Switch Mode

အပိုင်း (၄၄၂)

ရီဖူရှင်း၏ဟန်ပန်

လောင်ရန်က ရီဖူရှင်းကို မြင်သောအခါ ဇဝေဇဝါ ဖြစ်ရသည်။ သူက နတ်ဗိမာန် အိမ်တော်ကို သွားတုန်းက ရီဖူရှင်းက သူ့အား ဒီနေ့ည အဖြေပေးမည်ဟု ပြောခဲ့သည်။ ယခု ရီဖူရှင်းက အနောက်ဘက် တရားရေးရာ အိမ်တော်ကို ရောက်လာသည်။ ဘာကို ဆိုလိုသနည်း။

ရီဖူရှင်းက လျှောက်လာကာ လောင်လင်းအာဘေးမှ မိန်းမလှအား နှုတ်ဆက်သည်… “သခင်မကို နှုတ်ဆက်ပါတယ်…”

သခင်မလောင်က အနည်းငယ် ခေါင်းညိတ်သည်။ သူမကလည်း ပုံမှန်အားဖြင့် လောင်လင်းအာ၏ သတင်းများကို ကြားသိသည်။ ယခု ကိုယ်တိုင် တွေ့မြင်ရသောအခါ လောင်မူထက်ပင် ချောမော ခန့်ညားသည်ဟု မှတ်ချက်ချမိသည်။

ကုယွန်ချီကလည်း ရီဖူရှင်းကို အကဲခတ်နေသည်။ လောင်လင်းအာက အလွန် ဂရုစိုက်ပုံရသော ထိုလူအား သူမကလည်း စိတ်ဝင်စားမိ၏။

“ကိုယ့်အိမ်လို သဘောထားပြီး ထိုင်ပါ…” သခင်မလောင်က ပြုံးလျက် ခေါင်းညိတ်သည်။ သူ၏အသံက လေညင်းအလား ညင်သာသည်။

“ကျေးဇူးတင်ပါတယ်… သခင်မ…” ရီဖူရှင်းက ခေါင်းညိတ်သည်။

ယန်ရှင်းက ရီဖူရှင်းကို ဘေးနားမှ ထိုင်ခုံတစ်နေရာသို့ ခေါ်သွားသည်။ လောင်လင်းအာ၏ မျက်လုံးများက ရီဖူရှင်းထံတွင် ရောက်နေသည်။ သူမက ချစ်စဖွယ် မျက်လုံးမှိတ်ပြလျှင် ရီဖူရှင်းက သူမအား ကြည့်သည်။ အကယ်၍ သည်လိုမျိုးပုံစံ ဆိုပါက သည်နေရာကို ရီဖူရှင်းက လာရောက်ခဲ့မည် မဟုတ်ပေ။ သည်မိန်းကလေးကား အမှန်ပင် ဉာဏ်များသည်။

“မင်းက လင်းအာကို ဒီရက်ပိုင်း ဘယ်လို ဂရုစိုက်ပေးခဲ့လဲ ကြားသိရတယ်…” သခင်မလောင်က ရီဖူရှင်းကို ပြုံးလျက် ကြည့်သည်။ သူမ၏ အမူအရာကို မြင်လျှင် နတ်ဗိမာန် အိမ်တော်အား ပြန်ယူလိုသည်မှာ နဂါးကလန်၏ ရည်ရွယ်ချက် မဟုတ်ကြောင်း သိလိုက်သည်။ ထိုကိစ္စက လောင်ရန်နှင့် သူ့လူတို့၏ အကြံအစည်သာ…။

မဟုတ်လျှင် နဂါးကလန်၏သခင်မက သူ့အပေါ် အလွန် ဟန်ဆောင်ပြနေမည် မဟုတ်ပေ။

“ရပါတယ်.. လင်းအာက ဉာဏ်ကောင်းတယ်… အမှန်တကယ်က သူမက ကျွန်တော့်ရဲ့ အကူအညီ မလိုအပ်ပါဘူး… ကျွန်တော်က ဒီရက်ပိုင်း သူမနဲ့ ကစားပေးရုံလောက်ပါပဲ… သခင်မက စိတ်မဆိုးဖို့ မျှော်လင့်ပါတယ်…” ရီဖူရှင်းက နှိမ့်ချစွာ ပြောသည်။

“မိန်းကလေးက ခေါင်းမာတယ်… မင်းအတွက် ပြဿနာ အများကြီး ဖြစ်စေခဲ့မှာပဲ…” သခင်မလောင်က ပြုံးလျက် ပြောသည်။ သူမက သူမသမီး၏ စိတ်နေသဘောထားကို သိပေသည်။

“အမေ… လင်းအာက လိမ္မာပါတယ်…” လောင်လင်းအာက ဝင်ပြောသည်။

“အင်း… မင်းက အရမ်း လိမ္မာတယ်…” သခင်မလောင်က ထိုသို့ပြောကာ လူတိုင်းကို ပြောသည်… “စကားချည်း ပြောမနေကြနဲ့… စားလည်းစားကြ…”

လူတိုင်းက ခေါင်းညိတ်ကာ ပျော်ရွှင်စွာ စားသောက်ကြသည်။ တစ်စုံတစ်ယောက်က ဖန်ခွက်အား မြှောက်ကာ ရီဖူရှင်းကို ပြောသည်… “ဒီတစ်ခွက်က ဆရာ့အတွက်…”

“အင်း…” ရီဖူရှင်းကလည်း သူ၏ဖန်ခွက်ကို မြှောက်သည်။

ထိုလူက ဖန်ခွက်အား ချရင်းက ပြောသည်… “ခင်ဗျားက ကု့ချင်းမှာ အရမ်း ထူးချွန်တယ်လို့ ကြားတယ်… လင်းအာကတောင် ချီးကျူးရတယ် ဆိုတော့ ခင်ဗျားက ကောင်ကောင်း သင်ခဲ့ပုံရတယ်…”

“မဟုတ်ဘူး… ကျုပ်က အခြေခံလောက်ပဲ သိတယ်…” ရီဖူရှင်းက ပြန်ပြောသည်။

“ခင်ဗျားက အရမ်း နှိမ့်ချတတ်တာပဲ… ခင်ဗျားက အခြေခံပဲသိရင် လင်းအာက ခင်ဗျားကို နတ်ဗိမာန် အိမ်တော်ကို လက်ဆောင်ပေးမှာ မဟုတ်ဘူး…” ထိုလူက အေးအေးလူလူ ပြောသည်။ သို့သော် လူအများအပြားက ထိုအခိုက်တွင် ရီဖူရှင်းကို စိုက်ကြည့် နေကြသည်။

လောင်မူက လင်းအာကို ပြောခဲ့သလိုပင် သည်မိန်းကလေးက လူစိမ်းတစ်ယောက်အား နတ်ဗိမာန် အိမ်တော်ကို လွယ်လင့်တကူ ပေးခဲ့သည်။ နဂါးကလန် အတွက် ထိုမျှ ပမာဏက အရေးမပါသော်လည်း လူငယ်မျိုးဆက်များ အတွက်မူကား တန်ဖိုးကြီးမားနေဆဲ ဖြစ်သည်။ အဆင့်အတန်း မြင့်သော လူများသာလျှင် ထိုမျှသော အထောက်အပံ့များကို ရရှိသည်။

မည်သို့ဆိုစေ နဂါးကလန်ကား လွန်စွာ အရေအတွက် များပြားသော မိသားစုဝင်များကို ပိုင်ဆိုင်ထားသည်။ အရင်းအမြစ် အများစုက စီနီယာများနှင့် ပါရမီရှင်များ အတွက်သာ ဖြစ်သည်။ လူငယ်များက အထောက်အပံ့ သိပ်ရကြသည် မဟုတ်ပေ။ သို့သော် လောင်လင်းအာက နတ်ဗိမာန် အိမ်တော်အား လွယ်လင့်တကူ ပေးအပ်ခဲ့သည်။ နဂါးကလန်မှ လူများက ပုံမှန်အားဖြင့် စိတ်ဝင်စားကြပေသည်။

လောင်လင်းအာက ပြောလိုက်သူအား ကြည့်လိုက်သည်။ သူမက ငယ်ရွယ်သော်လည်း တစ်စုံတစ်ခု မှားယွင်းနေသည်ကို သိလိုက်သည်။ သို့သော် သူမက ဘာမှားနေသည်ကို အတိအကျ မပြောနိုင်ပေ။

“ကျုပ်လည်း စိတ်ဝင်စားမိတယ်… လင်းအာက ဒီလောက် ချီးကျူးနေတယ် ဆိုမှတော့ ခင်ဗျားက အရမ်း ပါရမီကောင်းရမယ်… ဒီနေ့က လင်းအာရဲ့ မွေးနေ့ဆိုမှတော့ ခင်ဗျားက လက်ဆောင်အနေနဲ့ တစ်ခုခု တီးပေးရင် ဘယ်လိုလဲ…” လောင်ရန်က ပြုံးလျက် ပြောသည်။

“အကြံကောင်းပဲ…” တခြားလူငယ်များက ထောက်ခံကြသည်။

“အစ်ကိုဖူရှင်း… သူတို့ကို နားမထောင်နဲ့…” လောင်လင်းအာက သူတို့အား ဒေါသတကြီး ကြည့်သည်။

“ဒါ အဆင်ပြေတယ်…” ရီဖူရှင်းက ပြုံးလျက် ခေါင်းညိတ်သည်… “ဒီနေ့က လင်းအာရဲ့မွေးနေ့ ဆိုမှတော့ ကျုပ်က တစ်ခုခု တီးပေးသင့်တာပေါ့…”

ရီဖူရှင်းက ထရပ်သည်။ သခင်မလောင်နှင့် လောင်မူတို့ကလည်း တိတ်ဆိတ်စွာ ကြည့်နေကြသည်။ သူတို့ကလည်း ရီဖူရှင်း၏ စွမ်းရည်ကို သိလိုကြ၏။

ရီဖူရှင်းက အလယ်သို့ လျှောက်သွားသည်။ သူ၏လက်စွပ်က အရောင်တစ်ချက် လက်သွားပြီး ကု့ချင်းတစ်လက် ပေါ်လာသည်။ ဤသည်ကို မြင်လျှင် လူငယ်အများအပြား၏ အမူအရာများက ထူးဆန်းသွားကြသည်။ သူက ဘယ်လိုလုပ် တန်ဖိုးကြီးလှသော သိုလှောင် လက်စွပ်တစ်ကွင်း ရှိရသနည်း။ ထိုခွေးကောင်က နတ်ဗိမာန် အိမ်တော်က သည်မျှပင် အကျိုးအမြတ်များ ရနေပြီလား…။

ရီဖူရှင်းကဲ့သို့ ငယ်ရွယ်သောသူက သည်မျှ တန်ဖိုးကြီးသော အရာများ မရှိသင့်ပေ။ သိုလှောင်လက်စွပ်က ထိုမျှ သိပ်အသုံးမဝင်ပေ။ သို့သော် ပြုလုပ်ရန် လွန်စွာ ခက်ခဲသည်။ ထိုအရာက လွန်စွာ တန်ဖိုးကြီးကာ ရှားပါးသော ပစ္စည်းများနှင့် ပြုလုပ်ရသည်။ ပုံမှန်အားဖြင့် ရှီအဆင့် တန်ခိုးရှင်များတွင်သာ သိုလှောင်လက်စွပ်ကို တွေ့ရတတ်သည်။

သည်မတိုင်မီက ရီဖူရှင်း၏လက်စွပ်က သာမန်လက်စွပ် တစ်ကွင်းဟု သူတို့ ထင်မှတ်ခဲ့ကြသည်။ ထိုလက်စွပ်က သိုလှောင်လက်စွပ် ဖြစ်သည်ဟု မထင်မှတ် ထားခဲ့ကြပေ။ မည်သို့ဆိုစေ သိုလှောင် လက်စွပ်များကား လွန်စွာ ရှားပါးပေသည်။

လောင်လင်းအာက ရီဖူရှင်းအား မျှော်လင့်တကြီး ကြည့်သည်။ ရီဖူရှင်း၏ ဂီတကား အလွန် ကောင်းမွန်သည်ကို သူမသိသည်။

ရီဖူရှင်းက စတင် တီးခတ်လျှင် သူ၏ပုံစံက လုံးဝ ပြောင်းလဲသွားဟန် ရသည်။ သူက မျက်လုံးကို မှိတ်ကာ လက်ရှိ ပတ်ဝန်းကျင် အခြေအနေကို အာရုံဝင်စားသည်။ ထို့နောက် သူ၏လက်ချောင်းများက ကြိုးများကို ထိခတ်ကာ သံစဉ်များအား ပတ်ဝန်းကျင်ကို ပျံ့လွင့်စေသည်။

သံစဉ်ကား သိမ်မွေ့ ညင်သာကာ လှပကြော့ရှင်းသည်။

လူတိုင်းက သံစဉ်၏ အားကောင်းသော အနုပညာရသသိအား ခံစားကြရသည်။ သူတို့က အပူအပင်ကင်းမဲ့သော မိန်းကလေး တစ်ယောက် ကြီးပြင်းလာသည်ကို မြင်ကြရသည်။ သူမကား အပြစ်ကင်းကာ သန့်စင်သည်။ သူမက အမြဲတမ်း တက်ကြွလန်းဆန်း နေတတ်ကာ လူအများအား ပျော်ရွှင်မှုကို ပေးသည်။ ထို့နောက် သူမက ကြီးပြင်းလာကာ စိုးရိမ်တတ်လာသည်။

သံစဉ်က တဖြည်းဖြည်း လေးလံလာကာ ဝမ်းနည်းဖွယ် ကောင်းလာ၏။ ဆွေးမြည့်ဖွယ်သံစဉ်က လူအများအား သူတို့၏စိတ်နှလုံး ပြုတ်ကြွေ ကျတော့မည့်အလား ခံစားရစေသည်။ သူတို့အားလုံး နာကျင်ခံစားရ၏။

အကြောင်းပြချက် တချို့ကြောင့် လောင်လင်းအာက သံစဉ်ထဲတွင် သူမ၏ဘဝ တစ်စိတ်တစ်ပိုင်းကို ပြန်မြင်ရသည်။ သူမက အတိတ်မှ အကြောင်းအရာများကို ပြန်တွေးဖြစ်သည်။ ထိုအချိန်က သူမကား အပူအပင် ကင်းကာ လွတ်လပ်သည်။ သို့သော် သံစဉ်က ပြောင်းလဲ သွားခဲ့သည်။ သူမက သူမ၏ဦးလေးကို ပြန်တွေးမိလျှင် သူမ၏မျက်လုံး ထောင့်စွန်းများမှ မျက်ရည်စများ ဖြစ်ပေါ်လာသည်။ သူမ၏နှလုံးသားက နာကျင်ရသည်။

သခင်မလောင်ကား အံ့အားသင့်ရသည်။ သူမ၏ တန်ခိုးအဆင့်ဖြင့်ပင် သူမက သီချင်း၏ အနုပညာရသသိထဲကို ဆွဲယူခြင်း ခံရ၏။ သူမက လောင်လင်းအာကို ကြည့်လျှင် မျက်ရည်စများကို မြင်သည်။

ဂီတသံစဉ်က နှေးကွေးသွားကာ ဝမ်းနည်းမှုက ပြယ်လွင့်သွားသည်။ မိန်းကလေးက တဖြည်းဖြည်း ကြီးပြင်းလာကာ ပိုမို၍ အားကောင်းလာပြီး အမှီအခို ကင်းလာ၏။ သူမက လောကကြီးကို ရင်ဆိုင်ကာ အရာအားလုံးကို နားလည် လက်ခံတတ်လာသည်။ နားထောင်သူများက တိမ်မည်းများ ကြားထဲမှ နေရင် တစ်စွန်းတစ်စကို မြင်ကြရသည်။ နေရောင်က သူတို့၏ မျက်နှာကို ကျဆင်းလာသည့်အလား သူတို့၏နှလုံးသားများက နွေးထွေးရသည်။

လောင်လင်းအာ၏ မျက်ရည်များ ပျောက်ကွယ်သွားသည်။ သူမက မျက်လုံးကို မှိတ်ကာ သံစဉ်ထဲတွင် နစ်မျောနေ၏။

သံစဉ်က တဖြည်းဖြည်း ပေါ့ပါးလာသည်။ ကခုန်နေသော တီးလုံးများက သူတို့ရှေ့မှ မြင်ကွင်းကို ဖော်ကျူးနေဟန် ရသည်။ လောင်လင်းအာက မျက်လုံးကို ဖွင့်ကာ ရီဖူရှင်းကို ပြုံးလျက် ကြည့်သည်။ ရီဖူရှင်း ဘာပြောလိုသည်ကို သူမက နားလည်သည်။ ထိုခံစားချက်က ကောင်းမွန်၏။ သူမက ပိုမို သန်မာလာအောင် ကြိုးစားကာ အခက်အခဲများကို ရင်ဆိုင်ရဦးမည်။

နောက်ဆုံးတွင် သံစဉ်က ရပ်တန့်သွားသည်။ ရီဖူရှင်းက တိတ်ဆိတ်စွာ ထိုင်နေသည်။ သခင်မလောင်ကား တိတ်တဆိတ် ချီးကျူးရသည်။ သံစဉ်က သူမအား ထိရှစေသည်။ သံစဉ်က အဆင့်မမြင့်သော်လည်း အနုပညာရသသိကား အလွန်ထူးခြား လေးနက်သည်။ ထို့အပြင် လက်ရှိ ပတ်ဝန်းကျင် အခြေအနေနှင့်လည်း လွန်စွာ လိုက်ဖက်သည်။ ရီဖူရှင်းက ကိုယ်တိုင် ဖန်တီးခဲ့ခြင်း ဖြစ်ရမည်။ ကုယွန်ချီလည်း အံ့အားသင့်ရသည်။ သူ၏စွမ်းရည်ကား လောင်လင်းအာ ပြောသလိုပင်…။

“မြင်လား… လင်းအာ မလိမ်ဘူး… အစ်ကိုဖူရှင်းရဲ့ သံစဉ်က အရမ်း ခံစားရတယ်…” လောင်လင်းအာက ဂုဏ်ယူစွာ ပြုံးသည်။

ရီဖူရှင်းက သူ၏ကု့ချင်းကို သိမ်းဆည်းလိုက်ကာ မူလနေရာသို့ ပြန်လာသည်။

“အရမ်းမိုက်တယ်…” သည်မတိုင်မီက လူငယ်က ပြောသည်… “လူတိုင်းက မှော်ဂီတပညာမှာ ကွဲပြားခြားနားတဲ့ စွမ်းရည် ရှိကြတယ်… ဒီလို လှည့်စားတတ်တဲ့ သံစဉ်မျိုးက တခြားလူတွေကို အနုပညာရသသိနဲ့ ဖမ်းစားနိုင်တာကို ဒီနေ့မှ မြင်ဖူးတယ်… လင်းအာက ငယ်သေးတော့ သူမက လွှမ်းမိုးခံရတာ မထူးဆန်းပါဘူး…”

“လောင်ဟွန်… နင်က ဘာကို ပြောနေတာလဲ…” လောင်လင်းအာက ထိုလူငယ်ကို မီးဝင်းဝင်း တောက်လျက် ကြည့်သည်။

“လင်းအာ… မင်းက လူတွေကို နားလည်ဖို့ အများကြီး လိုသေးတယ်… ဒီသံစဉ်က လှည့်စားမှု တစ်ခုသက်သက်ပဲ… လေးစားဖို့ မထိုက်တန်ဘူး…”

သခင်မလောင်က လောင်ဟွန်အား ကြည့်သည်။ သူ၏အပြုအမူအား သူမက မအံ့ဩပေ။ သူမ၏အစ်ကို သေဆုံးသွားသောအခါ နဂါးကလန်က လွန်စွာ ရှုပ်ထွေးသွားခဲ့သည်။ သူမယောက်ျား၏ သံမဏိစည်းမျဉ်းများ ကြောင့်သာ ကလန်က တကွဲတပြား မဖြစ်ခဲ့ခြင်းပင်။ သို့တိုင်အောင် မိသားစုဝင်ဟောင်းများက ယခုထိ ကလန်ကို ထိန်းချုပ်လို နေကြသေးသည်။ လောင်ဟွန်ကား အကြီးအကဲ တစ်ယောက်၏ မျိုးဆက်တည်း။ ထို့ကြောင့်ပင် လင်းအာက အပြင်လူတစ်ယောက်ကို နတ်ဗိမာန် အိမ်တော်အား ပေးခဲ့ခြင်းအား မလိုလားခဲ့ပေ။

လူမြင်ကွင်းတွင် လင်းအာအား မဝေဖန်ခြင်းက သူမနှင့် ကလန် ခေါင်းဆောင်တို့၏ အာဏာကြောင့်သာ ဖြစ်သည်။ ရီဖူရှင်းက သူတို့၏ ပစ်မှတ်ဖြစ်သွားခဲ့၏။

“ဟုတ်တယ်… လောင်ဟွန်က နဂါးဆရာ ဖြစ်ပြီးတော့ ကု့ချင်း ကျွမ်းကျင်တယ်… သူက ဒီလိုဟာတွေ သိမှာပဲ… လင်းအာ… နိမ့်ကျတဲ့လူတွေဆီမှာ အလိမ်မခံနဲ့…” လောင်ရန်က ထပ်ပြောသည်။ တခြားလူများက အချင်းချင်း တီးတိုး ပြောကြသည်။

“တော်လောက်ပြီ…” သခင်မလောင်က ပြောသည်… “မင်းတို့က ဒီကို ဘာလာလုပ်တယ်ဆိုတာ မမေ့နဲ့…”

ထို့နောက် ညစာစားပွဲတစ်ခုလုံး တိတ်ဆိတ် သွားသည်။ လောင်ဟွန်က ပြုံးလျက်ပြောသည်… “စိတ်မဆိုးပါနဲ့ သခင်မ… ဒီနေ့က လင်းအာရဲ့ မွေးနေ့ဆိုတော့ ကျွန်တော်က ဒီကိစ္စကို ထပ်မပြောတော့ပါဘူး…”

“အမေ…” လောင်လင်းအာက သူမ၏အမေအား သနားစဖွယ် ကြည့်သည်။

“လင်းအာ…” သခင်မလောင်က လင်းအာ၏ ဆံပင်များအား ပွတ်သပ်လိုက်ကာ ဘာမှ မပြောတော့ပေ။

လောင်မူက သူမအား တစ်ချက်ကြည့်သည်။ မိန်းကလေးကား ဗဟုသုတနည်းရာ သူက ထူးဆန်းသည် မတွေးတော့ပေ။ ကုယွန်ချီက ရီဖူရှင်းအား ကြည့်သည်။ သည်မြင်ကွင်းက သူ့အတွက် အလွန်စော်ကားရာ ကျပေသည်။

သို့သော် ရီဖူရှင်းက ပြုံးလျက် ပြောသည်… “လင်းအာ…”

“အစ်ကိုဖူရှင်း…” လောင်လင်းအာက အပြစ်ရှိသလို ခံစားရသည်။ သူ့အား ခေါ်လိုက်ခြင်း အတွက် သူမက နောင်တရသည်။

“အရူးမလေး…” ရီဖူရှင်းက ပြုံးသည်။ မိန်းကလေးကား ခေါင်းမာသော်လည်း သူမက အပြစ်ကင်းပေသည်။ ရီဖူရှင်းက ထရပ်ကာ နတ်ဗိမာန် အိမ်တော် ကျောက်စိမ်းပြားအား ပြန်ကမ်းပေးသည်… “ဒါကို ပြန်ယူလိုက်…”

လူတိုင်း အံ့အားသင့် သွားကြသည်။

“အစ်ကိုဖူရှင်း…” လောင်လင်းအာက ထရပ်ကာ ပြောသည်… “လင်းအာက အစ်ကိုဖူရှင်းကို ပေးဖို့ ကတိပေးထားတယ်… သူတို့ကို နားမထောင်နဲ့…”

“ဒီနေ့ လူတစ်ယောက်က လာပြီးတော့ ဒါကို လာတောင်းတယ်… ဒါကြောင့်ပဲ ဒီနေ့ ပြန်လာပေးဖြစ်ခဲ့တာ… ငါက နည်းနည်း ဆင်းရဲတယ် ဆိုပေမဲ့ နိမ့်ကျတဲ့လူတော့ မဟုတ်ဘူး… ဒါက မင်းနဲ့ ဘာမှ မဆိုင်ဘူး…” ရီဖူရှင်းက လင်းအာ၏ ခေါင်းအား အသာပုတ်လိုက်သည်။ ထို့နောက် သူက လောင်ဟွန်အား ကြည့်ကာ ပြောသည်… “ကျုပ်က ပါရမီနည်းပြီးတော့ မှော်ဂီတပညာမှာ သိပ်မကောင်းပေမဲ့ ဒီလိုမျိုးတော့ အရှက်ခွဲမခံချင်ဘူး… ပညာနည်းနည်း ယူပါရစေ…”

***

Comment

Leave a Reply

Options

not work with dark mode
Reset