အပိုင်း (၄၃၇)

အပျံသင်စ အနောက်တောင်နဂါးငယ်

ထိုအဖြစ်အပျက်များကို ကြားလျှင် ရီဖူရှင်းက နဂါးကလန် ခေါင်းဆောင်အား လေးစား သွားမိသည်။ သူက သူ၏ပြိုင်ဘက်များ အကြားတွင် ပြိုင်ဘက် ကင်းသော်လည်း ငယ်ရွယ်သော အချိန်တွင် သေဆုံးသွားခဲ့သည်။ သူ့အား မတွေ့လိုက်ရခြင်းက စိတ်မကောင်းစရာဟု ရီဖူရှင်းက တွေးမိသည်။ မိန်းကလေးက သူမ၏ဦးလေး သေဆုံးသွားခြင်းကို လက်မခံနိုင် သေးသည်မှာ မထူးဆန်းတော့ပေ။ သူက ဘယ်လိုလူ ဖြစ်သည်ကို သူက ခန့်မှန်းနိုင်သည်။ သူ၏ မိသားစုအပေါ် ချစ်ခင် ကြင်နာကာ ကာကွယ် ပေးတတ်သော်လည်း ပြင်ပလူများအပေါ် လွှမ်းမိုးနိုင်စွမ်းသည်။ ထိုသို့သော လူမျိုးက လေးစားမှုနှင့် ထိုက်တန်ပေသည်။

“လင်းအာ သူ့ကို မတွေ့ချင်ဘူး…” လောင်လင်းအာက ယန်ရှင်းအား ပြောသည်။

“နားလည်ပါပြီ…” ယန်ရှင်းက ခေါင်းညိတ်ကာ အဆောင် အပြင်ဘက်ကို ထွက်သွားသည်။ ထို့နောက် ကျင်းယွန်ရှင်းထံသို့ လှမ်းအော် လိုက်သည်… “သခင်မလေးက အလုပ်များ နေတာကြောင့် ခင်ဗျားကို မတွေ့ချင်ဘူးတဲ့…”

ကျင်းယွန်ရှောင်းက ဒေါသထွက်ခြင်း မရှိပေ။ ထိုအစား သူ၏ နှုတ်ခမ်းများက ကွေးကောက်အောင် ပြုံးသွားသည်… “လင်းအာလေးက ကြယ်မင်းကျောင်းကို နောက်နှစ်မှာ တက်မယ်လို့ ကြားတယ် … ဘာလို့ သူမရဲ့ စီနီယာကို မတွေ့ချင်ရတာလဲ… တကယ်လို့ သူမက ကြယ်မင်းကျောင်းကို ဝင်ဖို့ အရည်အချင်း ရှိခဲ့ရင် ကျုပ်က သူမကို အများကြီး  ကူညီမယ် တွေးထားတာ…”

ယန်ရှင်း မျက်မှောင်ကြုတ် သွားသည်။ ရီဖူရှင်းကလည်း ကျင်းယွန်ရှောင်၏ လေသံမှ ပမာမခန့် လေသံကို ခံစားရသည်။ သူ၏လေသံကား ကပြက်ကချော် ဆန်လှသည်။

“ငါ့ကို ဂရုစိုက်ရအောင် ရှင်က ဘယ်သူလဲ…” လောင်လင်းအာက တံခါးဝတွင် ရပ်ကာ အော်လိုက်သည်။ သူမ၏အသံက နတ်သမီးရေကန် တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ လောင်လင်းအာက နဂါးကလန်၏ ပန်းသီးကလေး ဟူသော နာမည်ပြောင်နှင့် အလွန်ပင် လိုက်ဖက်လှသည်ဟု လူအများက တွေးကြသည်။

“လင်းအာ ညီမလေးက ငယ်သေးတော့ တော်တော် ဒေါသထွက်လွယ် တတ်တယ် ထင်တယ်…” ကျင်းယွန်ရှောင်းက ပြုံးလျက် ဆက်ပြောသည်… “ဒါပေမဲ့ လင်းအာ ညီမလေးက နဂါးဆရာ ဖြစ်မလာသေးဘူးလို့ ကြားတယ်… ဒီအတိုင်း ဆက်သွားရင် စာမေးပွဲကတစ်ဆင့် ကျောင်းကို ဝင်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စပဲ…”

“ဒါက ဆရာလေးကျင်း စိတ်ပူရဲမယ့်ကိစ္စ မဟုတ်ပါဘူး…” ကျင်းယွန်ရှောင်း၏ စကားကို ကြားလျှင် ယန်ရှင်းက ပြောသည်။ ကျင်းယွန်ရှောင်းကား လောင်လင်းအာကို တမင် ရန်စနေသည်။

“အနောက်တောင် နဂါးစီနီယာမှာ လင်းအာ တစ်ယောက်ပဲ မျိုးဆက်ရှိတယ်… သူ့နေရာကို ဘယ်သူမှ ဆက်ခံနိုင်စွမ်း မရှိမှာကိုပဲ ကျုပ်က စိုးရိမ်မိတာ…” ကျင်းယွန်ရှောင်းက ပြုံးလျက် ပြောသည်။ လူတိုင်းက သူ၏ရန်စ စကားကို ကြားရသည်။ နတ်သမီးရေကန်မှ လူများက ထိုမြင်ကွင်းကို တိတ်ဆိတ်စွာ ကြည့်နေကြသည်။ မိသားစုနှစ်ခုက သမိုင်းကြောင်းအရ ပြိုင်ဆိုင်မှုများ ပြင်းထန်ခဲ့သလို ပုံပြင်များစွာလည်း ရှိသည်။ အထူးသဖြင့် ထိုလူ အသက်ရှိစဉ်တုန်းက သူက ကျင်းကလန်အား ဖိနှိပ်ခဲ့သည်။ လောင်လင်းအာ မွေးစဉ်က ကျင်းကလန်က လက်ထပ်ခွင့် တောင်းစဉ်ကလည်း သူတို့က အရှက်ခွဲခံခဲ့ရ၏။ ယခု ထိုလူ သေဆုံးသွားရာ နဂါးကလန်က အားနည်းသော ဘက်ကို ရောက်သွားသည်။ ပုံမှန်အားဖြင့် ကျင်းကလန်ကလည်း နဂါးကလန်နှင့်တွေ့တိုင်း ရန်စစော်ကားလေ့ ရှိကြသည်။

“မင်း…” ယန်ရှင်း၏ အမူအရာက သုန်မှုန်သွားသလို လောင်လင်းအာ၏ မျက်လုံးများက ဒေါသကြောင့် နီရဲလာကာ သူမက လက်သီးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။

“ထပ်ပြောစမ်း…” အပြင်ဘက်မှ​ အသံတစ်သံကို ကြားရသည်။ လူတိုင်း၏ အကြည့်က လမ်းအတိုင်း လျှောက်လာသော လူငယ် တစ်ယောက်ထံကို ရောက်သွားသည်။ သူကား ပိန်ပါးဟန် ရသော်လည်း အားကောင်းသော ကိုယ်အရှိန်အဝါရှိပြီး ချောမောသော ရုပ်ရည်ကို ပိုင်ဆိုင်သည်။ သူ၏မျက်လုံးများက တဖျတ်ဖျတ် လက်နေကာ သူ၏အကြည့်က တံတားပေါ်မှ ကျင်းယွန်ရှောင်းထံသို့ လျှပ်စီးအလား ရောက်သွားသည်။

သူ ရောက်လာသည်တွင် နတ်သမီးရေကန်မှ လူများ၏အမူအရာများ ပြောင်းလဲ သွားကြသည်။

ထိုလူငယ်က တစ်လှမ်းချင်း လျှောက်လာသည်တွင် ကျင့်နန်နှင့် ဝမ်ယွီချန်းတို့၏ မျက်နှာက တောင့်တင်း သွားသည်။ မှန်သည်… သူတို့က ထိုလူငယ်အား မှတ်မိပေသည်။ သူကား ကြယ်မင်းကျောင်းတွင် တက်ရောက်ကာ ကျင်းယွန်ရှောင်း ထက်ပင် ကျော်ကြားပေသည်။

ထိုလူငယ်ကား မွေးလာကတည်းက လူတိုင်းက အာရုံစိုက်ခြင်း ခံရသူဖြစ်ကာ သူ၏ လှုပ်ရှားမှုတိုင်းအား မိုးမြေကောင်းကင်မှ လူများက သတိထား ကြည့်ရှုခံရသူလည်း ဖြစ်သည်။ အကယ်၍ လူငယ်မျိုးဆက်ထဲတွင် အနောက်တောင် နဂါးကလန်၏ ခေါင်းဆောင် နေရာအား လောင်လင်းအာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသူကို ပြပါဆိုလျှင် ထိုလူငယ်သာ ဖြစ်ပေမည်။

အနောက်တောင် နဂါးကလန်၏ အပျံသင်စ နဂါးငယ် လောင်မူကား နဂါးကလန်၏ ယခင် နာမည်ကျော် ပါရမီရှင် ကလန် ခေါင်းဆောင်ဟောင်း၏ သား ဖြစ်သည်။ ယနေ့အထိ သူက များစွာသော အာရုံစိုက်ခံရမှုများကို ရရှိနေဆဲ ဖြစ်သည်။ ထိုအရာက လောင်မူက သူ၏သားဖြစ်သော ကြောင့်ပင်။

ကောလာဟလများ အရဆိုလျှင် လက်ရှိကလန် ခေါင်းဆောင်တွင် သမီးတစ်ယောက်သာ ရှိသော်လည်း သူက လောင်မူအား သူ၏ဆက်ခံသူအဖြစ် သတ်မှတ်ထားသည် ဟူ၏။ သူ၏တူကား သူ့အစ်ကို၏တစ်ဦးတည်း ကျန်ရစ်သော သားဖြစ်ကာ လောင်မူအား သူ၏နေရာကို ဆက်ခံရန် လိုလားသည်။ နဂါးကလန်၏ မိသားစုအတွင်း ပတ်သက်မှုများက ထူးဆန်းသည်ဟု လူအများက တွေးတောကြသည်။ ထိုကလန် ခေါင်းဆောင်ဟောင်းက သူ အသက်ရှိစဉ်က သူ့အချစ်ဆုံးမှာ သူ၏သား မဟုတ်ဘဲ လောင်လင်းအာ ဖြစ်ပေသည်။

ယခု သူ သေဆုံးသွားသောအခါ လက်ရှိ အနောက်တောင် ကလန်ခေါင်းဆောင်က မျှော်လင့်ချက်ကြီးစွာ ထားခြင်း ခံရသူမှာ သူ၏သမီးအရင်း မဟုတ်ဘဲ သူ၏တူ လောင်မူ ဖြစ်ပေသည်။ ထိုသို့သော နီးကပ်လွန်းသော ညီအစ်ကို ပတ်သက်မှုက လူအများ၏ လေးစားမှုနှင့် ထိုက်တန်ပေသည်။

ကျင်းယွန်ရှင်း၏ အကြည့်က လောင်မူထံသို့ ရွေ့လျားသွားကာ သူ၏အမူအရာက မူလကကဲ့သို့ သက်သောင့်သက်သာ မရှိတော့ပေ။ သူ၏ထက်ရှသော အကြည့်ကလည်း လောင်မူထံသို့ စူးနစ်စွာ ရောက်ရှိသွား၏။

သူတို့ ကျင်းကလန်အား အသက်ရှိစဉ်က ဖိနှိပ်ခဲ့သော ထိုခွေးကောင်၏သား လောင်မူကား ပါရမီလွန်စွာ မြင့်မားသည်။ သည်နှစ်တွင်လည်း လောင်မူ၏စာမေးပွဲ စွမ်းဆောင်ရည် ရလဒ်က လွန်စွာ ကောင်းမွန်ခဲ့ကာ ကျင်းယွန်ရှောင်းအား မှေးမှိန်စေခဲ့သည်။ သူ၏နောက်ခံ၊ ပါရမီနှင့် စွမ်းရည်တို့က သူ့အထက်တွင် ရှိနေသည်။

လောင်မူ၏ခန္ဓာကိုယ်က လျှပ်တစ်ပြက် ရွေ့လျားသွားကာ လျှပ်စီး အလင်းတန်းအလား တံတားပေါ်သို့ ကျဆင်းကာ တံတားအား တုန်ခါစေသည်။ ထို့နောက် လောင်မူက ကျင်းယွန်ရှောင်းအား အေးစက်စွာ ကြည့်လိုက်သည်။ လူတိုင်းကလည်း သူတို့နှစ်ယောက်အား စိတ်ဝင်စားစွာ ကြည့်နေကြ၏။

ကျင့်နန်နှင့် ဝမ်ယွီချန်းတို့ကား သူတို့နှစ်ယောက်ကဲ့သို့ ဖြစ်လိုလွန်းလှသည်။ သူတို့ကား တကယ့်ပါရမီရှင်များ ဖြစ်ကြကာ ယနေ့တွင် ထိုနှစ်ယောက်လုံးက သည်နေရာတွင် ပြိုင်တူ ပေါ်လာမည်ဟု သူတို့က မထင်မှတ် ထားခဲ့ကြပေ။ တိုက်ပွဲက ကျိန်းသေ ဖြစ်တော့မည်ဟု လူအများက တွေးထင်ကြသည်။

“ခုနက မင်းပြောခဲ့တာကို ပြန်ပြောစမ်း…” နဂါးပုံရိပ်အလား လောင်မူ၏ ခန္ဓာကိုယ်တွင် ပုံသဏ္ဌာန်မဲ့ စွမ်းအင်ထုထည် တစ်ခု စတင် ဖြစ်ပေါ်လာသည်။ သန့်စင်နဂါး စွမ်းအင်က လေထဲတွင် စတင် လှည့်ပတ်လျှင် လူတိုင်းအား ပြင်းထန်သော အရှိန်အဝါကို ပေးသည်။ ကျင်းယွန်ရှောင်းက ထိုစကားအား ထပ်ပြောသည်နှင့် လောင်မူက တိုက်ခိုက်တော့မည် ဖြစ်သည်။ လောင်မူ၏ စိတ်နေ သဘောထားအရ ထိုသို့လုပ်မည်မှာ သေချာပေသည်။

ကျင်းယွန်ရှောင်းက လောင်မူအား ပြုံးလျက် ကြည့်ကာ ပြောသည်… “လောင်မူ… မင်းက အမြဲတမ်း စိတ်ကြီးဝင် နေတာပဲ…”

“ထွက်သွား…” လောင်မူက ခံစားချက် ကင်းမဲ့စွာဖြင့် ပြောသည်။

ကျင်းယွန်ရှောင်းက ထီမထင်စွာ ပြုံးသည်။ သူ ဝတ်ဆင်ထားသော နတ်ငှက်၏ အတောင်ပံများဖြင့် ပြုလုပ်ထားသော ဝတ်စုံက လေထဲ တဖျတ်ဖျတ် လွင့်လာကာ သူ၏ ခန္ဓာကိုယ်တွင်လည်း ထက်ရှသော စွမ်းအင်များ စတင် ဖြစ်ပေါ်လာသည်။ ကျင်းယွန်ရှောင်၏ နောက်တွင်လည်း နတ်ငှက်၏ အရိပ်ပုံသဏ္ဌာန်တစ်ခု ဖြစ်ပေါ်လာကာ ကျင်းယွန်ရှောင်း ကိုယ်တိုင်က နတ်ငှက်အလား လူအများအား ခံစားရစေသည်။

ထက်ရှသော ဓားသွား အပိုင်းအစများ ပါဝင်သော လေပွေမုန်တိုင်း တစ်ခု စတင် ဖြစ်ပေါ်လာကာ လောင်မူအား စတင် ရိုက်ခတ်လာ၏။ ကျင်းယွန်ရှင်း၏ ပါးစပ်က ရက်စက်သော အပြုံးတစ်ခု ပေါ်လာကာ သူ၏ခန္ဓာကိုယ်က ရွှေရောင် အရိပ်သဏ္ဌာန် တစ်ခုအလား မြန်ဆန်စွာဖြင့် လောင်မူအား ခုန်အုပ်လိုက်သည်။

လောင်မူ၏ ခန္ဓာကိုယ်က ထိုနေရာတွင်ပင် တည်ငြိမ်စွာ ရပ်နေကာ လက်ဝါးရိုက်ချက် တစ်ချက်ကို ထုတ်လွှတ်လိုက်သည်။ မိုးခြိမ်းသံအလား ဟိန်းသံတစ်ခုက ကောင်းကင်သို့အထိ တုန်ခါသွားကာ အင်အားနှစ်ခုက ရင်ဆိုင်မိသည်။

ဝုန်း…

နားကွဲမတတ် ပေါက်ကွဲသံနှင့်အတူ ကောင်းကင်တွင် ရွှေရောင် အလင်းတန်းများ တဖျတ်ဖျတ် လင်းလက်သွားပြီး တံတားက ပြိုလဲကျလာသည်။ ကျင်းယွန်ရှင်း၏ ခန္ဓာကိုယ်က မူလနေရာကို ပြန်ရောက်လာသလို သူ၏ကျောတွင်လည်း ရွှေရောင် အတောင်ပံ တစ်စုံကို တွေ့ရသည်။ သူ၏လက်က အနည်းငယ် တုန်ယင်နေဟန် ရသော်လည်း အေးစက်မှုနှင့် မောက်မာမှုများက သူ၏မျက်နှာတွင် အတိုင်းသား မြင်နေရဆဲ ဖြစ်သည်။ သူက မူလနေရာတွင်ပင် ရပ်နေဆဲဖြစ်သော လောင်မူအား အကဲခတ် နေသည်။ လောင်မူ၏ခြေရင်းမှ တံတားကား ကျိုးပျက်နေပြီး ဖြစ်ကာ သူက အဆောင်ဘက်မှ တံတားကျိုး အစွန်းပေါ်တွင် ရပ်နေသည်။ သူကလည်း ကျင်းယွန်ရှောင်းကို အေးစက်စွာ ကြည့်နေသည်။

“ငါတို့ ထပ်တွေ့ဦးမယ်…” ကျင်းယွန်ရှောင်းက အသာပြုံးကာ နောက်လှည့်လျက် ပြောသည်… “သွားစို့…” သူက ထိုသို့ ပြောပြီးသည်နှင့် အတောင်ပံက တဖျတ်ဖျတ် လှုပ်ယမ်းသွားကာ အဝေးကို ပျံသန်း ထွက်ခွာ သွားသည်။ သူ့နောက်မှ လူများကလည်း ကျင်းယွန်ရှောင်း၏ နောက်မှ လိုက်ပါ သွားကြသည်။

သီးသန့် အဆောင်ထဲတွင် ရီဖူရှင်းက ထိုတိုက်ပွဲ တစ်ခုလုံးကို မြင်လိုက်ရသည်။ ကျင်းယွန်ရှောင်းက အရေးနိမ့် သွားသည်ကို သူက သတိထားမိသည်။ သို့သော် သူက အတင်းဟန်လုပ်ကာ ထွက်သွားခဲ့သည်။ ထို့အပြင် ကျင်းယွန်ရှောင်း၏ သက်စောင့်ဝိညာဉ်က နတ်ငှက်ဖြစ်သည်။ ကလန်နှစ်ခုက ပြိုင်ဆိုင်မှု ပြင်းထန်သည်မှာ မထူးဆန်းတော့ပေ။

“အင်း အစ်ကိုလား…” ရီဖူရှင်က ဘေးမှ လောင်လင်းအာကို ကြည့်ကာ မေးသည်။ လောင်မူ ရောက်လာသောအခါ လောင်လင်းအာက သူ့အား တီးတိုးခေါ်ခဲ့သလို လူတိုင်းကလည်း သူ့အား သခင်လေးမူဟု ခေါ်ကြသည်။

“အင်း… ဦးလေးရဲ့သား…” လောင်လင်းအာက ခေါင်းညိတ်သည်… “သူက နည်းနည်း ခေါင်းမာတယ်… အစ်ကိုကြီးဖူရှင်းကို သူနဲ့ မိတ်ဆက်ပေးမယ်…”

အနောက်တောင် နဂါးကလန်ရဲ့ အပျံသင်စ နဂါးငယ်တဲ့လား… ရီဖူရှင်းက တည်းခိုခန်းအတွင်း စကားများကို ပြန်လည် အမှတ်ရသည်။ ထိုစကားအရပင် သူက ထိုလူငယ်အား ဘယ်သူဖြစ်သည်ကို ခန့်မှန်းမိသည်။

ထိုစဉ်မှာပင် လောင်မူကား အဆောင်ငယ်ထဲကို ဝင်ရောက်လာပြီး ဖြစ်သည်။ ထိုအခိုက်တွင် သူက ယန်ရှင်းနှင့်အတူ ဝင်လာခြင်း ဖြစ်ကာ သူ၏အကြည့်က လူအုပ်ထံ ရောက်သွားလျှင် လူတိုင်းက သူ့အား နှုတ်ဆက်ကြသည်… “သခင်လေးမူ…”

နဂါးကလန်မှ လူများက သူတို့၏ သခင်မလေးက ကလန်ခေါင်းဆောင်၏ မျက်လုံးထဲတွင် ပန်းသီးလေး ဖြစ်သော်လည်း နောက်ထပ် တက်လာမည့် ကလန်ခေါင်းဆောင်မှာ လောင်မူ ဖြစ်မည်ကို အားလုံးက သိကြပေသည်။

“အစ်ကို…” လောင်လင်းအာက ခေါ်သည်။

“လင်းအာ…” လောင်မူက ခေါင်းညိတ်ကာ ပြန်ပြောသည်… “မင်းက နတ်ဗိမာန် အိမ်တော်မှာ ကြားလို့ ငါလာလည်တာ.. ကျင်းယွန်ရှောင်းရဲ့ စကားကို စိတ်ထဲ မထားနဲ့… မင်းက ကြယ်မင်းကျောင်းကို ဝင်ပြီးတဲ့အခါ ဘယ်သူမှ​မင်းကို အနိုင်မစားစေရဘူး…”

“အင်း…” လောင်လင်းအာက ပြုံးလျက်ပင် ခေါင်းညိတ်သည်။ သူမက လောင်မူထံကို လျှောက်သွားကာ သူ၏လက်တစ်ဖက်အား တွဲခိုလျက် ရီဖူရှင်းကို ညွှန်ပြသည်… “အစ်ကို.. သူက အစ်ကိုကြီး ရီဖူရှင်း…”

ပုံမှန်အားဖြင့် လောင်မူကလည်း ရီဖူရှင်းကို မြင်သည်။ သူ၏အကြည့်က ရီဖူရှင်းထံကို ချက်ချင်း ရောက်လာသည်။

“ရီဖူရှင်း…” ရီဖူရှင်းက မိတ်ဆက်သည်။

အကြည့်ချင်းဆုံလျှင် လောင်မူက သူ့ကိုယ်သူ မိတ်မဆက်ပေ။ ထိုအစား သူက မေးခွန်းထုတ်သည်… “နတ်ဗိမာန် အိမ်တော်က မင်းကို ပေးခဲ့တာလား…” နဂါးကလန်၏ သခင်လေး ဖြစ်သည်နှင့်အညီ သူကလည်း တခြားလူများထက် သိပေသည်။ ရီဖူရှင်းက လောင်မူ၏အမူအရာကို မြင်လျှင် နဂါးကလန်က သည်ကိစ္စအား သဘောမကျသည်ကို သိလိုက်သည်။

“အစ်ကို… လင်းအာက အစ်ကိုကြီးဖူရှင်းကို ပေးဖို့ သဘောတူခဲ့တာ…” လောင်လင်းအာက ဝင်ပြောသည်။

“ငါသိတယ်…” လောင်မူက အနည်းငယ် ခေါင်းညိတ်သည်။ သူက ရီဖူရှင်းကို ပြောသည်… “ဒီရက်ပိုင်း လင်းအာကို ဂရုစိုက်ပေးတာ ကျေးဇူးပဲ… နတ်ဗိမာန် အိမ်တော်ကို မင်းအတွက် ဆုလာဘ်လို့ သဘောထားလို့ ရတယ်… ပြီးတော့ အခု မင်း သွားလို့ရပြီ…”

“လောင်မူ… ဘာ​တွေ အဓိပ္ပာယ် မရှိတာတွေ ပြောနေတာလဲ…” လောင်လင်းအာက လောင်မူအား ဒေါသတကြီး အော်လိုက်သည်။

“လင်းအာ… မဆိုးနဲ့…” လောင်မူက ခေါင်းယမ်းကာ ပြောသည်။

“ကောင်းပြီ…” ရီဖူရှင်းက စိတ်မဆိုးပေ။ အနောက်တောင် ကလန်အတွက်မူကား သူက ပြင်ပလူ တစ်ယောက်သာ ဖြစ်သည်။ မိန်းကလေးက သူနှင့် အနည်းငယ် ပနံသင့်သည်ဟု ပြောနိုင်သော်လည်း ထိုအရာက သူမက အနည်းငယ် အထီးကျန် ဆန်သောကြောင့်လည်း ဖြစ်သည်။ နောက်နှစ်အနည်းငယ် ကြာသောအခါ သူမက နဂါးကလန်၏ သခင်မလေး ဖြစ်နေဆဲဖြစ်ကာ သူကလည်း သူကိုယ်တိုင်သာ ဖြစ်နေလိမ့်မည်။ ထို့အပြင် သူကလည်း နဂါးကလန်နှင့် လွန်မင်းစွာ နီးနီးကပ်ကပ်နေရန် အစီအစဉ် မရှိပေ။ သူက သူမနှင့် အချိန်ဖြုန်း နေခဲ့သည်ကလည်း သူက လောင်လင်းအာနှင့် အနည်းငယ် ရင်းနှီးကာ သူမအား ညီမတစ်ယောက်ကဲ့သို့ သဘောထားခဲ့ခြင်း ကြောင့်သာ ဖြစ်သည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset