ကြီးသော်လည်း သိပ်ဝေးဝေးမရောက်မီ ရေထဲသို့ကျသွားသည်။ သို့သော် သူ့ခေါင်းပေါ်မှကျော်၍ ရှေ့ဘက်ခပ်လှမ်းလှမ်းရေထဲသို့ ကျသွားသည့် ချန်ပင်အန်းကို သူမြင်ခဲ့ရသည်။
ထိုနောက်ပိုင်းတွင် မသေမျိုးချောင်းရိုးခုန်သည့်ဇာတ်လမ်းကို လျိုရှန်ယန် စကားမဟတော့။ သို့သော် ထိုနေ့နောက်ပိုင်းတွင် ချန်ပင်အန်းသည် ချောင်းရိုးဆီသို့ မကြာခဏသွားကာ ခုန်ကျော်လေ့ကျင့်နေမည်ကို သူသိခဲ့သည်။
ချန်ပင်အန်း အထပ်ထပ်ကြိုးစားရင်း ချောင်းရိုးတစ်ဘက်ကမ်းနှင့် ပို၍နီးလာသည်။ ထိုသို့လုပ်နေရသည်ကိုလည်း သူငြီးငွေ့ဟန်မရှိ။
တစ်ခါက လျိုရှန်ယန် အဝေးမှ တိတ်တဆိတ် ချောင်းကြည့်ခဲ့သည်။ ချန်ပင်အန်း တိုးတက်မှုကို လက်တွေ့မြင်ခဲ့ရသည်။ ချန်ပင်အန်းမှာ သူသိခဲ့သည့် ခပ်တုံးတုံးအရူးလေးတစ်ယောက် မဟုတ်တော့သလို သူခံစားခဲ့ရလေသည်။
ချောင်းရိုးကို ခုန်ကျော်နေချိန်တွင် ချန်ပင်အန်းအသွင်မှာ မြို့ကောင်းကင်ထက်တွင် ပျံဝဲနေသည့် လင်းယုန်များနှင့် အလားသဏ္ဌာန်တူလှသည်။
အခန်း (၁၉)
မဟာတာအို
? Views, on December 11, 2023