အပိုင်း (၄၄၀)

အမြင့်ဆုံးစျေး

လောင်ရန်က သံစဉ်ကို နားမလည်ရာ သူက ထုတ်မေးလိုက်ခြင်း ဖြစ်သည်။ သူက သာမန်သံစဉ်အား လက်ဆောင်အဖြစ် ပေးမိပါက ရှက်စရာ ကောင်းမည် ဖြစ်သည်။

“အကာနာတန်ခိုးရှင်က နိုဘယ်အဆင့် ပညာကို ထုတ်သုံးရင်  အဲဒါက ဘယ်အဆင့် ဖြစ်မှာလဲ…” ဒုတိယအလွှာမှ ရှေးဆန်သော အသံတစ်ခု ကြားရ၏။

လောင်ရန်က ပြုံးကာ ခေါင်းညိတ်သည်… “နားလည်ပါပြီ…”

ဂီတသံစဉ်ကား ထူးခြား ကောင်းမွန်သည်။ သို့သော် တီးခတ်သူ၏ တန်ခိုးအဆင့်က အကန့်အသတ် ရှိ၏။

“ဒီသံစဉ်နာမည်က ခွန်ရှဲ့လို့ ခေါ်ပြီးတော့ သူကိုယ်တိုင် ရေးစပ်ခဲ့တာပါ… တကယ်လို့ ခင်ဗျားတို့ထဲက တစ်ယောက်ယောက်က ဒီသံစဉ်ကို ဝယ်ယူခဲ့ရင် ခင်ဗျားက ဒီသံစဉ်ကို အမှန်တကယ် နားလည်လို့ပဲ ဖြစ်ပါလိမ့်မယ်…” အဘိုးအိုက ပြုံးလျက်ပြောသည်။ အားကောင်းသော ဂီတမှော်ပညာများကလည်း တခြားမှော်ပညာများနှင့် သိုင်းပညာများလိုပင် အလွယ်တကူ ပြင်ပကို ပျံ့နှံ့မည် မဟုတ်ပေ။ မှော်ပညာများကို အလှဲအလှယ် လုပ်ကြသည်။ ဂီတသံစဉ်များကလည်း ထို့နည်းတူပင်။

“ကောင်းပြီ… လေလံစည်းမျဉ်းက ပစ္စည်းနဲ့ လဲလှယ်တာပဲ… လူတိုင်းက စပြီး ကမ်းလှမ်းနိုင်ပြီ…” အဘိုးအိုက လူတိုင်းကို ကြည့်ကာ ပြောသည်။

ရီဖူရှင်းက မှော်အစီအရင် နောက်တွင် ထိုင်ကာ အားလုံးကို ကြည့်နေသည်။ သူ့ရှေ့မှ အရံအတားက မှန်ရေပြင်လိုပင် အပြင်ဘက်ကို ဖောက်ထွင်းကာ မြင်ရပြီး တခြားလူများက သူ့အား မမြင်ရပေ။

“အဆင့်နိမ့် နိုဘယ် သိဒ္ဓိဝင်ပစ္စည်း…” တစ်ယောက်က ပြောသည်။ သိဒ္ဓိဝင် ပစ္စည်းများဖြင့် လှဲလှယ်ခြင်းက အသုံးများသော နည်းလမ်းဖြစ်သည်။

ရီဖူရှင်းက အနည်းငယ် စိတ်ပျက်သွားသည်။ သူ၏သံစဉ်က ထိုမျှလောက်သာ တန်ကြေးရှိသလော…။ သူက တခြားလူများကို ကြည့်ရဦးမည်။

“အဆင့်နိမ့်နိုဘယ် သိဒ္ဓိဝင်ပစ္စည်းသုံးခု…” တစ်ယောက်က ပြောသည်။

လူအများအပြားက ဝင်ရောက် ကမ်းလှမ်းကြသည်။ သို့သော်လည်း သည်သံစဉ်ကား အရင်းအမြစ် မသိရသော နေရာမှ လာပြီး ရေးဖွဲ့သူကိုလည်း ဘယ်သူမှ​ မသိသလို အကာနာ အဆင့်တွင်သာ ရှိ၏။ သူတို့၏လက်ထဲကို သံစဉ် ရောက်လာလျှင် မည်သို့ ဖြစ်လာမည်ကို ဘယ်သူမှ မပြောနိုင်ပေ။ မှန်သည်… သည်သံစဉ်အား ကျော်ကြားသော ဂီတပညာရှင်များက ရောင်းချခဲ့ပါက ကွဲပြား သွားပေမည်။ သံစဉ်၏စျေးနှုန်းက ချက်ချင်း ထိုးတက်သွားမည် ဖြစ်၏။ အတန်ကြာလျှင် ကမ်းလှမ်းမှုက အလယ်အလတ် နိုဘယ်သိဒ္ဓဝင် ပစ္စည်းနှစ်ခုသို့ ရောက်လာသည်။ သည်စျေးက အတော်မြင့်ပေသည်။ ကြည့်ရသည်မှာ လူအတော်များများက သံစဉ်၏ အရည်သွေးကို အကဲဖြတ်နိုင်စွမ်း ရှိကြပုံရ၏။ မဟုတ်လျှင် အကာနာအဆင့် တန်ခိုးရှင်က တီးခတ်ခဲ့သော သံစဉ်ကို သည်မျှလောက် မြင့်သော စျေးနှုန်းကို ပေးမည် မဟုတ်ပေ။ သို့တိုင်အောင် ရီဖူရှင်းက အနည်းငယ် စိတ်ပျက်ရသည်။

လေလံဆွဲသူ အဘိုးကြီးက ကမ်းလှမ်းမှုများကို နားထောင်ကာ ပြုံးသည်။ အကယ်၍ သင့်တော်သော စျေးနှုန်းဖြင့် ကမ်းလှမ်းသူ မရှိလျှင် သူကိုယ်တိုင် ဝယ်ယူမည် ဖြစ်သည်။

“အလယ်အလတ်အဆင့် နိုဘယ်သိဒ္ဓိဝင်ပစ္စည်း သုံးခု…” လောင်ရန်က ပျင်းရိစွာ ပြောသည်။ သူက ဂီတကို သိပ်နားမလည်သော်လည်း လူအများက ကမ်းလှမ်းနေကြသည် ဆိုမှတော့ ထိုအရာက ထူးခြားမှု တစ်ခုတော့ ရှိရပေမည်။

လောင်ယန် ကမ်းလှမ်းသည်တွင် လူအများက တိတ်ဆိတ် သွားကြသည်။ ထို့နောက်တွင် အဘိုးအို တစ်ယောက်၏ အသံကို ကြားရ၏… “အဆင့်မြင့်နိုဘယ် သိဒ္ဓိဝင်ပစ္စည်းတစ်ခု…”

“အဆင့်မြင့်နိုဘယ် သိဒ္ဓိဝင်ပစ္စည်း…” လူအများ၏ မျက်လုံးများ အရောင်လက် သွားကြသည်။ သည်စျေးနှုန်းကား သူတို့က ယခုမှ ကြားဖူးသော စျေးနှုန်းဖြစ်သည်။

“နှစ်ခု…” ဒုတိယအလွှာမှ နောက်ထပ် အသံတစ်သံ ကြားရသည်။

“သုံးခု…” နောက်တစ်သံ ကြားရ၏။ ခန်းမထဲမှ လူများအားလုံး ထိတ်လန့် အံ့အားသင့်နေကြသည်။

ယခု ဒုတိယအလွှာမှ လူများက ဆက်လက်၍ ကမ်းလှမ်း နေကြသည်။

“တိုက်ခိုက်ရေးနဲ့ ခုခံရေးနှစ်မျိုးပါ ဓာတ်ခုနစ်မျိုး သိဒ္ဓိဝင် လက်နက်တစ်စုံနဲ့ အဆင့်နိမ့် နိုဘယ်မှော်ပညာ ဆယ်စုံ၊ အလယ်အလတ် နိုဘယ်မှော်ပညာ ငါးစုံ၊ အဆင့်မြင့် နိုဘယ်မှော်ပညာ သုံးစုံ…” တတိယထပ်မှ ညင်သာသော အသံတစ်သံ ထွက်လာသည်။ အဆောက်အဦ တစ်ခုလုံး တိတ်ဆိတ် သွားသည်။

“ဒီစျေး…” အဆောက်အဦ တစ်ခုလုံး ငြိမ်သက်နေ၏။ ရှီအဆင့်အောက်မှ လူများအတွက် ထိုမျှ ပမာဏကို ထုတ်ရန် ခက်ခဲပေသည်။ သို့သော် အသံရှင်ကား လှပကာ ငယ်ရွယ်နုပျိုသည်။ သူမက ချမ်းသာ ကြွယ်ဝသော မိသားစု၏ သမီးတစ်ယောက် ဖြစ်ရမည်။

ထိုကမ်းလှမ်းမှုကို နားထောင်ကာ ရီဖူရှင်း၏ နှလုံးပင်လျှင် ခုန်တက်သွားသည်။ သူ၏သံစဉ်က ထူးခြား ကောင်းမွန်သည်ကို သိသော်လည်း သူက ကျော်ကြားခြင်းလည်း မရှိသလို သူ၏အဆင့်ကလည်း အကာနာတွင်သာ ရှိသည်။ ထိုစျေးနှုန်းက မဖြစ်နိုင်သော စျေးနှုန်းဖြစ်သည်။ သူက တတိယလွှာကို ကြည့်သည်။ သို့သော် သူကလည်း တစ်ဖက်လူကို မမြင်ရပေ။ သည်မျှစျေးကို မည်သူက ပေးခဲ့သည်ကို သူမသိပေ။

“ဘယ်သူရှိသေးလဲ…” အဘိုးအိုက မေးသည်။ မည်သူက ပြန်ပြောကြပေ။ အဘိုးအိုက ပြုံးကာ ပြောသည်… “ဒီလိုဆိုရင် လေလံ အောင်ပြီ…”

အခန်းထဲတွင် လောင်ရန်က တခြား အခန်းဘက်ကို ကြည့်ကာ မေးသည်… “ကျုပ်က နဂါးကလန်က လောင်ရန်ပဲ… ခင်ဗျား နာမည်ကို သိလို့ရမလား…”

သည်ကဲ့သို့ စျေးနှုန်းကို ပေးရန် တစ်စုံတစ်ယောက်က လွန်မင်းစွာ အားကောင်းသော နောက်ခံရှိရန် လိုပေသည်။ သူက သူမအား စကားပြောလိုသည်။ အကယ်၍ သည်သံစဉ်က ထိုမျှ စျေးနှုန်းနှင့် အမှန် ထိုက်တန်ပါက သူက သူမထံမှ တစ်ဆင့် ဝယ်ယူလိုသည်။

မည်သူမှ ပြန်မပြောပေ။ အခန်းထဲတွင် လှပသော မျက်နှာက ရီဖူရှင်းဘက်ကို ကြည့်နေကာ ဘယ်သူက သည်သံစဉ်ကို ရောင်းနေသည်ကို တွေးနေမိသည်။

“သွားစို့…” သူမ၏ ညင်သာသော အသံက ထပ်မံ၍ ထွက်ပေါ်လာသည်။ ထို့နောက် သူမက အခန်းတစ်ဖက်မှ ထွက်သွားကာ ဂီတသံစဉ်အား သွားရောက် လဲလှယ်သည်။

ရီဖူရှင်းကလည်း ထရပ်ကာ ထွက်သွားသည်။

အတန်ကြာလျှင် ရီဖူရှင်းတို့အုပ်စုက လမ်းပေါ်သို့ ပြန်ရောက် လာကြ၏။

“သွားကြမယ်…” ရီဖူရှင်းက ပြောသည်။ သူက သည်သီချင်းအား ရောင်းချသူအဖြစ် လူသိမခံလိုသည်မှာ သူရရှိသော ပစ္စည်းများအား လောဘဇောတက်ကာ သူ့အား သတ်မည့်လူများ ပေါ်လာမည်ကို စိုးရိမ်၍ ဖြစ်သည်။ သို့သော် ယခု ထိုသံစဉ်အား မည်သူ ရရှိသွားသည်ကို သူက သိလိုသည်။ သူမက လောင်ယန်ကိုပင် မျက်လုံးထဲ မထည့်ပေ။

လမ်းပေါ်တွင် အတန်ကြာ လျှောက်သွား ကြပြီးနောက် သူတို့က နတ်ဗိမာန် အိမ်တော်ကို ပြန်ရောက် လာကြသည်။ မည်သို့ဆိုစေ သူက မိန်းကလေး တစ်ယောက်အား နှစ်ကုန်နေ့တွင် အဖော်ပြုပေးမည်ဟု ကတိပေးထားသည်။ သို့သော်လည်း သူက နတ်ဗိမာန် အိမ်တော်ကို ပြန်ရောက်လာသောအခါ သူ့အား တစ်စုံတစ်ယောက်က စောင့်နေသည်ကို တွေ့ရသည်။

နတ်သမီး ရေကန်ဘေးတွင် လူတစ်ယောက်က စွမ်းအားမြင့် တန်ခိုးရှင်များ ခြံရံလျက် ထိုင်နေသည်။ သူက လွန်စွာ ငယ်ရွယ်ဟန်ရကာ ရီဖူရှင်းအား အကဲခတ်နေသည်။

“ရီဖူရှင်းလား…” ထိုလူငယ်က မေးသည်။

“ခင်ဗျားက …” ရီဖူရှင်းက မေးသည်။

“ကျုပ်က အနောက်ဘက် တောင်ကုန်းကပဲ…” တစ်ဖက်လူက ရယ်မောလိုက်သည်။ ရီဖူရှင်းက တွေဝေသွား၏။ သူက သည်အသံအား ဂီတအလုပ်ရုံတွင် ကြားဖူးခဲ့သည်။ နဂါးကလန်မှ လောင်ရန်ဟု မိမိကိုယ်ကို မိတ်ဆက်သော အသံပိုင်ရှင် ဖြစ်သည်။ သည်လူကား သူ့ထက် အလျင်ပင် နတ်ဗိမာန် အိမ်တော်ကို ရောက်နေသေး၏။

“ကျုပ် ဘာကူညီရမလဲ…” ရီဖူရှင်းက မေးသည်။ သူက တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို အနည်းငယ် ခန့်မှန်းမိသည်။

“နတ်ဗိမာန် အိမ်တော်က နဂါးကလန်ရဲ့ အထောက်အပံ့နဲ့ ဝယ်ခဲ့တာ…” ထင်မှတ်ထားသလိုပင် လောင်ရန်က ပြောသည်… “ညီမလင်းအာက ငယ်သေး​တော့ တချို့ကိစ္စတွေကို နားမလည်ဘူး… ဒီအိမ်တော်က နဂါးကလန်အတွက် ဘာမှ မဟုတ်ပေမဲ့ အကြောင်းပြချက် မရှိဘဲ​ မင်းကို ပေးခဲ့တယ်… မင်း နားလည်လား…”

“ဟင့်အင်း…” ရီဖူရှင်းက ပြုံးကာ ခေါင်းယမ်းသည်။

လောင်ရန်က စားပွဲကို လက်ဖြင့် တစ်ဒေါက်ဒေါက် ခေါက်ကာ ရယ်မောလိုက်သည်… “ဒါဆိုလည်း မင်း နားလည်အောင် ပြောရတာပေါ့… မင်းက လင်းအာကို ဘယ်လို လှည့်စားခဲ့လဲ ငါစိတ်မဝင်စားဘူး… ဒါပေမဲ့ ငါတို့က ဒါကို လျော်ပေးလို့ ရတယ်… ငါတို့က လင်းအာကို စိတ်မကောင်း မဖြစ်စေချင်ဘူး… ဒါကြောင့် မင်းက နတ်ဗိမာန် အိမ်တော်ကို ဆက်ပြီး ယူထားလို့ရတယ်… ဒါပေမဲ့ မင်းက အကျိုးအမြတ်ရဲ့ ကိုးဆယ်ရာနှုန်းကို ငါ့ကို ပေးရမယ်… ကျန်တဲ့ တစ်ဆယ်ရာနှုန်းက မင်းအတွက် လုံလောက်မှာပါ…”

လောင်ရန်၏ အပြုံးက ယုံကြည်မှု ရှိဟန်ရနေသည်။ ရီဖူရှင်းက ဂီတအကူ တစ်ယောက် ဖြစ်ကာ အကာနာ အဆင့်မျှသာ ရှိသည်ကို သူသိသည်။ ထို့ကြောင့် နတ်ဗိမာန် အိမ်တော်၏ အကျိုးအမြတ် တစ်ဆယ်ရာနှုန်းက သူ့အတွက် လုံလောက်ပေမည်။ အကယ်၍ သူက ငြင်းလိုက်ပါက သူက ဘာမှ ရမည် မဟုတ်သည်ကို ရီဖူရှင်းက နားလည်သင့်၏။ သူက ထိုအခြေအနေကို ငြင်းရန် အကြောင်းပြချက် မရှိပေ။

ရီဖူရှင်းက ထိုယုံကြည်မှု ရှိသော အပြုံးကို ကြည့်သည်။ သူက လောင်ရန်၏ စကားများထဲမှ အကြောင်းအရာ များစွာကို နားလည်သည်။ သူက အကျိုးအမြတ် ကိုးဆယ်ရာနှုန်းကို သူ့အား ပေးကာ သည်ကိစ္စအား လောင်လင်းအာ မသိအောင် ဖုံးဖိထားရမည်။ ထို့အတူ ငွေကို ယူမည့် လူကလည်း လောင်ရန်သာ ဖြစ်သည်။ တစ်နေ့ သည်ကဲ့သို့ အခြေအနေ ကြုံလာမည်ကို ရီဖူရှင်းက ခန့်မှန်းထားပြီး ဖြစ်သည်။

“ဘာလဲ… မင်းက စဉ်းစားချင် သေးတယ်ပေါ့…” လောင်ရန်က မျက်မှောင်ကြုတ်ကာ ပြောသည်။ သူကား ရီဖူရှင်းကို ဖိအားပေးနေခြင်း ဖြစ်သည်… “အကျိုးအမြတ် ဆယ်ရာနှုန်းက ဘယ်လောက်ရှိတယ် ဆိုတာ မင်း သိသင့်တယ်…”

“အင်း…” ရီဖူရှင်းက ခေါင်းညိတ်သည်… “ကျုပ် နားလည်ပြီ…”

“ပြီးတော့…” လောင်ရန်က မေးသည်။

“ခင်ဗျားက ကျုပ်အဖြေကို ဒီည သိလိမ့်မယ်…” ရီဖူရှင်းက ပြောသည်။

“ကောင်းပြီ… ကျုပ်မင်းကို စဉ်းစားဖို့ အချိန် တစ်ရက်ပေးမယ်… မနက်ဖြန် လာခဲ့မယ်…” လောင်ရန်က ပြောကာ သူ့လူများကို ခေါ်ပြီး ထွက်သွားသည်။

ရီဖူရှင်းက သူ၏နောက်ကျောကို ကြည့်ကာ ပြုံးလျက် ခေါင်းယမ်းသည်။ သည်လူကား လုံးဝ စိတ်ရှည်ဟန် မရပေ။ ရီဖူရှင်းက စကားပြီးအောင် မပြောရသေးပေ။ သူက မနက်ဖြန် လာစရာ လိုမည် မဟုတ်ပေ။

“ယူတဲ့လူက အသာစီးရတာပဲ…” ရီဖူရှင်းက မိမိကိုယ်ကို ရယ်မောလိုက်သည်။ သူက နတ်ဗိမာန် အိမ်တော် ကျောက်စိမ်းပြားအား လေထဲကို မြှောက်ကစား လိုက်သည်။

***

မိုးမြေကောင်းကင်မြို့၏ အနောက်ဘက် တောင်ကုန်း နဂါးကလန်ကား ယခု နှစ်သစ်တွင် လွန်စွာ စည်ကား နေသည်။ နဂါးကလန်မှ လူများစွာက အနောက်ဘက် တောင်ကို လာရောက် နေကြ၏။ သူတို့အတွက် နှစ်ကုန်နေ့သာ မဟုတ်ဘဲ မင်းသမီးလေး၏ ဆယ့်လေးနှစ်မြောက် မွေးနေ့လည်း ဖြစ်သည်။ နဂါးကလန်မှ လောင်လင်းအာကား ယခု အနောက်ဘက် တရားရေးရာ စံအိမ်တွင် လေ့ကျင့်နေကာ နောက်နှစ်တွင် ကြယ်မင်းကျောင်းကို ဝင်ရောက်မည် ဖြစ်သည်။ သူတို့က သူမ၏ မွေးနေ့ပွဲအား အကြီးအကျယ် လုပ်ရန် အစီအစဉ် မရှိပေ။ အများစုက အနောက် တောင်ကုန်းတွင် နှစ်ကူးကို ကြိုဆိုနေကြသည်။ သို့သော် သူတို့က လူငယ်မျိုးဆက်များကို မွေးနေ့ပွဲသို့ စေလွှတ်ကြ၏။

ညနေခင်းတွင် ညစာစားပွဲကား ပြင်ဆင်ထားပြီး ဖြစ်သည်။ ထိုအချိန်တွင် နဂါးဆွဲရထားလုံး တစ်စီးက ကောင်းကင်မှ ဆင်းသက် လာသည်။ မိန်းမလှ တစ်ယောက်က ရထားလုံးထဲတွင် ထိုင်နေ၏။ သူမကား အသက် သုံးဆယ်ဝန်းကျင်ခန့် ရှိသည်။ သူမ၏အသားအရေက နုပျိုကာ နှင်းကဲ့သို့ ဖြူဖွေးသည်။ သူမထံမှ အဆင့်အတန်းမြင့်သော ကိုယ်ရောင် ကိုယ်ဝါအား ခံစားရ၏။

“သခင်မ ရောက်လာတယ်…” လူအများအပြားက မော့ကြည့်ကြသည်။ သူမက သူမ၏ သမီးမွေးနေ့ပွဲကို လာရောက်သည့် အချိန်တွင် ခေါင်းဆောင်က အနောက်ဘက် တောင်ကုန်းတွင် ကျန်နေရစ်၏။ သူကား သည်နှစ်ပိုင်းအတွင်းတွင် သူ၏သမီးအပေါ် တင်းကျပ်လာ၏။

ရထားလုံးက မြေပြင်ပေါ်ကို ဆင်းသက်လျှင် မိန်းမလှက အပြင်ဘက်ကို ထွက်လာသည်။ လောင်လင်းအာက ခေါ်လိုက်သည်… “အမေ…” သူမ၏အသံက အနည်းငယ် စိတ်ပျက်ဟန် ပါနေသည်။ သူမ၏အဖေက သူမ၏မွေးနေ့ပွဲအား လာရောက် ကျင်းပပေးမည် မဟုတ်သည်ကို သိသည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset