Switch Mode

အပိုင်း (၄၃၈)

တီထွင်ခြင်း

ရီဖူရှင်း၏ပြန်ပြောစကားကို ကြားလျှင် လောင်လင်းအာက သူ့အား ကြည့်ကာ ပြောသည်… “လင်းအာ ရှင့်ကို ပေးမသွားဘူး…”

“လင်းအာ… စီနီယာဖန်းနဲ့ ကောင်းကောင်း သင်ယူ… အတိတ်က အကြောင်းတွေ သိပ်မတွေးနဲ့…” ရီဖူရှင်းက ပြုံးလျက်ပြောသည်… “ငါသွားပြီ…” ထို့နောက် သူက အပြင်ဘက်ကို ထွက်သွားသည်။

“အစ်ကိုကြီးဖူရှင်း…” လင်းအာက ခေါ်သည်။

ရီဖူရှင်းက ရပ်လိုက်သည်။ နောက်လှည့်ကာ သူက ပြောသည်… “ဟင်း… မင်းက စိတ်ရှုပ်စရာ ကောင်းတယ်လို့ မထင်ဘူးလား…”

လောင်လင်းအာ၏ မျက်လုံးများက နီရဲလာသည်။ သူမ၏ မျက်ရည်များက ထွက်ကျလုနီးပါး ဖြစ်လာကာ ရီဖူရှင်း၏ နှလုံးသားကလည်း ပျော့ပျောင်း သွားရသည်။ သည်မိန်းကလေးကား ဟန်ဆောင်ကောင်းလွန်း လှသည်။

“လင်းအာကို ကတိပေးထားတာကို အစ်ကိုကြီး ဖူရှင်းက မမေ့ဘူး… ဟုတ်တယ်မလား…” မိန်းကလေးက သနားစဖွယ် ပြောသည်။

ရီဖူရှင်း တွေဝေသွားသည်။ သို့သော် လောင်လင်းအာက ဘာကို ပြောနေသည်ကို သူက မြန်ဆန်စွာ နားလည်လိုက်သည်။ သူက သူမနှင့် နှစ်သစ်ကို အချိန်ကုန်ပေးဖို့ ကတိပေးထားသည်။

“ငါ သတိရတယ်…” ရီဖူရှင်းက ခေါင်းညိတ်သည်။

“ဒါဆို ရှင် ကတိတည်ရမယ်…” လောင်လင်းအာက ပြောသည်။

“ကောင်းပြီ…” ရီဖူရှင်းက ရယ်မောကာ အပြင်ဘက်ကို ထွက်သွားသည်။

သူ ထွက်သွားသည်နှင့် လောင်လင်းအာက လောင်မူအား ဒေါသတကြီး ကြည့်သည်… “အခု ပျော်ပြီလား…”

“လင်းအာ…” လောင်မူက ပြောသည်… “မင်းက လျှောက်ဆော့နေတာ တော်လောက်ပြီ… သူ့ကို ဘယ်လောက် သိလို့လဲ…”

“ကျွန်မ ဂရုမစိုက်ဘူး…” လောင်လင်းအာက တုံးတိတိ ပြောသည်။

“မင်းက ဦးလေးရဲ့ တစ်ဦးတည်းသော သမီးပဲ… မင်းက လောင်မိသားစုရဲ့ မင်းသမီးလေးပဲ…” လောင်မူက ဆက်ပြောသည်… “ငါမပြောရင်တောင် လက်ရှိဦးလေးနဲ့ မိသားစု ဆက်ဆံရေးကို မင်း သိသင့်တယ်… အခု မင်းက နတ်ဗိမာန် အိမ်တော်ကို လူစိမ်း တစ်ယောက်ကို ဒီအတိုင်း ပေးလိုက်တယ်… မိသာစုက ဘာတွေးမလဲ…”

“ကျွန်မ မစားတော့ဘူး…” လောင်လင်းအာက နောက်လှည့်ကာ ထွက်သွားသည်။

သူမ၏ နောက်ကျောကို ကြည့်ကာ လောင်မူက လက်မှိုင်ချရသည်… “ဦးလေးယန်…” သူက ပြောသည်… “လင်းအာကို ပြန်ခေါ်သွားပါ…”

“ဟုတ်ကဲ့… သခင်လေးမူ…” ယန်ရှင်းက ခေါင်းညိတ်ကာ နောက်မှ လိုက်ပါသွားသည်။ သူက မသက်မသာ ပြုံးသည်။ လောင်မူကား တည့်တိုးဆန်သည်။ သူက လောင်လင်းအာကို ချစ်သော်လည်း သူတို့၏ စိတ်နေ သဘောထားများက ကွဲပြား ခြားနားသည်။ သူတို့အချင်းချင်း သဟဇာတဖြစ်ရန် ခက်ပေသည်။ သူကား တန်ခိုးကျင့်ခြင်းတွင် ပိုမို၍ သင့်တော်သည်။

ရီဖူရှင်း ပြန်လာသောအခါ လို့လန်ရွှီ၊ ယူချင်းနှင့် စိန့်ယွီတို့က အပြင်ကို ထွက်သွားကြပြီး ဖြစ်သည်။ ရီဝူချင်း တစ်ယောက်သာ တန်ခိုးကျင့်နေသည်။ သူတို့က ညနေစောင်းမှ ဆေးပင် ဆေးမြစ်များ အများအပြားကို သယ်ကာ ပြန်လာခဲ့ကြသည်။

“အဲဒါ ဘာတွေလဲ…” ရီဖူရှင်းက စိတ်ဝင်စားစွာ မေးသည်။

“ဓာတ်အားဖြည့် ဆေးပင်တွေ… ငါတို့က ချိန်ယွန်လမ်းကြားကို သွားခဲ့ကြတယ်…” လို့လန်ရွှီက ပြန်ပြောသည်… “အဲဒီနေရာက ဒီအနီးတစ်ဝိုက်မှာ အကြီးဆုံး ရောင်းဝယ်ရေး နေရာပဲ… မိုးမြေကောင်းကင်မြို့က သိုင်းပညာရှင်တွေက ဓာတ်အားဖြည့် ဆေးပင်တွေကို သုံးပြီး ရေချိုးကြတယ်… ငါက သူတို့သုံးတဲ့ နည်းတစ်ခုကို သိခဲ့တယ်… ဒါကြောင့် နင်တို့ သုံးလို့ရအောင် ဝယ်လာခဲ့တာ…”

“မင်းအတွက်လည်း လိုတဲ့ဟာတွေ ဝယ်ဖို့ မမေ့နဲ့…” ရီဖူရှင်း ပြောသည်။ သည်နေရာမှ လူများက တန်ဖိုးကြီး ဆေးပင် ဆေးမြစ်များကို သုံး၍ တန်ခိုးကျင့်လေ့ ရှိကြသည်။ ဖြစ်နိုင်ပါက သူတို့က သူတို့၏တန်ခိုးအဆင့်ကို တတ်နိုင်သမျှ မြှင့်တက်အောင် လုပ်ကြမည် ဖြစ်သည်။

“အင်း…” လို့လန်ရွှီက ခေါင်းညိတ်သည်… “ငါနဲ့ စိန့်ယွီနဲ့ သွားလိုက်မယ်…” ထို့နောက် သူတို့ ထွက်ခွာ သွားသည်။

ရီဖူရှင်းက လို့လန်ရွှီ၏ နောက်ကျောကို ကြည့်သည်။ လို့လန်ရွှီက ကော့တေးကို သူမ၏သဘောဖြင့် ရောက်လာခဲ့ကာ သူ၏အစေခံ လုပ်ခဲ့သည်။ လို့လန်ရွှီက မင်းသမီးတစ်ပါး ဖြစ်ရာ ထိုသို့လုပ်နိုင်မည် မဟုတ်ဟု သူက တွေးခဲ့သည်။ သို့သော် အစ်မနှစ်၏ လက်အောက်တွင် လို့လန်ရွှီက အစေခံတစ်ယောက် အနေဖြင့် အသားကျလာကာ သူမ၏အလုပ်များကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့သည်။ ရီဖူရှင်းပင်လျှင် ထိုအခြေအနေအား အသားကျလာခဲ့သည်။

“ငါတို့က လောင်မိသားစုဆီကို ထပ်မသွားတော့ဘူးလား…” ယူချင်းက မေးသည်။

“မသွားဘူး…” ရီဖူရှင်းက ခေါင်းယမ်းသည်… “နတ်ဗိမာန် အိမ်တော်က ရေရှည် အဆင်ပြေမယ်လို့ ငါမထင်ဘူး… ငါတို့က သဘာဝစွမ်းအင် ကျောက်တုံးတွေကို ရဖို့ တခြား နည်းလမ်းတွေ ရှာရမယ်…”

လောင်လင်းအာက သူတို့အား နတ်ဗိမာန် အိမ်တော်ကို ပေးအပ်ခဲ့သည်။ သူမက လောင်မိသားစု၏ မင်းသမီလေး ဖြစ်သော်လည်း သူမက ငယ်ရွယ်လွန်းလှသည်။ သူမက ဘာကိုမှ ဆုံးဖြတ်နိုင်စွမ်း မရှိသေးပေ။ ရီဖူရှင်းက တချို့အရာများကို လောင်မူ၏အပြုအမူမှ ခံစားမိသည်။ ထို့ကြောင့် နတ်ဗိမာန်အိမ်တော်က ရေရှည်အတွက် အဆင်ပြေမည် မဟုတ်ပေ။ သူက မိမိကိုယ်ကို အားကိုးရန် လိုပေသည်။

“ဒီခရီးက တော်တော် ကုန်တယ်…” ယူချင်းက ပြောသည်။ သူတို့၏ တန်ခိုးအဆင့်ဖြင့် သာမန် နည်းလမ်းများက သူတို့ကုန်၏ ကုန်ကျစရိတ်များကို မထောက်ပံ့နိုင်ပေ။

“အင်း… ငါ စဉ်းစားဦးမယ်…” သူတို့ကား ဆင်းရဲသည်။ သူတို့က မိုးမြေကောင်းကင် မြို့ကဲ့သို့သော ချမ်းသာသော နေရာတွင် ဝင်ဆံ့ရန် မလွယ်ကူပေ။ မှန်သည်… သူတို့က ထိပ်သီး ကျောင်းသုံးကျောင်းကို ဝင်ရောက်ခြင်းဖြင့် လုံလောက်သော အထောက်အပံ့များ ရရှိနိုင်သော်လည်း ရီဖူရှင်းက ထိုသို့လုပ်ရန် မလိုလားပေ။

အတန်ကြာလျှင် လို့လန်ရွှီနှင့် စိန့်ယွီတို့ လျှောက်လာကာ လို့လန်ရွှီက ပြောသည်… “ဆေးရည်ကို ပြင်ပြီးသွားပြီ… စမ်းကြည့်ချင်လား…”

“အင်း…” ရီဖူရှင်းက ခေါင်းညိတ်ကာ လို့လန်ရွှီ ပြင်ဆင်ထားသော အခန်းထဲသို့ လိုက်ပါသွားသည်။

ဆေးရည်ကား ရေစည်ထဲတွင် ထည့်ထားကာ ယခု အောက်ခြေမှ အပူရှိန်ကြောင့် ပလုံစီထနေသည်။ ရေထဲတွင်ကား အနီရောင် ကျောက်တုံး တစ်တုံးရှိပြီး ရေစည်အား လျှော်ရည်အလား ထင်မှတ်ရစေသည်။ ဆေးပင်များကိုမူကား အချိုးကျ ထည့်ထားဟန်ရ၏။

“မင်းသွားလို့ရပြီ…” ရီဖူရှင်းက ပြောသည်။

“ငါက ပမာဏ မှန်မှန်ကန်ကန် ထည့်ထားလား မသေချာဘူ… နင် ချိုးလို့ရတယ်… ငါဒီက စောင့်နေမယ်…” လို့လန်ရွှီက ပြောသည်။

“အာ…” ရီဖူရှင်းက သူမအား မျက်လုံးပြူးကျယ်လျက် ကြည့်သည်။ ဒါက သင့်တော်ရဲ့လား…။

လို့လန်ရွှီက သူ့ကို ကြည့်နေသည်။ သူမ၏ငွေရောင် မျက်လုံးများက ဘာမှ ထူးခြားဟန် မရပေ။ သူမက တိုးညင်းစွာ ပြောသည်… “ဒါက အစေခံလုပ်ရမယ့်ဟာ မဟုတ်ဘူးလား…”

သူမပြောသည်မှာ သဘာဝကျသည်ဟု ခံစားရသော်လည်း သူက သိပ် သက်သောင့်သက်သာတော့ မရှိပေ။

လို့လန်ရွှီက သူ့အား စိုက်ကြည့်ကာ မလှုပ်သည်ကို မြင်လျှင် ရီဖူရှင်းက ဘာမှ မပြောတော့ပေ။ ထို့နောက် သူက သူ၏ဝတ်စုံကို ချွတ်လိုက်ကာ သူ၏အပေါ်ပိုင်း ခန္ဓာကိုယ်အား ဗလာကျင်း ဖြစ်သွားစေသည်။ ထို့နောက် သူက ရေစည်ထဲကို ဝင်ရောက်လိုက်ကာ တီးတိုး ရေရွတ်သည်… “ငါ့ကို အသားယူဖို့ ကြိုးစားနေတယ်…”

ရီဖူရှင်းက ရေစည်ထဲကို ဝင်ရောက် လိုက်သည်နှင့် သူက လွန်စွာ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအင်က သူ၏ခန္ဓာကိုယ်ထဲကို စိမ့်ဝင်လာသည်ကို ခံစားရသည်။ သူက သည်မျှအပူက သူ့အား ဘာမှ သက်ရောက်မည် မဟုတ်ဟု ထင်မှတ် ထားခဲ့သော်လည်း သူက သည်ဆေးရည်ကို လုံးဝ အထင်သေးမိခဲ့ပြီ ဖြစ်သည်။ ချက်ချင်းပင် စွမ်းအင် စီးကြောင်းများက သူ၏သွေးကြိုးများနှင့် အသွေးအသားများကို လှည့်ပတ် စီးဆင်းသွားသည်။

“မခုခံနဲ့… နင့်ခန္ဓာကိုယ်ကို ဖြေလျှော့ထားပြီး အဲဒီ စွမ်းအားတွေကို လွတ်လွတ်လပ်လပ် စီးဆင်းပါစေ… ပထမဆုံး အကြိမ်မှာ သိပ်ပြီး မထူးခြားဘူး ဆိုပေမဲ့ ရေရှည်မှာ နင့်ခန္ဓာကိုယ် အတွက် အရမ်း အကျိုးရှိတယ်…” လို့လန်ရွှီက မေးသည်… “နင် ဘယ်လို ခံစားရလဲ…”

“မင်း ဘာထည့် လိုက်တာလဲ…” ရီဖူရှင်းက ရေရွတ်သည်… “ဒါပေမဲ့ နေလို့တော့ ကောင်းသားပဲ…” ထို့နောက် သူက မျက်လုံးကို မှိတ်ကာ တိတ်ဆိတ်စွာ နေလိုက်သည်။ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအင်က သူ၏ အသွေးအသားများကို ကြမ်းတမ်းစွာ ပျော်ဝင်စီးဆင်း နေကြသည်။

အချိန် ကြာလာသည်နှင့်အမျှ နာကျင်မှုကလည်း တဖြည်းဖြည်း လျော့ပါးလာသည်။ အတန်ကြာလျှင် သူက ဘာမှ မခံစားရတော့ပေ။ သူက ထရပ်ကာ ရေစည်ထဲမှ ထွက်လိုက်သည်။ လို့လန်ရွှီက လျှောက်လာကာ သူ့အတွက် ပြင်ဆင်ထားသော ဝတ်စုံအား ပေးသည်။ သူမ၏ ငွေရောင်မျက်လုံးများက လင်းလက်နေ၏။

“မင်း သွားလို့ရပြီ…” ရီဖူရှင်းက ပြောသည်။

“အင်း…” လို့လန်ရွှီက ခေါင်းညိတ်ကာ ထွက်သွားသည်။

အတန်ကြာလျှင် ရီဖူရှင်းက အခန်းထဲကို ပြန်ရောက်လာကာ ပြောသည်… “ယူချင်း… မင်းသွားစမ်းကြည့်… အဲဒါ မင်းအတွက် အကျိုးရှိတယ်…”

“ကောင်းပြီ…” ယူချင်းက ခေါင်းညိတ်သည်။

ရီဖူရှင်းက အခန်းအပြင်ကို ထွက်လာကာ ထိုင်ခုံတစ်ခုပေါ်တွင် ထိုင်လိုက်သည်။ သူ၏လက်စွပ်မှ ဖျတ်ခနဲ လက်သွားကာ ကု့ချင်းတစ်လက် သူ့ရှေ့တွင် ပေါ်လာသည်။ သူက မျက်လုံးကို မှိတ်ကာ ကု့ချင်းအား တီးခတ်နေသည်။ သူ့စိတ်ထဲတွင် အူကီယိုသံစဉ် ထွက်ပေါ်လာသည်။ တီးလုံးတိုင်းက မှော်ဆန်သွား၏။

အူကီယိုကား လောက၏ အကောင်းဆုံး သံစဉ်ဆယ်ခုထဲမှ တစ်ခုဖြစ်သည်။ သံစဉ်တစ်ခုစီက လျှို့ဝှက် ဆန်းကြယ်သည်။

အူကီယို၏ အနုပညာ ရသသိကား ဧကရာဇ်နှစ်ပါး၏ စိတ်နှလုံးဖြစ်သည်။ သို့သော် လက်ရှိတွင်ကား ရီဖူရှင်း၏စိတ်က ကွဲပြားနေသည်။

ရီဖူရှင်းက အူယီယိုအား တဖြည်းဖြည်း မေ့လျော့သွားသည်။ ထိုအခိုက်တွင် သူက သူ၏ကိုယ်ပိုင် ကမ္ဘာထဲတွင် နစ်မျောနေသည်။ ထို့နောက်တွင် သူက ကု့ချင်းကြိုးများကို တီးခတ်လိုက်လျှင် သာယာ ကြည်လင်သော သံစဉ်က ထွက်ပေါ်လာသည်။ ကောင်းကင်က နက်မှောင်သွားကာ လရောင်များ ဖြာထွက်လာ၏။ သံစဉ် ထွက်ပေါ်လာသည်နှင့် ထိုနေရာက တိတ်ဆိတ်ကာ ငြိမ်သက်သွားသည်။ ထိုအခိုက်တွင် တစ်စုံတစ်ယောက်၏ နှလုံးသားအား ခံစားရနိုင်သည်။

စိန့်ယွီကား မနီးမဝေး တစ်နေရာတွင် ရပ်နေသည်။ သံစဉ် သူမ၏နားထဲကို ဝင်ရောက်လာလျှင် သူမ၏ နှလုံးခုန်သံကို သူမက ခံစားရစေသည်။ သူ၏သံစဉ်ကား လွန်စွာ နူးညံ့ သိမ်မွေ့လှသည်။ ထိုသံစဉ်တွင် လူအများအား နားဆင်ခံစားလိုစိတ် ဖြစ်ပေါ်စေသော ထူးခြားသော ဆွဲငင်အား တစ်ခုပါသည်။ သာယာလှပသော သံစဉ်က လူအများအား ထူးခြားသော အနုပညာရသသိထဲကို ချက်ချင်း ဆွဲငင်ယူသွားသည်။ သံစဉ်ထဲတွင် လူငယ်တစ်ယောက် လောကကြီးကို ခြေဆန့်ရန် အိမ်မှ ထွက်ခွာ သွားသည်ကို ခံစားရစေသည်။ သူက အရာအားလုံးကို ရင်ဆိုင် ကျော်ဖြတ်လျက် သူ၏ရည်ရွယ်ချက် ပန်းတိုင်ကို ရောက်အောင် သွားနေသည်။

သူကား ကြင်နာတတ်ကာ နှိမ့်ချတတ်သည်။ သူ၏တောက်ပ လင်းလက်မှုများကို လွှင့်ပစ်ထားကာ ကိစ္စ အတော်များများအား ပစ်ပယ်ထားသည်။ သို့သော်လည်း လောကကြီးက သူ၏ဆန္ဒအား သဘောကျဟန် မတူပေ။ သူ၏ကမ္ဘာထဲကို ဝင်ရောက် နှောင့်ယှက်သော လူများက အမြဲတမ်း ရှိနေခဲ့သည်။ ထိုလူများက မောက်မာကြသည်။ သူက ထိုလူများကို ရှောင်ဖယ် လိုသော်လည်း အခြေအနေက သူ့အား ထိုသို့ အခွင့်အရေး မပေးပေ။ တချို့သော ကိစ္စများက သူ့နောက်ကို အမြဲတမ်း လိုက်နေခဲ့သည်။

ရာထူး၊ ဂုဏ်သိမ်နှင့် အာဏာများက  တစ်စုံတစ်ယောက်၏ စိတ်နှလုံးကို လှုပ်ယမ်းနိုင်သည်။ သာမန် ဆက်ဆံရေးများကိုပင်လျှင် ထိုအရာများက သက်ရောက်စေသည်။

သံစဉ်က တည်ငြိမ်နေရာမှ လောကကြီး၏ ရိုက်ခတ်မှုကြောင့် ကြမ်းတမ်း ခက်ရော်လာသည်။ ကြမ်းတမ်းပြီး နောက်ပိုင်းတွင်လည်း တည်ငြိမ် သွားပြန်သည်။ သို့သော်လည်း ထိုတည်ငြိမ်မှုတွင် အထီးကျန်ဆန်သော မောက်မာမှုများ ရှိသည်။ သံစဉ်က အေးစက်ကာ မောက်မာ ဝင့်ကြွားလာသည်။ တဖြည်းဖြည်းဖြင့် သံစဉ်က မြန်ဆန် လာသည်။

ရီဖူရှင်း၏ လက်ချောင်းများက ကု့ချင်းကြိုးများတွင် မြန်ဆန်စွာ လှုပ်ရှားနေသည်။ သံစဉ်က ပေါက်ကွဲလာဟန် ရသည်။ သူ့အနီးတွင်လည်း မမြင်ရသော ကိုယ်ရောင်ကိုယ်ဝါ တစ်ခု ထွက်ပေါ်လာသည်။ သူ၏မောက်မာမှုက လောကတစ်ခုလုံးကို ဖျက်ဆီးနိုင်စွမ်း ရှိသည်။

လောက၏ သဘာဝ စွမ်းအင်များကလည်း စတင် အသက်ဝင်လာဟန် ရသည်။ သူတို့ကလည်း သံစဉ်နှင့်လိုက်ကာ ရုန့်ရင်းကြမ်းတမ်း လာကြကာ ခရမ်းရောင် လျှပ်စီးများ တဖျတ်ဖျတ် လင်းလက် လာနေသည်။ လေထုထဲတွင် လျှပ်စီး အက်ကွဲသံများက သံစဉ်နှင့်အတူ ထွက်ပေါ် လာနေသည်။ လောကတစ်ခုလုံး ရုန့်ရင်းဆန်ခတ် ဖြစ်နေကာ အရာအားလုံးကို ဖျက်ဆီးနိုင်သော လျှပ်စီးမုန်တိုင်း တစ်ခု ဖြစ်လာသည်။

သိပ်မဝေးသော နေရာမှ စိန့်ယွီက ထိုမြင်ကွင်းကို ထိတ်လန့်စွာ ကြည့်နေသည်။ ဂီတက အေးချမ်းမှုမှ ကြမ်းတမ်းမှုသို့ တဖြည်းဖြည်း ပြောင်းလဲ သွားသည်ကို ခံစားရသည်။ ရီဖူရှင်း၏ ကိုယ်ရောင်ကိုယ်ဝါက ကြောက်မက်ဖွယ် ကောင်းသည်။ သူကား မောက်မာကာ အေးစက်၏။ သူ၏လက်ချောင်းများက ကု့ချင်းကြိုးများကို ကြမ်းတမ်းစွာ တီးခတ် နေသော်လည်း မမြင်ရသော ကြော့ရှင်းလှပသော ဟန်ပန်ကိုလည်း တွေ့နေရသည်။

သူက လောကကြီးကို ဂရုမစိုက်ပေ။ သူက အရာအားလုံးကို ရင်ဆိုင်ရဲသည်။

စိန့်ယွီက သူမ၏နားကို ပိတ်လိုက်သည်။ သို့သော် ထိုအရာက အသုံးမဝင်ပေ။ လောက၏ အဆုံးသတ် မြင်ကွင်းတစ်ခုက သူမ၏အာရုံထဲတွင် ဖြစ်ပေါ်လာသည်။ လျှပ်စီးများက နေရာတိုင်းတွင် ဖြစ်ပေါ်နေကာ သူမ၏စိတ်အား ဖျက်ဆီးလုနီးပါးပင်။ သို့သော် ထိုအရာများက သံစဉ်၏ ဘေးထွက် ဆိုးကျိုးများ ဖြစ်သည်။ ရီဖူရှင်းက ဘယ်သူ့ကိုမှ တိုက်ခိုက်နေခြင်း မဟုတ်ပေ။ လျှပ်စီးမုန်တိုင်းက ရီဖူရှင်း၏အနီးတွင် ကြောက်မက်ဖွယ် လှည့်ပတ်နေကြကာ စိတ်ဝိညာဉ် တိုက်ခိုက်မှုများအဖြစ် ပြောင်းလဲသွားသည်။

နောက်ဆုံးတွင် သံစဉ်က ရပ်တန့်သွားသည်။ ကြောက်မက်ဖွယ် မြင်ကွင်းလည်း ပျောက်ကွယ် သွား၏။

ရီဖူရှင်းက ငြိမ်သက်သွားကာ သူက မျက်လုံးကို ဖွင့်လိုက်သည်။ သူက ပြုံးလိုက်၏။ အူကီယိုက သူ့ကို ပြောသည်မှာ သူက စိတ်ဝိညာဉ် စွမ်းအင်ကို သံစဉ်ထဲတွင် ထည့်သွင်းပါက သူက လေထဲမှ သဘာဝ စွမ်းအင်များကို ထိန်းချုပ်နိုင်သည် ဟူ၏။ အူကီယိုအား အခြေခံ၍ သူက သူ၏ကိုယ်ပိုင် အတွေ့အကြုံနှင့် စိတ်အခြေအနေတို့ဖြင့် ကိုယ်ပိုင်သံစဉ် တစ်ခုကို ဖန်တီးနိုင်ခဲ့သည်။ သည်သံစဉ်က ဂီတမှော်သံစဉ်ဖြစ်ကာ လွန်စွာ အားကောင်းပေသည်။

သည်အရာက ကောင်းမွန်သော အစတစ်ခုလည်း ဖြစ်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset