သံစဉ်က ရပ်တန့်သွားသည်။ ယူချင်းနှင့် လို့လန်ရွှီတို့ အားလုံးက ရီဖူရှင်းထံသို့ ရောက်လာကြသည်။ စိန့်ယွီမူကား သည်အတိုင်း ရီဖူရှင်းကို ငေးမော ကြည့်နေသည်။
ရီဖူရှင်းက နောက်လှည့်ကာ မေးသည်…“မင်းတို့က ဘာလို့ ဒီလို စိုက်ကြည့်နေရတာလဲ…”
“မင်း ဘာဖြစ်နေတာလဲ…” ယူချင်းက မေးသည်။ ဂီတက တစ်စုံတစ်ယောက်၏ စိတ်အခြေအနေကို ပြောကြားသည်ဟု ရီဖူရှင်းက သူ့အား ပြောလေ့ရှိသည်။ သူက ရီဖူရှင်း၏ ဂီတသံအား ကြိမ်ဖန်များစွာ ကြားဖူးပြီးဖြစ်ရာ အနုပညာ ရသသိများနှင့် ပတ်သက်၍ လွန်စွာ အာရုံခံစားမှု အားကောင်းသည်။ သူက ဂီတတွင် ပါရမီ သိပ်မပါသော်လည်း ရီဖူရှင်း တီးခတ်ခဲ့သော သံစဉ်မှ အနုပညာရသသိကား လျစ်လျူရှုရန် လွန်စွာ အားကောင်းလွန်းပေသည်။ အရှေ့မြေရိုင်း ဒေသမှ ထွက်လာပြီး နောက်ပိုင်း ရီဖူရှင်းက သည်မျှ အားကောင်းသော စိတ်ခံစားမှုကို ထုတ်မပြခဲ့ပေ။ သံစဉ်၏ အဆုံးသတ်က လွန်စွာ ထက်ရှကာ အားကောင်းပေသည်။
ယူချင်းက သည်သံစဉ်ကိုလည်း တစ်ခါမှ မကြားဖူးသေးပေ။
“ငါက နည်းနည်းပဲ ပေါက်ကွဲလိုက်တာ … ပြဿနာ ရှိလို့လား…” ရီဖူရှင်းက ယူချင်းအား ကြည့်ကာ ပြောသည်။ သည်ရက်ပိုင်း ဖြစ်ပျက်ခဲ့သည်များက သူ့အား စိတ်ပျက် ဒေါသထွက်စေသည်။
“ငါက မေးတောင် မမေးရတော့ဘူလား…” ယူချင်းက ခေါင်းကုတ်သည်။
“ခုနက တီးခဲ့တဲ့ သံစဉ်နာမည်က ဘာလဲ…” ရီဝူချင်းက မေးသည်။ သူက ထူးခြား ဆန်းကြယ်သော အနုပညာရသသိအား ခံစား၍ ရသည်။ အစကနေ အဆုံးအထိ သံစဉ်က သူ့အား ကောင်းကင်ကို အန်တုကာ အခက်အခဲဟူသမျှကို တွန်းလှန်သော လူတစ်ယောက် အကြောင်းကို ခံစားရစေသည်။
“ငါက နာမည် မပေးရသေးဘူး … ဒါက ဖြစ်ကတတ်ဆန်း သံစဉ်တစ်ခုပဲ… ငါက နာမည်မပေးရသေးဘူး… မင်းတို့ အကြံပေးချင်တာ ရှိလား…”
ရီဝူချင်း၊ ယူချင်းနှင့် လို့လန်ရွှီတို့အားလုံး ဆွံ့အသွားကြသည်။ ထိုအရာက ဖြစ်ကတတ်ဆန်းလား…။ သံစဉ်က ပြီးပြည့်စုံလွန်းလှသည်။
“ခွန်ရှဲ့လို့ နာမည်ပေးရင်ရော…” လို့လန်ရွှီက အကြံပေးသည်။ အဓိပ္ပာယ်က သိမ်မွေ့ညင်သာခြင်းနှင့် လှပပြည့်စုံခြင်းဟု အဓိပ္ပာယ်ရသည်။ သည်စာလုံးက သံစဉ်၏ အနုပညာရသသိနှင့် အလွန် လိုက်ဖက်ပေသည်။
“ခွန်ရှဲ့…” ရီဖူရှင်းက ရေရွတ်ကာ ခေါင်းညိတ်သည်… “ကောင်းတယ်… ခွန်ရှဲ့လို့ပဲ နာမည် ပေးကြတာပေါ့…”
“နောက်ကျနေပြီ… သွားပြီးတော့ အနားယူကြ…” ရီဖူရှင်းက ပြောသည်။ သူတို့ လေးယောက်က ခေါင်းညိတ်သည်။ ရီဝူချင်းနှင့် ယူချင်းတို့က ဝင်းအနောက်ဘက်မှ ဝါးတောထဲကို လျှောက်သွားကြသည်။ သူတို့က လေ့ကျင့်ရန် လိုပေသည်။ သူတို့အတွက် အိပ်စက်ရန် စောလွန်းလှပေသည်။ လို့လန်ရွှီက တခြားတစ်ဖက်ကို ထွက်သွားသည်။ စိန့်ယွီက မလှုပ်ပေ။ သူမက ရီဖူရှင်းကို စိုက်ကြည့်ကာ ဘယ်နေရာကို သွားရမလဲ စဉ်းစားနေသည်။ သူမက နတ်ဗိမာန် အိမ်တော်တွင် အလုပ် လုပ်သော်လည်း ဤနေရာတွင် နေထိုင်ရန် အဆင့်မမီပေ။
“မင်းက ဘာလို့ ငါ့ကို ကြည့်နေတာလဲ… မင်းက ငါနဲ့အတူ ဒီမှာ ညအိပ်ချင်လို့လား…” ရီဖူရှင်းက မှင်သေသေဖြင့် မေးသည်။
စိန့်ယွီ ရှက်သွေး ဖြန်းသွားကာ ချက်ချင်း အဝေးကို ပြေးသွားတော့သည်။
စိန့်ယွီ ပြေးသွားသည်ကို မြင်လျှင် ရီဖူရှင်း ဆွံ့အသွားသည်။ သူက သည်မျှပင် ကြောက်စရာ ကောင်းနေသည်လား…။ သူမက အလွန် စိတ်လှုပ်ရှား သွားခြင်းလည်း ဖြစ်နိုင်သည်။
***
ကောင်းကင် ပြက္ခဒိန်၊ ၁၀၀၀၄ ခုနှစ်၏ နောက်ဆုံးနေ့ ဖြစ်သည်။ မိုးမြေကောင်းကင် မြို့ကား ယမန်နေ့များထက် စည်ကားနေဟန် ရသည်။ အဓိက ကုန်ရောင်းကုန်ဝယ် နေရာဖြစ်သော ချိန်ယွန် လမ်းကြားကား အစည်ကားဆုံး ဖြစ်သည်။ လူများနှင့် သတ္တဝါဆန်းများက ကြက်ပျံမကျ စည်ကားနေသည်။ ဒေသခံများကား ဤမြင်ကွင်းနှင့် အသားကျနေပြီး ဖြစ်သည်။ ကလေးငယ်များပင်လျှင် ထူးခြားဟန် မပြပေ။
လူတစ်စုက လမ်းတစ်လျှောက် အေးအေးလူလူ သွားနေကြသည်… “ဘယ်လောက် စည်ကားတဲ့ နေရာလဲ…” အဖြူရောင် ဝတ်စုံဝတ် လူငယ်က မှတ်ချက်ချသည်။ သူတို့ကား ရီဖူရှင်းတို့ ဖြစ်ကြသည်။ သည်ရက်ပိုင်းတွင် သူတို့က နတ်ဗိမာန် အိမ်တော်တွင် လေ့ကျင့် နေကြသည်။ နှစ်ဟောင်း၏ နောက်ဆုံးနေ့ကား လေကောင်း လေသန့်ရှူရန် အကောင်းဆုံးနေ့လည်း ဖြစ်သည်။
“ဒီနေရာက အရှေ့ဘက်နယ်ရဲ့ ကူးသန်းရောင်းဝယ်ရေး နေရာပဲ… စည်ကားမှာပေါ့.. ဟိုရဲတိုက်ကို ကြည့်လိုက်…” လို့လန်ရွှီက အဝေးတစ်နေရာကို ညွှန်ပြသည်။ ကြီးမားသော ရဲတိုက်ကြီး တစ်ခုက ကျယ်ပြန့်သော မြေပြင်တစ်နေရာတွင် ဆောက်လုပ် ထားသည်ကို မြင်ရသည်။
“အဲဒါက ဒီမွန်းရဲတိုက်ပဲ…ရှင်တို့က အဲဒီမှာ သားရဲသတ္တဝါ အမျိုးမျိုးကို ဝယ်လို့ရတယ်… လေ့ကျင့်သူတွေကလည်း အကျိုးအမြတ် အများကြီး ရကြတယ်… သူတို့မှာ တန်ခိုးအဆင့် စုံလင်တဲ့ သားရဲတွေရှိတယ်…” လို့လန်ရွှီကလည်း ညင်သာစွာ ပြောပြသည်။ သူမက ထိုနေရာကို ရောက်ဖူးကာ အံ့အားသင့် ထိတ်လန့်ရသည်။
မိုးမြေ ကောင်းကင်မြို့တွင် ပိုက်ဆံက အရာရာကို ရယူနိုင်ပေသည်။
“သတ္တဝါဆန်းတွေက အကျိုးအမြတ် များများ ရတယ်… ငါတို့မှာလည်း တစ်ကောင် ရှိတာပဲ…” ရီဖူရှင်းက နောက်ကို ကြည့်ကာ ရေရွတ်သည်။ သိမ်းငှက်နက်၏ မျက်လုံးများက ပြူးကျယ် သွားသည်။
“ဘယ်သူမှ ဝယ်မှာလည်း မဟုတ်ပါဘူးလေ…” အနည်းငယ် စဉ်းစားပြီးနောက် ရီဖူရှင်းက လက်လျှော့လိုက်သည်။ ထိုအခါကျမှ သိမ်းငှက်နက်က စိတ်အေးသွားဟန် ရသည်။
“လို့လန်… မင်းက ကောင်းမွန်တဲ့ သိဒ္ဓိဝင် အဝတ်အစားတွေ ဝယ်သင့်တယ်…” ရီဖူရှင်းက အကြံပေးသည်။ လမ်းဘေးတွင် များစွာသော ဆိုင်များ ရှိသည်။ လူတိုင်းက သည်နေရာကို လာရောက်ကာ အမျိုးမျိုး အစားစားသော ကုန်ပစ္စည်းများကို ဝယ်ယူကြသည်။
သည်နေရာမှ နှစ်ကုန်နေ့ကား အရှေ့မြေရိုင်း ဒေသထက် များစွာ စည်ကားကာ အရင်းအမြစ်များကလည်း ပေါများ လှပေသည်။
“ငါ အဆင်ပြေတယ်…” လို့လန်ရွှီက ခေါင်းယမ်းသည်။
“စိန့်ယွီ… လို့လန်နဲ့ လိုက်သွား…” ရီဖူရှင်းက ဆက်ပြောသည်… “မင်း သဘောကျတာ ရှိရင်လည်း ဝယ်ခဲ့…”
“ကောင်းပြီ…” စိန့်ယွီက ခေါင်းညိတ်ကာ လို့လန်ရွှီအား ဆွဲခေါ်သွားသည်။ အတန်ကြာလျှင် သူတို့နှစ်ယောက်က အဝတ်အစား တချို့အား ဝယ်ယူကာ ပြန်လာကြသည်။
ဟွာဂျီယူသာ ရှိလျှင် ဘယ်လောက် ကောင်းလိုက်မလဲဟု ရီဖူရှင်းက တွေးနေမိသည်။ သူက ယခု အလုပ်ကြိုးစားရန် လိုပေသည်။ အနာဂတ်တွင် သည်နေရာက ပိုမို၍ စည်ကား လာဦးမည်။ ဟွာဂျီယူ ရောက်လာသောအခါ သူက သူမအား နေရာအနှံ့ လိုက်ပို့မည်။ သူနှင့် ဟွာဂျီယူတို့ ခွဲခွာခဲ့သည်မှာ တစ်နှစ်ခန့် ရှိလေပြီ။ သူမက အဆင်ပြေသလား…။
“အဲဒါက ဘယ်လို နေရာမျိုးလဲ…” လမ်းပေါ်တွင် လျှောက်သွားနေရင်းက ရီဖူရှင်းက ထောင့်တစ်နေရာမှ ဂီတသံတစ်ခုကို ကြားကာ စိတ်ဝင်စား သွားသည်။
“အဲဒါ မှော်ဂီတပညာရှင်တွေက သူတို့ရဲ့ တူရိယာတွေနဲ့ ဂီတသံစဉ်တွေကို ရောင်းဝယ်တဲ့ ကျော်ကြားတဲ့ ဂီတအလုပ်ရုံပဲ…” စိန့်ယွီက ရှင်းပြသည်။
ထိုစကားကို ကြားလျှင် ရီဖူရှင်းက အကြံတစ်ချက် ရသွားသည်။ သည်ရက်ပိုင်း သူက ငွေမည်သို့ ရှာရမည်ကို စဉ်းစားနေခဲ့သည်။ သည်ဂီတ အလုပ်ရုံက သူ့အတွက် ကောင်းမွန်သော အစပျိုးမှုတစ်ခု ဖြစ်ပေမည်။
“သွားစို့…” ထိုသို့တွေးကာ ရီဖူရှင်းက အလုပ်ရုံသို့ တန်းပြီး လျှောက်သွားသည်။
အလုပ်ရုံကား သန့်ရှင်းကာ လှပ၏။ သူတို့ကို မိန်းမလှလေးများက ကြိုဆိုကြသည်။ သူတို့က ဂီတသံစဉ်ကို ရောင်းဝယ်လိုသည်ကို သိလျှင် သူတို့က ကု့ချင်းများ ထားသော အဆောင်ငယ် တစ်ခုသို့ ခေါ်လာကြသည်။
“ပြကြည့်…” အဘိုးအို တစ်ယောက်က ရှေ့တွင် ထိုင်နေ၏။ သူတို့က ဂီတသံစဉ်ကို ရောင်းဝယ်လိုသည် ဆိုမှတော့ ဝယ်သူက ဂီတ၏ အဆင့်အတန်းကို သိရန်လိုသည်။ သံစဉ်၏အဆင့်က အလွန်နိမ့်ပါက သည်နေရာတွင် ရောင်းတန်းဝင်မည် မဟုတ်ပေ။ ထို့အတူ တခြားလူများ၏ သံစဉ်ကို ခိုးကူးထားသည့် ကိစ္စများကိုလည်း သူတို့က ကာကွယ်ရန် လိုအပ်ပေသည်။ အကောင်းဆုံး နည်းလမ်းကား ကြိုတင်၍ လေ့လာ သုံးသပ်ခြင်း ဖြစ်သည်။
ကု့ချင်းရှေ့တွင် ထိုင်ကာ ရီဖူရှင်းက စတင် တီးခတ်၏။ ခွန်ရှဲ့သံစဉ်က ထွက်ပေါ်လာလျှင် အဘိုးအိုက သူ၏ အနုပညာရသသိအား ခံစားမိဟန်ရသည်။ သူက သံစဉ်အား လေးနက်စွာ နားဆင်၏။
ငြိမ်သက်ခြင်းမှ လှုပ်ရှားခြင်းသို့… ထိုအရာက တိုက်ရိုက်ဆန်ခြင်း တစ်မျိုးဖြစ်၏။ တခြား စိတ်အာရုံ ထွေပြားခြင်းများ မရှိပေ။ လူငယ်တစ်ယောက်၏ ခရီးက ကြမ်းတမ်း ခက်ရော်လာသည်။ အတိုင်းအဆမဲ့ လျှပ်စီးများက သံစဉ်ထဲ ပျော်ဝင် စီးဆင်းကြ၏။ အဘိုးအိုက မျက်လုံးကို မှိတ်ကာ တိတ်ဆိတ်စွာ နားဆင်နေသည်။ လေလှိုင်းများပင် သံစဉ်၏ ထိန်းချုပ်မှုတွင် ရှိနေသည်ကို သူက ခံစားရ၏။ အနုပညာရသသိကား အလွန် အားကောင်း၏။
သံစဉ် ရပ်တန့်သွားသည်။ အဘိုးအိုက မျက်လုံးဖွင့်ကာ ရီဖူရှင်းအား ယခင်ကထက် လေးစားသော အမူအရာဖြင့် ပြုံးကာ မေးသည်… “အရမ်း ကောင်းတယ်… အံ့အားသင့်ဖို့ ကောင်းတယ်… နာမည်က ဘာလဲ… ဘယ်သူ ရေးဖွဲ့တာလဲ…”
“ခွန်ရှဲ့လို့ ခေါ်ပါတယ်… ဒါက ကျုပ် ဖန်တီးထားတာပါ…” ရီဖူရှင်းက ခေါင်းမော့ကာ ဖြေသည်။
အဘိုးက အံ့အားသင့် သွားသည်… “မင်းက တကယ် ပြောနေတာလား…”
သီချင်းရေးသားခြင်းက အတွေ့အကြုံရှိသော ဂီတပညာရှင်များ အတွက် အသစ်အဆန်း မဟုတ်ပေ။ သို့သော် ရီဖူရှင်းမူကား ငယ်ရွယ်လွန်းလှ၏။ သံစဉ်ကလည်း အလွန် ကောင်းလွန်းလှ၏။
“ဟုတ်ကဲ့…” ရီဖူရှင်းက ခေါင်းညိတ်သည်။
“နည်းလမ်း နှစ်ခုရှိတယ်… ငါက အခုမင်းအတွက် လေလံပွဲတစ်ခု စီစဉ်လို့ရတယ်… ဒါမှ မဟုတ် မင်းက ငါ့ကို တိုက်ရိုက် ရောင်းလို့ရတယ်…” အဘိုးအိုက ပြောသည်။
“လေလံ…” ရီဖူရှင်းက ချက်ချင်း ဖြေသည်။ လေလံပွဲကသာလျှင် သည်သံစဉ်၏ တကယ့် တန်ကြေးကို သိရမည်။
“ကောင်းတယ်… ဒီတစ်ခါ ငါတို့ အလုပ်ရုံကလည်း လေလံပွဲမှာ ပါမယ်…” အဘိုးအိုက ပြုံးကာ အမိန့်ပေးသည်… “တခြားလူတွေကို ပြောလိုက်… ငါတို့က မကြာခင် နာမည်ကြီး လာနိုင်ဖွယ်ရှိတဲ့ သီချင်းတစ်ပုဒ်ကို လေလံဆွဲမယ်လို့…”
“ဟုတ်ကဲ့…” အစေခံနှစ်ယောက်က ခေါင်းညိတ်ကာ အဆောင် အပြင်ဘက်ကို ထွက်သွားကြသည်။
“ဆရာ… ခင်ဗျားက လေလံပွဲမှာ ဒါက ထပ်တီးပေးရပါမယ်… ပြီးတော့ လေလံက အောင်မြင်သွားရင် အလုပ်ရုံက နှစ်ဆယ်ပုံရင် တစ်ပုံကို လေလံခ ယူပါတယ်… တကယ်လို့ ကမ်းလှမ်းချက်က သိဒ္ဓိဝင်ပစ္စည်းဆိုရင် ကျုပ်တို့က အဲဒီ သိဒ္ဓိဝင်ပစ္စည်းရဲ့ တန်ဖိုးနဲ့ တွက်ယူပါတယ်…”
“ကောင်းပြီ…” ရီဖူရှင်းက ခေါင်းညိတ်သည်… “ကျုပ် တီးနေတဲ့အချိန်မှာ ကျုပ် ဘယ်သူ ဆိုတာကို လျှို့ဝှက်ပေးနိုင်မလား…”
“ပြဿနာမရှိဘူး…” အဘိုးအိုက ပြုံးလျက် ခေါင်းညိတ်သည်။
***
လေလံပွဲသတ်သတ် အတွက် သီးသန့်နေရာတစ်ခု ဂီတအလုပ်ရုံက ဖန်တီးထားသည်။ သတင်းရပြီး မကြာမီ လူများက ထိုနေရာတွင် စုစည်း ရောက်ရှိလာကြရာ ယခုကား လွန်စွာ စည်ကားနေသည်။ အလွှာများနှင့် အခန်းများ အားလုံးက လူပြည့်သွားသည်။ သည်ဂီတ အလုပ်ရုံကား မိုးမြေကောင်းကင်မြို့တွင် အလွန် ကျော်ကြားသည်။ များစွာသော နာမည်ကျော် ဂီတသံစဉ်များနှင့် မှော်ပညာများက ဤနေရာမှ ထွက်ပေါ်လေ့ ရှိသည်။ ထို့ကြောင့် ဂီတပညာရှင်များနှင့် မှော်ဆရာများက သည်နေရာကို အလေးထားကာ လာရောက်လေ့ ရှိကြသည်။
သည်နေ့ကား နှစ်ဟောင်း၏ နောက်ဆုံးနေ့ဖြစ်၏။ နာမည်ကျော်နိုင်ဖွယ် ရှိသော သံစဉ်တစ်ခု လေလံတင်မည် ကြားလျှင် အတန်းအစားမျိုးစုံမှ လူများက စိတ်ဝင်စားစွာဖြင့် ရောက်လာကြ၏။ သံစဉ်က တစ်ခုခုတော့ ထူးခြားမှု ရှိရပေမည်။
ထိုအခိုက်တွင် အဘိုးအို တစ်ယောက်က စင်ပေါ်ကို ရောက်လာ၏။ သူက လက်ဝှေ့ယမ်းကာ ပြောသည်… “အလုပ်ကိစ္စ သွားရအောင်… အားလုံး နားထောင် ခံစားကြည့်ကြမယ်…” သူက စင်အောက်ကို ဆင်းလာလျှင် စင်ပေါ်မှ အလင်းတန်းများ ထွက်ပေါ်လာ၏။ မှော်စွမ်းအင် တချို့က စင်အား ဖုံးအုပ်သွားသည်။ စင်ပေါ်ကို လူတစ်ယောက် ရောက်ရှိလာသော်လည်း ဘယ်သူမှန်း အတိအကျ မမြင်ရပေ။ ထိုလူက ကု့ချင်းအား စတင် တီးခတ်၏။
သံစဉ်ကို ကြားလျှင် မျှော်စင်တစ်ခုလုံး တိတ်ဆိတ် သွားသည်။ နူးညံ့ သိမ်မွေ့သော သံစဉ်က အလွန် အားကောင်းသော အနုပညာရသသိ ပါဝင်သည်။ ထို့အတူ တီးခတ်သူကလည်း ဂီတတွင် စုံလင်စွာ နားလည်သူလည်း ဖြစ်ဟန်ရ၏။
ဂီတသံ ထွက်ပေါ်လာလျှင် လူအများက တီးခတ်သူ၏ စိတ်ဝိညာဉ် သက်ဝင်ခံစားမှုနှင့် အနုပညာရသသိထဲတွင် စီးမျောသွားကြသည်။ တဖြည်းဖြည်းဖြင့် လျှပ်စီးများကို ကြားရကာ လေထဲထဲ အက်ကွဲသံများ ကြားရ၏။ နောက်ဆုံးတွင် သံစဉ်က ရပ်တန့်သွားသည်။ အတန်ကြာသည် အထိ ထိုနေရာတစ်ခုလုံးက တိတ်ဆိတ်နေသည်။
“ဘယ်လောက်တောင် ကောင်းလိုက်တဲ့ သံစဉ်လဲ…” တစ်ယောက်က မှတ်ချက် ချသည်။
“ဒါက တကယ့် အံ့ဖွယ်ပဲ…”
“ဒီသံစဉ်က ဒီလောက် အဆင့်နိမ့်တာ… ကျုပ်က ဘာမှ ထူးခြားတာ မမြင်ပါလား…” ထိုအခိုက်တွင် သံသယဝင်သော အသံတစ်ခု တတိယ အလွှာမှ ကြားရသည်။
ထိုနေရာတွင် လူတစ်စု ထိုင်နေသည်။ အပြင်ဘက်မှ လူများက သူ့အား မမြင်နိုင်ပေ။ ပြောလိုက်သူကား လူငယ်တစ်ယောက် ဖြစ်သည်။ စွမ်းအားမြင့် တန်ခိုးရှင်များက သူ့ဘေးတွင် ရှိနေသည်။
သူက နဂါးကလန်မှ ဖြစ်၏။ သူက ဂီတနှင့် ပတ်သက်၍ အနည်းငယ်မျှသာ သိသော်လည်း ရီဖူရှင်း တီးခတ်ခဲ့သော သံစဉ်မှ ကြီးမားသော အရှိန်အဝါကို ခံစားရသည်။ ထိုသံစဉ်တွင် အားကောင်းသော အနုပညာရသသိ ရှိသော်လည်း သံစဉ်က အကာနာ အဆင့်တွင်သာ ရှိသည်။ ထိုသံစဉ်က လူအများအား မည်သို့ ထူးခြားစေမည်ကို သူက နားမလည်ပေ။
ယနေ့က နှစ်ဟောင်း၏ နောက်ဆုံးနေ့ ဖြစ်သလို နဂါးကလန်မှ မင်းသမီးလေး၏ အသက် ဆယ့်လေးနှစ်မြောက် မွေးနေ့လည်း ဖြစ်သည်။ လူငယ်က မင်းသမီးလေး အတွက် လက်ဆောင်တစ်ခု ပေးလိုရာ မင်းသမီးကလည်း ကု့ချင်းတီးခတ်ရာတွင် ပါရမီပါသောကြောင့် သူက ဂီတအလုပ်ရုံမှ လေလံပွဲကို ရောက်လာခြင်း ဖြစ်သည်။
ယနေ့ည မွေးနေ့ပွဲတွင် လူတိုင်းက မွေးနေ့လက်ဆောင် ပြင်ဆင်ကြမည်ဖြစ်ရာ သူကလည်း တခြားလူများနှင့် မတူသော တစ်ခုခုအား သူမအတွက် ပြင်ဆင်ပေးလို၏။
***