Switch Mode

အပိုင်း (၄၄၁)

မွေးနေ့

မိန်းမလှက ပြုံးလျက် လျှောက်လာကာ လောင်လင်းအာ၏ ခေါင်းအား အသာပုတ်သည်… “လင်းအာက အခု တစ်နှစ် ကြီးသွားပြီ…”

“အမေ … လင်းအာ ဒီလိုပွဲမျိုး မကျင်းပချင်ဘူး…” လောင်လင်းအာက လူအုပ်ကြီးကို ကြည့်ကာ ရေရွတ်သည်။ သူမက နီးကပ်သော မိသားစု မိတ်ဆွေများနှင့်သာ မွေးနေ့ပွဲကို ကျင်းပလို၏။ သို့သော် သူမ၏ အဆင့်အတန်းကြောင့် သူမတွင် တကယ့် မိတ်ဆွေများလည်း ရှားပါးလှသည်။ လူအများအပြားက သူမ၏မွေးနေ့ပွဲကို လာရောက်ကြသော်လည်း တကယ့်စိတ်ရင်းဖြင့် လာခြင်းတော့ မဟုတ်ပေ။ သူတို့က သူမ၏ အဆင့်အတန်းကြောင့် လာခြင်းမျှသာ…။

“အရူးမလေး… သမီးက သဘောကျသည် ဖြစ်စေ… သဘောမကျသည် ဖြစ်စေ နဂါးကလန်က တစ်မိသားစုတည်းပဲ…” မိန်းမလှက ညင်သာစွာ ပြောသည်။ ကောင်မလေးကား ငယ်လွန်းသေးသည်။ သူမက ကိစ္စရပ် အတော်များများကို နားမလည်သေးပေ။

လောင်လင်းအာက ခေါင်းညိတ်သည်။

“အန်တီ… လင်းအာ…” လောင်မူ လျှောက်လာသည်။

“ဟင်း…” လောင်လင်းအာက သူ့အား ဒေါသတကြီး ကြည့်ပြီး တစ်ဖက်ကို လှည့်သွားသည်။

“မင်းက ငါ့ကို စိတ်ဆိုးနေတုန်းလား…” လောင်မူက မေးသည်။

“လင်းအာ… အဲဒီလို မလုပ်နဲ့…” သခင်မလောင်၏အသံက လေးနက်သွားသည်။ လောင်မူကား သူတို့ အစ်ကိုကြီး၏ မျိုးဆက် ဖြစ်သည်။

“အမေ… ဘာလို့ သူ့ဘက်က အမြဲတမ်း ပါတာလဲ…” လောင်လင်းအာက မျက်တောင် တဖျတ်ဖျတ် ခတ်ကာ ပြောသည်။

“ဘာဖြစ်လို့လဲ… မင်းအစ်ကိုက ဘာလုပ်လိုက်လို့လဲ…” သခင်မလောင်က မေးသည်။

“သူ့ကို မေး…” လောင်လင်းအာ၏ပုံဟန်က စိတ်မကောင်း ဖြစ်နေဟန် ရသည်။

“အန်တီ… လင်းအာက နတ်ဗိမာန် အိမ်တော်ကို ဝယ်တာ သိပါသလား…” လောင်မူက မေးသည်။

“အင်း… ငါကြားတယ်….” သခင်မလောင်က ခေါင်းညိတ်သည်။ ထိုသို့သော ကိစ္စအား သူမက မည်သို့ မသိဘဲ နေမည်နည်း။

“ကျွန်တော်က နတ်ဗိမာန် အိမ်တော်ကို သွားပြီး အဲဒီလူကို ထွက်သွားဖို့ ပြောခဲ့တယ်… ဒါကြောင့် လင်းအာက စိတ်ဆိုးနေတာ…” လောင်မူက မသက်မသာ ပြုံးကာ ပြောသည်။

“အမေ… အစ်ကိုဖူရှင်းက လင်းအာကို အရမ်း ကောင်းတယ်… သူက လင်းအာကို ကု့ချင်း ဘယ်လို တီးရမယ်ဆိုတာ သင်ပေးတယ်… သူ့ကြောင့် သမီးက နဂါးဆရာ ဖြစ်တာ…” လောင်လင်းအာက ပြောသည်။

ယန်ရှင်းက ဘေးတွင် ရပ်ကာ အံ့အားသင့်နေသည်။ လောင်လင်းအာကား ရီဖူရှင်းနှင့် အတူရှိစဉ်က သည်မျှ သူ့အား မကောင်းမွန်ပေ။

“ငါလည်း ဒါကို ကြားတယ်… စီနီယာဖန်းက အရမ်းနှိမ့်ချတယ်… အဲဒါက သူ့ကြောင့်လို့ မင်းက တကယ်ပဲ ထင်တာလား… မင်းရဲ့ တကယ့်ဆရာက ဘယ်သူလဲဆိုတာ သိသင့်တယ်… ဒါက တိုက်ဆိုင်တာ သက်သက်ပဲ…” လောင်မူက ပြောသည်။ အကာနာအဆင့် လူငယ်တစ်ယောက်က လင်းအာကို သင်ပေးနိုင်မည်ဟု သူ မယုံပေ။ လင်းအာ၏ သင်ယူမှုများက စီနီယာဖန်း၏ ကြိုးစား အားထုတ်မှုများသာ ဖြစ်ရမည်။

“ရှင်က ဘာမှ မသိဘူး…” လောင်လင်းအာက မျက်နှာညှိုးငယ်စွာဖြင့် ပြောသည်။

“ကောင်းပြီ… ကောင်းပြီ…” သခင်မလောင်က ညင်သာစွာ ပြောသည်… “ဒီနေ့က သမီးမွေးနေ့ပဲ… သိပ်ပြီး ဒေါသမထွက်နဲ့… လူစုံပြီဆိုမှတော့ မွေးနေ့ပွဲကို စရအောင်…”

လောင်လင်းအာ၏ မျက်နှာက ကြည်လင် ရွှင်ပြခြင်း မရှိပေ။ အစ်ကိုဖူရှင်း ရောက်လာမည်လော သူမ မသိပေ။ သူက ကတိပေးခဲ့သည်။ သူ၏ကတိတော့ မဖျက်လောက်ပါဘူး… ဟုတ်တယ်မလား…။

ညစာစားပွဲ စတင်သောအခါ သခင်မလောင်နှင့် လင်းအာတို့က ပင်မထိုင်ခုံတွင် ထိုင်ကြသည်။ လောင်မူက ဘေးတွင် ထိုင်နေသည်။ တခြားလူများ အားလုံးကလည်း နဂါးကလန်မှ ဖြစ်ကြကာ လက်ဆောင်များဖြင့် လာကြ၏။

လောင်ရန်ကား ထိုအထဲမှ တစ်ယောက်ဖြစ်သည်။ သူက ဂီတသံစဉ်အား မဝယ်နိုင်ခဲ့ပေ။ အနောက်ဘက် တောင်ကုန်းတွင် ကု့ချင်းမျိုးစုံ ရှိသည်။ နာမည်ကျော်ကု့ချင်း မဟုတ်လျှင် ထိုအရာက အဓိပ္ပာယ်ကင်းမဲ့ပေသည်။ ထို့ကြောင့် သူက ချိန်ယွန်လမ်းကြားမှ လည်ဆွဲတစ်ပင် ဝယ်ခဲ့၏။ လည်ဆွဲကား လှပကာ ခုခံခြင်း သိဒ္ဓိဝင်ပစ္စည်းလည်း ဖြစ်သည်။ ထိုအရာက ဝတ်ဆင်သူကား ကာကွယ်ပေးနိုင်သည်။ လောင်လင်းအာက နဂါးလည်ဆွဲကို အမြဲတမ်း ဝတ်ဆင်သော်လည်း သူ၏လက်ဆောင်က အနည်းငယ် အဓိပ္ပာယ် ပါဝင်ပေသည်။ လောင်လင်းအာတွင် လိုအပ်ချက်များ သိပ်မရှိရာ သူက ဘာဝယ်ရမည်ကို စဉ်းစား၍ မရပေ။

လောင်လင်းအာကား လည်ဆွဲကို လက်ခံရာတွင် မည်သည့် ခံစားချက်မှ ရှိဟန်မရပေ။ သူမက လည်ဆွဲကို ဘေးတွင် ချကာ သူမ၏လက်ကလေးဖြင့် လည်ပင်းမှ နဂါးလည်ဆွဲအား ထိကိုင်လိုက်သည်။ နဂါးလည်ဆွဲက အနည်းငယ် အရောင်တောက်လာကာ သူမအား နွေးထွေးစေသည်။ လောင်လင်းအာက ပြုံးလိုက်သည်။ သူမ၏ဦးလေးက သည်လည်ဆဲအား ပေးခဲ့ခြင်း ဖြစ်သည်။

ခေါင်မော့ကာ လောင်လင်းအာက အဝေးကို မျှော်ကြည့်သည်။ သူက တကယ်ပဲ လိမ်ညာခဲ့သလော…။

“သခင်မ…” အသံတစ်သံကို ကြားရသည်။

သခင်မလောင်က ကြည့်သည်… “အင်း…”

“ဧည့်သည် တစ်ယောက် လာတယ်…” ထိုလူက ပြောသည်။

လောင်လင်းအာ၏ မျက်လုံးက အရောက်လက် သွားသည်… “သူ့ကို ပေးဝင်လိုက်…”

“ဘယ်သူလဲ…” သခင်မလောင်က မေးသည်။

“ကုကလန်က ကုယွန်ချီ” ထိုလူက ပြန်ပြောသည်… “သူမက သခင်မလေးရဲ့ မွေးနေ့ပွဲကို လာတာတဲ့…”

ရောက်လာသူက ရီဖူရှင်းက မဟုတ်သည်ကို ကြားလျှင် လောင်လင်းအာက စိတ်ပျက်သွားသည်။

“အစ်မယွန်ချီက ဘာလို့ ရောက်လာတာလဲ…” သူမက တွေးလိုက်သည်။ မည်သို့ဆိုစေ သူမကား ငယ်ရွယ်သေးကာ နဂါးကလန်၏ အကြီးအကဲ မဟုတ်ပေ။ သည်ပွဲက မွေးနေ့ပွဲတစ်ခုသာ ဖြစ်သည်။

သို့သော်လည်း ကုကလန်နှင့် နဂါးကလန်တို့ကား အမြဲတမ်း ကောင်းမွန်သော ဆက်ဆံရေး ရှိပေသည်။

“အာ… ယွန်ချီလား… သူမကို ဝင်ခွင့်ပေးလိုက်…” သခင်မလောင်က ပြုံးလျက် ပြောသည်… “မူ… ယွန်ချီကို ကိုယ်တိုင် သွားခေါ်လိုက်…”

“ကောင်းပြီ…” လောင်မူက ခေါင်းညိတ်သည်။ သူက အပြင်ဘက်ကို လှမ်းထွက်သွား၏။

နဂါးကလန်မှ လူငယ်များက စိတ်လှုပ်ရှား သွားကြသည်။ သူတို့အားလုံးက ကုယွန်ချီ၏ အလှကို ကြားဖူးကြ၏။ မိုးမြေကောင်းကင်မြို့တွင် သူမ၏အလှက ပုရိသများအား စစ်ခင်း စေနိုင်လောက်သည်ဟု နာမည်ကြီးသည်။

သခင်မက လောင်မူအား ကုယွန်ချီကို အဘယ်ကြောင့် ကိုယ်တိုင် ကြိုဆို ခိုင်းသည်ကို သိကြသည်။ ကလန်နှစ်ခုက အမြဲတမ်း ကောင်းမွန်သော ဆက်ဆံရေးရှိကာ ကောလာဟလများအရ နဂါးကလန် ယခင် ခေါင်းဆောင် မသေဆုံးမီက မိသားစုနှစ်ခုက လောင်မူနှင့် ကုယွန်ချီအား စေ့စပ်လိုခဲ့ကြသည်ဟု ပြောကြသည်။

လောင်မူ၏အဖေ သေဆုံးပြီး နောက်ပိုင်းတွင် ထိုကိစ္စက အကောင်အထည် မပေါ်လာခဲ့သော်လည်း မိသားစုနှစ်ခုက ကောင်းမွန်သော ဆက်ဆံရေးကို ပိုင်ဆိုင်ကြပေသည်။

ယခု ကုယွန်ချီက လောင်လင်းအာ၏ မွေးနေ့ပွဲကို ရောက်လာကာ သခင်မလောင်က အမှန်ပင် ပျော်ရွှင်ရပေသည်။ ထို့ကြောင့် သူမက လောင်မူအား သွားရောက် ကြိုဆိုစေသည်။

အတန်ကြာလျှင် လူတစ်စု ရောက်လာသည်။ လောင်မူ၏ဘေးတွင် မိန်းမလှတစ်ယောက် ပါလာသည်။ သူမက ပန်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ပိန်သွယ်သော ခန္ဓာကိုယ်နှင့် လှပကြော့ရှင်းသော သူမ၏သွင်ပြင်ပေါ်တွင် လွန်စွာ လိုက်ဖက်ပေသည်။ သူမ၏ လှုပ်ရှားဟန်များက နတ်မိမယ်အလား လှပသိမ်မွေ့၏။

သူမကား နာမည်ကျော်ထိုက် ပေသည်။ လူငယ် အများအပြား အတွက်မူကား သူမကို ပထမဆုံး မြင်တွေ့ဖူးခြင်းလည်း ဖြစ်သည်။ သူမက လူအများ ပြောသလို လှပလွန်းသည်။ နဂါးကလန်မှ လူအများအပြားက ချီးကျူးကြရ၏။ သူမက လောင်မူနှင့် ဘေးချင်းယှဉ်ရပ်လျှင် သူတို့နှစ်ယောက်က လွန်စွာ လိုက်ဖက်သည်ဟု ခံစားကြရသည်။ သခင်မလောင်က လူငယ်နှစ်ယောက်အား ကြည့်ကာ နွေးထွေးစွာ ပြုံးသည်။ သူတို့နှစ်ယောက် လက်ထပ်ဖြစ်ရန် သူမက မျှော်လင့်သည်။

ကုယွန်ချီကား လောင်မူနှင့် အမှန် လိုက်ဖက်ပေသည်။

“သခင်မလောင်…” ကုယွန်ချီက အနည်းငယ် ဦးညွှတ် အရိုအသေ ပေးသည်။ သူမ၏ လှုပ်ရှားဟန်များက သိမ်မွေ့ ညင်သာသည်။

“ယွန်ချီ… မင်းကို မမြင်ရတာ အတော်ကြာပြီ… ငါ့ဘေးလာထိုင်…” သခင်မလောင်၏အသံက ညင်သာသည်။ သူမက ကုယွန်ချီကို အမှန်တကယ် နှစ်သက်သည်မှာ သိသာ၏။

ကုယွန်ချီက မငြင်းပေ။ သူမက သခင်မလောင်ထံသို့ လျှောက်သွားကာ ဘေးတွင် ထိုင်လိုက်သည်။ ထို့နောက် သူမက လောင်လင်းအာကို ကြည့်ကာ ပြုံးသည်… “လင်းအာ… ငါ့ကို မှတ်မိသေးလား…”

“အစ်မယွန်ချီက လင်းအာကို အရမ်း အထင်သေးတာပဲ… အစ်မယွန်ချီက အရမ်းလှတယ်.. လင်းအာက ဘယ်လိုလုပ် မမှတ်မိဘဲ​ နေမလဲ…” လောင်လင်းအာက ပြောသည်။

“လင်းအာ… နင် ကြီးလာရင် နင်က သခင်မလို လှပချောမော လာပြီးတော့ ငါ့ကို ကျော်တက် သွားလိမ့်မယ်…” ကုယွန်ချီက နှိမ့်ချလျက် ပြောသည်။

လောင်ရန်က ကုယွန်ချီကို စိုက်ကြည့်နေသည်။ သူမက စကားပြောသောအခါ သူက တွေဝေရ၏။ သူမက ထိုအသံအား မကြာမီက ကြားဖူးသည်။

ဒါဆို သူမပဲ ဖြစ်ရမည်။ သူ့အား သူမက ဂရုမစိုက်သည်မှာ မထူးဆန်းတော့ပေ။

“ညီမလင်းအာ… ငါက အရင်လိုပြီး ဘာပြင်ဆင်ပေးရမယ် မသိဘူး … ဒီနေ့ ငါက ဂီအလုပ်ရုံကို သွားပြီး သံစဉ်တစ်ပုဒ် ဝယ်လာခဲ့တယ်… မင်းက မှော်ဂီတပညာရှင် ဆိုမှတော့ မင်းကို လက်ဆောင် ပေးမယ်…” ကုယွန်ချီက ဂီတနုတ်စာရွက်အား လောင်လင်းအာကို ပေးသည်… “ငါလည်း ဒီသံစဉ်ကို ကြိုက်တယ်… ဒါကြောင့် ငါက အပိုတစ်ခု ကူးယူထားခဲ့တယ်… ညီမလင်းအာ စိတ်မဆိုးဘူးမလား…”

“ဘာလို့ စိတ်ဆိုးရမှာလဲ…” လင်းအာက ခေါင်းယမ်းသည်။

“ဘယ်လို ဂီတသံစဉ်က မင်းကို စိတ်ဝင်စားစေတာလဲ…” သခင်မလောင်က ပြုံးလျက် ပြောသည်။

“အရမ်းသွေးပူတဲ့ သံစဉ်တစ်ခုပဲ…” ကုယွန်ချီက ပြောသည်… “အနုပညာရသသိက အားကောင်းပြီးတော့ နားထောင်တဲ့လူကို သက်ရောက်စေတယ်… ဒီသံစဉ်ထဲမှာ ရေးဖွဲ့သူရဲ့ ထူးချွန် ပြောင်မြောက်မှုကို မြင်နေရတယ်… သီချင်းနာမည်က ခွန်ရှဲ့ဖြစ်တယ်… ဘယ်ဆရာကများ ဒီသံစဉ်ကို ရေးဖွဲ့ခဲ့တာလဲ မသိဘူး…”

“ယွန်ချီက ကြိုက်တယ် ဆိုမှတော့ ဒီသံစဉ်က အရမ်း ကောင်းရမယ်… အခွင့်အရေးရရင် ဆရာဖန်းကို ကြည့်ခိုင်းရမယ်…” သခင်မလောင်က ပြောသည်… “ဂီတနဲ့ပတ်သက်ရင် ယွန်ချီ… မင်းက အရမ်း ထူးချွန်တယ်… မင်း အသက်အရွယ်မှာ လူနည်းနည်းကပဲ မင်းနဲ့ ယှဉ်နိုင်လိမ့်မယ်…”

“မဖြစ်နိုင်တာ… နဂါးကလန်မှာ မှော်ဂီတပညာရှင်တွေနဲ့ နဂါးဆရာတွေ ရှိကြတယ်… ယွန်ချီက သူတို့နဲ့ မယှဉ်နိုင်ပါဘူး…”

“ဂီတမှာ အရမ်း ထူးချွန်ပြီးတော့ အစ်မယွန်ချီ အသက်လောက်ပဲ ရှိတဲ့ တစ်ယောက်ကို လင်းအာသိတယ်…” လောင်လင်းအာက ပြောသည်။

“သမီးက ထူးချွန်တယ် ဆိုတာကို ပြောဖို့ ငယ်သေးတယ်… မင်းက မင်းရဲ့ အစ်မယွန်ချီကို အထင်သေးနေတာပဲ…” သခင်မလောင်က ပြောသည်။

“လင်းအာ တကယ်ပြောတာ…” လောင်လင်းအာက သူမ၏အမေကို ဒေါသတကြီး ကြည့်သည်။

“လင်းအာ အထင်ကြီးတဲ့လူ ဘယ်သူမဆို အရမ်း ထူးချွန်လိမ့်မယ် ဆိုတာ အစ်မ ယွန်ချီသိတယ်…” ကုယွန်ချီက ပြောသည်။

“အင်း… သူက ဒီနေ့လာမယ်လို့ ကတိပေးထားတယ်… ဒါပေမဲ့ အခုထိ မလာသေးဘူး… လူလိမ်…” လောင်လင်းအာက မျက်နှာညှိုးငယ်စွာဖြင့် ပြောသည်။

“သခင်မ… လူတစ်ယောက်က သခင်မလေးဆီကို လာလည်တယ်…” အစေခံတစ်ယောက်က လာပြောသည်။

“သူ့ကို ဝင်ခွင့်ပေးလိုက်…” လောင်လင်းအာက ထကုန်သည်… “မဟုတ်ဘူး… လင်းအာ ကိုယ်တိုင် သွားကြိုရမယ်…”

“လင်းအာ…” သခင်မလောင်က သူမအား ဖမ်းဆွဲလိုက်သည်။ သည်မိန်းကလေး…။ သူမက သည်ပွဲ၏ အဓိကလူ ဖြစ်သော်လည်း ယခု အားလုံးကို ထားကာ ထွက်သွားလိုနေသည်။ သခင်မလောင်က ထပ်ပြောသည်… “သူ့ကို ပေးဝင်လိုက်…”

“ဟုတ်ကဲ့ … သခင်မ…” ထိုလူက ခေါင်းညိတ်ကာ ထွက်သွားသည်။

အတန်ကြာလျှင် ရီဖူရှင်းအား ခေါ်ယူလာ၏။ ရီဖူရှင်းက ရှေ့မှ မြင်ကွင်းကို မြင်ကာ အံ့အားသင့် သွားသည်။ လောင်လင်းအာ၏ ဘေးမှ မိန်းမလှအား မြင်လျှင် သူမက ဘယ်သူ ဖြစ်သည်ကို သူက ခန့်မှန်းမိသည်။ သူက နောက်တစ်ကြိမ် အရူးလုပ်ခံရသည်ကို သိလိုက်သည်။

မှန်သည်… သူ အရူးလုပ်ခံရသည်။ သူမအား သူက အဘယ်ကြောင့် ယုံကြည်ခဲ့သနည်း။ သူမ၏မိဘများက နှစ်ဟောင်း၏ နောက်ဆုံးနေ့တွင် သူမနှင့်အတူ မနေပေးနိုင်ဟု ထိုမိန်းကလေးက သူ့အား လိမ်ခဲ့သည်။

သည်မိန်းကလေးကား ဟန်ဆောင်ရာတွင် အလွန်တော်သည်။

“အစ်ကိုဖူရှင်း… ဒီနေ့က လင်းအာရဲ့ အသက် ဆယ့်လေးနှစ်မြောက် မွေးနေ့ပဲ… အစ်ကိုဖူရှင်း မလာမှာစိုးရိမ်လို့ လင်းအာက…” သူမက အပြစ်ကင်းသော မျက်လုံးများဖြင့် ကြည့်သည်… “အစ်ကိုဖူရှင်း စိတ်မဆိုးဘူး… ဟုတ်တယ်မလား…”

ရီဖူရှင်းက သူမကို ကြည့်သည်။ သူက ဘာပြော နိုင်တော့မည်နည်း။ သို့သော် သည်နေ့က သူမ၏ မွေးနေ့ဖြစ်ကာ သူက ဘာမှ မပြင်ဆင်ခဲ့ပေ။

ယခုတွင် လူတိုင်း၏ မျက်လုံးများက ရီဖူရှင်းထံကို ရောက်နေသည်။ သူတို့အားလုံးက ရီဖူရှင်းကို ကြားဖူးကြသည်။ မင်းသမီးလေးက နတ်ဗိမာန် အိမ်တော်အား သူ့ကို လက်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။ သူတို့၏ဆက်ဆံရေးက ထင်မှတ်ထားသည်ထက် ပိုမိုနီးကပ်ဟန်လည်း ရသည်။ သူတို့က အနည်းငယ်ပင် မနာလို ဖြစ်ကြရသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset