Switch Mode

အခန်း (၁၈)

ဖူနန်ဟွား ဆုန်ကျိရှင်းအိမ်ထဲမှ ထွက်လာချိန်တွင် အစေခံကျီကွေ့ကို ခြံဝင်းထဲမှ ခုံရှည်ပေါ်တွင် ထိုင်လျက်သားတွေ့ရသည်။ ကျီကွေ့သည် ပြောင်းဖူးလက်တစ်ဆုပ်ကိုကိုင်၍ ကြက်မိသားစုတစ်အုပ်ကို အစာကျွေးနေသည်။ ကြက်မကြီးတစ်ကောင်နှင့် အဝါရောင်ကြက်ပေါက်ကလေးများ သူ့ဘေးပတ်လည်မြေပေါ်မှ ပြောင်းဆန်များကို နှုတ်သီးဖြင့်ကောက်၍ စားနေကြသည်။
ဖူနန်ဟွား သူ့ကိုတစ်ချက်ပြုံးပြလိုက်သည်။ ကျီကွေ့နှုတ်ခမ်းများ ကွေးသည်ဆိုရုံမျှ ကွေးသွားသည်။ သူ့တုံ့ပြန်မှုက ဤမျှသာဖြစ်သည်။ ဟက်ဟက်ပက်ပက်မရှိလှ။ ရှက်ခြင်း ဣန္ဒြေရှိခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ အေးစက်စက် မထီတရီစိတ်မျိုးကြောင့်လည်း ဖြစ်နိုင်သည်။
ခြံတံခါးဖွင့်၍ ထွက်လိုက်သည်နှင့် လမ်းပေါ်တွင်စောင့်နေသည့် ချိုင်ကျင်ကျန်းကို တွေ့လိုက်ရသည်။ သူ့ပုံစံက စိတ်ပျက်နေပုံရသည်။ ဖူနန်ဟွား ခြံဝင်းတံခါးကို လှည့်ပိတ်လိုက်သည်။ ကျီကွေ့က သူ့ဆီလှည့်ကြည့်လာသည်ကို တံခါးအဟ,ကြားမှ သူမြင်လိုက်သည်။ ထိုအချိန်ကျမှ သူသတိထားမိသည်။ ကျီကွေ့သည် ဤမြို့ငယ်လေးမှ အဆင့်နိမ့်အစေခံဖြစ်သော်လည်း စူးရှတောက်ပသည့် မျက်လုံးများရှိနေသည်။ နွေဦးလ၌ သစ်ကိုင်းပေါ်တွင် ထွက်ပေါ်လာစ အစိမ်းရောင်ပရစ်ဖူးလေးနှင့်တူသည်။
သို့သော် ဖူနန်ဟွား သိပ်မတွေးတော့။ နဂါးမြို့တော်သခင်လေးအနေဖြင့် မိန်းမလှပေါင်းများစွာကို သူမြင်ဖူးခဲ့သည်။
ချိုင်ကျင်ကျန်းဘေးမှ အတူလျှောက်လာရင်း ဖူနန်ဟွားက မေးလိုက်သည်။
“ဘာဖြစ်တာလဲ။ မင်းကိစ္စက အဆင်မပြေဘူးလား။ အချိန်နည်းနည်းယူလိုက်ပေါ့။ ဒီလိုကံကြမ္မာအခွင့်အလမ်းတွေဆိုတာ တစ်ကြိမ်ကြိုးစားရုံနဲ့ အဆင်မပြေတတ်ဘူးလေ။ စိတ်ဓာတ်မကျပါနဲ့”
ချိုင်ကျင်ကျန်းသည် ပုံမှန်အားဖြင့် အတော်ပင်လှပသူဖြစ်သည်။ သူ့ခန္ဓာကိုယ်သည်လည်း ကျင့်ကြံမှုအစွမ်းကြောင့် ကြည်လင်သန့်ရှင်‌ေးနသည်။ တောင်ခြေတွင်နေထိုင်သည့် သေမျိုးမိန်းမတစ်ယောက်သာမြင်လျှင် နတ်သမီးတစ်ပါးဟုပင် ထင်မှတ်နိုင်လောက်သည်။ သို့သော် အပြင်ပန်းမည်မျှ ထူးကဲနေသော်လည်း သူသည် အသွေးအသားနှင့် တည်ဆောက်ထားသည့်လူတစ်ယောက်သာ ဖြစ်သည်။
သူ့မျက်နှာတွင် အလိုမကျသည့်အရိပ်များ ပေါ်လွင်နေသည်။ သူ့အတော်စိတ်ညစ်နေဟန်ရျိသည်။ တော်ရုံခံစားချက်မျိုးဆိုလျှင် သူ့မျက်နှာတွင် တွေ့ရလိမ့်မယ်မဟုတ်။ သူ့စိတ်ထဲတွင် ဒေါသအပြည့်ရှိနေပြီး တစ်စုံတစ်ယောက်အပေါ် ဖွင့်ထုတ်ချင်နေဟန်ရှိသည်။
“ငါ့ထက် အရင်ရောက်နှင့်တဲ့လူ ရှိနေတယ်။ ရှုကျန်းရေကန်က နာမည်ကြီးခေါင်းဆောင်တွေထဲက တစ်ယောက်ပဲ။ မြစ်ခွဲသခင်စစ် လျိုကျီမော်တဲ့။ လုံးဝစေ့စပ်ညှိနှိုင်းလို့ရမှာ မဟုတ်တော့ဘူး။ ငါတို့ တိမ်အာရုဏ်တောင်တန်းဂိုဏ်းချုပ်နာမည်ကို တိုက်ရိုက်ခေါ်ပြီး ငါ့ထက်စီနီကျကြောင်း ပြခဲ့တာ။ ငါတောင်ဘာမှမပြောလိုက်ရဘူး။ ကုစန်းအိမ်ထဲကနေ ချက်ချင်းနှင်ထုတ်ခံလိုက်ရတယ်”
“ငါတို့ ဒီအကြောင်းကို ကြွေပန်းအိုးလမ်းထဲက ထွက်သွားပြီးမှ ပြောကြတာပေါ့”
ဖူနန်ဟွားက သတိပေးသည့်အနေဖြင့် ပြောလိုက်သည်။
“ဒီမှာ စွမ်းအားတွေအကုန်လုံး ထိန်းချုပ်ထားတာမဟုတ်ဘူးလား”
ချိုင်ကျင်ကျန်းက မေးလိုက်သည်။
ဖူနန်ဟွားက ပြုံးလျက်
“ဒီကိုလာပြီး အခွင့်အလမ်းရှာတဲ့လူတိုင်းမှာ ဝှက်ဖဲကိုယ်စီ ရှိကြတယ်လေ။ ငါတို့လိုလူငယ်တွေကိုတော့ သိပ်မတင်းကြပ်ထားဘူး။ ဒါပေမယ့် ဒီမြိုဲ့ရဲ့စည်းမျဉ်းအရ စွမ်းအားအဆင့်မြင့်လေ ပိုပြီးထိန်းချုပ်ခံထားရလေပဲ။
ပုံမှန်ဆိုရင်တော သူတော်စင်အဆင့်အောက်ကလူတွေအတွက် သူတော်စင်အဆင့်ရောက်ခါနီးဖြစ်လေ ဒီနေရာမှာရောက်ရင် ပိုအားနည်းလာလေပဲ။ ဒါပေမယ့် စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက်က သူ့စွမ်းအားတွေကို တာအိုအခြေခံအထိခိုက်ခံပြီး အတင်းထုတ်သုံးရင် ဘယ်လိုလုပ်မလဲ။ အဲလိုဆိုရင် မင်းတို့ငါတို့လိုလူတွေ ဘယ်လိုမှ ယှဉ်နိုင်မှာမဟုတ်ဘူးလေ”
“ဒါပေမယ့် ဒီနေရာကို သူတော်စဉ်တစ်ယောက် စောင့်ကြည့်နေတာဆိုတော့ မြစ်ခွဲသခင်ဟာ ငါတို့နောက်ကိုတော့ ပြောင်ပြောင်တင်းတင်း လိုက်မလာရဲလောက်ပါဘူး”
ချိုင်ကျင်ကျန်းက ပြန်ပြောလိုက်သည်။
“ငါတို့ ဒီကိုလာတာ မဟာမိတ်ဖွဲ့ဖို့လေ။ ရန်သူလာရှာတာမှ မဟုတ်တာ။ ငါတို့အသက်အန္တရာယ်ရှိလောက်တဲ့ အရာဆိုရင် စီနီယာတွေကို မဆန့်ကျင်မိအောင် အတတ်နိုင်ဆုံး ရှောင်သင့်တယ်”
ချိုင်ကျင်ကျင်းသည် မလိုအပ်ဘဲ ပြဿနာဖြစ်လိုသူမဟုတ်။ ထို့ကြောင့် ခေါင်းငြိမ့်ထောက်ခံလိုက်သည်။
“မှန်ပါတယ်၊ အကိုဖူ။ ဒုက္ခမဖြစ်အောင်ရှောင်တာ အကောင်းဆုံးပါပဲ”
သို့သော် သူ့မျက်နှာတွင် စိတ်ပျက်သည့်အရိပ်များက ပျောက်မသွားသေးပေ။ သက်ပြင်းတစ်ချက်ချလျက်
“ဒါပေမယ့် ဒီလိုတော့ လွယ်လွယ်နဲ့ လက်မလျှော့ချင်သေးဘူး။ ရှင့်ကိုလည်း တိမ်မူလကျောက်တုံးဆယ်ခုပေးဖို့ ကတိပေးထားတယ်။ ကျွန်မ လက်ဗလာနဲ့ပြန်သွားရင် အကြီးအကဲတွေကို ဘယ်လိုရှင်းပြရတော့မှာလဲ”
ကြွေပန်းအိုလးန်းမှထွက်လာချိန်တွင် သူတို့နှစ်ယောက်လုံး စွမ်းဖိအားတစ်ခုကို အာရုံခံစားမိလိုက်ကြသည်။ စိတ်ထင်ယောင်ထင်မှာဖြစ်ခြင်းမဟုတ်။ နှစ်ယောက်သား အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ထို့နောက် မျက်နှာလွှဲသွားကြသည်။
ဖူနန်ဟွား စိတ်လှုပ်ရှားလာသည်။ သို့သော် ချက်ချင်းပင် စိတ်ကို တည်ငြိမ်အောင် ပြန်ထိန်းလိုက်သည်။ ဤမြို့ထဲတွင် သူလုပ်ခဲ့သမျှကိစ္စအားလုံးကို ပြန်ဆန်းစစ်ကြည့်လိုက်သည်။ ချိင်ကျင်ကျန်းနှင့် ပူးပေါင်းခဲ့သည့်ကိစ္စတွင် ဘာမှ အမှားအယွင်းမဖြစ်ခဲ့။ ဆုန်ကျိရှင်းနှင့် အပေးအယူကိစ္စလည်း ထိုနည်းတူပင်ဖြစ်သည်။ ယခုထိ အားလုံးကို စည်းမျဉ်းအတိုင်းသာ သူလုပ်ခဲ့သည်။ ဤမြို့ကိုစောင့်ကြည့်နေသည့် သူတော်စင်က ဝင်နှောက်ယှက်လာစရာ အကြောင်းမရှိ။ ယခုခံစားလိုက်ရသည့် စွမ်းအင်ဖိအားသည် ဘယ်ကလာသည်မသိ။သူတစ်ခါမှ မကြားဖူးခဲ့သည့် မြစ်ခွဲသခင်ထံမှ ဖြစ်နိုင်သည်။ ဖြစ်နိုင်စရာအကြောင်းများစွာကို သူစဉ်းစားနေသည်။
သို့သော် ချိုင်ကျင်ကျန်းအတွေးက ရှင်းလင်းသည်။ မြစ်ခွဲသခင်က ကျင့်စဉ်စွမ်းအားတစ်မျိုးမျိုးသုံး၍ သူ့ကိုစောင့်ကြည့်နေသည်ဟုသာ ထင်သည်။
ထိုသို့တွေးမိလိုက်သဖြင့် သူ့စိတ်တွင် အကြောက်တရားများ ပေါ်လာသည်။ သူ့အဖြစ်ကိုသာ ညည်းညူမိခဲ့ပြီး မြစ်ခွဲသခင်အား မကောင်းမပြောခဲ့မိသည်ကို ကျိတ်၍ဝမ်းသာမိသည်။
နှစ်ယောက်လုံး လမ်းအဆိုင်းဆက်လျှောက်လာသည်။ အတွေးကိုယ်စီဖြင့် တိတ်ဆိတ်နေကြသည်။ ကြွေပန်းအိုးလမ်းနှင့် အတော်ဝေးဝေးသို့ ရောက်လာပြီးနောက် စိတ်ပေါ့ပါးလာသလို ခံစားလိုက်ကြရသည်။ ဖူနန်ဟွားက သူရခဲ့သည့်ပစ္စည်းများအကြောင်း ပြန်တွေးနေသည်။ ချိုင်ကျင်ကျန်းက သူ့မျိုးနွယ်၏မျှော်လင့်ချက်မပျက်စီးအောင် မည်သို့ဖြေရှင်းရမည်ကို တွေးနေသည်။
ဖူနန်ဟွားက ခပ်လှမ်းလှမ်းမှ ကျောက်သားဥမင်ကို စိုက်ကြည့်နေသည်။ ထို့နောက် စူးစမ်းသည့်လေသံဖြင့်
“ရှုကျန်းရေကန်က မြစ်ခွဲသခင်ဆိုတဲ့နာမည်ကို ငါတစ်ခါမှ မကြားဖူးပါလား။ ငါတို့နဂါးမြို့တော်ဟာ တိုက်နယ်ရဲ့ တောင်ဘက်အစွန်ဆုံးမှာ ရှိနေပေမယ့် သခင်စစ်တွေဆိုတာမျိုးက နာမည်ကျော်ပုဂ္ဂိုလ်တွေပဲလေ။ ငါမကြားဖူးစရာ အကြောင်းမရှိပါဘူး”
ချိုင်ကျင်ကျန်းက လေသံကိုနှိမ့်၍ လှောင်သံပါပါဖြင့်
“တကယ်တော့သူက သခင်စစ်မဟုတ်ဘူး။ နားမည်ဆိုးဂိုဏ်းတွေထဲမှာ နည်းနည်းနာမည်ကျော်တဲ့ မှော်ဆရာတစ်ယောက်ပါ။ သူ့ကိုယ်သူ သခင်စစ်လို့ ခေါ်ခွင့်မရှိပါဘူး။ လူအထင်ကြီးအောင် အဆင့်မြင့်တယ်လို့ထင်လာအောင် သူ့ကိုယ်သူ ပေးထားတဲ့နာမည်ပါ။ အင်ပါယာယွမ်ဝူက ဩဇာကြီးပြီး ဉာဏ်ထက်တဲ့လူပဲ။ လျိုကျီမော်လိုလူမျိုးကို သခင်စစ်ဘွဲ့ထူး ဘယ်ပေးပါ့မလဲ။
သခင်စစ်ဘွဲ့ဆိုတာ တစ်ကြိမ်မှာ တစ်ယောက်ပဲ ပိုင်ဆိုင်ခွင့်ရကြတာ။ လူတစ်ယောက် အဲဒီ့ဘွဲ့ရသွားရင် နှစ်ရာချီကြာအောင် နောက်ထပ်သခင်စစ်တစ်ယောက် ပေါ်မလာနိုင်တော့ဘူး။ ပြီးတော့ အင်ပါယာယွမ်ဝူရဲ့ ဘိုးဘေးတွေဟာ ဒီဘွဲ့မျိုးပေးတဲ့အခါ အလွန်စိစစ်ပြီးမှ ပေးခဲ့ကြတာ။ ဒါကြောင့် အခုဆိုရင် သခင်စစ်နှစ်ယောက်ပဲ ရှိတော့တယ်။ လျိုကျီမော်လို နာမည်ဆိုးစွမ်းအားရှင်တစ်ယောက်ကို ဒီနာမည်မျိုး ပေးစရာအကြောင်းမရှိပါဘူး”
“နားလည်ပါပြီ”
ဖူနန်ဟွား သဘောပေါက်သွားဟန်ရှိသည်။
သခင်စစ်တို့သည် အင်ပါယာတစ်ခု၏ အရေးကြီးအစိတ်အပိုင်းတစ်ခုဖြစ်သည်။ အင်ပါယာဘုရင်၏ အကျိုးစီးပွားကို တိုးပွားအောင်လုပ်ပေးသည်။ အင်အားစုဆောင်းပေးသည်။ ရန်သူကို နှိပ်ကွပ်ပေးသည်။
တာအိုသခင်စစ်များသည် နယ်ပယ်အမျိုးမျိုးတွင် ထင်ရှားသည့်ပုဂ္ဂိုလ်များဖြစ်လေ့ရှိသည်။ စစ်တပ်၏အထူးတပ်မှူးများ၊ ကွန်ဖြူးရှပ်ကျောင်း‌တော်၏ တော်ဝင်အတွင်းဝန်များ ဖြစ်ကြသည်။
“ဆုန်ကျိရှင်းက ဘယ်လိုအခြေအနေရှိလဲ”
ချိုင်ကျင်ကျန်းက မေးလိုက်သည်။
ဖူနန်ဟွားက ခပ်အေးအေးလေသံဖြင့်
“ဒီကောင်လေးက ရည်ရွယ်ချက်ကြီးတယ်။ ထူးခြားတဲ့ ဉာဏ်ရည်မျိုးရှိတယ်။ အင်အားကြီးတဲ့ နောက်ခံရှိတယ်။ တစ်ခုပဲ။ သူ့အမြင်က..”
“အမြင်မကျယ်ဘူးဆိုပါတော့”
ချိုင်ကျင်ကျန်းက ပြုံး၍မေးလိုက်သည်။
“မကျယ်တာလည်းမဟုတ်ဘူး။ လုံလောက်တဲ့အနေအထားမျိုး မရှိဘူးလို့ပြောရမှာပါ”
ဖူနန်ဟွားက ရယ်လျက် ပြန်ပြောသည်။
သူတို့နှစ်ယောက် ဥမင်အနီးသို့ ရောက်လာကြသည်။ ဖူနန်ဟွား သူ့အဖြစ်သူ ကျေနပ်နေသဖြင့် ခပ်တိုးတိုးရေရွတ်လိုက်သည်။
“ကံဇာတာတက်လာချိန်ရောက်တော့လည်း မိုးမြေနှစ်ခုလုံးကတောင် ငါ့ကိုကူညီနေကြပြီပဲ”
ချိုင်ကျင်ကျန်းမှာ ပေါင်းမိုးပြားပေါ်မှ “အပြင်သို့ မြင်ခွင့်မရ” ဟူသည့်စာတန်းကိုမော့ကြည့်နေသည်။ သူ့စိတ်ထဲတွင် ဗလာဖြစ်နေသည်။ စိတ်ပျက်နေသည်။ အစောပိုင်းက ကြွေပန်းအိုးလမ်းတွင် သူရခဲ့သည့် ဉာဏ်အလင်းကောင်းချီးမှာ လွင့်စင်ပျောက်ပျက်သွားပြီး စိတ်ပျက်မှုများသာ ချန်ရစ်ခဲ့သလို ဖြစ်နေသည်။
————
ဆုန်ကျိရှင်းနေအိမ်သည် ကြွေပန်းအိုးလမ်းထဲတွင် အတော်သားနားသည့်အိမ်တစ်ခုဟု ဆိုနိုင်သည်။ ခန်းမတစ်ခုရှိသည်။ တံခါးဝတွင် နာမည်ဘုတ်ပြားရှိသည်။ ဘေးဘယ်ညာ အခန်းခွဲနှစ်ခုရှိသည်။
တံခါးဝမှ ဘုတ်ပြားပေါ်တွင် “ဝေးလွင့်ခြင်းခန်းမ”ဟူသည့် နာမည်တစ်ခု ရေးထိုးထားသည်။ ရေးထိုးသူနာမည် မပါရှိပေ။ လက်ရေးပုံစံကိုကြည့်၍ နာမည်ကျော်စာပန်းချီဆရာ၏လက်ရာ မဟုတ်နိုင်ဟု ဆုန်ကျိရှင်းက ယူဆထားသည်။
ယခု ဆုန်ကျိရှင်းနျိင့် ကျိကွေ့တို့ ခန်းမထဲတွင် ရှိနေကြသည်။ ဆုန်ကျိရှင်းက တစ်စုံတစ်ရာကို ရှာဖွေနေဟန်ရှိသည်။ ကျီကွေ့က တံခါးဝတွင် ရပ်လျက် နူးညံ့သည့်လေသံဖြင့်
“တွေ့ဆုံဆွေးနွေးတာ အဆင်ပြေရဲ့လား သခင်လေး”
ဆုန်ကျိရှင်းက ခေါင်းလောင်းတွဲတစ်ခုကို ဆွဲထုတ်ကာ ကုလားထိုင်တစ်ခုတွင်ထိုင်လိုက်သည်။ လက်နှစ်ဘက်ကို ခေါင်းနောက်တွင်ယှက်ကာ ခြေထောက်နှစ်ချောင်းကိုချိတ်လျက် ပြန်ဖြေသည်။
“ဖူနန်ဟွားဆိုတဲ့လူက အရူးတော့မဟုတ်ဘူး။ အစကတဲ့က ငါ့ကို မသိနားမလည်တဲ့ကောင်လေးတစ်ယောက်လို ဆက်ဆံလို့မရမှန်း သူသိတယ်။
ဒါပေမယ့် သူက သိပ်တော့လည်း မတော်လှပါဘူး။ ငါ့ဆီက အခွင့်ကောင်းယူဖို့ ရင်းနှီးအောင်ကြိုးစားတယ်လေ။ တကယ့်ဟာသပဲ။ ငါနည်းနည်းလေး စကားခေါ်လိုက်တာနဲ့ သူ့ပုံစံအမှန်ကို ထုတ်ပြတော့တာပဲ။ ငါ့ကို စိတ်ဓာတ်စစ်ဆင်နည်းဗျူဟာနဲ့ လှည့်စားပြီး ခြိမ်းခြောက်လို့ရမယ်ထင်နေတာ။ သူလိုသမျှ ငါပေးလိမ့်မယ် ထင်နေတာ။ ဆရာချီလို လျှို့ဝှက်ဆန်းကျယ်တဲ့လူနဲ့ယှဉ်ရင် ဖူနန်းဟွားက မိုင်တစ်သောင်းလောက်တောင် ကွာပါတယ်”
“မိုင်တစ်သောင်းဆိုတာက နည်းနည်းမများလွန်းဘူးလား သခင်လေးရယ်”
ကျီကွေ့က စကားပြန်ထောက်လိုက်သည်။
ဆူကျိရှင်းက ပြုံးစေ့စေ့ကြည့်၍ စကားပြန်ပြင်သည်။
“ဒါဆို ကြွေပန်းအိုးလမ်း ဆယ်ခုစာလောက်ကွာတယ်လို့ ပြောမယ်လေ”
ထို့နောက် အိတ်တစ်လုံးကို ကျီကွေ့အား မြှောက်ပြလျက်
“ဒီမှာကြည့်လိုက်။ ဒါဟာ ဟိုလျှို့ဝှက်စာထဲမှာရေးထားတဲ့ ကြေးပြားမျိုးတွေပဲ။ ချန်ပင်အန်းလည်း အစောပိုင်းက ဒီလိုအိတ်တစ်လုံးရထားတယ်။ အဲဒီတုန်းက သူ့လိုလူဆီမှာ ဒီလောက်များတဲ့ငွေတွေရှိတာ မကောင်းဘူးလို့ ငါတွေးမိတယ်။ သူ့ကို အပြင်လူတွေက ပစ်မှတ်ထားနေကြတာလေ။ ပြောရရင် သူ့အတွက် အဆိုးဆုံးအခြေအနေတွေက မလာသေးဘူး။ အဲလိုပြောမှပဲ ငါတို့အိမ်ကိုလာတဲ့ ဟိုလူအကြောင်း တွေးမိလာပြီ။
သူပြောတာတော့ သူက နဂါးမြို့တော်ရဲ့ သခင်လေးတဲ့။ သူ့ပြောပုံဆိုပုံအရ သာမန်လူမဟုတ်တာတော့ သေချာတယ်။ ပြီးတော့ သူပေးတဲ့ကျောက်စိမ်းပြားက မိုးခေါ်နဂါးဆိုလားဘာလားပဲ။ အတော်တော့ အဖိုးတန်မယ်ထင်တယ်”
ဆုန်ကျိရှင်းက ခါးတွင်ချိတ်ထားသည့် ကျောက်စိမ်းပြားကို တစ်ချက်ပွတ်လိုက်သည်။ ဆရာချီကဲ့သို့ ပညာရှင်ဖြစ်ရန် ပိုနီးစပ်လာပြီဟု သူ့ကိုယ်သူ ခံစားလိုက်ရသည်။
ကျီကွေ့က အနုစိတ်ပုံဖေါ်ထားသည့် ပိုးအိတ်ကိုဖွင့်လျက် ခပ်တိုးတိုးမေးလိုက်သည်။
“နောက်ထပ် ဒီလိုကြေးပြားတွေ ရနိုင်သေးလား သခင်လေး”
“မင်းသဘောကျလို့လား”
ဆုန်ကျိရှင်းက ပြုံး၍မေးလိုက်သည်။
ကျီကွေ့က ရွှေရောင်ကြေးပြားတစ်ပြားကိုထုတ်လျက် နေရောင်တွင် ထောင်၍ကြည့်နေသည်။ ထို့နောက် ပြုံးရွှင်သည့်မျက်နှာဖြင့်
“ရွှေရောင်တောက်နေတာပဲ။ အတော်လှတယ်”
သူ့စကားကြောင့် ဆုန်ကျိရှင်း ဝါးလုံးကွဲရယ်ချလိုက်သည်။
“မင်းက ဒါတွေကို လှလို့ကြိုက်တာလား။ ကောင်းပါပြီလေ။ မင်းက ဒီလိုကြေးပြားတွေကို သဘောကျတယ်ဆိုတော့ နောက်ထပ်နည်းနည်းပိုရအောင် ငါကြိုးစားရမှာပေါ့။ ဒီလိုကြေးပြားတွေက အိမ်တက်မင်္ဂလာ ကံကြမ္မာကြေးပြားမျိုး၊ မက်မွန်လက်ဖွဲ့ နွေဦးကြိုကြေးပြားမျိုး၊ ဗုဒ္ဓရုပ်တုတွေ နတ်ရုပ်တွေမှာ လှူဒါန်းတဲ့ ဒါနကြေးပြားမျိုး တစ်ခုခုဖြစ်လိမ့်မယ်။ ဒါပေမယ် သာမန်လူတွေနဲ့ ကျင့်ကြံသူတွေမှာ ဒီကြေးပြားကို သုံးစွဲပုံချင်းမတူကြဘူး”
“ဒါဆို ချန်ပင်အန်းရတဲ့ ကြေးပြားအိတ်ကရော ဘယ်လိုလဲ”
ကျီကွေ့က ပြုံး၍ မေးလိုက်သည်။
ချန်ပင်အန်းနာမည်ပါလာသဖြင့် ဆုန်ကျိရှင်း မျက်မှောင်အနည်းငယ်ကျုံ့သွားသည်။
မပြောသင့်သည့်အကြောင်းအရာကို ပြောလိုက်မိကြောင်း ကျီကွေ့ သဘောပေါက်သွားသည်။ ကြေးပြားကို အိတ်ထဲသို့ ပြန်ထည့်လျက် အိတ်ကြိုးကိုလုံအောင်ဆွဲပိတ်လိုက်သည်။ ထို့နောက် ခပ်တိုးတိုးလေသံဖြင့်
“ဘာဖြစ်တာလဲ သခင်လေး”
ဆုန်ကျိရှင်း နှုတ်ခမ်းတစ်ချက်မဲ့လျက် ဂုတ်ပိုးကို လက်နှစ်ဘက်ဖြင့် ပွတ်နေသည်။ ထို့နောက် ခပ်အေးအေးလေသံဖြင့်
“ဘာမှမဟုတ်ပါဘူး။ တစ်ခြားစိတ်ရှုပ်စရာအကြောင်းတွေ တွေးမိလို့ပါ။ သိပ်အလျင်မလိုလှပါဘူး။ ငါတို့ ချန်ပင်အန်းကြေးပြားအိတ်ကို အလောတကြီးယူဖို့ ကြိုးစားလိုက်ရင် ဒုက္ခကို လက်ယပ်ခေါ်သလို ဖြစ်သွားလိမ့်မယ်။ ငါတို့ ပစ်မှတ်ထားရမယ့်လူက ကျောင်းယွမ်ပဲ။ သူလည်း ကြေးပြားတစ်အိတ်တော့ ရလောက်တယ်။ သူက လှည့်စားရတာလွယ်တယ်။ မင်းအတွက် နောက်ထပ်ကြေးပြားတစ်အိတ် ငါရအောင်ယူပေးပါ့မယ်”
ရုတ်တရက်ပြောင်းလဲသွားသည့် ဆုန်ကျိရှင်း သဘောထားကြောင့် ကျီကွေ့ အတော်အံ့အားသင့်သွားသည်။ ဆုန်ကျိရှင်းကလည်း နောက်ထပ် ရှင်းမပြတော့။ ကျီကွေ့ကလည်း သူ့စိတ်ကို ရိပ်မိသဖြင့် ထပ်မမေးတော့ပေ။
အခန်းမှထွက်ကာ ခြံဝင်းထဲသို့ ကျီကွေ့ ရောက်လာပြီးနောက် အမြင်ကပ်စရာကောင်းသည့် ခြေလေးချောင်းမြွေမှာ မြေပေါ်တွင်လဲလျောင်း၍ နေပူဆာလှုံနေသည်ကို တွေ့လိုက်ရသည်။ ထိုမြွေမှာ ဘယ်လူးညာလှိမ်းဖြင့် စည်းစိမ်ခံနေသည်။
ကျီကွေ့ ဒေါသထွက်လာသဖြင့် ထိုမြွေဆီသို့အမြန်လျှောက်သွားကာ ခေါင်းကိုခြေထောက်ဖြင့် ဆောင့်နင်းကာ ကြိတ်ချေလိုက်သည်။ သနားစရာသတ္တဝါမှာ စူးရှနာကျင်စွာ အော်ဟစ်နေလေသည်။
ခြေထောက်ကို ပြန်ဖယ်လိုက်သည်နှင့် ခြေလေးချောင်းမြွေမှာ ချက်ခင်းခုန်ပြေးသွားလေသည်။ ကြောက်လန့်တကြားပြေးသွားခြင်းဖြစ်၍ လမ်းတစ်လျှောက်တွင် စည်းရိုးနံရံများနှင့် အကြိမ်ကြိမ်တိုက်မိသည်။
ဓာတ်ငါးမျိုးဖြစ်သည့် သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေ တို့တွင် သုံးမျိုးပေါ်လာပြီဖြစ်သည်။ ယခု တွေ့နေရသည့် မြေဝါရောင် ခြေလေးချောင်းမြွေ၊ တံငါသည်ဖမ်းလာခဲ့သည့် ရွှေဝါရောင်ငါးကြင်းနှင့် ကုစန်း၏ရေစည်ထဲတွင် ထည့်ထားခဲ့သည့် အနက်ရောင်ငါးခူတို့ဖြစ်သည်။
ကြောက်လန့်တကြားပြေးသွားသည့် ခြေလေးချောင်းမြွေကိုကြည့်ရင်း ကျီကွေ့မျက်နှာတွင် အေးစက်စက်လှောင်ပြုံးရိပ်တစ်ခု ပေါ်လာသည်။
“တကယ်သုံးစားမရတဲ့ ငတုံးပဲ”
———–
ကုစန်းတို့နေအိမ်တွင် ကုစန်းမိခင်နှင့် မြစ်ခွဲသခင်တို့ မျက်နှာချင်းဆိုင် ထိုင်နေကြဆဲဖြစ်သည်။ မြစ်ခွဲသခင်က လက်ဝါးပြင်မှအရေးအကြောင်းများကို စိုက်ကြည့်၍ မျက်နှာမကြည်မလင်ဖြစ်နေသည်။
လက်ဝါးကိုပြန်သိမ်းပြီးနောက် ကုစန်းမိခင်ဘက်သို့လှည့်၍
“ဒီမြို့ထဲမှာ အပြင်လူတွေနဲ့ လက်ထပ်ကြတဲ့ မင်းလိုအမျိုးသမီးတွေ အများကြီးရှိသလား”
အမျိုးသမီးက ခေါင်းခါပြသည်။
“သိပ်များများရှိမယ်မထင်ဘူး။ ကျွန်မသိသလောက်တော့ ကြွေပန်းအိုးလမ်းနဲ့ ဆီးသီးပန်းလမ်းမှာ ကျွန်မတစ်ယောက်တည်းပဲ ရှိတယ်”
မြစ်ခွဲသခင် ခဏတွေဝေသွားသည်။ ထို့နောက် လျှို့ဝှက်ချက်တစ်ခုကို ထုတ်ပြောရန် ဆုံးဖြတ်လိုက်သည်။
“မိန်းကလေးတွေအတွက် အသက်ခြောက်နှစ်နဲ့ ဆယ်ခြောက်နှစ်အရွယ်၊ ပြီးတော့ ယောက်ျားလေးတွေအတွက် အသက်ကိုးနှစ်နဲ့ ဆယ့်ရှစ်နှစ်အရွယ်တွေဟာ အခက်အခဲဆုံး အချိန်နှစ်ခုပဲ။ ပထမအရွယ်ကိုတော့ သူတို့ဘာသာ ကျော်ဖြတ်ကြရတယ်။ ဒါပေမယ့် ဒုတိယအရွယ်ကိုကျော်ဖြတ်ဖို့ ပြင်ပအကူအညီ နည်းနည်းပေးလို့ရတယ်။ အဲဒီ့နောက်မှာ အကျိုးအမြတ်ရတဲ့ အချိန်အခါကိုရောက်တယ်။
“မိသားစုက ချမ်းသာလေလေ အဲဒီ့ကလေးဟာ အကျိုးကျေးဇူးများလေပဲ။ ကနဦးအရွယ်၊ ဆယ်ကျော်သက်အရွယ်နဲ့ ဘဝလမ်းစတင်တဲ့အရွယ် သုံးမျိုးပေါ့။ ပထမအရွယ်နှစ်ခုကို ကံကြမ္မာအလိုအတိုင်း အောင်မြင်အောင် ဖြတ်ကျော်နိုင်ကြတယ်။ အထူးသဖြင့် ပထမအရွယ်ပေါ့။ အဲဒီ့အရွယ်ဟာ ကောင်းကင်ဆန္ဒအပေါ်မှာပဲ လုံးလုံးလျားလျားမှီခိုတယ်”
အမျိုးသမီးမျက်နှာတွင် ကျေနပ်သည့်အပြုံးတစ်ခုပေါ်လာသည်။
“ရှင် ကုစန်းကို ချက်ချင်းသဘောကျသွားတယ်ဆိုတာက ပထမအရွယ်ကို သူ့ဘာသာဖြတ်ကျော်ရမယ်လို့ ပြောချင်တာလား”
မြစ်ခွဲသခင် ပြုံးလိုက်သည်။
“ဒီမြို့မှာ ကြီးပြင်းလာတဲ့ ကလေးအားလုံး ပါရမီထူးချွန်ကြတာမဟုတ်ဘူး။ ကုစန်းဟာ အသက်ကိုးနှစ်မပြည့်သေးဘူး။ ဒါပေမယ့် သူလည်း ဒီလိုပါပဲ”
အမျိုးသမီး မျက်နှာညှိုးကျသွားသည်။
မြစ်ခွဲသခင်က ပြုံးလျက် ဆက်ပြောသည်။
“စိတ်ချပါ။ ပုံမှန်အတိုင်းဆိုရင်တော့ ကျင့်ကြံမှုလမ်းမှာ ဗီဇပါရမီဆိုတာ အလွန်အရေးကြီးတာပေါ့။ ဒါပေမယ့် သူတို့တက်လမ်းအတွက် အဆုံးအဖြတ်ပေးနိုင်တဲ့အရာမျိုးတော့ မဟုတ်ဘူး။ နတ်ဘုရားတွေက သဘောကျသွားပြီဆိုရင် လမ်းဘေးက ခွေးလေခွေးလွင့်တစ်ကောင် ဒါမှမဟုတ် မြက်ပင်တစ်ပင်တောင် ကျင့်ကြံမှုလမ်းကို လိုက်စားနိုင်တယ်။ မူလရှိနေတဲ့ အကန့်အသတ်တွေကို ကျော်လွန်ပြီး ကောင်းကင်ဘုံကို တက်နိုင်ပါတယ်။ အခု ဒီမြို့ကလည်း မူလအကန့်အသတ်တွေကို ဖျက်ဆီးရတော့မယ့်အခြေအနေကို ရောက်နေပြီ။ အပြင်လူတွေအများကြီး တစ်ပြိုင်တည်း ဝင်လာကြတော့မယ်။
စိုက်ခင်းမြေက ဘယ်‌လောက်ကောင်းကောင်း နှစ်ထောင်ချီကြာအောင် မနားတမ်းစိုက်ပျိုးရိတ်သိမ်းခဲ့တယ်၊ အကျိုးဆက်တွေကို ထည့်မစဉ်းစားပဲ အတွက်တိုးဖို့အတွက် နည်းလမ်းပေါင်းစုံနဲ့ ဖိအားပေးခဲ့ကြတယ်။ အဲဒီမြေဟာ အဆင့်လျော့ကျလာပြီး မြေဆီမြေနှစ်တွေ ခမ်းသွားတယ်။ အခုတော့ ဒီနေရာဟာ နောက်ဆုံးအကြိမ် ရိတ်သိမ်းရတဲ့အခြေအနေကို ရောက်နေပြီ။ လူတစ်ယောက်သေခါနီးရင် အသက်မထွက်ခင်အချိန်လေးမှာ ခဏတာအားကောင်းလာတတ်တယ်။ စွမ်းအင်တွေတိုးလာတတ်တယ်။ အဆီအနှစ်တွေ ဝိညာဉ်စွမ်းအားတွေ ထိပ်ဆုံးအထိ မြင့်တက်လာတတ်တယ်။
ကုစန်းဟာ အခုငါပြောနေတဲ့ အဖြစ်အပျက်ကြောင့် အကျိုးရလာတာပဲ။ ဒီအခွင့်အရေးဟာ မင်းမခန့်မှန်းနိုင်လောက်အောင် အကျိုးကျေးဇူးကြီးမားတယ်။ သူ့အတွက် ကံကြမ္မာက ကောင်းချီးပေးမယ်ဆိုရင် အရင်က ပါရမီထူးပါတယ်ဆိုတဲ့ ဒီမြို့ထဲက ကလေးတွေအားလုံးထက် အများကြီးသာလွန်သွားနိင်တယ်”
အမျိုးသမီးမှာ နှုတ်ခမ်းများတုန်လာသည်။ ပျော်ရွှင်လာသည့်စိတ်ကို မနည်းထိန်းချုပ်ထားရသည်။ သူ့မျက်လုံးတွင် မျက်ရည်များဝေ့လာသည်။ ထိုပုံစံကပင် ဆွဲဆောင်မှုတစ်မျိုးလို ဖြ်စနေသည်။
မြစ်ခွဲသခင်က သူ့ကိုတစ်ချက်ကြည့်၍ ဆက်ပြောလိုက်သည်။
“ဒါပေမယ့် မင်းလောဘသိပ်ကြီးလို့လည်းမရဘူး။ ဒီအဖြစ်အပျက်ကြောင့် ကံထူးလာတာ မင်းရဲ့သားတစ်ယောက်တည်းသောသူမဟုတ်ဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် အရှေ့ပိုင်းရတနာတိုက်နယ်တစ်ခုလုံးကို ကြည့်မယ်ဆိုရင်တောင် ဒီအဖြစ်အပျက်ကြေင့် အကျိုးကျေးဇူးမရတဲ့လူဆိုတာ တစ်ယောက်မှမရှိဘူး။ အဲလိုလူမျိုးရှိနိုင်မယ်ဆိုရင်လည်း အခုထိတော့ မမွေးသေးဘူး”
“ဒီလောကဆိုရင်ပဲ လုံလောက်နေပါပြီ။ ရနိုင်တာနဲ့ပဲ ကျေနပ်ပါတယ်”
ကုစန်းမိခင်က ခပ်တိုးတိုးပြော၍ လက်နှစ်ကို ရင်ဘတ်တွင် ကပ်ထားလိုက်သည်။
ထိုစဉ် မြစ်ခွဲသခင်၏စိတ်ထဲသို့ ချိုင်ကျင်ကျန်းအကြောင်း အတွေးတစ်ချက်ဝင်လာသည်။ နှာခေါင်းတစ်ချက်ရှုံ့လျက်
“ဘယ်လောက်တန်ဖိုးကြီးမှန်းတောင် နားမလည်တဲ့ အရာတွေကိုရဖို့ အစီအစဉ်တွေချရင်း သူအုလပ်များနေတာပဲ။ တကယ့်အရူးပါလား”
သူ့မျက်နှာတွင် အပြုံးရိပ်တစ်ခုပေါ်လာသည်။
“ဒါပေမယ့်လည်း အံ့ဩစရာတော့ မရှိပါဘူးလေ။ တိမ်အာရုဏ်တောင်တန်း အဘိုးကြီးတွေက ရေရှည်ကို မစဉ်းစားတတ်တဲ့လူတွေပဲ။ အဲလိုသာမဟုတ်ရင် သူတို့လိုချင်နေဲ့ ကံကြမ္မာအခွင့်အလမ်းကို ငါဘယ်ယူနိုင်ပါ့မလဲ။ သူတို့လက်ထဲမှာ ဒီလိုတန်ဖိုးကြီးတဲ့ သုံးမကုန်နိုင်တဲ့ရင်းမြစ်‌မျိုးရှိနေရင် သူတို့ ချမ်းသာကြွယ်ဝလာမှာပဲ။ ဒါပေမယ့် အခုတော့ သိက္ခာထိန်းဖို့အတွက် ဂျူနီယာတစ်ယောက်အပေါ် မှီခိုနေရလောက်တဲ့အဆင့်မျို့း ရောက်သွားကြတယ်။ တကယ်ဆိုးဝါးတဲ့ အခြေအနေပဲ”
ကုစန်းမှာ အိမ်ထဲမှနေ၍ တံခါးကို အတော်ကြာအောင် ထုရိုက်ကန်ကျောက်နေသည်။ ထို့နောက် ခွေးခြေတစ်ခုပေါ်တက်ကာ ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်သို့ လှမ်းကြည့်၍ သနားစဖွယ်မျက်နှာဖြင့်
“အမေ၊ ကျွန်တော့်ကို အပြင်ထွက်ခွင့်ပေးပါ။ ကျွန်တော် ပြောစကားနားထောင်မယ်လို့ ကတိပေးပါတယ်”
အမျိုးသမီးက မြစ်ခွဲသခင်ကို လှည့်ကြည့်သည်။ မြစ်ခွဲသခင် ခေါင်းငြိမ့်ပြလိုက်သည်။
အမျိုးသမီးက တံခါးသွားဖွင့်၍ ကုစန်းလက်ကိုဆွဲကာ ခြံထဲသို့ ပြန်လျှောက်လာသည်။ ထို့နောက် မျက်နှာတင်းတင်းတင်းဖြင့်
“ဘာပြဿနာမှ ရှာမယ်မကြံနဲ့နော်၊ ကြားလား။ ငါနင့်ကို အရင်က တစ်ခါမှ မရိုက်ဖူးဘူး။ ဒါပေမယ့် ဒီနေ့ ပြောစကားနားမထောင်ရင်တော့ ငါနင့်ကိုရိုက်မယ်”
ကုစန်း ခေါင်းငြိမ်သည်။ စိတ်ပျက်နေသည့်ဟန်ဖြင့် ခေါင်းကိုငုံ့ထားသည်။ သူ့အတွက်သူ ခွေးခြေတစ်ခုဆွဲလာပြီးနောက် ထိုင်လိုက်သည်။ သူ့မိခင်၊ မြစ်ခွဲသခင်တို့နှင့် ဖိုခနောက်ဆိုင်အနေအထားဖြစ်သွားသည်။ ထို့နောက် လက်ပေါ်မေးထောက်၍ မေးလိုက်သည်။
“ခုနက ဘာအကြောင်းပြောနေကြတာလဲ။ အထဲကနေ သေချာမကြားလိုက်ရဘူး။ ပြန်ပြောပြပါလား”
မြစ်ခွဲသခင် မျက်နှာအနည်းငယ်ပျက်သွားသည်။ ခဏစဉ်းစားနေပြီးနောက် လက်တစ်ဘက်ဝှေ့ယမ်းကာ အဖြူရောင်ရေခွက်ကို ထုတ်လိုက်သည်။ သံသယဖြစ်နေဟန်ဖြင့် ရေခွက်ထဲသို့ ငုံ့ကြည့်နေသည်။ ခွက်ထဲမှ ရေမျက်နှာပြင် လှုပ်ခါနေသည်။ ရေလှိုင်းရိုက်သံများကို ကြားနေရသည်။ တစ်ချိန်တည်းမှာပင် ရှည်မျောမျော အနက်‌ရောင်သဏ္ဌာန်တစ်ခု ခွက်ထဲတွင် လျှင်မြန်စွာကူးခတ်နေသည်။ မကြာခဏိုသလို ခွက်နံရံကို ပြေးဝင်ဆောင့်သည်။
ထိုမြင်ကွင်းကိုကြည့်၍ အဘိုးအို ခပ်တိုးတိုးပြောလိုက်သည်။
“ထားလိုက်ပါတော့လေ။ မင်းလုပ်ချင်သလို လုပ်ခွင့်ပေးလိုက်မယ်”
သူ့တပည့်ကို ကူညီနိုင်ရန်အတွက် မြစ်ခွဲသခင်သည် ကြွေပန်းအိုးလမ်းမှ အဖြစ်အပျက်သုံးခုတွင် ဝင်လှုပ်ရှားခဲ့သည်။ ထိုသို့လှုပ်ရှားလိုက်ရသဖြင့် သူ၏ကျင့်ကြံမှုစွမ်းအား ဆယ်စုနှစ်တစ်ခုစာစွမ်းအားများကို သုံးစွဲခဲ့ရသည်။
ပထမဆုံးတစ်ကြိမ်မှာ ချိုင်ကျင်ကျန်း ခွေးချေးပုံပေါ် ဉာဏ်အလင်းတစ်ခုရလာသည်ဟု ချိုင်ကျင်ကျန်း သူ့ကိုယ်သူလာစေရန် တက်နင်းမိချိန်တွင် လျှို့ဝှက်နည်းလမ်းတစ်ခုကိုသုံးခဲ့သည်။
မြို့အပြင်ဘက်တွင်မူ ထိုနည်းလမ်းမျိုးဖြင့် အောင်မြင်နိင်မည်မဟုတ်။ တာအိုသခင်စစ်သည်ပင် ထိုသို့လုပ်ရဲမည်မဟုတ်။ သို့သော် ဤမြို့ထဲတွင်မူ ချိုင်ကျင်ကျန်းမှာ ပုရွက်ဆိတ်တစ်ကောင်နှင့် မခြားပေ။ ထို့ကြောင့် မြစ်ခွဲသခင်က ကျင့်စဉ်စွမ်းအင်တစ်ချို့စတေး၍ ချိုင်ကျင်ကျန်းစိတ်ကို ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
ဒုတိယတစ်ကြိမ်သည် အဖြစ်သုံးခုထဲတွင် အညင်သာဆုံးဖြစ်သလို အပြောင်မြောက်ဆုံးလည်းဖြစ်သည်။ မြစ်ခွဲသခင်ကိုယ်တိုင်ပင် ထိုလုပ်ရပ်ကို နတ်စွမ်းအင်တစ်ခုမှ အလင်းပေးလေသလားဟု ထင်မှတ်ခဲ့သည်။ ချိုင်ကျင်ကျန်းက ချန်ပင်အန်း၏ စေတနာသတိပေးစကားကို လက်စားချေသည်ထင်လာအောင် ပြုစားခဲ့သည်။
တစ်ချိန်တည်းမှာပင် ချန်ပင်အန်း၏စိတ်ကို ထိန်းချုပ်၍ သတိပေးချိန်နည်းနည်းနောက်ကျအောင် လုပ်ထားခြင်းဖြစ်သည်။ ထိုသို့နောက်ကျမှသတိပေးသည်ဟု ချိုင်ကျင်ကျန်းထင်သွားအောင်လည်း ပြုစားထားခဲ့သည်။
အမှန်တကယ်ပင် စည်းဝါးကိုက်လှုပ်ရှားလိုက်သည့် အစီအစဉ်ဖြစ်သည်။
ကျင့်ကြံမှုလမ်းတွင် အသေးငယ်ဆုံးသော်အနှောက်အယှက်သည်ပင် လူတစ်ယောက်၏ ကံကြမ္မာလမ်းကြောင်းကို ပြောင်းလဲနိုင်စွမ်း ရှိပေသည်။
————
ကုစန်း၏မိခင်က စိုးရိမ်တကြီးမျက်နှာဖြင့် ကြည့်နေသည်။ မြစ်ခွဲသခင်ထံမှ မကောင်းသည့်နိမိတ်စကားမျိုး ကြားရမည်ကို ကြောက်နေသည်။
မြစ်ခွဲသခင်၏မျက်နှာတွင် အေးစက်စက်အပြုံးတစ်ခုပေါ်လာသည်။ ကုစန်းက မသိမသာထရပ်လျက် ဂိတ်တံခါးဆီသို့ သွားနေသည်ကို မျက်လုံးထောင့်မှ လှမ်းမြင်လိုက်ရသည်။ အမျိုးသမီးမျက်နှာတွင်လည်း ထိတ်လန့်အံ့ဩသည့် အမူအရာများ ပေါ်လွင်နေသည်။
မြစ်ခွဲသခင်က ရေခွက်ဖြူကိုကိုင်ထားရင်းမှ အေးအေးသက်သာအမူအရာဖြင့် ထရပ်လျက်
“ငါ့တပည့် ဒီလောကကြီး ဘယ်လောက်ကျယ်သလဲဆိုတာ ငါမင်းကိုပြမယ်။ ဒီလောကထဲမှာ မင်းဟာဘယ်လိုဖြစ်တည်မှုလဲဆိုတာ သိအောင်လို့ပေါ့။ သိမထားရင် မင်းရဲ့မသိနားမလည်မှု အမိန့်မနာခံမှုတွေကြောင့် တစ်နေ့နေ့မှာ ငါတို့နှစ်ယောက်လုံး ဒုက္ခရောက်သွားလိမ့်မယ်”
ထိုစဉ် ကုစန်း၏မိခင်မှာ ရုတ်တရက် သတိလစ်ကာ မြေပေါ်သို့ လဲကျသွားလေသည်။ မြစ်ခွဲသခင်က အင်္ကျီလက်ကို တစ်ချက်ဝှေ့ယမ်းလိုက်သည်။
ထိုခဏမှာပင် ခြံဝင်းတံခါးနားသို့ နေရာက်နေသည့် ကုစန်းလည်း ခြေလှမ်းများယိမ်းယိုင်ကာ မြေပေါ်သို့ လဲကျသွားလေသည်။ တစ်ခုခုမူမမှန်ကြောင်း သူချက်ချင်းနားလည်လိုက်သည်။ ဘေးပတ်ဝန်းကျင်ကို တအံ့တဩ လှည့်ပတ်ကြည့်လျက် မြစ်ခွဲသခင်ကို လှမ်းမေးလိုက်သည်။
“ဒါ ဘယ်နေရာလဲ”
“ရေခွက်ထဲကို ရောက်နေတာလေ”
မြစ်ခွဲသခင်က လက်နှစ်ဘက်နောက်ပစ်၍ ခပ်အေးအေး ပြန်ဖြေသည်။
သူ့စကားကြောင့် ကုစန်းပို၍ နားရှုပ်သွားသည်။
ရုတ်တရက် မြစ်ခွဲသခင်က အော်ဟစ်လိုက်သည်။
“ထစမ်း”
ကုစန်း အလိုလိုထရပ်မိလျက်သား ဖြစ်သွားသည်။ သူရပ်နေသည်မှာ ကျောက်ကမ်းပါးတစ်ခုထိပ်တွင်ဖြစ်ကြောင်း သိလိုက်ရသည်။ ကျယ်ပြန့်သည့် တိမ်ပင်လယ်တစ်ခု သူ့ခေါင်းပေါ်တွင်ရှိနေသည်။
အလွန်ကြီးမားသည့် သဏ္ဌာန်တစ်ခု တိမ်မြူများကြားမှ ရွေ့လျားလာသည်ကို မြင်လိုက်ရသဖြင့် သူမျက်လုံးပြူးသွားသည်။
သို့သော် ထိုသတ္တဝါမှာ ကြီးမားလွန်းသဖြင့် တစ်ကိုယ်လုံးကို သူမမြင်နိုင်ပေ။
အလွန်ကြောက်လန့်တုန်လှုပ်နေသဖြင့် ချက်ချင်း နောက်တစ်လှမ်းဆုတ်ရန် ကြိုးစားလိုက်သည်။ သို့သော် မြစ်ခွဲသခင်က သူ့ခေါင်းနောက်မှ လက်ဝါးဖြင့်ဖိထားသည်။ ခပ်တင်းတင်းလေသံဖြင့် အမိန့်ပေးသည်။
“ငြိမ်ငြိမ်ရပ်နေစမ်း၊ မင်းအခု နောက်ဆုတ်လိုက်တာနဲ့ အနာဂါတ်ကျင့်ကြံမှုလမ်းမှာ ဘာမှတိုးတက်အောင် လုပ်နိုင်မှာ မဟုတ်တော့ဘူး”
သူ့ခြေလက်များနှုတ်ခမ်းများ ပြင်းထန်စွာ တုန်ရင်နေသည်။
ခပ်လှမ်းလှမ်းမှ တိမ်ပင်လယ်ကြီး အဆက်မပြတ်လှုပ်ရှားနေသည်။ တိမ်လွှာများ ဖြေးဖြေးချင်းလျော့ပါးနေဟန်ရှိသည်။
‌ကောင်းကင်မှ သတ္တဝါကြီးခန္ဓာကိုယ် ပို၍ပေါ်လွင်လာသည်။ ကုစန်း သူ့ရေစည်ထဲတွင် သိမ်းထားခဲ့သည့် ငါးခူလေးကို ပုံကြီးချဲ့ထားသည့် သတ္တဝါမျိုးဖြစ်နေသည်။
ကုစန်းထိုသို့ တွေးမိလိုက်သည်နှင့် ခြေတစ်လှမ်းအလိုလိုတိုးကပ်သွားမိသည်။ တစ်ခုခုက ပြုစားခံနေရသကဲ့သို့ ဖြစ်နေသည်။ ထို့နောက် သေးငယ်သည့်သူ့လက်တစ်ဘက်ကို ကောင်းကင်သို့ဆန့်ထုတ်လိုက်သည်။
တောင်တစ်လုံးခန့်ကြီးမားသည့် ဦးခေါင်းတစ်ခု တိမ်ကြားထဲမှ ဖြေးညှင်းစွာပေါ်လာသည်။
ကုစန်းမျက်လုံးများ ချက်ချင်းအရောင်တောက်လာသည်။ ကြောက်ရွံ့စိတ် စိုးစဉ်းမျှမရှိတော့။ သတ္တဝါကြီးကို သူအော်ခေါ်လိုက်သည်။
“လာပါ။ ဒီကိုလာစမ်းပါဦး။ မင်းဒီလောက်ထိ ကြီးလာမှန်း ငါမသိခဲ့ဘူး။ ငါ့ရေစည်ထဲကိုထည့်ထားတဲ့ ငါးတွေ ပုစွန်တွေ ဂဏန်းတွေ လျော့သွားတာ မင်းလက်ချက်ပေါ့လေ”
ကုစန်းနောက်တွင်ရပ်နေသည့် မြစ်ခွဲသခင်၏စိတ်တွင် ခံစားချက်များ ရှုပ်ထွေးနေသည်။ မနာလိုစိတ်လည်းပါသည်။ ပျော်ရွှင်သည့်စိတ် ကျေးဇူးတင်သည့်စိတ်လည်း ပါသည်။
သူသည် ထိုမျှခမ်းနားကြီးကျယ်သည့် ကံကြမ္မာအခွင့်အလမ်းမျိုး ဘယ်တော့မှ ရနိုင်မည်မဟုတ်။ သို့သော် ထိုအရာမျိုးပိုင်ဆိုင်နေသည့် တပည့်တစ်ယောက်အား လက်ခံခွင့်ရလိုက်သဖြင့် ဤမြို့သို့လာသည့် သူ့ခရီးစဉ်မှာ ထိုက်တန်သွားပြီဖြစ်သည်။
မြစ်ခွဲသခင်က တိုးကပ်လာသည့် ငါးခူဦးခေါင်းကို မော့ကြည့်လျက် ခပ်တိုးတိုးရေရွတ်နေသည်။
“တကယ်ခမ်းနားလှပတဲ့ မြင်ကွင်းပဲ”
——————-
ရုတ်တရက် ချန်ပင်အန်းက နိန်ယော်ကို အပြင်သွားဦးမည်ဟု ပြောလာသည်။ အခန်းထောင်တစ်နေရာတွင် နိန်ယော်ကို ကျောပေးလျက် ဆောင့်ကြောင့်ထိုင်လိုက်သည်။ သူ့လက်ထဲမှ ပစ္စည်းတစ်ခုကို ကွယ်ဝှက်ထားသည်။
နိမ်ယော်ကို ဆေးကြိုရန်အတွက် မြေအိုးတစ်လုံး သွားဝယ်ရမည်ဟု သူပြောသည်။ သို့သော် သူထွက်သွားသည်နှင့် အခန်းထောင့်တွင်ရှိနေသည့် မြေအိုးဟောင်းတစ်ခုကို နိမ်ယော် သတိပြုမိလိုက်သည်။
ထို့အပြင် နိန်ယော်၏အာရုံသည် သာမန်မဟုတ်။ ချန်ပင်အန်းလက်ထဲတွင် ဝှက်ထားသည့်အရာမှာ ချွန်မြနေသည့် ကြွေအိုးကွဲတစ်ခုဖြစ်ကြောင်း သူသိသည်။

Comment

Leave a Reply

Options

not work with dark mode
Reset