Switch Mode

အခန်း (၁၈)

မြို့တော်ခန်းမအပြင်ဘက်မှလူငယ်

အခန်း (၁၈) မြို့တော်ခန်းမအပြင်ဘက်မှလူငယ်

ဆန်းအိမ်တော်မှာ အရှိန်အဝါကြီးကြောင်း ရွှီဟုန် သိလေသည်။ နတ်မိစ္ဆာ ငါးပါးကို နှိမ်နင်းနိုင် မည့်လူ တစ်ယောက်ယောက်များ ရှိနိုင်မလားဟု ရွှီဟုန် သိချင် နေမိသည်။ ရှိလျှင်တော့ အလွန် ကောင်းမည် ဖြစ်လေသည်။

သူ၏ ညီမဖြစ်သူက အဘယ်ကြောင့် ဆန်းရော့ရှီကို နတ်မိစ္ဆာ ကျောင်းတောင်သို့ ခေါ်သွားရ သနည်း။ မနာလိုမှုကြောင့် ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။ သို့မဟုတ် ဆန်းအိမ်တော်တွင် ကိစ္စတစ်ခုခု ရှိသောကြောင့် ဖြစ်ပေလိမ့်မည်။

ရွှီဟုန်မှာ ညီမဖြစ်သူနှင့် ထိုကိစ္စကို တိုင်ပင်ချင်နေမိ လေသည်။ နတ်မိစ္ဆာများကို စိန်ခေါ်ရဲသည့် သူမှာ မည်သူ ဖြစ်ကြောင်းကို သိရှိချင်နေမိ လေသည်။

…….

ဆန်းရော့ရှီမှာ ဆန်းသခင်ကြီး၏ တစ်ဦးတည်းသော မြေးမလေး ဖြစ်သည့်အတွက် ဆန်းသခင်ကြီးမှာ သူမကို လွန်စွာမှပင် ချစ်မြတ်နိုးလေသည်။  သူမ နေပြန်ကောင်းလာသည့် သတင်း ကြားသည်နှင့် ဆန်းသခင်ကြီးမှာ အလွန် ပျော်ရွှင်သောကြောင့် နံနက်စာ ဆန်ပြုတ်ကို တစ်ခွက်ပင် ပိုပြီး သောက်လိုက် လေသည်။

စိတ် ကြည်လင်နေသည့်အတွက် ဆန်းလျန် အကြောင်းကိုလည်း မေးကြည့်လိုက်လေသည်။

အိမ်တော်ထိန်းဝူမှာ အချိန်ကောင်း ရောက်ပြီဟု တွေးမိပြီး ဆန်းသခင်ကြီးအား ဆန်းလျန် အ ကြောင်းများ အားလုံးကို ပြောပြလိုက်လေသည်။

ခန္ဓာကိုယ် အလေးချိန် တိုးစေသည့် လေ့ကျင့်ခန်းလုပ်ပြီးသည်နှင့် ဆန်းလျန်မှာ သူ၏ အခန်းထဲ တွင် စာရေးလိုက် စာဖတ်လိုက် လုပ်နေတတ်လေသည်။

အိမ်တော်ထိန်းဝူမှာ ဆန်းလျန်တွင် ပုံများနှင့် စာများကို တစ်ခါကြည့်ရုံဖြင့် အသေးစိတ် မှတ်မိသည့် မှတ်ဉာဏ်ရှိကြောင်း မသိရှိပေ။ ဤရက်များ အတွင်းတွင် ဆန်းလျန်မှာ သူ၏ ခြံဝန်းအတွင်း တွေ့သမျှ စာအုပ်များ အားလုံးကို ဖတ်နေခြင်း ဖြစ်လေသည်။ ဆန်းလျန်မှာ ထိုစာအုပ်များ အားလုံးကို အလွတ် ရနေပြီဖြစ်ပြီး စာအုပ်များက လောကကြီး အကြောင်း ပိုပြီးနားလည် လာအောင် ကူညီပေး လေသည်။

“ဒီကလေးက တကယ် တော်တာပဲ၊ သည်းခံနိုင်စွမ်းလည်း ရှိတယ်”

ဆန်းသခင်ကြီးမှာ သူစီစဉ်သည့်အတိုင်း မလိုက်နာသည့်အတွက် ဆန်းလျန်ကို စိတ်မဆိုး နိုင် တော့ပေ။ သူက ဆန်းလျန်ကို လေးစား နေမိလေသည်။

သူ ဆန်းလျန်အပေါ်တွင် အထင်ကြီး လေးစားလာသည်နှင့်အမျှ သူ့ အမွေအနှစ်များကို ဆန်းလျန် ကို ပေးရန် မျှော်လင့်ထားမိ လေသည်။

သို့သော်လည်း ဆန်းလျန်မှာ ဆန်းအိမ်တော်၏ ကြွယ်ဝ ချမ်းသာမှုများ အပေါ် စိတ်ဝင်စားမှု မရှိ ပေ။

ထိုအချက်က ဆန်းသခင်ကြီးကို အောင့်သက်သက် ဖြစ်စေလေသည်။ သူ တန်ဖိုးထားသည့် အရာများမှာ ဆန်းလျန်၏ မျက်လုံး ထဲတွင်တော့ ဘာမှ မဟုတ်သည့် အရာများ ဖြစ်နေသည် မဟုတ်ပါ လား။

သူက ဆန်းလျန်ကို ခေါ်လာခဲ့ရန် အိမ်တော်ထိန်းဝူကို ပြောလိုက်လေသည်။

သူစီးပွားရေး လုပ်သည့်ကာလ တစ်လျှောက်လုံး မည်သည့်အခါမှ အရှုံး မရှိခဲ့ပေ။ ဒီတစ်ကြိမ် ကတော့ ပထမဆုံးအကြိမ် ရှုံးခြင်း ဖြစ်နိုင်သော်လည်း နောက်ဆုံးအကြိမ် ရှုံးနိမ့်ခြင်းတော့ မဖြစ်နိုင်သေး ပေ။

ဆန်းသခင်ကြီး၏ စာကြည့်ခန်းထဲတွင် ဆန်းလျန်နှင့် တွေ့ဆုံလိုက်သည်။ သူငယ်စဉ် ဘဝတွင် စာပေပညာ သင်ကြားရန် မတတ်နိုင်ခဲ့သည့် အတွက် ယခု အသက်အရွယ်တွင် သင်ယူနိုင်စွမ်း မရှိတော့ သည့်တိုင် သူက စာအုပ်များကို ဝယ်ပြီး စုထားတတ်လေသည်။

“ကဗျာစာပေများ ဆိုသည်မှာ မိသားစု အမွေအနှစ်ပင် ဖြစ်သည်” ဆိုသည့် အယူအဆကို သူက လက်ခံလေသည်။

ထို့ကြောင့်ပင် ဆန်းအိမ်တော်ရှိ မိသားစုဝင်တိုင်းတွင် သူတို့ကိုယ်ပိုင် စာကြည့်ခန်းများ ရှိကြ လေသည်။ ဆန်းရော့ရှီတွင်ပင်လျှင် ကိုယ်ပိုင် စာကြည့်ခန်း ရှိလေသည်။

တစ်ယောက်နှင့်တစ်ယောက် မတွေ့ရသည်မှာ တစ်လခန့် ကြာသွားပြီးသည့်နောက် ဆန်းသခင် ကြီးက ဆန်းလျန်ကို စောင့်ကြည့် ထားသည်မှာ မှားပြီလားဟု တွေးနေမိလေသည်။

တစ်လ အတွင်းမှာပင် ဆန်းလျန်မှာ များစွာ ပြောင်းလဲသွားလေသည်။

တခြားသူ၏ အိမ်တွင် ကြီးပြင်းခဲ့သည့် သစ်ခွပန်းများနှင့် ကျောက်စိမ်း သစ်ပင်များ ကဲ့သို့ပင် ဖြစ် လေသည်။

“မင်းအများကြီး ကြိုးစားပြီး လေ့လာ သင်ယူနေတယ်လို့ ကြားတယ်”

ဆန်းသခင်ကြီးက စကားစလိုက်သည်။

“ကျွန်တော်ကြိုးစားပြီး လေ့လာ သင်ယူနေတယ်လို့ ပြောလို့မရပါဘူး၊ ဘာလို့လဲဆိုတော့ ကျွန်တော်က စာမေးပွဲ ဖြေမယ့်သူမှ မဟုတ်တာ”

ဆန်းလျန်က သူ၏ ပုလဲသွယ်ကဲ့သို့သော သွားဖြူဖြူလေးများ ပေါ်သည်အထိ ပြုံးပြရင်း ပြော လိုက်လေသည်။ လူငယ်လေးဆီမှာ ထူးခြားသည့် အငွေ့အသက်များ ထွက်ပေါ် နေလေသည်။

“ငါတို့လို ချမ်းသာတဲ့ မိသားစုထဲမှာ မွေးဖွားလာတဲ့ သူတွေအဖို့ အများကြီး လေ့လာစရာ မလိုပါ ဘူးလေ”

ဆန်းသခင်ကြီးက ပြောလိုက်သည်။

လေ့လာ သင်ယူသည်မှာ ကောင်းပါသည်။ သို့သော် ပိုသွားလျှင်တော့ မကောင်းပေ။ ရှေးရိုးစွဲ ဖြစ်သွားတတ်ပြီး ရိုးရာ ဓလေ့များထဲမှ ရုန်းမထွက်နိုင် ဖြစ်သွားတတ်သည်။

“ကျွန်တော် မနက်ဖြန် အပြင် ထွက်ချင်ပါတယ်”

ဆန်းလျန်က ပြောလိုက်လေသည်။

“မင်းလွန်ခဲ့တဲ့ တစ်လလုံး အပြင်သွားဖို့ မပြောဘဲနဲ့ အခုကျမှ ဘာလို့ ရုတ်တရက် တောင်းဆိုရ တာလဲ”

ဆန်းသခင်ကြီးက မေးလိုက်သည်။

ဆန်းသခင်ကြီးက ဆန်းလျန်၏ အေးဆေးတည်ငြိမ်မှုနှင့် သမာဓိကို ထိန်းသိမ်း ထားသင့်သည် ဟု တွေးနေမိလေသည်။

“ကျွန်တော့်အမေကို ချယ်လင်း ဝတ်ကျောင်းတော်မှာ မြှုပ်နှံ ထားတာဆိုတော့ အမေ့ကို သွားပြီး ဂါရဝ ပြုချင်လို့ပါ”

ဆန်းလျန်က တည်တည်ငြိမ်ငြိမ်ပဲ ပြန်ပြော လိုက်လေသည်။

ဆန်းသခင်ကြီး ထူးထူးခြားခြား မတွေးမိတော့ပါ။ ဆန်းလျန်၏ အကြောင်းပြချက်မှာ သဘာဝကျသည် မဟုတ်ပါလား။

“ဒါပေမဲ့ ဒီ အကြောင်းပြချက်က မခိုင်လုံသေးဘူး”

ဆုံးပါးသွားသည့် သမီးဖြစ်သူကို ချစ်သည့်အတွက် ဆန်းသခင်ကြီးက ဆန်းလျန် တောင်းဆို သည်ကို ချက်ချင်းပင် သဘော တူလိုက်ချင်သော်လည်း စီးပွားရေးသမား တစ်ယောက် ဖြစ်သောကြောင့် သဘောတူညီမှု မပြီးဆုံးမီ သံသယလေးတော့ ထားလိုက်ချင်လေသည်။

“ကျွန်တော် ပြန်လာရင် ပြောပြပါ့မယ်”

ဆန်းလျန်က မဆိုင်းမတွပင် ပြန်ဖြေ လိုက်လေသည်။

“ဒါဖြင့်လဲ သွားပါ”

ဆန်းသခင်ကြီးက ဆန်းလျန်အား “ဘာပြောပြမှာလဲ” ဟု မမေးခဲ့ပေ။ သူတို့ နှစ်ယောက်လုံး အကြောင်း သိနေကြသောကြောင့် ဖြစ်လေသည်။

ဆန်းလျန်မှာ ကတိ တည်သူတစ်ယောက် ဖြစ်ကြောင်း ဆန်းသခင်ကြီး သိလေသည်။ ကတိ မတည်ခဲ့လျှင်လည်း ဆန်း သခင်ကြီးမှာ ဆန်းလျန်နှင့် ပတ်သက်ပြီး သူ၏ ထင်မြင်ချက် မှားယွင်းသွားပြီ ဖြစ်ကြောင်း သက်သေ ခိုင်ခိုင်မာမာနှင့် သိရှိသွားမည် ဖြစ်လေသည်။ ထိုသို့ ဖြစ်သွားပါက ဆန်းလျန်မှာ ဆန်းသခင်ကြီး၏ အရေးကြီးသည့် အခန်းကဏ္ဍ တစ်ခုအဖြစ် နေရာ ယူနိုင်တော့မည် မဟုတ်ပေ။

ယခု နှစ်များအတွင်းတွင် ဆန်းသခင်ကြီးမှာ သူယခင်က နားမလည်သည့် ကိစ္စများကို နားလည် လာရသည်။

ဆန်းလျန်ကတော့ အပြင်သို့ ထွက်ရန် ခွင့်ပြုချက် ရရှိသွားပြီး ဤသည်မှာ သူ့အတွက် အခွင့် အရေး ဖြစ်ကြောင်း သိထားလေသည်။

အစိမ်းရောင်ဝတ် လူမှာ မြို့တော် ခန်းမထဲရှိ အချုပ်ခန်းထဲတွင် အကျဉ်းချ ခံထားရသည့် အ ကြောင်းကို အိမ်တော်ထိန်း ဝူဆီမှ ဆန်းလျန် သိခဲ့ရလေသည်။

အိမ်တော်ထိန်း ဝူမှာ သတင်းနှင့် နည်းပညာ ပေါက်ကွဲထွက်နေသည့် ခေတ်ပေါ် လောကမှ ရောက်လာသူ တစ်ယောက် ဖြစ်သည့် ဆန်းလျန်လောက် အသိပညာ မြင့်မားခြင်း မရှိပေ။ စကားပြော ခြင်း အနုပညာကို အိမ်တော်ထိန်း ဝူက လုံးဝ မသိရှိပေ။

လူတစ်ယောက်က ကိစ္စရပ် တစ်ခုကို လုံးဝ ပြောမပြသည့် တိုင်အောင် ကျန်တစ်ယောက်က စကားစမြည် ပြောရင်းနှင့်ပင် မိမိလိုချင်သည့် သတင်း အချက်အလက်များကို အစ်ထုတ် နိုင်လေသည်။

……

ပြည်နယ် မြို့တော်၏ မြို့တော်ခန်းမကြီးမှာ ကြီးမားပြီး အဆင့်အတန်း မြင့်လေသည်။ ကောလာဟလများ အရတော့ အနောက်ဘက် တောင်နှင့် ချင်ပြည်နယ် မြို့တော်၏ အပြင်ဘက်ရှိ တောင်များ အားလုံးမှ သစ်ပင်များအားလုံး ပြောင်သည်အထိ ဤမျှ ကြီးကျယ် ခမ်းနားသည့် မြို့တော် ခန်းမကြီးကို ဆောက်လုပ်ထားသည် ဟူ၍ပင် ဖြစ်လေသည်။

ထိုသို့ ပြောကြခြင်းမှာ ပြည်နယ် အုပ်ချုပ်ရေးမှူး လက်အောက်ရှိ ပြည်နယ် အရာရှိများ အားလုံး လာဘ်စား ကြသောကြောင့် လှောင်ပြောင် ပြောဆိုကြခြင်း ဖြစ်လေသည်။

မြက်ပင်များနှင့် သစ်ပင်များမှာ နေရာတိုင်းတွင် ပေါက်ရောက် နေလေသည်။ မြို့တော်ခန်းမ အပြင်ဘက်ရှိ သစ်ပင်ကြီးများ အောက်ရှိ ကျောက်တုံးအက်ကွဲများ ကြားတွင်လည်း သစ်ပင်ငယ်များ ပေါက်နေလေသည်။

ထို့ကြောင့်ပင် ရှုမျှော်ခင်းမှာ အစိမ်းရောင်များဖြင့် ပြည့်နေ လေတော့သည်။

ရာသီဥတုကတော့ သိပ်မကောင်းလှပါ။ ညို့မှိုင်းပြီး တိမ်ထူထပ် နေလေသည်။ အချိန်မရွေး မိုးရွာ ချလာနိုင်သည့် အနေအထား ဖြစ်လေသည်။ မြို့တော်ခန်းမ အပြင်ဘက်တွင် လူငယ်လေး တစ် ယောက် ရပ်နေလေသည်။ ကိန်းကြီးခမ်းကြီး မဟုတ်သော်လည်း ကောင်းမွန် သပ်ရပ်စွာ ဝတ်စား ဆင်ယင် ထားလေသည်။ သို့သော် ကျွမ်းကျင်သည့် အင်္ကျီချုပ်သမားကို မေးကြည့်မည် ဆိုလျှင်တော့ သူ ဝတ်ထားသည့် အဝတ်အစားများမှာ လက်မှုပညာဖြင့် အနုစိတ် ခြယ်မှုန်းထားပြီး အထူး ကောင်းမွန်သော ပိတ်စကို အသုံးပြုထားသည့် တန်ဖိုးကြီးမားသော အဝတ်အစားများ ဖြစ်ကြောင်း ပြောနိုင်မည် ဖြစ်လေ သည်။

ဆန်းလျန်၏ စကားဖြင့် ပြောရမည် ဆိုလျှင်တော့ တန်ဖိုးကြီး အဝတ်အစားများကို ဝတ်ဆင် ထားသည့်တိုင် လူများ အာရုံမစိုက်မိသည့် ပုံစံမျိုး ဖြစ်လေသည်။

သူက အမြဲတမ်း ပျော်ရွှင်နေဖို့ စိတ်ထဲ မရှိသော်လည်း ဆင်းရဲ ဒုက္ခများကိုလည်း မခံစားချင်ပါ။

“ရုပ်ဝတ္ထုဝါဒ ဆိုသည်မှာ ပစ္စည်းတစ်ခုပင် ဖြစ်လေသည်။ သို့သော် ထိုအရာ အတွက်တော့ လူတစ်ယောက်သည် ကျွန်မခံသင့်ပေ” ဟူသည့် ခံယူချက်ကို သူ့ဘဝ နှစ်ခုလုံးတွင် ခံယူ ထားခဲ့လေသည်။

သူ ဆန်းအိမ်တော်မှ ထွက်ခွာလာတော့ သက်တော်စောင့်များစွာ သူ့နောက်မှ လိုက်လာကြလေ သည်။ သို့သော်လည်း လမ်းထောင့်ချိုးတစ်ခု အရောက်တွင်တော့ သူ သက်တော်စောင့်များကို ခြေရာ ဖျောက်လိုက်လေသည်။

သူ့နောက်သို့ လိုက်လာသည့် သက်တော်စောင့်များမှာ မယုံကြည်နိုင်စွာဖြင့် ကြည့်နေကြ လေသည်။ နေ့ခင်းကြောင်တောင် ဘယ်လိုလုပ် ဒီလောက်မြန်မြန် ပျောက်သွား ရပါလိမ့်။

ထိုသက်တော်စောင့်များ ဆန်းသခင်ကြီးကို မည်သို့ ဖြေရှင်းချက် ပေးမည်ကို ဆန်းလျန် ဂရု မစိုက်ပါ။ သူ့အတွက် အစိမ်းရောင်ဝတ် လူကို တွေ့ရဖို့သာ လိုအပ်လေသည်။

ချင်ပြည်နယ် မြို့တော်၏ ပြည်နယ် အုပ်ချုပ်ရေးမှူးတွင် အလွန်ထူခြားသော မျိုးရိုးနာမည် ရှိလေ သည်။ သူက သူ၏ မျိုးရိုးနာမည်မှာ “စော ကော် လေ့လေ့” မှ “စော” ဖြစ်ကြောင်း အမြဲတမ်း ရှင်းပြလေ့ ရှိသည်။ အဓိပ္ပါယ်မှာ “ကောင်းမွန်သည့် အကျိုးကျေးဇူး” ဟူ၍ ဖြစ်လေသည်။ သို့သော်လည်း ဒေသခံများက သူ၏ နောက်ကွယ်တွင် “စောရှု” ဟု ခေါ်ကြလေသည်။ “စောရှု” ဆိုသည်မှာ “ခြုံတိုး ကြွက်စုတ်” ဟု အဓိပ္ပာယ်ရလေသည်။ ပြည်နယ်အုပ်ချုပ်ရေးမှူး စောမှာ အမျိုးသမီးများ ကြားတွင် တစ်ညလုံး အိပ်နေခဲ့လေသည်။ အစေခံများက “တွေ့မည့်ဧည့်သည် လာသည်” ပြောသည့် အချိန်အထိ သူ၏ မိန်းကလေး အသစ်နှင့် အိပ်ရာထဲတွ င်ရှိနေဆဲဖြစ်လေသည်။

သူက ပြည်နယ် အုပ်ချုပ်ရေးမှူး ရာထူး ရရှိသည့်အခါ သူ၏ မိသားစုကို ချင်ပြည်နယ် မြို့တော်သို့ ခေါ်မလာခဲ့ပေ။ ထို့ပြင် ယခုကဲ့သို့ ကျူးလွန်နေခြင်း အတွက်လည်း စိတ်မသန့် မဖြစ်ခဲ့ပေ။

“ဘယ်သူလဲ။ ဒီလောက်အစောကြီး ငါ့ကို ဘယ်သူက တွေ့ချင်နေတာလဲ”

“လူငယ်လေးတစ်ယောက်ပါ သခင်ကြီး”

“ကလေးတစ်ယောက်နဲ့ အချိန်ဖြုန်းဖို့ ငါ့မှာ အချိန်မရှိဘူး”

လှပသော လက်လေးတစ်ဖက်က ပြည်နယ်အုပ်ချုပ်ရေးမှူး စော၏ လက်ကို အနောက်မှ လှမ်းကိုင်လိုက်သည်။ ထို့နောက် လက်မောင်းတစ်လျှောက် ပွတ်သပ် နေသောကြောင့် ပြည်နယ် အုပ်ချုပ်ရေးမှူး စောမှာ နောက်တစ်ကြိမ်အတွက် မစောင့်နိုင်တော့။

“သူ့ရဲ့ မျိုးရိုးနာမည်က “ဆန်း” လို့ပြောပါတယ်”

“သူ့မျိုးရိုး နာမည်က “ချန်” ဆိုရင်တောင်မှ ဂရုမစိုက်ဘူးကွ”

“ချန်” ဆိုသည်မှာ နန်းတွင်း တော်ဝင်ဘုရင်မင်းမြတ်၏ မျိုးနွယ်ဖြစ်လေသည်။

“သခင်ကြီး အဲဒီကောင်လေးကို တွေ့မှဖြစ်မယ်။သူက ဆန်းအိမ်တော်က လူပါ”

အိမ်တော်ထိန်းက အချိုသာဆုံး လေသံဖြင့် ပြောလိုက်လေသည်။

“ဘယ် “ဆန်း” မျိုးရိုးက လာရပြန်တာလဲ”

ပြည်နယ်အုပ်ချုပ်ရေးမှူး စောက တံခါး အပြင်ဘက်ရှိ အိမ်တော်ထိန်းအား အော်ဟစ်၍ မေး လိုက်လေသည်။

“သခင်ကြီး ချင်ပြည်နယ် မြို့တော်မှာ ဆန်းအိမ်တော်ဆိုတာ တစ်ခုပဲ ရှိတယ်လေ”

“ဒါဖြင့်လည်း သူ့ကို တွေ့ရတာပေါ့ကွာ”

အိမ်တော်ထိန်း၏ စကားက ပြည်နယ်အုပ်ချုပ်ရေးမှူး စောကို အိပ်ရာမှ ထရန် တွန်းအား အများ ကြီး ပေးလိုက်သကဲ့သို့ ဖြစ်သွား ရလေသည်။ သူက ကလူ၏သို့ မြှူ၏သို့ လုပ်နေသည့် မိန်းမပျိုလေးကို တွန်းထုတ်လိုက်ပြီး အင်္ကျီအမြန် ဝတ်လိုက်သည်။

သူ့အနေဖြင့် ဆန်းအိမ်တော်ကို ကြောက်ရွံ့ခြင်း မရှိပါ။ သို့သော် မလေးမစားတော့ မလုပ်ရဲပေ။ မဟုတ်ပါက ချင်ပြည်နယ် မြို့တော်တွင် အစိုးရ ချမှတ်သည့် မူဝါဒများနှင့် ပတ်သက်ပြီး အကောင် အထည် ဖော်၍ ရတော့မည် မဟုတ်သည့်အပြင် သူ၏ ပြည်နယ်အုပ်ချုပ်ရေးမှူး ရာထူးကိုပင် ထိခိုက် လာနိုင်ဖွယ် ရှိလေသည်။

ထို့ပြင် “ဆန်း” မျိုးနွယ် လူငယ်လေးတစ်ယောက် ဆိုသည်နှင့် ထိုလူငယ်လေးမှာ မည်သူ ဖြစ်သည်ကို သူချက်ချင်း ရိပ်မိ လိုက်လေတော့သည်။


Comment

Leave a Reply

Options

not work with dark mode
Reset